Chapter 46
သွမ့်ချန်ချင်း၏ အဖော်သားရဲကို အကဲခတ်နေစဉ် မလှမ်းမကမ်းမှ “ooow” ဟု သံရှည်ဆွဲကာ အော်သည့်အသံကို ကြားလိုက်ရသည်။
မြေခွေးတစ်ကောင်လား ???
ရွံ့တွေနဲ့ ပေကျံနေတဲ့ မြေခွေးတစ်ကောင်ပဲ ...
၎င်း၏ အသက်ရှူသံအရ .. အံ့ဖွယ်သားရဲ မဟုတ်တန်ရာ။ အဖော်သားရဲသာ ဖြစ်ပေလိမ့်မည်။ ၎င်းက ချက်ခြင်း ရှောင်ပိုင် ရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာ၏။
တစ္ဆေဘုရင်က ချက်ခြင်း နေရာရွှေ့မည် ပြုပြီးကာမှ ရုတ်တရက် ရပ်တန့်လိုက်သည်။
ဒီမြေခွေးကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ ...
ထိုသို့ တွေးနေစဉ်မှာပင်ထိုမြေခွေးက ပါးစပ်ကို ဟ၍ သွမ့်ချန်ချင်း၏ ရှဉ့်ပေါက်စကို ခုန်ကိုက်လိုက်တော့သည်။ ၎င်း၏ ပစ်မှတ်အစစ်အမှန်မှာ ရှောင်ပိုင်မဟုတ်၊ ရှောင်ဟွားသာ ဖြစ်ပေသည်။
သို့သော် ရှဉ့်ပေါက်စကလည်း အမြန်လှုပ်ရှားကာ သစ်ပင်ပေါ်သို့ အမြန် ခုန်တက်လိုက်သည်။
၎င်းကို မြင်လိုက်သည့် မြေခွေးက သစ်ပင်ခြေရင်းသို့ သွားကာ ခေါင်းကိုမော့လျက် တရစပ် ထိုးဟောင်တော့၏။
“ဝုတ် ဝုတ် ဝုတ် ...”
သေချာတယ် .. ရင်းနှီးနေသလိုလိုကို မဟုတ်ဘူး ဒါကြီးက သေချာပေါက်ကို ရင်းနှီးနေပြီးသားကြီး ...
သူ့ဇနီးရဲ့ အားမကိုးရတဲ့ တူတော်မောင် ရောက်လာတာပဲဟ ...
တစ္ဆေဘုရင်က ထိုခွေးကို သင်ခန်းစာ ပေးလိုက်ချင်သော်ငြား ၎င်းမှာ ညစ်ပတ်နေရာ .. သူ့လက်ကိုပါ မညစ်ပတ်စေလိုပေ။
တွေးနေစဉ်မှာပင် ရှချင်၏ အဖော်သားရဲဖြစ်သော ခွေးတူဝက်တူက ခုန်ထွက်လာကာ ခွေးရူးကောင်၏ လည်မျိုကို ခဲထားလိုက်သည်။ ။
“ဝူး ...”
အကိုက်ခံရသည့်အတွက် ဟက်စကီးအမျိုးအစားခွေးက ကြောက်အားတကြီး အော်ဟစ်ကာ အပြင်းအထန် ပြန်လည်တိုက်ခိုက်လိုက်တော့သည်။ သို့သော် ခွေးတူဝက်တူ၏ အရေပြားမှာ လွန်စွာ ထူလွန်းလှသည့်အတွက် သူ့တိုက်ခိုက်မှုကို အနည်းငယ်မျှပင် အမှုမထား။
နှစ်ဖက်လုံး အသည်းအထန် ဆက်လက်တိုက်ခိုက်ကြပြီးနောက် ဟက်စကီး၏ ရန်လိုသော ဟောင်သံများမှာ ငိုကြွေးသံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုစဉ် ရှောင်ပိုင်ကပါ ရှေ့တက်လာကာ ရှောင်ဟွားကို အနိုင်ကျင့်သည့် ဟက်စကီးကောင်၏ အမွေးများကို လက်နှစ်ဖက်လုံးအပြည့် ဆွဲနှုတ်လိုက်သည်။
အလောတကြီး ရောက်လာသည့် လုရှောင်ရန်မှာ မျက်နှာသေဖြင့် ဖြစ်နေသည့်တိုင် ... စိတ်ထဲတွင်မူ တွင်းတစ်တွင်း တူးကာ ပုန်းအောင်းလိုက်လိုစိတ်များ ဖြစ်ပေါ်နေပေသည်။
သူ့အဖော်သားရဲရဲ့ အသုံးမကျတဲ့ ပုံစံကို မြင်ဖူးတဲ့သူ ရှိသွားပြီ ... ဒီကောင်နဲ့ သူနဲ့ နည်းနည်းလေးမှကို မသိပါဘူးလို့ ဟန်ဆောင်ဖို့ အချိန်မီလောက်သေးလား ...
အိုက်ယား .. တအားကို နောက်ကျလွန်းသွားပြီထင်တယ် ....
အရိုက်ခံနေရသည့် ဟက်စကီးမှာ သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း စိတ်အားတက်ကြွသွားတော့၏။
“ဝူးးး !!!!”
လုရှောင်ရန် “...”
ငါ့ကို မခေါ်နဲ့ မင်းနဲ့ငါနဲ့ မသိဘူး ...
ကလေးဘဝကတည်းက လုရှောင်ရန်ကို သူ့မိဘများက အဖော်သားရဲအား အခြားသူများ၏ အရှေ့တွင် ထုတ်မပြရန် တင်းတင်းကြပ်ကြပ် ညွှန်ကြားထားခဲ့ဖူးသည်။
သူကလည်း မိဘများ၏ ဆုံးမစကားအတိုင်း လိုက်နာကာ မိသားစုဝင်များမှအပ အခြားမည်သူ့ကိုမှ သူ့အဖော်သားရဲအား ထုတ်ပြဖူးခြင်း မရှိခဲ့ပေ။
အခြားသူများ သူ့အဖော်သားရဲကို မြင်ဖူးသည့်အချိန်ဟူ၍ ရံဖန်ရံခါ ရှိတတ်သည့်တိုင် အချိန်ကာလအားဖြင့် တိုတောင်းလှသည့်အပြင် ... သူကိုယ်တိုင်ကလည်း ၎င်းကို ထိန်းချုပ်ထားသည့်အတွက် ရက်စက်ကြမ်းကြုတ်သည့် သွင်ပြင်မျိုးကိုသာ မြင်ဖူးကြလေ့ ရှိသည်။
ထို့ကြောင့် သူ့အဖော်သားရဲမှာ သူနှင့်မတူ .. အနည်းငယ် ရူးကြောင်ကြောင်နိုင်ကြောင်းကို မြင့်မြတ်မြို့တော်ရှိ မည်သူကမှ သိမထားကြချေ။
အခုတော့ .. သူ့အဖော်သားရဲရဲ့ တကယ့်စရိုက်အစစ်က ဘူးပေါ်သလိုကို ပေါ်သွားပြီ .. စိတ်ပျက်စရာပဲ ...
ဟုန်ယဲ့မြို့တော်မှာဆိုတော့ .. နည်းနည်းတော့ တော်ပါသေးတယ် .. ဒီကလူတွေက သူ့ကို သိမှမသိတာ ...
သူက မျက်နှာသေဖြင့် ပြောလိုက်သည်။
“အားလုံးကို ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့်အဖော်သားရဲက အနှောင့်အယှက် ပေးမိသွားပြီ ... ကျွန်တော့်ဘက်က လျော်ကြေးလည်း ပေးပါ့မယ် ...”
လုရှောင်ရန်မှာ မျက်နှာသေဖြင့် ပြောနေသည့်တိုင် ကိုယ်နှုတ်အမူအယာမှာမူ ကောင်းမွန်လှသည့်အတွက် သွမ့်ချန်ချင်းရော ရှဲ့ယွင်နန်ကပါ ခွင့်လွှတ်ပေးလိုက်ကြတော့သည်။
သေချာပေါက်ကို ခွင့်လွှတ်ပေးမှာပေါ့ ပြီးတော့ အရေးအကြီးဆုံးအချက်က ... အဖော်သားရဲရဲ့ စိတ်ခံစားချက်တွေက ပိုင်ရှင်ရဲ့ စိတ်ခံစားချက်ကို ကိုယ်စားပြုတယ်ဆိုတာ အားလုံး သိနေပြီးသား အချက်လေ အဖော်သားရဲနဲ့ ပိုင်ရှင်က စိတ်ဝိဉာဉ်လည်း တစ်သားတည်း၊ အနှစ်သာရကလည်း အတူတူပဲလေ ...
ယခု ထိုဟက်စကီးက ပက်လက်လှန်ကာ လွန်စွာ သနားစဖွယ်ကောင်းအောင် သရုပ်ဆောင်ပြနေသည်။
သူတို့ရှေ့တွင် ရှိနေသူ၏ မျက်နှာထားမှာ မည်မျှပင် အမူအယာ ကင်းမဲ့နေပါစေ ... အားလုံး ရယ်လိုစိတ်တစ်ခုတည်းသာ ဖြစ်ပေါ်နေကြသည်။
အထူးသဖြင့် သွမ့်ချန်ချင်းပင် ...
ခွေးက သူ့အဖော်သားရဲအား ကိုက်ခဲ့သော်လည်း တစ်ဖက်သူတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် မရှိကြောင်း ခံစားမိနေပေသည်။ ထိုစဉ်က အကိုက်ခံခဲ့ရသည့်တိုင် ခွေးက အားထည့်ကာ ကိုက်ခဲ့ခြင်း မဟုတ်။
ရုတ်တရက် ပေါ်ထွက်လာမှုကမူ ... ၎င်းမှာ ဟက်စကီးတစ်ကောင် ဖြစ်သည့်အလျောက် .. နားလည်နိုင်ဖွယ်ရာ ရှိပေသည်။
“အဆင်ပြေပါတယ် ...”
သူက ပြောလိုက်သည်။
တစ္ဆေဘုရင်က တစ်ခွန်းမှ ဝင်မပြောပေ။ ရှချင်ကမူ အနည်းငယ် နာကျင်နေသည့်ဟန်ရှိနေသည်။
“မိန်းကလေး .. ကျွန်တော့်အဖော်သားရဲက ထိခိုက်အောင် လုပ်မိသွားတာလား ...”
လုရှောင်ယန်က သူမကို မျက်နှာသေဖြင့် မေးလိုက်သည်။
အလှလေး .. အလှလေး !!!!!!!!
ခွေးတူဝက်တူ၏ လက်မှ လွတ်မြောက်လာပြီဖြစ်သော ဟက်စကီးက ရှချင်အပေါ် ခုန်တက်ရန် ပြင်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် လုရှောင်ရန်က အရင်လက်ဦးသွားကာ .. ၎င်း၏ ခေါင်းကို တစ်ချက်ရိုက်၍ နောက်ဆုတ်စေလိုက်သည်။
“တောင်းပန်ပါတယ် ကျွန်တော့်အဖော်သားရဲက နည်းနည်း ထူးဆန်းပြီး .. ပိုင်ရှင်နဲ့ တော်တော်လေးကို ကွဲလွဲတဲ့ လုပ်ရပ်မျိုးကိုပဲ လုပ်လေ့ရှိတတ်တော့ ...”
လုရှောင်ရန်က အလေးအနက် ရှင်းပြလိုက်သည်။
အခြားသူများ “...”
တစ္ဆေဘုရင်၏ ရယ်သံမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
လုရှောင်ရန်က သူ့ကို အနည်းငယ် မကျေမနပ်ဖြစ်သည့်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
“ဒီဘက်က လူကြီးမင်း ... တစ်ခြားသူတွေကို လှောင်ပြောင်တယ်ဆိုတာ မကောင်းပါဘူး ...”
“အာ .. ငါ စောစောက ရယ်လိုက်မိတာလား .. ဟားဟားဟားဟားဟား ...”
တစ္ဆေဘုရင်က ထပ်ရယ်လိုက်ပြန်သည်။
သူနှင့် ဇနီးဖြစ်သူမှာ ငယ်ချစ်များ ဖြစ်ကြရာ လုရှောင်ရန်မှာလည်း သူ၏ စောင့်ရှောက်မှုအောက်တွင် မွေးဖွားလာခဲ့သူ ဖြစ်ပေသည်။ လုရှောင်ရန်၏ ကလေးဘဝကို ပြုစုပျိုးထောင်ပေးသူများအနက် သူလည်း ပါဝင်ခဲ့ပေသည်။
ထိုကလေးမှာ အံ့ဖွယ်ပင်။ ငယ်စဉ်ကတည်းက လွန်စွာ ငြိမ်သက်ကာ မျက်နှာထားမှာလည်း အမြဲ တည်ကြည်လေးနက်နေတတ်၏။ သူ့အဖော်သားရဲမှာလည်း အလားတူပင်။ သို့သော် ထိုတည်ကြည်မှုမှာ သူနှင့် အဖော်သားရဲ နှစ်ယောက်ပေါင်း၍ တစ်အိမ်လုံးကို မဖျက်ဆီးခင်အထိသာ။
လမ်းမလျှောက်နိုင်သေးခင် အရွယ်ကတည်းက ဂွမ်းစောင်ကို အပေါက်များ ဖောက်ခဲ့ဖူး၏။ လမ်းလျှောက်တတ်လာသည့်အခါ အရာတိုင်းကို တိုက်ချဖျက်ဆီးတော့သည်။ အနည်းငယ် ပိုပြီး ကြီးပြင်းလာသည့်အခါ ... အိမ်ထဲရှိ လျှပ်စစ်ပစ္စည်းကိရိယာအားလုံးကို တစ်စစီ ဖြုတ်ခဲ့တော့၏။
ဤကလေးတွင် စွမ်းအင် အများအပြား ရှိနေကာ တစ်နေကုန် အပြင်ထွက်၍ ကစားလိုသော်ငြား .. ရူးမိုက်သည့်အတွက် အမြဲလိုလို အူကြောင်ကြောင်လုပ်ရပ်များကိုသာ လုပ်လေ့ရှိသည်။
ထိုစဉ်က တစ္ဆေဘုရင်၏ အကြီးမားဆုံးသော အပန်းဖြေသည့် နည်းလမ်းမှာ လုရှောင်ရန် ပေါက်စလေး ပေါက်ကရလုပ်ရပ်များကို လုပ််ကာ သူ့အဖေ၏ ရိုက်နှက်ခြင်းကို ခံရသည့် မြင်ကွင်းအား ကြည့်ရှုခြင်းပင် ဖြစ်သည်။
ရိုက်ပြီးသည့်နောက်တွင်လည်း ကလေးက ထိုအူကြောင်ကြောင်လုပ်ရပ်များကို ဆက်ပြီး လုပ်နေဆဲပင်။
ထို့ကြောင့် သူသည် လွန်စွာ စိတ်ဝင်စားစရာ ကောင်းလှသည်ဟု ခံစားမိသည့်အတွက် ကင်မရာတစ်လုံးရှာကာ လုရှောင်ရန်ပေါက်စလေး၏ လုပ်ရပ်အားလုံးကို မှတ်တမ်းတင်လိုက်တော့သည်။ ကံခေလှသည့် လုရှောင်ရန်အသေးလေး၏ ဖြစ်ပုံပျက်ပုံ အမျိုးစုံကို မှတ်တမ်းတင်ထားပြီးသည့်အခါ အားလုံးကို တည်းဖြတ်ပြီးနောက် မိသားစုတစ်ခုလုံးကို လိုက်ပြလိုက်တော့သည်။
အဆုံးတွင်တော့ ... တစ်မိသားစုလုံး အတူတူကြည့်ကာ ပြိုင်တူ ရယ်မောကြရင်း ပြီးဆုံးသွားတော့သည်။
သူ့သားဖြစ်သူ မတော်တဆမှုနှင့် ကြုံတွေ့ပြီးနောက် တစ္ဆေဘုရင်သည် လုမိသားစုမှ ထွက်လာခဲ့လိုက်တော့သည်။
ထိုစဉ်က အူကြောင်ကြောင် ကလေးပေါက်စမှာ နှစ်ပေါင်းများစွာ မတွေ့ဘဲ နေခဲ့ရသည့်တိုင် ယခုအထိ ထုံးစံမပျက် အူကြောင်ကြောင် ဖြစ်နေဦးမည်ဟုတော့ ထင်မှတ်မထားမိချေ။
အိုး ... သူက နည်းနည်းတော့ တိုးတက်လာပါတယ် ...အနည်းဆုံးတော့ .. မျက်နှာအမူအယာကို ထိန်းချုပ်တဲ့နေရာမှာ အမှတ်ပြည့်ပဲ ...
ဤနှစ်များအတွင်း .. တစ္ဆေဘုရင်သည် သူ့အား ရှာတွေ့သွားမည်ကို စိုးရိမ်သဖြင့် လုမိသားစုအကြောင်း များစွာ မစုံစမ်းခဲ့သော်လည်း လုရှောင်ရန်သည် မြင့်မြတ်မြို့တော်တွင် များစွာ ဂုဏ်သတင်းကြီးကြောင်းနှင့် သူ့ကို လေးစားသူများ အများအပြား ရှိနေကြောင်းကိုမူ သိထားပေသည်။
ဒီ အေးစက်စက်မျက်နှာကို အားကိုးပြီးတော့များလား ...
လုရှောင်ရန်မှာ လူရိုက်လိုစိတ်များပင် ပေါက်လာတော့သည်။
သူ့ကိုယ်သူလည်း လွန်စွာ ကံဆိုးလှသည်ဟု ခံစားမိလာ၏။
သူ့မှာ ဘယ်လိုဖြစ်လို့ ဒီလို အဖော်သားရဲမျိုး ရှိနေရတာလဲ ...
သူ့အဖော်သားရဲမှာ သူ့ရဲ့ အသိဉာဏ်တွေ၊ အရည်အချင်းတွေ တစ်ခုမှတောင် ပါမလာဘူး ...
ထို့ကြောင့် သူ့အဖော်သားရဲကို အပြင်ထုတ်ရန် အလို့ငှာ အမဲလိုက်မည်ဟု အကြောင်းပြ၍ အခြားသူများအား ရှောင်ကြဉ်ရန်သာ တတ်နိုင်တော့သည်။ သို့မဟုတ်ပါလျှင် မသက်မသာ ခံစားလာရ၏။
သို့သော် ဤတစ်ကြိမ်တွင်မူ ... သူ့အဖော်သားရဲမှာ ... တစ်နေ့တစ်ခြား ပိုပြီး လွန်လွန်းလာသည်ဟု ခံစားမိလာသည်။
လုရှောင်ရန်၏ မျက်နှာထားမှာ အေးစက်သည်ထက် ပိုပြီး အေးစက်လာတော့၏။ တစ်ဖက်တွင် ရှချင်၏ အမူအယာမှာလည်း တစ်စထက်တစ်စ ပိုပြီး ရှုပ်ထွေးလာသည်။
ယခင် မြင့်မြတ်မြို့တော်တွင် နေထိုင်စဉ်က ရှချင်သည် အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်ကာ နေထိုင်ခဲ့သည်။
ထိုစဉ်က သူမသည် မြင့်မြတ်မြို့တော်ရှိ လူအချို့နှင့် အဆက်အသွယ် လုပ်ခဲ့ဖူးပေသည်။ ထိုသို့ အဆက်အသွယ် လုပ်ခဲ့စဉ်က မြင့်မြတ်မြို့တော်ရှိ အထက်တန်းလွှာ သခင်လေးအားလုံးမှာ အရူးများသာ၊ မည်သူကမှ သူမကို မျက်စိကျအောင် မဖမ်းစားနိုင်ဟု ထင်မိခဲ့ဖူးသည်။
ထိုအတွေးမှာ လုရှောင်ရန် ပေါ်မလာခင်အထိသာ။
သူသည် လုမိသားစု၏ ဆက်ခံသူ ဖြစ်သော်ငြား လွန်စွာ လုံလဝီရိယ ရှိပြီး နေ့တိုင်း မြို့အပြင်သို့ အမဲလိုက်ထွက်လေ့ရှိသည်။ ရုပ်ရည်သွင်ပြင်မှာလည်း အခြားသူများထက်ပင် ပိုမိုချောမောသေး၏။
ရေခဲရိုက် မျက်နှာနှင့် အေးစက်စက် စိတ်ထားတို့က ... ရှချင်၏ နှလုံးသားကို တစ်ဖြည်းဖြည်းချင်း ထိုးဖောက်နိုင်ခဲ့သည်။
ရှချင်က သူ့ကို ထိုစဉ်က များစွာ သဘောကျခဲ့ဖူးသည်။ ပြီးခဲ့သည့် နာရီဝက်လောက်အထိ သူသည် သူမနှလုံးသား၏ စတုတ္ထမြောက် နတ်ဘုရား ဖြစ်နေဆဲပင်။
ပထမမှာ သူမ၏ ဘော့စ်၊ ဒုတိယမှာ ရှဲ့ယွင်နန်၊ သွမ့်ချန်ချင်းကမူ တတိယမြောက် ဖြစ်ပေသည်။
ဒါပေမယ့် အရင်ကတော့ လုရှောင်ရန်က ဒုတိယ ဖြစ်ခဲ့ဖူးတာပါ ...
ဘော့စ်၏ အဆင့်မှာမူ ရုပ်ရည်ကိုကြည့်၍ ဆုံးဖြတ်ထားခြင်း မဟုတ်။ ထို့ကြောင့် လုရှောင်ရန်ကို ပထမဟုပင် သတ်မှတ်၍ ရခဲ့ဖူးသည်။
ယခုမူ ... လုရှောင်ရန်၏ filter များ ပျောက်ကွယ်သွားသည့်အတွက် သူမ၏ မိန်းမဆန်သော နှလုံးသားလည်း တစ်စစီ ကျိုးပဲ့ပျက်စီးသွားတော့သည်။
“မိန်းကလေး ... လျော်ကြေး လိုအပ်လား ...”
လုရှောင်ရန်က ရိုင်းစိုင်းလှသည့် တစ္ဆေဘုရင်ကို အာရုံမထားတော့ဘဲ သူမကိုသာ လှမ်းမေးလိုက်သည်။
ရှချင်က စိတ်ကို မနည်းတင်းကာ ပြန်ဖြေလိုက်ရ၏။
“ကျွန်မ အဆင်ပြေပါတယ် လျော်ကြေးပေးဖို့လည်း မလိုပါဘူး ...”
“ဒါဆို ကျွန်တော် အရင်ပြန်နှင့်ပါ့မယ် ...”
သူက ပြောလိုက်သည်။
မျက်နှာမှာ အမာရွတ်အပြည့်နဲ့ လူက အခုထိကို ပြုံးစိစိ ဖြစ်နေတုန်းပဲ ... တကယ်ကို သည်းမခံနိုင်တော့ဘူး ...
“နေဦး ...”
တစ္ဆေဘုရင်က သူ့ကို တားလိုက်သည်။
“ဒါနဲ့ မင်းနာမည်က ဘာတဲ့လဲ ...”
“ကျွန်တော့်နာမည်က ရှောင်လုပါ ...”
လုရှောင်ရန်က တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်သည်။
“ဟားဟားဟားဟားဟား ...”
တစ္ဆေဘုရင်က ထပ်ရယ်လိုက်ပြန်၏။
“လုရှောင်ရန် မင်းက မင်းနာမည်အရင်းကိုတောင် ထုတ်မပြောရဲဘူးပေါ့ ဟုတ်လား ...”
လုရှောင်ရန် “!!!!!!”
ဒီလူက သူ့ကို တကယ်ကြီးကို သိနေတာလား ...
ရှချင်မှာ ပြောစရာစကားပင် ပျောက်ရှသွားတော့သည်။
“အိုကေ သွားကြရအောင် ...”
တစ္ဆေဘုရင်က ပြောလိုက်သည်။
လုရှောင်ရန်က ထွက်မသွားပေ။
“အားလုံးပဲ စောစောက လူကြီးမင်းတို့ မြင်လိုက်တဲ့ ဖြစ်ရပ်တွေက မတော်တဆ ဖြစ်တာတွေပါ ... အဲဒါကြောင့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်မပြောတော့လို့ ရမလား ...”
ဒီလူတွေက သူ့ကို တကယ်ကြီး သိနေတာလေ .. သူ့အကြောင်းကို ပြောနေကြမှာမျိုး လုံးဝ အဖြစ်မခံနိုင်ဘူးပေါ့ ...
လုံးဝကိုမှ လုံးဝကိုပဲ ...
“မတော်တဆ ဟုတ်လား ငါကတော့ အဲဒီလို မထင်ပါဘူး ပြောကြတာတော့ လုမိသားစုရဲ့ သခင်လေးက အရမ်းကို ဝီရိယရှိပြီး နေ့တိုင်း အမဲလိုက်ထွက်နေတာဆိုပဲ ဒါပေမယ့် ငါ့အမြင်အရ ပြောရရင်တော့ အဲဒါ မင်းရဲ့ အဖော်သားရဲကို အပြင်ထုတ်ချင်လို့ပဲ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား ...”
တစ္ဆေဘုရင်က ပြောလိုက်သည်။
“ဘာလို့လဲဆို ကျွန်တော့်အဖော်သားရဲက တစ်ခုခု မှားယွင်းနေလို့လေ ...”
လုရှောင်ရန်က ပြောလိုက်သည်။
တစ္ဆေဘုရင်က ဤတူတော်မောင်ကို အလွန်သဘောကျသည့်အတွက် အနည်းငယ်မျှ နောက်ပြောင်ပြီးနောက် ရပ်တန့်လိုက်သည်။
“အိုကေ အိုကေ ငါတို့တွေ ဘာတစ်ခုမှ ပြန်မပြောပါဘူး မင်းပြန်ချင်ရင် ပြန်လို့ရပြီ ...”
“ခင်ဗျား ...”
လုရှောင်ရန်က တစ်ခုခု ဆက်ပြောလိုသေးသည့်ဟန်ရှိသော်လည်း တစ္ဆေဘုရင်က ဖြတ်ပြောလိုက်သည်။
“မင်း မသွားသေးရင် ငါ နောက်တစ်ခေါက် ထပ်ရယ်မိတော့မလား မသိဘူး ...”
လုရှောင်ရန်သည် ငယ်စဉ်က အူကြောင်ကြောင်နိုင်သည့် ကိစ္စများ အများအပြား လုပ်ခဲ့ဖူးကာ ထိုလုပ်ရပ်အားလုံးကို ဦးလေးဖြစ်သူက တစ်ခုမကျန် မှတ်တမ်းတင်ထားခဲ့သည်။
မိသားစုတစ်ခုလုံးကလည်း သူငယ်ငယ်က အရူးထခဲ့သည့် ဗီဒီယိုများကို ကြိမ်ဖန်များစွာ ပြန်ကြည့်ကာ ရယ်မောခဲ့ကြသည်။
ထို့ကြောင့် သူသည် ရယ်မောခြင်း ခံရမည်ကို အကြောက်ဆုံး ဖြစ်လာတော့သည်။
လုရှောင်ရန်မှာ တစ်စက္ကန့်ပင် ဆက်မနေရဲတော့ပဲ ခြေကုန်သုတ်ကာ ထွက်သွားတော့သည်။
“ဆရာ သူ့ကို သိနေတာလား ...”
ရှဲ့ယွင်နန်က မေးလိုက်သည်။
“သိတယ် .. မြင့်မြတ်မြို့တော်က လုမိသားစုသခင်လေး ...”
တစ္ဆေဘုရင်က ပြောလိုက်သည်။ သို့သော် သွမ့်ချန်ချင်းကမူ ... သူသည် သခင်လေးလုနှင့် များစွာ ရင်းနှီးလိမ့်မည်ဟု ခံစားမိနေပေသည်။
တစ္ဆေဘုရင်က လုရှောင်ရန်နှင့် အမှန်တကယ်လည်း ရင်းနှီးပေသည်။ ထို့ကြောင့် သူ့ကို မှတ်မိသွားစေရန် ညရောက်သည့်အခါ နောက်တစ်ခေါက် သွားလည်ရန်ပင် ကြံစည်ထားသေး၏။
လုရှောင်ရန်သည် ဦးလေးဖြစ်သူနှင့် မတွေ့ရသည်မှာ လွန်စွာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် သူ့ကို ကျိန်းသေ လွမ်းဆွတ်နေမည်ဖြစ်သည်။
ထို့အပြင် ... လုရှောင်ရန် ရောက်လာရသည့် အကြောင်းအရင်းမှာလည်း သူ့ကို တွေ့ရန် ဖြစ်ပေလိမ့်မည်။
လုရှောင်ရန် ထွက်သွားပြီးနောက် တစ္ဆေဘုရင်က နေရာတစ်နေရာ ရှာကာ ရှချင်နှင့် အခြားသူများအား သွမ့်ချန်ချင်းကို ကာကွယ်ရန် ပြောလိုက်ပြီးနောက် ရှဲ့ယွင်နန်ကို အမဲလိုက်ရင်း လေ့ကျင့်ရန် ခေါ်သွားလိုက်သည်။
ရှဲ့ယွင်နန်သည် ယဇ်ဆရာတစ်ဦး ဖြစ်သည့်အလျောက် တစ္ဆေဘုရင်က သူ့ကို အမဲလိုက်လေ့ကျင့်ရန် လိုအပ်သည်ဟု မထင်မိသော်ငြား ... သွမ့်ချန်ချင်းက ခေါင်းမာစွာဖြင့် ပြောနေသည့်အတွက် ... သဘောတူရန်သာ ရှိတော့သည်။
သွမ့်ချန်ချင်းက နေရာတွင် ထိုင်ကာ ဖြည်းဖြည်းချင်း ကျင့်ကြံနေလိုက်သည်။
ဤတောအုပ်သည် အခြားနေရာများထက်ပို၍ စိတ်စွမ်းအင် ကြွယ်ဝပေသည်။
တစ္ဆေဘုရင်နှင့် တိုက်ခိုက်စဉ်က သူရခဲ့သည့် ဒဏ်ရာမှာ ပျောက်ကင်းလုနီးပါး ဖြစ်နေပြီ ဖြစ်ကာ ခန္ဓာကိုယ်မှာလည်း အနည်းငယ် သက်သာစပြုနေပြီ ဖြစ်သည့်အတွက် သိစိတ်ဝိဉာဉ်အများစုကို ထုတ်သုံးနိုင်နေပြီဖြစ်သည်။ သူက တစ်ခဏမျှ စဉ်းစားပြီးနောက် ထုတ်မေးလိုက်သည်။
“ကျွန်တော် ဒီနားကို လျှောက်ပတ်ကြည့်လို့ ရမလား ...”
“ကျွန်မ အဖော်လိုက်ပေးပါ့မယ် ...”
ရှချင်က ပြောလိုက်သည်။
“ကောင်းပါပြီ ...”
သူက ပြောလိုက်သည်။
နောက်ဆုံးတွင်တော့ ဟုန်ယဲ့တောအုပ်သို့ ရောက်လာပြီဖြစ်ရာ ... စိတ်စွမ်းအင်အပင်အချို့ ရနိုင်မရနိုင် ရှာကြည့်လိုပေသည်။
သူ၏ ကျင့်ကြံနည်းအတွက် ဆေးပင်များဖြင့် ရေစိမ်ခြင်းက အသင့်လျော်ဆုံးဖြစ်သည်။
အပင်များကို ဤတစ်ရက်တည်းဖြင့် ရှာတွေ့ရန် မဖြစ်နိုင်သော်လည်း တောအုပ်နှင့် တစ်ဖြည်းဖြည်း အကျွမ်းတဝင် ဖြစ်လာပါလျှင် ... ညနေခင်း၌ အားလုံးကို လိုက်သိမ်းရန် လာနိုင်ပေသည်။
အရေးအကြီးဆုံးအချက်အနေဖြင့် ..
. ယခုအချိန်၌ သူ့နောက်သို့ လိုက်လာသူများ ရှိနေ၏။
သူက ရှချင်နှင့်အတူ တောထဲသို့ ဖြည်းဖြည်းချင်း လျှောက်ပတ်ကြည့်နေစဉ် ... သူတို့၏ အရှေ့တွင် မျက်နှာဖုံးတပ်ထားသည့် အမျိုးသားတစ်ဦး ရုတ်တရက် ပေါ်ထွက်လာလေသည်။
ထိုမျက်နှာဖုံးမှာ တစ္ဆေဘုရင်၏ ဝရမ်းစာရွက်ထဲမှ မျက်နှာဖုံးနှင့် တစ်ပုံစံတည်းပင်။