အပိုင်း ၆၉
Viewers 8k


🐹အခန်း ၆၉

 ဝူယိလေးက ပိုင်မေ့မေ့ကို အရမ်းသဘောကျပါတယ်




တစ်ချိန်တည်း၌။


ပိုင်ယွဲ့သည် ဗီလာတွင် ကျန်နေရစ်ခဲ့ပြီး စိုးရိမ်ပူပန်စွာဖြင့် ရှေ့နောက် လျှောက်လှမ်းရင်း အပြင်သို့ ကြည့်နေလေသည်။ အကြိမ်ပေါင်းများစွာ ပြေးထွက်ရန် ကြိုးစားခဲ့သော်လည်း ဝူချင်ဖုန်း၏ ပြန်လည်ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ပိုင်ယွဲ့နောက်သို့ လိုက်မည့်အစီအစဉ် ပျက်သွားခဲ့ရသဖြင့် ပိုင်ယွဲ့မှာ အလွန်အမင်း စိတ်ဓာတ်ကျလာမိသည်။ အစ်ကိုဖြစ်သူ တစ်စုံတစ်ခု ဖြစ်ပွားနေချိန်တွင် သူသည် ဤနေရာတွင် အကာအကွယ်ပေးခံထားရသည်။


အဆုံးတွင် ဗီလာအပြင်မှ ဆူညံသံများ ကြားလိုက်ရပြီးနောက် နျဲ့ရှောင်နှင့် အခြားသူများသည် စိတ်ပျက်အားငယ်သော အမူအရာများဖြင့် ဗီလာအတွင်းသို့ ဝင်လာကြသည်။ 


ပိုင်ယွဲ့ အလျင်စလိုပြေးသွားလိုက်သော်လည်း ပိုင်မေ့အား မတွေ့ရချေ။


“ကျွန်တော့် ကော ဘယ်မှာလဲ..”


ညီဖြစ်သူ၏ အသံအား ကြားချိန်တွင် ပိုင်မေ့ ခန္ဓာကိုယ်အားကျုံ့ကာ လောယွင်ဟိုင်၏နောက်၌ ပုန်းနေပြီး သူ၏ အသွင်သဏ္ဌာန်အား မည်သူမျှ မမြင်နိုင်စေရန် ခေါင်းငုံ့ထားသည်။


ပိုင်ယွဲ့ တစ်စုံတစ်ခုအား ခံစားမိပုံပင်။ မျက်လုံးပင့်ကာ လောယွင်ဟိုင်ရှိရာသို့ ကြည့်လိုက်သည်။ ထိုသူ၏နောက်၌ ရင်းနှီးနေသော အဝတ်တစ်စွန်းတစ်စ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသဖြင့် လောယွင်ဟိုင်ရှိရာသို့ လျှောက်လှမ်းသွားသည်။ ထို့နောက် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။


“ကော.. ‌နောက်ဆုံးတော့ ပြန်လာပြီပေါ့.. ရုတ်တရက် ဘာဖြစ်လို့ ပြေးထွက်သွား..”


ပြောနေရင်းနှင့် စကားလုံးများ ရပ်တံ့သွားသည်။ လရောင်အောက်တွင် ပိုင်ယွဲ့သည် အစ်ကိုဖြစ်သူ၏ အသွင်သဏ္ဌာန်အား မြင်သွားပြီးနောက် ကြောင်အသွားပြီး မျက်လုံးများ နီရဲလာလေသည်။


“ကော လား..”


“ငါ့ကို မကြည့်နဲ့..”


ပိုင်မေ့ ထိတ်လန့်တကြား ခေါင်းအား လက်ဖြင့်ကာလိုက်သည်။ မည်သည့်နေရာတွင်မှ ပုန်းကွယ်မရနိုင်တော့သောကြောင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ မာနကြီးပြီး ချောမောလှပသူတစ်ဦးမှာ ယခုအခါတွင် အားနည်းပြီး မိမိကိုယ်ကိုယ် နှိပ်စက်နေသည်ကို မြင်ရသောအခါ လောယွင်ဟိုင်၏ နှလုံးသားအား လက်ဖြင့် ဖျစ်ညှစ်ခံရသလို ခံစားမိသောကြောင့် သူသည်လည်း မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ပိုင်မေ့အား လက်မောင်းများကြား ပွေ့ဖက်ထားလိုက်သည်။


“အဆင်ပြေတယ်နော်.. မကြောက်ပါနဲ့.. မငိုပါနဲ့ကွာ..”


အစ်ကိုဖြစ်သူ၏ အသွင်သဏ္ဌာန်အား မြင်သည့်အခါ ပိုင်ယွဲ့သည်လည်း ပြိုလဲကာ မျက်ရည်များ စီးကျလာသည်။ နျဲ့ရှောင်တို့ဘက်အား လှည့်ကြည့်ကာ ဆံပင်သပ်တင်လိုက်ပြီး‌နောက် တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းများဖြင့် ပြောလေသည်။


“ဘာတွေလဲ.. ခင်ဗျားတို့ ကျွန်တော့် ကော ကို ကာကွယ်မပေးကြဘူးလား. ဘယ်လိုဖြစ်ပြီး ကျွန်တော့်‌ ကော က ဇွန်ဘီအဖြစ်နဲ့ ပြန်လာရတာလဲ.. အားးးးး”


ပိုင်ယွဲ့၏ စွပ်စွဲပြောဆိုသော စကားများနှင့် ရင်ဆိုင်ရသော်လည်း နျဲ့ရှောင်တို့အဖွဲ့မှာ နှလုံးသားထဲ ဝမ်းနည်းပူဆွေးမှုနှင့်သာ ပြည့်နေပြီး ပိုင်ယွဲ့၏ နားလည်မှုလွဲခြင်းအား မည်သူကမျှ ပြစ်တင်ပြောဆိုလိုခြင်း မရှိချေ။ မိမိချစ်ခင်နှစ်သက်သည့် တစ်ဦးတစ်ယောက်၏ ပြောင်းလဲမှုအား မြင်တွေ့ရပါက မည်သူမဆို ခံစားချက်မရှိဘဲ တည်ငြိမ်နေနိုင်မည် မဟုတ်ပေ။


ပိုင်ယွဲ့.. လောယွင်ဟိုင်အား တွန်းထုတ်လိုက်ပြီး ပိုင်မေ့၏ တုန်တုန်ယင်ယင် ခန္ဓာကိုယ်လေးအား ပွေ့ဖက်လိုက်သည်။ ချက်ချင်းဆိုသလို နွေးထွေးသော အဖြူရောင်အလင်းတစ်ခုသည် ပိုင်မေ့၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီးနောက် ပိုင်ယွဲ့သည် သူ၏ ကုသစွမ်းရည်ဖြင့် ပိုင်မေ့အား ကုသနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ပိုင်မေ့၏ မျက်နှာအား ရှားပါးရတနာတစ်ခုသဖွယ် တုန်ယင်နေသောလက်များဖြင့် အပြန်ပြန်အလှန်လှန် စစ်ဆေးနေသည်။


“ကော.. မကြောက်နဲ့နော်. ကော ဘာပဲဖြစ်ဖြစ် ငါက ကျောခိုင်းမသွားပါဘူး.. ကော ကို သေချာပေါက် ကုသပေးမှာ..”


ပိုင်ယွဲ့သည် ပိုင်မေ့၏ အပူချိန်ကင်းမဲ့နေသော လက်ဖဝါးအား ပါးပြင်ဖြင့် ပွတ်တိုက်ရင်း မျက်ရည်သွင်သွင် စီးကျနေလေသည်။


ပိုင်မေ့သည် ညီဖြစ်သူအားကြည့်ရင်း မျက်ရည်မစဲနိုင်အောင် ဖြစ်နေရသည်။ သူ၏နှုတ်ခမ်းများ အနည်းငယ် တုန်ယင်ကာဖြင့် ပိုင်ယဲ့နာမည်အား ခေါ်ဆိုလိုက်သည်။


“ယွဲ့အာ~”


ခပ်ဆင်ဆင်တူသော မျက်နှာနှစ်ခုမှာ ယခုအခါ အလွန်အမင်း ကွဲပြားနေလေသည်။ အလုံးစုံ ကွဲပြားနေသည့်တိုင် အလွန်လှပဆဲဖြစ်ပြီး အဆုံးမရှိနိုင်သည့် ဝမ်းနည်းပူဆွေးမှုများအားပေးလေသည်။ ညအမှောင်တွင် ပိုင်ယွဲ့၏ ကုသစွမ်းရည်မှလာသော အလင်းတန်းကြောင့် နေ့အချိန်ကဲသို့ ထိန်ထိန်လင်းနေသည်။


ထိုမြင်ကွင်းအား ကြည့်နေရသော အခန်းတွင်းရှိလူတိုင်း ဝမ်းနည်းခံစားရသဖြင့် ဆက်ကြည့်နိုင်စွမ်း မရှိတော့ပေ။ သူတို့၏ မျက်လုံးများ နီရဲကာ စိုစွတ်လာသည်။ လောယွင်ဟိုင်သည်လည်း ဝမ်းနည်းနာကျင်မှုကြောင့် မျက်ရည်များစို့နင့်လာပြီး အံကြိတ်ကာ ခပ်တိုးတိုး ညည်းတွားလိုက်ရသည်။ 


သို့သော်လည်း ထိုအချိန်မှာပင် အံ့သြဖွယ်ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။


ပိုင်ယွဲ့၏ ကုသစွမ်းရည်ကြောင့် ပိုင်မေ့၏ အသွင်သဏ္ဌာန် ပြောင်းလဲသွားပြီး သူ၏အသားအရည်နှင့် သွားများ နောက်တစ်ဖန် ပြန်လည်အသက်ဝင်လာသည်။ ယင်းမှာ အန္တိမမှော်ပညာရပ်နှင့် တူလှသည်။


“ဘုရားရေ..”


ထိုမြင်ကွင်းကြောင့် လူတိုင်း အံ့ဩထိတ်လန့်သွားကြသည်။ ပိုင်မေ့ကိုယ်တိုင်ပင်လျှင် သူ၏ပြောင်းလဲမှုကြောင့် အံ့အားသင့်နေမိပြီး မယုံနိုင်စွာဖြင့် လက်များအား ငုံ့ကြည့်လိုက်သည်။ သူ၏ ဦးနှောက်အတွင်းရှိ ဇွန်ဘီအမြုတေကြောင့်သာ မဟုတ်ခဲ့လျှင် ဇွန်ဘီတစ်ကောင် မဟုတ်တော့ဟုပင် တွေးမိသွားပေမည်။


စွမ်းရည်အရောင် ဖျော့တော့သွားသည်နှင့် ပိုင်ယွဲ့သည် မောပန်းနွမ်းနယ်စွာဖြင့် ပိုင်မေ့၏ လက်အတွင်းသို့ ပြိုလဲကျသွားသည်။ အစ်ကိုဖြစ်သူ၏ မျက်နှာအား မော့ကြည့်လိုက်သည့်အခါ နောက်တစ်ကြိမ် လှပပြီး သွေးရောင်သန်းနေသည်ကို မြင်လိုက်ရသည်။ သက်ပြင်းချရင်း အသက်ပြင်းပြင်းရှူလိုက်ပြီး‌နောက် ပြုံးလျက်နှင့် ပြောလေသည်။


“ငါမပြောဘူးလား.. ကော ကို ကုသပေးမှာပါဆို..”


ပိုင်မေ့ မျက်ရည်ကျလာပြန်သည်။ သူ၏ညီငယ်လေး၏ ဦးခေါင်းအား ပွေ့ဖက်ကာ ငိုကြွေးနေပြီး ပိုင်ယွဲ့၏ နဖူးလေးအား အနမ်းပေးလိုက်သည်။


“ကျေးဇူးတင်ပါတယ် ယွဲ့အာ..”


သို့သော်လည်း သူ၏စကားများ မဆုံးခင်မှာပင် စွမ်းရည်သည် အချိန်ခဏသာခံပြီး အကျိုးသက်ရောက်မှု ကုန်ဆုံးသွားသည်ကို တွေ့လိုက်ရသည်။ ပိုင်မေ့သည် ညမွှေးပန်းလေးသဖွယ် နဂိုအခြေအနေသို့ ပြန်လည်ပြောင်းလဲသွားသောကြောင့် လူတိုင်း၏ နှလုံးသားများ တင်းကြပ်လာသည်။ 


“ဘယ်လိုဖြစ်ရတာလဲ..”


မျှော်လင့်မထားသော မြင်ကွင်းကြောင့် ပိုင်ယွဲ့ လက်မြှောက်ကာ ပိုင်မေ့ထံသို့ စွမ်းရည်ဖြည့်သွင်းပေးရန် ပြုလိုက်သည်။ သို့သော်လည်း ပိုင်မေ့သည် သူ၏လက်အား ဆွဲကိုင်ထားလေသည်။


ပိုင်မေ့ မျက်ရည်များ ကျဆင်းလျက်နှင့် ပြုံးပြရင်း ခေါင်းခါယမ်းလိုက်သည်။ သူ့အတွက်မူ ယခုကဲ့သို့သော ခဏတာပြောင်းလဲမှုမျိုးကပင် သူ့အား ပြန်လည်ရှင်သန်ရန် မျှော်လင့်ချက်ပေးလေသည်။


ယခုအခါတွင် အဖိုးတန် မိသားစုနှင့် အပေါင်းအဖော်များ ရှိနေပြီ ဖြစ်သောကြောင့် အမှန်တကယ် ဝမ်းသာပျော်ရွှင်မိသည်။


“ဒီလောက်ကပဲ လုံလောက်ပါပြီ.. ယွဲ့အာ စိတ်မပူနဲ့နော်.. ကော က... တခြား ဇွန်ဘီတွေဲ့ မတူပါဘူး.. ကောက ဇွန်ဘီအကိုက်ခံရလို့ ဇွန်ဘီဖြစ်လာတာ မဟုတ်ဘဲ ကမ္ဘာပျက်ကပ် ကနဦးမှာ ဖျားနာပြီး နိုးထလာတဲ့ အချိန်ကတည်းက ဇွန်ဘီဖြစ်နေခဲ့တာကြောင့် ကိုယ်ပိုင်အသိစိတ်ရှိတဲ့ ဇွန်ဘီဘုရင်ပါ..”


ပိုင်ယွဲ့သည် အစ်ကိုဖြစ်သူအားကြည့်ရင်း နာကျင်ရသဖြင့် မျက်ရည်ဖြိုင်ဖြိုင်ကျလာသည်။ သူ၏မျက်လုံးများအား လက်ဖြင့်အုပ်ကာ ငိုကြွေးလေသည်။


“ဘယ်လိုဖြစ်နိုင်မှာလဲ.. ဘာဖြစ်လို့ ကော က ဒီလိုခက်ခဲမှုမျိုး ကြုံရတာလဲ..”


“ကော အဆင်ပြေပါတယ်..”


ပိုင်မေ့သည် ပိုင်ယွဲ့၏ ခေါင်းလေးအား ခပ်သာသာပုတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူရင်း သူ၏ ခံစားချက်များအား တည်ငြိမ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ ထို့နောက် မျက်ရည်များ ပြည့်လျှံနေသော မျက်လုံးများဖြင့် လူတိုင်းအား ယုံကြည်မှုရှိရှိ ကြည့်လိုက်သည်။


ယခုအခြေအနေတွင် သူ့အား ကြောက်ရွံ့ရွံရှာသူများ မရှိသောကြောင့် သူကိုယ်တိုင်သည်လည်း အထိမခံဖြစ်ကာ သိက္ခာကျနေရန် မလိုပေ။


ပိုင်မေ့သည် ပိုင်ယွဲ့အား ဆွဲထူပြီးနိုင် မျက်ရည်များ သုတ်လိုက်သည်။ လှပကျောရှင်းသည့် အသွင်အပြင်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် လူတိုင်းအား ဦးညွှတ်လိုက်သည်။ နှုတ်ခမ်းများ တွန့်ကွေးသွားပြီးနောက် အက်ကွဲနေသောအသံဖြင့် ပြောလေသည်။


“တောင်းပန်ပါတယ်.. ကျွန်တော့်ရဲ့ အပြုအမူတွေကို မေ့သွားခဲ့တယ်.. လူတိုင်း ထိုင်ကြပါ.. မင်းတို့ကို အရာအားလုံး ပြောပြပါမယ်..”


ပိုင်မေ့၏ စိတ်အားတက်လာသည့် အသွင်အပြင်အား မြင်သည့်အခါ လူတိုင်း ဝမ်းသာပျော်ရွှင်ကာ ပူဆွေးနေမှုများအား ဖယ်ထုတ်လိုက်နိုင်ပြီး ပိုင်မေ့အပေါ် လွန်စွာလေးစားမိလေသည်။ လောယွင်ဟိုင်သည် ပိုင်မေ့၏ လက်တစ်ဖက်အား ဆွဲယူလိုက်ပြီးနောက် တိတ်တဆိတ် ထောက်ပံ့အားပေးနှစ်သိမ့်လိုက်လေသည်။


***


ဤညမှာ ရှောင်လွဲရန် မဖြစ်နိုင်သော ညတစ်ညပင်။


လူတိုင်း ဧည့်ခန်းအတွင်း ထိုင်လိုက်ကြပြီး ပိုင်မေ့၏ အဖြစ်အပျက်အား နားထောင်နေကြသည်။ 


ပိုင်မေ့၏ ပြောကြားချက်မှတဆင့် ဝတ်ရုံနက်လူ၏ တည်ရှိမှု အပါအဝင် ပိုင်မေ့အား အမိန့်ပေး စေခိုင်းသည့် တာဝန်များကိုပါ သိရှိခဲ့ရသည်။


“ကျွန်တော်က သူ့ရဲ့ ဆင့်ခေါ်မှုကို မလွန်ဆန်နိုင်ဘူး.. သူ့အသံ ကြားရုံနဲ့တင် မငြင်းပယ်နိုင်ပဲ နာခံနေမိတာ.. ပြင်းထန်တဲ့ ဖိအားနဲ့ ခြောက်လှန့်မှုကို ခံစားရတယ်.. သူကလည်း ဇွန်ဘီတစ်ကောင် ဖြစ်နိုင်တယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်.. ကျွန်တော့်ထက် ပိုသန်မာပြီး အဆင့်မြင့်တဲ့ ဇွန်ဘီဘုရင် ဖြစ်ရမယ်.. အဲဒါကြောင့် စွမ်းရည်အမြုတေတွေ စုဆောင်းဖို့ အမိန့်ပေးနေတာ..”


ပိုင်မေ့ တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။ 


“သူက ဇွန်ဘီတစ်ကောင် မဟုတ်ဘူး ဆိုရင်တော့ ဘာရည်ရွယ်ချက်နဲ့ စွမ်းရည်အမြုတေ စုနေရတာလဲဆိုတာ မသိတော့ဘူး..”


“အရင်က ကျန်းချိုးဘေးမှာ နေခဲ့တာ သူ့ရဲ့ စွမ်းရည်အမြုတေကို လိုချင်လို့ပဲ.. ဒါပေမဲ့ မင်းတို့နဲ့ အတူနေတာ ကြာလာတော့ ငါ့မလုပ်နိုင်တော့ဘူး..”


ပိုင်မေ့သည် ဆိုဖာပေါ်တွင် ထိုင်နေရင်း ဝမ်းနည်းစွာ ပြုံးလိုက်သည်။ 


“ကျွန်တော်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လိုက်လာခဲ့ပေမဲ့ အဖွဲ့ထဲမှာ နေတာကြာလာတော့ ပုံမှန်လူတစ်ယောက်လို ခံစားမိပြီး ဒီဘဝကို မစွန့်လွှတ်ချင်ဘူး..”


လူတိုင်း တိတ်ဆိတ်စွာဖြင့် ပိုင်မေ့၏ စကားများအား နားထောင်နေခဲ့သည်။ ပိုင်ယွဲ့သည် ပိုင်မေ့၏လက်အား ဖျစ်ညှစ်လိုက်ပြီး ပိုင်မေ့ ရင်ဆိုင်ခဲ့ရသော နာကျင်မှုနှင့် လွန်ဆွဲမှုများအား ခံစားလာရသယောင်ပင်။ ထိုအကြောင်းအား တွေးမိသောအခါ နှလုံးသားတစ်ခုလုံး နာကျင်လာပြီး အသက်ရှူရခက်လာမိသည်။


ပိုင်မေ့သည်လည်း ပိုင်ယွဲ့၏လက်ကိုကိုင်ကာ နှစ်သိမ့်ပြီးနောက် သူ၏ဇာတ်လမ်းအား ပေါ့ပေါ့ပါးပါးဟန်ဖြင့် ဆက်ပြောဆိုသည်။


“အဲဒီနောက် သူ နှစ်ကြိမ် ထပ်ရောက်လာတယ်.. ဒါပေမဲ့ သူ့ကိုပေးဖို့ စွမ်းရည်အမြုတေ မရှိတာကြောင့် ကျွန်တော့်ကို သတ်လုနီးနီးပဲ.. ဒါပေမဲ့ ကျွန်တော့်ကို မသတ်ခင် သတင်းကောင်းကြားလိုက်ရသလိုပဲ.. ‌နောက်ဆုံးအချိန်ကျမှ အာရုံပြောင်းသွားတာ..”


“ပြီးတော့ သူသုံးတဲ့ ဆက်သွယ်ရေး ကိရိယာက အတော်လေး အဆင့်မြင့်တယ်.. တစ်ခါမှတောင် မမြင်ဖူးဘူး.. အဲဒါက ရောင်ပြန်ပရိုဂျက်တာနဲ့တောင် တူသေးတယ်..”


ပိုင်မေ့ ခေတ္တမျှ စဉ်းစားပြီးနောက် ဆက်ပြောသည်။


“ပြောရမယ်ဆိုရင် သတင်းရပြီးတာနဲ့ ချက်ချင်း ငါ့ကို လွှတ်ပေးလိုက်ပြီး သူမသွားခင် ဒီ ပုလင်း ၃ လုံးကို ပေးသွားခဲ့တယ်.. ဒီတစ်ခုက နောက်ဆုံးပုလင်းပဲ.. ဒါက ငါ့ရဲ့ မူလသွင်ပြင်ကို ပြန်ရစေပြီး ရုပ်ဖျက်နိုင်တယ်..”


ထိုသို့ပြောရင်း ပိုင်မေ့သည် သူ၏နေရာလွတ်အတွင်းမှ အစိမ်းရင့်ရောင် ဖန်ပြွန်တစ်ခုအား ထုတ်ယူလိုက်သည်။ အတွင်းရှိ အရည်များမှာ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားလေသည်။


ထိုအချိန်တွင် ဤအဖြစ်အပျက်အား ကြည့်နေကြသော မော့ယန်၊ ပိုဆီယာနှင့် အခြားသူများသည် ကမ္ဘာပေါ်ရှိ ဖြစ်ရပ်ဆိုးများမှာ ဂြိုလ်သားများကြောင့်ဖြစ်ကြောင်း ပိုမိုယုံကြည်လာသည်။ ပိုင်မေ့ ဖော်ပြခဲ့သော ရောင်ပြန်ဆက်သွယ်ရေး ကိရိယာမှာ သူတို့၏ လက်ထဲရှိ ကွမ်တမ်ဦးနှောက်ဖြစ်ကြောင်း သံသယဖြစ်ဖို့ပင် မလိုတော့ချေ။ ထို့အပြင် သူတို့အရှေ့ရှိ ဖန်ပြွန်ထဲမှ အရည်များသည် ကြယ်အစုအဝေး၏ အရောင်းရဆုံးသော အားဖြည့်ရည်နှင့် ကွာခြားချက် မရှိပေ။ ထိုအရာများအားကြည့်ကာ မောယန်တို့အဖွဲ့သည် စိတ်ဆိုးဒေါသထွက်လွန်းသောကြောင့် အံတကြိတ်ကြိတ် ဖြစ်နေမိတော့သည်။


ပိုင်ယွဲ့သည် ဖန်ပြွန်အား ချက်ချင်းကောက်ယူကာ အတွင်းရှိ အရည်များအား လေ့လာကြည့်လိုက်ပြီးနောက် ထူးဆန်းနေမှုအား ခံစားမိသည်။


“ကော.. ဒီထဲမှာ ကုသစွမ်းရည် ပါဝင်နေပုံပဲ..”


ပိုင်မေ့ ပြုံးလိုက်ပြီးနောက် ပိုင်ယွဲ့၏ခေါင်းလေးအား အသာပွတ်လိုက်သည်။ 


“အင်း.. ကောလည်း မင်းရဲ့စွမ်းရည်ကနေ ခံစားမိတယ်.. အကျိုးသက်ရောက်မှုက တူသလို ရှိပေမဲ့ သန့်စင်တဲ့စွမ်းရည်က ကြာရှည်မခံဘူး.. ဒါကို မင်းလေ့လာနိုင်ဖို့ ပေးထားမယ်.. မင်းကို တစ်ခုခု ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်.. မင်းရဲ့ ကော ပြန်ကောင်းလာဖို့ဆိုတာ မင်းအပေါ်မှာပဲ မူတည်သွားပြီနော်..”


ပိုင်ယွဲ့၏မျက်လုံးများ နီရဲလာပြန်သည်။ အားဆေးပြွန်အား ဂရုတစိုက်ကိုင်ကာ ခေါင်းညိတ်လိုက်သည်။


“ကော.. ငါ မင်းကို သေချာပေါက် ကုပေးမှာ..”


နျဲ့ရှောင်သည် ပိုင်မေ့အားကြည့်ကာ မေးလိုက်သည်။


“ဝတ်ရုံနက်နဲ့လူက မင်းကို ဘယ်အချိန် လာရှာနိုင်မလဲ..”


ပိုင်မေ့၏ စကားများအရ ဤကမ္ဘာပျက်ကပ်မှာ ဝတ်ရုံနက်လူနှင့် အနည်းနှင့်အများ သက်ဆိုင်လိမ့်မည်ဟု လူတိုင်းကောက်ချက်ချမိသည်။ သူတို့၏ နှလုံးသားထဲတွင် အမုန်းတရားများ လှိုင်းထန်လာ၏။


ပိုင်မေ့သည်လည်း ပိုမိုလေးနက်လာပြီးနောက် ဂရုတစိုက်နှင့် ပြောလေသည်။


“အများအားဖြင့်တော့ ကျွန်တော့်ရဲ့ ဆေးရည်တွေ ကုန်လောက်ချိန်ကျ ရောက်လာပြီး ကျွန်တော့်ဆီက စွမ်းရည်အမြုတေ လာယူတတ်တယ်.. ဒါပေမဲ့ အခုအချိန်မှာ သူ့ကိုသတ်ဖို့ မစဉ်းစားသင့်သေးဘူး.. သူက အရမ်းအရမ်းကို သန်မာတယ်ဆိုတာ ကျွန်တော်ခံစားမိတယ်.. ခင်ျားတို့အားလုံးက သူ့ရဲ့ပြိုင်ဘက် မဟုတ်ကြဘူး..”


“လောလောဆယ် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ စွမ်းရည်နှစ်မျိုးပဲ ပေါင်းစပ်နိုင်သေးတယ်.. သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းရည်ဘယ်လောက်တောင် ရှိမလဲ ကျွန်တော်မသိဘူး..”


ထိုသို့ပြောပြီးနောက် ပိုင်မေ့သည် များမကြာခင်က ရရှိထားသော မျိုးကွဲစွမ်ရည်တစ်မျိုးဖြစ်သည့် သစ်တော်ပွင့်လက်နက်(အပ်) စွမ်းရည်အား ပြသလိုက်သည်။


“သာမန်ဇွန်ဘီတွေက အများဆုံးအနေနဲ့ စွမ်းရည်အမြုတေ တစ်ခုကိုပဲ ပေါင်းစပ်နိုင်တယ်.. လက်ရှိတော့ ကျွန်တော့်ရဲ့ ကန့်သတ်ချက်က နှစ်ခု ပဲ..”


“သူ့မှာ ကျွန်တော်တို့မသိတဲ့ နည်းလမ်းတွေ အများကြီး ရှိနိုင်တယ်.. စွမ်းရည်ပိုင်ရှင်တွေရဲ့ ပြောင်းလဲမှုကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ထားတယ်.. သူက စွမ်းရည်အမြုတေတွေရဲ့ အဆင့်တွေကို ၃ မျိုးခွဲထားတယ်လို့ ပြောပြဖူးတယ်.. အစိုင်အခဲအဆင့်၊ အခဲတစ်ပိုင်းနဲ့ ရောနှောခြင်း တဲ့.. နိုးထလာပြီးပြီဆိုရင် စွမ်းရည်အမြုတေကို စုဆောင်းဖို့ ခက်လာလိမ့်မယ်..”


ပိုင်မေ့ မျက်မှောင်ကြုတ်ကာ ရှင်းပြသည်။


ကျန်းချိုး ရုတ်တရက် အလင်းပေါက်သွားလေသည်။


“ဪ.. ဒီတော့ တကယ်ပေါ့.. မင်းက နိုးထခြင်းအကြောင်း ပြောလာကတည်းက နျဲ့ရှောင်နဲ့ ငါက မင်းပုံမှန်မဟုတ်ဘူးဆိုတာ သတိပြုမိနေတာ..”


ပိုင်မေ့ အနည်းငယန် အံ့အသားသင့်သွားပြီးနောက် လေးစားမှုအပြည့်ဖြင့် ပြောလေသည်။


“မင်းတို့ ကြေးစားတွေက အတော်လေး အမြင်စူးရှကြတာပဲ.. ကျွန်တော် ဒီတိုင်းလေး ပြောလိုက်ရုံနဲ့တင် မင်းတို့က ကျွန်တော့်ကို ဖော်ထုတ်နိုင်သွားတယ်..”


ထိုအချိန်တွင် နင်ဖုန်းသည် ဒေါသတကြီး ခေါင်းကုတ်လိုက်သည်။


“အဲသည်တော့ နောက်ကွယ်ကဘော့စ်ကို ဘယ်လိုသတ်ကြမလဲ.. အားးး အခုတောင် ဒင်းကို သတ်ချင်နေပြီ.. ငါတို့ရဲ့ ဘဝတွေကို ကမောက်ကမဖြစ်အောင်လုပ်ပြီး ဇွန်ဘီဗိုင်းရပ်ပိုး ဖြန့်တဲ့သူက အဲကောင်ပဲနေမှာ..”


“အရင်ဆုံး စိတ်အေးအေးထားပါဦး..”


သွမ့်ဝမ်ယွီ နင်ဖုန်း၏လက်ကိုကိုင်ကာ မျက်ခုံးများတွန့်ရင်း ပြောလေသည်။


“လက်ရှိ ငါတို့သိထားတဲ့ အချက်အလက်က အရမ်းနည်းနေသေးတယ်.. မြက်ကိုရိုက်ပြီး မြွေကိုခြောက်လိုက်လို့ မရဘူး.. အခုတော့ အဲသည့်လူရဲ့အကြောင်း ပိုသိလာနိုင်ဖို့ ပိုင်မေ့အပေါ် မှီခိုရမှာပဲ.. ပြင်ဆင်မှုမရှိဘဲ တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး..”


ပိုင်မေ့ ခေါင်းညိတ်လိုက်သည်။


“သူ့ရဲ့ ယုံကြည်မှုရအောင် ကျွန်တော်အကောင်းဆုံး ကြိုးစားပါမယ်.. စွမ်းရည်အမြုတေကို စုဆောင်းတဲ့ ရည်ရွယ်ချက်က သူ့ရဲ့ သန်မာမှုအတွက်ဘဲ ဟုတ်ပုံမရဘူး..”


“ဒါဆိုလည်း အခုကနေစပြီး မင်းကို အကူအညီတောင်းပါတယ်..”


နျဲ့ရှောင် ပိုင်မေ့အား ကြည့်လိုက်သည်။ ယခုအခါ ပိုင်မေ့အား လှေတစ်စီးတည်း စီးနေကြသူများအဖြစ် မှတ်ယူကာ သံသယကင်းစင်သွားပြီ ဖြစ်သည်။


လောယွင်ဟိုင်သည် ပိုင်မေ့အားကြည့်ရင်း မသက်မသာ ခံစားမိပြီး စိုးရိမ်ပူပန်နေမိသည်။


“အဲဒါဆို နောက်တစ်ကြိမ် မင်း သူနဲ့တွေ့တဲ့အခါ စွမ်းရည်အမြုတေ လုံလုံလောက်လောက် မရှိဘူးဆိုရင် သူက မင်းကို သတ်ချင်ဦးမှာလား..”


ထိုသို့ကြားပြီးနောက် လူတိုင်း၏ နှလုံးသားများ တုန်ခါသွားသည်။


ပိုင်မေ့ ရုတ်တရက် ပြုံးပြလိုက်သည်။


“စိတ်မပူပါနဲ့.. မကြာသေးခင်က ဟိုင်ချန်သွားတဲ့လမ်းမှာ နည်းလမ်းတစ်ခု ရှာတွေ့ထားတယ်.. လူတွေကို မထိခိုင်စေဘဲ စွမ်းရည်အမြုတေ ထုတ်ယူနိုင်တယ်လေ.. လူသေအလောင်းတွေဆီက စွမ်းရည်အမြုတေ ရှာဖို့ အဆင့်နိမ့်ဇွန်ဘီတွေကို အမိန့်ပေးလိုက်ရုံပဲ.. ကမ္ဘာပျက်ကပ် အစမှာပဲ စွမ်းရည်ပိုင်ရှင် အများစုက မသန်မာသေးခင် သေသွားခဲ့ကြတယ်လေ..”


“ကျွန်တော့ရဲ့ စွမ်းရည်အမြုတေအားလုံးကို ဒီနည်းလမ်းနဲ့ပဲ ရလာခဲ့တာ.. မင်းတို့ပြောဖူးတဲ့ မုန့်ကွမ်းယောင်ရဲ့ အမြုတေ အပါအဝင်ပေါ့.. သူ့အလောင်းထဲကနေ တူးထုတ်ထားတာ.. ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် လူသတ်ဖို့ မရဲသေးဘူး.. လုံးဝကို မလုပ်နိုင်ဘူး.. ကံကောင်းပြီးတော့ လမ်းအဆုံး ရောက်နေချိန်မှာပဲ ဘုရားသခင်က နောက်ထပ်လမ်းတစ်ခု ပြပေးခဲ့တယ်..”


ပိုင်မေ့ ငိုရင်း ပြုံးလိုက်သည်။


“အဲသည်လို မဟုတ်ရင် ဘာဆက်လုပ်ရမယ် မသိတော့ဘူး..”


“မင်းတို့အဖွဲ့နဲ့ စတင်မိတော့မလိုပဲ..”


လောယွင်ဟိုင် ပိုင်မေ့အား ဝမ်းနည်းစွာ ပွေ့ဖက်လိုက်သည်။ ပိုင်မေ့ခံစားခဲ့ရသော နာကျင်မှုနှင့် အခက်အခဲများအား မည်သူမျှ တွေးမကြည့်နိုင်ပေ။


ကျန်းချိုးသည် ပိုင်မေ့အပေါ်အမြင်ပြောင်းသွားခဲ့သည်။ စကားချိုချိုများ ပြောခဲသော်လည်း မျက်လုံးများ စိုစွတ်လျက်ရှိသည်။


“မင်း ကောင်းကောင်းလုပ်ခဲ့ပါတယ်.. ငါတွေ့ဖူးသမျှထဲ မင်းက အရူးမိုက်ဆုံးနဲ့ အကောင်းဆုံးလူပဲ..”


အခြားတစ်ဖက်မှ ကြည့်မည်ဆိုလျှင် ဇွန်ဘီတစ်ကောင် ဖြစ်လာပြီးနောက် သူ၏နှလုံးသားအား ထိန်းချုပ်နိုင်မည်ဟု အာမ မခံနိုင်ပေ။ မှတ်ဉာဏ်များနှင့် ဇွန်ဘီတစ်ကောင် ဖြစ်လာပြီး သူ၏ အပေါင်းအဖော်များအား တိုက်ခိုက်ရန် အမိန့်ပေးခံနေရသည်။ ထိုခါးသီးမှုအား စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ချေ။ ပိုင်မေ့အတွက် ထိန်းချုပ်ရန် အလွန်ခက်ခဲပြီး အလွန်ကြီးမားသော ဆင်းရဲဒုက္ခအား ရင်ဆိုင်ခဲ့ရပေမည်။


“ငါတို့အားလုံး မင်းအပေါ် ကျေးဇူးကြွေးတင်နေပါပြီ..”


နျဲ့ရှောင်၏ ရင်ထဲတွင် အနည်းငယ် မသက်မသာ ခံစားမိပြီး ရိုးသားမှုအပြည့်ရှိသော မျက်လုံးများဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။ ခရီးစဉ်တစ်လျှောက်ချောချောမွေ့မွေ့ ရှိခဲ့ခြင်းမှာ ပိုင်မေ့၏ တိတ်တဆိတ် အားထုတ်မှုများကြောင့်သာ ဖြစ်နိုင်သည်။ ချောမွေ့သော ရွက်လွှင့်ခြင်းမှာလည်း ပိုင်မေ့နှင့် ခွဲခြားရနိုင်မည် မဟုတ်ပေ။


ပိုင်မေ့သည် နီရဲနေသော မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။ ခင်မင်ရင်းနှီးမှုအပေါ်တွင် အချိန်နှင့် စွမ်းအားများ အသုံးပြုရခြင်းမှာ အလွန်ကျေနပ်ဖွယ်ရာပင်။ ဇွန်ဘီတစ်ကောင် ဖြစ်နေမှန်း သိရှိလာကြသည့်တိုင် သူ့အပေါ် သတိအပြည့်ထားပြီး စောင့်ကြည့်နေမှုများ မရှိကြချေ။


ဟမ်းစတားလေးသည် ပိုင်မေ့၏ ခန္ဓာကိုယ်ပေါ် ခုန်တက်သွားပြီးနောက် ပိုင်မေ့၏ လည်တိုင်အား သူ၏ ခန္ဓာကိုယ်လေးဖြင့် သဘောတကျ ပွတ်သပ်လိုက်သည်။ နျဲ့ရှောင်နှင့် မော့ယန်ပြီးနောက် ဤအထူးအခွင့်အရေးအား ရရှိလာသည့် တတိယမြောက်လူ ဖြစ်သည်။


"ချိ~.."


ဟမ်းစတားလေးသည် ချွဲတွဲတွဲလေးဖြင့် “ချိ..” ဟု အသံပြုပြီးနောက် ပိုင်မေ့အား စိုးရိမတကြီး ကြည့်လေသည်။ ပိုင်မေ့၏ အတွေ့အကြုံများအား နားထောင်ပြီးနောက် သူ၏မျက်ရည်များ ခမ်းခြောက်လုမတတ်ပင်။


နျဲ့ရှောင်သည် ဟမ်းစတားလေးအား ချစ်ခင်မှုအပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ဘာသာပြန်ပြလိုက်သည်။


“ပေါင်ပေါင်းပြောတာက မင်းက ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ အထူးချွန်ဆုံးပါတဲ့.. မင်းကို အရမ်းပဲ သဘောကျပါတယ်တဲ့..”


ပိုင်မေ့၏ လက်ရှိအသွင်သဏ္ဌာန်မှာ ဇွန်ဘီတစ်ကောင် ဖြစ်နေသော်လည်း သူ၏ စိတ်နေစိတ်ထားမှာ လူအများစုထက် ပိုမိုလှပပြီး သန့်ရှင်းလေသည်။ ကမ္ဘာပျက်ကပ်အတွင်း လူအမျိုးမျိုးနှင့် ကြုံတွေ့ပြီးနောက် ပိုင်မေ့မှာ အလွန့်အလွန်ကောင်းမွန်သူဖြစ်ကြောင်း သိလာရသည်။


ပိုင်မေ့သည် ဟမ်းစတားလေးအား လက်ခုပ်အတွင်း ထည့်လိုက်ပြီးနောက် နီရဲနေသော မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။ ဦးခေါင်းသေးသေးလေးအား နူးညံ့စွာ ထိလိုက်ပြီးနောက် နွေးထွေးစွာ ပြောလေသည်။


“ကျေးဇူးတင်ပါတယ်နော်..”


နှလုံးသားထဲရှိ လျှို့ဝှက်ချက်များအား ထုတ်ဖော်ပြောပြီးနောက်တွင် ပိုင်မေ့သည် ထမ်းပိုးထားရသော ဝန်ပိုအား လွှတ်ချလိုက်နိုင်ပြီ ဖြစ်လေသည်။


🐹🐹🐹🐹🐹