အပိုင်း ၄၉
Viewers 7k

Chapter 49




တစ္ဆေဘုရင်က အခန်းထဲသို့ လှည့်ပတ်ကြည့်ကာ လဲကျနေသည့် ကုလားထိုင်ကို မ,ယူ၍ ထိုင်ကာ ပြောလိုက်သည်။ 


“မင်းအဒေါ်က ငါ့အကြောင်း ပြောထားတာလား ...”


နောက်ဆုံးတွင်တော့ လု‌ရှောင်ရန်လည်း စိတ်နှင့်လူနှင့် ပြန်ကပ်သွားတော့သည်။ သူက ပြတင်းပေါက်ကို ပိတ်ကာ လိုက်ကာစများကိုပါ ဆွဲလိုက်ပြီးနောက် တစ္ဆေဘုရင်ကို ရေခဲရိုက်အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ 


“ခင်ဗျားက တကယ်ပဲ ကျွန်တော့်ဦးလေးလား ...”


သူ့အဖော်သားရဲက တစ္ဆေဘုရင်၏ နံဘေးသို့ ရွှေ့သွားကာ ထိုသူကို အနံ့ခံ စူးစမ်းနေသည်။ 


တစ္ဆေဘုရင်က ရှည်ရှည်ဝေးဝေး ပြောမနေတော့၊ ရုပ်ဖျက်ထားသည့် မျက်နှာဖုံးကိုသာ ဆွဲချွတ်ပြလိုက်တော့သည်။ 


လုရှောင်ရန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။


“ဦး ... ဦးလေး ...”


“ဘာလဲ ငါ့ကို မသိဘူးလား ...”


တစ္ဆေဘုရင်က မေးလိုက်သည်။ 


“မဟုတ်ပါဘူး ဒီတိုင်း .. ဦးလေး .. ဒီလောက် နှစ်တွေအကြာကြီး မတွေ့ရတာတောင် ဦးလေးက အရင်အတိုင်း ချောနေဦးမယ်လို့ ထင်တောင် ထင်မထားမိလို့ ...”


လုရှောင်ရန်၏ အမူအယာမှာ မပြောင်းမလဲ ရှိနေဆဲပင်။ 


သူတော့ ရူးတော့မှာပဲ ...


ရေခဲရိုက်မျက်နှာထားကို နှစ်ရှည်လများ လေ့ကျင့်ထား၍သာ မဟုတ်ပါလျှင် သူ့အမူအယာမှာ အလွန် ရုပ်ပျက်ဆင်းပျက် ဖြစ်နေမည်ဖြစ်သည်။ 


နှစ်တွေ အကြာကြီး မတွေ့ရတာတောင် ဘာလို့ ဦးလေးက ပိုပြီး ခန့်ညားလာတယ်လို့ မြင်နေမိတာပါလိမ့် .. မဟုတ်သေးဘူး ခန့်တော့ မခန့်ညားတော့ပေမယ့် .. ချောနေတုန်းပဲ ...


ဒါပေမယ့် မျက်နှာကို မြင်လိုက်ကတည်းက ဒီလူက သူ့ဦးလေးဆိုတာ သေချာပေါက်ကို သိလိုက်ရနေပြီ ...


သူ့ကို နှစ်တွေ အများကြီး ဟာသဖြစ်အောင် လုပ်သွားခဲ့တဲ့သူ ပြီးတော့ သူလုပ်သမျှတိုင်းကို ဗီဒီယိုရိုက်ထားတဲ့သူကို ဘယ်လိုနည်းနဲ့မှကို မေ့နိုင်မှာ မဟုတ်ဘူးလေ ...


နည်းနည်းလေးလည်း ကြောက်မိနေတုန်းပဲ ...


သူ့ဦးလေးက အခု တစ္ဆေဘုရင် ဖြစ်နေပြီလို့ တွေးလိုက်မိရင်ကို ကြောက်စရာကောင်းနေပြီ ...


ပြဿနာ ရှာနေသည့် ဟက်စကီးကလည်း ချက်ခြင်း ခေါင်းကိုငုံ့ကာ အမြီးကိုကုပ်၍ အိပ်ယာအောက်သို့ ဝင်သွားတော့သည်။ သို့သော် ကုတင်မှာ နိမ့်လွန်းလှသည့်အတွက် ၎င်း၏ ခေါင်းပင် မဆန့်ချေ။ 


တစ္ဆေဘုရင်မှာ မရယ်ဘဲပင် မနေနိုင်တော့။ 


“ဟားဟားဟားဟား ...”


လုရှောင်ရန်က သူ့ကို မျက်နှာသေဖြင့် စိုက်ကြည့်လိုက်သည်။ 


တစ္ဆေဘုရင်က စိတ်ကြိုက် ရယ်မောပြီးကာမှ သူ့ကို ပြောလိုက်သည်။


“မင်းအဒေါ်ကို ဆက်သွယ်ပြီး ပြောလိုက် ငါတို့ကလေးက အသက်ရှင်နေတုန်းပဲလို့ သူ့နာမည်က ရှဲ့ယွင်နန် ဆိုတာကိုပါ ပြောလိုက် ... ငါတို့ကလေးက ငါနဲ့အတူတူ ရှိနေတဲ့အကြောင်းကို သိသွားကြပြီ အဲဒါကြောင့် ပြန်လာနိုင်ဖို့ ခက်ခဲမှာကို စိုးရိမ်မိတယ် ... သူမကို အနာဂတ်ကျ ပိုဂရုစိုက်ဖို့ပါ သတိပေးလိုက် ....”


ဘေးကင်းလုံခြုံရေးအတွက် သူသည် ဤနှစ်များအတွင်း ဇနီးဖြစ်သူကို တစ်ကြိမ်တစ်ခါမျှပင် မဆက်သွယ်ခဲ့ချေ။ 


ဇနီးဖြစ်သူကလည်း သူ့ကို မဆက်သွယ်ခဲ့။ 


သို့သော် ဤတစ်ကြိမ်တွင် လုရှောင်ရန်ကို စကားပါးပေးရန် ကူညီစေလိုပေသည်။ 


လုရှောင်ရန်က တုန်လှုပ်သွားသည်။ 


တစ္ဆေဘုရင်က ထပ်ပြောလိုက်ပြန်သည်။ 


“ပြီးတော့ နောက်တစ်ကြိမ်ကျ ဂရုစိုက် ...”


သူ့သရုပ်မှန် ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည့် ညကတည်းက တစ္ဆေဘုရင်သည် သူ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သည့် မိတ်ဆွေများနှင့် သူ ပျိုးထောင်ခဲ့သည့် ငယ်သားများကို ဆက်သွယ်ရန် လူတစ်ဦး စီစဉ်ထားပြီးဖြစ်သည်။ 


သူ မသေခင် ကြီးမားသည့် အရွေ့အပြောင်းတစ်ခု စီစဉ်ရန် ရည်ရွယ်ခဲ့၏။ 


ယခု သူသည် သေလုနီးနီး မဟုတ်တော့သည့်တိုင် ... ခွက်ကို လှန်ချပြီး ဖြစ်သည့်အတွက် နောက်ကြောင်းပြန်လှည့်ရန် မရှိတော့။ ဟုန်ယဲ့မြို့တော်မှာ မလွဲမသွေ ဂယက်ထလာတော့မည်ဖြစ်သည်။ 


သူက တစ်ခဏမျှ စဉ်းစားပြီးနောက် လုရှောင်ရန်အား လျောင်မုယဲ့ကို ပိုပြီး အာရုံစိုက်ရန်ပါ ပြောလိုက်သည်။ 


မူလက သူသည် ယန်ယုကောနှင့် လျောင်မုယဲ့ကို ရှာဖွေရန် ကြံစည်ထားသော်ငြား နှစ်ဦးလုံးမှာ ပင်မခရိုင်ရှိ မိသားစုကြီးများမှ ဖြစ်သည့်အတွက် သူ့တွင် လုပ်နိုင်စွမ်း ရှိသည့်တိုင် ထိုသူနှစ်ဦးကို တိတ်တဆိတ် ထောက်လှမ်းရန် ခဲယဉ်းလှပေသည်။ 


ထို့အပြင် နောက်ကျနေပြီ ဖြစ်သည့်အတွက် အိမ်ပြန်ချိန်သို့ ရောက်ရှိလာရာ ...


ထွက်မသွားမီ ရုပ်ဖျက်ထားသည်များကို ပြန်တပ်ဆင်ရန် မှန်တစ်ချပ်ကို ရှာလိုက်သည်။ 


ရလဒ်အနေဖြင့် .. မှန်ထဲမှတစ်ဆင့် မြင်နေရသည့် မျက်နှာကို ငေးကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားတော့သည်။ 


ဤရက်ပိုင်းအတွင်း သူသည် သားဖြစ်သူနှင့် နေ့တိုင်း နေနေရသည့်အတွက် မျက်နှာဖုံးကို မချွတ်မိခဲ့။ 


၎င်းက သူ့အသားအရေကို ထိခိုက်ပျက်စီးစေသည့်တိုင် ယောက်ျားရင့်မာကြီးတစ်ဦး ဖြစ်သည့်အလျောက် ထိုကဲ့သို့သော ကိစ္စများကို ဂရုမစိုက်။ 


သို့သော် ...


မှန်ထဲတွင် ပုံရိပ်ထင်နေသည့် မျက်နှာတွင် အဖုအပိန့်တစ်လုံးတစ်လေမျှပင် မရှိ။ ထိုအစား နှုတ်ခမ်းတို့က ရွှန်းစိုနီရဲကာ သွားများမှာလည်း ဖြူဖွေးပြီး အသားအရေသည်ပင် နှင်းဆီရောင်သဖွယ် ရွှန်းလဲ့ဝင်းပြောင်နေပေသည်။ 


ပြီးတော့ ပိုပြီးတောင် နုသွားသလိုပဲ ...


သားကို ရှာတွေ့ပြီးနောက်ပိုင်း စိတ်ခံစားချက် ကောင်းလာလို့များ ပိုပြီး နုလာတာလား ...


ရုပ်ဖျက်ပြီးနောက် တစ္ဆေဘုရင်သည် သံသယစိတ်တို့ အပြည့်ဖြင့် ပြန်ထွက်သွားတော့သည်။ 


ယမန်နေ့ညက ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်းနှင့် စကားအနည်းငယ် ပြောခဲ့ကာ သွမ့်ချန်ချင်း အိပ်မောကျသွားပြီးနောက် လေ့ကျင့်ခြင်းအပေါ်တွင်သာ အာရုံစူးစိုက်ထားလိုက်သည်။ 


သူက တကယ် တကယ်ကို ဒီ့ထက်ပိုပြီး သန်မာချင်နေပြီ ...


နောက်တစ်နေ့မနက် နေရောင် စတင်ထွက်ပေါ်လာသည့်အခါ ရှဲ့ယွင်နန်က သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ 


မနေ့ညက သူနှင့် သွမ့်ချန်ချင်းသည် သူတို့၏ ကိုယ်ပိုင်အခန်းထဲတွင် နေခဲ့ကြသည်။ နှစ်မီတာခန့် ကျယ်ဝန်းသည့် အိပ်ယာပေါ်တွင် သွမ့်ချန်ချင်းက တိုးတိုးတိတ်တိတ် လဲလျောင်းနေသည်။ မျက်တောင်များ မသိမသာ လှုပ်ခတ်နေသည့် သူ့ပုံစံမှာ ချစ်ခင်စဖွယ်ပင်။ 


“နိုးပြီလား …”


ရှဲ့ယွင်နန်က မေးလိုက်သည်။ 


သူ့မျက်လုံးလေးတွေ လှုပ်နေတယ်လေ ...


ရှဲ့ယွင်နန်က အိပ်ယာမှထရန် ကြံစည်ထားသော်ငြား သွမ့်ချန်ချင်း၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရပြီးနောက် မလှုပ်ရှားချင်တော့။


သို့သော် အိပ်ယာထရန် လိုအပ်နေဆဲ ဖြစ်သည့်အတွက် .. သူက သွမ့်ချန်ချင်းကို ပွေ့ဖက်ကာ အိပ်ယာမှ ထပြီး အဝတ်အစား လဲလိုက်သည်။ 


သွမ့်ချန်ချင်း “...”


သူ့ရဲ့ ရှဲ့ယွင်နန်က တကယ်ကို လူကြီးလူကောင်းပဲ .. အလှတရားရဲ့ ဖျားယောင်းမှုအောက်မှာ လုံးဝ ယိမ်းယိုင်မသွားဘူး ...


သူလည်း အဝတ်အစားလဲကာ အောက်ထပ်သို့ ဆင်း၍ မနက်စာ ပြင်ဆင်ပေးလိုက်သည်။ 


သူက အံ့ဖွယ်သားရဲ၏ စိတ်စွမ်းအင်များ အလဟဿ ဖြစ်မသွားစေရန် အသားကို ချက်ပြုတ်ပေးရုံမှအပ မည်သည့်အလုပ်မှ မလုပ်ချေ။ 


“သခင်လေးသွမ့် ... ဟင်းထပ်ချက်ဦးမလို့လား ...”


ရှချင်က မေးလိုက်သည်။ 


“ကျွန်မတို့ပဲ လုပ်လိုက်ပါ့မယ် ...”


အဟမ်း .. ပြောရရင် သွမ့်ချန်ချင်းရဲ့ ဟင်းချက်လက်ရာက ပြောလောက်အောင် မကောင်းဘူးလေ ...


“ကျွန်တော် လုပ်ချင်လို့ပါ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


ရှချင်မှာ သွမ့်ချန်ချင်း ဟင်းချက်နေခြင်းကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ 


ထားပါ အရသာ မရှိပေမယ့် အံ့ဖွယ်သားရဲရဲ့ စွမ်းအင်တွေတော့ ရှိနေတုန်းပဲလေ ...


ပြီးတော့ အရေးအကြီးဆုံးအချက်က ... ဘော့စ်တောင် ဒီဟင်းချက်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောတာကို သူမတို့က ဘာဝင်ပြောနိုင်မှာတဲ့လဲ ...


သွမ့်ချန်ချင်းက သူ့မျက်နှာအစစ်အမှန်ကို ထုတ်ပြပြီးနောက်ပိုင်း သူ့အပေါ်ထားသည့် တစ္ဆေဘုရင်၏ သဘောထားမှာ တစ်မဟုတ်ချင်း ပြောင်းလဲသွားတော့သည်။ 


မနက်စာ စားပြီးနောက် ရှဲ့ယွင်နန်က စိုက်ခင်းထဲသို့ သွားလိုက်သည်။ ရှချင်က တစ္ဆေဘုရင်ကို မေးလိုက်၏။ 


“ဘော့စ် မနေ့က ဖမ်းလာတဲ့သူကို ဘယ်လိုလုပ်မှာလဲ ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


“သူ့ကို စိုက်ခင်းထဲမှာ အလုပ်လုပ်ခိုင်းလိုက် ...”


ရှချင်က နားမလည်နိုင်ဟန်။ 


“ဟင် ..”


အဲဒီ့လူက ဆဌမအဆင့် တိုက်ခိုက်သူလေ သူက စိုက်ခင်းထဲမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိပါ့မလား ...


ဘော့စ်က လာနောက်နေတာလား ...


တစ္ဆေဘုရင်မှာ လုံးဝ နောက်ပြောင်ခြင်း မဟုတ်။ သွမ့်ချန်ချင်း၏ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ခြင်းသာ ဖြစ်ပေသည်။ 


“သွား ... သူ့ကို ခေါ်လာခဲ့လိုက် ...”


သူက ပြောလိုက်သည်။ 


ရှချင်ကလည်း သိလိုစိတ်တို့ကို သိမ်းဆည်းထားလျက် မြေအောက်ထပ်ထဲရှိ ကြေးစားကို ဆွဲခေါ်လာကာ နှိုးလိုက်သည်။ 


“မင်း ဘာလုပ်နိုင်လဲ ...”


ဒီတစ်ယောက်က လယ်လုပ်နိုင်ရဲ့လားတောင် မသိဘူး ...


ကြေးစားက မတုန့်မဆိုင်းဘဲ ပြန်ဖြေလိုက်သည်။


“အကုန်လုပ်နိုင်ပါတယ် ကျွန်တော့်ကို မသတ်ပါနဲ့ ...”


ထိုစဉ် အပြင်ဘက်မှ သွမ့်ချန်ချင်း ရောက်လာကာ ဝင်ပြောလိုက်သည်။ 


“သူ့ကို ချေးကျုံးပြီး စိုက်ခင်းထဲကို မြေဩဇာ လိုက်ထည့်ခိုင်းလိုက် ...”


ကြေးစားက ကြောင်အသွားတော့သည်။   


သူက ဂုဏ်သရေရှိ အလယ်အလတ်အဆင့် တိုက်ခိုက်သူ မဟုတ်လား ဘာလို့ သူ့ကို ချေးကျုံးခိုင်းရတာလဲ ...


ယုတ္တိမရှိလိုက်တာ ...


သွမ့်ချန်ချင်းက သူ့ကို နောက်တစ်ကြိမ် ထပ်မေးလိုက်ပြန်သည်။ 


“ဆန္ဒရှိရဲ့လား ...”


“ဆန္ဒရှိပါတယ် ...”


ကြေးစားက အံတင်းတင်းကြိတ်ကာ ပြန်ဖြေလိုက်သည်။ 


သူက သဘောတူဟန်ဆောင်က လွတ်မြောက်ရန် အခွင့်အရေးကို စောင့်ဆိုင်းမည်။ ထို့နောက် လွတ်မြောက်လာသည့်အခါ သွမ့်ချန်ချင်းကို မဖြစ်မနေ သတ်...


ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းထဲမှ စူးရှလှသည့် နာကျင်မှုကို အပြင်းအထန် ခံစားလိုက်ရသည်။ နာကျင်မှုမှာ ပြင်းထန်လွန်း၍ သေလုမတတ်ပင်။ ထိုမျှသာမက သူ့ကိုယ်သူ ထိန်းချုပ်၍ မရတော့ဘဲ ပြေးထွက်သွားကာ ချက်ခြင်း သူ့ကိုယ်ပိုင် အသိစိတ်ဖြင့် ချေးကျုံးကာ မြေဩဇာထည့်ရမည့် အလုပ်များကို လုပ်လိုက်တော့သည်။ 


ကြေးစား “...”


သူက ဘာဖြစ်သွားတာလဲ .. အကျိုးနည်းကို ဘယ်လို လုပ်ရပ်တွေကို လုပ်မိသွားတာလဲ ...


ဘာလို့ အထိန်းအကွပ် မဲ့သွားရတာလဲ ...


ရှဲ့ယွင်နန်နှင့် အခြားသူများအား ထိခိုက်အောင် လုပ်လိုသည့် အတွေးမျိုး အနည်းငယ်မျှ တွေးမိလာလျှင်ပင် သူ့ခေါင်းတစ်ခုလုံး အလွန်အမင်း နာကျင်လာကာ ထိုနေရာတွင်ပင် သေလိုက်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ 


သို့သော် ထိုသို့ နာကျင်နေသည့်တိုင် သူ့အသိစိတ် မပါဘဲ အလုပ်ဆက်လုပ်နေဆဲပင်။ ပင်ပန်းမည်ကိုလည်း မစိုးရိမ်၊ ညစ်ပတ်ပေရေသွားမည်ကိုလည်း ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။


သူ အလုပ်လုပ်နေသည်ကို စောင့်ကြည့်နေသည့် သွမ့်ချန်ချင်းကလည်း လွန်စွာ စိတ်ကျေနပ်သွားသည်။ 


မိစ္ဆာကျွန်များသည် သခင်၏ အမိန့်ကို မဖီဆန်နိုင်၊ သခင်ကို ထိခိုက်နာကျင်အောင်လည်း မလုပ်နိုင်ချေ။ ထို့အပြင် သူက ထိုသူကို အမိန့်ပေးထားသည့်အတွက် ထိုသူက သူတို့ တစ်ဦးတစ်ယောက်ကိုမှ နာကျင်အောင် လုပ်နိုင်မည် မဟုတ်၊ ထိုအစား သူတို့ကိုပင် ကာကွယ်ပေးရဦးမည်ဖြစ်သည်။ 


ထိုသူက ကြိုးကြိုးစားစား အလုပ်လုပ်မည့်အပြင် တစ်ချိန်ချိန် အန္တရာယ်နှင့် ရင်ဆိုင်လာရပါက သူတို့ကို ရှေ့ဆုံးမှ ကာကွယ်ပေးမည်ဖြစ်သည်။ 


အပြင်ဘက်တွင် အလုပ်လုပ်နေသော ရှဲ့ယွင်နန်ကလည်း မနေ့က ဖမ်းလာသည့် ကြေးစားသည် ချက်ခြင်း ပြေးလာကာ ထွန်ခြစ်ကို ကောက်ကိုင်၍ အလုပ်လုပ်နေကြောင်း တွေ့လိုက်ရသည်။ 


ဒီလူက ဘာဖြစ်နေတာလဲ ...


သူက အနည်းငယ် သတိထားကာ စောင့်ကြည့်နေလိုက်သေးသော်ငြား တစ်ဖက်သူသည် မနားတမ်း တရစပ် အလုပ်လုပ်နေကြောင်း တွေ့လိုက်ရသည့်အခါ တင်းကြပ်နေသည့် စိတ်ကို အနည်းငယ် လျော့ချလိုက်တော့သည်။ 


သူတို့အားလုံး အလုပ်ပြီးသွားသည့်တိုင် ထိုသူက အလုပ်ဆက်လုပ်နေဆဲပင်။ 


သူက ရူးနေတာလား .


..........


“အဲဒီ့တစ်ယောက်က ရူးသွားတာလား ...”


ယန်ယုကောက ရှဲ့ယွင်နန်ကို ပြန်ပေးဆွဲကာ သင်ခန်းစာ ပေးနိုင်ရန် ငွေအများအပြား သုံးခဲ့သော်ငြား .. ထိုသူက ချက်ခြင်းဆိုသလို ရှဲ့ယွင်နန်၏ စိုက်ခင်းသို့ သွားကာ ထိုသူအတွက် ကြိုးကြိုးစားစားပင် အလုပ်လုပ်ပေးလိုက်သေးသည်။ 


ဒီကောင် စိတ်ဖောက်သွားတာလား ...


ယန်ယုကောက တစ္ဆေဘုရင်၏ သရုပ်မှန်ကို မသိပဲ မည်သည့်နေရာမှ ဟုန်ယဲ့မြို့တော်သို့ ရောက်လာမှန်း မသိရသည့် အလယ်အလတ်အဆင့် တိုက်ခိုက်သူတစ်ဦး ဟူ၍သာ သိထားပေသည်။ 


ထို့ကြောင့် သူက ရှဲ့ယွင်နန်ကို အလေးအနက် မထားခဲ့ပေ။ အန္တရာယ်ကင်းကင်း ဆောင်ရွက်နိုင်စေရန် အလယ်အလတ်အဆင့် တိုက်ခိုက်သူကိုသာ ငှားရမ်းခဲ့လိုက်သည်။ 


ဒါပေမယ့် .. သူ ကျရှုံးသွားခဲ့တာလား ...


တစ်ဖက်တွင်မူ ... ဟုန်ယဲ့မြို့တော်၏ အလယ်အလတ်အဆင့် ယဇ်ဆရာနှစ်ဦးမှာလည်း သံသယတို့ဖြင့် ပြည့်နှက်နေတော့သည်။ 


အဲဒီ့ကြေးစားက ဘာဖြစ်သွားတာလဲ ...


မုန့်ယန်က တစ္ဆေဘုရင်ကို ရှာဖွေရန် ရှစ်ဟိုင်ယွမ်ကို စေလွှတ်ခဲ့သော်လည်း ထိုသူက လက်ဗလာဖြင့် ပြန်လာခဲ့၏။ သို့သော် တစ္ဆေဘုရင်ကို ဆက်ပြီး အာရုံစိုက်နေဆဲပင်။ 


ထို့နောက် သူက တစ္ဆေဘုရင်နှင့် အခြားသူများမှာ ထွက်ပြေးခြင်း မရှိ၊ စိုက်ခင်းတွင်ပင် ဆက်လက်နေထိုင်လျက် ရှိနေကြောင်း သိလိုက်ရသည်။ ထိုမျှသာမက ပြဿနာ လာရှာသူကပင်လျှင် ယခုအခါ တစ္ဆေဘုရင်အတွက် အလုပ်လုပ်ပေးနေကြောင်းကိုလည်း တစ်ပါတည်း တွေ့လိုက်ရ၏။ 


တစ္ဆေဘုရင်က တကယ်ကို ခန့်မှန်းလို့ မရနိုင်တဲ့ လူစားမျိုးပဲ ...


“အဲဒီ့ကြေးစားက ဘာဖြစ်သွားမှန်း မသိရသေးဘူး ...”


မုန့်ယန်က ပြောလိုက်သည်။ 


ရှစ်ဟိုင်ယွမ်က တစ်ခဏမျှ အခက်တွေ့သွားသည့်ဟန်။ ထို့နောက်တွင်မှ ပြောလိုက်သည်။ 


“ကြည့်ရတာ တစ္ဆေဘုရင်ရဲ့ ပြုစားတာကို ခံလိုက်ရပြီ ထင်တယ် ...”


မုန့်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ 


“တစ္ဆေဘုရင်ရဲ့ ပင်ကိုယ်စွမ်းရည်က စိတ်ရှုပ်ထွေးသွားအောင် လုပ်နိုင်တာလား ...”


ရှစ်ဟိုင်ယွမ်က မုတ်ဆိတ်မွှေးကို ပွတ်သပ်လျက် ပြန်ဖြေလိုက်သည်။ 


“အနည်းနဲ့ အများပဲ ...”


အခြား အလယ်အလတ်အဆင့် ယဇ်ဆရာတစ်ဦး ဖြစ်သည့် ကျောင်းချင်ယွင်ကလည်း ထိုသတင်းကို ရလိုက်သည်။ 


သူရထားသည့် သတင်းမှာ ထိုမျှသာမက။ 


သူက ဤရက်ပိုင်းအတွင်း လူအချို့ စေလွှတ်၍ စုံစမ်းခိုင်းထားရာ စိုက်ခင်းထဲတွင် ရှိနေသူမှာ တစ္ဆေဘုရင် ဖြစ်နိုင်ကြောင်း သိလိုက်ရသော်လည်း တစ္ဆေဘုရင်၏ အနီးရှိ လူများမှာ အရေအတွက် နည်းလွန်းလှသည်။ 


တစ္ဆေဘုရင်က တစ္ဆေတစ်ကောင်ကဲ့သို့ပင် နေထိုင်နေသည်။ ဆင်ခြင်တုံတရားအရ မုန့်ယန်နှင့် အခြားသူများ ထိုနေရာသို့ ရောက်ပြီးကတည်းက သူသည် ဟုန်ယဲ့မြို့မှ ထွက်ခွါသွားခဲ့သင့်သော်လည်း မလုပ်ခဲ့ပေ။


ဒါ ... ထောင်ချောက်များ ဖြစ်နေမလား ...


ထောင်ချောက်ဟု ပြောရန်လည်း ထောင်ချောက်နှင့် မတူ။ ထိုနေရာ၌ လူအလုံအလောက် ရှိမနေပေ။ 


ထိုအကြောင်းများကြောင့် ကျောင်းချင်ယွင်သည် လုံးဝ မလှုပ်ရှားရဲခဲ့ချေ။ သို့သော် ယဇ်ဆရာအကြီးအကဲထံမှ ကျန်ရစ်နေမည့် ရတနာကိုမူ တပ်မက်မိနေဆဲပင်။ 


အသေအချာ စဉ်းစားပြီးနောက် တစ်ကြိမ်ခန့် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ 


တစ္ဆေဘုရင်၏ ခန္ဓာကိုယ်မှာ ကြာရှည်မခံတော့ပေ ထို့ကြောင့် ဆင်ခြေဖုံးဒေသတွင်သာ အတင်း ဇာတ်မြှုပ်နေရခြင်း ဖြစ်သည်ဟူသော ကောလဟာလများ ရှိခဲ့ပေသည်။ 


အကယ်၍ သူသာ ထိုရတနာကို ရပါလျှင် ယဇ်ဆရာအကြီးအကဲ ဖြစ်လာမည်ဖြစ်ရာ ...


သူက မုန့်ယန်ကို လိုက်ရှာလိုက်သည်။ အကယ်၍ သူတို့နှစ်ဦး ပူးပေါင်း၍သာ တစ္ဆေဘုရင်ကို တိုက်ခိုက်ပါလျှင် ...


ယဇ်ဆရာနှစ်ယောက်၊ နဝမအဆင့် တိုက်ခိုက်သူ နှစ်ယောက်နဲ့ အဌမအဆင့် တိုက်ခိုက်သူတွေ အများကြီး စုထားတဲ့ အင်အားစုနဲ့ဆို ... တစ္ဆေဘုရင် ခုခံနိုင်ပါဦးမလား ...


မုန့်ယန်ကလည်း သဘောတူလိုက်ဆဲပင်။ 


တစ္ဆေဘုရင်တစ်ဦးတည်းသာ ဖြစ်ပါက ဤမျှအထိ အရေးတယူလုပ်ကာ တိုက်ခိုက်ရန် စဉ်းစားနေမည် မဟုတ်ချေ။ သို့သော် ယဇ်ဆရာအကြီးအကဲ ကျန်ရစ်ခဲ့သည့် ရတနာဟူသော ဆွဲဆောင်မှုမှာ များစွာ ကြီးမားလွန်းလှသည်။ 


နှစ်ဖက်စလုံး ညှိနှိုင်းပြီးနောက် မနက်ဖြန်မှစကာ အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။


တစ်ချိန်တည်းမှာပင် ကြေးစားကလည်း ညဉ့်နက်သည်အထိ အလုပ်လုပ်နေကာ အားလုံး ပြီးစီးသွားမှ ပြန်လာခဲ့တော့သည်။ 


ဘာကြောင့် ဤကဲ့သို့ လုပ်နေမိမှန်း သူ့ကိုယ်သူလည်း မသိပေ။ ပင်ပန်းကာ ဆာလောင်မွတ်သိပ်နေသည့်တိုင် သူ့ခေါင်းထဲတွင် အလုပ်အကြောင်း တစ်ခုတည်းကိုသာ တွေးမိနေသည်။ 


“မင်းက လူတွေကို ထိန်းချုပ်နိုင်တာလား ...”


တစ္ဆေဘုရင်က သားဖြစ်သူ ခြေလက်ဆေးကြောနေသည်ကို အခွင့်ကောင်းယူကာ သွမ့်ချန်ချင်းကို ခပ်တိုးတိုး မေးလိုက်သည်။ 


“အမ်း ...”


“မင်းရဲ့ အရည်အချင်းက အရမ်းကို အားကောင်းတာပဲ ... မင်းတစ်ယောက်လုံး ဘေးမှာ ရှိနေတာကို ယဇ်ဆရာအကြီးအကဲက ဘာလို့ မတော်တဆမှု

နဲ့ ကြုံခဲ့ရတာလဲ ...”


သွမ့်ချန်ချင်းသည်လည်း ဘာကြောင့် ယဇ်ဆရာအကြီးအကဲက မတော်တဆမှုနှင့် ကြုံခဲ့ရကြောင်း သိချင်နေပေသည်။ 


တစ်ခဏမျှ စဉ်းစားပြီးနောက် ပြန်မေးလိုက်သည်။ 


“ဘယ်အချိန် အကောင်အထည် ဖော်မှာလဲ ...”


ဒီလူက ပုန်ကန်ချင်နေတာပဲ ...


သူ့ကြည့်ရတာ ဟိုးအစောကြီးကတည်းက ပြင်ဆင်ထားပြီးသား ဖြစ်ရမယ် ...