🐹အခန်း ၆၈
ဝူယိလေးနှင့် ဇွန်ဘီပိုင်မေ့
ရေသားရဲဇွန်ဘီများ၏ နှောင့်ယှက်မှု မရှိသဖြင့် အပြန်ခရီးစဉ်မှာ လွန်စွာချောမွေ့ခဲ့သည်။ တစ်ဖက်ကမ်းသို့ ညမတိုင်မီ ပြန်ရောက်ရန် စီစဉ်ထားပြီး ဟိုင်ချန်သို့ အလာခရီးနှင့် နှိုင်းစာလျှင် များစွာအချိန်ကုန်သက်သာသည်။
သို့သော်လည်း နောက်တစ်နေ့ နံနက်တွင် နောက်ထပ် ခွဲခွာခြင်းနှင့် ကြုံရပြန်သည်။ ဒေါက်တာဝေ့ဟန်မင်၊ ပိုင်ယွဲ့နှင့် အခြားသိပ္ပံပညာရှင်များသည် မြို့တော်အခြေစိုက်စခန်းနှင့် ဝူယိအခြေစိုက်စခန်း မည်သည့်နေရာသို့ သွားရမည်ကို ဆုံးဖြတ်ရခက်နေသည်။
အကွာအဝေးအရ တွက်ချက်မည်ဆိုလျှင် ဝူယိအခြေစိုက်စခန်းမှာ အနီးဆုံးဖြစ်သော်လည်း မြို့တော်အခြေစိုက်စခန်းသည် သိပ္ပံနည်းကျ လေ့လာစမ်းသပ်မှုများ ပြုလုပ်ရန် အချိန်အတော်ကြာ ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် နောက်ဆုံးပေါ်ကိရိယာများ စုံလင်စွာ ရှိလေသည်။ မြို့တော် အခြေစိုက်စခန်း၏ သုတေသန လုပ်ငန်းစဥ်မှာ ဝူယိအခြေစိုက်စခန်းထက် များစွာသာလွန်ပေသည်။
သာလွန်ကောင်းမွန်သော သိပ္ပံသုတေသန လုပ်ငန်းစဉ်နှင့် နှိုင်းယှဉ်လာသည့်အခါ ဝူယိအခြေစိုက်စခန်း၏ အကွာအဝေးနီးသည်ဟူသော အားသာချက်မှာ လုံးလုံးလျားလျား ရှုံးနိမ့်သွားလေသည်။ ထို့ကြောင့် ၏ခရီးစဉ်စတင်ချိန်မှစကာ နျဲ့ရှောင်၊ ဝူချင်ဖုန်းနှင့် အခြားသူများသည် ဝေ့ဟန်မင်နှင့် သူ၏အဖွဲ့သား သိပ္ပံပညာရှင်များအား မြို့တော်သို့ သွားသင့်သည်ဟုသာ မှတ်ယူထားခဲ့သဖြင့် ထိုအကြောင်းနှင့် စပ်လျဉ်း၍ တစ်ခါမျှပင် ဆွေးနွေးခဲ့ဖူးခြင်း မရှိကြပေ။
သို့သော်လည်း အမှန်တကယ် ခွဲခွာရတော့မည့်အချိန်သို့ ရောက်လာသည့်အခါ အဓိကကျ၍ အရေးကြီးသောသူ ပိုင်ယွဲ့သည် လက်ဦးမှုရယူကာ သူ၏ တုံ့ဆိုင်းနေမှုအား ဖော်ပြလာသောကြောင့် လူတိုင်း၏ ကနဦး ကြိုတင်စီစဉ်မှုများအား ကမောက်ကမ ဖြစ်စေသည်။
မှောင်ရိပ်သန်းလာသည့်အခါ လူတိုင်း ခရီးစဉ်အား ရပ်တန့်လိုက်သည်။ ထို့နောက် ကမ်းရိုးတန်းတွင်သာ အနားယူရန် ဆုံးဖြတ်လိုက်ပြီးနောက် ရှောင်ဝူယိ ထုတ်ယူလိုက်သော ဗီလာအတွင်းသို့ ဝင်သွားကြသည်။ ဆက်နေမည်လား သွားမည်လား ဟူသည့် ကိစ္စရပ်အား ဆွေးနွေးရင်း တစ်ညတာ ကုန်ဆုံးစေရန် ပြင်ဆင်ကြလေသည်။
သတ္တုစည်းရိုးများ ကာရံထားသော ဗီလာအတွင်း၌ လူတိုင်း ဧည့်ခန်းတွင် စုဝေးရောက်ရှိနေကြသည်။
ပိုင်ယွဲ့သည် ခေါင်းမာစွာဖြင့် လူတိုင်းအား ကြည့်လိုက်ပြီးနောက် သူ၏ဆန္ဒအား ထုတ်ဖော်ပြောလာသည်။
“အခု ကျွန်တော့်ရဲ့ ကော နဲ့ပဲ အတူတူ ရှိနေချင်တယ်..”
ပိုင်ယွဲ့ ဤကဲ့သို့ ခေါင်းကိုက်ဖွယ် အပြုအမူမျိုး ပြုလုပ်သည်မှာ ရှားပေသည်။ သို့သော်လည်း တစ်ဦးတည်းသော သွေးသားရင်းနှင့် ဆက်နွယ်နေသည့်အခါ လူတိုင်း နားလည်ခွင့်လွှတ်ပေးနိုင်ကြသည်။
ရိုးရိုးသားသား ပြောရလျှင် လောယွင်ဟိုင်သည်လည်း ပိုင်မေ့နှင့် မခွဲခွာလိုပေ။ ပိုင်မေ့သည်သာ သူတို့နှင့်အတူ မြို့တော်အခြေစိုက်စခန်းသို့ လိုက်ပါမည်ဆိုပါက ပိုမိုအဆင်သင့်ပေမည်။
သို့သော်လည်း မျှော်လင့်သည်နှင့် ဆန့်ကျင်စွာ ပိုင်မေ့သည် မြို့တော်အခြေစိုက်စခန်းသို့ မသွားလိုပေ။
လောယွင်ဟိုင်နှင့် ညီငယ်လေးတို့၏ စိုက်ကြည့်ခြင်းခံနေရသော ပိုင်မေ့မှာ ရုတ်တရက် ရူးချင်လာမိသည်။ ဝတ်ရုံနက်လူသည် သူ့အား အမြုတေများ စုဆောင်းရန် တာဝန်ပေးထားသည်ကို အမှတ်ရမိသည့်အခါ နျဲ့ရှောင်၏အဖွဲ့မှ အလျင်စလို ထွက်ခွာရန် မဖြစ်နိုင်သေးပေ။
ထို့အပြင် သူ၏ တစ်ကိုယ်ကောင်းစိတ်အရ ပိုင်ယွဲ့နှင့် လောယွင်ဟိုင်အား သူနှင့်ဝေးရာတွင်သာ နေစေလိုသည်။ သူနှင့်နီးကပ်စွာ ရှိနေမည်ဆိုလျှင် သူတို့နှစ်ဦးအတွက် ပျော်ရွှင်ရန် အခွင့်အရေး နည်းပါးပေလိမ့်မည်။ ထို့အပြင် ဝတ်ရုံနက်လူသာ ပိုင်ယွဲ့၏ ကုသစွမ်းရည်အမြုတေအကြောင်း သတိပြုမိသွားမည် ဆိုပါက အရာအားလုံး အန္တရာယ်ပိုများရုံသာ ရှိပေမည်။
ပိုင်မေ့သည် ထိုအတွေးများအား သူ၏နှလုံးသားထဲတွင် ဖိနှိပ်ထားလိုက်ပြီး ညီငယ်လေးအား တွန့်ဆုတ်စွာ ကြည့်လိုက်ပြီးနောက် လောယွင်ဟိုင်ထံသို့ အကြည့်ရောက်သွားသည်။ ရှားပါးလှသော ခပ်တည်တည် မျက်နှာထားဖြင့် မျက်မှောင်အနည်းငယ်ကြုတ်ရင်း ပြောလေသည်။
“ရှောင်ယွဲ့.. အရှုပ်တွေ လုပ်မနေနဲ့.. ဗိုလ်ချုပ်ကြီး ဝူ တို့နဲ့အတူ မြို့တော်ကို လိုက်သွား.. မင်း ကလေးမဟုတ်တော့ဘူး..”
“မရဘူး.. ကောလည်း ငါနဲ့အတူ သွားရမယ်.. ကောနဲ့ မခွဲချင်ဘူး.. ငါက အခုမှ ၁၆ နှစ်ပဲ ရှိသေးတာ.. ကောက ငါ့ရဲ့ အုပ်ထိန်းသူ လုပ်ရမယ်..”
ပိုင်ယွဲ့ အတိုက်အခံလုပ်ကာ ပြောလေသည်။ ကမ္ဘာပျက်ကပ်မဖြစ်ပွားခင်တွင် ဤဉာဏ်ကြီးရှင်ကောင်လေးသည် သိပ္ပံနှီးနှောဖလှယ်ပွဲ တက်ရောက်ရန် ဟိုင်ချန်သို့ တစ်ဦးတည်း အပြေးသွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ခေါင်းမာမာနှင့် အုပ်ထိန်းသူ လိုအပ်နေကြောင်း အရှက်မဲ့စွာ ဆိုနေလေသည်။
ယုတ္တိမဲ့သော ဗီတိုအာဏာ သုံးနေသူ ပိုင်မေ့နှင့် ရင်ဆိုင်ရသည့်အခါ ပိုင်ယွဲ့သည် အစ်ကိုဖြစ်သူအား မျက်လုံးလှန်ကြည့်မိတော့သည်။ အနည်းငယ် စိုးရိမ်လာသည့်အပြင် ပုံမှန်မဟုတ်သည့် တစ်စုံတစ်ခုအား ခံစားမိသကဲ့သို့ အစ်ကိုဖြစ်သူ၏လက်အား ဆွဲကာ စိတ်ပူစွာဖြင့် မေးလေသည်။
“ကော.. မင်း ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာလား.. မင်းမှာ ဘာပြဿနာ ရှိနေလို့ ငါနဲ့အတူ မြို့တော်ကို မလိုက်နိုင်တာလဲ..”
နင်ဖုန်းနှင့် အခြားသူများသည်လည်း ရှုပ်ထွေးသွားကြသည်။ မျက်မှောင်ကြုတ်ကာ ပိုင်မေ့အား ကြည့်လိုက်ပြီးနောက် ကူညီဖျောင်းဖျကြလေသည်။
“မင်း ဘာဖြစ်လို့ ပိုင်ယွဲ့နဲ့ အတူသွားဖို့ သဘောမတူတာလဲ.. မင်းတို့က ညီအစ်ကိုတွေဆိုတော့ အတူတူရှိနေတာ ပိုကောင်းတာပေါ့..”
“ငါ..”
လူတိုင်း၏ အကြည့်များနှင့် ရင်ဆိုင်ရသည့်အခါ ပိုင်မဲ့ မည်သို့ဖြေရမည် မသိတော့ချေ။ နှုတ်ခမ်းများ ဖြူဖျော့လာပြီး စိတ်လှုပ်ရှားမှုကြောင့် နဖူးတွင် ချွေးများထွက်လာသည်။
ယခုအချိန်တွင် မည်သို့သော အကြောင်းပြချက် ပေးစေကာမူ လိုအပ်ချက်များ ရှိပေမည်။ အကြောင်းပြချက်မှာ မိသားစုအရေးထက်ပို၍ ကြီးမားနေမှသာ ဖြစ်ပေမည်။ တစ်ချိန်တည်းမှာပင် ဝူယိအခြေစိုက်စခန်း၌ ပိုင်မေ့မှာ မရှိမဖြစ် မဟုတ်ပေ။ ထို့ကြောင့် မည်သည်ကြောင့် မြို့တော်သို့သွားရန် ငြင်းဆန်ရသနည်း။ မည်သည့်အကြောင်းက သူ့အား တွန့်ဆုတ်နေစေသနည်း။
ထိုစဉ်တွင် ပိုင်မေ့မှာ သူ၏နောက်ကျော၌ ဓားတစ်လက် ချိန်ရွယ်ထားသလို ခံစားမိသည်။ ကျားပေါ်သို့ ရောက်နေပြီ ဖြစ်သောကြောင့် ပြန်ဆင်းရန် မဖြစ်နိုင်တော့ချေ။ လည်ချောင်းများ တစ်ဆို့လာပြီး လက်များ တုန်ယင်လာသည်။
ပိုင်ယွဲ့သည် အစ်ကိုဖြစ်သူ၏ အနည်းငယ် တုန်ယင်နေသောလက်အား ဆွဲယူလိုက်သည့်အခါ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အေးစက်နေမှုအား ခံစားရလေသဖြင့် ပိုမိုစိုးရိမ်လာသည်။
“ကော.. ဘာဖြစ်နေတာလဲ.. တစ်ခုခု ပြောပါဦး..”
အခြားတစ်ဖက်တွင် နျဲ့ရှောင်နှင့် ကျန်းချိုးတို့သည် တစ်ခုခု ဖုံးကွယ်ထားကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည့် ပိုင်မေ့၏ အမူအရာအား စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်နေကြသည်။ ပိုင်မေ့နှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိရှိထားသည်မှာ ကြာလှပြီဖြစ်သော်လည်း ထိုအကြောင်းအား မည်သည့်အခါကမျှ မေးခွန်းမထုတ်ခဲ့ချေ။
ယခုအခါတွင် ပိုင်မေ့၏ ညီဖြစ်သူ ပိုင်ယွဲ့လည်း ရှိနေပြီဖြစ်သောကြောင့် ကျန်းချိုး မထိန်းနိုင်တော့ချေ။ ဤကိစ္စအား ယခင်ကတည်းက မေးချင်နေခဲ့ခြင်းပင်။
“ပိုင်မေ့.. တကယ်က ငါနဲ့ နျဲ့ရှောင်က မင်းတစ်ခုခု မှားနေတာကို အရင်ကတည်းက သတိထားမိခဲ့တယ်.. ဒါပေမဲ့ မင်းက ဘာတစ်ခုကိုမှ လွန်လွန်ကျူးကျူး လုပ်ခဲ့တာ မရှိလို့ မင်းကို တိုက်ရိုက် ထုတ်မမေးခဲ့တာ.. အခု မင်းရဲ့ညီလည်း ရှိနေပြီဆိုတော့ မင်းဖုံးကွယ်ထားတာကို ရှင်းပြလို့ရမလား..”
ကျန်းချိုးသည် ပိုင်မေ့အား တိုက်ရိုက်ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။
“မင်း ခိုးထွက်သွားတဲ့ အဲဒီညက ဘယ်သူနဲ့ သွားတွေ့တာလဲ..”
ထိုစကားအားကြားချိန်တွင် ပိုင်မေ့၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ပိုမိုဖြူဖျော့လာသည်။ လူတိုင်းအား ကြည့်လိုက်ပြီးနောက် ခွေးအေးများ တစက်စက် စီးကျလာပြီး နှုတ်ခမ်းအား တင်းတင်းစေ့လိုက်သည်။ ချောင်ပိတ်ရိုက်ခံရသော အားနည်းသည့် ကူကယ်ရာမဲ့ သတ္တဝါတစ်ကောင်သဖွယ် တဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။
ကောင်းမွန်သည့်နေရက်များ ဆက်လက်ရှိလာစေရန် နေ့အချိန်ကပင် ဆုတောင်းခဲ့သော်လည်း ညရောက်လာချိန်မှာပင် သူ၏မျက်နှာဖုံးအား ဤကဲ့သို့ အညှာအတာမဲ့ ဖယ်ရှားခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
လူတိုင်း၏ စူးစမ်းသော အကြည့်များအောက်မှာပင် ပိုင်မေ့ ပြိုလဲသွားတော့သည်။ သူ၏အသံမှာ ထိတ်လန့်တုန်ယင်နေပြီး ဆက်လက်ဖုံးကွယ်ရန် အားမရှိတော့ချေ။
“မင်း.. မင်းတို့ ငါ့ကို ထပ်မမေးကြနဲ့တော့..”
ထိုသို့ပြောပြီးနောက် ပိုင်မေ့ အခန်းတွင်းပြေးဝင်ကာ တံခါးသော့ပိတ်လိုက်သည်။ ခန္ဓာကိုယ်သည် အားမရှိတော့သကဲ့သို့ တံခါးအားမှီကာ တုန်ယင်နေရင်းနှင့် တအိအိ လဲပြိုကျလာသည်။ သူ၏ခေါင်းအား လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားပြီး တသွင်သွင် စီးကျလာသော မျက်ရည်များအား တိတ်တဆိတ် သုတ်နေမိသည်။
ပိုင်မေ့၏ ပုံမှန်မဟုတ်သော စိတ်ဖိစီးနေမှုမှာ လူတိုင်း မျှော်မှန်းထားသည်ထက် ကျော်လွန်သွားသည်။ လောယွင်ဟိုင်သည် ပိုင်မေ့၏ ယခုကဲ့သို့ အခြေအနေအား မြင်တွေ့ဖူးခြင်း မရှိပေ။ နှလုံးသားအား ဓားဖြင့် နှစ်ချက်မျှ ထိုးစိုက်ခံရသလို ခံစားမိပြီး ပထမဆုံး တုံ့ပြန်သူ ဖြစ်လေသည်။ လောယွင်ဟိုင်သည် ပိုင်ယွဲ့ထက် ခြေနှစ်လှမ်းအသာဖြင့် ပိုင်မေ့နောက်သို့လိုက်ကာ အခန်းတံခါးအား လက်ဖြင့်ထုပြီးနောက် ပိုင်ယွဲ့နှင့်အတူ ပိုင်မေ့နာမည်အား စိုးရိမ်တကြီး အော်ခေါ်လေသည်။
နင်ဖုန်းသည် လူတိုင်းအားကြည့်ကာ ကြောင်အနေမိသည်။ ခြောက်သွေ့နေသော နှုတ်ခမ်းများအား လျှာဖြင့်သပ်လိုက်ပြီးနောက် အခြေအနေများ ဤကဲ့သို့ ဖရိုဖရဲ ဖြစ်သွားခြင်းအား နားမလည်နိုင်ဘဲ ရှိနေသည်။
“ရုတ်တရက်ကြီး ဘာလား..”
နျဲ့ရှောင်နှင့် ကျန်းချိုးသည် ပိုင်မေ့၏ အခန်းအားကြည့်ရင်း နှုတ်ခမ်းတင်းတင်းစေ့လိုက်ကြသည်။ ဤအတောအတွင်း ပိုင်မေ့၏ ပြောင်းလဲမှုမှာ သိသိသာသာ ဖြစ်သော်လည်း သူဖုံးကွယ်ထားသော အရာမှာ မမြင်နိုင်သည့် ချိန်ကိုက်ဗုံးတစ်လုံးနှင့် တူသောကြောင့် လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။
ဝူချင်ဖုန်းသည်လည်း အဖြစ်အပျက်များအား နားမလည်ဘဲ ရှိနေသည်။ သို့သော်လည်း ကိုးရို့ကားယား အခြေအနေအား ဖြိုခွဲရန် အားတင်းကာ ပြုံးလိုက်ပြီးနောက် ပြောလေသည်။
“သူက မြို့တော်ကို မသွားချင်ဘူး ဆိုရင်လည်း ငါတို့ မသွားကြရုံပေါ့.. ငါတို့လည်း မင်းတို့နဲ့အတူ ဝူယိအခြေစိုက်စခန်းကို လိုက်ခဲ့မယ်.. ပြီးမှ အဲဒီကနေ မြို့တော်ကို ဆက်သွယ်လိုက်မယ်.. ပြောရင်းနဲ့မှ ဒေါက်တာ ဝေ့ တို့လည်း ဆစ်စလိုရဲ့ အသံလှိုင်းကို သေသေချာချာ မလေ့လာရသေးဘူးလေ.. အဆင်သင့်တာပေါ့..”
“သည်လိုပဲ သတ်မှတ်ကြတာပေါ့..”
နျဲ့ရှောင် အေးစက်စွာ ပြောလိုက်ပြီးနောက် ပိုင်မေ့၏ အခန်းရှိရာသို့ လျှောက်သွားသည်။ ယခုအဖြစ်အပျက်အား အခွင့်ကောင်းယူကာ အရာအားလုံး ရှင်းလင်းအောင် ပြုလုပ်ရပေမည်။
သို့သော်လည်း ထိုအချိန်မှာပင် ကျယ်လောင်သော မှန်ကွဲသံအား နားထဲကြားလိုက်ရသည်။
ဒေါက်တာဝေ့ဟန်မင်၏ စိတ်စွမ်းရည်သည် ဗီလာတစ်ခုလုံးအား လွှမ်းခြုံလိုက်ပြီးနောက် ချက်ချင်းဆိုသလို အလျင်စလိုအော်ပြောလာသည်။
“မကောင်းတော့ဘူး.. ပိုင်မေ့က နံရံကိုဖောက်ပြီး ထွက်ပြေးသွားပြီ..”
ဤသို့ကြားသည့်အခါ လောယွင်ဟိုင် တွန့်ဆုတ်မနေဘဲ ချက်ချင်း ပြေးထွက်သွားသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် မသက်မသာဖြစ်မှုများ ထင်ဟပ်လာ၏။ လူတိုင်းသည် လျင်မြန်စွာပင် အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြသည်။ ဒေါက်တာဝေ့ဟန်မင်တို့အဖွဲ့အား ကာကွယ်ရန် ဗီလာတွင် တစ်ဖွဲ့နေခဲ့ရမည်ဖြစ်ပြီး ကျန်တစ်ဖွဲ့မှာ ပိုင်မဲ့နှင့် လောယွင်ဟိုင်နောက်သို့ လိုက်ပြီး ပြန်ခေါ်ရမည် ဖြစ်သည်။
ပိုင်မေ့၏ တုံ့ပြန်မှုမှာ ဤမျှပြင်းထန်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားချေ။ တစ်ဖက်လူသည် ရုတ်တရက် ကြောက်ရွံ့ကာ ထွက်ပြေးသွားခဲ့သည်။ သူ၏ လျှို့ဝှက်ချက်မှာ သာမှန်မဟုတ်နိုင်။
နျဲ့ရှောင်၏ အိတ်ကပ်အတွင်းရှိ ဟမ်းစတားလေးသည် ခေါင်းကလေး ပြူထွက်လာပြီး နေရာတစ်ဝိုက်အား စစ်ဆေးလိုက်ပြီးနောက် အလွန်စိတ်လှုပ်ရှားစွာဖြင့် “ချိ.. ချိ” အသံလေးများပြုကာ လက်ကလေးဖြင့် နျဲ့ရှောင်အား ဦးတည်ရာ ညွှန်ပြလေသည်။
“ဒယ်ဒီ.. သူတို့အဲဒီမှာ ပေါင်ပေါင်း ကြားရတယ်..”
****
ထိုအချိန်တွင် ကောင်းကင်မှာ လုံးလုံးလျားလျား မည်းမှောင်နေပြီဖြစ်သောကြောင့် ဇွန်ဘီများ အတက်ကြွဆုံးအချိန်သို့ ရောက်လာပြီဟု ဆိုရပေမည်။ လရောင်အောက်တွင် လမ်းလျှောက်နေသော အလောင်းကောင်များမှာ လမ်းတစ်လျှောက် လှည့်လည်သွားလာနေပြီး သူတို့၏ အခေါင်းပေါက် မျက်လုံးများမှာ ထူးဆန်းသည့် အလင်းရောင်ကြောင့် တောက်ပလျက်ရှိသည်မှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းလေသည်။
လောယွင်ဟိုင်သည် ပိုင်မေ့၏ ခြေလှမ်းအတိုင်း နီးကပ်စွာ လိုက်ပါလာသော်လည်း ရှေ့ဆက်ရမည့်လမ်းမှာ ဇွန်ဘီများ ပတ်လည်ဝိုင်းနေလေသည်။ ကောင်းကင်တစ်ခွင်အား အဝါရောင်သဲများ ပြည့်နှက်သွားစေပြီးနောက် ဇွန်ဘီများအား သဲဖြင့်နစ်မြုပ်စေသော်လည်း ပိုင်မေ့နှင့် တဖြည်းဖြည်း ပိုမိုဝေးကွာလာလေသည်။
“ပိုင်မေ့.. မပြေးပါနဲ့ကွာ.. ညဘက်မှာ အရမ်းအန္တရာယ်များတယ်..”
“ကိုယ်ပြောတာ နားထောင်ပါဦး.. ပြန်လာနော်..”
လောယွင်ဟိုင် ပိုင်မေ့အား အော်ဟစ်ကာ တားဆီးသော်လည်း ဇွန်ဘီများကိုသာ ဆွဲဆောင်မိသောကြောင့် ရှေ့ဆက်ရမည့်လမ်း ပိတ်ဆို့သွားလေသည်။ ထိုအချိန်တွင် လောယွင်ဟိုင်မှာ အလွန်သိသာမြင်သာပြီး ထိတ်လန့်ဖွယ်အချက်အား ရှာဖွေတွေ့ရှိလိုက်ရသည်။
ပတ်ပတ်လည်ရှိ ဇွန်ဘီများမှာ ပိုင်မေ့အား တိုက်ခိုက်ခြင်းမရှိပေ။
ပိုင်မေ့ဖြတ်သန်းသွားသော လမ်းတစ်လျှောက်ရှိ ဇွန်ဘီများသည် မမြင်သကဲ့သို့ ပြုမူသည့်အပြင် ရန်လိုခြင်းလည်း မရှိကြပေ။
သို့သော်လည်း လောယွင်ဟိုင် များများစားစား တွေးနေရန် အချိန်မရှိပေ။ ဇွန်ဘီများအား အဆက်မပြတ် တိုက်ခိုက်ရင်း ပိုင်မေ့နောက်သို့သာ ဆက်လိုက် လိုက်သည်။ အရေးပေါ်အခြေအနေတွင် မမျှော်လင့်ဘဲ နိုးထလာခဲ့ပြီး သူ၏စွမ်းရည်မှာ ဒုတိယအဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားလေသည်။ လောယွင်ဟိုင် တုံ့ဆိုင်းမနေဘဲ ခန္ဓာကိုယ်အား အဝါရောင်သဲများအဖြစ်သို့ ပြောင်းလဲလိုက်ပြီးနောက် ဇွန်ဘီများအား ဖြတ်သန်းကာ မြေကြီးထဲ ဝင်ရောက်ပြီး လျင်မြန်စွာ လိုက်လေသည်။
ပိုင်မေ့ ပြေးနေရာမှ ရပ်တန့်သွားပြီးနောက် အထိတ်တလန့်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ ထို့နောက် သူ၏အရှေ့ရှိ မြေပြင်မှ အဝါရောင်သဲများဖြင့် ပြုလုပ်ထားသော လူသဏ္ဌာန်ရုပ်တုအား မြင်လိုက်ရလေသည်။ ထိုသဲများ တဖြည်းဖြည်းချင်း ကွာကျပြီးနောက် လောယွင်ဟိုင် ထွက်ပေါ်လာ၏။
နူးညံတောက်ပသော လရောင်အောက်တွင် လောယွင်ဟိုင်၏ အပြုံးများသည် ကြင်နာမှုများ၊ အစွမ်းကုန် အလိုလိုက်ခြင်းများနှင့် ပြည့်နေသည်။ သူ၏မျက်လုံးထဲရှိ ချစ်မြတ်နိုးမှုတို့အားလည်း ဖုံးကွယ်နိုင်စွမ်း မရှိတော့ပေ။
“မပြေးပါနဲ့တော့.. ဗီလာကို ပြန်ပြီးမှ သည်ကိစ္စကို တဖြည်းဖြည်းချင်း ပြောကြတာပေါ့.. မင်းကို အန္တရာယ်ပေးကြမှာ မဟုတ်ပါဘူး..”
လောယွင်ဟိုင်သည် ပိုင်မေ့၏ လမ်းအားပိတ်ရင်း အနားသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။ ဇွန်ဘီများ တိုက်ခိုက်ခြင်း မပြုနိုင်စေရန် သူတို့နှစ်ဦးအား အလွှာအထပ်ထပ် ကာရံလိုက်သည်။
သို့သော်လည်း ထူးဆန်းသော ဖြစ်ရပ်နှင့် ရင်ဆိုင်ကြုံတွေ့ရသော လောယွင်ဟိုင်အား ကြည့်ရသည်မှာ သူ့ထံတွင် မည်သည့်အရာမျှ ဖြစ်ပျက်သွားပုံ မရချေ။
နွေးထွေးပြီး ကြီးမားကျယ်ပြန့်သည့် လက်တစ်ဖက်အား ပိုင်မေ့ထံ ကမ်းပေးလိုက်သည်။
ပိုင်မေ့သည် သူ့ဆီသို့ လက်ကမ်းလာသော လောယွင်ဟိုင်အားကြည့်ကာ မျက်ရည်များ ပိုမိုကျဆင်းလာသည်။ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းအား လက်ဖြင့်ဆုပ်ကိုင်ကာ နောက်သို့ဆုတ်ရင်း လောယွင်ဟိုင်အား အော်ဟစ်လေသည်။
“ထွက်သွား.. ငါ့နားမလာနဲ့..”
“ယုံချင်ယုံ မယုံချင်နေ.. မင်းရဲ့ စွမ်းရည်အမြုတေကို ငါထုတ်ပစ်မှာ..”
ပိုင်မေ့ စိတ်အားငယ်စွာဖြင့် ခြောက်လှန့်လိုက်သည်။ သူ၏ အထောက်အထားမှာ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။
“မင်း မလုပ်ပါဘူး..”
လောယွင်ဟိုင်သည် ခိုင်မြဲသော ခြေလှမ်းများဖြင့် ပိုင်မေ့ထံသို့ ချဉ်းကပ်သွားပြီးနော်က ပိုင်မေ့အား ရင်ခွင်ထဲ ပွေ့ဖက်လိုက်သည်။ ပိုင်မေ့၏ နောက်ကျောအား ညင်သာစွာ ပုတ်ပေးရင်း ပြောလေသည်။
“မငိုပါနဲ့.. မင်းပြုံးနေရင် အရမ်းလှတာ..”
“ထွက်သွား.. ငါက ရုပ်ဆိုးတယ်..”
ပိုင်မေ့သည် သူ၏စိတ်ခံစားချက်များအား မထိန်းချုပ်နိုင်တော့ဘဲ ငိုကြွေးလေတော့သည်။ ဆေးမှာ တဖြည်းဖြည်းချင်း အာနိသင် ပြယ်လာပုံရသည်။ သူ၏မျက်နှာမှာ တဖြည်းဖြည်းချင်း တောက်ပမှု ကင်းမဲ့လာပြီး လူသားမဆန်သော အစွယ်နှစ်ချောင်း ထွက်ပေါ်လာသည်။
ပိုင်မေ့သည် သူ၏ပြောင်းလဲမှုအား သတိပြုမိသွားသဖြင့် ချက်ချင်းပင် သူ၏မျက်နှာအား လက်ဖြင့်အုပ်လိုက်သည်။ သူ၏ လူမဟုတ်၊ ဇွန်ဘီမဟုတ်သော အခြေအနေအား လောယွင်ဟိုင် မမြင်စေချင်ပေ။ ငိုကြွေးရင်းနှင့် လောယွင်ဟိုင်၏ ရင်ဘတ်အား တွန်းထုတ်လိုက်သည်။
“ထွက်သွား.. ငါ့ကိုမကြည့်နဲ့..”
လောယွင်ဟိုင်သည် ပိုင်မေ့၏ လက်ရှိသွင်ပြင်အား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။ ပိုင်မေ့ ငိုကြွေးနေခြင်းမှာ သူ၏နှလုံးသားအား စူးနင့်ကာ ဝမ်းနည်းစေသည်။ သူ၏ နွေးထွေးသော လက်များဖြင့် ပိုင်မေ့၏ အေးစက်စက် လက်တစ်ဖက်အား ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ပါးပြင်ပေါ်ရှိ မျက်ရည်များအား နူးညံ့ညင်သာစွာ သုတ်ပေးလိုက်သည်။ ထို့နောက် သူ၏နှလုံးသားထဲ ဖိနှိပ်ထားခဲ့ရသော ခံစားချက်များ ရုန်းကြွလာသည်။
“မင်းက ရုပ်မဆိုးပါဘူး.. ကိုယ်တွေ့ဖူးတဲ့ သူတွေအားလုံးထဲက မင်းက ကြည့်အကောင်းဆုံးလူဖြစ်ပြီး ချစ်ဖို့အကောင်းဆုံး ဇွန်ဘီလေးပါ.. ကိုယ် မင်းကို မြင်မြင်ချင်း ချစ်မိခဲ့တာ..”
ထိုစကားများအား ကြားသည့်အခါ ပိုင်မေ့သည် ကလေးသဖွယ် အော်ဟစ်ငိုကြွေးသည်မှာ ယခင် နူးညံ့မြင့်မြတ်သော အမူအရာများနှင့် လုံးလုံးလျားလျား ကွဲပြားလေသည်။ သို့သော်လည်း လောယွင်ဟိုင်အတွက် ထိုအမူအရာလေးများကပင် အလွန်အမင်း ဆွဲဆောင်မှု ရှိနေလေသည်။
ပတ်ဝန်းကျင်ရှိ ဇွန်ဘီများအားလုံးမှာလည်း အသံတိတ်ကိရိယာဖြင့် ထိန်းချုပ်ခံထားရသယောင်ပင်။ လရောင်အောက်တွင် ပိုင်မေ့၏ ငိုကြွေးသံနှင့် လောယွင်ဟိုင်၏ နူးနူးညံ့ညံ့ နှစ်သိမ့်သံတို့ကိုသာ ကြားနေရသည်။
ဟမ်းစတားလေးအား သယ်ဆောင်လာသော နျဲ့ရှောင်နှင့် အခြားသူများ အလျင်စလို ရောက်လာချိန်တွင် ဤမြင်ကွင်းမှ ဆီးကြိုနေသဖြင့် နေရာတွင်ပင် ကြောင်အသွားပြီး အချိန်အတော်ကြာ တုံ့ပြန်နိုင်စွမ်း မရှိကြပေ။ ဤလျှို့ဝှက်ချက်မှာ လွန်စွာထိတ်လန့်ဖွယ် ကောင်းလွန်းပြီး နာကျင်ဖွယ်အတိပြီး၏။
ထိုအချိန်တွင် ပိုင်မေ့ မည်သည်ကြောင့် အတင်းအကြပ် ချိုးဖောက်ထွက်ပြေးရမှန်း နားလည်သွားလေသည်။ သူတို့၏ဘေးတွင် ရက်ပေါင်းများစွာ နေထိုင်ရင်း ပိုင်မေ့ ရင်ဆိုင်ရမည့် ရုန်းကန်မှုနှင့် အခက်အခဲများအား သူတို့ခံစားနိုင်သည်။ ရှောင်ယန်သည် သူမ၏ ပါးစပ်အား လက်ဖြင့်အုပ်လိုက်ပြီး စိတ်ခံစားချက်များကြောင့် မျက်လုံးများ နီရဲလာလေသည်။
ဟမ်းစတားလေးက မျက်တောင်ခတ်လိုက်ပြီး နူးနူးညံ့ညံ့ အမွေးဖွားဖွဦးလေးများပေါ် မျက်ရည်လုံးကြီးများ တအိအိ စီးကျလာ၏။
သူတို့နှင့် တစ်လျှောက်လုံး အတူရှိခဲ့သော နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးသည့် ပိုင်မေ့မှာ ဇွန်ဘီတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားမိချေ။
🐹🐹🐹🐹🐹