Chapter 178
လင်းဖေး၏ မွေးဖွားခြင်းသည် လင်းလော့ရှီးအတွက် လုံးဝအကောင်းမွန်ဆုံးသောအရာဖြစ်သည်။သူ့ကိုမွေးခဲ့သည့်အတွက် သူမဘယ်သောအခါမှနောင်တမရခဲ့ပေ။
သူမတွင် မိသားစုအသစ်ရှိလာပြီဖြစ်သည်။သူမကို စိတ်နှလုံးအကြွင်းမဲ့ ချစ်နိုင်သူဖြစ်ပြီး လှည့်စားခံရမည်ကို စိုးရိမ်စရာမလိုသလို သူမကိုဆွဲချမည်ကိုလည်းစိတ်ပူစရာမလိုပေ။
သူမ၏ဘဝသည် တဖန်အသက်ဝင်တောက်ပလာပြီး ပြီးပြည့်စုံလာခဲ့၏။ သူမ လင်းဖေးကို ဂရုတစိုက်ပျိုးထောင်သည်၊လငဖေးကို ပုံပြင်များ ပြောပြကာ လင်းဖေးကြီးပြင်းလာမှုကို ကြည့်ရှုခဲ့သည်။
သူမ သူမ၏နှလုံးသားထဲမှာ နစ်မြှုပ်ထားသည့် အရာတွေကို လင်းဖေးကို ပြောပြနိုင်သည်။လင်းဖေးအငယ်လေးက နားမလည်ပေမဲ့ နက်မှောင်သည့် မျက်လုံးတွေနှင့် သူမကို ကြည့်နေတတ်မည်။လင်းလော့ ပျော်လွန်း၍ သူ့ပုခက်ကို လွှဲသည်ဖြစ်စေ၊သူ့ကို ကောက်ပွေ့ပြီး နမ်းသည်ဖြစ်စေပြုလေ့ရှိသည်။
ချန်မင်အပေါ်ထားသည့် သူမ၏အချစ်တွေနှင့် အမှတ်ရစရာတွေက ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်လေသည်။သူ့အဖေက သူမကို မောင်းထုတ်လိုက်စဥ်ကလိုပင်၊ သူမကို အိမ်ပြန်ခေါ်ရန် ဖခင်ဖြစ်သူကို ဘယ်တုန်းကမှ မတောင်းဆိုခဲ့ပေ။ထို့အပြင် ချန်မင်၏ နောက်ဆုံးစကားတွေက သူမနားထဲမှာ ရှိနေဆဲဖြစ်ပြီး ဘယ်သောအခါမှလည်းမေ့သွားလိမ့်မည်မဟုတ်ပေ။သူမကပဲ လင်းဖေးကိုသုံး၍ သူ့ကို ချည်နှောင်မည့်အတိုင်း၊သူ့ကို အတင်းအကြပ် တာဝန်ယူခိုင်းမည့်အတိုင်း၊သူမကို
လက်ထပ်ခိုင်းမည့်အတိုင်းပင်။
သူမ သူမကလေးကို ထိုသို့အသုံးချမှာမဟုတ်ပေ။သူက သူမသားလေးဖြစ်ပြီး ချန်မင်နှင့် ဘာမှမဆိုင်ပေ။သူမက သူ့ကို ကောင်းကောင်း ဂရုစိုက်မှာဖြစ်ပြီး တခြားဘယ်သူကိုမှ မလိုအပ်ပါချေ။
ထို့ကြောင့် သူမက လင်းဖေးကိုပြောခဲ့သည်။
"သားအဖေက မတော်တဆမှုဖြစ်ပြီးဆုံးသွားပြီ...အဘိုးနဲ့အဘွားကလည်းဆုံးသွားပြီ...ဒါပေမဲ့ မားမားက သားနဲ့ အမြဲအတူတူရှိနေမှာပါကွယ်"
ကံကောင်းထောက်မစွာဖြင့် လင်းဖေးက အဖေတစ်ယောက်ကို အမှန်တကယ် မလိုချင်ခဲ့ပေ။သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ရုံသာဖြစ်ပြီး အဖြေကို သိသွားရုံနှင့်သူ့အတွက်လုံလောက်ပြီဖြစ်သည်။သူ့တွင် အဖေတကယ်ရှိမရှိနှင့် အဖေရှိသည်က မည်သို့မည်ပုံရှိသည်တို့က လင်းဖေး၏စိတ်ဝင်စားမှုအတိုင်းအတာတွင်းမှာရှိမနေပေ။
မွေးကတည်းက အဖေမရှိသဖြင့် အဖေ၏ပုံရိပ်နှင့်အဖေဆိုသော စကားလုံးနောက်ကွယ်က အဓိပ္ပါယ်ကို မသိခဲ့ပါချေ။သူ့ကိုယ်သူ အဖေလိုအပ်နေသည်ဟုလည်း မခံစားရပါချေ။ ယခုလည်း သူကအဆင်ပြေနေသည်ပင်။သူ့မှာ အမေရှိပြီး ယင်းက လုံလောက်ပြီဖြစ်၏။
လင်းလော့ရှီးက လင်းဖေးကို သူမက နာမကျန်းဖြစ်ပြီး သေဆုံးသွားသည်အထိ ထိုကဲ့သို့ ပြုစုပျိုးထောင်ခဲ့သည်။
လင်းလော့ရှီး နှင့် ဆန့်ကျင်ဘက်အနေဖြင့် ချန်မင်က သူ့မိဘများ၏တောင်းဆိုချက်အရ လင်းလော့ရှီးနှင့် လမ်းခွဲပြီးနောက် များမကြာမီတွင် သူ၏စေ့စပ်ထားသူနှင့် လက်ထပ်ခဲ့ပြီး သူ၏စေ့စပ်ထားသူက သူ့ဇနီးဖြစ်လာခဲ့သည်။
ချန်မင်၏ ဇနီးက လင်းလော့ရှီးထက် ပိုမိုလွှမ်းမိုးခြယ်လှယ်တတ်သော ကိုယ်ရည်ကိုယ်သွေးရှိသည်။ယင်းက ချန်မင်အနေဖြင့် ဘလိုင်းဒိတ်ကို ရှင်းရှင်းလင်းလင်း လက်ခံခဲ့သော်လည်း လင်းလော့ရှီး နှင့် လမ်းခွဲရန် ဆန္ဒမရှိခဲ့သည့်အကြောင်းအရင်းလည်းဖြစ်သည်။လင်းလော့ရှီးကို သူမပြောဘဲ လှေနံနှစ်ဖက် နင်းခဲ့ရသည်။သူက နူးညံ့သိမ်မွေ့ပြီး ပူပင်ကြောင့်ကြမဲ့သော အမျိုးသမီးများကို နှစ်သက်သည်။သို့ပေမဲ့ သူ့မိဘတွေကို မလွန်ဆန်ဝံ့သည့်အတွက် ဟက်ဟက်ပက်ပက်မရှိသော သူ့ဇနီးနှင့် နွေးထွေးသောဆက်ဆံရေးကိုဆက်ရုံသာရှိိခဲ့သည်။
အိမ်ထောင်သက် ခြောက်နှစ်၊ ခုနစ်နှစ်ရှိပြီဖြစ်ပြီး ကလေးမရသေးသည်ကို တွေ့လိုက်ရသောအခါ ချန်မင်နှင့် သူ့ဇနီးက အနည်းငယ်စိုးရိမ်သွားခဲ့ပြီး ဆေးစစ်ရန် ဆေးရုံကို သွားခဲ့ကြသည်။ဆေးစစ်ပြီးသည့်အခါမှာ သူ့ဇနီးက ကိုယ်ဝန်ရရန်အခက်အခဲရှိသည်ကိုတွေ့ရှိခဲ့သည်။
ချန်မင် ချက်ချင်းစိတ်ညစ်သွားသည်။သူ့မိဘတွေလည်း ၎င်းကိုမမျှော်လင့်ထားကြပေ။သို့ပေမဲ့လည်း လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်း သူ့ဇနီး၏မိသားစု၏စီးပွားရေးတိုးတက်ကောင်းမွန်လာမှုကြောင့် သူတို့ဘာမှထပ်မပြောရဲခဲ့ကြပါချေ။သူတို့ သားလင်မယားကိုပိုကြိုးစားရန်ပဲပြောနိုင်ခဲ့သည်။
ချန်မင်၏ယောက္ခမများက လိုက်လျော ညီထွေရှိသူများဖြစ်ပြီးပွင့်လင်းကြသည်။သူတို့အနေဖြင့်အမှန်တကယ် ကလေးမရနိုင်ပါက ဆွေမျိုးတစ်ဦးမှ မွေးစားရန် အကြံပြုထားကြသည်။ သားသမီးအရင်းဖြစ်မဖြစ်က အရေးမကြီးပါဟုဆိုသည်။
ချန်မိသားစုက ထိုသို့လုပ်ရန်ဝန်လေးနေကြပြီး လင်မယားနှစ်ယောက်က ငယ်သေးသဖြင့် သူတို့ အနည်းငယ်ပိုစောင့်ပါက နောင်တစ်ချိန်မှာ ကလေးတစ်ယောက်ရနိုင်လောက်သည်ဟုဆိုကြသည်။
ချန်ဖုန်းကသာ ရုတ်တရက် သူ့ကိုဖုန်းဆက်ပြီး သူ့မှာ သားတစ်ယောက်ရှိနေပြီဆိုသည်ကိုမပြောခဲ့လျှင် ချန်မင်လည်းထိုသို့ပင်တွေးမှာဖြစ်၏။
ချန်မင်အတွက်၊ချန်ဖုန်း၏ ဖုန်းခေါ်ဆိုမှုသည် အချိန်အတော်ကြာ မိုးခေါင်ပြီးနောက် ကောင်းကင်မှ ရုတ်တရက် ရွာသွန်းသော မိုးနှင့်တူသည်။
တကယ်ကြီး သူ့မှာ သားတစ်ယောက်ရှိတယ်...
ချန်မင် အံ့သြဝမ်းသာသွားသည်။
ဘုရားသခင်က သူ့ကိုပစ်မထားဘူးပဲ...
ယခု သူ့သားကို သွားခေါ်ပြီး သူဆွေမျိုးတစ်ယောက်၏ သားဟု ပြောပြီး မွေးစားသည်ဟု အမည်ခံကာ အိမ်မှာ ပြုစုပျိုးထောင်ရန်ပဲလိုတော့သည်။ထိုသို့ဆိုလျှင် အရာအားလုံးက ပြီးပြည့်စုံသွားလိမ့်မည်။
အတွင်းပိုင်းမှာ သူ့မိဘတွေ စိတ်ချမ်းသာပြီး အပြင်မှာလည်း သူ့မိန်းမကို သူက သူ့ယောက္ခမတွေစကား နားထောင်လိုက်သည်ဟု ပြောနိုင်သည်။နှစ်ဦးနှစ်ဖက်လုံးကိုလည်း ကျေနပ်အောင်လုပ်နိုင်ပြီး သူ့သားကိုလည်း သူနှင့်အတူခေါ်ထားနိုင်မည်။ခဲတစ်လုံးထဲနှင့်ငှက်နှစ်ကောင်ပစ်ခြင်းဖြစ်လေသည်။
ချန်မင်က ဝမ်းသာအားရ တွေးလိုက်သည်။ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် လင်းဖေး၏ကျောင်းသို့ အပြေးအလွှားသွားကာ လင်းဖေးကိုအသိအမှတ်ပြုရန် မစောင့်နိုင်တော့ပေ။လင်းဖေးနှင့်သူ သားအဖကြားက မိသားစုဆက်ဆံရေးကိုဝေမျှရန် အိမ်ပြန်သွားသည့် မြင်ကွင်းကို သူ့စိတ်ထဲတွင် စိတ်ကူးထားပြီးသားဖြစ်၏။
သူ့သားက အစကနေအဆုံးအထိ သူ့ကို တစ်ချက်ပဲကြည့်ပြီး "လမ်းပိတ်နေတယ်" ဟု တစ်ခွန်းပဲ ပြောခဲ့သည်က သနားစရာပါပင်။
လင်းလော့ချင်း သူ့လက်ထဲက A4 စာရွက်ကို ကြည့်ပြီး လင်းလော့ရှီးနှင့်ချန်မင်တို့၏ အချစ်ဇာတ်လမ်းကို ဖတ်ကာ သရော်လိုက်၏။
"ဒီလိုပုံစံမျိုးနဲ့ သူက ဖေးဖေးရှေ့မှာ သူ့ပေါ်လာရဲသေးတယ်ပေါ့... ကလေးမွေးရင်တောင် တာဝန်မယူဘူးဆိုပြီး ငါ့အစ်မကို ကိုယ်ဝန်ဖျက်ချခိုင်းတဲ့သူက ကလေးမရနိုင်လို့ ပြန်ပြီး တာဝန်ယူချင်နေတယ်ပေါ့... ကမ္ဘာပေါ်မှာရှိတဲ့ ကောင်းတဲ့အရာတွေအကုန်လုံးကို ဘာလို့မယူလိုက်တာလဲ"
"ဒါကြောင့် မင်းကို တရားမစွဲဝံ့ဘူးလို့ ငါပြောခဲ့တာပဲ...လင်းဖေးက သူ့သားအရင်းဖြစ်တဲ့ကြောင်း သူ့မိန်းမကို သူဘယ်လိုလုပ်ပြောရဲမှာလဲ ...သိသွားပါပြီတဲ့ သူ့မိန်းမက ဖေးဖေးကို သူတို့အိမ်ထဲ ဝင်ခွင့်ပြုဦးမှာလား"
"အဲဒါက ပြောမရဘူး"
လင်းလော့ချင်းက ခေါင်းခါလိုက်သည်။
ချန်မိသားစု၏ လက်ရှိအခြေအနေအရ သူတို့သားမှာ သားအရင်းတစ်ယောက်ရှိသည့်အကြောင်း ရုတ်တရက် သိလိုက်ရပါက ချန်မင်၏မိဘတွေက လင်းဖေးကို ပြန်ခေါ်ချင်ကြပေလိမ့်မည်။ချန်မိသားစုက ကလေးကိုလိုချင်သည်ဟု ခေါင်းမာနေသ၍ ချန်မင်တို့လင်မယားအနေဖြင့် မကွာရှင်းလိုပါက လက်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။
ဥပဒေရေးရာသတင်းတွေမှာ ယခုလိုမျိုးတွေ အများကြီးရှိ၏။လင်းလော့ချင်း အနည်းငယ်စဉ်းစားရုံနှင့် တွေးကြည့်နိုင်၏။သို့ပေမဲ့ လင်းဖေးရော ချန်မင်၏ဇနီးရော ကောင်းကောင်းနေရမည်မဟုတ်ပေ။
ချန်မင်၏ဇနီးအတွက် အခြားအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့ပေါင်းသင်းပြီးရလာသည့် ကလေးအပေါ်ကို ကြင်နာမှုပြုရန်က မဖြစ်နိုင်ပေ။
အနှီကလေးလင်းဖေးအတွက်မူ ထိုမိသားစုဆီက သင့်လျော်သော ချစ်ခြင်းမေတ္တာနှင့်ဂရုစိုက်မှုကို မရရုံသာမက ဘယ်သူကမှသူ့ကိုအနိုင်မကျင့်ဘူးဟုလည်းမပြောနိုင်ပေ။သူလည်း ကောင်းကောင်းနေရမည်မဟုတ်ပါချေ။
ချန်မင်နှင့် ချန်မိသားစုအတွက်ကသာ သူတို့၏သွေးသားအရင်းရလိုသောဆန္ဒ ပြည့်သွားပြီး အခြားသူများ၏ စိတ်ခံစားချက် မည်သို့ပင်ရှိစေကာမူ ပျော်ရွှင်လန်းဆန်းနေကြမည်ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ဖေးဖေးကို ပြန်ခေါ်သွားခွင့်မပြုနိုင်ဘူး"
"ဟုတ်တယ်"
ကျိယွီရှောင်ကဆိုသည်။
"သူက ဒီလိုပုံစံနဲ့ ဖေးဖေးကိုပြန်ခေါ်ချင်နေသေးတယ်... အိပ်မက်မက်နေတာပဲ"
"ဒါပေမဲ့ ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖေးဖေး နဲ့ စကားပြောဖို့ လိုသေးတယ်"
လင်းလော့ချင်းက ပြောလိုက်၏။
ကျိယွီရှောင် အနည်းငယ်စိုးရိမ်သွားသည်။
"ဒါပေမဲ့ ဖေးဖေးသိရင် ပြန်သွားချင်မှာလား...ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့အဖေအရင်းလေ"
"မဖြစ်နိုင်ဘူး"
လင်းလော့ချင်း လင်းဖေး၏ အေးစက်တည်ငြိမ်သော စရိုက်အကြောင်း တွေးလိုက်မိသည်။
အကယ်၍များ တခြားကလေးသာဆိုလျှင် သွေး၊ အဖေ သို့မဟုတ် မိသားစုဆက်ဆံရေးအကြောင်းပြောလျှင် အလွန် စိတ်လှုပ်ရှားနေလိမ့်မည်။သို့ပေမဲ့ လင်းဖေးသာဆိုလျှင် မဖြစ်နိုင်ဘူးဟု လင်းလော့ချင်း ခံစားရသည်။ လင်းဖေးမှာ သူ့ကိုယ်ပိုင် ပင်ကိုယ်စရိုက်ရှိပြီး သူ့အသိစိတ်ထဲတွင် အဖေလိုအပ်သည်ဟူသော အတွေးအခေါ်မရှိပေ။သူ့ကိုယ်သူ အဖေတစ်ယောက်
လိုသည်ဟု မခံစားရပေ၊ ထို့ကြောင့် ချန်မင်က သူ၏ဖခင်အရင်းဖြစ်လျှင်ကော ဘာအရေးနည်း။
လင်းဖေးသာ အဖေတစ်ယောက်ရှိချင်ပါက လွန်ခဲ့သောအချိန်တွေကတည်းက သူ့ကို အဖေဟုခေါ်မည်ဖြစ်သည်၊ ထို့ကြောင့် ချန်မင်မှာ ဘာအခွင့်အရေးရှိပါဦးမည်နည်း။
"ပြီးရင် ရှောင်ယွီကို မင်းဆီလာခိုင်းလိုက်မယ်...ဖေးဖေးနဲ့ စကားပြောနေတုန်း သူ့ကို ထိန်းထားပေးဦး"
လင်းလော့ချင်းက ပြောလိုက်၏။
"ကိစ္စမရှိဘူး"
ကျိယွီရှောင်က သူ့ကိုအိုကေဆိုသည့် အမူအရာ လုပ်ပြသည်။
လင်းလော့ချင်းက ခေါင်းငုံ့ကာ သူ့မျက်နှာကို နမ်းလိုက်ပြီး လင်းဖေး၏ အခန်းသို့ ယုံကြည်မှုအပြည့်ဖြင့် သွားခဲ့သည်။
လင်းဖေး နှင့် ကျိလဲ့ယွီ တို့သည် စားပွဲခုံတွင် ဘေးချင်းကပ်ထိုင်နေကြသည်။
သူ့စာကြည့်ခန်းကို အလှဆင်ထားပြီးပြီဖြစ်သော်လည်း လင်းဖေးက နံရံတွင် Starry Moon Night နှင့် အခြားသော ဆီဆေးပန်းချီများကို ရေးဆွဲထားသောကြောင့် ၎င်းကို အခြောက်ခံထားချင်သေးပြီး သူ့ကို တစ်လ သို့မဟုတ် နှစ်လလောက်နေမှ စာကြည့်ခန်းကိုသွားရန် နားချခဲ့သည်။
လင်းဖေးက အလျင်မလိုပဲ သူ့စားပွဲမှာ ဆက်လက်ဖတ်ရှုလေ့လာခဲ့သည်။
လင်းလော့ချင်းက လျှောက်လာပြီး ကျိလဲ့ယွီကိုပြောလိုက်သည်။
"သားပါးပါးက သူ့ကိုစာကြည့်ခန်းတဲ့လာရှာလှည့်တဲ့"
ကျိလဲ့ယွီ စိတ်ရှုပ်ထွေးသွားပြီးမေးလိုက်၏။
"ဘာဖြစ်လို့လဲ"
လင်းလော့ချင်းက ခေါင်းခါလိုက်ပြီးပြောသည်။
"အဲဒါတော့ မပြောဘူး"
ကျိလဲ့ယွီက ခွေးခြေပေါ်ကနေ ခုန်ချလိုက်ပြီး လင်းဖေးကိုပြောသည်။
"ဒါဆို သားပြန်လာမှ ရေးတော့မယ်နော်
လင်းဖေးက "အင်း" ဟုပြောသည်။ကျိလဲ့ယွီက ထွက်သွားပြီး ကျိယွီရှောင်၏ စာကြည့်ခန်းဆီ လျှောက်သွား၏။
လင်းလော့ချင်း သူထွက်သွားသည်ကိုမြင်သောအခါ တံခါးကိုပိတ်ကာ လင်းဖေးအား မည်သို့ပြောရမည်ကို တွေးရင်း လှည့်ကြည့်လိုက်သည်။
လင်းဖေးက သူ့ကို ခဏစောင့်နေပြီးနောက် သူက ဆက်နှုတ်ဆိတ်နေပြီး စကားပြောရန် ချီတုံချတုံဖြစ်နေသည်ကို မြင်သောအခါ မေးလိုက်၏။
"ကျွန်တော့်ကို ပြောစရာရှိလို့လား"
"ဟုတ်တယ်"
လင်းလော့ချင်းက ခေါင်းညိတ်သည်။
"ဘာလဲ"
လင်းလော့ချင်းက ခဏလောက်စဉ်းစားပြီးမေးလိုက်၏။
"ဒီနေ့ ကျောင်းမှာ မင်းကို လူတစ်ယောက်လာရှာပြီး သူက မင်းအဖေလို့ပြောလား"
လင်းဖေးက ခေါင်းညိတ်လိုက်သည်။
"ဒါဆို သူက မင်းအဖေပဲလို့ ငါပြောရင် အံ့သြမှာလား"
လင်းဖေးက တကယ်ကို အနည်းငယ် အံ့သြသွားသည်။
"ကျွန်တော့်အဖေက သေပြီလေ"
"အဲဒါ မင်းအမေက မင်းကို လိမ်ခဲ့တာ"
လင်းလော့ချင်း နူးညံ့သောလေသံဖြင့်ပြောလိုက်သည်။
"သူက တကယ်မင်းအဖေပဲ...သူက ငါ့ဆီကိုလည်းလာတယ်... မင်းရဲ့ရှုရှုကိုငါစစ်ဆေးခိုင်းတော့ သူက တကယ်ကိုမင်းအဖေပဲ"
လင်းဖေးက အေးဆေးတည်ငြိမ်စွာ ဆိုသည်။
"အိုး"
"မင်းသူနဲ့စကားပြောချင်လား"
လင်းဖေးက ခေါင်းခါသည်။
"မပြောချင်ဘူးလား"
လင်းလော့ချင်း အနည်းငယ် အံ့သြသွားပြီးမေးလိုက်၏။
"သူက မင်းအဖေလေ... မင်း သူ့ကို တွေ့ပြီး စကားနည်းနည်းလောက် မပြောချင်ဘူးလား"
"အဖေကသေပြီ"
လင်းဖေးက တည်ငြိမ်စွာပြောသည်။
လင်းလော့ချင်း အကူအညီမဲ့နေသည်။ "မင်းအမေက မင်းကို လိမ်ခဲ့တာလို့ ငါပြောခဲ့တယ် မဟုတ်ဘူးလား...တကယ်သေတာမဟုတ်ဘူး"
"ဒါပေမဲ့ မားမားက သူသေသွားပြီပြောရင် သူသေသွားပြီပဲ"
လင်းဖေး၏ လေသံမှာ တည်ငြိမ်နေသည်။
လင်းလော့ချင်း:...
ဒါ... ဘယ်လိုကြီးတုန့်ပြန်လိုက်တာလဲ...
"ဒါဆို မင်းသူ့ကို မတွေ့ချင်ဘူးပေါ့ စကားလည်းမပြောချင်ဘူးပေါ့"
လင်းဖေးက ခေါင်းညိတ်လိုက်သည်။
သူ့အဖေသေပြီဟု သူ့မားမားပြောလျှင် သူ့အဖေသေပြီဖြစ်၏။ဤသည်က သူ့အဖေဟုတ်မဟုတ် ဂရုမစိုက်ပေ။ဘာပဲပြောပြော သူ့စိတ်ထဲမှာ သူ့အဖေသေပြီးသွားပြီဖြစ်သည်။
"ရှုရှုက ကျွန်တော့်ကို သူ့ကိုတွေ့ပြီး စကားပြောစေချင်သလား"
လင်းဖေးက သူ့ကို မေးသည်။
"ငါက အဲလိုဆိုလိုတာမဟုတ်ဘူး"
လင်းဖေးက ရှင်းပြလိုက်၏။
"တစ်ဖက်လူက မင်းရဲ့အဖေအရင်းလေ... ဒါကြောင့် ခွင့်ပြုချက်မရှိဘဲ မင်းအစား ငါဆုံးဖြတ်လို့မရဘူး...ဒါက မင်းရဲ့အနာဂတ်နဲ့ သက်ဆိုင်တယ်... မင်းကို ငါရှင်းရှင်းလင်းလင်းပြောမှရမယ်...မဟုတ်ရင် မင်း နောင်ကျနောင်တရရင် မကောင်းဘူးလေ"
"ကျွန်တော်နောင်တရမှာမဟုတ်ဘူး"
လင်းဖေးက တည်ငြိမ်စွာပြောသည်။
"အဲဒါ မင်းက အခု ငယ်သေးလို့လေ... မင်းရဲ့အနာဂတ်ကအရှည်ကြီးကျန်သေးတယ်...မင်း အခုကြုံဖူးတာထက် အများကြီး ပိုရှည်လိမ့်မယ်...ဒါကြောင့် အဲဒါကို သေချာစဉ်းစားကြည့်"
လင်းလော့ချင်းက စိတ်ရှည်ရှည်နှင့်ပြောလိုက်၏။
"အခုအချိန်မှ ရုတ်တရက်ပေါ်လာတာက မင်းအဖေက မင်းရဲ့တည်ရှိမှုကို အခုမှသိပြီး မင်းကိုပြန်ခေါ်သွားပြီး သူနဲ့အတူနေစေချင်လို့...အဲဒါကြောင့် သူမင်းကိုလာရှာတာ"
လင်းလော့ချင်း စကားပြောပြီးသောအခါတွင် သူ မသိစိတ်မှ အနည်းငယ် ထိတ်လန့်သွားသည်။
လင်းဖေးက သူ့ကိုကြည့်ကာမေးလာသည်။
"ရှုရှုက ကျွန်တော့်ကို သူနဲ့ အတူတူပြန်လိုက်သွားစေချင်တာလား"
လင်းလော့ချင်း: ! ! !
"ဘယ်လိုလုပ်အဲလိုဟုတ်မှာလဲ"
လင်းလော့ချင်းက သူ့မျက်နှာလေးကိုညစ်လိုက်သည်။
"နှလုံးသားမရှိတဲ့သားရဲကောင်လေး... ငါမင်းကို အရမ်းချစ်တယ်ဆိုတာ သိရဲ့သားနဲ့ ဒီလိုပြောနေတုန်းပဲ...မင်းက ငါ့ကို ဒေါသထွက်ပြီးသေစေချင်တာလား"
လင်းဖေးက ကလေးဆန်သော အပြုံးဖြင့် လင်းလော့ချင်း မျက်နှာကို ရှားရှားပါးပါး လက်ပြန်ညစ်လိုက်ကာဆိုသည်။
"ဒါဆို ရှုရှုက နှလုံးသားမရှိတဲ့သားရဲကောင်ကြီး...ကျွန်တော့်ကို လိုက်မသွားစေချင်ဘူးဆိုတာ အရှင်းကြီးကို ကျွန်တော့်ကို ဒီလိုမေးနေတုန်းပဲ"
လင်းလော့ချင်းက သူ့ကို ရင်ခွင်ထဲဆွဲသွင်း ပွေ့ဖက်ထားရင်းပြောလိုက်သည်။
"မမေးချင်ပေမဲ့ မမေးရင် မင်းကြီးလာတဲ့အခါ နောင်တရသွားမှာ ငါကြောက်တယ်... သူက မင်းနဲ့သွေးချင်းစပ်နေတဲ့ မင်းအဖေအရင်းလေ"
"ကျွန်တော်တို့ရောပဲလေ"
လင်းဖေးက သူ့ကို ခေါင်းမော့ကြည့်လိုက်သည်။
"ရှုရှုက ကျွန်တော့်ဦးလေး...တူဝရီးတွေကလည်း သွေးချင်းစပ်ကြတာပဲ"
(အတတ်လေးဟယ်)