အပိုင်း ၄၇
Viewers 7k

Chapter 47




တစ္ဆေဘုရင်သည် သွမ့်ချန်ချင်း စိုက်ခင်းထဲသို့ စပြောင်းလာကတည်းက သူ့အား ဝရမ်းထုတ်ထားသည့် အကြောင်းကို ပြောကာ ထိုဝရမ်းကိုပါ တစ်ပါတည်း ထုတ်ပြထားပြီးဖြစ်သည်။ 


ထို အလိုရှိစာရင်းထဲတွင် တပ်ဆင်ထားသည့် မျက်နှာဖုံးမှာ သူတို့၏ ရှေ့တွင် ရှိနေသည့် အမျိုးသား၏ မျက်နှာဖုံးနှင့် တစ်ထပ်တည်းပင်။ 


အကယ်၍ တစ်စုံတစ်ယောက်က တစ္ဆေဘုရင်ကို သိမထားပါလျှင် ထို ရပ်နေသူမှာ S အဆင့် အလိုရှိရာဇဝတ်ကောင် တစ္ဆေဘုရင် ဖြစ်သည်ဟုသာ တစ်ထစ်ချ ယုံကြည်သွားမည်ဖြစ်သည်။ 


သို့သော် သွမ့်ချန်ချင်းနှင့် ရှချင်တို့မှာ ထိုသူသည် တစ္ဆေဘုရင်နှင့် သက်ဆိုင်ခြင်း အလျဉ်းမရှိကြောင်း သိထားကြသူများ ဖြစ်ပေသည်။ 


“ရှင်က ဘယ်သူလဲ ပြီးတော့ ဘာလိုချင်လို့လဲ ...”


ရှချင်က လူစိမ်းကို စိုက်ကြည့်လိုက်သည်။ သူမ၏ အဖော်သားရဲ ခွေးတူဝက်တူမှာလည်း အချိန်မရွေး ပြေးထွက်လာကာ ခုန်အုပ်တော့မည့်ဟန်။ 


မျက်နှာဖုံး တပ်ထားသည့် အမျိုးသားက လှောင်ရယ်ရုံမှအပ စကားတစ်ခွန်းမှမဆိုပေ။ ထိုအစား သူက သွမ့်ချန်ချင်း၏ အနားသို့သာ ပြေးဝင်လာသည်။ တစ်ချိန်တည်းမှာပင် လက်မောင်းလုံးခန့် အရွယ်အစားရှိသည့် မြွေတစ်ကောင်ကပါ သစ်ပင်ပေါ်မှ ပြုတ်ကျလာကာ ရှချင်ကို ကိုက်လိုက်သည်။ 


ထိုသူမှာ မွေးကတည်းက ပုန်းအောင်းနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် အဆိပ်ပြင်းသော မြွေတစ်ကောင်အား အဖော်သားရဲအဖြစ် ပိုင်ဆိုင်ထားသော ဆဌမအဆင့် တိုက်ခိုက်သူတစ်ဦး ဖြစ်ပေသည်။ ဤသို့ လုပ်ဆောင်ရန် အခကြေးငွေကို လက်ခံထားသူဖြစ်ပြီး သူ့ကို ငွေပေးသူက ရှဲ့ယွင်နန်ကို ဖမ်းဆီးလာရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။  


သူက ရှဲ့ယွင်နန်ကို ဖမ်းဆီးရမည့် အဖွဲ့နှင့်အတူ လိုက်နေခဲ့သော်လည်း ကံဆိုးစွာဖြင့် ရှဲ့ယွင်နန်၏ နံဘေးရှိ အမျိုးသားကို အနိုင်မတိုက်နိုင်ချေ။ 


ထို့ကြောင့် နောက်ထပ် အကောင်းဆုံးရွေးချယ်မှုတစ်ခု အနေဖြင့် သူ့ရှေ့တွင် ရှိနေသူကိုသာ ပြန်ပေးဆွဲရန် ဆုံးဖြတ်လိုက်တော့သည်။ 


သူ့ကို ငွေပေးခဲ့သူက မူလက ရှဲ့ယွင်နန်ကို ပြန်ပေးဆွဲရန်သာ ပြောခဲ့သော်ငြား နောက်ပိုင်းတွင် ရှဲ့ယွင်နန်နှင့် အခြားသူကို ပြန်ပေးဆွဲရန် နောက်ထပ် ငွေပမာဏတစ်ခု ပေး၍ ကမ်းလှမ်းခဲ့သည်။ 


ထိုအဖွဲ့၏ အင်အားကို တွေ့မြင်ရပြီးနောက် ပြန်ပေးဆွဲချင်စိတ်ပင် မရှိတော့။ သို့သော် ကမ်းလှမ်းလာသည့် ပမာဏမှာ များပြားသည့်အတွက် စိတ်မပါသည့်တိုင် လိုက်လာရတော့၏။ ထို့နောက် သွမ့်ချန်ချင်းနှင့် ရှချင်တို့ နှစ်ယောက်တည်း ကွဲထွက်လာသည်ကို အခွင့်ကောင်း ယူခဲ့လိုက်သည်။ 


ထိုသူနှစ်ဦးအနက် အမျိုးသမီးမှာ အနည်းငယ် အင်အားရှိသည်ဟု ထင်ရနိုင်သော်ငြား အမျိုးသားမှာမူ သာမန်သူတစ်ဦး ဖြစ်နိုင်ချေ များပေသည်။ အကယ်၍ အမျိုးသမီးကသာ ထိုသူကို ကာကွယ်ပေးလိုပါလျှင် သူမ၏ အင်အားကို အစွမ်းကုန်ထုတ်၍ တိုက်နိုင်မည်မဟုတ်။ ထို့အပြင် သူ့အဖော်သားရဲမှာ အဆိပ်ပြင်းသည့် သားရဲအမျိုးအစား ဖြစ်သည့်အလျောက် တစ်ဦးတည်းကိုဖြစ်စေ နှစ်ဦးလုံးကိုဖြစ်စေ ဖမ်းဆီးနိုင်ရန် မခဲယဉ်းလှချေ။ 


သူ့အကြံမှာ အတော်လေး ပြီးပြည့်စုံသည်ဟု ပြော၍ရပေသည်။ 


သူက ရှချင် အာရုံပျက်ပြားသွားစေရန်အတွက် သွမ့်ချန်ချင်းကို တိုက်ခိုက်လိုက်သည်။ 


သို့သော် သွမ့်ချန်ချင်းအနီးသို့ အားအင်အပြည့်ဖြင့် ပြေးလာစဉ်မှာပင် ခြေထောက်အောက်ရှိ အရာဝတ္ထုတစ်ခုနှင့် ခလုတ်တိုက်မိကာ မြေကြီးပေါ်သို့ မျက်နှာအပ်လျက် ပြုတ်ကျသွားတော့သည်။ 


ထိုသူက အနည်းငယ် ကြောင်အသွားတော့၏။ 


ထိုသူက သွမ့်ချန်ချင်းအား တိုက်ခိုက်လိုခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ ရှချင်လည်း ပျာယာခတ်သွားတော့သည်။ 


သူမ၏ ခေါင်းဆောင်က သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်ကို လွန်စွာ တန်ဖိုးထား၏။ အကြောင်းအရင်းကို မသိရသည့်တိုင် သူတို့နှစ်ယောက်အား ကာကွယ်ရန် အမိန့်ရထားသည့်အတွက် မည်သည့်အကြောင်းကြောင့်မှ သွမ့်ချန်ချင်းကို ထိခိုက်စေ၍ မဖြစ်ချေ။ 


သူမက အဆိပ်ပြင်းသည့် မြွေအား တားဆီးထားရန် သူမ၏ အဖော်သားရဲကို အမိန့်ပေးလိုက်ကာ သွမ့်ချန်ချင်းကို ကယ်တင်ရန် ပြင်လိုက်သည်။ သို့သော် ...


ပြန်ပေးသမားက သူ့ခြေထောက်နဲ့သူ ခလုတ်တိုက်ပြီး လဲကျသွားတာလား ???


သူမက ဝုန်းခနဲ ပြေးဝင်လိုက်သည်။ 


သူမ၏ အဖော်သားရဲဖြစ်သော ခွေးတူဝက်တူကလည်း အဆိပ်ပြင်းလှသည့် မြွေနှင့် တိုက်ခိုက်နေ၏။


ထူထဲကြမ်းတမ်းလှသည့် အရေပြားကို ပိုင်ဆိုင်ထားသည့် ခွေးတူဝက်တူသည် အဆိပ်မြွေကို ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ 


သွမ့်ချန်ချင်းက ဘေးသို့ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်ကာ ခြောက်သွေ့နေသည့် သစ်ပင်တစ်ပင်အနီးတွင် ထိုင်ချရင်း ရှချင်တို့နှစ်ဦး၏ တိုက်ပွဲကို ကြည့်နေလိုက်သည်။ 


နှစ်ဦးလုံးမှာ ဆဌမအဆင့် တိုက်ခိုက်သူများ ဖြစ်ကြသည့်အလျောက် တိုက်ပွဲမှာ များစွာ ဆူညံလှသည်။ ထိုးချက်ကန်ချက်များကြောင့် အနီးအနားရှိ သစ်ပင်များပင်လျှင် ကျိုးပဲ့ပျက်စီးသွားတော့သည်။ 


သို့သော် ရှချင်က သူတို့အား ရုတ်တရက် တိုက်ခိုက်လာသူကို ဘေးသို့ ဆွဲခေါ်သွားသည့်အတွက် သွမ့်ချန်ချင်းအပေါ် သက်ရောက်ခြင်း မရှိခဲ့ပေ။ 


သူက သက်တောင့်သက်သာ ဖြစ်စွာဖြင့် ထိုင်ကြည့်နေခဲ့သည်။


ကြမ်းတမ်းလှသည့် တိုက်ကွက်များကြောင့် များမကြာမီမှာပင် သာ့ဟောက်နှင့် သာ့ဟေးတို့ပါ ရောက်လာတော့သည်။ ရှချင်နှင့်အတူ သုံးယောက်ပေါင်းကာ အမည်မဲ့တိုက်ခိုက်သူကို ပူးပေါင်းတိုက်ခိုက်လိုက်ကြတော့သည်။ 


သုံးယောက်ပေါင်းကာ အရိုက်ခံလိုက်ရသည့် ကြေးစားတိုက်ခိုက်ရေးသမား “ဖာ့ခ် ...”


သူက မျက်နှာတွင် အမာရွတ်အပြည့်နှင့် အမျိုးသားမှာ လွန်စွာ သန်မာလှသည့်အပြင် သူ့ငယ်သားများမှာလည်း အားမနည်းလှဟု ခံစားမိခဲ့သည်။ သို့သော် ထိုသုံးယောက်လုံးမှာ ဆဌမအဆင့် တိုက်ခိုက်သူများ ဖြစ်နေလိမ့်မည်ဟုတော့ လုံးဝ ထင်မထားမိခဲ့ချေ။ 


မူလအကြံအစည်အတိုင်းသာဆိုလျှင် ထိုသုံးယောက်သည်ပင် သူ့အတွက် ပြဿနာ မဟုတ်သေးချေ။ မူလလူကို ကာကွယ်ပေးသည့် အမျိုးသမီးအား အခွင့်ကောင်း ယူနိုင်ပေသည်။ အကယ်၍ ထိုအမျိုးသမီးကို မဖမ်းနိုင်သည့်တိုင် သွမ့်ချန်ချင်းကိုတော့ ဖမ်းဆီးနိုင်မည်ဖြစ်သည်။ 


ထင်မှတ်မထားစွာဖြင့် သွမ့်ချန်ချင်းအား အမိဖမ်းနိုင်တော့မည့် အချိန်တွင် လဲကျသွားခဲ့ရ၏။ 


“ရှင်က ဘယ်သူလဲ ...”


ရှချင်က သူ့ရင်ဘက်ပေါ် နင်းကာ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။ 


“ငါက တစ္ဆေဘုရင်ပဲ မင်းတို့တွေ ငါ့ကို လွှတ်လိုက်တာ ပိုကောင်းလိမ့်မယ် မဟုတ်ရင် ငါ့ငယ်သားတွေက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး ..”


သူက ပြောလိုက်သည်။ 


ရှချင် “...”


အားနာပေမယ့် ... တို့တွေကမှ တစ္ဆေဘုရင်ရဲ့ ငယ်သားတွေပါနော် ...


“တစ္ဆေဘုရင်က ဒီလောက်တောင် ပျော့ညံ့တယ်ပေါ့ ...”


သာ့ဟောက်က လှောင်ရယ်လိုက်သည်။ 


ထိုသူက ပြောလိုက်သည်။ 


“ငါက မတော်တဆ ထိခိုက်သွားလို့ ခွန်အားတွေ တစ်ဖြည်းဖြည်း လျော့နည်းကုန်တာ မင်းတို့သာ ငါ့ကို လွှတ်ပေးရင် လုံလုံလောက်လောက် ဆုချမှာပါ ...”


သွမ့်ချန်ချင်းက ထိုသူကို ကြည့်နေရင်း ပြီးခဲ့သည့် ဘဝက သူတွေ့ခဲ့ဖူးသည့် "ငါက ချင်ရှီဟွမ် အတူတူ ငွေရှာကြရအောင်” ဟူသည့် လိမ်ဆင်များကို သတိရလိုက်မိတော့သည်။ 


ဒီလူက တစ္ဆေဘုရင်လို ဟန်ဆောင်တာ တော်တော်လေးကို ပြီးပြည့်စုံတာပဲ ....


ရှချင်က သူ့မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။ 


ထိုသူမှာ အသက်အားဖြင့် မငယ်လှတော့။ လေးဆယ်ဝန်းကျင်ခန့်ပင် ရှိနေပြီဖြစ်ကာ မျက်လုံးထောင့်နားတွင် အရေးအကြောင်းများ ရှိနေသည်မှအပ ရုပ်ရည်မှာ အတော်လေး သာမန်ဆန်လှပေသည်။ 


“ရှင်က တစ္ဆေဘုရင်ဆို ပိုတောင် ကောင်းသေးတယ် S အဆင့် ရာဇဝတ်ကောင်ကို ဖမ်းမိလာတာဆိုတော့ ဆုကြေးက တော်တော်လေး မြင့်မှာပဲ ...”


ရှချင်က သူမ၏ လက်ထဲရှိ မျက်နှာဖုံးဖြင့် ထိုသူကို ရိုက်လိုက်သည်။ 


“ငါ့ငယ်သားတွေက ပြန်ပြီး လက်စားချေမှာကို မကြောက်ဘူးလား ...”


ထိုသူက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ 


ရှချင်က လွန်စွာ အေးဆေးတည်ငြိမ်နေ၏။ 


“လူတွေက ငွေအတွက် ရှင်သန်တယ် ငှက်တွေက အစာအတွက် သေကြတယ် ... ရှင်က တစ္ဆေဘုရင်ဆိုတော့ .. ရှင့်အတွက်လည်း အသက်ရှင်ရတာ နည်းနည်း အန္တရာယ်များမှာပဲ .. ရှင့်ကို သတ်ပြီးပဲ ဆုကြေးယူလိုက်တော့မယ်လေ ...”


“နေ ... နေပါဦး ငါက တစ္ဆေဘုရင် မဟုတ်ဘူး ဟန်ဆောင်နေတာပါ ...”


ထိုသူက အလောတကြီး ပြောလိုက်သည်။ သူသည် ဟုန်ယဲ့မြို့ခံတစ်ဦးသာ ဖြစ်ပေသည်။ 


သူသည် မိသားစုကြီးမှ မွေးဖွားလာသူမဟုတ်သလို သူ့မိသားစုမှာလည်း မကြွယ်ဝပေ။ ထို့ကြောင့် ခွန်အားသန်မာလာသည့်တိုင် အံ့ဖွယ်သားရဲများအား အမဲလိုက်ခြင်းဖြင့်သာ အသက်မွေးခဲ့ရသည်။ 


သို့သော် ငွေဝင်သည့်နှုန်းမှာ လွန်စွာ နှေးကွေးလှသည့်အတွက် ... အခြားအလုပ်များကိုပါ စတင် လုပ်ကိုင်ခဲ့တော့သည်။ ဥပမာအားဖြင့် ရာဇဝတ်မှုကဲ့သို့သော ဥပဒေနှင့် မကင်းလွတ်သည့် အလုပ်မျိုး ဖြစ်ပေသည်။ 


ထိုသို့သော လူမျိုးကို အမှောင်ဘက်တော်သားများဟု ခေါ်ကြကာ သူသည် ဟုန်ယဲ့မြို့၏ အမှောင်လောကသားများအနက် အကောင်းဆုံးပင်ဖြစ်သည်။ 


အမှောင်လောကသားတစ်ဦး ဖြစ်သည့်အလျောက် သူသည် တစ္ဆေဘုရင်ကို လွန်စွာ လေးစားအားကျကာ သရုပ်ဆောင်ချိန်တွင် တစ္ဆေဘုရင်၏ မျက်နှာဖုံးကို မကြာမကြာ ဝတ်ဆင်လေ့ရှိသည်။ 


“ဘာဖြစ်နေတာလဲ ...”


ရှဲ့ယွင်နန်၏ အသံနှင့်အတူ ခြေသံများပါ တရစပ် ထွက်ပေါ်လာသည်။ 


“ချန်ချင်း အဆင်ပြေရဲ့လား ...”


ရှဲ့ယွင်နန်က တစ္ဆေဘုရင်နှင့်အတူ အမဲလိုက်ခြင်းအား သင်ယူရန် ထွက်သွားခဲ့သော်လည်း ဤနေရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်အတွက် အမြန် ပြန်လာခဲ့လိုက်သည်။ 


လမ်းတစ်လျှောက် သွမ့်ချန်ချင်း တစ်ခုခု ဖြစ်သွားလေမလားဟုလည်း စိုးရိမ်နေမိ၏။ သွမ့်ချန်ချင်းမှာ ထိခိုက်ခြင်း အလျဉ်းမရှိကြောင်း သိလိုက်ရမှသာ စိတ်အေးသွားတော့သည်။ ထို့နောက် အဖမ်းခံထားရသူအား အကဲခတ်လိုက်၏။ 


ထိုသူ၏ မျက်နှာကို မြင်လိုက်သည့်အခါ ရှဲ့ယွင်နန်၏ အမူအယာတို့ ပြောင်းလဲသွားတော့သည်။ 


သူက ထိုသူကို ကောင်းကောင်း သိနေပေသည်။ 


သူရထားသော မှတ်ဉာဏ်များထဲ၌ ထိုသူက သူ့ကို အံ့ဖွယ်သားရဲတို့၏ အရှေ့သို့ တွန်းပို့ကာ အသေသတ်ရန် ကြံစည်ခဲ့သူ ဖြစ်သည်။ 


ထိုသူ၏ ပြောစကားအရ ယန်ယုကောက ထိုသို့လုပ်ရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။ 


ဒါ ယန်ယုကောရဲ့ လူလား ...


“ယွင်နန် ဘာဖြစ်လို့လဲ ...”


သွမ့်ချန်ချင်းက သူ့ကို စိုးရိမ်တကြီး မေးလိုက်သည်။ မြေပေါ်တွင် လဲကျသူကို စိုက်ကြည့်ပြီးနောက် ရှဲ့ယွင်နန်မှာ အနည်းငယ် စိတ်ထိခိုက်သွားဟန်ပင်။ 


“အဆင်ပြေပါတယ် ကိုယ်က မင်း တစ်ခုခု ဖြစ်သွားမှာကို ကြောက်နေတာ ...”


သူက သွမ့်ချန်ချင်းကို ပြုံးပြလိုက်သည်။ 


“ကျွန်တော့်မှာ ကာကွယ်ပေးမယ့် ရှချင် ရှိတယ်လေ ...”


သူက အနီးသို့ လျှောက်လာကာ ရှဲ့ယွင်နန်၏ လက်ကို ကိုင်လိုက်သည်။ 


ရှချင်က သွမ့်ချန်ချင်းကို ငေးကြည့်နေရင်း အနည်းငယ် ထူးဆန်းသယောင် ခံစားမိလာ၏။ 


အစောပိုင်း တိုက်ခိုက်နေကြတုန်းက ဘာလို့ .. သွမ့်ချန်ချင်းက နည်းနည်းလေးတောင် မကြောက်ဘူးလို့ ခံစားနေမိပါလိမ့် ....


ဒီတစ်ယောက်က နည်းနည်း အူကြောင်ကြောင် နိုင်လို့ပဲ ကြောက်တယ်ဆိုတာတောင် ဘာမှန်း မသိတာများလား ...


ဒါမှမဟုတ် ရန်သူက အင်အားနည်းလွန်းတယ်လို့ ခံစားရလို့ပဲ အထိတ်အလန့် ကင်းနေတာလား ...


သူမက အခြေအနေကို မမှန်းဆနိုင်သည့်အတွက် တစ္ဆေဘုရင်ကိုသာ ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြလိုက်သည်။ 


တစ္ဆေဘုရင်က နှစ်ကြိမ်တိုင် ရေရွတ်လိုက်၏။ 


“လဲကျသွားတာက တော်တော်ကို သပ်ရပ်တာပဲ ...”


သွမ့်ချန်ချင်းကို ဖမ်းဖို့လုပ်ရင်း လဲကျသွားတယ် ... ဒါ သေချာပေါက်ကို သွမ့်ချန်ချင်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ...


“ဟုတ်တယ် သူ လဲကျသွားလို့ တော်သေးတာပေါ့ မဟုတ်ရင် သွမ့်ချန်ချင်းက သေချာပေါက် အဖမ်းခံလိုက်ရမှာ ...”


တစ္ဆေဘုရင်က ထိုသူ သွမ့်ချန်ချင်းအား ဖမ်းဆီးသွားမည်ကို အမှန်တကယ်ပင် မျှော်လင့်မိနေပေသည်။ 


သို့သော် ရှဲ့ယွင်နန်၏ အရှေ့တွင် ဤကဲ့သို့ ထုတ်ပြောလိုက်၍လည်း မဖြစ်။ 


သူက ပြောလိုက်သည်။ 


“ဒီလူကို ခေါ်လာခဲ့ ပြီးတော့ သူ့ကို ဘယ်သူ ခိုင်းလိုက်တာလဲဆိုတာ သိရအောင် စစ်မေးထား ...”


“ကျွန်တော်လည်း လိုက်ခဲ့မယ် ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


ဒီလူက ဘာတွေ ကြံစည်နေတာလဲ ဆိုတာကို သူကိုယ်တိုင်လည်း သိချင်တယ် ...


စစ်ဆေးမေးမြန်းခြင်းမှာ များသောအားဖြင့် သွေးထွက်သံယိုကိစ္စများ ပါဝင်တတ်ပေသည်။ တစ္ဆေဘုရင်က သားဖြစ်သူအား ဤကဲ့သို့သော မြင်ကွင်းမျိုးကို အမြင်မခံလိုသော်လည်း တစ်ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ 


“ကောင်းပြီလေ ဒါဆို မင်းလည်း လိုက်ခဲ့လိုက် ...”


ရှဲ့ယွင်နန်က မလှမ်းမကမ်းရှိ ရှချင်နှင့် အခြားသူများနောက်သို့ လိုက်သွားလိုက်သည်။ စစ်ဆေးမေးမြန်းရာ၌ သွေးထွက်သံယို ဖြစ်လာနိုင်သည့်အတွက် မည်သူကမှ သွမ့်ချန်ချင်း၏ မျက်စိရှေ့တွင် မလုပ်လိုပေ။


ဒါပေမယ့် ... အစကနေ အဆုံးအထိ သွမ့်ချန်ချင်းက တော်တော်လေး တည်ငြိမ်လွန်းနေသလားလို့နော် ...


လေးဦးစလုံး အနည်းငယ် ပဟေဠိ ဖြစ်သွားကြသော်ငြား လျစ်လျူရှုကာ တိုက်ခိုက်လာသူ၏ ဇစ်မြစ်နှင့် ရည်ရွယ်ချက်ကိုသာ စစ်မေးလိုက်ကြသည်။ 


ထိုသူကို ယန်ယုကောက စေလွှတ်ခဲ့ခြင်းဖြစ်ကာ ရှဲ့ယွင်နန်ကို ဖမ်းဆီးရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရှဲ့ယွင်နန်ကို မဖမ်းနိုင်ပါလျှင် အခြားသူများအား ဖမ်းလာခဲ့၍လည်း ရကြောင်းကိုပါ တစ်ပါတည်း ညွှန်ကြားခဲ့၏။ 


ရှဲ့ယွင်နန်မှာ သွေးထွက်သံယိုဖြစ်ဖွယ် စစ်ဆေးမေးမြန်းခြင်းကို ပထမဆုံးအကြိမ်အဖြစ် လက်တွေ့ ကြုံတွေ့လိုက်ရသည့်အတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာသော်ငြား ထိုအကြောင်း တွေးနေရန် အချိန်မရှိခဲ့။ 


ခံစားချက်တစ်ခုလုံး ဒေါသတို့ဖြင့်သာ ဖုံးလွှမ်းနေတော့သည်။ 


ထိုမှတ်ဉာဏ်ထဲတွင် ယန်ယုကောက သူ့ကို သတ်ချင်ခဲ့သည်။


ဒီလိုကိစ္စမျိုးနဲ့ မကြုံရအောင် သူက သွမ့်ချန်ချင်းနဲ့တောင် လက်ထပ်ပြီးနေပြီလေ ...


အစကနေ အဆုံးအထိ သူ့မှာ လျောင်မုယဲ့နဲ့ ပတ်သက်စရာမှ မရှိတော့တဲ့ဟာကို ....


ဘာလို့ ယန်ယုကောက အရင်လိုပဲ ဆက်ပြီး ကြံစည်နေရပြန်တာလဲ ...


အကြောင်းမှာ ယန်ယုကောက လျောင်မုယဲ့သည် ရှဲ့ယွင်နန်နှင့် ပတ်သက်သည်များကို လွန်စွာ အာရုံစိုက်နေကြောင်း သိရှိသွား၍ဖြစ်သည်။ တစ်ဖက်သူက လက်ထပ်ပြီးသွားပြီ ဖြစ်သည့်တိုင် သူ့ကို စောင့်ကြည့်ရန် လူများ လွှတ်ထားဆဲပင်။ 


သူက ရှဲ့ယွင်နန်ကို ဤလောကမှပင် ပျောက်ကွယ်သွားစေလိုခြင်း ဖြစ်သည်။ 


သို့သော် အစမှအဆုံးအထိ သူသည် ရှဲ့ယွင်နန် တစ်ဦးတည်းကိုသာ ပစ်မှတ်ထားခဲ့သည်။ ငွေပေးချေသူမှာ သူမဟုတ်၊ အခြားသူသာ ဖြစ်ပေသည်။ ထိုသူက တစ္ဆေဘုရင်ကို စမ်းသပ်ရန် ယန်ယုကော၏ လက်ကို ငှားခဲ့ခြင်းသာ ဖြစ်သည်။ 


စစ်ဆေးပြီးနောက် ရှဲ့ယွင်နန်က ထိုသူအား တစ္ဆေဘုရင်ထံ ခေါ်လာကာ မေးလိုက်သည်။


“ဆရာ ကျွန်တော်တို့ သူ့ကို ဘယ်လိုလုပ်ရမလဲ ..."


“ငါ့ကို လွှတ်ပေးပါ .. ငါက ငွေရလို့ လုပ်ခဲ့မိတာပါ ...”


ထိုသူက တိုးလျှိုးတောင်းပန်လိုက်သည်။ 


“ငွေအတွက် ဆိုရင်တောင် ခင်ဗျားက လူကို ထိခိုက်စေခဲ့တာပဲ မဟုတ်လား ...”


ရှဲ့ယွင်နန်က အေးစက်စွာဖြင့် ပြောလိုက်သည်။ 


တစ္ဆေဘုရင်က ရှဲ့ယွင်နန်မှာ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိ၍ စကားဝင်ပြောမည် ပြုစဉ် ရှဲ့ယွင်နန်၏ မေးခွန်းကို ကြားလိုက်ရသည်။ 


“မင်းက ဟိုရက်ပိုင်းတုန်းက သွမ့်ချန်ချင်းကို ငါ့ဆီကနေ ပြန်ပေးဆွဲသွားတဲ့ တစ်ယောက်ပဲလား ...”


အဖမ်းခံထားရသည့် ကြေးစား “ဘာပြောလိုက်တာလဲ ...”


ဒီနေ့က သူ့ရဲ့ ပထမဆုံးအကြိမ် လှုပ်ရှားမှုပါနော် !!!!!


တစ္ဆေဘုရင်က ကပျာကယာ ဝင်ပြောလိုက်သည်။ 


“သူပဲ ဖြစ်လိမ့်မယ် ... အဲဒါကြောင့် သူ့ပုံစံကို ကြည့်ရတာ မြင်ဖူးနေပါတယ်လို့ ခံစားမိနေတာကိုး ...”


ကြေးစား “????”


တစ္ဆေဘုရင်က ထပ်ပြောလိုက်သည်။ 


“သူ့ကို သတ်လိုက် ... ကောင်းတဲ့ကိစ္စတွေ လုပ်ထားတဲ့လူမျိုး မဟုတ်ဘူး ...”


ဒီလူကိုသာ သတ်လိုက်မယ်ဆိုရင် သူ့လက်ထဲမှာ ကိုင်ထားရတဲ့ အိုးပူကိုပါ သူ့အပေါ် ပစ်တင်လိုက်လို့ ရသွားပြီလေ ...


ရှဲ့ယွင်နန်က တစ်ခဏမျှ ကြောင်အသွားသည်။ မှတ်ဉာဏ်ထဲ၌ သူသည် ထိုသူ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသည့်တိုင် ... သူ့ကို သတ်ရန်မှာ ... 


ထိုစကားများမှာ သူ့အဖို့ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ်ပင်။ 


သူက သိပ်မကြာခင်လေးကတောင် သာမ

န်သူတစ်ယောက်ပဲ ဖြစ်နေခဲ့တုန်းလေ …


တစ္ဆေဘုရင်ကလည်း လှုပ်ရှားမလာပေ။ 


သူ့သားကို ကြည့်ရတာ သတ်ဖို့ ရည်ရွယ်ချက် ရှိပုံမပေါ်ဘူး ... တကယ်လို့ သူသာ သတ်လိုက်ရင် မကောင်းလောက်ဘူး ထင်တယ်နော် ...


ဒါပေမယ့် မသတ်ရင်ရော ... ဒီလိုလူကို ဘယ်လို ကိုင်တွယ်ကြမလဲ ...