Chapter 65
ထိုလူအိုကြီးမှာ အမှန်တကယ်ပင် နဝမအဆင့် တိုက်ခိုက်သူတစ်ဦးဖြစ်ပြီး ဝမ်ချဲ့ဟု အမည်ရသည်။
ယဇ်ဆရာအကြီးအကဲ ပျောက်ကွယ်သွားပြီးနောက်ပိုင်း သူ့ဘက်တော်သားများသည် ရန်သူနှင့် ရင်ဆိုင်ကာ ယဇ်ဆရာအကြီးအကဲ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းစောင့်ရှောက်ရန် မြင့်မြတ်မြို့တော်တွင် ဆက်ပြီးနေထိုင်ခဲ့ကြသည်။ သို့သော် လူအချို့တဝက်မှာမူ အကြီးအကဲအား လိုက်လံရှာဖွေရန် တာဝန်ပေးခြင်း ခံလိုက်ရ၏။
ဝမ်ချဲ့သည် ထိုသူများအနက် တစ်ဦးပင်။
အစပိုင်းက သူသည် ယဇ်ဆရာအကြီးအကဲကို မသေသေးဟု တစ်ထစ်ချ ယုံကြည်ထားသည်။ ထို့ကြောင့် မြင့်မြတ်မြို့တော်မှ ထွက်လာပြီးနောက် လူရှာဖွေခြင်းကိုသာ အာရုံစိုက်ထားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူကဲ့သို့ပင် ယဇ်ဆရာအကြီးအကဲအား လိုက်ရှာနေသူများနှင့် ဆုံတွေ့လိုက်ရ၏။
သူသည် ယဇ်ဆရာအကြီးအကဲ၏ အယုံကြည်ရဆုံးနောက်လိုက် မဟုတ်သကဲ့သို့ အသက်ပင် ပေးရဲသည့် သစ္စာတော်ခံလည်း မဟုတ်ပေ။ သို့သော် အကြီးအကဲကို မကြာခဏ မြင်တွေ့ဖူးပေသည်။
ရာထူးကို လက်ခံရရှိစဉ်က ယဇ်ဆရာအကြီးအကဲသည် အလွန် ငယ်ရွယ်သည့်အပြင် ကျန်းမာရေးကလည်း များစွာ ညံ့ဖျင်းလှသည်။ နှစ်စဉ်နှစ်တိုင်း မဖြစ်မနေ တက်ရောက်ရန် လိုအပ်သည့် ပွဲအခမ်းအနားများကို တက်ရောက်ခြင်းမှအပ ကျန်အချိန်အားလုံးတွင် အိပ်ယာထဲမှပင် မထနိုင်ချေ။
သူက မည်သည့်အရာကိုမှ မမြင်တွေ့ဖူး၊ ထို့ကြောင့် အရာအားလုံးနှင့် ပတ်သက်၍ သိလိုစိတ် ပြင်းပြလှသည်။ ဝမ်ချဲ့ သူ့ကို သွားတွေ့လေတိုင်း မျက်နှာဖုံးတပ်ထားသော လူငယ်လေးသည် သူ့ကို ဆွဲခေါ်ကာ အပြင်လောကသည် မည်သို့မည်ပုံ ရှိကြောင်း မကြာခဏ မေးတတ်သည်။
ဝမ်ချဲ့မှာ ထိုလူငယ်လေးအတွက် စိတ်မကောင်း မဖြစ်ဘဲပင် မနေနိုင်ပေ။
ယဇ်ဆရာအကြီးအကဲ သေဆုံးသည့်သတင်းကို ကြားလိုက်သည့်အခါ မဖုံးမဖိနိုင်လောက်အောင်ပင် နာကျင်ဝမ်းနည်းသွားရတော့သည်။
အခြားသူများက ယဇ်ဆရာအကြီးအကဲ၏ လှပကောင်းမွန်သော ဘဝကို နှစ်သက်အားကျကြသော်ငြား အမှန်စင်စစ်တွင် သူသည် ဘုရားကျောင်းထဲတွင် လှောင်ပိတ်ခံထားရသည့် နာမကျန်းဖြစ်နေသော လူငယ်လေးတစ်ဦးသာ ဖြစ်ပေသည်။
တစ္ဆေဘုရင်၏ ဘက်တော်သားများက ယဇ်ဆရာအကြီးအကဲ၏ နာမည်ကို အသုံးချကာ ရှဲ့ယွင်နန်ကို ပွဲထုတ်နေကြောင်း သိလိုက်ရသည့်အခါ ဝမ်ချဲ့သည် လွန်စွာ ဒေါသထွက်သွားခဲ့သည်။ သူက ရှဲ့ယွင်နန်သည် ယဇ်ဆရာအကြီးအကဲ၏ ဆက်ခံသူ ဟူသောစကားကို လုံးဝ အယုံအကြည်မရှိ၊ ထို့ကြောင့် ပြဿနာရှာရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ဟုန်ယဲ့မြို့တော်၌ ကိစ္စအများအပြား ဖြစ်ပွားလာကာ သူတို့အဖို့လည်း ခြေရာဖျောက်ကာ နေထိုင်ရန် ပိုမို ခက်ခဲလာတော့သည်။ .. ထိုသို့ဖြင့် ရှဲ့ယွင်နန်၏ နေအိမ်ထဲသို့ ခိုးဝင်ရန်မှအပ ရွေးစရာ မရှိသည့်နေ့သို့ ရောက်လာတော့သည်။
သို့သော် သူက ရှဲ့ယွင်နန်ကို မည်သို့မှ မကြံစည်ရသေးခင်မှာပင် တစ်ဖက်သူသည် စီနီယာယဇ်ဆရာအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူ့ကိုယ်သူ စီနီယာအဆင့် ယဇ်ဆရာတစ်ဦးအား အမိအရ ဖမ်းဆီးနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိ၊ ထို့အပြင် ယခုလက်ရှိအချိန်၌ ရှဲ့ယွင်နန်၏ ပိုင်နက်ထဲတွင်သာ ရှိနေသေးရာ ... ဒုတိယအကောင်းဆုံး ရွေးချယ်မှုအနေဖြင့် သွမ့်ချန်ချင်းအား ဖမ်းခဲ့ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ရှဲ့ယွင်နန်၏ အင်အား တိုးတက်လာသည့်နှုန်းမှာ မြန်ဆန်လွန်းလှသည့်အတွက် ဝမ်ချဲ့လည်း သူ၏ မူလအတွေးကို စွန့်လွှတ်လိုက်ရတော့သည်။
ကြည့်ရတာ ရှဲ့ယွင်နန်က တကယ်ကို ယဇ်ဆရာအကြီးအကဲဆီကနေ တစ်ခုခု ရခဲ့တာထင်တယ် ...
ယဇ်ဆရာအကြီးအကဲဆီမှာ ရတနာ ရှိနေတယ်လို့ သူကိုယ်တိုင်လည်း ကြားထားဖူးတော့ ... ရှဲ့ယွင်နန် ရသွားခဲ့တာက အဲဒါပဲနေမှာ ...
သူက သွမ့်ချန်ချင်းနှင့် သီးသန့် စကားပြောလိုခဲ့သည်။
“ဆရာ .. ထမင်းစားချိန် ရောက်ပါပြီ ...”
လူတစ်ယောက်က သူ့အတွက် စားစရာများ ယူလာပေးလိုက်သည်။
နဝမအဆင့် တိုက်ခိုက်သူတစ်ဦး ဖြစ်သည့်အလျောက် ဝမ်ချဲ့သည် အသားများကိုသာ အများအပြား စားတတ်သည်။
သူက ဖျတ်ခနဲ လှမ်းကြည့်ကာ ပြောလိုက်သည်။
“နောက်ထပ် တစ်ပန်းကန် ယူခဲ့...”
ပန်းကန် နောက်တစ်လုံး ရောက်လာသည့်အခါ ဝမ်ချဲ့က သူ့ပန်းကန်ထဲမှ အသားများကို သွမ့်ချန်ချင်းအတွက် ခွဲထည့်ပေးလိုက်သည်။
“မင်း .. များများစား အခုခေတ် လူငယ်တွေကို နားကို မလည်နိုင်တော့ဘူး ကြည့်ကောင်းဖို့လေး တစ်ခုတည်းနဲ့ အစားကို ကောင်းကောင်းမွန်မွန် မစားကြဘူး .. ခန္ဓာကိုယ်က အရေးကြီးတာလား ကြည့်ကောင်းဖို့က အရေးကြီးတာလား ဟမ် .. မင်းတို့သာ ခန္ဓာကိုယ် ကြံ့ခိုင်ရင် ...”
သူက တစ်နှစ်ပတ်လုံး အိပ်ယာထဲ လှဲနေရသည့် ယဇ်ဆရာအကြီးအကဲကို တွေးမိသွားသည်။
သူ့ရှေ့တွင် ရှိနေသည့် သွမ့်ချန်ချင်းမှာ လွန်စွာ ပိန်ပါးသည့်တိုင် ကျန်းမာသန်စွမ်းနေဆဲပင်။ ထိုခန္ဓာကိုယ်မျိုး ဖြစ်လာစေရန် တမင်တကာ ထိန်းသိမ်းထားခြင်း ဖြစ်ရမည်ဟု ခန့်မှန်းမိ၏။ ယဇ်ဆရာအကြီးအကဲမှာမူ ကွဲပြားလှသည်။ သူက နာမကျန်းသောကြောင့် ရှေ့တွင် ရှိနေသူထက်ပင် များစွာ ပိန်လှီခဲ့သည်။
သွမ့်ချန်ချင်းက ညစာစားပြီးပြီ ဖြစ်သော်ငြား အသားပန်းကန်ကို လက်ခံလိုက်ဆဲပင်။
“ဘာလို့ ကျွန်တော့်ကို ပြန်ပေးဆွဲလာတာလဲ ...”
“ငါလည်း မင်းကို မဖမ်းချင်ပါဘူး ရှဲ့ယွင်နန်ကို ဖမ်းလာခဲ့ချင်တာ ဒါပေမယ့် သူက တအား အင်အားကြီးလွန်းတယ်လေ သူ့ကို ဖမ်းမိဖို့ မသေချာလို့ မင်းကိုပဲ ဖမ်းလာခဲ့လိုက်တာ ...”
“ဘာလို့ သူ့ကို ဖမ်းလာချင်ရတာလဲ ...”
သွမ့်ချန်ချင်းက မေးလိုက်သည်။
သူက ထိုသူသည် မည်သည့်အင်အားစုမှ ရောက်လာခြင်းဖြစ်ကြောင်း သိလိုပေသည်။
“ငါက ယဇ်ဆရာအကြီးအကဲရဲ့ အလောင်း ဘယ်နေရာမှာရှိလဲ သိချင်လို့ ...”
ဝမ်ချဲ့က ပြောလိုက်သည်။
“ယဇ်ဆရာအကြီးအကဲရဲ့ အလောင်း ဟုတ်လား ...”
သွမ့်ချန်ချင်းက အံ့ဩသွား၏။
“ဟုတ်တယ် ရှဲ့ယွင်နန်က အကြီးအကဲဆီကနေ အမွေရထားတာဆို အလောင်းက ဘယ်မှာလဲ သူ သေချာပေါက်ကို ငါတို့လက်ထဲ ပြန်လွှဲပေးရမယ် ...
ဝမ်ချဲ့က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
သွမ့်ချန်ချင်း "..."
လက်စသတ်တော့ သူတို့ ပြောခဲ့တဲ့ အလိမ်အညာတွေကြောင့်ပဲ အဖမ်းခံလိုက်ရတာကိုး ...
ယဇ်ဆရာအကြီးအကဲရဲ့ အလောင်းက ဘယ်နားမှာလဲဆိုတာ ဘယ်သူက သိမှာလဲ ...
သွမ့်ချန်ချင်း မစားသည်ကို မြင်လိုက်သည့်အခါ ဝမ်ချဲ့က သူ ကြောက်လန့်သွားသည်ဟု ထင်မိ၍ ချက်ခြင်း ပြန်ပြောလိုက်သည်။
“မစိုးရိမ်နဲ့ ငါ မင်းကို မသတ်ပါဘူး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိချင်ရုံလေးပဲ .. ငါက ယဇ်ဆရာအကြီးအကဲအတွက် ဆုတောင်းပေးချင်လို့ ဘယ်သူ့ကိုမှ သတ်မှာ မဟုတ်ဘူး ..."
“ခင်ဗျားက လူကောင်းပဲ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
သူ့ရှေ့တွင် ရှိနေသူထံ၌ သတ်ဖြတ်လိုသည့် အရိပ်အယောင်ကို စိုးစဉ်းမျှပင် မခံစားရ၊ ထို့ကြောင့် သွမ့်ချန်ချင်းသည် သူ့ကို သဘောကျမိလာတော့သည်။
“ငါက ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး ဆက်တိုက် ကျင့်ကြံနေခဲ့တာလေ ...”
ဝမ်ချဲ့က ပြောလိုက်သည်။
“ဒါပေမယ့် ရှဲ့ယွင်နန်က အကြီးအကဲရဲ့ ခန္ဓာကိုယ်ကို မရိုမသေ လုပ်ခဲ့ရင်တော့ .. ဟမ့် ငါ သေရမယ်ဆိုရင်တောင် သူ့ကိုတော့ ရအောင် သတ်ခဲ့ဦးမှာ ...”
သွမ့်ချန်ချင်း “...”
ဒဏ်ရာ သက်သာလာတဲ့အထိ စောင့်ပြီးမှပဲ ဒီကိစ္စကို ကိုင်တွယ်ကြတာပေါ့ ...
ဥပမာ ပြောရရင် .. ရှဲ့ယွင်နန်က ဘယ်လို အမွေပစ္စည်းမျိုးကိုမှ မရဖူးဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြတာမျိုးလေ ...
သွမ့်ချန်ချင်းက သူ့ပန်းကန်ကို တစ်ဖြည်းဖြည်းချင်း စားနေစဉ်မှာပင် ဝမ်ချဲ့က ရုတ်တရက် မေးလိုက်ပြန်သည်။
“မင်းက ရှဲ့ယွင်နန် ယဇ်ဆရာ ဖြစ်မလာခင်ကတည်းက သူနဲ့ လက်ထပ်ခဲ့တာ မဟုတ်လား ရှဲ့ယွင်နန် ယဇ်ဆရာအကြီးအကဲရဲ့ ပစ္စည်းကို ဘယ်လိုလုပ် ရလာတာလဲ သိလား ...”
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူက ရှဲ့ယွင်နန်အကြောင်း စုံစမ်းကာ ဖြစ်နိုင်ချေရှိသည့် မှန်းဆချက် အချို့ကိုပါ ကောက်ချက်ချခဲ့သည်။
သူက ရှဲ့ယွင်နန်သည် မြို့အနီးရှိ မြစ်ထဲသို့ မျောလာသော ယဇ်ဆရာအကြီးအကဲ၏ အလောင်းကို ဆယ်ယူမိသွားခြင်း ဖြစ်ရမည်ဟု မှန်းဆမိသည်။ သူ ဖမ်းမိထားသူများကို စစ်မေးသည့် အခါတွင်လည်း ထိုသူက ယဇ်ဆရာအကြီးအကဲ၏ အလောင်းကို မြစ်ထဲ မျောခဲ့ကြောင်း ဝန်ခံထားသည်။
သို့သော် ဘာဆက်ဖြစ်ခဲ့သည်ကိုတော့ သူလည်း မသိခဲ့ချေ။
“ယွင်နန်က ဘာအမွေမှ မရပါဘူး သူတို့က သူ့ကို အထောက်အထားတစ်ခု ပေးချင်လို့ တမင်ပြောခဲ့တာ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ယဇ်ဆရာအကြီးအကဲဆီက အမွေ မရထားဘဲ ဘာလို့ အချိန်တိုအတွင်း စီနီယာအဆင့်အထိ ရောက်နိုင်မှာလဲ ...”
“ယွင်နန်က အံ့ဖွယ်ဆေးပင်တစ်ပင်ကို စားခဲ့ ...”
“ဒီလိုမျိုး အံ့ဩစရာ ကောင်းလောက်အောင်ကို အာနိသင်ရှိတဲ့ အံ့ဖွယ်အပင်မျိုး ဘယ်မှာ ရှိလို့လဲ ထားပါ မင်းမှ နားမလည်တာကို ငါကလည်း ဘာဖြစ်လို့ ဆက်ပြောနေမိလဲ မသိဘူး ...”
ထို့နောက် သူက တစ်ခုခု တွေးမိသွားသည့်ဟန်။ သွမ့်ချန်ချင်းကို ဆက်မေးလိုက်သည်။
“မင်းတို့နေတဲ့ နေရာနားမှာ မြစ်ရှိတယ် မဟုတ်လား ရှဲ့ယွင်နန်က မြစ်ထဲကနေ တစ်ခုခု ဆယ်လာတာမျိုး ရှိဖူးလား ...”
ထိုအကြောင်း ကြားလိုက်သည့်အခါ သွမ့်ချန်ချင်းသည် မြစ်ထဲ၌ ပစ္စည်းများကို လိုက်ဆယ်နေသည့် လှေတစ်စင်းကို တွေ့ခဲ့မိကြောင်း သတိရသွားတော့သည်။
ယဇ်ဆရာအကြီးအကဲက သေပြီးနောက်ပိုင်း မြစ်ထဲ ပြုတ်ကျသွားတာများလား ...
အတွေးစတစ်ခု ဖျတ်ခနဲ ထွက်ပေါ်လာသော်ငြား ချက်ခြင်း ပြန်လည်ပျောက်ကွယ်သွားသည်။ သူက ပြောလိုက်၏။
“ယွင်နန်ကို သူ့အဖိုးက မြစ်ထဲကနေ ကယ်လာခဲ့ပေးတာ အဲဒီ့အချိန်တုန်းက သူ့ကို သေတ္တာတစ်လုံးထဲ ထည့်ပြီး မြစ်ကြောင်းအတိုင်း အမျောခံခဲ့ရတာတဲ့ ပြီးတော့ အစာငတ်ပြီး သေလုနီးပါး ဖြစ်နေခဲ့တာ အဲဒါကြောင့် သူက မြစ်ထဲမှာ အလောင်းတွေ မျောလာတာကို တွေ့တိုင်း ဆယ်ပြီးတော့ မြှုပ်ပေးတတ်တယ် ...”
သွမ့်ချန်ချင်း၏ စကားများမှာ အစစ်အမှန် ဖြစ်ကာ ထိုအကြောင်းကို မြို့ထဲတွင် နေသူများလည်း သိထားကြသည်။
ဝမ်ချဲ့က ချက်ခြင်း မတ်တပ်ထရပ်ကာ သူ့ကိုပါ ဆွဲထူလျက် ပြောလိုက်သည်။
“ငါ့နောက်လိုက်ခဲ့ ...”
ယခင် ရှဲ့ယွင်နန်အကြောင်း စုံစမ်းစဉ်ကတည်းက ထိုသူမှာ လူကောင်းတစ်ယောက်ဖြစ်ကြောင်း သိထားသော်ငြား ဤကဲ့သို့သော အတွင်းကျကျ ဖြစ်ရပ်များကို မသိခဲ့ရချေ။
ဒါဆို .. အကြီးအကဲရဲ့ အလောင်းကိုပါ သူ မြှုပ်ပေးလိုက်တာများ ဖြစ်နေမလား ...
ဝမ်ချဲ့က သွမ့်ချန်ချင်းအား ခေါ်ကာ ယဇ်ဆရာအကြီးအကဲ၏ အုတ်ဂူကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။
သွမ့်ချန်ချင်း “...”
အသားတွေကို ပြီးအောင် မစားရသေးဘူးလို့ ...
ဝူချဲ့နှင့် သူ့လူများ ပုန်းအောင်းနေသည့် နေရာသည် ရှဲ့ယွင်နန် နေခဲ့ဖူးသည့် နေရာနှင့် သိပ်မဝေးလှ။ ထို့ကြောင့် သွမ့်ချန်ချင်းကို မြစ်ဘေးသို့ အမြန် ခေါ်လာနိုင်ခဲ့သည်။
“ရှဲ့ယွင်နန်က ပုံမှန်ဆို ဘယ်နေရာမှာ မြေမြှုပ်ပေးလေ့ရှိလဲ ...”
ဝမ်ချဲ့က မေးလိုက်သည်။
“ဒီနား ...”
သွမ့်ချန်ချင်းက နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
ဆင်ခြေဖုံးဒေသတွင် သင်္ချိုင်းမြေများ ရှိသည့်တိုင် သင်္ချိုင်းမြေတွင် မြှုပ်နှံခြင်းမှာ ငွေကုန်ကြေးကျ များပေသည်. ထို့ကြောင့် ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဦး သေဆုံးလေတိုင်း ထိုသူ၏ ဆွေမျိုးမိတ်ဆွေများက ကြုံရာနေရာ တစ်နေရာတွင်သာ မြှုပ်နှံပေးလိုက်လေ့ ရှိကြသည်။
ထိုသို့ မြှုပ်နှံလေ့ ရှိကြသည့် နေရာများထဲတွင် မြစ်ကမ်းစပ်သည်လည်း တစ်ခု အပါအဝင်ပင်။
ရှဲ့ယွင်နန်ကလည်း ထိုနေရာတွင် သူ ရှာတွေ့လာသည့် အလောင်းများကို မြှုပ်နှံပေးလေ့ ရှိခဲ့သည်။ ရဲကို ခေါ်ကာ အစီရင်ခံခဲ့ပြီး ထိုအလောင်းကို မည်သူမှ ဂရုမစိုက်ပါလျှင် သူကသာ တာဝန်ယူကာ မြှုပ်နှံပေးတတ်သည်။
ထိုနေရာသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ချဲ့သည် မြေပုံများစွာကို တွေ့လိုက်ရသည်။ အချို့မှာ အုတ်ဂူများ ပါရှိသော်ငြား အချို့ကမူ မပါရှိ။
ရှဲ့ယွင်နန်က သူကိုယ်တိုင် မြှုပ်နှံခြင်း ဖြစ်သည့်အတွက် ထိုအကြောင်းကို သွမ့်ချန်ချင်းလည်း ကောင်းစွာမသိ။ ဝမ်ချဲ့မှာလည်း မည်သည့်နေရာတွင် မြှုပ်နှံထားကြောင်း မမှန်းဆနိုင်ရာ မနက်ဖြန် ရှဲ့ယွင်နန်နှင့် တွေ့မည့်အချိန်ကို စောင့်ရန်သာ ရှိတော့သည်။
ညမှောင်နေသည်ကို အခွင့်ကောင်းယူကာ သူက ရှဲ့ယွင်နန်ကို သိသူများအား မေးခွန်းအချို့ မေးလိုက်သည်။ ထို့နောက်တွင်တော့ ရှဲ့ယွင်နန်အပေါ် အကောင်းမြင်သည့်စိတ်များ ပိုမိုများပြားလာတော့၏။
မြစ်ထဲတွင် မျောလာပြီးနောက် ယဇ်ဆရာအကြီးအကဲ၏ ခန္ဓာကိုယ်မှာ ခြေလက်အပြည့်အစုံ ရှိနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ရှဲ့ယွင်နန်က မြေမြှုပ်ပေးခဲ့လျှင်ပင် အဆင်ပြေပေသည်။
ဝမ်ချဲ့က သွမ့်ချန်ချင်းကို သာမန်လူတစ်ဦးဟုသာ သိထားသည့်အတွက် သတိထားကာ စောင့်ကြပ်မနေ၊ ယဇ်ဆရာအကြီးအကဲ၏ အလောင်းကို ရှာရန်သာ စိတ်အားထက်သန်နေတော့သည်။
သွမ့်ချန်ချင်းက မေးလိုက်သည်။
“ယဇ်ဆရာအကြီးအကဲရဲ့ ပုံစံက ဘယ်လိုလဲ ...”
ရှဲ့ယွင်နန်ကို ယဇ်ဆရာအကြီးအကဲ၏ အမွေဆက်ခံသူဟူ၍ အမည်တပ်ပေးထားသည့်တိုင် သွမ့်ချန်ချင်းသည် ယဇ်ဆရာအကြီးအကဲနှင့် ပတ်သက်၍ တစ်ခုတစ်လေမျှ သိမထားသေးချေ။
ဤနေရာတွင် စမတ်ဖုန်းများလည်း မရှိ။ ကွန်ယက်သည်လည်း ဒေသတွင်းသာ အသုံးပြု၍ ရသေးရာ ထိုကဲ့သို့သော ကိစ္စမျိုးကို စစ်ဆေးရန် အမှန်တကယ် ခဲယဉ်းလှပေသည်။
သူက မုန့်ယန်နှင့် အခြားသူများထံမှ ယဇ်ဆရာအကြီးအကဲအကြောင်း ကြားဖူးထားသည်များ ရှိသော်ငြား ထိုသူများ သိထားသည်မှာလည်း နည်းပါးလှသည်။ သူတို့ကိုယ်တိုင်ပင်လျှင် တစ်နှစ်ကို တစ်ကြိမ်သာ မြင်တွေ့ဖူးကြ၏။
“မင်းက ယဇ်ဆရာအကြီးအကဲက ဘယ်လိုပုံစံ ဆိုတာကိုတောင် မသိဘူးပေါ့ ...”
ဝမ်ချဲ့က အနည်းငယ် ဒေါသထွက်သွား၏။
သွမ့်ချန်ချင်း "..."
ဝမ်ချဲ့က နောက်မှ ကပ်လိုက်လာကာ ပြောလိုက်သည်။
“ကောင်းပြီ မင်းက အကြီးအကဲရဲ့ ရုပ်ရည်ကို သိချင်နေတာမှန်း ငါနားလည်ပါတယ် ဒါပေမယ့် ငါလည်း သူ့ပုံစံအစစ်ကို မမြင်ဖူးဘူး အမြဲတမ်း မျက်နှာဖုံး တပ်ထားတာဆိုတော့ ...”
ထို့နောက် သူက ဓာတ်ပုံတစ်ပုံကို ထုတ်ပြလိုက်သည်။
ဓာတ်ပုံထဲရှိ ယဇ်ဆရာအကြီ
းအကဲသည် တင့်တယ်ကောင်းမွန်သော အဝတ်အစားနှင့် မျက်မှန်းတန်းမိနေသော မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
ဒီမျက်နှာဖုံးက .. သူ ကူးပြောင်းလာကာစက ဆွဲချွတ်ပြီး လွှင့်ပစ်မိတဲ့ဟာ မဟုတ်လား ...
သွမ့်ချန်ချင်း “...”