Chapter 179
"ဘယ်လိုလုပ်တူမှာလဲ"
လင်းလော့ချင်းက ရယ်လိုက်သည်။
သူ သူ့ရင်ခွင်ထဲရှိလင်းဖေးကို ငုံ့ကြည့်လိုက်သည်။လင်းဖေး၏မျက်နှာကသေးသေးလေးဖြစ်ပြီး အဆီပိုလေးတွေပင်မပျောက်သေးပေ။ချစ်စရာကောင်းပြီးချောမောသည်။အေးစက်ပြီး ဘယ်သူ့ကိုမှမဖက်မလုပ်သော မျက်နှာဖြင့်ပင်တစ်နေကုန်ရှိပေငြါး သူများတွေက သူ့ကို သဘောကျပြီး ဂရုစိုက်ပေးချင်ကြသည်။
"နောက်ဆုံးအကြိမ်အနေနဲ့ မင်း သူ့ကို တကယ် မတွေ့တော့ဘူးလား"
လင်းဖေးက ခေါင်းညိတ်ပြီး ဆို၏။
"မားမားစကားကို နားထောင်မှာ...မားမား သူသေပြီလို့ပြောရင် သူသေသွားပြီပဲ"
"ကောင်းပြီ"
လင်းလော့ချင်း ယခု သူမည်ကဲ့သို့ ခံစားနေရသည်ကို မသိတော့ပေ။ အနည်းငယ် အကူအညီမဲ့သလို ဖြစ်နေပုံရပြီး တစ်ချိန်တည်းမှာပင် နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားသလိုပင်။လင်းဖေး၏ စရိုက်လက္ခဏာအရ ချန်မင်နှင့် စကားပြောမှာမဟုတ်သလို လိုက်သွားမှာလည်းမဟုတ်ကြောင်း သူမှန်းဆထားပြီးဖြစ်သည်။
သို့သော် တစ်ဖက်က လင်းလော့ချင်းမျှော်မှန်းထားသည်ထက် ကျော်လွန်သွားကာ သူ့အဖေကသေဆုံးသွားပြီဖြစ်ပြီး ချန်မင်ကို လုံးဝမတွေ့ချင်တော့ကြောင်း အေးစက်စွာပြောလာခဲ့သည်။
သို့ပေမဲ့ ဤသည်က တကယ်ကို လင်းဖေး၏အကျင့်ဖြစ်၏။သူက သူဂရုမစိုက်သည့်လူတွေကို အထင်အမြင်သေးပြီး သူတို့နှင့် အချိန်ဖြုန်းစရာမလိုဘူးဟုတွေးလေသည်။
ကျန်းရှောင်စုန့်က သူ့ဆီလာပြီး တောင်းပန်သည်။လူတိုင်းက အောက်ထပ်မှာ ရပ်နေကြချိန်မှာ သူက အဖက်လုပ်ရန်မတန်ဟုတွေးသဖြင့် အောက်ထပ် ဆင်းရန်ပင်စိတ်မဝင်စားခဲ့ပေ။
ယခု သူ့အဖေအရင်းက သူ့ကိုရှာနေချိန်မှာလည်း သူ့ကိုတွေ့ရန် အချိန်ဖြုန်းနေစရာ မလိုဘူးဟုခံစားရလေသည်။
သူ့မှာ သူ၏ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးရှိပြီး ယင်းကအလွန်ကိုထင်ရှားသည်။လင်းလော့ချင်းက သူ့အား ပြောင်းလဲပစ်ရန် ရည်ရွယ်ချက်မရှိသောကြောင့် သူ့ဆုံးဖြတ်ချက်ကို အနှောင့်အယှက်ပေးမှာမဟုတ်ပေ။
"ဒါဆို မနက်ဖြန် သူ့ကို သွားတွေ့ပြီး ကျောင်းမှာ မင်းကို လာမရှာဖို့အကြောင်း ရှင်းရှင်းလင်းလင်းပြောလိုက်မယ်"
လင်းဖေးက သူ သွားတွေ့မည့်အကြောင်းကြားသောအခါ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
"ရှုရှုကဘာလို့ သူ့ကိုတွေ့ချင်သေးတာလဲ"
"ဘာလို့လဲဆိုတော့ ငါသူ့ကိုရှင်းအောင်ပြောရမယ်...မဟုတ်ရင် သူက မင်းရှေ့မှာပေါ်လာပြီး မင်းကိုလာရှာနေလိမ့်မယ်"
"သွားမှရမှာလား"
လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကျွန်တော်ရှုရှုနဲ့လိုက်ခဲ့မယ်"
လင်းလော့ချင်း စိတ်ရှုပ်ထွေးးသွား၏။
"မင်း သူ့ကို မတွေ့ချင်ဘူးလို့ မင်းပြောတာ မဟုတ်ဘူးလား"
"ဒါပေမဲ့ ရှုရှုက သူ့ကို သွားတွေ့ရမှာလေ"
လင်းဖေးက ပြောသည်။
အကယ်၍ တစ်ဖက်လူက အမှန်တကယ် သူ၏အဖေအရင်းဖြစ်လျှင် လင်းလော့ချင်း သူ၏ဦးလေးသာသာဖြစ်သဖြင့် နှိုင်းယှဉ်ကြည့်လျှင် နှစ်ယောက်ဆုံသည့်အခါ လင်းလော့ချင်းက နာ,မည်ဖြစ်သည်။
လင်းလော့ချင်း လင်းဖေးက သူသွားရမှာဖြစ်သောကြောင့် သွားလိမ့်မည်ဟု မမျှော်လင့်ထားပါချေ။ဒါ သူ့ကိုစိတ်ပူနေတာမဟုတ်ဘူးလား...
သေချာပေါက် မလိုဘူး... သူက အရွယ်ရောက်ပြီးသားလူပါနော်....
"ကောင်းပြီ"
လင်းလော့ချင်း သဘောတူလိုက်၏။ "မနက်ဖြန်နေ့လည်ကျောင်းဆင်းတာနဲ့ သူကို အတူတူသွားတွေ့ကြရအောင်"
"အဲဒါဆို ရှောင်ယွီလည်း အတူတူသွားချင်မှာ"
လင်းဖေးက ပြောသည်။
လင်းလော့ချင်း :... ဒီ...
"မင်း သူ့ကိုခေါ်သွားချင်တာလား"
သူ လင်းဖေးကို မေးလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး"
လင်းဖေးက တည်ငြိမ်စွာပြောသည်။
"ဒါဆို သူ့ကို အိမ်ပြန်ခိုင်းလိုက်မယ်"
လင်းလော့ချင်း မဟုတ်လျှင် လင်းဖေး၏အဖေအရင်းက မကောင်းသည့်အရာတစ်ခုခုပြောလိုက်၍ ကျိလဲ့ယွီက သူ့ကိုပါ သူ့သေစာရင်းစာအုပ်ထဲမှာ မှတ်တမ်းတင်လိုက်မှာကို သူတကယ်စိုးရိမ်နေရလိမ့်မည်ဟုထင်မိသည်။
မည်သို့ပင်ဖြစ်စေကာမူ တစ်ဖက်လူက လင်းဖေး၏အဖေအရင်းဖြစ်သည်။သူ သည်အတိုင်းရပ်ကြည့်နေ၍မရပေ။
လင်းလော့ချင်း သက်ပြင်းချလိုက်သည်။ဒါက တကယ့်ကို ဒုက္ခများတယ်...
လင်းလော့ချင်း လင်းဖေးနှင့် စကားပြောပြီးသောအခါ သူ ကျိယွီရှောင်၏ စာကြည့်ခန်းသို့ ပြန်သွားခဲ့ပြီး ကျိယွီရှောင်က ကျိလဲ့ယွီကို ပြန်လွှတ်ပေးလိုက်သည်။
"ဆွေးနွေးမှုက ဘယ်လိုလဲ"
ကျိယွီရှောင်က စိုးရိမ်စိတ်နှင့် မေး၏။
"အဆင်ပြေပါတယ်... ပထမတော့ ဖေးဖေးက သူ့ကို မတွေ့ချင်ပေမဲ့ မနက်ဖြန်မှာ ရှင်းလင်းအောင်ပြောဖို့ တွေ့မယ်လို့ ကြားတော့ သူက ငါနဲ့လိုက်ချင်တယ်"
"သူ ချန်မင်ကို သူ့အဖေအဖြစ် အသိအမှတ်မပြုချင်ဘူးလို့ထင်လား"
"အမ်း...သူကပြောတယ်... သူ့အဖေသေသွားပြီတဲ့... သူ့အမေက သူ့အဖေသေပြီလို့ပြောရင် သေပြီပဲတဲ့"
ကျိယွီရှောင်က ရယ်လိုက်၏။
"ဒါကမှ သူ့ရဲ့ စရိုက်အမှန်ပဲ"
လင်းဖေးက ကလေးအများစုနှင့် မတူကြောင်း ပြီးခဲ့သောအခေါက်က ကျန်းရှောင်စုန့် ဖြစ်ပျက်ခဲ့သည့်အခြေအနေမှာ သူမြင်ခဲ့ပြီးဖြစ်သည်။
"ကောင်းပြီ... ဒီအတိုင်းဆို ငါတို့ ဖေးဖေးကို ဆက်ပြီး ဂရုစိုက်ပေး ပြုစုပျိုးထောင်ပေးနိုင်မှာပါ...ဒါက အတော်လေးကောင်းတဲ့အရာလို့ငါထင်တယ်"
လင်းလော့ချင်းသည်လည်း ထိုသို့ပင်ထင်သည်။ကြည့်လိုက်သည်နှင့် ထိုခွေးချန်မင်က နည်းနည်းမှ ယုံကြည်စိတ်ချ၍မရသည်ကို သူခံစားမိသည်။
"ကောင်းပြီ... အခု ဖေးဖေးကိစ္စပြီးသွားပြီ၊ မင်းကိစ္စပြောကြည့်ရအောင်...မင်းရဲ့ audition ဘယ်လိုနေလဲ"
"အဆင်ပြေပါတယ်"
လင်းလော့ချင်းကပြောသည်။
Audition၏ အကြောင်းအရာက မခက်ပါချေ။ထို့အပြင် သူ့က လူငယ်ဆန်ပြီး ရုပ်ရည်ကလည်း ရှိရင်းစွဲအသက်ထက် ပိုငယ်ပုံပေါ်သောကြောင့် ကာရိုက်တာနှင့် လိုက်ဖက်၏။တစ်ခုတည်းသော ပြဿနာက သူက လူကြိုက်မများခြင်းဖြစ်သည်။ဒါရိုက်တာက သူသရုပ်ဆောင်အလွန်ကောင်းကြောင်းအပြင် အများကြီးမပြောခဲ့ပေ။
"ကျန်တာ ကံပဲကျန်တော့တယ်"
လင်းလော့ချင်းကပြောလိုက်သည်။
"ဝူကောက ငါ့ကို နည်းလမ်းတစ်ခု စဉ်းစားပေးမယ်လို့ ပြောခဲ့တယ်... ဒါပေမဲ့ ကျော်ကြားမှုနဲ့ ပတ်သက်ပြီး ငါဘာမှ မလုပ်နိုင်ဘူး၊ ဒါကြောင့် ငါလည်းတရားသေကြီးမှတ်မနေဘူး... ရရင် အကောင်းဆုံး လုပ်မယ်...မရရင်လည်း မရဘူးပေါ့"
ကျိယွီရှောင် ခေါင်းညိတ်သည်။
"မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်"
"ဟင့်အင်း... ငါတတ်နိုင်တာဘာမှမရှိဘူး... ဒါပေမဲ့ ငါအလျင်လိုမနေဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့အသက်မွေးဝမ်းကြောင်းက အခုမှစတာလေ... ငါ့မှာအချိန်ကျန်သေးတယ်" လင်းလော့ချင်းက ပြုံးပြုံးလေးပြောလိုက်သည်။
၎င်းနှင့် ယှဉ်လျှင် မနက်ဖြန် ချန်မင်နှင့်တွေ့ရမည်ကို သူ ပိုစိုးရိမ်၏။
မဟုတ်ဘူး၊ တစ်ခုခုကို ပြင်ဆင်ထားရမယ် မဟုတ်ရင် တစ်ခါတည်း မဖြေရှင်းနိုင်ရင် ဒုတိယ အကြိမ် သွားတွေ့ရမှာ မဟုတ်ဘူးလား...
ထိုသည်က မလိုအပ်ပါဘဲ သူ့အချိန်တွေကို ဖြုန်းနေသလိုဖြစ်လိမ့်မည်။
"မနက်ဖြန် ချန်မင်နဲ့တွေ့ပြီးရင် ငါအပြင်မှာပဲစားလိုက်မယ်... မင်းငါ့ကိုစောင့်စရာမလိုဘူး"
"ကောင်းပြီ...မင်းနဲ့အတူ လိုက်ခဲ့စေချင်လား"
ကျိယွီရှောင်က မေးသည်။
"မလိုဘူး... ငါတစ်ယောက်တည်းသွားမယ်...ဖေးဖေးနဲ့ပတ်သတ်ပြီး ငါတို့ ဘာမှလုပ်လို့ မရဘူး...မင်းလည်း လိုက်လာမယ်ဆိုရင် ချန်မင်ကိုမျက်နှာသာအရမ်းကြီးပေးရာကျသွားမှာ မဟုတ်ဘူးလား"
လင်းလော့ချင်းက သူ့ကို ကြည့်ပြီးဆိုသည်။
"ပြီးတော် ရှောင်ယွီကိုလည်း လိုက်မလာစေချင်ဘူး...မင်းလည်း လိုက်လာမယ်ဆိုရင် ရှောင်ယွီက ဒီထက်ပိုပြီးတောင် လိုက်ချင်မှာ သေချာတယ်...ဒါကြောင့် မင်း အိမ်မှာပဲနေပြီး ငါတို့ကိုစောင့်နေ...အဲဒါမှ ငါရှောင်ယွီကိုအိမ်အရင်ပြန်ခိုင်းရမှာ"
"ကောင်းပြီ"
ကျိယွီရှောင်မှာ ရွေးချယ်စရာမရှိပေ။
"ဒါဆို မင်းတစ်ခုခုလိုရင် ငါ့ကို တိုက်ရိုက်ဖုန်းဆက်လိုက်ပါ"
"ကောင်းပြီ"
လင်းလော့ချင်းက ပြုံးလိုက်သည်။
ကျိယွီရှောင် သူ့ကို လက်ကနေဆွဲပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ထို့နာက် သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းပြီး လင်းလော့ချင်းကို နမ်းလိုက်သည်။
လင်းလော့ချင်းက သူ့ကို ပြုံးကြည့်ပြီး သူနှင့် တဖြည်းဖြည်း အနမ်းချင်းဖလှယ်လိုက်သည်။
နောက်တစ်နေ့မွန်းလွဲပိုင်းမှာ လင်းလော့ချင်းက ရှောင်လီကို တမင်ကျောင်းမောင်းပို့ခိုင်းခဲ့သည်။။
သူက လင်းဖေး နှင့် ကျိလဲ့ယွီ တို့ကို ပွေ့ချီပြီး ကျိလဲ့ယွီကို ချော့ပြောရသည်။
"ပါးပါးနဲ့ ကိုကို တစ်ခုခုလုပ်စရာရှိလို့... သား အိမ်အရင်ပြန်နှင့်နော်...သားပါးပါးက အိမ်မှာစောင့်နေတယ်"
ကျိလဲ့ယွီက တွန့်ဆုတ်နေသည်။
"သားတို့ အတူတူသွားပြီး အတူတူ အိမ်ပြန်ကြမယ်လေ"
"အဲဒီလိုလုပ်လို့မဖြစ်ဘူး...သားပါးပါးက အကြာကြီး စောင့်နေရမှာပေါ့...ရှောင်ယွီက လိမ္မာပါတယ်...အိမ်အရင်ပြန်ပြီး သားပါးပါးကိုအဖော်ပြုပေးလိုက်နော်"
ကျိယွီရှောင်ကိုထည့်ပြောသောအခါ ကျိလဲ့ယွီက ခေါင်းမာမနေတော့ပေ။သို့ပေမဲ့ သူ့စိတ်ထဲမှာ ရှုပ်ထွေးမှုအပြည့်ရှိနေသည်။
"ဒါဆို ဘယ်တော့ပြန်လာမှာလဲ"
"မကြာပါဘူး...သားတို့ထမင်းစားပြီးချိန်လောက် ပါးပါးတို့ပြန်လာမှာ"
"သားတို့အတူတူထမင်းမစားဘူးလား"
"မစားဘူး... ဒီညတော့ သားနဲ့သားပါးပါးပဲ ထမင်းအရင်စားနှင့်လိုက်...ပါးပါးနဲ့ကိုကို့ကို မစောင့်နဲ့ ဟုတ်ပြီလား"
ကျိလဲ့ယွီ ပို၍ပင် ဇဝေဇဝါဖြစ်သွားသည်။သူ ကားထဲကို မဝင်ချင်ဝင်ချင်သွားပြီး ပြတင်းပေါက်ကိုဖွင့်ကာပြောလိုက်သည်။
"ဒါဆို ပါးပါးနဲ့ ကိုကို စောစောပြန်လာရမယ်နော်"
"ကောင်းပြီ"
လင်းလော့ချင်းက သဘောတူလိုက်သည်။
သူက လက်မြှောက်ပြီး ကျိလဲ့ယွီကို တာ့တာ့ပြလိုက်သည်။လော့ကျား ကားမောင်းထွက်သွားသည်ကို ကြည့်ပြီးမှ ရှောင်လီ၏ ကားထဲကို ဝင်လိုက်သည်။
ကျိလဲ့ယွီ ကားပေါ်တွင် ထိုင်ရင်း စိတ်မသက်မသာ ဖြစ်နေသည်။
သူနှင့် လင်းဖေးက ကျောင်းစတက်ကတည်းက လင်းဖေးကျောင်းအပြောင်းအရွှေ့ကိစ္စတွေလုပ်နေသည့်အတောအတွင်းမှလွဲ၍ တစ်ခါမှ မခွဲရဖူးပါချေ။အခု ဘာကိစ္စမလို့ လင်းဖေးကလင်းလော့ချင်းနဲ့ ရုတ်တရက်ကြီး ထွက်သွားဖို့လိုတာလဲ...သူ့ကိုတောင်ခေါ်သွားလို့မရဘူးပေါ့...
မနေ့က ပေါ်လာပြီး သူ့ကိုယ်သူ လင်းဖေး၏အဖေဟု ပြောသည့်လူကိုသူတန်းတွေးမိလိုက်သည်။သူက တကယ်ပဲ လူလိမ်လား...
ဒါမှမဟုတ် တကယ်ကြီး လင်းဖေးရဲ့အဖေလား...
ဒါဆို ဒီနေ့ သူ့ကို ခေါ်သွားတာက အဲဒီလူကို တွေ့မှာမလို့လား...
လင်းဖေးက အဲဒီလူနဲ့လိုက်သွားပြီး သူတို့အိမ်ကနေထွက်သွားချင်နေတာလား...
ကျိလဲ့ယွီ ရုတ်တရက် ခေါင်းမော့ပြီး လော့ကျားကိုပြောလိုက်သည်။
"လော့ရှုရှု အိမ်မပြန်ချင်ဘူး...ပါးပါးနဲ့ကိုကို့နောက်ကို လိုက်ချင်တယ်"
"ရှောင်ယွီ လိမ္မာပါကွာ... သားပါးပါးနဲ့ကိုကိုက မကြာခင်ပြန်လာမှာ"
လော့ကျားက သူ့ကို နှစ်သိမ့်လိုက်သည်။
"တကယ်ပြန်လာမှာလား"
ကျိလဲ့ယွီက ရှေ့ကိုကြည့်ကာ ညည်းညူလိုက်သည်။
လင်းဖေးက တကယ်ပြန်လာမှာလား...
ဒါပေမဲ့ အဲဒါကသူ့အဖေလေ... ဘယ်သူက သူအဖေနဲ့ ခွဲနေချင်မှာလဲ...
ကလေးတွေက သူတို့အဖေနဲ့သေချာပေါက်နေကြမှာဖြစ်၏။
သို့သော် သူ လင်းဖေးကို လင်ဖေး၏အဖေနှင့်အတူ မနေစေချင်ပေ။
လင်းဖေးနှင့်သူက အဖေအတူတူ ဖြစ်လျှင် အလွန် ကောင်းပေလိမ့်မည်။
သူ သူ့အဖေကို လင်းဖေး၏အဖေပါဖြစ်ခိုင်းချင်နေသည်။ထိုသို့ဆိုလျှင် လင်းဖေးက တခြားအဖေများနှင့်အတူတူနေစရာလိုတော့မည်မဟုတ်ပေ။
ကျိလဲ့ယွီ အနည်းငယ် စိတ်မသက်မသာခံစားရသဖြင့် လင်းဖေးထံ မက်ဆေ့ချ်ပို့ရန် သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။
[ကိုကို့အဖေကို သွားတွေ့တာလား]
[ကိုကို့အဖေနဲ့တွေ့ပြီးရင် ပြန်လာမှာလားဟင်]
[ကိုကို့ကို သားအဖေ ပေးမယ်လေ...ကိုကိုလည်း သူ့ကို အဖေလို့ ခေါ်လိုက်... ပြီးရင် တခြားအဖေတွေကို လျစ်လျူရှုလိုက်နော် ဟုတ်ပြီလား]
[သားနဲ့ တူတူနေမယ်လို့ ကိုကိုပြောခဲ့တယ်လေ]
သူခေါင်းငုံ့လိုက်ကာ မျက်လုံးများ နာကျင်လာသည်။
[ကိုကို သားကိုလိမ်လို့မရဘူးနော် 】
သူတို့ နှင်းလူသားမိသားစုလိုဖြစ်လို့မရဘူး...လင်းဖေးကနှုတ်ဆက်စကားတောင်မပြောဘဲ ဒီအတိုင်း ပျောက်ကွယ်သွားလို့မရဘူးလေ...
အဖေတွေက အရမ်းကောင်းတယ်ဆိုပေမဲ့...ဒါပေမဲ့...ဒါပေမဲ့...
ကျိလဲ့ယွီ ဆင်ခြေတစ်ခုမှရှာမတွေ့ပေ။ဘယ်သူက သူတို့အဖေတွေကို မကြိုက်ဘဲနေလို့လဲ...
အဖေထက် ဘယ်သူက ပိုအရေးကြီးနိုင်မှာတဲ့လဲ...
လင်းဖေး ထွက်သွားချင်သည် ဆိုပါက ယင်းက ပုံမှန်ပါပင်။မည်သို့ပင်ဖြစ်စေ တစ်ဖက်က သူ့အဖေဖြစ်၏။သူက လင်းဖေး၏အဖေနှင့် မည်သို့ယှဥ်နိုင်မည်နည်း။
ဖုန်းကိုကြည့်ရင်း သူ့မျက်တောင်တွေ နိမ့်ကျသွားပြီး မျက်လုံးတွေက မိုးနှင့်မြူတွေကြောင့် စိုစွတ်နေသကဲ့သို့ပင်။
အချိန်အတော်ကြာပြီးနောက် သူ့လက်ထဲက ဖုန်းက နှစ်ကြိမ်တုန်ခါသွားသည်။ကျိလဲ့ယွီ အမြန်ကြည့်လိုက်သောအခါ လင်းဖေးက သူ့ကို စာနှစ်စောင်ပြန်ပို့ထားသည်။
လင်းဖေး: [လိမ်လိမ်မာမာနေ]
လင်းဖေး: [ပြန်လာရင် မင်းကိုဖက်ထားပေးမယ်]
ကျိလဲ့ယွီ သူချက်ချင်း ပိုဝမ်းနည်းလာသလို ခံစားရပေမဲ့ သိပ်ပြီးလည်းဝမ်းမနည်းတော့သလိုပင်။
သူကပြောလိုက်၏။
[ဒါဆို စောစောပြန်လာရမယ်နော်]
လင်းဖေး: [အင်း]
ကျိလဲ့ယွီ၏လက်ချောင်းသည် အသံခေါ်ဆိုမှုဆီသို့ တိတ်တဆိတ် ရွေ့သွားသည်။နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ၎င်းကို နှိပ်လိုက်သည်။
လင်းဖေးက ဖုန်းကိုင်လိုက်ပြီး သူ၏တုံးတိတိလေသံဖြင့်ဆို၏။
"ဘာဖြစ်လို့လဲ"
ကျိလဲ့ယွီ ခဏတာ စကားမပြောနိုင်ဖြစ်သွားကြောင်း သူ့ကိုယ်သူတွေ့လိုက်ရသည်။သူ အသံသေးသေးလေးဖြင့် တိုးတိုးလေး "ကိုကို" ဟုသာ ခေါ်နိုင်သည်။
လင်းဖေး သူ့အသံကိုကြားသောအခါတွင် အမြဲစိတ်ထိခိုက်ဟန်ဆောင်နေသည့် ကျိလဲ့ယွီ၏မျက်နှာလေးက စိတ်ထဲတွင် ပေါ်လာသည်။ပါးစုန့်လေးတွေကဖောင်းကားနေပြီး မျက်ခုံးလေးများက ဝမ်းနည်းကြေကွဲနေသောအကြည့်နှင့်အတူ ညှိုးငယ်လျက် အောက်ငိုက်စိုက်ကျနေကာ ဝမ်းနည်းပြီး သနားစရာပုံလေး ဖြစ်နေသည်။
ကိစ္စက ဘာမှအကြီးအကျယ်မဟုတ်ပါဘဲလည်း သူက အင်မတန်ကိုစိတ်ထိခိုက်ချင်ယောင်ဆောင်နိုင်၏။
အိုင်း... ဘယ်လောက်လူကပ်လိုက်သလဲ...
"အိမ်ပြန်ပြီး အိမ်စာတွေလုပ်ထား...ပြန်လာရင် စစ်မယ်"
"ဟုတ်ကဲ့"
ကျိလဲ့ယွီက နာခံစွာနှင့်ဖြေသည်။ "ကိုကိုဘယ်တော့ပြန်လာမှာလဲ"
"မသိဘူး စောစောပြန်လာဖြစ်လောက်တယ်"
"ဒါဆို ကိုကိုပြန်လာပြီး ညစာအတူတူစားဖို့ကို သားစောင့်နေမယ်နော်"
ကျိလဲ့ယွီ အစမ်းသဘောဖြင့် ပြောကြည့်လိုက်သည်။
လင်းဖေးက မငြင်းဘဲ "အိုး"ဟုသာဆိုသည်။
ကျိလဲ့ယွီ အနည်းငယ် စိတ်အေးသက်သာရှိလာသည်။
"လိမ်လိမ်မာမာနေ"
လင်းဖေးက သူ့ကို ချော့လိုက်သည်။
ကျိလဲ့ယွီက ခေါင်းညိတ်ပြီးဆို၏။ "ဟုတ်ကဲ့...သားက လိမ္မာပါတယ်"
လင်းလော့ချင်းက လင်းဖေးဖုန်းပြောနေသည်ကိုတွေသဖြင့်မေးလိုက်သည်။ "ရှောင်ယွီလား"
လင်းဖေးက ခေါင်းညိတ်ပြပြီးဆိုသည်။
"သူသိတယ်...သူအခု ဝမ်းနည်းနေမယ်ထင်တယ်"
လင်းလော့ချင်း ကျိလဲ့ယွီက ဤမျှလောက် ကောင်းမွန်စွာ ဖုံးကွယ်ထားသည်ကို သိသွားလိမ့်ဦးမည်ဟု မထင်မှတ်ထားပေ။ဤကလေးကတကယ် အကင်းပါးပြီး ထက်မြက်သည်ဟု သူ့ဘာသူ တွေးလိုက်မိသည်။
သူ ကျိယွီရှောင်ကို WeChat မက်ဆေ့ခ်ျပို့ပြီး ကျိလဲ့ယွီ အိမ်ပြန်ရောက်ပြီးနောက် ပိုချော့ပေးရန် တောင်းဆိုလိုက်သည်။
"ရှုရှု သူနဲ့ အချိန်အကြာကြီး စကားပြောမှာလား"
လင်းဖေးက သူ့ကို မေးသည်။
လင်းလော့ချင်းက ခေါင်းခါလိုက်၏။ "ဘာဖြစ်လို့လဲ"
လင်းဖေးက ဖုန်းကို ခါပြပြီးဆိုသည်။ "သူက ကျွန်တော့်ကို စောစောပြန်လာခိုင်းနေတယ်"
လင်းလော့ချင်း:...
"ကောင်းပြီ...ငါဒါကိုတတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ ကြိုးစားပါ့မယ်ကွာ"
လင်းဖေးကခေါင်းညိတ်သည်။
"အင်း"
ရှောင်လီက ၎င်းကိုကြားသောအခါ တိတ်တိတ်လေး အရှိန်မြှင့်လိုက်ပြီး ခဏကြာသောအခါ ကားက ချိန်းထားသည့် ဟိုတယ်ကို ရောက်လာ၏။
လင်းလော့ချင်းက လင်းဖေးကို သီးသန့်ခန်းထဲသို့ ခေါ်သွားသည်။
ချန်မင်က သူတို့ထက်စောပြီးရောက်နေ၏။လင်းဖေးကိုတွေ့သောအခါ သူကအံဩသွားပြီး ချက်ချင်းထရပ်လိုက်ကာမျက်နှာချိုးသွေးလေသည်။
"ဖေးဖေး ရောက်ပြီလား"
လင်းဖေးက သူ့ကို အေးစက်စက် ခံစားချက်မဲ့သော အကြည့်တစ်ချက် ပေးပြီးနောက် လင်းလော့ချင်းကို ကြည့်လိုက်သည်။
လင်းလော့ချင်း သူ့ကိုချန်မင်နှင့် မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက် နေရာတွင် ထိုင်ခိုင်းလိုက်သည်။ချန်မင်က လင်းဖေးကို ပြုံးပြုံးကြီး ကြည့်ကာဆို၏။
"ဖေးဖေး ဘာစားချင်လဲ...သား ကြို
က်တာ မှာလို့ရတယ်.... အဖေ ရှင်းမယ် "
လင်းဖေး: ......
လင်းဖေးက ဘာမှပြန်မပြောဘဲ သူ့ကျောင်းလွယ်အိတ်ကို ဇစ်ဖွင့်ပြီး စာအုပ်တစ်အုပ်ကို ထုတ်ကာဖတ်နေလိုက်သည်။စားရန်နေနေသာသာ မှာပင်မမှာချင်ဘူးဆိုသည်မှန်း သိသာ၏။
ဘယ်လောက်တောင် အချိန်ဖြုန်းနေလိုက်သလဲ...သူက သူ့ညီလေးနဲ့ ညစာစားဖို့ စောစောအိမ်ပြန်ရဦးမယ်...