Chapter 45
ရှဲ့ယွင်နန်သည် မနက်ခင်း အစောကြီးကတည်းက စိုက်ခင်းထဲတွင် အလုပ်များနေ၏။
ဆင်ခြေဖုံးဒေသတွင် စိုက်ခင်း အများအပြား ရှိသော်ငြား အများစုမှာ ဒေသခံများ ပိုင်ဆိုင်ခြင်း မဟုတ်၊ ပင်မခရိုင်ရှိ မိသားစုကြီးများ၏ ပိုင်ဆိုင်မှု ဖြစ်သည်။
မြောက်များစွာသော စိုက်ခင်းများက မြေဆီမြေနှစ် ကြွယ်ဝသည့် ကုန်းမြေကို ဝန်းရံထားကြသည်။
ထို့ကြောင့် ရှဲ့ယွင်နန်သည် ဆင်ခြေဖုံးဒေသတွင် ကြီးပြင်းလာသူ ဖြစ်သည့်တိုင် အိမ်နောက်ဖေး၌ ဟင်းသီးဟင်းရွက်အချို့ စိုက်ပျိုးရုံမှအပ လယ်စိုက်ရန် အခွင့်အရေးမျိုး မရခဲ့ဖူးချေ။
အိမ်နောက်ဖေးတွင် စိုက်ထားသည့် အသီးအရွက်များသည်ပင် မကြာခဏ အခိုးခံရတတ်သေး၏။
ထိုအချိန်မှစကာ စိုက်ပျိုးခြင်းကိုပါ ရပ်ဆိုင်းခဲ့တော့သည်။ သို့သော် သူ၏ စိုက်ပျိုးရေးကို နှစ်သက်သည့် စိတ်မှာမူ ပျောက်ကွယ်မသွားပေ။ လတ်တလောတွင် သီးနှံဈေးနှုန်းများ မြင့်တက်လာရာ သူသည် မြေနေရာလွတ်များကို ရှင်းပြ၍ မရနိုင်လောက်အောင်ပင် သဘောကျမိလာတော့သည်။
ဆင်ခြေဖုံးဒေသရှိ ကလေးများနှင့်အတူ စိုက်ပျိုး၍ ရနိုင်သည့် နေရာတိုင်းတွင် ဂရုတစိုက် စိုက်ပျိုးလိုက်တော့၏။
“အခုထိ ကုန်ဈေးနှုန်းက တက်နေတုန်းပဲလား ...”
သူက မေးလိုက်သည်။
ကလေးများက ခေါင်းငြိမ့်ပြလိုက်၏။
ရှဲ့ယွင်နန်သည် မည်သည့်အကြောင်းကြောင့် ဟုန်ယဲ့မြို့၏ ကုန်ဈေးနှုန်းမှာ မိုးထိလုမတတ် မြင့်မားလာကြောင်း မသိသော်ငြား သူ လုပ်ပေးနိုင်သည့် အရာဟူ၍လည်း မည်မည်ရရမရှိ။ ထို့ကြောင့် ကလေးများအတွက် အလုပ်ရှာပေးခြင်း၊ စားစရာများကို လုပ်အားခအဖြစ် ပေးခြင်းတို့ကဲ့သို့သော အသေးအဖွဲနည်းလမ်းများဖြင့် အနီးအနားတွင် ရှိနေသူများကိုသာ ကူညီပေးနိုင်ခဲ့သည်။
စိုက်ခင်းထဲက စိုက်ထားတာတွေ အကုန် ရင့်မှည့်လာရင်တော့ .. ဒီအခြေအနေတွေ ပိုပြီး တိုးတက်လာနိုင်လောက်လား ...
သူက တစ်ပတ် လိုက်ပတ်ကြည့်ပြီးနောက် သွမ့်ချန်ချင်းနှင့်အတူ နေထိုင်ရာ အပေါ်ထပ်သို့ ပြန်လာခဲ့လိုက်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှချင်သည် အပေါ်ထပ်ကို ပြင်ဆင်ပေးနေခဲ့ရာ ယခု သန့်စင်ခန်းကိုပါ အဆင်သင့် အသုံးပြုနိုင်ကာ အခန်းမှာလည်း ပိုပြီး သက်တောင့်သက်သာ ရှိလာတော့သည်။
သူတို့ပင် အကြံပေးနေရန် မလိုပဲ ရှချင်၏ အမြင်မှာ များစွာ ကောင်းမွန်လှပေသည်။
နေ့ခင်းအချိန်များတွင် သွမ့်ချန်ချင်း အချိန်ကုန်လေ့ရှိသည့် ယခင်က အဝတ်လှန်းသော နေရာမှာလည်း ယခုအချိန်တွင် မှန်ဖြင့် ကာရံထားသော အခန်းငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ပက်လက်ကုလားထိုင်သာမက အခင်းစောင်အကြီးကြီးတစ်ထည်ကိုပါ ထည့်ပေးထားသေး၏။
ထိုစောင်မှာ ရှဲ့ယွင်နန်နှင့် တစ္ဆေဘုရင်အတွက် ဖြစ်သည်။ သူတို့နှစ်ဦးက နေ့ခင်းပိုင်းတွင်ပါ ကျင့်ကြံလိုပါလျှင် သွမ့်ချန်ချင်း၏ဘေးတွင် နေနိုင်ရန် ဖြစ်သည်။
ရှဲ့ယွင်နန်ကမူ သွမ့်ချန်ချင်း၏ ဘေးတွင် နေရခြင်းကို အသားကျနေပြီဖြစ်သည်။ တစ္ဆေဘုရင်ကမူ ... ရှဲ့ယွင်နန်က သူ့ကို ကုသပေးလိုရာ .. သူ့အတွက်လည်း နီးနီးကပ်ကပ် နေရခြင်းက ပိုပြီး အဆင်ပြေပေသည်။
သွမ့်ချန်ချင်းက ခြံထဲမှ ထွက်သည့် ကြံရိုးကို ကိုက်ရင်း စိုက်ခင်းထဲတွင် အလုပ်များနေသည့် ရှဲ့ယွင်နန်ကို ငုံ့ကြည့်နေလိုက်သည်။
ထိုသို့ ကြည့်နေစဉ်မှာပင် လူတစ်ယောက်က ရှဲ့ယွင်နန်ကို ကားပြင်ပေးရန် လာရှာနေကြောင်း တွေ့လိုက်ရသည်။
ရှဲ့ယွင်နန်သည် ယဇ်ဆရာတစ်ဦး ဖြစ်လာသည့်တိုင် သူ့ဘဝမှာ များစွာ ပြောင်းလဲမသွားချေ။ အနီးအနားရှိ လူများအပေါ် ထားရှိသည့် သူ့သဘောထားမှာလည်း ပြောင်းလဲမသွားသေးချေ။ အကယ်၍ သူ့ကို ကားပြင်ပေးရန် လာပြောသည့်သူ ရှိပါလျှင် ပြင်ပေးနေဆဲဖြစ်သည်။
သွမ့်ချန်ချင်းအတွက်မူ .... သူသည် ရှဲ့ယွင်နန်နှင့် အတော်လေး ဝေးသည့် နေရာတွင် ရှိနေသည့်တိုင် ... မျက်လုံးတို့ မသိမသာ မှေးကျဉ်းသွားတော့သည်။
ရှဲ့ယွင်နန်ကို ကားပြင်ဖို့ လာခေါ်တဲ့သူက ... ပြဿနာရှိနေတယ် ...
အား ... သူ့ယောက္ခမက အတော်လေးကို ပြဿနာ များတာပဲ ..
“ခင်ဗျားက ဘယ်လိုဖြစ်ပြီး S အဆင့် အလိုရှိ ရာဇဝတ်ကောင် ဖြစ်လာရတာလဲ ...”
သူက မေးလိုက်သည်။
တစ္ဆေဘုရင်က ပြန်ဖြေလိုက်၏။
“ယဇ်ဆရာတစ်ယောက်ကို သတ်ခဲ့လို့ ...”
“ဘာလို့ သတ်ခဲ့တာလဲ ...”
သွမ့်ချန်ချင်းက ထပ်မေးလိုက်သည်။
“အဲဒီ့လူက ... ယွင်နန်ကို ခိုးသွားခဲ့တာ .. ပြီးတော့ ငါ့ကိုလည်း လာပြောခဲ့တယ် ကလေးက သေသွားပြီတဲ့ .... သူက ယွင်နန်ကို တကယ်ကို သတ်ချင်ခဲ့တာ ...”
တစ္ဆေဘုရင်က ပြောလိုက်သည်။
“မင်းလည်း သိပါတယ် ငါတို့လို စီနီယာအဆင့် တိုက်ခိုက်ရေးသမားတွေ အတွက်က ကလေးတစ်ယောက် ရဖို့ဆိုတာ မလွယ်ဘူးလေ ...”
သွမ့်ချန်ချင်းက လုံးဝ မသိ။
“စီနီယာအဆင့် တစ်ယောက်အတွက် ကလေးရဖို့ဆိုတာ တကယ် မလွယ်ဘူး ...”
ကောင်းပြီ .. ဘာပဲဖြစ်ဖြစ် အခု သူသိသွားပြီလေ ...
တစ္ဆေဘုရင်က သူနှင့် သွမ့်ချန်ချင်းမှာ တစ်လှေတည်း စီးကြသူများ ဖြစ်သည်ဟု ယုံကြည်ထားရာ သူ့ဇစ်မြစ်ကို မဖုံးကွယ်စတမ်း ပြောပြလိုက်တော့သည်။
အမှန်တကယ်အားဖြင့် သူသည်လည်း အထက်တန်းလွှာ မိသားစုကြီးတစ်ခုမှ မွေးဖွားလာသူ ဖြစ်ပေသည်။ သို့သော် သူပင် မွေးမလာသေးခင်မှာပင် .. သူ့မိသားစု၌ ကိစ္စတစ်ခု ဖြစ်ပွားကာ သူသည်ပင် အသတ်ခံရလုမတတ် ဖြစ်ခဲ့၏။
အကြောင်းအရင်းမှာ .... သူ့အဘိုးသည် ငယ်ရွယ်စဉ်က ထောင်လွှားမောက်မာစွာဖြင့် ယဇ်ဆရာတစ်ဦးကို အပြစ်ပြုမိခဲ့ကာ ... ထိုယဇ်ဆရာက နောက်ပိုင်းတွင် စီနီယာအဆင့် ယဇ်ဆရာ ဖြစ်လာသောကြောင့်ပင်။
ထိုသူက သူတို့မိသားစုကို သဘောမကျဟု ပြောခဲ့သဖြင့် တစ်မိသားစုလုံး အသက်ဆုံးရှုံးခဲ့ရတော့သည်။
သူက ခြေရာဖျောက်ကာ လုမိသားစု၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ပြီး မမလေးလုနှင့် လက်ထပ်ခဲ့သည်။ မူလက လက်စားချေရန် အကြံကို လက်လျော့လိုက်ရန် တွေးခဲ့သော်ငြား ... မထင်မှတ်ထားစွာဖြင့် သားဖြစ်သူသည် မတော်တဆမှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။
သူ့ဇနီးမှာ ရုပ်ရည်ချောမောလှပရုံသာမက လုမိသားစု၏ ခေါင်းဆောင်လည်း ဖြစ်နေသေးသည်။ သူမနှင့် ထိမ်းမြားခြင်းမှာ ကောင်းကျိုးများစွာကို ဆောင်ကြဉ်းပေးနိုင်ရာ ... ထိုအချိန်က သူမကို ပိုးပန်းသူများ အများအပြား ရှိခဲ့၏။ သို့သော် ထိုပိုးပန်းသူများအနက် တစ်ဦးက ယဇ်ဆရာအဖြစ် နိုးထလာမည်ဟုတော့ မည်သူမှ ကြိုတွေးထားမိမည် မဟုတ်ပေ။
ယဇ်ဆရာအဖြစ် နိုးထလာသူသည် သူ့ကို အမြဲ မုန်းတီးခဲ့သူ ဖြစ်သည့်အလျောက် သူတို့ဇနီးမောင်နှံကို ကြိမ်ဖန်များစွာ အခက်တွေ့အောင် အမျိုးမျိုး ကြံစည်ခဲ့သည်။
ထိုစဉ်က သူသည် အဆင့်နိမ့်တိုက်ခိုက်သူသာ ဖြစ်သေးသော်ငြား လုမိသားစုကို မြေခွေးအဖော်သားရဲဖြင့် ဝင်ရောက်နိုင်ခဲ့သည်။ စင်စစ်အားဖြင့် အလယ်အလတ်အဆင့် တိုက်ခိုက်သူပင် ဖြစ်နေပြီ ဖြစ်သည့်အတွက် ဂျူနီယာအဆင့် ယဇ်ဆရာတစ်ဦး၏ လှည့်ကွက်များက သူ့အပေါ် မည်သို့မှ မသက်ရောက်နိုင်ချေ။
ထိုသူမှာ မမျှော်လင့်ထားလောက်အောင်ပင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းကာ သူ့သားကိုပါ ကြံစည်လာပြန်၏။
ထို့ကြောင့် သူလည်း သေဟန်ဆောင်ကာ လုအိမ်တော်မှ ထွက်လာ၍ ထိုသူကို သတ်လိုက်တော့သည်။
ထို့နောက် ခြေဦးတည့်ရာ လျှောက်သွားရင်း အခြားသူများကိုပါ လက်စားချေခဲ့ပြီး ... တစ်ဖြည်းဖြည်း ကျော်ကြားလာတော့သည်။
“အဲဒီ့ကိစ္စတွေသာ မဖြစ်ခဲ့ရင် ယွင်နန်က အခုဆို လုမိသားစုခေါင်းဆောင် ဖြစ်နေမှာ ပြီးတော့ သူ လိုချင်တာ ဘာမဆိုလည်း ရနိုင်မှာ ...”
တစ္ဆေဘုရင်က သက်ပြင်းချကာ ပြောလိုက်သည်။
သူ မှတ်မိသေးတယ် .. သူ့ဇနီးရဲ့ တူက ခွေးတစ်ကောင်ကို အဖော်သားရဲအဖြစ် ပိုင်ဆိုင်ထားတဲ့ တစ်ယောက်လေ သူဆို မြင့်မြတ်တဲ့ မြို့တော်မှာ သူ့ကို ပိုးပန်းကြတဲ့သူတွေမှ အများကြီးပဲ ... ဒါပေမယ့် ယွင်နန်ကကျ? ..
ထားပါ .. သူ့သားက ပိုပြီးတောင် အင်အားကြီးတဲ့အပြင် နတ်ဘုရားအဆင့် တိုက်ခိုက်သူနဲ့တောင် လက်ထပ်ထားတာဆိုတော့ ...
သွမ့်ချန်ချင်းက ထိုကဲ့သို့သော အကြောင်းအရင်းမျိုး ရှိခဲ့လိမ့်မည်ဟု မျှော်လင့်မထားရာ အနည်းငယ် အံ့ဩသွားတော့သည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် မြင့်မြတ်မြို့တော်၏ အခြေအနေများကို ဆက်တိုက် မေးလိုက်သည်။
မေးခွန်းတစ်ခုချင်းစီတိုင်းကို ပြန်ဖြေပေးနေသည့် တစ္ဆေဘုရင်မှာလည်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားလာရပြန်၏။
သူက သွမ့်ချန်ချင်းမှာ ယဇ်ဆရာအကြီးအကဲကို ကာကွယ်ရန် တာဝန်ရှိသည့် တိုက်ခိုက်သူတစ်ဦး ဖြစ်သည့်အလျောက် ဤကဲ့သို့သော ကိစ္စများကို မသိဘဲ မနေသင့်ဟု ခံစားမိနေသည်။
သို့သော် မေးလာသူကို မဖြေနိုင်ဟုလည်း မငြင်းနိုင်။
ထိုစကားကို ကြားပြီးသည့်အခါ သွမ့်ချန်ချင်း၏ မျက်ခုံးတို့ အနည်းငယ် စုကျုံ့သွားတော့သည်။
ဤကမ္ဘာတွင် နည်းပညာ တိုးတက်နေပြီ ဖြစ်သော်လည်း ... တန်းတူညီမျှမှုမှာမူ ... ပန်းတိုင်ရောက်ရန် ဝေးကွာနေဆဲပင်။
သို့မဟုတ်ပါလျှင် လူသတ်သည့် ယဇ်ဆရာများမှာ လွတ်ငြိမ်းခွင့် ရမည်မဟုတ်၊ အပြစ်ကို ပြန်လည်ပေးဆပ်နေရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ယဇ်ဆရာတို့တွင် ငွေကြေးဉစ္စာ ပြတ်လပ်နေခြင်းလည်း မရှိ။ တိုက်ခိုက်သူများမှာ သူတို့ကို ကုသပေးရန် ယဇ်ဆရာများကို လိုအပ်ရာ .. ငွေအမြောက်အများကိုပါ ပေးချေကြရသည်။
ဤကဲ့သို့သော ကမ္ဘာတွင် နေထိုင်ရသည့်အတွက် သွမ့်ချန်ချင်းမှာ အနည်းငယ် စိတ်မလုံမခြုံ ဖြစ်လာတော့သည်။
ကံကောင်းထောက်မစွာဖြင့် လတ်တလော၌ စားစရာသောက်စရာ ထောက်ပံ့ပေးသည့် တစ္ဆေဘုရင် ရှိနေသည့်အပြင် သူ့ကျန်းမာရေးမှာလည်း တိုးတက်လာနေ၍သာ တော်သေးသည်။
တစ်ဖက်သူ၏ အံ့ဖွယ်သားရဲ အသားများကို အများအပြား စားထားသည့်အတွက် သူက တစ်ခဏမျှ စဉ်းစားကာ မေးလိုက်သည်။
“ကျင့်စဉ်ကို လေ့လာပြီးပြီဆိုတော့ ... နောက်ထပ် ဓားရေးကျင့်စဉ်တစ်ခုလောက် ထပ်လေ့လာချင်လား ...”
သေချာပေါက်ကို လေ့လာချင်တာပေါ့ ...
တစ္ဆေဘုရင်က ချက်ခြင်း သဘောတူလိုက်သည်။
သူက ထပ်ပြောလိုက်သည်။
“လေ့လာပြီးရင် ယွင်နန်ကို ပြန်သင်ပေးဖို့လည်း သတိရဦး ...”
တစ္ဆေဘုရင် “.. ဘာလို့ မင်းကိုယ်တိုင် သင်မပေးတာလဲ .. ပြီးတော့ သူ့ကို ဘာလို့ ဖုံးကွယ်ထားတာလဲ ...”
သွမ့်ချန်ချင်းက သူ့ကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
“သူက အားနည်းတဲ့ အလှလေးတွေကိုပဲ သဘောကျတာ ...”
တစ္ဆေဘုရင် “...”
သွမ့်ချန်ချင်းထံမှ ဓားရေးပညာ အနည်းငယ် သင်ယူပြီးနောက် တစ္ဆေဘုရင်က တစ်ကိုယ်တော် အမဲလိုက်ထွက်ရင်း ၎င်းကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“အကုန် အတူတူ သွားကြရအောင် ...”
“အတူတူလား ...”
တစ္ဆေဘုရင်က နားလည်ရခက်သွားသည့်ဟန်။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ယွင်နန်လည်း အတွေ့အကြုံ နည်းနည်းလောက် ရအောင်လို့ ...”
ရှဲ့ယွင်နန်အဖို့ အမှန်တကယ် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံမျိုး ရှိထားလေ ပိုကောင်းလေဖြစ်ကာ ... ရှဲ့ယွင်နန် လိုက်မည်ဆိုပါက သူကိုယ်တိုင်လည်း ကာကွယ်ရန် လိုက်လာရမည်ဖြစ်သည်။
သူနှင့် တစ္ဆေဘုရင် အတူတူသွားပါလျှင် ... တစ္ဆေဘုရင်၏ ငယ်သားများအား ချန်ထားခဲ့ရန် အန္တရာယ် များလှသည့်အတွက် .. အတူတူသွားရန် ပြောလိုက်ခြင်းဖြစ်သည်။
တစ္ဆေဘုရင်ကလည်း သဘောတူလိုက်၏။
ရှချင်က ကားကိုမောင်းကာ ဘေးခုံတွင် ငယ်သားတစ်ဦးက နေရာယူလိုက်သည်။ တစ္ဆေဘုရင်၊ သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့က ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်ကြသည်။
ဟုန်ယဲ့တောအုပ်သို့ ဦးတည်မောင်းနှင်ရာ လမ်းတစ်လျှောက် ရှဲ့ယွင်နန်က သွမ့်ချန်ချင်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စိတ်ပူနေခဲ့သည်။
“ချန်ချင်း ကိုယ်တို့နဲ့ ဟုန်ယဲ့တောအုပ်ထဲ လိုက်ဖို့ တကယ် အဆင်ပြေရဲ့လား ..."
“အဆင်ပြေပါတယ် ...”
သူက ပြောလိုက်သည်။
“သူ အဆင်ပြေတယ် ...”
တစ္ဆေဘုရင်က သွမ့်ချန်ချင်း၏ ကြံ့ခိုင်မှုအကြောင်းကို အသေအချာ သိထားသည့်ဟန်။
သူကဖြင့် ဟုန်ယဲ့တောအုပ်ထဲကို ဘေးတိုက်လျှောက်ပြီးတောင် သွားနိုင်သေးတယ် ...
“ဆရာ ...”
ရှဲ့ယွင်နန်က သူ့ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ တစ်ဖန် သွမ့်ချန်ချင်းကို ကြည့်လိုက်သည့် အကြည့်တို့တွင်မူ စိုးရိမ်မှုတို့ ထင်ဟပ်နေ၏။
သို့သော် သူ့အနေဖြင့် မည်သူ့ကိုမှ မတားမြစ်နိုင်ပေ။
ဆရာဖြစ်သူ၏ ရန်သူတော်မှာ တံခါးဝသို့ပင် ရောက်နေပြီဖြစ်သည်။ အကယ်၍ သွမ့်ချန်ချင်းသာ စိုက်ခင်းတွင် ကျန်ခဲ့ပါလျှင် ...
အဲဒီ့လိုသာဆို သူတို့တွေ ဘယ်လိုလုပ်ကြမလဲ ...
သွမ့်ချန်ချင်း ဒဏ်ရာရသွားမှာကိုလည်း စိတ်ပူမိတယ် ...
သူက သွမ့်ချန်ချင်းကို ပြောလိုက်သည်။
“ခဏလေး ကိုယ် မင်းကို သယ်မယ် ...”
သူသည် အလွန်သန်မာသူဖြစ်ရာ သွမ့်ချန်ချင်းကို ကျောပိုး၍ လမ်းလျှောက်ရသည့်တိုင် ပြဿနာ မရှိပေ။
“ဘာလုပ်မလို့လဲ …”
တစ္ဆေဘုရင်မှာ ပြောစရာစကားပင် မရှိတော့သည့်ဟန်။
သို့သော် သွမ့်ချန်ချင်းကမူ ချက်ခြင်း သဘောတူလိုက်သည်။
“ကောင်းပြီလေ ...”
တစ္ဆေဘုရင် “...”
မင်းက နတ်ဘုရားအဆင့် တိုက်ခိုက်သူလေ ... ယဇ်ဆရာကို မင်းကို သယ်ခိုင်းဖို့ ပြောရဲသေးတယ်ပေါ့ ...
မြင်နေရသည့် ရှချင်က မတတ်သာစွာဖြင့် ဝင်ပြောလိုက်သည်။
“ဒါမှမဟုတ် ကျွန်မ သယ်လာခဲ့ပေးရမလား ...”
သူမက ကြံ့ခိုင်ပြီး အားရှိတဲ့ အလယ်အလတ်အဆင့် တိုက်ခိုက်သူလေ ...
သွမ့်ချန်ချင်းနှင့် ရှယွင်နန်တို့က သူမကို တစ်ပြိုင်တည်း စိုက်ကြည့်လိုက်ကြသည်။
ဒါက ... နည်းနည်းလေးမှကို မလိုအပ်ပါဘူး ...
သွမ့်ချန်ချင်းအဖို့ ရှဲ့ယွင်နန်ကို ကျော်ကာ အခြားသူအား သယ်ခိုင်းရန် မဖြစ်နိုင်သလို ရှဲ့ယွင်နန်ကလည်း သွမ့်ချန်ချင်းအား အခြားသူများ သယ်ပေးမည်ကို လက်မခံနိုင်ပေ။
ဒါက သူ့အိမ်ထောင်ဖက်လေလို့ ...
ကားမှာ ဟုန်ယဲ့တောအုပ်ထဲအထိ မောင်းဝင်၍ မရသည့်အတွက် တောအုပ်အပြင်ဘက်တွင် ရပ်ခဲ့ရသည်။ ထို့နောက် ကားထဲမှထွက်ကာ တောအုပ်ဆီသို့ ခြေလျင်လျှောက်လာခဲ့ရ၏။
သွမ့်ချန်ချင်းကိုမူ ရှဲ့ယွင်နန်က ကျောပိုးကာ သယ်လာသည်။
သွမ့်ချန်ချင်းက ၎င်းမှာ အဆင်ပြေသည်ဟု ထင်မိ၏။ ရှဲ့ယွင်နန်မှာ အမှန်တကယ်လည်း အလေးမသည့် လေ့ကျင့်ခန်းမျိုး လိုအပ်နေပေသည်။ သို့သော် တစ္ဆေဘုရင်နှင့် အခြားသူများက လေ့ကျင့်ခန်းအကြောင်း မတွေးမိကြရာ ... သူ့ကို ကျောပိုးခြင်းမှာလည်း လေ့ကျင့်ခြင်းဟု ယူဆလိုက်၍ ရပေသည်။
သူက ရှဲ့ယွင်နန်ရဲ့ ကျင့်ကြံရေးကိုလည်း တိတ်တိတ်လေး ကူညီပေးလို့ ရတယ်လေ ...
သူက ရှဲ့ယွင်နန်၏ ကျောပေါ်မှ စိတ်အေးသက်သာစွာဖြင့် လိုက်ပါလာကာ အခြားသူများ အာရုံမထားချိန်တိုင်း လည်ပင်းကို ခိုးနမ်းလေ့ရှိသည်။
ရှဲ့ယွင်နန်၏ ခြေလှမ်းတို့ တုန့်ခနဲ ရပ်တန့်သွားသည်။
“ဘာဖြစ်လို့လဲ ...”
တစ္ဆေဘုရင်က သူ့ကို လှမ်းမေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး ...”
သူက အသက်ကို ပြင်းပြင်းရှူကာ ရှေ့ဆက်လျှောက်လိုက်သည်။
ဤရက်ပိုင်းအတွင်း သူသည် အလွန် အလုပ်များနေခဲ့သည့်အပြင် ညပိုင်းအချိန်များတွင်လည်း ဆရာဖြစ်သူနှင့် တစ်ခန်းတည်း အတူနေခဲ့ကြရသည်။ ... ယဇ်ဆရာအဖြစ် နိုးထလာသည့်ညက သွမ့်ချန်ချင်းကို နမ်းမိပြီးနောက်ပိုင်း ... နောက်ထပ် နီးနီးကပ်ကပ် မနေဖြစ်ခဲ့ကြတော့ချေ။
ဤကဲ့သို့လည်း တစ်ကြိမ်မှ အနမ်းမခံခဲ့ရဖူးချေ။
ဆန်းပြားလှသည့် ခံစားချက်ကြောင့် ရင်ခုန်သံများ ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် မြန်ဆန်လာတော့သည်။
ခြေလမ်းအနည်းငယ် ဆက်လျှောက်သွားပြီးနောက် .. စိတ်ထဲတွင် အနည်းငယ် ကသိကအောက် ဖြစ်လာ၏။
သွမ့်ချန်ချင်းက ဘာလို့ မနမ်းတော့တာလဲ ...
ထိုသို့ တွေးနေစဉ်မှာပင် သွမ့်ချန်ချင်းက နောက်တစ်ကြိမ် ထပ်နမ်းလိုက်ပြန်သည်။
သူ့နှုတ်ခမ်းထောင့်စွန်းတို့ ဖုံးဖိ၍ မရနိုင်လောက်အောင်ပင် ကော့တက်သွားတော့၏။
သွမ့်ချန်ချင်းက အလိုလိုက်ခံထားရတဲ့ ကလေးလိုမျိုး သရုပ်ဆောင်တဲ့နေရာမှာ တကယ်ကို တော်တာပဲ ...ဒီအတိုင်းသာဆို .. သူ့ကို ဘယ်လောက်ကြာကြာ ကျောပိုးထားရ ထားရ လုံးဝ မပင်ပန်းလောက်ဘူး ...
ရှဲ့ယွင်နန်မှာ ပို၍ပင် အားအင်ပြည့်ဝ တက်ကြွလာသည်။
သွမ့်ချန်ချင်းက အံ့ဩမသွားပေ။.. သူက ရှဲ့ယွင်နန်ထံ စိတ်စွမ်းအင်များ ပို့ပေးနေခဲ့၍ ဖြစ်သည်။
တစ်ခဏခန့် ရှေ့ဆက်လျှောက်ပြီးနောက် တစ္ဆေဘုရင်က ပြောလိုက်သည်။
“အဖော်သားရဲတွေ အကုန် ထုတ်ထားလိုက်ကြတော့ .. ဒီကရှေ့ဆို အံ့ဖွယ်သားရဲတွေနဲ့ ရင်ဆိုင်ရတော့မှာ ...”
ထိုသို့ ပြောလိုက်သည့်တိုင် သူ့အဖော်သားရဲကို ထုတ်မလာပေ။
အခြားသူများကမူ အဖော်သားရဲများကို အသီးသီး ထုတ်လိုက်ကြသည်။
တစ္ဆေဘုရင်က သူ့ငယ်သားသုံးဦးကို ခေါ်လာကာ ထိုအထဲ၌ ရှချင်တစ်ဦးတည်းကသာလျှင် အမျိုးသမီး ဖြစ်ပေသည်။ သူမ၏ အဖော်သားရဲမှာ ပျားရည်ရောင်အမွေးနှင့် ခွေးတူဝက်တူတစ်ကောင် ဖြစ်၏။
အကြောက်အလန့် မရှိသည့် ခွေးတူဝက်တူက အပြင်ဘက်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် တောထဲသို့ ပြေးဝင်သွားလိုက်သည်။
အမျိုးသားနှစ်ဦးအနက် သာ့ဟောက်ဟု အမည်ရသူ၏ အဖော်သားရဲမှာ ဖြူကောင်ဖြစ်ပြီး သာ့ဟေးဟု အမည်ရသူမှာမူ မိကျောင်းကို အဖော်သားရဲအဖြစ် ပိုင်ဆိုင်ထားသည်။
သာ့ဟေး၏ မိကျောင်းမှာ များစွာ မကြီးလှသလို ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း မသန်မာလှပေ။ ဖြူကောင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း သာမန်မျှသာ ဖြစ်သည့်အတွက် သုံးဦးအနက် ရှချင်မှာ တိုက်ခိုက်ရေးတွင် အကောင်းဆုံးဟု ဆိုနိုင်ပေသည်။
သွမ့်ချန်ချင်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရှောင်ပိုင်ကို တွေ့လိုက်တော့သည်။
အရွယ်ရောက်နေပြီဖြစ်သော ရှောင်ပိုင်က သူ့ကို အမြီးယမ်းပြလိုက်၏။
သူက ရှောင်ဟွားကိုပါ ထုတ်လိုက်သည်။
“သွား ...”
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်ဟွားက ရှောင်ပိုင်၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
ရှဲ့ယွင်နန်က သူ့ကို ကျောပိုးထားသကဲ့သို့ ရှောင်ပိုင်ကလည်း ၎င်းကို ကျောပေါ်တင်ကာ ခရီးဆက်လိုက်သည်။
“ရှင့်ရဲ့ အဖော်သားရဲက ရှဉ့်ပေါက်စလေးပဲ ...”
ရှချင်က အနည်းငယ် စာနာသနားသွားဟန်ဖြင့် ပြောလိုက်သည်။
“အရမ်းကို ချစ်စရာကောင်းတာပဲ ...”
“ကျေးဇူးတင်ပါတယ် .. သူက တကယ်ကို ချစ်စရာကောင်းတာ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
ရှဉ့်ပေါက်စကို မြင်လိုက်သည့်အခါ တစ္ဆေဘုရင်မှာ ၎င်းသည် အမှန်တကယ် ရှဉ့်အစစ် ဟုတ်မဟုတ် ကိုင်ကြည့်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။
နတ်ဘုရားအဆင့် တိုက်ခိုက်သူတစ်ယောက်ရဲ့ အဖော်သားရဲက ရှဉ့်တစ်ကောင်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...
သူက သွမ့်ချန်ချင်း၏ အဖော်သားရဲမှာ သူ့ရှောင်
ကျိုးကဲ့သို့ပင် အခြားသူများအား အာရုံထွေပြားသွားစေနိုင်သည့် ကိုယ်ယောင်ဖျောက်စွမ်းရည်မျိုး ရှိနေလေသလားဟုပင် သံသယဝင်လာမိတော့သည်။
ဒီ ရှဉ့်ပုံစံက သေချာပေါက်ကို အတုပဲ ဖြစ်ရမယ် ...
ဒီရှဉ့်ရဲ့ သရုပ်မှန်က ဘာလဲ မသိဘူး ... အဲဒီ့ရှဉ့်က ရှောင်ပိုင်ရဲ့ ကျောပေါ်ကို တက်နေတာ .. ရှောင်ပိုင် တစ်ခုခု ဖြစ်သွားလောက်လား ...