Chapter 53
သူ သတင်းရသည့်အချိန်မှာ နောက်ကျနေပြီ ဖြစ်သည့်အတွက် ဦးလေးဖြစ်သူကို သတင်းပေးရန် အချိန်မရှိခဲ့ချေ။
ဦးလေးမှာ ဘာတွေများ ဖြစ်နေပြီလဲ မသိဘူး ...
ဦးလေးက အင်အားကြီးတဲ့သူဆိုတော့ သူ လွတ်မြောက်သွားနိုင်လောက်လား ...
ထိုသို့ တွေးနေစဉ်မှာပင် သူရှိရာသို့ လျှောက်လာသည့် လျောင်မုယဲ့ကို တွေ့လိုက်ရသည်။
လျောင်မုယဲ့သည် အလယ်အလတ်အဆင့် တိုက်ခိုက်သူ ဖြစ်သည့်အတွက် ဟုန်ယဲ့မြို့တော်ရှိ လူငယ်မျိုးဆက်သစ်များ အကြားတွင် ထိပ်ဆုံးဟုပင် ဆိုနိုင်ပေသည်။ မူလက လုရှောင်ရန်သည် ထိုသူ့အပေါ် အကောင်းမြင်စိတ်များ ရှိခဲ့သေးသော်ငြား လျောင်မုယဲ့က သူ့ကို မနှစ်သက်ကြောင်း သိသိသာသာ ထုတ်ပြလာသည်။
ထို့ကြောင့် သူကလည်း လျောင်မုယဲ့နှင့် များစွာ ပြောဆိုဆက်ဆံခြင်း မပြုတော့ပေ။
ဒါပေမယ့် အခု .. အဲဒီ့လျောင်မုယဲ့က ဘာလာလုပ်တာလဲ ...
“သခင်လေးလု ...”
လျောင်မုယဲ့က သူ့ကို ပြုံးပြလိုက်သည်။
“သခင်လေးလျောင် ..."
လုရှောင်ရန်က ပြန်နှုတ်ဆက်လိုက်သည်။
“တစ္ဆေဘုရင်ကို သတ်ပြီးသွားရင် လုရှောက်လည်း မြင့်မြတ်မြို့တော်ကို ပြန်တော့မှာ မဟုတ်လား ကျွန်တော်တို့တွေ ဆက်သွယ်ရမယ့် လိပ်စာလေး လဲထားကြရင် ဘယ်လိုလဲ ကျွန်တော်က မြင့်မြတ်တဲ့ မြို့တော်ကို အလည်လာဖို့ တွေးထားတော့ ရောက်ဖြစ်ရင် လုရှောက်ဆီ သေချာပေါက် လာလည်ပါ့မယ် ...”
လျောင်မုယဲ့က ပြောလိုက်သည်။
လျောင်မုယဲ့က မြင့်မြတ်မြို့တော်သို့ သွားရန် အမှန်တကယ် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဟုန်ယဲ့မြို့မှာ သူ၏ ဇာတိမျှသာ။ ယခုထက်ပို၍ တိုးတက်လိုပါလျှင် မြင့်မြတ်မြို့တော်သို့ သွားရောက်ရန် လိုအပ်နေဆဲပင်။
ယဇ်ဆရာအကြီးအကဲက သေသွားပြီး သူ့ငယ်သားတွေက လက်စားချေချင်နေကြတယ် ... ဒီလူတွေကို သူ့ငယ်သား ဖြစ်လာအောင် သိမ်းသွင်းလို့ ရနိုင်လောက်တယ် ...
ပြီးတော့ မြင့်မြတ်မြို့တော်က မိသားစုကြီးတွေ ... ပြီးခဲ့တဲ့ဘဝမှာ ရှဲ့ယွင်နန်က အဲဒီ့မိသားစုကြီးတွေရဲ့ သစ္စာစောင့်သိမှုကို ရခဲ့တာ တကယ်လို့ သူသာ ရှဲ့ယွင်နန်ရဲ့ နည်းလမ်းတွေကို အတုခိုးလိုက်မယ်ဆိုရင် ... အဲဒီ့လူတွေက သူ့ကို သစ္စာခံလာအောင် လုပ်လို့ရမှာပဲ ...
တစ်ခြားသူတွေကို မပြောနဲ့ဦး လုရှောင်ရန် ရှိနေတဲ့ လုမိသားစုကိုပဲ အရင်ဆုံး စဉ်းစားကြည့်ရအောင် ...
ရှဲ့ယွင်နန် လုမိသားစု၏ ထောက်ပံ့မှုကို အပြည့်အဝ ရရှိခဲ့ခြင်းမှာ လုရှောင်ရန်တစ်ဦးတည်းကြောင့် မဟုတ်ပေ။ လုမိသားစု၏ လက်ရှိခေါင်းဆောင် လုကျင်းချန်းကလည်း သူ့ကို များစွာ ကူညီထောက်ပံ့ခဲ့၍ ဖြစ်သည်။
လုကျင်းချန်းသည် အမျိုးသမီးတစ်ဦး ဖြစ်သည့်တိုင် များစွာ သန်မာကာ သူမနှင့် မျိုးဆက်တူသူများကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားခြင်းဖြင့် လုမိသားစု၏ ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းနှစ်များတွင် သူမ၏ စိတ်နေသဘောထားမှာ မဆိုးလှသော်လည်း တစ်ဦးတည်းသောကလေး အသတ်ခံရကာ ခင်ပွန်းဖြစ်သူကလည်း စိတ်ဓာတ်ကျကာ သေဆုံးသွားပြီးနောက် .. သူမ၏ စိတ်အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာတော့သည်။
သူမ၏ ခင်ပွန်းမှာ အားနည်းသည့်တိုင် ထိုစဉ်က မြင့်မြတ်မြို့တော်ရှိ အမျိုးသားများထဲတွင် အလှဆုံးဟု ပြောစမှတ်ပြုကြသည်။ ထိုစဉ်က သူ့ကို သဘောကျသူများလည်း မရေမတွက်နိုင်အောင် ရှိခဲ့သည်။
ထိုအထဲတွင် လုကျင်းချန်းလည်း တစ်ဦးအပါအဝင်ပင်။ နောက်ပိုင်း၌ သူမ၏ ခင်ပွန်း ကွယ်လွန်သွားခဲ့သည်။
အတိတ်ဘဝက ရှဲ့ယွင်နန် မြင့်မြတ်မြို့တော်သို့ ရောက်လျှင်ရောက်ချင်း သူမက သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ခင်ပွန်းနှင့် ရုပ်ချင်းဆင်တူသည်ဟု ဆိုကာ သူ့ကို များစွာ ဂရုစိုက်ပေးခဲ့တော့သည်။
ထိုစဉ်က ရှဲ့ယွင်နန်သည် ပြဿနာအများအပြားနှင့် ရင်ဆိုင်ခဲ့ရကာ အများစုကို သူမက ဖြေရှင်းပေးခဲ့သည်။
လျောင်မုယဲ့က ထိုအချိန်က ရှဲ့ယွင်နန် လုရှောင်ရန်နှင့် ရှေ့မဆက်ခဲ့ခြင်းမှာ သူမ၏ အမြင်ကို ကြောက်ရ၍လေလားဟုပင် သံသယဝင်ခဲ့မိသေးသည်။
လုကျင်းချန်းသည် မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားသူများအပေါ် စိတ်သဘောထား ပျော့ပျောင်းတတ်၏။ ထို့ကြောင့် လျောင်မုယဲ့က သူမခင်ပွန်း၏ ဓာတ်ပုံများကိုပင် ကြိုးစားရှာဖွေခဲ့သေးသည်။
သူမ၏ ခင်ပွန်းမှာ ရှဲ့ယွင်နန်နှင့် ခြောက်ပုံ/ ခုနစ်ပုံခန့် ဆင်တူသည့် ချောမောသော အမျိုးသားတစ်ဦး ဖြစ်ပေသည်။ သို့သော် ထိုသူက ပိုမိုပြီး အားနည်းကာ ပိန်လှီလှသည်။
ထိုဓာတ်ပုံကို ရပြီးသည်နှင့် တစ်ပြိုင်နက် သူက ရှဲ့ယွင်နန်နှင့် ရုပ်ချင်းဆင်တူသူ တစ်ဦးကို ရှာဖွေကာ ထိုဓာတ်ပုံထဲကအတိုင်း ခွဲစိတ်ပြုပြင်ရန် ပြောခဲ့သည်။ ယခုအချိန်လောက်ဆို ထိုသူ၏ ခွဲစိတ်မှုမှာ အားလုံး ပြီးစီးနေတော့မည် ဖြစ်သည်။
အနာဂတ်တွင် ထိုသူကို မြင့်မြတ်မြို့တော်သို့ ခေါ်သွားပါလျှင် ရှဲ့ယွင်နန်သည် လုကျင်းချန်း၏ အာရုံစိုက်မှုကို လုံးဝ ရရှိနိုင်တော့မည် မဟုတ်ချေ။
သို့သော် လုမိသားစုကို သွားနိုင်ရန်အတွက် ... လုရှောင်ရန်ထံမှ ဆက်သွယ်ရန် လိပ်စာကို တောင်းရန် လိုအပ်နေသေးပေသည်။
ထိုသို့ တွေးကာ လုရှောင်ရန်ကို နောက်တစ်ကြိမ် ခိုးကြည့်လိုက်သည်။
လုရှောင်ရန်က အတိတ်ဘဝတွင် ရှဲ့ယွင်နန်နှင့် အတူတူ မရှိနိုင်ခဲ့သည့်တိုင် ကောင်းစွာ တိုးတက်ခဲ့၏။ ရှဲ့ယွင်နန်၏ သစ္စာခံတစ်ဦး ဖြစ်လာကာ တစ္ဆေဘုရင်၏ သစ္စာရှိနောက်လိုက်တစ်ဦးဖြစ်သော ရှချင်နှင့် လက်ထပ်ခဲ့သည်။
ဒီဘဝမှာတော့ လုရှောင်ရန်က ဒီလိုအခွင့်အရေးမျိုး လုံးဝ ရနိုင်မှာ မဟုတ်ဘူး ...
ထိုသို့ တွေးမိပြီးနောက် လျောင်မုယဲ့၏ အကြည့်တို့တွင် စာနာသနားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားတော့သည်။
လုရှောင်ရန်သည် ယခင်က လျောင်မုယဲ့နှင့် ဆက်သွယ်ရမည့် အချက်အလက်များ ဖလှယ်ရန် တွေးခဲ့ဖူးသည်။
သူ့ဦးလေးကလည်း လျောင်မုယဲ့မှာ တစ်ခုခု မှားယွင်းနေသည်ဟု ပြောထားခဲ့ဖူးပေသည်။
ဒါပေမယ့် အခု လျောင်မုယဲ့ရဲ့ အမူအယာက .. ဘယ်လိုကြီးလဲဟ ...
ထို့အပြင် ဦးလေးဖြစ်သူ၏ အခြေအနေကိုလည်း ရေရေရာရာ မသိရသေးသည့်အတွက် ပြတ်ပြတ်သာပြောလိုက်သည်
“ငါ့လိပ်စာက လူတိုင်းရနိုင်တဲ့အရာ မဟုတ်ဘူး ...”
မပေးလိုဟု သွယ်ဝိုက်ကာ ငြင်းလိုက်ခြင်းပင်။
လျောင်မုယဲ့၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွား၏။ အတိတ်ဘဝတွင် လုရှောင်ရန်က သူ့ကို အထင်သေးခဲ့သည်။ ယခုအချိန်အထိလည်း ထပ်တူထပ်မျှ အထင်သေးနေဆဲပင်။
ဘာလို့လဲ ...
သူက မသန်မာဘူးဆိုပေမယ့် ဟုန်ယဲ့မြို့ရဲ့ အနီးအနားမှာ ရင့်မှည့်တော့မယ့် အံ့ဖွယ်ဆေးပင်တစ်ပင် ရှိတယ်ဆိုတာ သိထားတယ်လေ ...
အတိတ်ဘဝက ရှဲ့ယွင်နန်၏ အင်အား အလျင်အမြန် တိုးမြင့်လာခြင်းမှာ တစ္ဆေဘုရင်၏ လေ့ကျင့်သင်ကြားပေးခြင်းကြောင့်သာမက ထိုအပင်ကို မတော်တဆ စားခဲ့မိ၍လည်း ဖြစ်ပေသည်။
ထိုစဉ်က တစ္ဆေဘုရင် အသက်မရှိတော့ပေ။ သူက မသေခင် ရှဲ့ယွင်နန်ကို မြင့်မြတ်မြို့တော်၏ အရှင်သခင် ဖြစ်လာအောင် လုပ်ပေးခဲ့သည့်တိုင် ထိုစဉ်က စတုတ္ထအဆင့် တိုက်ခိုက်သူသာ ဖြစ်သေးသည့် ရှဲ့ယွင်နန်ကို သစ္စာခံလိုသူဟူ၍ သိပ်မရှိခဲ့။
ထိုအပင်ကြောင့် ရှဲ့ယွင်နန်သည် စတုတ္ထအဆင့်မှ သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ပြန်လည်မွေးဖွားလာပြီးနောက် လျောင်မုယဲ့သည် ယဇ်ဆရာအကြီးအကဲ၏ အလောင်းကိုလည်း လိုက်မရှာ၊ ထိုသူ၏ ခန္ဓာကိုယ်ထဲရှိ ရတနာများကိုလည်း စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ အကြောင်းမှာ ယဇ်ဆရာအကြီးအကဲ၏ ခန္ဓာကိုယ်ထဲရှိ ရတနာများမှာ ခွန်အားကို တိုးတက်လာစေသည့်တိုင် ထိန်းချုပ်ရန် မလွယ်ကူသည့်အပြင် ပို၍ပင် အားနည်းသွားစေသည်ဟု တစ်စုံတစ်ယောက်က နောက်ပိုင်းတွင် သုံးသပ်ပြခဲ့၍ ဖြစ်သည်။
ယဇ်ဆရာအကြီးအကဲကိုယ်တိုင်ကပင်လျှင် အကောင်းဆုံးဥပမာတစ်ခု ဖြစ်ပေသည်။
ထို့အပြင် အတိတ်ဘဝ၌ ထိုအံ့ဖွယ်သားရဲများသည် အတောမသတ်နိုင်စွာ တိုက်ခိုက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် မည်သည့်သားရဲကမှ အင်အားအလွန် ကြီးမလာခဲ့ချေ။
ယဇ်ဆရာအကြီးအကဲ၏ ခန္ဓာကိုယ်ထဲရှိ “ရတနာ” ဟူသော အရာနှင့် နှိုင်းယှဉ်ပါလျှင် သူသည် ထူးခြားဆေးပင်ကိုသာ တန်ဖိုးထားပေသည်။
သူက ထိုအပင်ကို သွား၍ပင် အကဲခတ်ကြည့်ပြီးဖြစ်သည်။ ၎င်း၏ ပုံစံမှာ မရင့်မှည့်ခင်အထိ သာမန်အပင်တစ်ပင်ဟုသာ ထင်ရသည်။
၎င်းကို မရင့်မှည့်ခင် နှုတ်လာရန် တွေးခဲ့သေးသော်ငြား ထူးခြားဆေးပင်များသည် နေရာပြောင်းရွှေ့စိုက်ပျိုးသည့်အခါ သေသွားတတ်သည့်အတွက် နှုတ်မလာရဲခဲ့။
၎င်းအား စောင့်ကြပ်ပေးရန် မည်သူ့ကိုမှလည်း မခိုင်းရဲပေ။ ထို စောင့်ကြပ်ပေးသူက တစ်ခုခုအား ရှာဖွေတွေ့ရှိသွားမည်ကို သို့မဟုတ် မတော်တဆ ပျက်စီးစေမိသွားမည်ကို စိုးရိမ်ရပေသည်။
ကံကောင်းထောက်မစွာဖြင့် တစ္ဆေဘုရင်သည် စောစောစီးစီး သေဆုံးသွားသည့်အတွက် ထိုအပင်အကြောင်း မသိလိုက်ဘဲ သူတစ်ဦးတည်းသာ သိထားပေသည်။
ထိုဆေးပင်အကြောင်း မှတ်တမ်းမှတ်ရာလည်း မရှိသည့်အတွက် ၎င်းကို စားပြီးသည့်အခါ မည်သည့်အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း မည်သူမှ မသိချေ။ ထို့ကြောင့်လည်း သူက ရှဲ့ယွင်နန်ကို မစားရန် တားမြစ်ခဲ့ခြင်း ဖြစ်သည်။
သူက ရှဲ့ယွင်နန်ကို အရဲမစွန့်ဘဲ သူ့လျောင်မိသားစုနှင့်အတူ ဟုန်ယဲ့မြို့တော်ကိုသာ အုပ်ချုပ်ရန် ပြောခဲ့သော်ငြား ရှဲ့ယွင်နန်က သူ့စကားကို နားမထောင်ဘဲ ထိုအပင်ကို စားခဲ့သည်။
ဤဘဝတွင်မူ ထိုအပင်မှာ သူတစ်ဦးတည်း အပိုင်ပင်။
လုရှောင်ရန်ထံမှ ငြင်းပယ်ခံရပြီးနောက် လျောင်မုယဲ့၏ မျက်နှာတစ်ခုလုံး အေးစက်သွားတော့သည်။
သူသာ အဆင့်မြင့်တိုက်ခိုက်သူ ဖြစ်လာလို့ကတော့ လုရှောင်ရန်လောက်ကိုများ ဘာအရေးလုပ်ရမှာလဲ ...
သူက မြင့်မြတ်တဲ့မြို့တော်က လူတွေရဲ့ လျှို့ဝှက်ချက်တွေကိုလည်း အများကြီး သိထားသေးတယ် အနာဂတ်မှာ ဘယ်သူက ယဇ်ဆရာအဖြစ် နိုးထလာမလဲဆိုတာမျိုး ပြီးတော့ ရတနာတွေရော ...
ဒါတွေကို မပြောနဲ့ဦး အခုလတ်တလော ဖြစ်ခဲ့တာကိုပဲ ကြည့် ..သူက မုန့်ယန်နဲ့ ကျောက်ချင်းယွင်ကိုတောင် တစ္ဆေဘုရင်အကြောင်း သတင်းပေးခဲ့လိုက်သေးတယ် သူတို့သာ အောင်မြင်သွားလို့ကတော့ .. သူ့ဘဝမှာ ဆုလာဘ်ဆိုတာ ဘယ်လိုလုပ် ရှားပါးနိုင်တော့မလဲ ...
သူက အေးစက်စွာ လှောင်ရယ်ကာ ချာကနဲ လှည့်ထွက်သွားလိုက်သည်။
လုရှောင်ရန်နှင့်အတူ မြင့်မြတ်မြို့တော်မှ လိုက်လာကြသူများကလည်း လျောင်မုယဲ့ အငြင်းခံလိုက်ရသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ကြသည်။ အစောပိုင်းက လုရှောင်ရန်၏ အလွန်အမင်း အေးစက်မှုကြောင့် အံ့ဩခဲ့ကြရသော်ငြား လျောင်မုယဲ့၏ တုန့်ပြန်ပုံကို မြင်တွေ့ပြီးနောက်တွင်မူ ...
“အကျိုးနည်း ဘယ်လိုစိတ်ဓာတ်မျိုးလဲကွ ...”
တစ်ယောက်က မယုံနိုင်စွာ ရေရွတ်လိုက်သည်။
လုရှောင်ရန်က ပြောလိုက်သည်။
“သူက ငါတို့ကို အထင်သေးနေတာလေ ...”
“သူက ငါတို့ကိုပဲ အထင်သေးတာဆို ထားပါ ဘာလို့ လုကောကိုပါ အထင်သေးနေရတာလဲ ...”
သူတို့၏ စိတ်ထဲတွင် လုံးဝ ယုတ္တိမရှိဟု ခံစားမိလာကြသည်။
လုရှောင်ရန်လည်း နားမလည်ပေ။
အဲဒီ့ လျောင်မုယဲ့က စတုတ္ထအဆင့်ပဲ ရောက်သေးတဲ့ တိုက်ခိုက်သူလေ သူက ဆဌမအဆင့်တောင် ရောက်နေပြီလို့ !!!!
နှစ်ဦးလုံးမှာ အလယ်အလတ်အဆင့် တိုက်ခိုက်သူများ ဖြစ်ကြသည့်တိုင် တူညီသည်ဟု မဆိုနိုင်ချေ။
အားလုံး ဝိုင်းဖွဲ့ကာ စကားပြောနေကြစဉ် ဟုန်ယဲ့မြို့တော်ရှိ မိသားစုကြီးများ၏ ခေါင်းဆောင်များထံ ဖုန်းဝင်လာသည်။
ချက်ခြင်း အပြေးအလွှား ဖုန်းကိုင်လိုက်ကြသည်။
မုန့်ယန်နှင့် အခြားသူများ စိုက်ခင်းထဲသို့ ကျော်နင်းဝင်ရောက်လာစဉ်က အနီးအနားရှိ လူအများအပြား ရောက်လာကာ စိုက်ခင်းထဲသို့ ဝင်လာခဲ့ကြသည်။
သို့သော် ထိုသူများမှာ သူတို့၏ ဘက်တော်သားများ မဟုတ်ဘဲ အများစုမှာ တစ္ဆေဘုရင်၏ လူများဟုပင် ပြောနိုင်ပေသည်။
တစ္ဆေဘုရင်က ဒီအနီးအနားမှာတောင် သူ့လူတွေ ရှိနေတယ်တဲ့ !!!!
ဟုန်ယဲ့မြို့၏ မိသားစုကြီးများမှာ မုန့်ယန်တို့အဖွဲ့၏ အစီအစဉ်ကို သိမထားပေ။ ထို့ကြောင့် သူတို့ကပါ စိုက်ခင်းကို စောင့်ကြည့်ရန် လူလွှတ်ထားခဲ့သေးသည်။
ဤသတင်းမှာ ထိုလူများထံမှ ပြန်ကြားရခြင်း ဖြစ်ပေသည်။
“ဒီကမ္ဘာမှာ နဝမအဆင့် တိုက်ခိုက်သူဆိုတာ အများကြီးမှ မရှိတာ သူပုန်တွေရဲ့ ဘက်တော်သားဆို ပိုတောင် ရှားဦးမယ် .. နဝမအဆင့် တိုက်ခိုက်သူဆိုတဲ့ အမျိုးက သွေးနားထင်ရောက်နေကြတဲ့ လူတွေလေ တစ္ဆေဘုရင်ရဲ့ အမိန့်ကို လုံးဝ နာခံမှာ မဟုတ်ဘူး .. တကယ်လို့ သူတို့ဘက်မှာ တစ်ယောက်လောက် ရှိတယ်ပဲထား .. အဲဒီ့လူက ဘယ်လိုနည်းနဲ့မှ ကျောက်ချင်းယွင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး ...”
လျောင်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။
အခြားသူများ၏ အမြင်မှာလည်း သူနှင့် ထပ်တူပင်။
လျောင်မုယဲ့သာလျှင် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ကြောင်အသွားခဲ့သည်။
အတိတ်ဘဝက မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့သည် ဟုန်ယဲ့တောအုပ်ထဲတွင် သေဆုံးခဲ့ကြသည်။
အပြင်ကို သတင်းလွှင့်ချိန်၌ အံ့ဖွယ်သားရဲတွေရဲ့ လက်ထဲမှာ သေသွားခဲ့သည်ဟု သတင်းလွှင့်ခဲ့သော်လည်း .. သူတို့ ထိခိုက်သွားတဲ့ အချိန်တွင် တစ္ဆေဘုရင်က ဟုန်ယဲ့မြို့တော်မှာ ရှိမနေခဲ့ချေ ...
သူက အကြောင်းအရာတစ်ခုကို သတိရမိသွားသည်။ သူ့အတိတ်ဘဝက ဟုန်ယဲ့မြို့တော်တွင် အင်အားကြီးပုဂ္ဂိုလ် အများအပြား ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ထိုသူအားလုံးမှာ တစ္ဆေဘုရင်၏ နောက်လိုက်နောက်ပါများ ဖြစ်ကြရုံသာမက မြင့်မြတ်မြို့တော်ကို ဆန့်ကျင်သူများလည်း ဖြစ်နေကြသေးသည်။
ထိုအချိန်က ထိုသူများသည် မြင့်မြတ်မြို့တော်နှင့် ဟုန်ယဲ့မြို့တော်ရှိ ယဇ်ဆရာအစည်းအရုံးကို ဖယ်ရှားရှင်းလင်းရန် လက်တွဲပူးပေါင်းခဲ့ကြသည်။
ထို့နောက် အံ့ဖွယ်သားရဲတို့၏ အန္တရာယ်ကို ရင်ဆိုင်ရန် မိသားစုကြီးများနှင့် လက်တွဲခဲ့ကာ သူ့ကို မြို့အရှင် ဖြစ်စေခဲ့သည်။
သို့သော် .. နောက်ပိုင်း သူနှင့် ရှဲ့ယွင်နန် ချစ်ကြိုက်ကြပြီးနောက် တစ္ဆေဘုရင်က သူ့ကို မြို့အရှင်နေရာမှ လွယ်လင့်တကူ ဖယ်ရှားကာ ရှဲ့ယွင်နန်ကို လွှဲပြောင်းပေးခဲ့သည်။
အဲဒီ့လူတွေက .. မဟုတ်မှလွဲရော တစ္ဆေဘုရင်ရဲ့ လူတွေများလား ...
တစ္ဆေဘုရင် .. သူကလည်း ဟုန်ယဲ့မြို့တော်ကို သိမ်းပိုက်ဖို့ အစီအစဉ် ဆွဲပြီးနေပြီလားတောင် မသိဘူး ...
အတိတ်ဘဝတုန်းက အဲဒီ့လူတွေ သူ့ကို မြို့အရှင်မြှောက်ခဲ့ကြတာ မီးစင်ကြည့် ကရုံသပ်သပ်ပဲလား မိသားစုကြီးတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ဖို့လေ ...
ပြီးတော့ မုန့်ယန်၊ ကျောက်ချင်းယွင်နဲ့ တစ်ခြားလူတွေကို .. တစ္ဆေဘုရင်ကပဲ တမင် သတ်ခဲ့တာလား ဒီဘဝမှာရော ...
လျောင်မုယဲ့သည် ယခင်ကတည်းက ထူးဆန်းသည်ဟု တွေးခဲ့မိဖူးသည်။ တစ္ဆေဘုရင်က ဟုန်ယဲ့မြို့တော်သို့ အင်အားကြီးသူတစ်စု ရောက်လာကြောင်း သိထားသည့်တိုင် ထွက်မပြေးခဲ့ပေ။
သူက ပြန်လည်မွေးဖွားလာတဲ့သူဆိုတော့ သေချာပေါက်ကို မုန့်ယန်ရဲ့ ခွန်အားအကြောင်း သိထားမှာပဲ ...
သက်ပြင်းကြီးစွာ ချပြီးနောက် လျောင်မုယဲ့သည် ခန်းမထဲတွင် ဆက်မနေရဲတော့၊ အမြန် ထွက်သွားလိုက်တော့သည်။
တစ္ဆေဘုရင်က အနိုင်မရနိုင်ဘူး ဆိုပေမယ့် .. သူ့အနေနဲ့ သတိကြီးကြီးထားဖို့ လိုအပ်နေတုန်းပဲ ...
သူ ထွက်သွားသည့်တိုင် ခန်းမထဲရှိ လူများမှာ မည်သူတစ်ဦးတစ်ယောက်မှ ထွက်သွားခြင်း မရှိသည့်နှယ် အားရပါးရ စကားလက်ဆုံကျနေဆဲပင်။
လုရှောင်ရန်က သတိပြုမိလိုက်သော်ငြား ရှည်ရှည်ဝေးဝေး မတွေးမိခဲ့။
အားလုံး စကားလက်ဆုံကျနေစဉ် မုန့်ယန်၊ကျောက်ချင်းယွင်နှင့် အခြားသူများ ပြန်လာသည်ကို တွေ့လိုက်ကြသည်။
ထိုသူများမှာ အနည်းငယ် ရှက်ရွံ့နေကြသည့်နှယ်၊ တစ်ကိုယ်လုံးနီးပါး ရွံ့များဖြင့် ပေကျံနေကာ တိုက်ခိုက်သူ အများစုမှာလည်း သွေးများ စွန်းထင်းနေ၏။ သို့သော် တစ်ယောက်မကျန် ပြန်ရောက်လာကြသည်။
သူတို့တွေ နိုင်သွားတာ အသိသာကြီးပဲ !!!!
“ဂုဏ်ယူပါတယ် ...”
“တစ္ဆေဘုရင်ကို အနိုင်တိုက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် ...”
“အောင်ပွဲခံရအောင် ညစာစားပွဲ ပြင်ဆင်ဖို့ လူတစ်ယောက် ပို့လိုက်မယ် ...”
....
ထိုစကားများ ကြားသည့်အခါ မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့၏ မျက်နှာသည် ပို၍ပင် မည်းမှောင်သွားတော့သည်။
သူတို့က ဂုဏ်ပြုပွဲ မလိုအပ်ဘူး အရှုံးကြီးရှုံးပြီး ပြန်လာခဲ့ရတာလို့ !!!!
ပြီးတော့ ထိန်းချုပ်တာကိုပါ ခံနေရသေးတယ် !!!
တစ္ဆေဘုရင်သည် အင်အားကြီးလှသူတစ်ဦး ဖြစ်သည့်အလျောက် နဝမအဆင့် တိုက်ခိုက်သူတစ်ဦးကိုပင် လွယ်လင့်တကူ အနိုင်ယူနိုင်ပေသည်။ သို့သော် မျက်နှာတစ်ခုလုံး အမာရွတ်များဖြင့် ပြည့်နေသူကို အကြောက်မိဆုံးပင်။
ပြန်လာရာလမ်းတစ်လျှောက် တစ္ဆေဘုရင်၏ လူများလည်း အနောက်မှ ပါလာသည့်တိုင် အချင်းချင်း သတင်းဖလှယ်နိုင်ခဲ့ကြသည်။
လဲလှယ်နိုင်ခဲ့သည့် သတင်းများအရ .. မျက်နှာတစ်ခုလုံး အမာရွတ်များ၊ မီးလောင်ရာများဖြင့် ပြည့်နေသည့် အမျိုးသားမှာ အခြားသူများအား ညှို့ယူဖမ်းစားနိုင်သည့် စွမ်းရည်လည်း ရှိနေသေးကြောင်း သိလိုက်ရသည်။
ဒီလိုသာဆို သူတို့ကို ထိန်းချုပ်နေတာကလည်း အဲဒီ့တစ်ယောက်ပဲ ဖြစ်ရမယ် ...
ထိုတစ်ခဏ၌ .. အလွန်အမင်း တုန့်ဆိုင်းမိသည့်တိုင် ခန်းမထဲတွင် ရှိနေသူများထံ ဦးတည်ကာ လက်ကို လှုပ်ရှားလိုက်ကြသည်။
ခန်းမထဲတွင် ရှိနေကြသူများ “...”
ဘာတွေ ဖြစ်ကုန်တာလဲဟ ...
ဟုန်ယဲ့မြို့တော်တွင် အဆင့်မြင့် တိုက်ခိုက်သူ အများအပြား ရှိကြသည်။ ထိုသူများမှာ သတ္တမ သို့မဟုတ် အဌမအဆင့်သာ ရှိသေးသည့်တိုင် အဆင့်မြင့်တိုက်ခိုက်သူဟု ခေါ်ဆို၍ ရဆဲပင်။
မုန့်ယန်နှင့် အခြားသူများအဖို့ တိုက်ပွဲကို ဆင်နွှဲကာ ဒဏ်ရာရလာသည့်တိုင် ထိုသူများကို အနိုင်တိုက်ရန်မှာမူ လွယ်လွန်းမက လွယ်နေဆဲပင်။
အထူးသဖြင့် .. ထိုသူများမှာလည်း မည်သည့်အကြောင်းကြောင့် ရုတ်တရက် တိုက်ခိုက်ခံရမှန်း မသိသည့်အတွက် မခုခံရဲပေ။
“တိုက်နေတာတွေကို ရပ်လိုက်ပါတော့ ...”
“လူကြီးမင်းနှစ်ယောက် .. ကျွန်တော် အရှုံးပေးပါတယ် ...”
“ဘာတွေ ဖြစ်ကုန်တာလဲ ...”
...
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကာ ခုခံနိုင်သူမှာ လက်တစ်ဆုပ်စာမျှသာ။
ထိုစဉ် တစ္ဆေဘုရင်က သူ့လူများနှင့်အတူ ခန်းမထဲသို့ ဝင်လာလေသည်။
အပြင်ဘက်ရှိ သူ့ငယ်သားများမှာမူ မုန့်ယန်နှင့် အခြားသူများ ထိန်းချုပ်မှုမှ လွတ်သွားမည်ကို စိုးရိမ်နေကြဆဲပင်။
သို့သော် ယခုမူ ...
လူတိုင်းက ရှဲ့ချင်ကိုသာ စိုက်ကြည့်နေကြ၏။
သူက တကယ်ကြီးကို အလယ်အလတ်အဆင့် ယဇ်ဆရာတွေနဲ့ နဝမအဆင့် တိုက်ခိုက်သူတွေကို ထိန်းချုပ်နိုင်နေတာပဲ ...
တကယ်ကို အင်အားကြီးလိုက်တာများ ...
ခန်းမထဲတွင် ရှိနေကြသူများမှာလည်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ဘာ .. ဘာတွေ ဖြစ်ကုန်တာလဲလို့ ...
ဘာမှ ထွေထွေထူးထူး ဖြစ်တာတော့ မဟုတ်ပါဘူး ဒီတိုင်း မုန့်ယန်နဲ့ တစ်ခြားလူတွေ အဖမ်းခံရပြီး .. သူတို့ကို ပြန်တိုက်ခိုက်နေတာလောက်ပါပဲ ...
ဟုန်ယဲ့မြို့တော်၏ အထက်တန်းလွှာတစ်ခုလုံး ရှင်းလင်းခံလိုက်ရသည်။
စိုက်ခင်းထဲရှိ သွမ့်ချန်ချင်းမှာ ခေါင်းကိုက်နေ၏။
လူအများအပြားကို ထိန်းချုပ်နေရသည့်အတွက် သိစိတ်အာရုံမှာ အလွန်အမင်း ရှုပ်ထွေးနောက်ကျိလာလေသည်။
သို့သော် ရှုံးသည်ဟုတော့ မဆိုနိုင်။ ဤတစ်ကြိမ် သူ ထိန်းချုပ်နေသူများမှာ အားလုံးထက် အင်အားကြီးသည့် အဌမအဆင့် တိုက်ခိုက်သူနှင့် ယဇ်ဆရာများ ဖြစ်ပေရာ
ထိုသူများသာ ရှိပါလျှင် ရှေ့လျှောက် ရှဲ့ယွင်နန်၏ လုံခြုံရေးအတွက် ပူပန်နေရန် မလိုတော့ပေ။
သူ့အခြေအနေမှာ ယခင်ထက် များစွာ ကောင်းမွန်နေပြီ ဖြစ်သည့်တိုင် ဂရုတစိုက်ဖြင့် အားပြန်မွေးရန် လိုအပ်နေဆဲပင်။ တစ်ခဏမျှ စဉ်းစားပြီးနောက် ဤရက်ပိုင်းအတွင်း လမ်းလျှောက်ထွက်ရင်း သင့်တော်သည့် စိတ်စွမ်းအင်ဆေးပင်တစ်ပင်ပင်ကို လိုက်ရှာရန် ဆုံးဖြတ်လိုက်သည်။
သူက တစ္ဆေဘုရင်နှင့် အခြားသူများအား အနည်းငယ် စိတ်ပူမိသည့်အတွက် အဖော်သားရဲကို လွှတ်ကာ အခြေအနေကို ကြည့်စေလိုက်သည်။ ထို့နောက် ပြန်ရောက်လာသည့် ရှောင်ပိုင်ကို ပွေ့ဖက်ကာ စိတ်စွမ်းအင်အချို့ ပေးလိုက်၏။ ထိုအ
ခါမှ ရှောင်ပိုင်လည်း ငြိမ်သက်သွားကာ သူ့မျက်နှာကို လျာဖြင့် လျက်ပေးလိုက်တော့သည်။
ရှဲ့ယွင်နန် “...”
ရှောင်ပိုင်က ဘာလို့ သွမ့်ချန်ချင်းကို တအား သဘောကျနေတာလဲ ...
သို့သော် သွမ့်ချန်ချင်းကို မြင်လိုက်သည့်အခါ သူ့စိတ်ထဲရှိ စိုးရိမ်ရေမှတ်တို့ တစ်ဖြည်းဖြည်း လျော့ကျသွားတော့သည်။