အပိုင်း ၁၇၇
Viewers 35k

Chapter 177




"လင်းဖေးက ငါ့ရဲ့သားပဲ"

ချန်မင်၏လေသံက အလွန်သေချာနေသည်။


"မင်းအစ်မမသေခင် မင်းကိုအပ်ထားခဲ့တာ...ဒါပေမဲ့ မင်းကသူ့ကို လုံးဝ မကြိုက်ဘူး... ဒါကြောင့် မင်းကသူ့အပေါ်ကောင်းတောင်မကောင်းမဲ့အတူတူ ငါသူ့ကိုခေါ်သွားမယ်... ဘာပဲဖြစ်ဖြစ် သူက ငါ့သားပဲ...သူ့ဦးလေးနဲ့နေရတာထက် ငါနဲ့ နေရတာ ပိုကောင်းတယ် မဟုတ်ဘူးလား"


လင်းလော့ချင်း ချန်မင်ကသူ့ကို လင်းဖေးကိုကောင်းကောင်းမဆက်ဆံဟုစွပ်စွဲသည်ကိုကြားသောအခါ ဆတ်ဆတ်ထိမခံဖြစ်ပြီး မေးလိုက်လေသည်။


"ငါ သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံတယ်လို့ ဘယ်သူကပြောလဲ"


ဒါကို သူဘယ်လိုလုပ် သိတာလဲ...သူကဖြင့်တစ်ခုမှတောင်မမြင်ရဘဲနဲ့...


"မင်း ဒါကို သိဖို့ မလိုဘူး...မင်း သူ့ကို မကြိုက်မှတော့ ငါ သူ့ကို ခေါ်သွားလိုက်ရင် မင်းအတွက် ကောင်းမှာ မဟုတ်ဘူးလား"


လင်းလော့ချင်းက နှာမှုတ်လိုက်သည်။ "မင်းကို တစ်ယောက်ယောက်က တကယ်ပြောထားပုံရတယ်...ငါ့ကိုပြော... ဘယ်သူက လာခိုင်းတာလဲ"


"ငါပြောပြီးသား... မင်းသိရမဲ့အရာမဟုတ်ဘူးလို့...လင်းလော့ချင်း မင်းက ကြယ်ပွင့်တစ်ယောက်နော်... မင်းသေချာပေါက် ခေါင်းကြီးပိုင်းသတင်းထဲမပါချင်ဘူးမလား... ဒါကြောင့် လင်းဖေးကို ငါ့ဆီကိုပေးလိုက်ပါ...ဒါက မင်းအတွက်ရော ငါ့အတွက်ရော လင်းဖေးအတွက်ရော ကောင်းတယ်... ငါသာ မင်းဆိုရင် ငါချက်ချင်း သဘောတူလိုက်မှာ"


"မင်းငါ့ကိုပြောချင်တာ ဒါအကုန်ပဲလား" 

လင်းလော့ချင်းက သူ့ကိုမေးလိုက်သည်။


"ဘာကျန်သေးလို့လဲ" 

ချန်မင် သူ လင်းလော့ချင်းကို မျက်နှာသာအများကြီးပေးထားပြီးပြီဟု ခံစားရသည်။


"မင်း ငါ့သားကို နှိပ်စက်တာကို မင်းဖေးဖေးကို ငါ့ဆီပြန်ပေးဖို့ ဆန္ဒရှိနေသရွေ့ ငါ လျှော်ပေးလိုက်မယ်...ငါမင်းကိုမျက်နှာသာအများကြီးပေးပြီးပြီးလို့ထင်တယ်နော်"


လင်းလော့ချင်း သူ့စကားတွေကို နားထောင်ပြီး သူ့ဘာသူတွေးလိုက်သည်။ တစ်ဖက်လူက မူလပိုင်ရှင် လင်းဖေးအပေါ် လုပ်ခဲ့သည့် မကောင်းမှုတွေနှင့် ပတ်သက်ပြီး ယနေ့ သူနှင့် ငြင်းခုံရန် နှောင့်ယှက်နေမည်ဆိုပါက ဤအဖေက အမှန်တကယ်ဖခင်ကောင်းတစ်ယောက်ဖြစ်နိုင်သည်ဟု သူထင်မိဦးမှာဖြစ်၏။ယခု တစ်ဖက်လူက သူထိုကိစ္စကိုလျှော်ပေးပြီးလင်းဖေးကိုသာလိုချင်သည်ဟု ဆို၏။လင်းဖေးကို တကယ်ဂရုစိုက်၍လိုချင်နေပုံမပေါ်ပေ။


"ခန့်မှန်းကြည့်ရအောင်...မင်းကို ပြောခဲ့တဲ့သူက ချန်ဖုန်းဟုတ်တယ်မလား" 

သူ မေးလိုက်သည်။


မူလပိုင်ရှင်က လင်းဖေးကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သည်ကို သိနိုင်သည့် တစ်ဦးတည်းသော သူက မူလပိုင်ရှင်နှင့် အဆက်အသွယ် ရှိသူဖြစ်၏။ထိုအထဲမှာ ဖြစ်နိုင်ခြေ အရှိဆုံး ပုဂ္ဂိုလ်က ချန်ဖုန်း ဖြစ်လေသည်။


"ဒီအကြောင်းတွေ ပြောမနေနဲ့... မင်း ဖေးဖေးကို ပေးဖို့ ဆန္ဒရှိ မရှိသာ ငါ့ကိုပြော"


လင်းလော့ချင်းက ရယ်လိုက်ပြီး ခပ်တိုးတိုးလေးပြောလိုက်သည်။

"လင်းဖေးအကြောင်းကို သူ့ဆီကနေ မင်းသိသွားပြီး လင်းဖေးကို ငါဆီကနေတောင်းဖို့ မစောင့်နိုင်တော့ဘူး...မင်းဘာလို့ သူ့ကိုလိုချင်တာလဲ...ချစ်ခြင်းမေတ္တာ အတွက်လား...ကလေးအတွက်လား... မင်းကိုယ်တိုင်အတွက်လား... ချန်မင်... ငါ့အစ်မက လင်းဖေးရဲ့အဖေ ဆုံးသွားပြီလို့ ပြောခဲ့ပြီးသား... ငါ့အစ်မဘာလို့ဒီလိုစကားတွေပြောခဲ့လဲဆိုတာ မင်းငါ့ကိုအရင်ရှင်းပြသင့်တယ်မဟုတ်ဘူးလား...မင်းသူ့ကိုဘာလုပ်ခဲ့တာလဲ...သူဘာလို့ လင်းဖေးကို မင်းနောက်ကွယ်မှာတိတ်တိတ်လေးမွေးခဲ့တာလဲ... ဘာလို့မင်းနဲ့ လမ်းခွဲခဲ့တာလဲ... မင်းသေသွားပြီလို့ ဘာလို့ပြောခဲ့တာလဲ ...မင်းကဘာမှမပြောနိုင်ဘဲ ငါ့ဆီကနေလင်းဖေးကိုတောင်းချင်နေတာ...ဒါက ရယ်စရာလို့မထင်ဘူးလား"


ချန်မင် လင်းလော့ချင်းက သူ နှင့်လင်းလော့ရှီး၏ အတိတ်အကြောင်းပြောသည်ကို ကြားသောအခါတွင် အပြစ်ရှိသလိုခံစားရပြီး စိတ်တိုလာသည်။


ထိုစဥ်တုန်းက လင်းလော့ရှီး ကိုယ်ဝန်ရှိမှန်း သူတကယ်သိပေမဲ့ ဂရုမစိုက်ခဲ့ပေ။သူ လင်းလော့ရှီးကို ဖျက်ပဲဖျက်ချခိုင်းခဲ့သည်။နောက်ပိုင်းမှာ လင်းလော့ရှီးနှင့်ပြန်တွေ့သောအခါ သူမက မျက်တွင်းဟောက်ပက်နှင့်နွမ်းလျနေကာ ကိုယ်ဝန်ဖျက်ချပြီးပြီဟု ပြောခဲ့သည်။ သူ သူမကို ယုံခဲ့သည်။မည်သို့ပင်ဖြစ်စေ ထိုစဥ်က သူမပုံစံကသိပ်နေကောင်းပုံမရဘဲ ကိုယ်ဝန်ပျက်ကျပြီးခါစသူနှင့်တူသည်။


သူမ ကိုယ်ဝန်ကိုဖျက်မချဘဲ သူ့ကို မပြောဘဲ လင်းဖေးကို လျှို့ဝှက်စွာ မွေးဖွားခဲ့လိမ့်မည်ဟု မည်သူကထင်မည်နည်း။


နှစ်တွေကြာပြီးနောက် သူ ကလေးလိုချင်လာသည်၊ပြီးနောက် ဟိုးအရင်ကတည်းက ဖျက်ချခံရသင့်သည့် ကလေးတစ်ယောက်ဖြစ်သော လင်းဖေးနှင့် အဆုံးသတ်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။


"ဒါကို မင်းက ဘာလို့ ဂရုစိုက်နေတာလဲ... အချစ်ဆိုတာ လူနှစ်ယောက်ကြားက ကိစ္စတစ်ခုပဲ...မင်းအစ်မနဲ့ ငါကြားမှာ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ မင်းအစ်မနဲ့ ငါကြားကကိစ္စပဲ... လင်းဖေးဆိုတာ ငါနဲ့ မင်းအစ်မရဲ့ သားဆိုတဲ့အချက်ကို မပြောင်းလဲနိုင်ဘူး...အခု သူ့အမေက သေသွားပြီဆိုဆော့ ငါက သူ့ရဲ့ အရင်းနှီးဆုံး တစ်ဦးတည်းသော တိုက်ရိုက် ဆွေမျိုးပဲ...တရားရင်ဆိုင်ရင်တောင် ငါကအသာရမှာ... နားလည်လား"


လင်းလော့ချင်း နားလည်သွား၏။ 

"မင်းတစ်ခုခုလုပ်ခဲ့ပြီး ငါ့အစ်မအပေါ် မတရားပြုခဲ့ပုံရတယ်(အမှားလုပ်)...အဲဒါဆိုလည်းစိတ်မကောင်းပါဘူး...ငါ့အစ်မက လင်းဖေးရဲ့အဖေကသေပြီလို့ပြောမှတော့ မင်းက ဘယ်သူပဲဖြစ်နေနေ မင်းလည်းမသေဘူးဆိုရင် တခြားတစ်ယောက်ရဲ့အဖေလို ဟန်ဆောင်မနေပါနဲ့ နားလည်လား"


ထိုစကားကိုပြောပြီးနောက် လင်းလော့ချင်း ဖုန်းကိုချလိုက်သည်။


ယခင်က လင်းလော့ချင်း လင်းဖေး၏အဖေအရင်းကို စိတ်မဝင်စားခဲ့ပေ။ထိုနှစ်တွင် ဖြစ်ပျက်ခဲ့သမျှနှင့် လင်းလော့ရှီး လက်မထပ်ဘဲ လင်းဖေးကို သူမတစ်ဦးတည်း မွေးဖွားခဲ့ရသည့်အကြောင်းအရင်းကို သူတိတိပပမသိခဲ့ပေ။ယခုမူ တစ်ဖက်လူက သူ့ရှေ့တွင်ရုတ်တရတ်ပေါ်လာပြီး ထိုကဲ့သို့သော သဘောထားမျိုးဖြင့် လင်းဖေးအား အပြင်းအထန် တိုက်ခိုက်ယူလိုနေပါက သူ့အနေဖြင့် အတိတ်ကို သဘာဝကျကျ နားလည်ရပေလိမ့်မည်။


လင်းလော့ချင်း လင်းလော့ရှီးကို စိတ်ထဲကနေ တောင်းပန်လိုက်၏။သူတို့၏ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဘယ်သူကမှ သူများတွေကို ဖတ်စေချင်မှာ မဟုတ်ပေမဲ့ သူ့အနေဖြင့် လင်းဖေးကို ပိုကောင်းအောင် ကာကွယ်ချင်လျှင် ဤအကြောင်းတွေကို နားလည်မှရပေမည်။


'လင်းဖေးကို ငါထားခဲ့မှာ မဟုတ်ဘူး... ငါမင်းရဲ့မောင်ဖြစ်လာမှတော့ မင်းအပ်ထားတဲ့အတိုင်း ငါသူ့ကို ကောင်းကောင်းပြုစုစောင့်ရှောက်မယ်... စိတ်မပူပါနဲ့'

လင်းလော့ရှီး နှလုံးသားထဲမှာ တိတ်တိတ်လေး ကတိပေးခဲ့သည်။


ည ၇ နာရီခန့်တွင် လင်းလော့ချင်း အိမ်ပြန်ရောက်လာသည်။


ညစာစားရန်အချိန်မီရုံလေးသူပြန်ရောက်ခဲ့သည်။ကျိလဲ့ယွီ နှင့် လင်းဖေးတို့သည် လေ့ကျင့်မှုပြီးသွားကာ ရေချိုးပြီးပြီဖြစ်ပ်ြီး ညအိပ်ဝတ်စုံများလဲကာ ထမင်းစားပွဲ၌ ထိုင်နေကြသည်။


သူပြန်လာသည်ကိုမြင်သောအခါ ကျိလဲ့ယွီက စိတ်လှုပ်ရှားစွာ "ပါးပါး"ဟု အော်လိုက်သည်။


လင်းလော့ချင်းက ချက်ချင်း အပြုံးတစ်ပွင့်ပြန်လည်ပန်ဆင်လိုက်၏။သူက လျှောက်လာကာ ကျိလဲ့ယွီကို ပွေ့ချီလိုက်ပြီး လင်းဖေးကို ဖက်လိုက်သည်။၎င်းနောက် သူက နှစ်ယောက်လုံးကို ပါးပေါ်မှာ နမ်းလိုက်သည်။


လော့ကျားက မပြန်သေးဘဲ သူတို့နှင့်အတူ ထမင်းစားခဲ့သည်။


ညစာစားပြီးနောက် လော့ကျား ထွက်သွားပြီး လင်းဖေးက ကျိလဲ့ယွီကို အိမ်စာလုပ်ရန် အိပ်ခန်းသို့ပြန်ဆွဲခေါ်သွားခဲ့သည်။


ကျိယွီရှောင်က လင်းလော့ချင်းကို သူ့စာကြည့်ခန်းထဲခေါ်ပြီး ချန်မင်အကြောင်း ပြောပြသည်။ 


"ဒါတွေ ငါတွေ့ခဲ့တဲ့အချက်အလက်တွေ ...ကြည့်ကြည့်"

ကျိယွီရှောင်က စားပွဲပေါ်ရှိ A4 စာရွက်ကို လင်းလော့ချင်းထံ ပေးလိုက်၏။


"မင်းက သူ့ကို သိပ်ဂရုမစိုက်လို့ သူ့အတိတ်ကို မသိချင်ပေမဲ့၊ ဒီကိစ္စက လင်းဖေးနဲ့သက်ဆိုင်နေတယ်... အရေးကြီးတယ်...ငါတို့ တတ်နိုင်သမျှသိထားတာ ပိုကောင်းမယ်ထင်တယ်"


လင်းလော့ချင်းက ရုတ်တရက် ရယ်မောလိုက်ပြီး သူတို့နှစ်ယောက်ကတကယ်ကိုစိတ်ချင်းဆက်နေသလို ခံစားရသည်။ 

"ရိုးရိုးသားသားပြောရရင် ဒီနေ့ အပြန်လမ်းမှာ ငါလည်း မင်းကို သူနဲ့ငါ့အစ်မကြားက ဖြစ်ခဲ့တာတွေကို ကူစစ်ဆေးခိုင်းချင်ခဲ့တာ"


"မင်းလည်းသိတာလား" 

ကျိယွီရှောင် အံ့သြသွားသော်လည်း သူက လျင်မြန်စွာ ခေါင်းညိတ်ကာဆို၏။

"ဒါပေါ့...ဖေးဖေးက သူ့ကို လျစ်လျူရှုထားတော့ ဖေးဖေးအကြောင်း ပြောဖို့ မင်းဆီ လာမှာပဲ"


"အင်း...သူသဘောထားက တော်တော်လေးခိုင်မာတယ်... သူက ဖေးဖေးရဲ့ အဖေအရင်း၊ တရားရင်ဆိုင်ရင်တောင်မှ သူ့ဘက်ကအသာလို့ပြောနေတယ်"


"သူက အိပ်မက်မက်နေတာ" 

ကျိယွီရှောင်က သရော်၏။ 

"သူက မင်းနဲ့ တရားရင်ဆိုင်ဖို့ သတ္တိရှိမှာတဲ့လား...ရှိရင်တောင် သူ့မှာ ဘာအကြောင်းပြချက်ရှိလဲ"


လင်းလော့ချင်း သူ့စကားတွေကို နားထောင်ပြီး ချန်မင်မှာ သူ့တွေးထားသည်ထက် ဇာတ်လမ်း အများကြီးရှိပုံရသည်ဟု တိတ်တဆိတ် တွေးလိုက်သည်။


"ဒါဆို ဒါ အရင်ကြည့်ရအောင်" 

သူ့လက်ထဲက A4 စာရွက်ကို ယမ်းလိုက်သည်။


ကျိယွီရှောင်က ခေါင်းညိတ်လိုက်ပြီးဆိုသည်။

"မင်းအစ်မနဲ့ သူ့ရဲ့အရင်က ဆက်ဆံရေးကို တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းလိုက်မယ်"


ဤကိစ္စက လင်းလော့ရှီးနှင့် သက်ဆိုင်နေသည်။ကျိယွီရှောင်က တစ်စုံတစ်ဦးကို စစ်ဆေးခိုင်းသည့်အခါ လင်းလော့ရှီးနှင့် သူမနှင့် ပတ်သတ်နေသောကိစ္စများကိုရှောင်လွှဲရန် တမင်တကာအမိန့်ပေးခဲ့သည်။မည်သို့ပင်ဖြစ်စေ သူမက လင်းလော့ချင်း၏အစ်မအရင်း လင်းဖေး၏ မိခင်ဖြစ်၏။သူ့အနေဖြင့် တစ်ဖက်လူ၏ကိုယ်ရေးကိုယ်တာကိစ္စများနှင့်အချစ်ရေးကို စူးစမ်းရန်မသင့်တော်ဟုခံစားရသည်။ယခု လင်းလော့ချင်းက လိုအပ်သည်ဟုခံစားရသည့်အတွက် နည်းနည်းလောက်ဖြစ်ဖြစ် သိရမှဖြစ်မည်။


ဤနည်းအားဖြင့်၊လင်းဖေး၏အဖေအရင်းက မည်သို့သောလူအမျိုးအစားဖြစ်ပြီး ယခုအချိန်တွင် သူ့မှာမည်ကဲ့သို့သော စိတ်နှလုံးမျိုးရှိကြောင်းကိုလည်း သူတို့ ကောင်းစွာနားလည်နိုင်မည်ပင်။


လင်းလော့ချင်း သူ့လက်ထဲရှိ ကျိယွီရှောင် ရှာတွေ့ခဲ့သည်များကို ကြည့်လိုက်သည်၊ ၎င်းကို ကြည့်လေလေ သူပို၍ အံ့သြလေလေ၊ ၎င်းကို ကြည့်လေလေ၊ ပို၍ ဆွံ့အလာလေလေဖြစ်သည်။ သူ ချန်မင်က ဘာကြောင့် အခုအချိန်မှ ခုန်ထွက်လာပြီး လင်းဖေးကို သူနှင့်ပြိုင်လုနေရသလဲ သိချင်နေခဲ့သည်။လက်စသတ်သည့်အခါ ယခုလိုဖြစ်နေသည်ပင်။


ကျိယွီရှောင်၏လက်ထောက်က လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ရလဒ်များကိူများမကြာမီသူ့ကိုပေးလာသည်။လင်းလော့ရှီး၏အချစ်ရေးအကြောင်းကို သူ ဟိုးအရင်ကတည်းက သိခဲ့ဖွယ်ရှိသော်လည်း ကျိယွီရှောင်က ၎င်းကို ရှောင်ရန်အမိန့်ပေးထားသောကြောင့် သူ့ထံသို့ မပို့ခဲ့ပုံရသည်။ ယခု ကျိယွီရှောင်က သိချင်နေသဖြင် ခဏအကြာတွင်၊ရိုးရိုးရှင်းရှင်း ခွဲထုတ်စုစည်းပြီး ပို့လိုက်သည်။


လင်းလော့ချင်းလည်း မတ်တတ်ထရပ်ကာ ကုန်းပြီး ကျိယွီရှောင် နှင့် အတူတူကြည့်လိုက်သည်။


တကယ်တမ်းတွင် ဤသည်က သိပ်ရှုပ်ထွေးသော ကိစ္စမဟုတ်ပါချေ။


လင်းလော့ရှီး ငယ်စဉ်က အငယ်တန်းကောလိပ်တွင် ချန်မင် နှင့် ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့သည်။သူမ စီနီယာနှစ်မှ ဘွဲ့ရပြီးနောက် ချန်မင်ကို လက်ထပ်ရန် စီစဉ်ခဲ့သည်။


သူမအမေက ထိုအချိန်တွင် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားပြီး သူမအဖေက သူမကို ကန်ထုတ်လိုက်သည်။ သူမမှာ "လင်းလော့ချင်း" လိုမျိုး ဆွေမျိုးတစ်ယောက်ပဲရှိသည်။ "လင်းလော့ချင်း" က နေ့တိုင်း သူငယ်ချင်းတွေနှင့် ဆော့ကစားနေလျှင်နေ၊မဟုတ်လျှင်လည်း လင်းအိမ်ကိုသွားပြီး အဖေလင်းကို သူ့ကို ပြန်ခေါ်ရန် ငိုယိုတောင်းပန်တတ်သည်။လင်းလော့ရှီးက အထီးကျန်သလို ခံစားရသည့်အတွက် စောစောလက်ထပ်ပြီး မိသားစုတစ်ခုကို ထူထောင်ချင်ခဲ့သည်၊ ကိုယ့်အိုးကိုယ့်အိမ်နှင့် မိသားစုကို ပြန်ရချင်ခဲ့သည်။


ထို့ကြောင့် ချန်မင် နှင့် တွေ့ဆုံရန် "လင်းလော့ချင်း" ကို ခိုင်းခဲ့ပြီး မောင်ဖြစ်သူအား သူမ၏ ချစ်သူနှင့် မိတ်ဆက်ပေးခဲ့သည်။သို့သော် ချန်မင်က သူမအား လက်ထပ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။


ချန်မင်၏ မိသားစုသည် ပိုင်ဆိုင်မှုအနည်းငယ်သာရှိသည်ဟု ယူဆရသည်။သူတို့မိသားစုက လျှပ်စစ်ပစ္စည်းလုပ်ငန်းကို လုပ်ကိုင်နေသည်။သူ့မိဘများက သူ့အတွက် လက်ထပ်ထိမ်းမြားရန် စီစဉ်ပေးထားပြီးဖြစ်ကာ သူတို့မိသားစုကိုပိုမိုမြင့်မားသောအဆင့်သို့တက်လှမ်းနိုင်ရေးအတွက် အထောက်အကူဖြစ်ရန် မိသားစုနှစ်စုကြား အိမ်ထောင်ရေးကို စောင့်မျှော်နေကြသည်။


ချန်မင်က လင်းလော့ရှီးကို နှစ်သက်သော်လည်း သူ့မိဘများစကားကို နားမထောင်ဘဲမနေဝံ့သောကြောင့် လင်းလော့ရှီး နှင့် ချိုမြိန်သောဆက်ဆံရေးရှိနေစဥ်မှာပဲ သူနှင့်စေ့စပ်ထားသူနှင့် ချိန်းတွေ့ခဲ့သည်။


ယင်းက လင်းလော့ရှီး ကိုယ်ဝန်မရခင်အထိဖြစ်၏။သူမ အံ့သြဝမ်းသာမှုရော ကြောက်ရွံ့မှုပါဖြစ်ခဲ့သည်။သူမက ငယ်ငယ်ရွယ်ရွယ်နှင့် ရုတ်တရက် ကလေးရလာသည်။တစ်ဖက်မှာ ဤသည်က သူမကိုယ်တိုင်နှင့် သူမချစ်သူ၏ ရင်သွေးဖြစ်သောကြောင့် ပျော်ရွှင်မိပေမဲ့ တစ်ဖက်မှာလည်း သူမနှင်ချန်မင်က လက်မထပ်ရသေးပေ။ 

ဤကလေးရောက်လာသည်က ရုတ်တရက်ဆန်လွန်းပြီး သူမအဆင်သင့်မဖြစ်သေးပါချေ။


လင်းလော့ရှီး ကလေးကိုမဖျက်ချချင်သောကြောင့် ချန်မင်နှင့် အမြန်ဆုံးလက်ထပ်ရန် ဆွေးနွေးခဲ့၏။ 


သို့ပေမဲ့ ချန်မင်က မည်သို့ သတ္တိရှိပါမည်နည်း။သူက ကလေးကို ချက်ချင်းဖျက်ချခိုင်းခဲ့သည်။


သို့ပေမဲ့ လင်းလော့ရှီးက မလိုလားသောကြောင့် ချန်မင်က သူမကို လှည့်စားရန် အကြောင်းပြချက် အတုအယောင်တွေကို အသုံးပြုခဲ့သည်။ဤအချိန်မှာ သူ့မိဘတွေက ဤအကြောင်းသိသွားလျှင် သူမကို မိမိကိုယ်ကိုမည်သို့စောင့်ရှောက်ရမှန်းမသိသော ပေါ့ပျက်ပျက် မိန်းကလေးတစ်ယောက်ဟုပင် ထင်ကြလိမ့်မည်ပြောခဲ့သည်။မိဘတွေက သူတို့အိမ်ထောင်ရေးကို သဘောမတူလျှင် သူတို့ဆက်ဆံရေးက အဆင်ပြေမှာမဟုတ်ဟုဆို၏။


လင်းလော့ရှီးက သူပြောသောစကားကြောင့် ထိတ်လန့်သွားပြီး ကလေးကို အရင်ဖျက်ချရန် သဘောတူလိုက်သည်။


သို့ပေမဲ့ ကလေးမဖျက်ချခင်မှာ ချန်မင် တခြားမိန်းကလေးတစ်ယောက်နှင့် တရင်းတနှီးဆက်ဆံနေသည်ကို သူမတွေ့ခဲ့ရ၏။


လင်းလော့ရှီးက ချန်မင်ကို မေးခွန်းထုတ်ရန်အတွက် ဓာတ်ပုံရိုက်ယူခဲ့သည်။ ခိုင်လုံသောအထောက်အထားကိုတွေ့သောအခါချန်မင် ငြင်းခုံခြင်းမပြုနိုင်တော့ဘဲ သူ့မိဘများက သူတို့ကို ဘယ်တော့မှလက်ထပ်ခွင့်ပြုမှာမဟုတ်ကြောင်း အမှန်အတိုင်းပြောခဲ့သည်။ထိုမိန်းကလေးက သူနှင့်စေ့စပ်ထားသူဖြစ်ပြီး သူက လင်းလော့ရှီးနှင့် ခွဲခွာရန် တွန့်ဆုတ်နေခဲ့သည်။ထို့ကြောင့် လင်းလော့ရှီးဆီမှ အရာအားလုံးကို ဖုံးကွယ်ထားခဲ့သည်။


လင်းလော့ရှီး သူမ၏ ချစ်သူကို မယုံနိုင်စွာ ကြည့်နေခဲ့ပြီး အချိန်အနည်းငယ်ကြာပြီးမှ သူမ အသံထွက်နိုင်ခဲ့သည်။သူမ သူ့ကို နှုတ်ဆက်စကား ပြောပြီးလမ်းခွဲခဲ့သည်။


ချန်မင်က သူမကို သူနှင့်အတူဆက်ရှိနေစေချင်သေးပေမဲ့ သူမတတ်နိုင်ခဲ့ပေ။ သူမကို ဖုန်းခေါ်ပြီး ကိုယ်ဝန်ဖျက်ချရန် စည်းရုံးရန်သာ တတ်နိုင်ခဲ့သည်။ ကလေးမွေးခဲ့လျှင်ပင် သူက သူမကို တာဝန်ယူမှာမဟုတ်သလို သူတို့၏ ချန်မိသားစုထဲကို ဝင်ခွင့်ပြုမှာမဟုတ်ကြောင်းသူပြောခဲ့သည်။


လင်းလော့ရှီး သူပြောသည်ကိုကြားပြီးနောက် အသည်းကွဲသွားခဲ့သည်။သူမ ရင်နာသလိုစိတ်လည်းနာသည်။သူမက အံကြိတ်ကာ သူ့ကိုပြောခဲ့သည်။

"စိတ်မပူပါနဲ... အခုချက်ချင်း ကလေးဖျက်ချမှာပါ... ငါ့ကလေးရောငါ့ကိုရော နင်တာဝန်ယူစရာမလိုဘူး"


ထို့နောက် ဆေးရုံကို တက္ကစီစီးသွားပြီး စိတ်ပျက်လက်ပျက်နှင့် စာရင်းသွင်းခဲ့သည်။သို့ရာတွင် ဆရာဝန် နံပါတ်ကိုခေါ်မည်ကို ခုံတန်းလျားမှာ ထိုင်ပြီး စောင့်နေစဥ်မှာ လင်းလော့ရှီး စိတ်ပျော့သွား၏။ချီတုံချတီု့ဖြင့် သူမဗိုက်ကိုပွတ်လိုက်မိသည်။


သူမမှာ အထီးကျန်ဆန်လွန်းလှသည်။ သူမတွင် အမေကမရှိ၊ သူမအဖေက သူမကို ထိုကဲ့သို့ ဆက်ဆံသည်၊ သူမချစ်သော ချစ်သူက သူမကို လိမ်ညာလှည့်ဖြားခဲ့ကာ သူ့မောင်က ငယ်ရွယ်ပြီး မသိတတ်ပေ။သူမသူငယ်ချင်းများကလည်း သူတို့ကိုယ်ပိုင်ဘဝဖြင့်သူတို့ရှိကြသည်။သူမ သူမနှင့်အတူရှိနေပေးမည့်တစ်စုံတစ်ဦးကိုလိုချင်မိသည်။သူမ၏ မိသားစုအဖြစ်တွေး၍ရသောတစ်စုံတစ်ဦးကို သူမလိုချင်သည်


နောက်ဆုံးမှာ သူမမှာ ရက်စက်ရက်သည့် နှလုံးသားမရှိတော့ပေ။


သူမ ချန်မင်ကို ကလေးဖျက်ချပြီးပြီဟု လိမ်လည်ပြီး လင်းဖေးကို သူမဘာသာသူမ ခိုးမွေးခဲ့သည်။