Chapter 54
စိုက်ခင်းထဲတွင် ရှချင်အပါအဝင် လူအများအပြား ကျန်ရစ်ခဲ့သည်။
သူမကလည်း စိုးရိမ်ပူပန်နေ၏။
အိမ်တွေက ပျက်စီးကုန်ပြီ သူတို့တွေ ဘယ်လို နေကြမလဲ ...
ပြီးတော့ ဆက်တိုက် တိုက်ခိုက်ပြီး နေ့လည်စာစားချိန်တောင် ရောက်လာပြီဆိုတော့ နေ့လည်စာ ပြင်ဖို့ရော လိုအပ်လား ...
လာကူတဲ့သူ ၁၀၀ နီးမှာ အများစုက အဆင့်မြင့် တိုက်ခိုက်သူတွေ ဆိုပေမယ့် အဆင့်နိမ့်တိုက်ခိုက်သူတွေလည်း ပါလာကြတော့ ... စိုက်ခင်းထဲမှာ လူ ၆၀/ ၇၀ လောက်ရှိနေကြမှာပဲ .. ဒါဆို သူတို့ စားဖို့သောက်ဖို့အတွက်ပါ ပြင်ဆင်ပေးရမယ်နဲ့ တူတယ် ...
ထိုသို့ တွေးကာ မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်။
မနက်က အများကြီး ချက်ထားတာဆိုတော့ .. မီးဖိုချောင်ထဲမှာ သေချာပေါက် စားစရာတစ်မျိုးမျိုး ကျန်နေဦးမှာပဲ ...
သို့သော် မီးဖိုချောင်ထဲ ရောက်သည့်အခါ အံ့ဖွယ်သားရဲတို့၏ အသားအားလုံး မရှိတော့ကြောင်း တွေ့လိုက်ရသည်။
ဘယ်သူ စားသွားတာလဲ ပြီးတော့ ဘယ်တုန်းကများ စားလိုက်ပါလိမ့် ...
အတွေးရခက်နေစဉ်မှာပင် တစ္ဆေဘုရင်ထံမှ ဂုဏ်ပြုညစာစားပွဲကို ဆင်နွှဲရန် ပင်မခရိုင်သို့ လာခိုင်းသည့် စာတစ်စောင် ရောက်လာသည်။
ဘော့စ် ထွက်သွားတာမှ ဘယ်လောက်ပဲ ရှိသေးလို့ပဲ ဂုဏ်ပြုဧည့်ခံပွဲက အဆင်သင့် ဖြစ်နေပြီတဲ့လား ...
ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်ရန် သန်မာတဲ့သူတွေ အများကြီးနဲ့ဆို ပင်မခရိုင် ခပ်မြန်မြန် ရှုံးနိမ့်သွားတာလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ...
သူမက စိုက်ခင်းတွင် နေခဲ့သူများအား ချက်ခြင်း ပင်မခရိုင်သို့ ထွက်ခွါရန် အကြောင်းကြားလိုက်သည်။
မြန်မြန်လေးလုပ် ပင်မခရိုင်မှာ ညစာ သွားစားကြမယ် ...
ဟုန်ယဲ့မြို့တော်က အရမ်းကို ကြီးတာပဲ ...
ဟုန်ယဲ့မြို့တော်သို့ သွားရာတွင် တစ္ဆေဘုရင်နှင့် သူ့ငယ်သားများက ခြေလျင်သာ ပြေးသွားလိုက်ကြသည်။ သို့သော် ထိုအပြေးနှုန်းက ကားမောင်းသည်ထက်ပင် ပိုမိုမြန်နေသေး၏။
ထိုလူအုပ်ထဲတွင် အားအနည်းဆုံးသူကပင်လျှင် စီနီယာအဆင့် တိုက်ခိုက်သူ ဖြစ်ပေသည်။
သို့သော် စိုက်ခင်းတွင် ကျန်ရစ်ခဲ့သည့် လူအုပ်ကြီးမှာမူ ...
ကားနဲ့ပဲ သွားကြတာပေါ့ ...
စိုက်ခင်းထဲတွင် ပစ္စည်းများ အပြည့်တင်ထားသည့် ကုန်တင်ကားအကြီးတစ်စီး၊ အသေးတစ်စီးနှင့် ရှချင် ဝယ်ထားကာစ ကားတစ်စီး ရှိပေသည်။
ယာဉ်တန်းကို နေရာချထားပြီးနောက် ပင်မခရိုင်သို့ ဦးတည်ထွက်ခွါလာလိုက်ကြသည်။
သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်က နောက်ခုံတွင် ထိုင်ကာ ရှချင်က ကားကို မောင်းလာသည်။ ယာဉ်မောင်းသူ၏ ဘေးခုံတွင်မူ သွမ့်ချန်ချင်း တစ်ခါမှ မမြင်ဖူးသည့် တစ္ဆေဘုရင်၏ ငယ်သားတစ်ဦး လိုက်လာ၏။
ထိုသူက သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်ကို သိလိုစိတ်အပြည့်ဖြင့် ချောင်းကြည့်နေသော်ငြား စကားမစရဲချေ။
သတိထားမိလိုက်သည့် ရှဲ့ယွင်နန်က စနှုတ်ဆက်လိုက်သည်။
“ဟယ်လို ...”
“ဟယ်လို ဟယ်လို ...”
ထိုသူက ချက်ခြင်း ပြန်နှုတ်ဆက်လိုက်သည်။
ထိုသူသည် စိုက်ခင်းထဲတွင် တစ္ဆေဘုရင်နှင့်အတူ နေခဲ့ဖူးကာ တစ္ဆေဘုရင် သွမ့်ချန်ချင်း၏ ရိုက်နှက်ခြင်းကို မခံရမီ စိုက်ခင်းထဲမှ ထွက်လာခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးပေ။
ထိုစဉ်က သွမ့်ချန်ချင်းသည် တစ်နေကုန် မိတ်ကပ်လိမ်းထားခဲ့ရာ ... ယခုလို ပုံစံမျိုးနှင့် ပြန်တွေ့လိုက်ရသည့်အခါ .. များစွာ အံ့ဩမိသွားတော့သည်။
သို့သော် တစ္ဆေဘုရင်က သူတို့အား မည်သည့်အကြောင်းအရာကိုမှ မပြောရန် မှာထားသည့်အတွက် ... ရှဲ့ယွင်နန်အား လတ်တလော ဖြစ်ပျက်ခဲ့သည်များကိုသာ မေးလိုက်သည်။
နှစ်ဦးသား အားရပါးရ စကားလက်ဆုံ ကျလိုက်ကြသည်။
သွမ့်ချန်ချင်း၏ အဖော်သားရဲက ရှဲ့ယွင်နန်၏ ဘေးသို့ ချက်ခြင်း ရောက်လာကာ သူ့လက်ကို ပွတ်သပ်၍ ပုခုံးပေါ် ခုန်တက်ကာ မျက်နှာကိုပါ ပွတ်သပ်လိုက်သည်။
ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်း၏ အဖော်သားရဲက ရင်းရင်းနှီးနှီး ဆက်ဆံခြင်းအပေါ် နေသားကျနှင့်နေပြီ ဖြစ်သည့်အတွက် ထူးဆန်းသည်ဟု မခံစားရ။
သူနှင့် စကားပြောနေသူမှာမူ အနည်းငယ် နေရခက်သွားသည့်ဟန်။
ဘာလို့များ .. ဒီရှဉ့်ပေါက်စက သူ့ပိုင်နက်ကို ကာကွယ်နေတာလို့ ထင်နေမိပါလိမ့် ...
မတ်တပ်ရပ်ပြီးတောင် စိုက်ကြည့်နေလိုက်သေးတယ် ချစ်စရာလေး ...
နည်းနည်းလေးမှကို ကြောက်စရာကောင်းတယ်လို့ မခံစားရဘူး ...
ထိုသို့ တွေးနေရင်း သွမ့်ချန်ချင်းကိုပါ စာနာသနားသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
သွမ့်ချန်ချင်းရဲ့ ရုပ်ရည်က တော်တော်လေး ကြည့်ကောင်းတယ် ဆိုပေမယ့် အခု ရှဲ့ယွင်နန်က ယဇ်ဆရာ ဖြစ်လာပြီဆိုတော့ သူ့ကို သဘောကျတဲ့သူတွေ သေချာပေါက်ကို အများကြီး ရှိလာတော့မှာ .. အဲဒီ့သွမ့်ချန်ချင်း .. သူကတော့ စွန့်ပစ်ခံရမလားတောင် မသိနိုင်ဘူး ...
သွမ့်ချန်ချင်းမှာ သဝန်တိုနေခြင်း မဟုတ်။ တည်ရှိမှုတစ်ရပ်ကို ရှာဖွေခြင်းမျှသာ ဖြစ်ပေသည်။
သူနှင့် ရှဲ့ယွင်နန်သည် တွေ့ဆုံပြီးပြီးချင်း ချက်ခြင်း လက်ထပ်ခဲ့ကြရသည်။ ရှဲ့ယွင်နန်မှာ သူ့အပေါ် ခံစားချက်များ ရှိနေနိုင်သော်ငြား လတ်တလောတွင် ကိစ္စအများအပြား ဖြစ်ပွားခဲ့သည့်အတွက် ထိုခံစားချက်တို့မှာ များစွာ နက်ရှိုင်းတော့မည် မဟုတ်ချေ။
ထို့ကြောင့် သူတို့၏ ဆက်ဆံရေး ပိုမို တိုးတက်လာစေရန် အချိန်ပေး၍ အားထုတ်ရမည်ဖြစ်သည်။
သူက ရှဉ့်ပေါက်စကို ထိန်းချုပ်ကာ ရှဲ့ယွင်နန်၏ အင်္ကျီလက်ထဲသို့ ဝင်စေလျက် … အထဲအထိ ဆက်သွားစေလိုက်သည်။
ရှဲ့ယွင်နန်၏ မျက်နှာတစ်ခုလုံး နီရဲလာ၏။ သူက သွမ့်ချန်ချင်း၏ အဖော်သားရဲကို ဖမ်းချင်သော်ငြား ထိုသို့ လုပ်လိုက်ပါလျှင် ပိုပြီး ထူးဆန်းသွားပေလိမ့်မည်။
ထားလိုက်ပါ ရှောင်ဟွားကို အင်္ကျီထဲပဲ နေခိုင်းလိုက်တော့မယ် ...
သွမ့်ချန်ချင်းက သူ့ကို စနောက်ရင်း အပြင်ဘက်ရှိ ရှုခင်းများကို ငေးကြည့်နေလိုက်သည်။
ယခင်က ဆင်ခြေဖုံးဒေသတွင်သာ နေထိုင်ခဲ့ရကာ .. ထိုဒေသမှာ ညစ်ပတ်ပေရေနေသည့် ဆင်းရဲသားရပ်ကွက် အလားပင်။
သူက အထွေထွေခရိုင်ရှိ အခြေအနေများမှာ ပိုပြီး ကောင်းမွန်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား အမှန်တကယ်တွင်မူ အထွေထွေခရိုင်မှာလည်း များစွာ မထူးခြားလှပေ။
ထိုနေရာရှိ အဆောက်အဦးများမှာ ဆိုးဝါးလှသည်။
နေထိုင်မှုဘဝမှာလည်း သာမန်ပင်။
သို့သော် အထွေထွေခရိုင်ကို ဖြတ်၍ ပင်မခရိုင်သို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် မတူညီသည့် ကမ္ဘာတစ်ခုသို့ ရောက်ရှိသည့်အလား ပြောင်းလဲသွားတော့သည်။
အိမ်များမှာ လှပကောင်းမွန်ကာ နေထိုင်ကြသူ အားလုံးကလည်း ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားကြ၏။
အထက်တန်းလွှာများအကြား အပြောင်းအလဲမှာ သာမန်သူများအပေါ် သက်ရောက်ခြင်း မရှိ၊ ထိုသူတို့၏ဘဝမှာ ယခင်အတိုင်း မပြောင်းမလဲ ရှိနေဆဲပေ။
ဟုန်ယဲ့မြို့တော်ရှိ အထက်တန်းလွှာအားလုံး ရှင်းလင်းခံလိုက်ရပြီဖြစ်ကြောင်း မသိကြသေးချေ။
ရှဲ့ယွင်နန်အဖို့ ပင်မခရိုင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း မဟုတ်။ ငယ်စဉ်အချိန်က ပြင်ပလောကကို မြင်တွေ့နိုင်စေရန် အလို့ငှာ အကောင်းဆုံးသော အဝတ်အစားတို့ကို ဝတ်ဆင်လျက် ပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်ကာ ပင်မခရိုင်သို့ ရောက်လာခဲ့ဖူးသည်။
တစ်ခုခုကို ဝယ်ယူချင်သော်ငြား အားလုံးမှာ လွန်စွာ ဈေးကြီးလှသည့်အတွက် တစ်ခုမှ မဝယ်နိုင်၊ ဗိုက်ဟောင်းလောင်းဖြင့်သာ ပြန်လာခဲ့ရတော့သည်။
ထိုစဉ်ကတည်းက စိတ်ထဲတွင် အနာဂတ်၌ ငွေပိုရှာကာ အဖိုးကို ခေါ်လာပြီး အရသာရှိသည့် စားစရာများ ဝယ်ကျွေးမည်ဟု ဆုံးဖြတ်ချက် ချလိုက်သော်ငြား များမကြာမီမှာပင် သူ့အဖိုးဖြစ်သူ နာမကျန်း ဖြစ်လာတော့သည်။
ထိုနောက်ပိုင်း ပင်မခရိုင်သို့ တစ်ကြိမ်မှ မသွားဖြစ်တော့။ သို့သော် သူ ရထားသည့် မှတ်ဉာဏ်များထဲတွင်မူ ပင်မခရိုင်၌ တစ်ခဏမျှ နေထိုင်ခဲ့ဖူးသည့်ဟန်ပင်။
ထိုမှတ်ဉာဏ်ထဲရှိ ပင်မခရိုင်မှာ လက်ရှိ သူ မြင်နေရသည့် ပင်မခရိုင်နှင့် တစ်ထပ်တည်းပင်။
သူကပါ သွမ့်ချန်ချင်းနှင့်အတူ ပြတင်းပေါက်အပြင်သို့ ခေါင်းထွက်ကာ ပြူကြည့်လိုက်သည်။
မလှမ်းမကမ်းရှိ တစ်စုံတစ်ယောက်က သူတို့ကို လှမ်းမြင်လိုက်သည်။
လျောင်မုယဲ့သည် အမြန် ထွက်ပြေးလာကာ ရှဲ့ယွင်နန်နှင့် ဆင်တူသူအား ဖွက်ထားသည့် အိမ်ထဲတွင် ပုန်းနေခဲ့သည်။
ထိုအိမ်သည် ပင်မခရိုင်၏ အစွန်အဖျားရှိ လမ်းမျက်နှာစာတွင် တည်ရှိသည်။ အပြင်ဘက်သို့ လှမ်းကြည့်ပြီးနောက် သူသည် ရှဲ့ယွင်နန်နှင့်အတူ နောက်မှ လိုက်လာသည့် ကားနှစ်စီးကိုပါ မြင်တွေ့လိုက်သည်။
ကားနှစ်စီး ရှိနေခြင်းမှာ ထူးဆန်းသည်ဟု မဆိုသာ။ ထိုကားထဲမှ လူအချို့ကို သူ မှတ်မိနေခြင်းကသာ ထူးဆန်းခြင်း ဖြစ်ပေသည်။
ထိုသူများအနက် အချို့မှာ တစ္ဆေဘုရင်၏ ငယ်သားများ ဖြစ်ကြကာ အချို့မှာ ... အတိတ်ဘဝက ပင်မခရိုင်သို့ ခိုလှုံရန် ရောက်လာခဲ့ကြသူများ ဖြစ်သည်။
သူက ထိုသူများသည် တစ္ဆေဘုရင်နှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိဟု ထင်ခဲ့၍ သူတို့၏ ယုံကြည်အားကိုးမှုကို ရရှိရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သို့သော် ယခုအခြေအနေအရမူ .. ထိုသူများမှာ ယခင်ကတည်းက တစ္ဆေဘုရင်၏ ဘက်တော်သား ဖြစ်နှင့်နေကြသည့်ဟန်ပင်။
ပြန်လည်မွေးဖွားလာပြီးမှ တစ္ဆေဘုရင်က ဒီလူတွေကို သိမ်းသွင်းနိုင်ခဲ့တာလား .. ဒါမှမဟုတ် အစကတည်းကကို သူ့လူတွေ ဖြစ်နေခဲ့တာလား ...
အသေအချာ တွေးကြည့်ပြီးနောက် ထိုသူများသည် အတိတ်ဘဝကတည်းက တစ္ဆေဘုရင်၏ ငယ်သားများ ဖြစ်ခဲ့ခြင်းကသာ ပိုပြီး ဖြစ်နိုင်ချေရှိကြောင်း သဘောပေါက်သွားတော့သည်။
တစ္ဆေဘုရင်က ဟုန်ယဲ့မြို့တော်သို့ တိုက်ခိုက်ရန် ဟိုးယခင်ကတည်းက စီမံကိန်း ဆွဲထားခြင်း ဖြစ်လေမလားဟုပင် တွေးကာ ကြောက်ရွံ့မိလာ၏။
သူ့အနေဖြင့် မမှန်းဆနိုင်သည့် ကိစ္စဟူ၍ တစ်ခုတည်းသာ ရှိပေသည်။
ဘာလို့ တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို အရမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေတာလဲ ...
သူကလည်း ရှဲ့ယွင်နန်ကို သဘောကျမိသွားတာများလား ...
ဒါက တကယ်ကို ဖြစ်နိုင်လောက်တယ် .. အဲဒီ့ ထူးခြားဆေးပင်ကို စားပြီးနောက်ပိုင်း ရှဲ့ယွင်နန်ရဲ့ ရုပ်ရည်သွင်ပြင်က အရမ်းကို ကောင်းမွန်လာပြီး အရင်ကထက်ကို ပိုပိုပြီး ဆွဲဆောင်မှု ရှိလာခဲ့တာ ဒါပေမယ့် မစားခင်ကလည်း သူ့ရုပ်ရည်က သိပ်မဆိုးဘူး ...
လျောင်မုယဲ့၏ အတွေးတို့ တစ်ဖြည်းဖြည်း ရှုပ်ထွေးလာတော့သည်။
ထိုအချိန်က တစ္ဆေဘုရင်သည် ရှဲ့ယွင်နန်ကို များစွာ ဂရုစိုက်ခဲ့၏။ ယခုလက်ရှိ ရှဲ့ယွင်နန်၏ အခြေအနေမှာလည်း အနာဂတ်က ရှဲ့ယွင်နန်ထက် မနိမ့်လှပေ။
ရှဲ့ယွင်နန်ကမူ သူ့ကို စိုက်ကြည့်နေသူရှိကြောင်း မသိသေးချေ။ ကားထဲတွင် ထိုင်လျက် ပင်မခရိုင် မြို့လယ်ခေါင်အထိ လိုက်သွားလိုက်သည်။
မြို့လယ်ခေါင်တွင် မြို့အရှင်၏ နေအိမ်ဖြစ်သော ရဲတိုက်အကြီးကြီးတစ်လုံး ရှိနေ၏။ ရဲတိုက်ထဲတွင် ကြီးမားသော ခန်းမကျယ်ကြီးတစ်ခုလည်း ရှိကာ ထိုအထဲတွင် တစ္ဆေဘုရင်နှင့် အခြားသူများ ရှိနေကြသည်။
ဟုန်ယဲ့မြို့တော်၏ ကျော်ကြားထင်ရှားသော အထက်တန်းလွှာများကိုမူ ခန်းမ ထောင့်စွန်းတစ်နေရာတွင် နေရာချထားပြီး မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့အား စောင့်ကြည့်ခိုင်းထား၏။
ထိုသူများအနက် ဒဏ်ရာရသူ အချို့အဝက် ရှိနေသော်ငြား အများစုမှာမူ အခြေအနေ ကောင်းမွန်ပေသည်။
လုရှောင်ရန်သည် အခြေအနေ ကောင်းမွန်သူများအနက် တစ်ဦး အပါအဝင်ပင်။
ကျောက်ချင်းယွင်နှင့် မုန့်ယန်တို့သည် မကျေနပ်စိတ်ကို ပွေ့ပိုက်ထားလျက် ခန်းမထဲသို့ လိုက်လာခဲ့ရသည်။ လျောင်မိသားစု အကြီးအကဲကဲ့သို့သော လူများက သူတို့ကို ပြန်လည်တိုက်ခိုက်ခြင်း မပြုခဲ့သည့်တိုင် သူတို့က ထိုသူများကို ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်ဆဲပင်။
သူတို့၏ စိတ်ထဲတွင် ဒေါသမီးများ လောင်မြိုက်နေသည့်အတွက် ဒေါသစိတ်ကို ထိုသူများအပေါ် ပုံချမိသွားတော့သည်။
သို့သော် မြင့်မြတ်သည့် မြို့တော်မှ လိုက်လာသည့် လုရှောင်ရန်နှင့် အခြားသူများ အပေါ်ကိုမူ မကျေနပ်စိတ် မရှိသည့်အတွက် .. ရိုက်နှက်သည့်အခါ ထိုလူငယ်လေးများကို ဘေးဖယ်ထားခဲ့သည်။
သခင်ငယ်လေးများက လုရှောင်ရန်၏ နောက်တွင် ကြောက်အားကြီးစွာဖြင့် ပုန်းအောင်းလိုက်ကြသည်။ အချို့က သူ့အင်္ကျီစကိုပင် ဆုပ်ကိုင်ထားကြသေး၏။
အေးစက်နေသည့် မျက်နှာထားနှင့် လုရှောင်ရန်မှာ လွန်စွာ အားကိုးချင်စဖွယ်ပင်။
လုရှောင်ရန် “...”
ငါ့အင်္ကျီစကို ဆွဲတယ်ဆိုတာကတော့ ထားပါ ဘာလို့ ဘောင်းဘီစကိုပါ ဆွဲနေကြတာလဲဟ ...
ဘောင်းဘီက ပြဲတော့မယ်လို့ ...
သို့သော် လုရှောင်ရန်က ဖြစ်ပျက်နေသည့် အခြေအနေအပေါ် ကြောက်ရွံ့ခြင်း မရှိ။ မည်သို့ပင်ဖြစ်စေ ရောက်လာသူများကို အုပ်ချုပ်သူမှာ သူ့ဦးလေး ဖြစ်ပေသည်။
ဦးလေးက တကယ်ကို မိုက်လိုက်တာ ...
သူ့အတွေးကို မည်သူမှ မသိကြပေ။
တစ္ဆေဘုရင်က သူနှင့် လုမိသားစုအကြား ဆက်ဆံရေးအား အခြားသူများ သိသွားမည်ကို မလိုလားသည့်အတွက် လုရှောင်ရန်ကို မသိဟန်ဆောင်ခဲ့သည်။ သူ့တွင် ဂုဏ်ပြုပွဲ ဆင်နွှဲရန် လူများလည်း ရှိနေပြီးဖြစ်သည်။
အားလုံးကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည့်အတွက် ခင်းကျင်းသည့် လုပ်ငန်းစဉ်မှာ လွန်စွာ မြန်ဆန်လှသည်။ ရှဲ့ယွင်နန်တို့ ရောက်လာချိန်တွင် ခန်းမတစ်ခုလုံး အမျိုးမျိုးသော စားကောင်းသောက်ဖွယ်များဖြင့် ပြည့်နှက်နေပြီး ဖြစ်သည်။
မုန့်ယန်တို့မှာ မနက်အစောကြီးကတည်းက ထွက်လာခဲ့ရသည့်အတွက် စားရန် အချိန်မရခဲ့။ ယခု ညနေပင် စောင်းလုနေပြီဖြစ်ရာ ... လူတိုင်း ဆာလွန်းမက ဆာလောင်နေကြသည်။
ထို့ကြောင့် ရှဲ့ယွင်နန်တို့ ဝင်လာသည်ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် တစ္ဆေဘုရင်က ချက်ခြင်း ပြောလိုက်သည်။
“အားလုံး ဒီကို လာခဲ့ စားကြရအောင် ...”
အမျိုးမျိုးသော အချိုပွဲများကို အဆင်သင့် တည်ခင်းထားကာ အသားကင်များကိုမူ စားဖိုမှူးများက ချက်ခြင်း နေရာတွင်ပင် ကင်ပေးခဲ့ကြသည်။ လှလှပပ စိတ်ထားသော အသီးများနှင့် ဈေးကြီးသည့် ဝိုင်အရက်များ ...
ရွေးချယ်စရာမှာ မရေမတွက်နိုင်အောင်ပင် စုံလင်များပြားလွန်းလှသည်။ သို့သော် အများစုက အသားကင်ကိုသာ ရွေးချယ်လိုက်ကြသည်။
ရှဲ့ယွင်နန်အဖို့ ဤသို့သော နေရာမျိုးကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် နေသားမကျရုံသာမက မြင်မြင်သမျှတိုင်းမှာ သူ့အတွက် ထူးဆန်းနေပေသည်။
တည်ခင်းထားသည့် အချိုပွဲများကို သူ့တစ်သက်တွင် တစ်ကြိမ်မျှပင် မတွေ့ဖူးခဲ့ပေ။
ဆင်ခြေဖုံးဒေသတွင် ဤကဲ့သို့ နူးညံ့ကာ ဈေးကြီးသည့် အချိုပွဲများအား ရောင်းချခြင်း မရှိ၊ ရောင်းချသည့်တိုင် မည်သူကမှ ဝယ်စားလိမ့်မည် မဟုတ်ချေ။
“ယွင်နန် ဒါက အရသာ ရှိလောက်မယ့်ပုံလေး စားကြည့်ပါလား ...”
သွမ့်ချန်ချင်းက သူ့ကို ကိတ်အသေးလေးတစ်ခု ယူလာပေးသည်။
ရှဲ့ယွင်နန်က တစ်ကိုက် ကိုက်ကြည့်လိုက်၏။
ကိတ်မှာ များစွာ မချိုလှ။ အနေတော်ဖြစ်ကာ အရသာရှိလှသည်။
ခပ်သေးသေး အရွယ်အစားကြောင့် နှစ်ကိုက်တည်းဖြင့်ပင် ကုန်သွားတော့၏။
ထို့နောက် သွမ့်ချန်ချင်းက သူ့အတွက် ဝက်သားလိပ်တစ်ခု ယူလာပေးပြန်သည်။
“ဒါလေးလည်း စားကြည့်ဦး ...”
“မင်းလည်း စားလေ ...”
ရှဲ့ယွင်နန်က ပြောလိုက်သည်။
သူသည် အစားရွေးသူ မဟုတ်သည့်အတွက် မည်သည့်အစားအသောက်ကိုမဆို ကောင်းကောင်း စားနိုင်ပေသည်။
“ကျွန်တော့်မှာလည်း စားဖို့ ယူထားတာ ရှိပါတယ် ...”
သွမ့်ချန်ချင်းက ပြုံးပြလိုက်သည်။
ဤကမ္ဘာသို့ ရောက်လာချိန်မှ စ၍ သူ၏ အစားအသောက် လိုအပ်ချက်မှာ အတော်လေး မြင့်မားခဲ့သည်။
သို့သော် သူကိုယ်တိုင် စားရခြင်းထက် ရှဲ့ယွင်နန်အား ကျွေးရခြင်းကို ပိုပြီး လိုလားနေဆဲပင်။
ထို့အပြင် သူက ရှဲ့ယွင်နန်၏ ထိန်းချုပ်ထားမှုကို ခံစားနေမိခဲ့၏။ ယခုအချိ
န်တွင် အနည်းငယ် ပိုပြီး သက်တောင့်သက်သာ ဖြစ်လာကြောင်း ခံစားမိနေ၍သာ တော်သေးသည်။
အားရဝမ်းသာ စားသောက်နေကြသော်ငြား အဖမ်းခံထားရသူများမှာမူ တံတွေးကိုသာ အကြိမ်ကြိမ် မျိုချနေကြရသည်။
သူတို့လည်း ဗိုက်ဆာနေပြီ တစ်ခုခု စားချင်တယ်လို့ ...