အပိုင်း ၅၀
Viewers 7k

Chapter 50




တစ္ဆေဘုရင်က ပုန်ကန်ရန် စီစဉ်ထားခဲ့ပြီးဖြစ်သည်။ 


ဤကုန်းမြေတိုက်သည် မည်သည့်အချိန်ကမှ တည်ငြိမ်အေးချမ်းခြင်း မရှိခဲ့။ 


ဟုန်ယဲ့မြို့သည် မြင့်မြတ်မြို့တော်နှင့် မဝေးလှသည့်အတွက် အခြေအနေ ကောင်းမွန်လှသေးသည်။ သို့သော် အချို့သော စွန့်ပစ်ခံဒေသရှိ လူတို့၏ ဘဝမှာမူ သနားစရာပင်။ 


အင်အားကြီးသူများက မြို့ကြီးပြကြီးများကို အပိုင်ယူထားကာ သာမန်လူများမှာမူ ဝဝလင်လင် စားနိုင်ရန်ပင် ခဲယဉ်းကြသည်။ 


သို့သော် အဖိနှိပ်ခံ သာမန်လူတန်းစားများတွင်လည်း အင်အားကြီးသည့် တိုက်ခိုက်သူအချို့ ရှိနေဆဲပင်။ 


ထိုသူများအနက် အချို့သော နဂါးနှိမ်နင်းသူများက မိစ္ဆာနဂါးအဖြစ် ပြောင်းလဲသွားကြသည်။ လုံလုံလောက်လောက် အင်အားကြီးမားလာသည့်အခါ ထိုသူများက အခြားသူများကို တစ်ဖန် အနိုင်ကျင့်ခြင်းဖြင့် သံသရာလည်နေ၏။ ထိုအခြေအနေကို ပြောင်းလဲပစ်ချင်သည့် အများနှင့်မတူ ကွဲပြားနေသူ အချို့လည်း ရှိနေပေသည်။ 


ထို့အပြင် နိမ့်ကျသည့် အဆင့်အတန်းဖြင့် မွေးဖွားလာခြင်း မဟုတ်သည့်တိုင် ဖိနှိပ်ခံရသူများလည်း ရှိနေသေး၏။ လတ်တလော နှစ်များအတွင်း သူပုန်တပ်ဖွဲ့မှာ များစွာ ကြီးထွားလာကာ နေရာအများအပြားကိုပင် ခြေကုပ်ယူနိုင်ခဲ့သည်။ 


တစ္ဆေဘုရင်သည် ထိုသူပုန်အဖွဲ့၏ အသိအမှတ်ပြုထားသော ခေါင်းဆောင်ဖြစ်သည်။ 


သို့သော် အခြားသူများက သူ့စကားကို အမှန်တကယ် နားထောင်ခြင်း ရှိမရှိမှာမူ သီးခြားအကြောင်းအရာ ဖြစ်ပေသည်။ သူသည် လူသိအများဆုံးနှင့် အသိအမှတ်ပြုခြင်းကို အခံရဆုံးသူ ဖြစ်သည်ဟူသည့် အကြောင်းကြောင့်သာ ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ 


ကုန်ဈေးနှုန်းများ အဆမတန် တိုးမြင့်လာခြင်းနှင့်အတူ လတ်တလော ဟုန်ယဲ့မြို့တော်၏ အနေအထားမှာလည်း မတည်ငြိမ်တော့ချေ။ သူတို့က ဤအခြေအနေကို အခွင့်ကောင်း ယူနိုင်ရာ ...ယခင်က သူ့သရုပ်မှန်ကို သုံး၍ ထိုကိစ္စနှင့် ပတ်သက်သူများကို ဆက်သွယ်ခဲ့ဖူးသည်။ 


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


“လူတွေ ရောက်နေပြီ သူတို့ ရောက်တာနဲ့ တစ်ပြိုင်နက် စပြီး လှုပ်ရှားမယ် ဟုန်ယဲ့မြို့တော်မှာ အင်အားကြီးတဲ့သူရယ်လို့ သိပ်မရှိပေမယ့် ဒီတစ်ခေါက်က အလယ်အလတ်အဆင့် ယဇ်ဆရာနှစ်ယောက်၊ နဝမအဆင့် တိုက်ခိုက်သူနှစ်ယောက်နဲ့ တစ်ခြားတိုက်ခိုက်သူတွေလည်း ရှိနေတော့ နည်းနည်းလေး အန္တရာယ် ပိုများနိုင်တယ် ... ဒါပေမယ့် မြင့်မြတ်မြို့တော်ဘက်ကနေ ဇွတ်အတင်း လှုပ်ရှားမလာအောင် ဒီလူတွေကို ဓားစာခံအဖြစ် ဖမ်းပြီး တားဆီးလို့ရတယ် ...”


“သိပ်ကောင်းတယ် ...”


သွမ့်ချန်ချင်းက ထိုအစီအစဉ်မှာ အလွန် ကောင်းမွန်သည်ဟု ခံစားမိသည်။ 


အတိတ်ဘဝက သူသည် အင်အားစုတစ်ခုကို ဦးဆောင်ကာ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတို့၏ အခြေစိုက်စခန်းကို ဝင်စီးခဲ့ဖူးသည်။ ဤကမ္ဘာ၌မူ သူ့ရာထူးမှာ အဖွဲ့၏ အောက်ဆုံးနားအထိ လျော့ကျသွားသော်လည်း ငုတ်တုတ်ထိုင်ကာ ဘာသိဘာသာ ဆက်နေနေရန် မဖြစ်နိုင်ပေ။ 


ယခင်က မည်သည့်အလုပ်ကိုမှ မလုပ်ခဲ့ခြင်းမှာ သူ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်မသက်သာသေး၍ ဖြစ်သည်။


တစ္ဆေဘုရင်က ထပ်မေးလိုက်သည်။ 


“မင်းက ကူညီချင်လို့လား ...”


“အခြေအနေအရပဲ ...ခင်ဗျားရဲ့ မျက်နှာဖုံး ဘယ်မှာလဲ ပြပါဦး ...”


တစ္ဆေဘုရင်က သူ တပ်နေကျ မျက်နှာဖုံးကို လက်ထဲထည့်ပေးလိုက်သည်။ 


သွမ့်ချန်ချင်းသည် ကြေးစားပြန်ပေးသမားက တစ္ဆေဘုရင်ကဲ့သို့ အယောင်ဆောင်ခဲ့စဉ်ကတည်းက မျက်နှာဖုံးကို တွေ့ခဲ့ဖူးသည်။ 


ထိုသူ၏ မျက်နှာဖုံးမှာ အလွန်ကြမ်းတမ်းပြီး သာမန်ဆန်လွန်းလှသော်ငြား တစ္ဆေဘုရင်၏ မျက်နှာဖုံးအစစ်မှာမူ မတူ။ ကုန်ကြမ်းပစ္စည်းအရဖြစ်စေ၊ အနုစိတ်မှုအရဖြစ်စေ ယခင်က သူတွေ့ဖူးသည့် မျက်နှာဖုံးမှာ ဟောင်းနွမ်းစုတ်ပြတ်နေသည့် အတုအယောင်တစ်ခုမျှသာ ဖြစ်ပေသည်။ 


“အခုကစပြီး ဒီမျက်နှာဖုံးက ကျွန်တော့်အပိုင်ပဲ ..."


သူက ပြောလိုက်သည်။ 


“နေပါဦး ဒါက ငါ့ဟာလေ ...”


တစ္ဆေဘုရင်က မကွယ်ဝှက်စတမ်း ငြီးတွားလိုက်သည်။ 


ဒါက သူ့မျက်နှာဖုံး သူ ဘယ်သူလဲဆိုတာကို သိသာအောင် လုပ်ပေးတဲ့ အထိမ်းအမှတ်ပြယုဂ်လို့ ...


“ဒါ မပေးဘဲနဲ့ ခင်ဗျားကို ဘယ်လို ကူညီပေးလို့ ရမှာလဲ...”


သွမ့်ချန်ချင်းက မေးလိုက်သည်။ 


တစ္ဆေဘုရင် “...”


မျက်နှာဖုံးကို သွမ့်ချန်ချင်း၏ လက်ထဲသို့သာ ထည့်ပေးလိုက်ရတော့သည်။


သွမ့်ချန်ချင်းက ထပ်ပြောလိုက်ပြန်သည်။ 


“အဝတ် နောက်ထပ်တစ်စုံလည်း ရှာထားပေးဦး ...”


လက်ရှိ သူဝတ်နေသည့် အဝတ်အစားများမှာ ရှဲ့ယွင်နန်၏ အဝတ်အစားနှင့် ရှဲ့ယွင်နန် ဝယ်ပေးထားသည်များသာ ဖြစ်သည်။ ၎င်းတို့မှာ အပြင်ထွက် တိုက်ခိုက်ရန် မသင့်လျော်လှ။ 


တစ္ဆေဘုရင် “...”


သွမ့်ချန်ချင်းကို သူ၏ အကောင်းဆုံး အင်္ကျီများကိုပါ ထုတ်ပေးလိုက်ရတော့သည်။ 


ထို့နောက် သွမ့်ချန်ချင်းက တစ္ဆေဘုရင်ကို ဖျားယောင်းသည့် နည်းလမ်းအား မည်ကဲ့သို့ အသုံးပြုရမည်ဖြစ်ကြောင်း သင်ပေးလိုက်သည်။ 


တစ္ဆေဘုရင်သည် ချီအထွတ်အထိပ်အဆင့်သို့ ရောက်နှင့်နေပြီဖြစ်ကာ အံ့ဖွယ်သားရဲတို့၏ အသားကိုလည်း နှစ်ပေါင်းများစွာ စားသောက်ခဲ့သည့်အတွက် အခြေခံ မရှိသူ မဟုတ်။


ထို့အပြင် အမြီးကိုးချောင်း မြေခွေးလည်း ဖြစ်နေသေးသည့်အတွက် ... ထိုနည်းလမ်းကို အလျင်အမြန် ကျွမ်းကျင်သွားတော့သည်.


နောက်တစ်နေ့ မနက်ခင်း မိုးမလင်းခင်မှာပင် ကြေးစားပြန်ပေးသမားသည် ဝီရိယရှိစွာဖြင့် လုပ်ငန်းခွင်သို့ ရောက်လာပြန်၏။ 


စိုက်ခင်းထဲရှိ အလုပ်များမှာ ပြီးလုနေပြီဖြစ်ကာ ချေးကျုံး၍ မြေဩဇာထည့်ခြင်းမှာလည်း နေ့တိုင်းလုပ်ရန် မလိုအပ်သည့်အတွက် အိမ်ဆောက်နေသူများကို ကူညီပေးလိုက်သည်။ 


အကျဉ်းချုပ်ကာ ပြောရပါလျှင် ထိုသူသည် လွန်စွာ ဝီရိယရှိကာ တစ်ချက်မျှပင် ရပ်နားခြင်း မရှိ။ 


သူ့စိတ်က မလုပ်လိုသော်ငြား သူ့ကိုယ်သူလည်း မထိန်းချုပ်နိုင်ပေ။ 


သွမ့်ချန်ချင်းက အသစ်ရောက်လာသည့် ကူလီသမားကို လွန်စွာ စိတ်တိုင်းကျမိသည့်တိုင် တစ်ခုခု လစ်ဟင်းနေသေးသည်ဟု ခံစားမိနေ၏။ 


နောက်ထပ် နည်းနည်းလောက်သာ ထပ်ရှိမယ်ဆိုရင် .. သူ အပြင်ထွက်ပြီး တစ်ခုခု လုပ်တဲ့အခါ ပိုပြီး လွယ်ကူလောက်မယ် ...


ထိုသို့ တွေးမိစဉ်မှာပင် တစ်ယောက်ယောက် ချဉ်းကပ်လာကြောင်း ခံစားမိလိုက်သည်။.


ကျောက်ချင်းယွင်၊ မုန့်ယန်နှင့် အခြားသော တိုက်ခိုက်သူများက စိုက်ခင်းကို အမြန် ဝိုင်းထားလိုက်ကြသည်။ 


နေ့ခင်းကြောင်တောင် ဖြစ်နေသည့်တိုင် ထိုသူတို့က အလေးထားဟန်မတူ။ စိုက်ခင်းကို ဝိုင်းထားပြီးနောက် ကျောက်ချင်းယွင်က အော်ပြောလိုက်သည်။


“တစ္ဆေဘုရင် မင်းကို ငါတို့တွေ ဝိုင်းထားပြီးပြီ အေးအေးဆေးဆေး လက်နက်ချလိုက်တော့ ...”


မနက်စာ စားနေသည့် တစ္ဆေဘုရင် “...”


သူက ဒီလူတွေကို ဖမ်းလာဖို့ စိတ်ကူးနေတုန်းပဲ ရှိသေးတာကို သူတို့အသိစိတ်နဲ့ တံခါးပေါက်ဝအထိ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြလိမ့်မယ်လို့ ထင်ကို ထင်မထားမိဘူး ...


သွမ့်ချန်ချင်းကြောင့်သာ မဟုတ်ပါလျှင် တစ္ဆေဘုရင်သည် ဟုန်ယဲ့တောအုပ်ထဲတွင် ပုန်းအောင်းကာ သူ့လူများ အဆင်သင့်ဖြစ်သည်အထိ စောင့်ဆိုင်းနေဦးမည်ဖြစ်သည်။ 


သို့သော် ယခု သူ့တွင် သွမ့်ချန်ချင်းတစ်ယောက်လုံး ရှိနေပြီ ဖြစ်သည့်အတွက် ...


“ယွင်နန် အပေါ်ထပ်မှာပဲနေ ဆင်းမလာခဲ့နဲ့ ...”


တစ္ဆေဘုရင်က ထိုသို့ မှာကာ လှေကားပေါ်မှ ခုန်ဆင်းပြီး ရှချင်တို့နှင့် လိုက်သွားလိုက်သည်။ 


ရှဲ့ယွင်နန်ကလည်း အနည်းငယ် အံ့ဩမိသွား၏။ 


“တစ္ဆေဘုရင်တဲ့လား ...”


ဆရာ့ရဲ့ ဇစ်မြစ်က မရိုးရှင်းဘူးလို့တော့ သိထားပေမယ့် တစ္ဆေဘုရင် ဖြစ်နေလိမ့်မယ်လို့တော့ တကယ်ကို ထင်မထားမိဘူး ...


မိုက်လိုက်တာ အရမ်းပဲ ...


သူက ပြတင်းပေါက်တွင် ရပ်ကာ အပြင်ဘက်ရှိ တိုက်ပွဲကို ကြည့်နေလိုက်သည်။ 


သူ ပင်ပင်ပန်းပန်း ကြိုးစားစိုက်ပျိုးထားသည့် အပင်အားလုံး ပျက်စီးသွားတော့သည်။ 


သို့သော် ပို၍ အံ့ဩဖွယ်ကောင်းသည့်အရာ ရှိနေသေးသည်။ သူ့ဆရာ ဖမ်းလာသည့် ကြေးစားက သူတို့ကို သစ္စာမဖောက်သည့်အပြင် ကျူးကျော်လာသူများကိုပင် အားကြိုးမာန်တက် တိုက်ခိုက်ပေးနေသေး၏။ 


သူတို့ကို တိုက်ခိုက်ခဲ့တဲ့လူက အခု သူတို့ကို ကာကွယ်ပေးချင်နေတာလား ... ဒီတစ်ယောက်ကို ဆရာက အဆိပ်ခတ်လိုက်တာများလား ...


“ချန်ချင်း ဒီနားပဲ နေနော် အပြင်မထွက်နဲ့ ကိုယ် အောက်ကို ဆင်းကြည့်လိုက်ဦးမယ် ...”


သူက သွမ့်ချန်ချင်းကို ပြောလိုက်သည်။ 


သူ့ခွန်အားမှာ များစွာ မသန်မာကြောင်း သိထားသည့်တိုင် ယခုကဲ့သို့သော အခြေအနေမျိုးတွင် စိတ်အေးလက်အေး ထိုင်မနေနိုင်။ 


ဆရာဖြစ်သူကြောင့်သာ မဟုတ်ပါလျှင် ယန်ယုကော ငှားထားသူများက သူ့ကို အစောပိုင်းကတည်းက ပြန်ပေးဆွဲသွားနိုင်မည် ဖြစ်သည်။ 


“ယွင်နန် ဂရုစိုက် ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က ခေါင်းငြိမ့်ပြကာ လှေကားပေါ်မှ အမြန် ဆင်းသွားလိုက်သည်။ 


သွမ့်ချန်ချင်းကလည်း အခန်းထဲ ပြန်ကာ အဝတ်အစားလဲပြီး မျက်နှာဖုံး တပ်လိုက်သည်။


အခု သူ့အလှည့်ပဲ ...


ထိုအချိန်တွင် .. အောက်ထပ်၌ တစ္ဆေဘုရင်နှင့် တိုက်ခိုက်နေသူများ အားလုံးမှာလည်း နားဝေတိမ်တောင် ဖြစ်ကုန်ကြ၏။ 


အောက်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ္ဆေဘုရင်သည် သူ၏ ကျင့်ကြံစဉ်ကို အမြင့်ဆုံးအဆင့်အထိ နိုးထစေလိုက်ကာ တစ်ချိန်တည်းမှာပင် သူ့အဖော်သားရဲကလည်း အမြီးကိုးချောင်းလုံး ဆန့်ထုတ်လျက် အသိစိတ်ကို ဝေဝါးစေနိုင်သည့် စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ 


ထိုစွမ်းရည်နှစ်ခု ပူးပေါင်းလိုက်သည့် အကျိုးဆက်မှာ "၁+၁=၂" ဟူသော စကားကဲ့သို့ မရိုးရှင်းချေ။ 


သူနှင့် မျက်နှာချင်းဆိုင်လိုက်ရသူအားလုံး တစ်မဟုတ်ချင်း ငေးကြောင်သွားတော့သည်။ 


သူတို့ရဲ့ ရှေ့မှာ ရပ်နေတဲ့သူကို ကြည့်ရင်း ... နှလုံးသားလေး လှုပ်ခတ်သွားရပြီ ...


သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က အရမ်း မိုက်တာပဲ ခွန်အားကလည်း သန်မာသေးတယ် မျက်နှာက ...


အားလုံး အထိတ်တလန့် ဖြစ်သွားကြရ၏။ 


စိတ်ကို အမြန် ပြန်လည်ထိန်းချုပ်လိုက်သည့်တိုင် သူတို့၏ တိုက်ရည်ခိုက်ရည်များမှာ လျော့နည်းသွားနှင့်နေပြီ ဖြစ်သည်။ 


ယနေ့ တိုက်ပွဲတွင် ယဇ်ဆရာနှစ်ဦးလည်း ပါလာသော်ငြား သူတို့က နောက်တန်းတွင် ချန်နေရစ်ကာ ရှေ့သို့ တက်မလာပေ။ 


တစ္ဆေဘုရင်နှင့် တိုက်ခိုက်နေသူများမှာ နဝမအဆင့် တိုက်ခိုက်သူနှစ်ဦးနှင့် အဌမအဆင့် တိုက်ခိုက်သူအချို့သာ ဖြစ်ကြသည်။


တစ္ဆေဘုရင်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ရှစ်ဟိုင်ယွမ်က ခြေတစ်လှမ်း နောက်ဆုတ်နေခဲ့၏။ 


အခြား နဝမအဆင့် တိုက်ခိုက်သူတစ်ဦးက ရှစ်ဟိုင်ယွမ်ကို အရိုက်ခံရမှာကြောက်၍ နောက်ဆုတ်နေသည်ဟု လှောင်ရယ်လိုက်သော်ငြား တစ်ခဏအတွင်းမှာပင် အကြောင်းအရင်းကို နားလည်သွားတော့သည်။


ရှစ်ဟိုင်ယွမ်က ဘာလို့ အရိုက်ခံရမှာကို ကြောက်မှာလဲ... သေချာပေါက်ကို သူက တစ္ဆေဘုရင်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေမှန်း သိထားလို့ ရှေ့တက်မလာတာပဲ နေမှာပေါ့ ...


ဟမ့် ရှစ်ဟိုင်ယွမ်ဆိုတဲ့ကောင် .. တစ္ဆေဘုရင်မှာ စွမ်းရည်တစ်မျိုး ရှိနေမှန်း သိထားရဲ့နဲ့တောင် ရှင်းမပြထားဘူး ...


အိုက်ယား ... တစ္ဆေဘုရင်ကလည်း ဘာလို့ ဒီလိုမျက်နှာကြီး ရှိနေရတာပါလိမ့်နော် ဒီလို ရုပ်ဆိုးပန်းဆိုးကြီးသာ မဟုတ်ရင် ငါတို့တွေ တွဲလို့တောင် ရ ... နေ .. နေပါဦး .. ဘာတွေ ဖြစ်ကုန်တာလဲ ...


စိတ်ရှုပ်ထွေးသွားသည်နှင့် တစ်ပြိုင်နက် နောက်တစ်ကြိမ် ဖမ်းစားခံလိုက်ရပြန်သည်။ 


သို့သော် တိုက်ခိုက်သူအရေအတွက် အများအပြား ရှိသည့်အတွက် စိတ်ရှုပ်ထွေး လှုပ်ရှားသွားရသည့်တိုင် ဆက်ပြီး တိုက်ခိုက်နိုင်နေဆဲပင်။ 


အဝေးမှ ကြည့်နေသည့် မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့မှာ ဝမ်းသာလုံးဆို့သွားကြသည်။ 


လက်ရှိအခြေအနေအရ .. သူတို့သည် သိပ်မကြာမီ တစ္ဆေဘုရင်ကို အနိုင်တိုက်နိုင်တော့မည် ဖြစ်သည်။ 


ထိုအခါ ယဇ်ဆရာအကြီးအကဲ ချန်ရစ်ခဲ့သည့် ရတနာကို ရနိုင်တော့မည် ဖြစ်၏။ သို့သော် မည်ကဲ့သို့ ခွဲဝေကြရမည်မှာ စဉ်းစားရခက်စရာပင်။ 


“စိတ်ချမ်းသာနေကြတဲ့ပုံပဲ ...”


အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ 


မုန့်ယန်တို့ နှစ်ဦးလုံး၏ အမူအယာများ ပြောင်းလဲသွားကာ အသံထွက်လာသည့် နေရာကို လှည့်ကြည့်လိုက်ကြသည့်အခါ နောက်ထပ် “တစ္ဆေဘုရင်”တစ်ယောက် ထပ်ရောက်နေကြောင်း တွေ့လိုက်ရတော့သည်။ 


ဒီလူက တစ္ဆေဘုရင်ရဲ့ မျက်နှာဖုံးကိုလည်း တပ်ထားတယ် တစ္ဆေဘုရင်ရဲ့ အဝတ်အစားတွေကိုလည်း ဝတ်ထားတယ်ဆိုတော့ ... တစ္ဆေဘုရင်ပဲ ဖြစ်ရမယ် ...



မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့သည် ငယ်ရွယ်ကာ အတွေ့အကြုံ မရင့်ကျက်သေးသူများ မဟုတ်ကြပေ။ ဇိမ်ကျသည့် ဘဝတွင် နေထိုင်ကာ တိုက်ပွဲများစွာကို ဝင်ရောက်ဆင်နွှဲခြင်း မရှိခဲ့သည့်တိုင် တိုက်ခိုက်နိုင်ကြဆဲပင်။ 


တစ္ဆေဘုရင် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အမျိုးသားအား တိုက်ခိုက်ရန် ပူးပေါင်းလိုက်ကြသည်။ 


တိုက်ခိုက်ရေးမှော်အလင်းတန်းက သွမ့်ချန်ချင်းထံ မသေမသပ်ဖြင့် တန်းတန်းမတ်မတ် တိုးဝင်လာသည်။ သူက လက်ကို ဝေ့ယမ်းကာ ဖျက်ဆီးလိုက်၏။ 


ဤကမ္ဘာ၏ ယဇ်ဆရာဆိုသူများမှာ အမှန်တကယ်အားဖြင့် ခန္ဓာကိုယ်တွင် စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများသာ ဖြစ်ပေသည်။ 


ယဇ်ဆရာအဖြစ် နိုးထလာရန်အတွက် ခန္ဓာကိုယ်ထဲသို့ ချီဓာတ်များ ထည့်ပေးရန်သာ လိုအပ်ပေသည်။ 


ဤကမ္ဘာတွင် အင်အားကြီးမားသူဟူ၍ မရှိ။ သူ့ရှေ့တွင် ရပ်နေသူများမှာလည်း ချီသန့်စင်ခြင်းအဆင့် ငါး သို့မဟုတ် ခြောက် နှင့်သာ ညီမျှကာ သူတို့၏ ကိုယ်ထဲရှိ စိတ်စွမ်းအင်ကိုပင် ကောင်းကောင်း မထိန်းချုပ်နိုင်ကြသေးချေ။ ယေဘုယျအားဖြင့် မည်ကဲ့သို့ ကျင့်ကြံရမည်ဖြစ်ကြောင်း မသိကြသည့်အပြင် ကျင့်ကြံစဉ်ဟူ၍လည်း မရှိရာ သူတို့၏ ခွန်အားမှာ အံ့ဖွယ်သားရဲတို့၏ အသားနှင့် ထူးခြားဆေးပင်တို့အား စားသောက်ရာမှသာ ရရှိလာခြင်း ဖြစ်ကြသည်။ 


သို့သော် အဝေးတိုက်ပွဲများတွင် စိတ်စွမ်းအင်ကို အသုံးပြု၍ တိုက်ခိုက်နိုင်ကြသည့်အတွက် လုံးဝဥဿုံ အင်အားကင်းမဲ့နေသည်ဟုလည်း မဆိုနိုင်။ အရေးအကြီးဆုံးအချက်မှာ သူတို့က ကိုယ်တွင်းဒဏ်ရာများကိုလည်း ကုသပေးနိုင်ကြသေးသည်။ ထို့ကြောင့်လည်း မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်ပေသည်။ 


တိုက်ခိုက်ရေးစွမ်းရည်နှင့် ပတ်သက်၍ ယေဘုယျအားဖြင့် အလယ်အလတ်အဆင့် ယဇ်ဆရာသည် စီနီယာအဆင့် တိုက်ခိုက်သူကို အနိုင် မတိုက်နိုင်ပေ။ 


တိုက်ခိုက်သူများနှင့် တိုက်ခိုက်ရသည့်အခါ စိတ်စွမ်းအင်သည် ယဇ်ဆရာတို့၏ အားသာချက် ဖြစ်လာသည်။ သို့သော် သွမ့်ချန်ချင်းအတွက်မူ ... ရှောင်ရှားရန် လွယ်ကူလွန်းလှ၏။ 


တစ္ဆေဘုရင်ကဲ့သို့သော နဝမအဆင့် တိုက်ခိုက်သူကို ကိုင်တွယ်နိုင်ရန် သွမ့်ချန်ချင်းသည် သူ၏ သိစိတ်ဝိဉာဉ်ကို အသုံးပြုကာပင် ဖိနှိပ်ခဲ့ရသော်ငြား ... ဤလူနှစ်ဦးကို ရင်ဆိုင်ရာ၌မူ .. ထိုသို့ လုပ်နေရန် မလိုအပ်ပေ။ 


အထူးသဖြင့် ဤရက်ပိုင်းအတွင်းမှာပင် သူ့ခွန်အားက ယခင်ထက် ပိုမို တိုးတက်လာသေး၏။ 


သူက မုန့်ယန်အနီးသို့ အလွယ်တကူ ချဉ်းကပ်ကာ ပုခုံးကို ပုတ်လိုက်သည်။ 


“ဒေါသတွေ အများကြီး ထွက်မနေနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး ...”


ထိုသို့ ပြောပြီးနောက် မုန့်ယန်မှာ မလှုပ်ရှားနိုင်တော့။ တစ်ချိန်တည်းမှာပင် သွမ့်ချန်ချင်းက တစ်ဖက်လှည့်ကာ ခြေကုန်သုတ်၍ ထွက်ပြေးရန် ကြံနေသော ကျောက်ချင်းယွင်ကိုပါ ဖမ်းမိလိုက်သည်။ 


“လမ်းကို ဖြည်းဖြည်းလျှောက် ပြီးတော့ ခလုတ်တိုက်လဲဦးမယ် ဂရုစိုက်ဦး ..."


ထိုသို့ ပြောပြီးနောက် ကျောက်ချင်းယွင်၏ နောက်ကျောကို ပုတ်လိုက်ရာ .. ကျောက်ချင်းယွင်သည် မြေကြီးပေါ်သို့ မျက်နှာအပ်လျက် လဲကျသွားတော့သည်။ 


သူတို့နှင့် အဖော်လိုက်လာသည့် အဌမအဆင့် တိုက်ခိုက်သူ နှစ်ဦးကလည်း သွမ့်ချန်ချင်းကို တိုက်ခိုက်လိုက်ကြသည်။ 


တစ်ဦး၏ အဖော်သားရဲမှာ ဆင်ဖြစ်ပြီး ကျန်တစ်ဦးမှာ ကြံ့ဖြစ်သည်။ အဖော်သားရဲ နှစ်ကောင်လုံးမှာ ကြမ်းတမ်းသည့် အရေပြားနှင့် ထူထဲသည့် အသားကို ပိုင်ဆိုင်ထားကာ တိုက်ခိုက်မှုများကို ပိတ်ဆို့ထားနိုင်သည့် စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပေသည်။ 


သွမ့်ချန်ချင်းက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ 


“မင်းအသားက ထူတော့ထူပေမယ့် ငါ့အသားလောက်တော့ ထူမယ်မထင်ဘူး ...”


လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။ 


သူ့ခန္ဓာကိုယ်မှာ လွန်စွာ ပိန်လှီသည့်တိုင် စိတ်စွမ်းအင် အစိုင်အခဲကို ပိုင်ဆိုင်ထားသည့်အပြင် လတ်တလောကာလအတွင်း အံ့ဖွယ်သားရဲတို့၏ အသားကိုပါ စဉ်ဆက်မပြတ် စားသောက်ခဲ့သည့်အတွက် ...


သူ့လက်သီးချက်ထဲရှိ ခွန်အားမှာ ကနဦး အခြေတည်အဆင့်သို့ပင် ရောက်လုနေပြီ ဖြစ်သည်။ ထို့ကြောင့် တစ်ကြိမ်တစ်ခါမှ ကျင့်ကြံဖူးခြင်း မရှိ၊ ချီသန့်စင်ခြင်းအဆင့် ခုနစ် သို့မဟုတ် ရှစ် သာ ရှိသေးသည့် မိစ္ဆာလေးနှစ်ကောင်ကို ထိုးနှက်ရန်မှာ လွယ်လွန်းမက လွယ်ကူလှပေသည်။ 


ကြံ့ကို ထိုးလိုက်သည့် အားမှာ ပြင်းလွန်း၍ မျက်နှာပင် အက်ကွဲသွားတော့သည်။ ဆင်ကမူ ... သွမ့်ချန်ချင်းက ၎င်း၏ နှာမောင်းကို ဆွဲကာ မြေပေါ်သို့ ကိုင်ပေါက်လိုက်သည်။ 


တိုက်ခိုက်သူအများစုသည် တိုက်ခိုက်ရာ၌ အဖော်သားရဲကိုသာ အားကိုးအားထား ပြုကြရကာ သူတို့၏ ကိုယ်ပိုင်ခွန်အားမှာမူ သာမန်မျှသာ ရှိကြပေသည်။ အဖော်သားရဲနှစ်ကောင်ကို မြေပေါ်သို့ ကိုင်ပေါက်လိုက်ပြီးသည့်နောက် .. တိုက်ခိုက်သူနှစ်ဦးမှာလည်း ကြောက်ဒူးတုန်သွားကြတော့သည်။ 


အဖော်သားရဲကို ပြန်ခေါ်ကာ လှည့်ပြန်ပြေးလိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတော့၏။ 


သွမ့်ချန်ချင်းက သူ့ခြေမများကို ခပ်

ဖွဖွ တောက်ကန်ကာ လေပေါ်ပျံလိုက်သည်။ 


ခန္ဓာကိုယ်ကို လေ့ကျင့်ထားသည့်တိုင် သူ့တွင်လည်း စိတ်စွမ်းအင်အချို့ ရှိနေ၏။ ထို့အပြင် မူလကိုယ်က ခန္ဓာကိုယ်ထဲသို့ စိတ်စွမ်းအင် အစိုင်အခဲ ထည့်ထားခဲ့ရာ ... သူ့စိတ်စွမ်းအင်များမှာ ကုန်ဆုံးခြင်း မရှိနိုင်တော့ချေ။