Chapter 52
ရှဲ့ယွင်နန်၏ ယဇ်ဆရာဟူသော အထောက်အထားကို ဖုံးကွယ်ထား၍ ရသည့်တိုင် ၎င်းမှာ ကောင်းသည့်ကိစ္စတော့ မဟုတ်ချေ။
အထူးသဖြင့် သူနှင့် သွမ့်ချန်ချင်း၏ ရုပ်ရည်များမှာ များစွာ ထူးကဲနေရာ ... ရှဲ့ယွင်နန်သာ သာမန်လူတစ်ဦး ဖြစ်နေပါလျှင် ကျိန်းသေ အနိုင်ကျင့်ခံရမည် ဖြစ်သည်။
ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းကို အမှန်တကယ် သဘောကျသူများလည်း ရှိနေကာ ထိုသူများက သူတို့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း စကားစရန် အဆင်သင့် ဖြစ်နေကြတော့သည်။
သို့သော် ရှဲ့ယွင်နန်က ယဇ်ဆရာတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုအတွေးတို့ကို ချက်ခြင်း ရပ်တန့်လိုက်ကြသည်။
သူတို့က မြင့်မြတ်မြို့တော်မှ မိသားစုကြီးများနှင့် ယဇ်ဆရာများကို မုန်းတီးကြသည့်တိုင် ယဇ်ဆရာအားလုံးကို လိုက်မုန်းနေ၍ မရပေ။
အားလုံးမှာ တိုက်ခိုက်သူများ ဖြစ်သည့်အလျောက် ဒဏ်ရာရဖူးကြသည့်အတွက် ကုသပေးမည့် ယဇ်ဆရာကို လိုအပ်ကြပေသည်။
ထိုနေရာ၌ပင် လူတစ်ဦးက တစ္ဆေဘုရင်ကို ချက်ခြင်း ပြန်မေးလိုက်သည်။
“ညီအစ်ကို ... မင်းက ယဇ်ဆရာတစ်ယောက်ကို တကယ်ကြီး တပည့်အဖြစ် လက်ခံထားတာလား ...”
“ရှဲ့ကော .. ခင်ဗျားကတော့ တကယ်ကို ဩချလောက်စရာပဲ ...”
“ဒီယဇ်ဆရာကို ဘယ်ကနေများ ရှာတွေ့လာတာလဲ ...”
....
နောက်ထပ်တစ်ယောက်က ရှဲ့ယွင်နန်အနားသို့ ချဉ်းကပ်လာသည်။
“ဒီ … ယဇ်ဆရာငယ်လေး ကျွန်တော့်ကို ကုသပေးလို့ ရမလား မသိဘူး ...”
“ငါ့တပည့်က ထိခိုက်မိထားလို့ ကုသဖို့ လိုအပ်နေတယ် .. ကြေးကို ပွင့်ပွင့်လင်းလင်းသာ ထုတ်ပြောလိုက် ...”
“ယဇ်ဆရာအရှင်ရေ ... ဆက်သွယ်နိုင်မယ့် အချက်အလက်လေးတွေ လဲလှယ်လို့ ရနိုင်မလား ...”
“နေကြပါဦး အခုက ဒါတွေ လုပ်နေရမယ့်အချိန် မဟုတ်ဘူး ..."
တစ္ဆေဘုရင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ငါတို့က ယဇ်ဆရာနှစ်ယောက်ရယ် ပြီးတော့ အဆင့်မြင့် တိုက်ခိုက်သူတွေ အများကြီးကိုပါ ဖမ်းမိထားတာ သူတို့အတွက် ဒါကို မသိဖို့ဆိုတာ မဖြစ်နိုင်ဘူး အဲဒါကြောင့် တတ်နိုင်သမျှ အမြန်ဆုံး လှုပ်ရှားတာ အကောင်းဆုံးပဲ ...”
သူတို့၏ ပထမဦးစားပေးမှာ ဟုန်ယဲ့မြို့တော်ကို လက်ရောက်ရရန် ဖြစ်သည်။
ကျန်သူများ၏ အတွေးမှာလည်း အတူတူပင်။
ထိုကိစ္စနှင့် စပ်လျဉ်း၍ ဟိုးယခင်ကတည်းက ကြာမြင့်စွာ ဆွေးနွေးခဲ့ကြပြီး ဖြစ်သည့်အလျောက် အလျင်အမြန် လှုပ်ရှားလိုက်ကြသည်။
ပုံမှန်အားဖြင့် ဟုန်ယဲ့မြို့ကဲ့သို့သော မြို့ကြီးများကို သိမ်းယူနိုင်သည့်တိုင် အလျင်အမြန် တည်ငြိမ်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ သို့သော် လက်ရှိတွင် ဟုန်ယဲ့မြို့တော်၌ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အတွက် ...
ဆင်ခြေဖုံးဒေသတွင် နေထိုင်ကြသူများမှာ အငတ်ဘေးကို ခံစားနေရကာ အထွေထွေခရိုင်တွင် နေထိုင်ကြသူများမှာလည်း ထူးမခြားနားပင်။ အငတ်ဘေးကြောင့် သေသွားကြသူများပင် ရှိလာ၏။
ထို့ကြောင့် ကိစ္စရပ်အားလုံးမှာ အတော်လေး အဆင်ပြေနေသည်ဟု ခြုံငုံသုံးသပ်၍ ရပေသည်။
တစ္ဆေဘုရင်၏ စိုက်ခင်းမှာ ကုန်ဈေးနှုန်း မြင့်တက်မှုကို အခွင့်ကောင်းယူသည့် အခြားစိုက်ခင်းများနှင့် မတူ။ ထိုအစား အနီးဝန်းကျင်တွင် နေထိုင်သူများကိုပင် စိတ်သက်သာရာ ရစေခဲ့သေးသည်။
ထို့အပြင် အနီးအနား၌ စိုက်ခင်းများ အများအပြား ရှိသည့်အတွက် အနီးဝန်းကျင်တွင် နေထိုင်သူများသည် ဗိုက်ဖြည့်ရန် စားစရာများ ရှာဖွေနိုင်ကြပေသည်။
အတိတ်အချိန်က အလုပ်သမားများသည် ရင့်ရော်သည့် အသီးအရွက်နှင့် သစ်မြစ်သစ်ဉများကို ရိတ်သိမ်းပြီးနောက် ကြိတ်ချေကာ မြေဩဇာအဖြစ် အသုံးပြုခဲ့ကြသည်။ သို့သော် ယခုမူ ထိုရင့်ရော်နေသည့် အသီးအနှံများကိုပါ စားစရာအဖြစ် ဈေးချိုချိုဖြင့် ရောင်းချပေးကြ၏။
ရှဲ့ယွင်နန် စိုက်ခင်းသို့ ပြောင်းမလာခင်အထိ .. မြို့ထဲရှိ လူအများစုမှာ ပန်းမုန်လာစိမ်း(Brocoli) ၏ အမြစ်နှင့် အရွက်များကိုသာ ပြုတ်၍ စားခဲ့ကြရသည်။
အရွက်များမှာ ကိုက်လန်ကဲ့သို့ပင် စား၍ရကာ အမြစ်များမှာလည်း ကန်စွန်းဉကဲ့သို့ပင်။
ထိုသူများနှင့် ဆန့်ကျင်စွာပင် ဟုန်ယဲ့မြို့တော်၌ နေထိုင်ကြသူများမှာ ပိုပြီး ခက်ခဲလာကြသည်။
ထိုစဉ်က အထွေထွေခရိုင်တွင် နေထိုင်ကြသူများသည် အသီးအရွက်များကို ကောက်ယူရန်ပင် ဆင်ခြေဖုံးဒေသသို့ မကြာမကြာ လာရောက်ကြရသည်။
ထိုသို့သော အခြေအနေများကြောင့် အကယ်၍ သူတို့က အထွေထွေခရိုင်ကို တိုက်ခိုက်သည့်တိုင် သာမန်သူများအနေဖြင့် သူတို့ကို လုံးဝ ပိတ်ပင်ဟန့်တားမည် မဟုတ်ချေ။
တစ္ဆေဘုရင်က အခြားသူများနှင့် ဆွေးနွေးလိုက်သည်။
သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့မှာ ထိုကဲ့သို့သော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိသည့်အတွက် အဖမ်းခံထားရသူများအား စောင့်ကြပ်ရန် တာဝန်ယူလိုက်ကြသည်။
သွမ့်ချန်ချင်းသည် အဆင့်မြင့် တိုက်ခိုက်သူ သို့မဟုတ် အလယ်အလတ်အဆင့် ယဇ်ဆရာများကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသည့်အတွက် ထိုသူများ၏ အနီးတွင်သာ လှည့်ပတ်လမ်းလျှောက်နေလိုက်သည်။ သူ့အဖော်သားရဲဖြစ်သော ရှဉ့်ပေါက်စကပါ တစ်ယောက်မှ နောက်တစ်ယောက်ထံ ခုန်ကူးပြေးလွှားနေခဲ့သည်။
၎င်းကို မြင်လိုက်သည့် အဌမအဆင့် တိုက်ခိုက်သူမှာ အနည်းငယ် ပျာယာခတ်သွားကာ “ရှဲ့ချင်”ကို ချက်ခြင်း လှမ်းခေါ်လိုက်သည်။
(ရှဲ့ချင်က တစ္ဆေဘုရင် ရှချင်က မိန်းကလေးပါ)
“ဒီလူတွေ နိုးလာရင် ထွက်ပြေးလောက်လား ...”
ထို အဌမအဆင့် တိုက်ခိုက်သူမှာ အရွယ်အားဖြင့် မငယ်တော့ရာ တပ်မက်သည့် စိတ်ဟူ၍လည်း မရှိတော့သည့် အလျောက် သွမ့်ချန်ချင်းကို ဂျူနီယာတစ်ဦးအဖြစ်သာ မှတ်ယူထားပေသည်။
ယခု သူသည် ဖမ်းထားသူများအနက် တစ်ယောက်ယောက် နိုးလာကာ သွမ့်ချန်ချင်းအား ရိုက်လိုက်မည်ကို စိုးရိမ်မိနေသည်။
ထိုစကားများ ကြားလိုက်သည်နှင့် တစ်ပြိုင်နက် တစ္ဆေဘုရင်က ချက်ခြင်း ပြန်ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ...”
အကြောင်းပြချက်ဟူ၍ မည်မည်ရရ မရှိသည့်တိုင် သူသည် သွမ့်ချန်ချင်းကို အပြည့်အဝ ယုံကြည်ထားကာ အကြွင်းမဲ့ အင်အားကြီးသူအဖြစ် သတ်မှတ်ထား၏။
သွမ့်ချန်ချင်းတစ်ယောက်လုံး ဒီမှာ ရှိနေတာကို .. ဒီလူတွေက နိုးလာနိုင်မှာတဲ့လား လုံးဝပဲ ...
တစ္ဆေဘုရင်က တစ်ထစ်ချ ပြောလာသည့်အတွက် အခြားသူများကလည်း မေးခွန်း ဆက်မမေးကြတော့။
ထိုအချိန်မှာပင် အဖမ်းခံထားရသူများ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် နိုးလာကြသည်။
“တစ္ဆေဘုရင် ဘယ်မှာလဲ ...”
“မင်းက ငါတို့ကို တကယ်ကြီး ထောင်ချောက်ဆင်ရဲတယ်ပေါ့ ...”
“ငါတို့ကို လွှတ်ပေးလိုက်တာ ကောင်းလိမ့်မယ်နော် မဟုတ်လို့ကတော့ ...”
နိုးလာပြီးနောက် ဒေါသတကြီး အော်ငေါက်ခဲ့ကြသော်လည်း ...
အော်ကြီးဟစ်ကျယ် ကျိန်ဆဲကြိမ်းမောင်းပြီးသည်နှင့် တစ်ပြိုင်နက် တစ်ယောက်ပြီးတစ်ယောက် ဦးခေါင်းကို လက်ဖြင့် အုပ်ကိုင်ကာ နာကျင်စွာဖြင့် အော်ဟစ်ညည်းညူလိုက်ကြရတော့သည်။
နာကျင်စွာ အော်ကြရသူများထဲတွင် အော်ဟစ်ကြိမ်းမောင်းသူများသာမက အသံတိတ်နေခဲ့သူများလည်း ပါဝင်နေ၏။
“ချန်ချင်း အဆင်ပြေရဲ့လား ...”
ရှဲ့ယွင်နန်က သူ့ကို ချက်ခြင်း နောက်ပြန်ဆွဲထားလိုက်သည်။ ထိုသူများ နိုးလာသည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်မှာ ကြောက်ရွံ့သွားသည့်ဟန် မျက်နှာတစ်ခုလုံး ဖြူရော်သွားတော့၏။
“အဆင်ပြေပါတယ် ...”
သူက ပြောလိုက်သည်။
သူက မိစ္ဆာကျွန်အများအပြားကို တစ်ကြိမ်တည်း လက်ခံလိုက်သည့်အပြင် စိတ်စွမ်းအင်ကိုလည်း အလွန်အကျွံ အသုံးပြုမိသွားသည့်အတွက် ခန္ဓာကိုယ်က ခံနိုင်ရည် မရှိတော့ခြင်း ဖြစ်သည်။
အိုက်ယား ဒီခန္ဓာကိုယ်က အရမ်းကို ထိလွယ်ရှလွယ်နေတာတော့ မဟုတ်သေးပါဘူး သူ့လို အတိဒုက္ခကပ်ဆိုးကိုတောင် ကျော်ဖြတ်ခဲ့ပြီးသား ကျင့်ကြံသူတစ်ယောက်အတွက်တော့ ချီသန့်စင်ခြင်း အဆင့်တောင် မရောက်သေးတဲ့ မိစ္ဆာကျွန် နည်းနည်းလောက် စုဆောင်းတာက အသေးအဖွဲပါ ...
သခင်နှင့်ကျွန် စာချုပ်ချုပ်ဆိုရေးအတွက် ယေဘုယျကျကျ ပြောရပါလျှင် နှစ်ဦးနှစ်ဖက်လုံးက လိုလားသည့်ဆန္ဒ ရှိရမည် ဖြစ်သည်။ သို့သော် ခွန်အားကွာခြားချက် ကြီးမားလွန်းသည့်အပြင် တစ်ဖက်သူကလည်း ခုခံလိုခြင်း အလျဉ်းမရှိပါလျှင် အတင်းအကြပ် ဖိအားပေးကာ စာချုပ် ချုပ်ဆိုနိုင်ပေသည်။
ထိုသူများကို ထိန်းချုပ်ရန် သွမ့်ချန်ချင်းက ထိုသူများအား တစ္ဆေဘုရင်၏ဘက်တော်သားများကို မတိုက်ခိုက်ရန်နှင့် ရှဲ့ယွင်နန်ကို ဦးစားပေး ကာကွယ်ရမည့်အပြင် တစ္ဆေဘုရင်၏ အမိန့်များကိုပါ နားထောင်ရန် တိုက်ရိုက် အမိန့်ပေးခဲ့သည်။
ခေါင်းကိုက်ဝေဒနာ ခံစားရခြင်းမှာ ထိုသူများက တစ္ဆေဘုရင်နှင့် အခြားသူများအား ထိခိုက်အောင် လုပ်လို၍ ဖြစ်သည်။
“အဲဒီ့လူတွေက ဘာဖြစ်သွားတာလဲ ခင်ဗျား ဘာလုပ်လိုက်တာလဲ အဆိပ်တိုက်လိုက်တာလား ...”
အဌမအဆင့် တိုက်ခိုက်သူက အံ့ဩတကြီး မေးလိုက်သည်။
တစ္ဆေဘုရင် “...”
ငါက အဲဒီ့လူတွေကို ဘယ်လိုလုပ် အဆိပ်တိုက်နိုင်မှာလဲကွ ...
ထိုသူများ၏ အခြေအနေအတွက်မူ ... ယခင်က သူတို့ ဖမ်းမိထားသည့် ကြေးစားမှာ ရုတ်တရက် နာခံမှု ရှိလာကြောင်း သိလိုက်ရစဉ်က သွမ့်ချန်ချင်းကို ဖြစ်ကြောင်းကုန်စဉ် မေးခဲ့ဖူးသေးသည်။
သွမ့်ချန်ချင်းက သူ့ကို အကြောင်းအရင်း တိတိကျကျ မပြောခဲ့။ သူ(တစ္ဆေဘုရင်)လည်း ထိုသူများကို အမိန့်ပေးနိုင်သည်ဟုသာ ဝိုးတဝါး ပြောခဲ့သည်။
သူက စမ်းသပ်ကြည့်လိုက်သည်။
“မင်းတို့အားလုံး မတ်တပ်ရပ် တန်းစီကြ ..."
ထိုသို့ ပြောပြီးနောက် ထိုသူများအားလုံးမှာ အမှန်တကယ်ပင် ချက်ခြင်း မတ်တပ်ရပ်ကာ တန်းစီလိုက်ကြသည်။
အားလုံး ကြောင်အသွားကြတော့၏။
မုန့်ယန်၊ ကျောက်ချင်းယွင်နှင့် အခြားသူများမှာလည်း အလွန်အမင်း အံ့ဩသွားကြရသည်။
သူတို့က လုပ်ချင်စိတ် မရှိတာ အရှင်းကြီးကို ဘာလို့ လုပ်နေရတာလဲ ...
ဘာတွေ ဖြစ်ကုန်တာလဲ ...
သူတို့ရှေ့မှာ ရှိနေတဲ့သူက စိတ်ကို ရှုပ်ထွေးအောင် လုပ်နေတာလား ...
ဟုတ်တယ် ဒီလိုပဲ ဖြစ်လိမ့်မယ် ဒီလူက တကယ်ကို အဆိပ်ပြင်းတာပဲ သူတို့ကို သူ့ကို ကြိုက်မိသွားအောင် လုပ်ရုံတင် မကဘူး သူ့စကားကိုပါ အကန့်အသတ်မရှိ နားထောင်စေချင်နေသေးတယ် ...
ဆိုးယုတ်လိုက်တာများ ...
ထိုသူများက တစ္ဆေဘုရင်ကို အပိုင်းပိုင်းအစိတ်စိတ် ဖြစ်သည်အထိ ရိုက်နှက်လိုသည့်တိုင် သူတို့ လုပ်နိုင်သည့်အရာဟူ၍လည်း မရှိ။ ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ကြီးစွာသော ခေါင်းကိုက်ဝေဒနာကိုပင် ခံစားလိုက်ရသေးသည်။
တစ္ဆေဘုရင်က ထပ်ပြောလိုက်သည်။
“ငုတ်တုတ်ထိုင် ..."
မုန့်ယန်နှင့် အခြားသူအားလုံး ထိုင်လိုက်ကြသည်။
တစ္ဆေဘုရင်က သက်ပြင်းတစ်ချက်ရှိုက်ကာ .. သွမ့်ချန်ချင်းက သူ့ကို အတော်လေး ငဲ့ညှာပေးခဲ့သည်ဟု ခံစားမိလာသည်။
သူက အရင်က သွမ့်ချန်ချင်းကို ပစ်မှတ်ထားခဲ့ဖူးပေမယ့် သွမ့်ချန်ချင်းကတော့ သူ့ကို ရိုက်ရုံလေးပဲ ရိုက်ခဲ့တာ ...
သားလိမ္မာလေးတစ်ယောက် မွေးထားမိတဲ့ သူ့ကိုယ်သူပဲ ကျေးဇူးတင်ရမယ် ...
မဟုတ်ရင် သူလည်း ဒီလူတွေလိုပဲ ဖြစ်နေမလားတောင် မသိဘူး ...
ယဇ်ဆရာအကြီးအကဲက ဒီလိုနည်းလမ်းတွေကြောင့် မြင့်မြတ်မြို့တော်ကို နှစ်ပေါင်း ထောင်နဲ့ချီပြီး ထိန်းချုပ်နိုင်ခဲ့တာများလား ...
လက်ရှိ ယဇ်ဆရာအကြီးအကဲက တအားကို အားနည်းနေတာ နှမြောစရာပဲ .. သူ့ငယ်သားတွေကပါ သူ့ကို သစ္စာဖောက်လိုက်ကြသေးတယ် .. သွမ့်ချန်ချင်းကလည်း သစ္စာဖောက်ခဲ့တဲ့ အုပ်စုထဲက တစ်ယောက် ဖြစ်လောက်တယ် ...
တစ္ဆေဘုရင်က သွမ့်ချန်ချင်းမှာ ယဇ်ဆရာအကြီးအကဲ ဖြစ်နိုင်သည်ဟု တစ်ကြိမ်မျှပင် မတွေးကြည့်မိခဲ့ပေ။ လူတိုင်းက ယဇ်ဆရာအကြီးအကဲကို အားနည်းသည်ဟု သိထားကြကာ သွမ့်ချန်ချင်းကမူ အားနည်းဟန်ဆောင်နေခြင်းသာ ဖြစ်ပေသည်။
ထို့အပြင် သူရထားသည့် သတင်းများအရ ယဇ်ဆရာအကြီးအကဲမှာ အသက်မရှိတော့ပေ။
ထို့အပြင် ယဇ်ဆရာအကြီးအကဲသာ အမှန်တကယ် သန်မာပါလျှင် ပြီးခဲ့သည့် ပုန်ကန်မှုမှာ စတင်ခြင်းပင် ပြုနိုင်မည် မဟုတ်ချေ။
တစ္ဆေဘုရင်က အနည်းငယ် ကြောက်ရွံ့မိသွားသော်ငြား အခြားသူများက ပို၍ပင် ကြောက်ရွံ့လာကြသည်။ ထိုသူများကမူ တစ္ဆေဘုရင်ကို ကြောက်ရွံ့ကြခြင်း ဖြစ်၏။
ဒီလူက ဘယ်သူလဲ နဝမအဆင့် တိုက်ခိုက်သူတွေကိုတောင် ထိန်းချုပ်နိုင်နေတယ် ...
တစ္ဆေဘုရင် ပျောက်သွားကာ အမိန့်ပေးသည့် ရာထူးကို ရှဲ့ချင်က ယူလိုက်သည့်အပေါ် မကျေနပ်သူများ ရှိနေကြသော်ငြား ယခုမူ ထိုသူများမှာ မကျေနပ်ခြင်းပင် မပြုရဲကြတော့။
တစ္ဆေဘုရင်က ပြောလိုက်သည်။
“ငါတို့ အခုပဲ သွားကြမယ် သူတို့ကို ဦးဆောင်ခိုင်းလိုက် ...”
အားလုံး “...”
လာနောက်နေတာလား ဒီလူတွေကို ဦးဆောင်ခိုင်းရမယ် ဟုတ်လား ...
သို့သော် သူ့စကားဆုံးသည်နှင့် တစ်ပြိုင်နက် မုန့်ယန်နှင့် အခြားသူများက ချက်ခြင်း ထွက်ခွါရန် တစ်ဖက်လှည့်လိုက်ကြသည်။ သူတို့၏ ပုံစံမှာ ချက်ခြင်းလက်ငင်း ဟုန်ယဲ့မြို့တော်ကို တိုက်ခိုက်ကြတော့မည့်ဟန်ပင်။
တစ်ချိန်တည်းမှာပင် ပင်မခရိုင်၌ နေထိုင်ကြသူများကလည်း မုန့်ယန်နှင့် အခြားသူများ အောင်ပွဲခံကာ ပြန် ရောက်လာမည့် အချိန်ကို စောင့်မျှော်နေကြသည်။
အလယ်အလတ်အဆင့် ယဇ်ဆရာနှစ်ဦးက တစ္ဆေဘုရင်ကို ဖမ်းဆီးရန် ကျွမ်းကျင်သူများစွာကို ဦးဆောင်၍ ထွက်သွားကြောင်း သိလိုက်ရကာမှ လျောင်မုယဲ့လည်း စိတ်အေးသွားရတော့သည်။
တစ္ဆေဘုရင်သာ သေသွားပါလျှင် ဤကမ္ဘာတွင် ပြန်လည်မွေးဖွားလာသူဟူ၍ သူတစ်ဦးတည်းသာ ကျန်ရှိတော့မည် ဖြစ်သည်။
ရှဲ့ယွင်နန်က တစ္ဆေဘုရင်၏ ဘက်တော်သား ဖြစ်နေသည်မှာမူ နှမြောဖွယ်ရာပင်။ သူက မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့၏ လှုပ်ရှားမှုကြောင့် ရှဲ့ယွင်နန်ပါ သေသွားမည်ကို စိုးရိမ်မိနေသည်။
သူက ရှဲ့ယွင်နန်ကို သေစေလိုခြင်း အလျဉ်းမရှိပေ။ အလွယ်တကူ သေသွားမည့်အစား အသက်ရှင်ကျန်နေကာ ခက်ခဲပင်ပန်းသည့် ဘဝတွင် ရုန်းကန်လှုပ်ရှားနေရသည်ကိုသာ မြင်လိုပေသည်။
သို့သော် တစ္ဆေဘုရင်အတွက် ရှဲ့ယွင်နန်က အရေးပါနေဆဲ ဖြစ်သည့်အတွက် သူ သေသွားသည်မှာလည်း မကောင်းသည့် ကိစ္စတော့ မဟုတ်ချေ။
သူ့မိသားစုက ဝယ်ယူသိုလှောင်ထားသည့် ကုန်ကြမ်းနှင့် ကောက်ပဲသီးနှံများလည်း ရှိနေသေးရာ ထိုပစ္စည်းများကို များမကြာမီ စီမံခန့်ခွဲရန် လိုအပ်နေပေသည်။
လူနေမြို့ပြနှင့် အံ့ဖွယ်သားရဲတို့ နေထိုင်ရာ ဒေသများအကြားတွင် လူသူအရောက်အပေါက် မရှိသေးသည့် နေရာလွတ်များ ရှိနေတတ်သေးသည်။
မြို့တစ်မြို့ချင်းစီမှာ အမှီအခိုကင်းမဲ့စွာ သီးခြားစီ တည်ရှိကြသည့်အတွက် ဟုန်ယဲ့မြို့တော်ရှိ ကုန်ဈေးနှုန်းများ မြင့်တက်လာချိန်တွင် အခြားမြို့များမှ စားစရာများ ရောက်လာရန် အချိန်ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် ... လျောင်မိသားစုက အနီးအနားရှိ မြို့များမှ စားစရာများကိုပါ လူလွှတ်၍ ဝယ်ယူထားခဲ့သေးသည်။
ထို့ကြောင့် ဟုန်ယဲ့မြို့တော်တွင် ကုန်ဈေးနှုန်း အဆမတန် မြင့်မားလာပြီးနောက် စားစရာကို အနီးအနားရှိ မြို့များမှ ဝယ်ယူရန် ခက်ခဲသွားခဲ့ခြင်း ဖြစ်သည်။
လျောင်မိသားစုသည် သူတို့ သိုလှောင်ထားသမျှကို ဤရက်ပိုင်းအတွင်း ထုတ်ရောင်းခဲ့လိုသော်ငြား တစ်စထက်တစ်စ မြင့်တက်လာသော ကုန်ဈေးနှုန်းကြောင့် အခြားသော မိသားစုများကပါ စားစရာများ ဝယ်ယူသိုလှောင်ထားစ ပြုလာတော့သည်။ သူတို့ အစောပိုင်းက ရောင်းခဲ့သည့် ပစ္စည်းများကို အခြားမိသားစုများက ဝယ်ယူကာ .. အလွန်မြင့်မားသည့် ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချခဲ့ကြ၏။
ထို့ကြောင့် လျောင်မိသားစုသည် နောက်ထပ် ရောင်းချလိုသည့်ဆန္ဒ မရှိတော့။ ထိုအစား ပိုပြီး ဈေးတက်လာမည့် အချိန်ကိုသာ စောင့်လိုကြတော့သည်။
လတ်တလောကာလအတွင်း ဟုန်ယဲ့မြို့၌ ကိစ္စအများအပြား ဖြစ်ပွားသွားခဲ့ရာ မယုတ်မလွန် အခြေအနေတွင် ရပ်တန့်နေခြင်းက ပိုမိုသင့်လျော်ပေသည်။
လျောင်မုယဲ့နှင့် ဟုန်ယဲ့မြို့တော်ရှိ အခြား မိသားစုကြီးများ၏ မိသားစုဝင်များ၊ လုရှောင်ရန်နှင့် မြင့်မြတ်မြို့တော်မှ ရောက်လာသည့် လူငယ်များအားလုံး ကြီးမားသည့် ခန်းမကျယ်ကြီး တစ်ခုထဲတွင် စုဝေးလိုက်ကြသည်။
ကိစ္စများကို မစီစဉ်ရသေးသည့်တိုင် အစေခံများကမူ ဧည့်ခံပွဲအတွက် လိုအပ်သည်များကို စတင်ပြင်ဆင်နေပြီ ဖြစ်သည်။
ဤတစ်ကြိမ် တစ္ဆေဘုရင်အား ဖမ်းဆီးခြင်းမှာ အတိအကျ ကြံစည်ထားသည့် အစီအစဉ် ဖြစ်သည့်အတွက် ကျောက်ချင်းယွင်၊ မုန့်ယန်နှင့် အခြားသူများ ပြန်လာသည့်အခါ ...ထိုသူများက အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမကို အလှဆင်ကာ အစားအစာနှင့် ဝိုင်များကို နာရီဝက်အတွင်း ယူလာနိုင်မည် ဖြစ်သည်။
“မစ္စတာကျောက်နှင့် မစ္စတာမုန့်တို့ ဘယ်အချိန်မှ ပြန်ရောက်ကြမှာလဲ မသိဘူး ...”
“သိပ်တော့ မကြာလောက်ပါဘူး ...”
“တစ္ဆေဘုရင်ရဲ့ ဘေးမှာက လူအများကြီး မရှိဘူး မဟုတ်လား မစ္စတာကျောက်နဲ့ တစ်ခြားသူတွေ သွားကြတာဆိုတော့ ... သူတို့တွေ အကုန်လုံးကို ဖမ်းမိလာမှာ သေချာတယ် ...”
ထိုသူများက ဝမ်းသာရွှင်မြူးနေကြ၏။
မြို့အနီးတွင် တစ္ဆေဘုရင် ရှိနေခြင်းမှာ သူတို့ကို စိတ်မသက်မသာ ဖြစ်စေသည်။ မြင့်မြတ်သည့် မြို့တော်မှ ရောက်လာသည့် ယဇ်ဆရာများက တစ္ဆေဘုရင်ကို သတ်လိုက်ပါလျှင် အကောင်းဆုံး ဖြစ်ပေသည်။
မြင့်မြတ် မြို့တော်မှ ရောက်လာသည့် လူငယ်များကလည်း ဝိုင်းဖွဲ့ကာ စကားပြောနေကြသည်။
“မင်းတို့ ပြောကြည့် မုန့်ယန်နဲ့ သူ့လူတွေက တစ္ဆေဘုရင်ကို တကယ်ကြီး ဖမ်းလာနိုင်လောက်လား ...”
“သေချာပေါက်ကို ဖမ်းလာနိုင်မှာပေါ့ ...”
“တစ္ဆေဘုရင်ကို ကျိန်းသေ ဖမ်းလာနိုင်မှာပါ ဒါနဲ့ အဲဒီ့တစ္ဆေဘုရင်က ဘယ်လိုပုံစံ ဖြစ်မလဲ မသိဘူးနော် ...”
စကားပြောနေကြသူများအနက် တစ်ယောက်က လုရှောင်ရန်ကို လှမ်းကြည့်လိုက်သည်။
“လုကော .. အပြင်ဘက် ထွက်ကြည့်ချင်လား ...”
ဒါက ဆရာကြီးတွေ တိုက်ကြမယ့်ပွဲလေ တကယ်ကို ကြည့်ချင်နေတာလို့ ...
မုန့်ယန်နဲ့ သူ့လူတွေက ကောက်ကာငင်ကာကြီး ထွက်သွားကြတာ တကယ် နှမြောစရာပဲ သူတို့ကိုတောင် ပြောမသွားကြဘူး ...
ထွက်သွားပြီးကာမှ ပါးစပ်အဟောင်းသားလေးနဲ့ အံ့ဩနေကြရတာ ...
လုရှောင်ရန်က မျက်နှာသေဖြင့် ပြောလို
က်သည်။
“နဝမအဆင့်တွေ တိုက်ခိုက်နေကြတာကို မင်းတို့က ဘာသွားလုပ်မှာလဲ ...”
“ဟုတ်သားပဲ ...”
စိတ်အားထက်သန်နေကြသူအားလုံး ငြိမ်ကျသွားကာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ကြသည်။
လုရှောင်ရန်က စကားစဖြတ်ကာ ခန်းမဝင်ပေါက်ကိုသာ အေးစက်စွာဖြင့် စိုက်ကြည့်နေလိုက်သည်။