Chapter 48
S အဆင့် အလိုရှိ ရာဇဝတ်ကောင်တစ်ဦး ဖြစ်သည့်အလျောက် တစ္ဆေဘုရင်၏ လက်ထဲတွင် သွေးပေါင်းများစွာ စွန်းထင်းဖူးသော်လည်း အဆင်အခြင်မဲ့စွာ မသတ်ခဲ့ဖူးချေ။
အတိတ်အချိန်က သူ့ကို အခြားသူများအား သတ်ပေးရန် ငွေကြေးဖြင့် လာရောက်ကမ်းလှမ်းကြသူများပင် ရှိခဲ့ဖူးသည်။ သူ့အနေဖြင့် သတ်ပေး၍ ရသည့်တိုင် များသောအားဖြင့် မသတ်ခဲ့။
ဘဝဟူသည် မည်သူတစ်ဦးတစ်ယောက်အတွက်မှ မလွယ်ကူချေ။
လက်ရှိအခြေအနေမှာမူ ....
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“သူ့ကို အရင် ပြန်ခေါ်သွားကြရင်ရော ...”
ထိုသူအပေါ် ရှဲ့ယွင်နန်၏ သဘောထားမှာ ထူးဆန်းနေရာ သူက ပြန်ခေါ်သွားကာ နောက်တစ်ကြိမ် ထပ်ပြီး စစ်ဆေးမေးမြန်းရန် တွေးထားသည်။
တစ္ဆေဘုရင်က သူ့ကို ဖျတ်ခနဲ လှမ်းကြည့်ကာ ချက်ခြင်း သဘောတူလိုက်သည်။
“ကောင်းပြီလေ ...”
ထို့နောက် သူက ကြေးစားသမားကို လက်ဝါးတစ်ချက်တည်းဖြင့် သတိလစ်သွားအောင် ရိုက်လိုက်သည်။
ရှဲ့ယွင်နန်က သက်ပြင်းကြီးကြီးချလိုက်၏။ သူ၏ လှိုင်းထန်နေသော ခံစားချက်များလည်း တစ်ဖြည်းဖြည်းချင်း အနည်ထိုင်လာသည်။
“ဆရာ ... ဒုက္ခပေးရတာ အားနာပါတယ် .. ဒီလူက ကျွန်တော့်ကြောင့် ရောက်လာတာပါ ...”
သူက ပြောလိုက်သည်။
တစ္ဆေဘုရင်က တစ်ခဏပင် စဉ်းစားမနေ။ ချက်ခြင်း ပြန်ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး ခွေးသားလေး တစ်ကောင်ပဲဟာ ...တစ်ယောက်အတွက် တစ်ကောင်၊ နှစ်ယောက်အတွက် တစ်စုံ ဖမ်းလိုက်ကြတာပေါ့ ... ဪ ဒါနဲ့ ငါ့ရန်သူတွေက မင်းရန်သူထက်ပိုပြီး အင်အားကြီးတယ်နော် ...”
ရှချင်နှင့် အခြားသူများမှာ ဤသို့သာ အော်ပြောလိုက်ချင်တော့သည်။
ရှဲ့ယွင်နန်ရဲ့ ပြဿနာက ဘယ်လောက် ကြီးနေလို့လဲ သူတို့ကဆို အလိုရှိ ရာဇဝတ်ကောင်တွေလို့တောင် ဝရမ်းထုတ်ခံထားရတာလို့ ...
ရှဲ့ယွင်နန်က တစ်ခုခု ထပ်ပြောချင်သေးသော်လည်း တစ္ဆေဘုရင်က အရင် ဝင်ပြောလိုက်သည်။
“မင်းတို့တွေ ပြန်နှင့်ကြ ငါ အမဲလိုက်လိုက်ဦးမယ် ...”
ကိစ္စအားလုံး ပြီးစီးချိန်မှာ မှောင်ရိပ်ပျိုးနေပြီ ဖြစ်သည့်အတွက် အိမ်ပြန်ချိန်သို့ပင် နီးကပ်လာတော့သည်။
သို့သော် မပြန်မီ ... တစ္ဆေဘုရင်က အမဲလိုက် ထွက်ရဦးမည်ဖြစ်သည်။
အဖွဲ့သားများ စိုက်ခင်းသို့ ပြန်ရောက်ချိန်တွင် နေရောင်ပင် ပျောက်ကွယ်နှင့်နေပြီဖြစ်သည်။
ညစာစားပြီးနောက် အိပ်ယာဝင်ချိန်သို့ ရောက်လာတော့သည်။
ရှဲ့ယွင်နန်က ပြင်းပြင်းထန်ထန် ကျင့်ကြံကာ သူ့ဆရာကို ကုသပေးရန် ပြင်လိုက်သော်ငြား တစ္ဆေဘုရင်က ငြင်းပယ်လိုက်သည်။
“ယွင်နန် ငါ ဒီနေ့ အပြင်သွားမလို့ ... မင်းက အိမ်မှာပဲ ကျင့်ကြံနေလိုက်လို့ ရတယ် ...”
သူ့တွင် လုပ်စရာအများအပြား ရှိနေပေသည်။
ထို့နောက် သူက စားစရာ သိုလှောင်ရန် အသုံးပြုသည့် မြေအောက်ထပ်သို့ သွားလိုက်သည်။
နေ့ခင်းပိုင်းက သူတို့ ဖမ်းဆီးလာသည့် အမျိုးသားကို ထိုနေရာတွင် ချုပ်နှောင်ထားသည်။
တစ္ဆေဘုရင် အထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ့အဖော်သားရဲ ရှောင်ကျိုးက ဘေးတွင် ပေါ်လာကာ ရှေ့သို့ ခုန်ထွက်လျက် သတိလစ်နေသည့် အမျိုးသား၏ လည်ပင်းကို လက်သည်းများဖြင့် ဖမ်းဆုပ်ထားလိုက်သည်။ ထို့နောက် နက်ရှိုင်းသည့် လက်သည်းရာသုံးခု ထွက်ပေါ်လာ၏။
ပြင်းထန်လှသည့် နာကျင်မှုကြောင့် သက်လတ်ပိုင်းအမျိုးသားလည်း တစ်ဖြည်းဖြည်းချင်း နိုးထလာကာ အမာရွတ်တို့ ပြည့်နှက်နေသည့် ကြောက်မက်ဖွယ် ကောင်းအောင်ပင် အရုပ်ဆိုးလှသော မျက်နှာကို မြင်လိုက်ရသည်။
အကြည့်တို့မှာလည်း ဝေဝါးနေ၏။
တိုက်ခိုက်နေခြင်း မဟုတ်သည့်အတွက် တစ္ဆေဘုရင်သည် သူ့အဖော်သားရဲ၏ စိတ်ကို ထွေပြားစေသော စွမ်းရည်ကိုသာ နိုးထစေခဲ့သည်။
သူ့ရှေ့တွင် ရှိနေသူ၏ ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်း မေးမြန်းထားပြီးဖြစ်ကာ ထိုသူ ဖြေသမျှတိုင်းမှာ အစောပိုင်းက စစ်မေးခဲ့သည်များနှင့် တစ်ထပ်တည်းပင်။
သူ ထွက်သွားတော့မည် ပြုစဉ် သွမ့်ချန်ချင်း၏ အသံကို ကြားလိုက်ရသည်။
“အရင်က သူ လုပ်ခဲ့သမျှ မကောင်းမှုတွေအကြောင်း မေးလိုက် ...”
ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် ထိတ်လန့်သွားသော တစ္ဆေဘုရင်က အနီးဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်သည့်အခါ ... ငုတ်တုတ်ထိုင်နေသည့် ရှဉ့်ပေါက်စတစ်ကောင်ကို တွေ့လိုက်တော့သည်။
အဖော်သားရဲတွေက စကားပြောနိုင်လို့လား ...
သူက အနည်းငယ် အတွေးရခက်သွားသည်။
ဤကမ္ဘာရှိ လူသားများမှာ အဖော်သားရဲ၏ မျက်လုံးမှတစ်ဆင့် မြင်နိုင်ကြသော်ငြား အဖော်သားရဲ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ စကားမပြောနိုင်ကြ။ သို့သော် သွမ့်ချန်ချင်းအဖို့မူ ထိုသို့ ပြောနိုင်ရန် မခဲယဉ်းလှပေ။
သူက အစစ်အမှန် စိတ်ဝိဉာဉ်ဖြင့် ပြောနေခြင်း မဟုတ်။ စိတ်စွမ်းအင်ကို အသုံးပြုကာ လေလှိုင်းများကို တုန်ခါစေခြင်းဖြင့် အသံလှိုင်းများ ထုတ်လုပ်ခဲ့ခြင်းသာ ဖြစ်သည်။
လျှို့ဝှက်၍ အသံပေးပို့သည့် လုပ်ငန်းစဉ်မှာလည်း ဤစည်းမျဉ်းကိုပင် အခြေခံထားခြင်း ဖြစ်သည်။
“မင်း ဘယ်အချိန်က ရောက်နေတာလဲ အဖော်သားရဲက စကားပြောနိုင်တယ်လား ...”
တစ္ဆေဘုရင်က မေးလိုက်သည်။
“ဆက်ပြီးတော့ စစ်ဆေးရမှာ မဟုတ်ဘူးလား ...”
သွမ့်ချန်ချင်းက ပြန်မေးလိုက်သည်။
တစ်ဖက်သူက ဘာတစ်ခွန်းမှ ဆက်ပြောတော့မည် မဟုတ်ကြောင်း သိနေသည့်အတွက် တစ္ဆေဘုရင်လည်း ထိုမေးခွန်းကိုသာ ထပ်မေးလိုက်သည်။
သူ့ရှေ့တွင် ရှိနေသူမှာ အမှန်တကယ်ကို လူကောင်း မဟုတ်ချေ။ သူက ငွေကြေးအများအပြား စုဆောင်းမိရန် အလို့ငှာ မသန့်ရှင်းသည့် လုပ်ရပ်များစွာကို ပြုလုပ်ခဲ့သည်။
“ဒီလိုလူမျိုးကတော့ သေသွားရင်တောင် သနားစရာ မရှိဘူး ... သတ်လိုက်ပြီးတော့ မနက်ဖြန်ကျ ယွင်နန်ကို ဒီလူက ခြေလွန်လက်လွန်ဖြစ်ပြီး သေသွားပြီလို့ ပြောလိုက်ရမလား ...”
တစ္ဆေဘုရင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဒီလိုလူကို ဆက်ပြီး ဖမ်းထားဖို့ဆိုတာ ... အရင်းအမြစ်တွေကို ဖြုန်းတီးရာ မကျဘူးလား ...
“မလိုအပ်ဘူး ... အခု ကျွန်တော်တို့ဆီမှာ လူလိုနေတာ မဟုတ်လား ...”
ရှဉ့်ပေါက်စထံမှ သွမ့်ချန်ချင်း၏အသံ ထပ်ထွက်လာပြန်သည်။
“သူ့ကို ကျွန်တော့်ဆီ လွှဲလိုက် ..."
“မင်းကို ပေးရမှာလား ဘာလုပ်မလို့လဲ ...”
တစ္ဆေဘုရင်က ပဟေဠိ ဖြစ်နေသည့်ဟန်။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“မိစ္ဆာကျွန် လုပ်မလို့ ...”
ကျင့်ကြံရေးလောကတွင် မိစ္ဆာများလည်း ရှိပေသည်။ လူသားကျင့်ကြံသူများက မိစ္ဆာများကို ဖမ်းမိသည့်အခါ ၎င်းတို့ကို သေလုမျောပါး ဖြစ်သည်အထိ ရိုက်နှက်ပြီးနောက် ကျွန်စာချုပ် ချုပ်ဆိုတတ်ကြသည်။
အပြန်အလှန်အားဖြင့် လူသားများအား ကျွန်စာချုပ်ချုပ်ရန် အတင်းအကြပ် ဖိအားပေးသော မိစ္ဆာများလည်း ရှိတတ်ပေသည်။။
မိစ္ဆာအချင်းချင်း၊ လူသားအချင်းချင်းလည်း စာချုပ်ချုပ်ဆိုနိုင်၏။ အရှင်းဆုံး ပြောရပါလျှင် တစ်ဖက်သူကို ကျွန်အဖြစ် အတင်းအကြပ် ဖမ်းဆီးခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့သော စာချုပ်မျိုးမှာ ကျွန်ပြုခံရမည့်သူဘက်မှ လိုလိုလားလား ဆန္ဒရှိမှသာ သို့မဟုတ် သခင်ဖြစ်သူထက် အင်အားနည်းနေမှသာ အောင်မြင်ပေသည်။ အကယ်၍ ကျွန်ဖြစ်သူက ပိုပြီး အင်အားကြီးလာပါလျှင် သခင်က အကျိုးဆက်ကို ခံစားရမည်ဖြစ်သည်။
ထိုစာချုပ်က တစ်ဦးတစ်ယောက်၏ သိစိတ်ဝိဉာဉ်ပေါ်တွင်သာ အခြေခံထား၏။ သို့သော် လက်ရှိကမ္ဘာ၌ သွမ့်ချန်ချင်း၏ သိစိတ်ဝိဉာဉ်ထက် အားကောင်းသူဟူ၍ မရှိချေ။
ထိုသူ၏ သိစိတ်အာရုံတို့မှာ ရှုပ်ထွေးနောက်ကျိနေပြီဖြစ်ရာ များမကြာမီ “ဆန္ဒရှိ” လာပေတော့မည်။
ရှဉ့်ပေါက်စလေးက သက်လတ်ပိုင်း အမျိုးသား၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာကျွန်တစ်ယောက် ရရှိသွားတော့၏။
တစ္ဆေဘုရင် “...”
သူက ဘာတွေ လုပ်နေတာလဲ ...
သွမ့်ချန်ချင်းက သူ့ကို ထပ်ပြောလိုက်သည်။
“လုမိသားစုရဲ့ သခင်လေးကို သွားတွေ့မလို့ မဟုတ်လား ...”
“ဘယ်လိုလုပ် သိတာလဲ ...”
“မှန်းကြည့်တာ ...”
တစ္ဆေဘုရင် “ကောင်းပြီလေ ...”
သွမ့်ချန်ချင်းက ထပ်ပြောလိုက်သည်။
“ပင်မခရိုင်ကို သွားမှာဆိုတော့ ယန်ယုကောနဲ့ လျောင်မုယဲ့ကိုပါ တစ်လက်စတည်း ဝင်စစ်ဆေးကြည့်ခဲ့ပါဦး အထူးသဖြင့် လျောင်မုယဲ့ပဲ ... သူ့ကိုကြည့်ရတာ တစ်ခုခု မှားနေတယ်လို့ ခံစားနေရတယ် ...”
“ဘာလို့ မင်းကိုယ်တိုင် သွားမကြည့်တာလဲ ...”
“ယွင်နန်ကို ထားပြီး သွားစုံစမ်းရမှာလား ...”
တစ္ဆေဘုရင် “...”
တစ္ဆေဘုရင်က ခပ်သွက်သွက် ထွက်သွားလိုက်သည်။ သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှဉ့်ပေါက်စလေးကလည်း လေဝင်ပေါက်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
အိပ်ခန်းထဲတွင် ရှဲ့ယွင်နန်က ရေချိုးနေကာ သွမ့်ချန်ချင်းက ရှောင်ပိုင်၏ နောက်ကျောကို ပွတ်သပ်ပေးနေသည်။ ရှောင်ပိုင်ကလည်း သူ့လက်များကို အားတက်သရော လျာဖြင့် လျက်ပေးနေ၏။
ပြတင်းပေါက် အက်ကွဲကြောင်းမှတစ်ဆင့် ရှဉ့်ပေါက်စလေး ဝင်လာသည့်အခါ ရှောင်ပိုင်မှာ ချက်ခြင်း စိတ်အားတက်ကြွသွားပြီး ရှဉ့်ပေါက်စအနီးသို့ သွားလိုက်သည်။
သွမ့်ချန်ချင်းက မတတ်သာစွာဖြင့် ပြောလိုက်သည်။
“ပေါက်စလေး .. ဘာအသိစိတ်မှကို မရှိဘူး ...”
ရေချိုးခန်းထဲမှ ထွက်လာသည့် ရှဲ့ယွင်နန်မှာလည်း ရှောင်ပိုင်နှင့် ဝင်တိုက်မိလုမတတ်ပင်။ သူက သွမ့်ချန်ချင်း၏ စကားများကို ကောင်းကောင်း နားမလည်လိုက်သည့်အတွက် နောက်တစ်ကြိမ် ပြန်မေးလိုက်သည်။
“ဘာပြောလိုက်တာလဲ ...”
“ရှောင်ပိုင်က အသိတရားကို မရှိဘူးလို့ ... ကြည့်ပါလား ရှောင်ဟွား ရောက်လာတာနဲ့ ကျွန်တော့်ကို ချက်ခြင်းကို စွန့်ပစ်လိုက်တာ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
ရှဲ့ယွင်နန် “...”
သူက ရှောင်ဟွားကို မနာလို ဖြစ်နေတာလား ....
“ယွင်နန် ကျွန်တော် ဆံပင်ကို လေမှုတ်ပေးမယ် ...”
သွမ့်ချန်ချင်းက ဆံပင်အခြောက်ခံစက်ကို ကိုင်ကာ မျှော်လင့်ချက် ကြီးစွာဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ကောင်းပါပြီ ...”
ရှဲ့ယွင်နန်က ခပ်ဖွဖွ ရယ်မိသွားတော့သည်။
သွမ့်ချန်ချင်းက သူ့ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးကာ ဆံပင်များကို နည်းနည်းချင်းစီ အခြောက်ခံပေးလိုက်သည်။ ရှဲ့ယွင်နန်ကလည်း ထိုခံစားချက်ကို များစွာ သဘောကျမိ၏။
သူက ရုတ်ချည်းဆိုသလို ယဇ်ဆရာ ဖြစ်လာကာ သူ့အပေါ် ရှချင်၏ သဘောထားသည်ပင် ရုတ်တရက် ပြောင်းလဲသွားသည့်တိုင် သွမ့်ချန်ချင်းကမူ ယခင်အတိုင်း မပြောင်းမလဲ ဆက်ဆံနေမြဲပင်။
သွမ့်ချန်ချင်းမှာ မှတ်ဉာဏ်ပျောက်ဆုံးကာ ကိစ္စအများစုကို မမှတ်မိနိုင်တော့သည့်တိုင် သူကတော့ တကယ် သဘောကျမိခဲ့သည်။
သူ့နောက်သို့ လိုက်လာရင်း သွမ့်ချန်ချင်းမှာ များစွာ ကြောက်ရွံ့နေခဲ့ပေလိမ့်မည်။ ဤရက်ပိုင်းအတွင်း သူကလည်း ကျင့်ကြံရင်း အလုပ်များနေသည့်အတွက် သွမ့်ချန်ချင်းနှင့် အချိန်အများကြီး အတူတူ ရှိမပေးနိုင်ခဲ့။
ဤရက်ပိုင်းအတွင်း သွမ့်ချန်ချင်းသည် သူ့အတွက် ချက်ပြုတ်ပေးရင်း .. တိတ်တဆိတ်သာ အဖော်ပြုပေးနေခဲ့ကြောင်း တွေးလိုက်မိသည့်အခါ ရှဲ့ယွင်နန်က သူ့အိမ်ထောင်ဖက်ကို အမြဲ လျစ်လျူရှုမထားသင့်ဟု ခံစားမိလာသည်။
သူက သွမ့်ချန်ချင်းကို ပွေ့ဖက်ကာ နောက်တစ်ကြိမ် နမ်းလိုက်ပြန်သည်။
“ချန်ချင်း ... အခု ကိုယ့်မှာ ပြဿနာလေး နည်းနည်း ရှိနေတယ် အဲဒါတွေ ပြီးသွားရင် ကိုယ် မင်းကို ကစားဖို့ အပြင်ခေါ်သွားပေးမယ်နော် မင်း ဘာလိုချင်လဲ အဲဒီ့အချိန်ကျ ကိုယ် မင်းကို ဝယ်ပေးမယ် ...”
ယဇ်ဆရာတစ်ဦး ဖြစ်သည့်အလျောက် အခြားသူများအား ကုသကာ ငွေရှာနိုင်တော့မည် ဖြစ်သည့်အတွက် အနာဂတ်တွင် သူ့လက်ထဲ၌ ငွေပြတ်လပ်တော့မည် မဟုတ်ချေ။
“ခင်ဗျားကိုပဲ လိုချင်တယ် ...”
သွမ့်ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။
ရှဲ့ယွင်နန်၏ မျက်နှာတစ်ခုလုံး ရုတ်ချည်း နီရဲသွားတော့၏။
သူ့အိမ်ထောင်ဖက်က အရမ်းကို တည့်တိုးဆန်တာပဲ ပြီးတော့ နွေးလည်း နွေးထွေးတယ် ...
......
ပင်မခရိုင်တွင် ...
ဤရက်ပိုင်းအတွင်း ယဇ်ဆရာနှစ်ဦးက အိမ်ထဲတွင်သာ နေနေကြကာ ဟုန်ယဲ့မြို့သို့ လည်ပတ်ကစားရန် လိုက်လာကြသည့် သခင်လေးများမှာမူ ... ရူးသွပ်လုမတတ်ပင် လည်ပတ်ကစားနေခဲ့ကြသည်။
ဟုန်ယဲ့မြို့တော်ရှိ အရာဝတ္ထုအများစုမှာ မြင့်မြတ်မြို့တော်နှင့် မတူညီသည့်အတွက် ဆန်းသစ်သည့် ခံစားချက်ကို ပေးစွမ်းပေသည်။
သို့သော် သခင်လေးတစ်ဦးမှာမူ ခြွင်းချက်ပင်။
လုရှောင်ယန်က ထိုအုပ်စုထဲ ဝင်ပါခဲ၏။ ဘေးနားတွင်သာ ရပ်ကြည့်နေလေ့ ရှိပေသည်။ ထိုမျှသာမက သူသည် နေ့တိုင်း အမဲလိုက်ထွက်လေ့လည်း ရှိသေးသည်။
ယနေ့တွင်လည်း လုရှောင်ယန်က အမဲလိုက်ထွက်ခဲ့သေးသော်ငြား မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ သားကောင်တစ်ကောင်မှ ရမလာခဲ့ချေ။ ထိုမျှသာမက အပြင်မှ ပြန်ရောက်လာကတည်းက အခန်းတံခါးပိတ်၍ တစ်ယောက်တည်း နေနေခဲ့သည်။
“လုကောက အင်အားကြီးတဲ့ အံ့ဖွယ်သားရဲနဲ့ တွေ့လာတာများလား ...”
“ဖြစ်နိုင်လောက်တယ် ...”
“သူ ဘာလို့ ထွက်မလာသေးတာလဲ ညစာတောင် မစားတော့ဘူးလား ...”
“လုကောက ဒီနေ့တိုက်ပွဲကို ပြန်ဆန်းစစ်နေတာများလား သူက ငါတို့နဲ့ မတူဘူးလေ သူ့ခွန်အား ဘယ်လို တိုးတက်အောင် လုပ်ရမလဲ ဆိုတာကိုပဲ အချိန်ပြည့် အာရုံစိုက်နေတာ မဟုတ်လား ...”
အတင်းအဖျင်းကြိုက်သူတို့၏ စကားဝိုင်းမှာ လုရှောင်ရန်ကို လေးစားအားကျခြင်းဖြင့်သာ အဆုံးသတ်သွားပြန်တော့သည်။
အိပ်ခန်းထဲတွင် .. လုရှောင်ယန်က မျက်နှာသေဖြင့် ထိုင်ကာ အသားခြောက်ကို စားနေသည်။
ယနေ့ တောအုပ်ထဲ၌ မျက်နှာပျက်ခဲ့ရသည့်အတွက် တစ်ယောက်တည်းသာ နေလိုတော့သည်။
အဲဒီ့လူတွေက သူ့ကို တကယ်ကြီး သိနေကြတာ ... အခုအချိန်လောက်ဆို သူ့ကို ဘယ်လိုတွေတောင် ထင်နေကြမလဲ မသိဘူး ...
မဟုတ်မှလွဲရော သူ့ကိုလည်း သူ့အဖော်သားရဲလိုပဲ အူကြောင်ကြောင်နိုင်တယ်လို့များ ထင်သွားကြလား မသိဘူး ...
မဖြစ်ရဘူး .. ဒါမျိုး ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်ဘူး ...
သူ့မှာ ဘာလို့ ဒီလို အဖော်သားရဲမျိုး ရှိနေရတာလဲ ...
လုရှောင်ယန်က ချက်ခြင်း သူ့အဖော်သားရဲကို ခေါ်ထုတ်ပြီး ၎င်းကို လည်ပင်းမှ ဆွဲကိုင်ကာ အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
“မင်း အနာဂတ်ကျ ဒါမျိုး လုပ်ဦးမှာလား ...”
သူက လည်ပင်းကို ညှစ်ရာ၌ အားထည့်မထား။ထို့ကြောင့် ဟက်စကီးက သူ့ကို ကစားပေးနေသည်ဟုသာ ထင်ကာ “ဝူး ...” ဟု သံရှည်ဆွဲ၍ သူ့လက်ကို လျက်လိုက်တော့သည်။
“အရူးကောင် ...”
လုရှောင်ယန်က ကျိန်ဆဲလိုက်သည်။
သူ့အဖော်သားရဲမှာမူ ပို၍ပင် အူမြူးသွားသည့်ဟန်။ သူ့အပေါ် ခုန်အုပ်ကာပင် လျာဖြင့် လျက်လိုက်တော့သည်။
“မင်းကတော့ ပျော်နေ .. ငါက မျက်နှာပျက်ရပြီကွ ...”
“ဘာလို့ ဒီလောက် ရူးကြောင်ကြောင် ဖြစ်နေရတာလဲ ... ဟမ် ...”
“အဲဒီ့အလှလေးက ငါ့ကို ဘယ်လိုမြင်သွားမလဲတောင် မတွေးတတ်တော့ဘူး ...”
“ငါ တစ်ချိန်လုံး စင်ဂယ်ဖြစ်နေတာ မင်းကြောင့်ပဲ ..."
တစ္ဆေဘုရင်က သူ၏ အားမကိုးရသည့် တူတော်မောင်မှာ အဖော်သားရဲနှင့် လုံးထွေးစနောက်နေခြင်းကို ရပ်တန့်ဦးမည် မဟုတ်ကြောင်း သိနေသည့်အတွက် ပြတင်းပေါက်တံခါးကို ခေါက်လိုက်သည်။
လုရှောင်ယန်က ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ပြီးနောက် အေးခဲသွားတော့သည်။
တစ္ဆေဘုရင်က သူ့ကို တံခါးဖွင့်ပေးရန် လက်ဟန်ခြေဟန် ပြလိုက်သော်လည်း လုရှောင်ယန်က လှုပ်ရှားမလာ။ ထို့ကြောင့် သူက တံခါးကို အားဖြင့် ဆွဲဖွင့်ကာ ဝင်လာလိုက်တော့သည်။
“မင်းကတော့ အမြဲတမ်း တက်ကြွနေတုန်းပဲနော် ...”
“ခင်ဗျားက ဘယ်သူလဲ ...”
လုရှောင်ယန်က မေးရင်း ထွက်ပြေးရန်လည်း အဆင်သင့် ပြင်ထားလိုက်သည်။
သူ့ရှေ့တွင် ရှိနေသူမှာ ရင်ဆိုင်ရန် လွယ်ကူသူ မဟုတ်နိုင်။
တ
စ္ဆေဘုရင်က ပြုံးပြလိုက်သည်။
“ငါက မင်းရဲ့ဦးလေး ...”
လုရှောင်ယန်က အံ့ဩထိတ်လန့်သွား၏။
“ဦးလေး ဘာလို့ ဒီလောက်အထိ ရုပ်ဆိုးသွားရတာလဲ ...”
သူ့အဒေါ်က မျက်နှာလှလှလေးတွေကို အရူးအမူးကြိုက်တဲ့သူလေ ဦးလေးရဲ့ ဒီပုံစံကိုသာ မြင်လိုက်ရင် သေချာပေါက်ကို ရွံသွားမှာ ...
တစ္ဆေဘုရင် “...”