အပိုင်း ၅၁
Viewers 7k

Chapter 51





သူက ပိုပြီး အပြေးမြန်သည့် အမျိုးသား၏ အရှေ့တွင် ရပ်လိုက်သည်။ 


 “ဒီအထိတောင် ရောက်နေပြီပဲဟာ ဘာလို့ ပြန်သွားမှာလဲ ...”


ထို့နောက် နောက်တစ်ကြိမ် လက်သီးတစ်ချက် ပေးလိုက်ပြန်သည်။ 


ထိုသူမှာ ချက်ခြင်း မြေကြီးပေါ်သို့ မှောက်ကျသွားတော့၏။ 


ကျင့်ကြံရေး လောကတွင် စိတ်စွမ်းအင်ကို အသုံးပြုကာ လူသားများကို မူးမေ့လဲသွားစေသည့် နည်းလမ်းများစွာ ရှိပေသည်။ သူသုံးလိုက်သည်မှာလည်း ထိုနည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ ထို့အပြင် သူ၏ လက်သီးချက်မှာလည်း အားမနည်းလှ။ 


တစ်ဦးမှာ မြေပေါ်သို့ လဲကျနေပြီဖြစ်ရာ ကျန်တစ်ဦးမှာ မည်သို့မှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။ 


သွမ့်ချန်ချင်းက တိုက်ပွဲကို လွယ်လင့်တကူ အဆုံးသတ်လိုက်သည်။ 


ထိုစဉ် တစ္ဆေဘုရင်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသူများက သူ့ကို ခြေရာခံမိသွားသည်။ 


အားလုံး ပဟေဠိ ဖြစ်ကုန်ကြတော့၏။ 


တစ္ဆေဘုရင်က နှစ်ယောက်တောင် ရှိနေတာလား ....


ပြီးတော့ ပိုပြီး ကြောက်စရာကောင်းတာက ဘာလဲဆိုတော့ ... သူတို့ တွေ့ခဲ့တဲ့ တစ္ဆေဘုရင်က အရမ်းကို သန်မာတယ် ဆိုပေမယ့် ... ရုတ်တရက်ကြီး ပေါ်လာတဲ့ တစ္ဆေဘုရင်ကလည်း အတူတူနီးပါးလောက်ကို သန်မာနေတာ ...


ရှစ်ဟိုင်ယွမ်လို နဝမအဆင့် တိုက်ခိုက်သူတောင် အဌမအဆင့် တိုက်ခိုက်သူတွေကို လက်သီးတစ်ချက်တည်းနဲ့ အနိုင် မတိုက်နိုင်ဘူးလေ ...


ရှစ်ဟိုင်ယွမ်နှင့် အခြားသူများမှာလည်း ကြောက်လန့်သွားကြတော့သည်။


သူတို့တွေ အကုန် ချုံခိုအတိုက်ခံလိုက်ရပြီထင်တယ် ...


ဒါက တစ္ဆေဘုရင် ဆင်ထားတဲ့ ထောင်ချောက်ပဲ ...


ပြေးကြ ပြေးကြတော့ ....


အားလုံး နောက်ပြန်လှည့်မကြည့်စတမ်း ထွက်ပြေးသွားကြတော့သည်။ ရှစ်ဟိုင်ယွမ်က ဝန်ထမ်းအိမ်ယာဘက်သို့ပင် ပြေးဝင်သွားကာ ရှဲ့ယွင်နန်နှင့် တွေ့သွားတော့သည်။ 


သူက ရှဲ့ယွင်နန်သည် မည်သည့်အကြောင်းကြောင့် တစ္ဆေဘုရင်၏ အလေးပေးခြင်းကို ခံနေပြီး ထိုသူနှင့် ဆက်နေနေကြောင်း မသိသေး။ 


ဒါမှမဟုတ် သူ့ကို ဓားစာခံအဖြစ် ဖမ်းထားတာများလား ...


သူက အဖော်သားရဲနှင့်အတူ ရှဲ့ယွင်နန် ရှိရာသို့ ပြေးဝင်သွားလိုက်သည်။ တစ္ဆေဘုရင်ကလည်း ရှဲ့ယွင်နန်ကို ကာကွယ်ရန်အတွက် သူ့နောက်မှ လိုက်လာ၏။ 


အခြေအနေမှာ အလွန် ပြင်းထန်နေကြောင်း ရှဲ့ယွင်နန်ကိုယ်တိုင်လည်း ခံစားမိနေသည်။ သို့သော် ထိုအခိုက်အတန့်၌ သူသည် ပုံမှန်နှင့်မတူ ထူးကဲစွာ နိုးကြားနေခဲ့၏။ 


အောက်ထပ်သို့ ဆင်းလာစဉ်က ဓားတစ်ချောင်းကို ယူလာခဲ့ကာ ထိုဓားကို လက်နှစ်ဖက်ဖြင့် ပင့်မြှောက်လျက် အားဖြည့်နေသော ခြင်္သေ့ကို ပြင်းထန်စွာ ထိုးလိုက်သည်။


ရှစ်ဟိုင်ယွမ်က သူ၏ ဓားချက်ကို အနည်းငယ်မျှပင် အလေးထားဟန်မတူ။ 


သာမန်သူတစ်ဦးက ဓားကိုင်ထားသည့်တိုင် နဝမအဆင့် တိုက်ခိုက်သူတစ်ဦးအား ခြစ်ရာတစ်ခု ထင်ရန်ပင် မစွမ်းနိုင်ပေ။ 


သို့သော် ရှဲ့ယွင်နန်၏ ဓားမှာမူ ကွဲပြားလှသည်။ စိတ်စွမ်းအင်များဖြင့် လွှမ်းခြုံထားသည့်ဓား ဖြစ်သည့်အတွက် ခြင်္သေ့၏ မျက်နှာတစ်ဝက်နီးပါးခန့်ကို နက်ရှိုင်းသည့် အမာရွတ်တစ်ခုက လွှမ်းခြုံသွားတော့သည်။ 


“မဆိုးဘူးပဲ ...”


သွမ့်ချန်ချင်းက သူ့ဘေးရောက်လာကာ လက်ထဲမှ ဓားကို ဆွဲယူပြီး ရှစ်ဟိုင်ယွမ်ကို ဓားအနှောင့်ဖြင့် ရိုက်လိုက်သည်။ 


ဤသို့ဖြင့် နောက်ထပ် နဝမအဆင့် တိုက်ခိုက်သူတစ်ဦးကို ဖမ်းမိသွားတော့၏။ 


အဆင့်နိမ့် တိုက်ခိုက်သူများအတွက်မူ ... တစ္ဆေဘုရင်နှင့် ရှချင်တို့သည် သတ်သတ်လွတ်သမားများ မဟုတ်ကြပေ။ 


အထူးသဖြင့် တစ္ဆေဘုရင်ပင်။ ထိုသူများက တစ္ဆေဘုရင်၏ ဖျားယောင်းမှု ကွန်ယက်ထဲမှ မလွတ်မြောက်နိုင်ကြသေးပေ။ 


ထိုအကြောင်းကို တစ္ဆေဘုရင်ကိုယ်တိုင်လည်း မသိပေ။ သူက ဤသည်မှာ လူအများအား အာရုံထွေပြားစေနိုင်သည့် သူ၏ စွမ်းရည်ကြောင့်ဟုသာ ထင်ထားပေသည်။ 


သွမ့်ချန်ချင်း သူ့ကို ပေးထားတဲ့ ကျင့်စဉ်က တကယ်ကို အသုံးဝင်တာပဲ ...


ကျူးကျော်လာသူ အားလုံးကို အနိုင်တိုက်ထုတ်ပြီးချိန်တွင် ရှချင်နှင့် ကျန်သုံးဦးမှာ ကြောင်အသွားကြတော့သည်။ 


အခြားသူများက တစ္ဆေဘုရင်ကို မမှတ်မိသည့်တိုင် သူတို့ကတော့ မတူညီ။ 


သုံးဦးလုံးမှာ ကလေးဘဝကတည်းက တစ္ဘေဘုရင်၏ မွေးစားခြင်းကို ခံခဲ့ရကာ ဆယ်နှစ်ကျော်ခန့် အတူတူ ရှိခဲ့ကြသည့်အတွက် တစ္ဆေဘုရင်၏ မျက်စိအောက်တွင် ကြီးပြင်းလာသည်ဟုပင် ပြော၍ ရပေသည်။ 


တစ္ဆေဘုရင်က မျက်နှာဖုံး တပ်မထားသည့်တိုင် သူတို့ကတော့ မှတ်မိနိုင်မည်သာ။ 


ဒါဆို .. တစ္ဆေဘုရင်ရဲ့ မျက်နှာဖုံးကို တပ်ထားတာက ဘယ်သူလဲ ...


အဲဒီ့လူက သူတို့ဘော့စ်ထက်တောင် ပိုပြီး သန်မာနေသေးတယ် ...


သို့သော် စိတ်ထဲတွင် အနည်းငယ် နေရခက်နေ၏။ ဘော့စ်ဖြစ်သူနှင့် မျက်နှာချင်းဆိုင်လိုက်ရသည့်အခါ သူတို့၏ နှလုံးသားမှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ရီလာကြတော့သည်။ 


ဘော့စ်က အရမ်းကို ခန့်ညားပြီး ကြည့်ကောင်းတာပဲ ...


တစ္ဆေဘုရင်က ရှချင်နှင့် အခြားသူများအပေါ် သူ့စွမ်းရည်ကို တိုက်ရိုက် ထုတ်မသုံးသည့်အတွက် အပြည့်အဝ သက်ရောက်ခြင်း မရှိသည့်တိုင် အနည်းငယ်တော့ ခံစားမိရဆဲပင်။ 


“တစ်ယောက်ယောက် ရောက်လာတယ်...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“ငါ့လူတွေ ...”


တစ္ဆေဘုရင်က ချက်ခြင်း ပြန်ပြောလိုက်သည်။ 


ကျူးကျော်သူများ ရှိနေကြောင်း သိလိုက်ရကတည်းက အချက်ပြကာ အကူအညီ တောင်းခဲ့ရာ ... ယခု ထိုသူများ ရောက်နေကြလောက်ပြီ ဖြစ်သည်။


အမှန်တကယ်လည်း သူ့လူများ ရောက်လာကြ၏။ 


တစ္ဆေဘုရင်က သူ့ငယ်သားများကို လူများအား စုစည်း၍ ဟုန်ယဲ့မြို့တော်၌ စီစဉ်ပေးလိုက်သည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း လူအများအပြား ရောက်လာကာ အနီးဝန်းကျင်တွင် ခိုအောင်းနေကြသည်။ 


ဆင်ခြေဖုံးဒေသမှာ ရှုပ်ထွေးလှသည့်အလျောက် ပုန်းအောင်းရန် လွယ်ကူလှပေသည်။ 


သို့သော် ရောက်လာသည့် အရေအတွက်မှာ များပြားလွန်းလှသည်ဟုတော့ မဆိုနိုင်။ ထိုသူများအနက် အသန်မာဆုံးဟူသော တိုက်ခိုက်သူမှာလည်း အဌမအဆင့်သာ ရှိသေးသည်။ 


လူတိုင်းက တစ္ဆေဘုရင်ထံ အပြေးအလွှား ရောက်လာကြ၏။ ထိုသူများအနက် တစ္ဆေဘုရင်ကို အမှန်အကန် သစ္စာရှိကြသူများမှာ အဆင်ပြေသော်ငြား ကျော်ကြားမှုကြောင့် ချဉ်းကပ်လာသူများမှာမူ စိုးရိမ်စိတ်တို့ ဖိစီးလာတော့သည်။ 


အခြေအနေကသာ သိပ်ပြီး မူမမှန်ရင် သူတို့တွေက ချက်ခြင်း ထွက်ပြေးဖို့ အဆင်သင့်ပဲ ...


စိုက်ခင်းအနီးသို့ ရောက်လာသောအခါ အထဲမှ လှုပ်ရှားမှု တစ်စုံတစ်ရာကိုမှ မတွေ့သည့်အတွက် ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်။ 


“ဘာလို့ ဆက်မသွားတော့တာလဲ ...”


တစ္ဆေဘုရင်၏ ငယ်သားများက စိုးရိမ်ပူပန်သွား၏။ 


“မြင့်မြတ်မြို့တော်က နဝမအဆင့် တိုက်ခိုက်သူနှစ်ယောက်က သူတို့နဲ့အတူ လူတွေအများကြီး ခေါ်လာတယ် ကြည့်ရတာ တစ္ဆေဘုရင် မတော်တဆ ဖြစ်နေပြီလားတောင် မသိနိုင်ဘူး ... ဂရုစိုက်ကြ ...”


“ဘော့စ်က သေချာပေါက်ကို ငါတို့ရဲ့ အကူအညီကို လိုနေပြီ ...”


“ငါတို့က အလကားနေရင်း အသေမခံနိုင်ဘူးကွ ..."


ထိုသူများအနက် တစ္ဆေဘုရင်၏ ငယ်သားများက ဦးစွာ ပြေးဝင်သွားကာ ထို့နောက်တွင်မှ အခြားသူများပါ လိုက်ဝင်လာခဲ့သည်။ 


စုစုပေါင်း လူဦးရေ တစ်ရာနီးပါးခန့် ရှိသည့်အပြင် အဖော်သားရဲများပါ ပါလာကြသေးသည့်အတွက် လူအင်အားမှာ တပ်စုတစ်စုစာပင် မကချေ။ 


စိုက်ခင်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အသံတစ်သံကို ကြားလိုက်ရသည်။ 


“ရပ်လိုက် ...”


ဘယ်သူလဲကွ သူတို့ကို ရပ်ခိုင်းတာ ဘာလို့ ရပ်ခိုင်းတာလဲ ...


အသံလာရာအတိုင်း လိုက်ကြည့်လိုက်သည့်အခါ မနီးမဝေးရှိ သစ်ပင်ထိပ်ဖျားတွင် မတ်တပ်ရပ်နေသော တစ္ဆေဘုရင်ကို တွေ့လိုက်ကြသည်။ 


တစ္ဆေဘုရင်က ဘာမှ မဖြစ်ဘူးလား ...


အားလုံး ရပ်လိုက်ကြကာ တစ္ဆေဘုရင်၏ ငယ်သားများကမူ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။ 


ငါတို့ဘော့စ်ရဲ့ အသံက ဒီလို မဟုတ်သလိုပဲနော် ...


“ရောက်လာကြပြီဆိုတော့ ... ဒီနေရာကို သန့်ရှင်းရေးလုပ်ဖို့ ကူညီပေးကြပါဦး ...”


ယောက္ခမဖြစ်သူ၏ သရုပ်မှန်ကို ဓားပြတိုက်ထားသည့် သွမ့်ချန်ချင်းက ခပ်ပေါ့ပေါ့ ပြောကာ ချက်ခြင်း လှည့်ထွက်သွားလိုက်သည်။ 


ကိစ္စတွေ ပြီးသွားပြီပဲဟာ ပြန်သွားသင့်နေပြီလေ ...


ရောက်လာကြသူများမှာလည်း အနည်းငယ် နားဝေတိမ်တောင် ဖြစ်ကုန်ကြ၏။ 


သန့်ရှင်းရေး လုပ်ရမယ် ဟုတ်လား ဘာကို သန့်ရှင်းရေး လုပ်ရမှာလဲ ...


ဝေဝါးနေစဉ်မှာပင် မြေကြီးတစ်ခုလုံး ရှုပ်ပွနေပြီး မြေပေါ်တွင် လဲကျနေသူများလည်း အများအပြား ရှိနေကြောင်း သတိပြုမိသွားတော့သည်။ 


ထိုသူများအနက် သူတို့ သိထားသည့် အလယ်အလတ်အဆင့် ယဇ်ဆရာနှစ်ဦးနှင့် ရှစ်ဟိုင်ယွမ်တို့ အပါအဝင် အခြား ရင်းနှီးနေသူများ ပါရှိနေကြသည်။ 


အချက်ပြလိုက်တာကမှ ဘယ်လောက်ပဲ ရှိသေးလို့လဲ ဒီလူတွေ အကုန်လုံး တစ္ဆေဘုရင်ရဲ့ လက်ချက်နဲ့ အရှုံးပေးလိုက်ကြရပြီလား ...


တစ္ဆေဘုရင်က ဒီလောက်တောင် အင်အားကြီးတယ်ပေါ့ ...


ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ရှေ့သို့ တိုးကြည့်မည်ပြုစဉ် တစ္ဆေဘုရင်က ထပ်ပြောလိုက်ပြန်သည်။ 


“ရပ်ကြ ... ရပ်လိုက်လို့ ပြောနေတယ်လေ .. မင်းတို့ နင်းထားတဲ့ မြေကြီးက လောလောလတ်လတ်လေးတင် အပင်တွေ စိုက်ထားတာ နင်းမပစ်ကြနဲ့ ...”


ဒီစိုက်ခင်း တစ်ခုလုံးကို ရှဲ့ယွင်နန်နဲ့ ဟိုကလေးအုပ်စုပဲ စိုက်ထားခဲ့ကြရတာကွ ....


“မင်းက ဘယ်သူလဲ ဘာလို့ ငါတို့ကို လာအော်နေတာလဲ ...”


ရောက်လာကြသူများအနက် အဌမအဆင့် တိုက်ခိုက်သူမှာ တစ်ဖြည်းဖြည်း မကျေမချမ်း ဖြစ်လာသည်။ 


သူသည် တစ္ဆေဘုရင်၏ မိတ်ဆွေတစ်ဦးဖြစ်သည်။ သို့သော် မျက်နှာဖုံးကိုသာ မှတ်သားထားကာ လူချင်း မရင်းနှီးလှပေ.။ သူတို့က သူငယ်ချင်းဟုပင် မဆိုနိုင်ဘဲ ရည်မှန်းချက် တူညီသည့် အဆင့်တွင်သာ ရှိနေသေး၏။ 


တစ္ဆေဘုရင်က အေးစက်စွာဖြင့် ပြောလိုက်သည်။ 


“ငါက နဝမအဆင့် တိုက်ခိုက်သူ ...”


သူက တကယ်ကို ဒေါသထွက်နေတာ .. သွမ့်ချန်ချင်းက သူ့မျက်နှာဖုံးကို ဓားပြတိုက်သွားတော့ သူ့ကိုယ်သူ တစ္ဆေဘုရင်ပါလို့လည်း ပြောလို့ မရတော့ဘူး ...


နဝမအဆင့် တိုက်ခိုက်သူက ပြောလက်စ စကားကို ချက်ခြင်း ရပ်တန့်ကာ သူ့ဘေးနားရှိ ကုန်းမြင့်လေးပေါ်သို့သာ တိတ်တဆိတ် တက်သွားလိုက်တော့သည်။ 


နဝမအဆင့် တိုက်ခိုက်သူတဲ့ ... ဒီလိုလူမျိုးကို နည်းနည်းလေးမှတောင် အပြစ်မပြုရဲပါဘူး ...


တစ္ဆေဘုရင်၏ ငယ်သားများမှာလည်း နားမလည်နိုင်ကြတော့ပေ။ 


ဒီတစ်ယောက်ကမှ သူတို့ရဲ့ ဘော့စ်လေ ...


သူကမှ တစ္ဆေဘုရင် အစစ်လို့ ...


စောစောက မျက်နှာဖုံးတပ်ထားတဲ့ တစ်ယောက်က ဘယ်သူလဲ ဘော့စ်မှာ ဘာပြဿနာတွေ ကြုံနေရလို့လဲ ...


မည်သို့ပင်ဖြစ်စေ တစ္ဆေဘုရင်၏ လက်ရှိအခြေအနေမှာ သိသိသာသာ ကောင်းမွန်နေသည့်အတွက် သူတို့လည်း ရှည်ရှည်ဝေးဝေး မေးမနေတော့ဘဲ သန့်ရှင်းရေး လုပ်ရန်သာ ကူညီပေးလိုက်ကြတော့သည်။


စိုက်ခင်းမှာ အလွန့်အလွန် ကြီးမားလှရာ ယခင်က ရှဲ့ယွင်နန် နေထိုင်သကဲ့သို့သော အိမ်ငယ်လေးများ အများအပြား တည်ဆောက်နိုင်ပေသည်။ အစောပိုင်းက ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း တွင်းပေါက်များစွာ ဖြစ်သွားခဲ့ကာ ရှချင် ပြင်ဆင်နေသည့် အိမ်အသစ်အတွက် အုတ်ရိုးများလည်း ပျက်စီးသွားခဲ့သည်။ 


ဝန်ထမ်းအိမ်ယာအတွက်မူ ... သူတို့က တမင်တကာ ရှောင်ကြဉ်ခဲ့သည့်အတွက် များစွာ မထိခိုက်ခဲ့။ 


သို့သော် အဆောက်အဦး တစ်ခုလုံးမှာ အနည်းငယ် အက်ကွဲကြောင်း ထင်သွားခဲ့သည်။ 


နေရာတစ်ခုလုံး ရှုပ်ပွနေကာ တစ္ဆေဘုရင်၏ စိတ်အခြေအနေမှာလည်း ဆိုးဝါးနေ၏။ ထို့ကြောင့် သူက သွမ့်ချန်ချင်း လက်ချက်ကြောင့် သတိလစ်သွားခဲ့သူ အားလုံးကိုပါ အလုပ်ခွင်ထဲသို့ ထိုးထည့်လိုက်တော့သည်။ 


ကူညီပေးရန် ရောက်လာကြသူများ “...”


အလယ်အလတ်အဆင့် ယဇ်ဆရာနဲ့ နဝမအဆင့် တိုက်ခိုက်သူတွေကို ဒီလိုမျိုး ဆက်ဆံလို့ .. တကယ်ရော အဆင်ပြေရဲ့လား ...


တစ္ဆေဘုရင်ကို ကူညီရန် ဟုန်ယဲ့မြို့တော်သို့ ရောက်လာကြသူ အားလုံးမှာ သူ့ကို ရိုသေလေးစားကြသူများချည်း မဟုတ်ကြချေ။ 


အများစုက တစ္ဆေဘုရင်သည် အနည်းငယ် ပိုသန်မာကာ နာမည်ကြီးချိန်မှာလည်း အနည်းငယ် စောသည့်အတွက်ကြောင့်သာ သူတို့ထက် ထူးခြားနေခြင်း ဖြစ်သည်ဟု ထင်မြင်ကြသူများ ဖြစ်ကြသည်။ 


သူတို့ကိုယ်တိုင်ကပင်လျှင် တစ္ဆေဘုရင်ထက် မညံ့လှဟု ခံယူထားကြ၏။ 


ဒါပေမယ့် အခုအခြေအနေက ... အလယ်အလတ်အဆင့် တိုက်ခိုက်သူ နှစ်ယောက်လုံးနဲ့ နဝမအဆင့် တိုက်ခိုက်သူ နှစ်ယောက်ရော ပြီးတော့ တစ်ခြား အဆင့်မြင့် တိုက်ခိုက်သူတွေ အများကြီးရော .. အကုန်လုံး တစ္ဆေဘုရင်ရဲ့ လူတွေ ဖမ်းတာကို ခံလိုက်ရတယ်တဲ့လား ...


ပြီးတော့ ပိုပြီး အရေးကြီးတာ ရှိသေးတယ် တစ္ဆေဘုရင်ရဲ့ လက်အောက်မှာ နဝမအဆင့် တိုက်ခိုက်သူ တစ်ယောက်လုံး ရှိနေသေးတယ်ဆိုပဲ


တိတ်တဆိတ် ရောက်လာကြသူများအနက် စီနီယာအဆင့် တိုက်ခိုက်သူများက မျက်နှာတစ်ခုလုံး အမာရွတ်များဖြင့် ပြည့်နှက်နေသော တစ္ဆေဘုရင်ကို ငေးကြည့်နေလိုက်ကြသည်။ 


အချို့က သူ့အနားသို့ လာကာပင် စကားစလိုက်ကြသည်။ 


“ဟေ့လူ ခင်ဗျားနာမည်က ဘာတဲ့လဲ ဘယ်ကတည်းကစပြီး တစ္ဆေဘုရင်ရဲ့ နောက်ကို လိုက်နေတာလဲ ...”


ကုန်းမကြီးမှာ နဝမအဆင့် တိုက်ခိုက်သူရယ်လို့ အများကြီးမှ မရှိတာ ဒီတစ်ယောက်က ဘယ်က ရောက်လာတာလဲ ...

(T.N/ ရှုပ်ကုန်မလားတော့ မသိဘူး ဒီလူတွေက တစ္ဆေဘုရင်ကို ငယ်သား၊ မျက်နှာဖုံးတပ်ထားတဲ့ သွမ့်ချန်ချင်းကို တစ္ဆေဘုရင်လို့ ထင်နေကြတာပါ) 


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


“ငါ့နာမည်က ရှဲ့ချင် ...”


ပြီးတော့ ဘယ်အချိန်ကစပြီး တစ္ဆေဘုရင်ရဲ့ ငယ်သား ဖြစ်လာတာလဲ ဟုတ်လား ... သူကမှ တစ္ဆေဘုရင် အစစ်ကွ ...


တစ္ဆေဘုရင်၏ ငယ်သားများ “...”


ဒါက ငါတို့ရဲ့ ဘော့စ်ပဲ ...


ဒါပေမယ့် ဘော့စ်က ဘာလို့ သူ့သရုပ်မှန်ကို ဖုံးကွယ်ထားရတာလဲ ... လုံခြုံရေးအတွက်လား ...


ဒါဆို ဘယ်သူက ငါတို့ဘော့စ် အယောင်ဆောင်နေတာလဲ ...


“တစ္ဆေဘုရင်က ဘယ်မှာလဲ ...”


လူတစ်ယောက်က ထမေးလိုက်သည်။ 


တစ္ဆေဘုရင်က ဘယ်ထွက်သွားတာလဲ ...


“သူက ဒီကိစ္စတွေကို ငါ့ကို ကိုင်တွယ်ဖို့ လွှဲပေးလိုက်ပြီ ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


သွမ့်ချန်ချင်း၏ ကျေးဇူးကြောင့်သာ မဟုတ်ပါလျှင် သူ မသေသည့်တိုင် သက်တမ်းတစ်ဝက်ခန့်ကို ဆုံးရှုံးရမည်ဖြစ်သည်။ ရှဲ့ယွင်နန်မှာလည်း သူကဲ့သို့ အလားတူ ဖြစ်သွားနိုင်ကြောင်းကိုမူ ထည့်ပြောနေရန်ပင် မလိုအပ်ချေ။ 


ထို့ကြောင့် သွမ့်ချန်ချင်းက သူ့သရုပ်ကို ခိုးသွားသည့်တိုင် ... သည်းခံရုံသာ ရှိတော့သည်။ 


လူအုပ်ကြီးက စိုက်ခင်းတစ်ခုလုံးကို စတင် သန့်ရှင်းလိုက်ကြသည်။ 


တစ္ဆေဘုရင်၏ လူယုံတော်များမှာ သူ့ကို သိထားကာ နာခံတတ်သူများလည်း ဖြစ်ကြသည့်အတွက် အခြားသူများနှင့်အတူ ကူညီသန့်ရှင်းပေးလိုက်ကြသည်။ 


ရှဲ့ယွင်နန်ကမူ ... တိုက်ပွဲ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် အပေါ်ထပ်သို့ အမြန် ပြေးတက်သွားလိုက်သည်။ 


သူ့ဘဝတွင် တိုက်ပွဲမြေပြင်ကို ပထမဆုံးအကြိမ် မျက်မြင်ကြုံတွေ့ဖူးခြင်း ဖြစ်သည့်အလျောက် အနည်းငယ် ကြောက်ရွံ့မိခဲ့သည့်တိုင် ... ရှစ်ဟိုင်ယွမ်ကို ဓားဖြင့်ထိုးရန် ကြိုးစားခဲ့သည့်အခါ .. နှလုံးသားထဲရှိ ကြောက်ရွံ့မှုအားလုံး တစ်စမကျန် ပျောက်ကွယ်သွားတော့သည်။ 


တိုက်ခိုက်ရသည့် ခံစားချက်မျိုးကိုပင် သဘောကျမိသလိုလို ဖြစ်လာ၏။ 


သူ ဒီ့ထက်ပိုပြီး သန်မာချင်လာပြီ ...


“ချန်ချင်း ...”


အပေါ်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း အော်ခေါ်လိုက်သည်။ 


ဤဝန်ထမ်းအိမ်ယာကို ရှချင်က ပြန်လည်ပြုပြင်ပေးခဲ့သည်။ ထိုစဉ်က ရှဲ့ယွင်နန်သည် မည်သည့်အကြောင်းကြောင့် ပြန်ပြုပြင်ပေးခဲ့ကြောင်း နားမလည်ခဲ့သည့်တိုင် ... ယခု တိုက်ပွဲအပြီးတွင်မူ အားလုံး နားလည်သွားတော့သည်။ 


ပြန်လည်ပြင်ဆင်ခြင်းသာ မပြုခဲ့ပါလျှင် ထိုအိမ်သည် တိုက်ပွဲကာလအတွင်း ပြိုကျပျက်စီးသွားခဲ့မည် ဖြစ်သည်။ 


“ယွင်နန် ...”


သွမ့်ချန်ချင်းက အပေါ်ထပ်မှ ဆင်းလာလိုက်သည်။ 


“စောစောက ကိုယ် မှားသွားတာ မင်းကို အိမ်ထဲမှာ မနေခိုင်းခဲ့သင့်ဘူး ...”


ယိုင်ထိုးနေသည့် အိမ်ကြောင့် ရှဲ့ယွင်နန်မှာ စိုးရိမ်စိတ်တို့ ဖိစီးလာတော့သည်။ 


“ကျွန်တော် အဆင်ပြေပါတယ် ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“အောက်ကို မြန်မြန် ဆင်းကြရအောင် ...” 


ရှဲ့ယွင်နန်က ထပ်ပြောလိုက်သည်။ အိမ် ပြိုကျလာမည်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေသည့်ဟန်။ 


သွမ့်ချန်ချင်းကို ခေါ်လာပြီးနောက် အောက်ထပ်သို့ ရောက်သည့်အခါ ဆူညံသံ များစွာကို ကြားလိုက်ရသည်။ 


အသစ်ရောက်လာတဲ့ သူတွေမှ တကယ်ကို အများကြီးပဲ ...


ထို့နောက် နှစ်ဦးသား အိမ်ထဲမှ ထွက်လာသည့်အခါ အားလုံးက သူတို့ကို အံ့ဩတကြီး ဝိုင်းအုံကြည့်နေကြသည်။ 


ရှဲ့ယွင်နန်ဖြစ်စေ သွမ့်ချန်ချင်းဖြစ်စေ .. လူအများကြား၌ ထူးခြာ

းပေါ်လွင်နေပေသည်။ 


၎င်းကို မြင်လိုက်သည့် တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို ညွှန်ပြကာ ပြောလိုက်သည်။ 


“ဒါက ငါ့ရဲ့တပည့် ဘေးက တစ်ယောက်က သူ့လက်တွဲဖော်ပဲ .. ပြီးတော့ ငါ့တပည့်က ယဇ်ဆရာတစ်ယောက် ...”


ရှဲ့ယွင်နန်၏ ယဇ်ဆရာဟူသော အထောက်အထားကို ဖုံးကွယ်ထား၍ ရသည့်တိုင် ၎င်းမှာ ကောင်းသည့်ကိစ္စတော့ မဟုတ်ချေ။