အပိုင်း ၁၇၆
Viewers 34k

Chapter 176




နောက်တစ်နေ့မနက်အစောပိုင်းတွင် လင်းလော့ချင်းက ဇာတ်ရုပ်သစ်အတွက် Auditionဖြေရန်လေဆိပ်သို့ ထွက်သွားလေသည်။


လင်းဖေးနှင့်ကျိလဲ့ယွီက လင်းလော့ချင်းအလုပ်များနေကြောင်း သိသည့်အတွက် လော့ကျားနှင့် နာခံစွာ ကျောင်းသွားလိုက်ကြသည်။


ကျိလဲ့ယွီက လော့ကျားကို ကြည့်ကာ မေးလိုက်သည်။


"ဦးလေးက သားတို့ကို ကိုယ်ခံပညာသင်ပေးမှာဆို..."


"အဲ့လိုပြောလို့ရတယ်..."


လော့ကျားက ကူရာမဲ့စွာ ပြောလိုက်သည်။


သူက စစ်သားဟောင်းလေ...စစ်သားတွေကိုပဲ လေ့ကျင့်ပေးတတ်တာ...အခုတော့ ကလေးတွေကိုကိုယ်ခံပညာသင်ပေးရမယ်တဲ့...ကျစ်...ဒါပေမဲ့လည်း ငွေရဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ဘူး...


ထို့ကြောင့် သူက ကျိလဲ့ယွီ၏မျက်နှာလေးကို ညှစ်လိုက်ပြီး ပြောလိုက်သည်။


"ကြိုးစားသင်...အဲ့လိုဆို ဦးလေးက သားကို ငိုသွားအောင် လုပ်မှာ မဟုတ်ဘူး..."


ကျိလဲ့ယွီ :"..."


ဦးလေးလော့ကျားက တကယ်ယုံကြည်ချက်ရှိတာပဲ...


ထိုအကြောင်းကို သူက တစ်နေ့လုံးထိုင်တွေးနေပြီး ကျောင်းဆင်းပြီးနောက် သင်ယူရန်မစောင့်နိုင်တော့သည့်အတွက် လင်းဖေးကို ဆွဲခေါ်ကာ ကားထံ ပြေးသွားလေသည်။


သို့သော် ရလဒ်အနေနှင့် ကျောင်းဂိတ်ပေါက်၀တွင် တစ်စုံတစ်ယောက်က သူတို့ကို တားလာ၏။


ထိုလူက သူ့ကို မကြည့်ခဲ့ပေ။ ထိုလူ၏မျက်လုံးများက လင်းဖေးကိုသာ စိုက်ကြည့်နေခဲ့သည်။


"ဖေးဖေး...သားက လင်းဖေးဟုတ်တယ်မလား..."


သူက လင်းဖေးကို စိုက်ကြည့်ကာ အလွန်စိတ်လှုပ်ရှားနေလေသည်။


"ဖေးဖေး သား အဖေ့ကို သိလား...အဖေက သားအဖေပါ..."



ကျိလဲ့ယွီ: ? ? ? ! ! !


ကျိလဲ့ယွီ ထိတ်လန့်အံ့အားသင့်စွာ ခေါင်းမော့ကြည့်လိုက်သည်။သူ့ရှေ့တွင် သူမသိသော ဦးလေးတစ်ဦးကို တွေ့လိုက်ရသည်။


လင်းဖေးကို သူအမြန်ကြည့်လိုက်သည်။လင်းဖေး၏မျက်နှာမှာ ဘာအမူအရာမှမရှိပေ။ သူ၏ချောမောသောမျက်နှာလေးသည် ခါတိုင်းကဲ့သို့ အေးစက်နေပြီး ထိုသို့သော ထိတ်လန့်ဖွယ်စကားများကိုကြားလိုက်ရသည့်တိုင် သူ့အမူအရာမှာ လုံးဝပြောင်းလဲမသွားပေ။သူက မျက်လုံးပင်လှန်မကြည့်ဘဲ ကျိလဲ့ယွီကို ဆွဲခေါ်သွားသည်။


၎င်းကိုမြင်သောအခါ ချန်မင်က အလျင်အမြန်လျှောက်လာပြီး သူတို့ကိုတား၏။


"ဖေးဖေး... ငါက မင်းအဖေပါ...မင်းအမေနာမည်က လင်းလော့ရှီးဟုတ်တယ်မလား"


လင်းဖေးက ကျိလဲ့ယွီကိုဆွဲကာ တစ်ဖက်သို့ရှောင်၍ လျှောက်သွားပြန်သည်။


ချန်မင် သူ့ကို ထပ်တားရန်ကလွဲပြီး ရွေးချယ်စရာမရှိပေ။


နောက်ဆုံးတွင် လင်းဖေးက စိတ်မပါလက်မပါဖြင့် မျက်လွှာပင့်လိုက်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"လမ်းပိတ်နေတယ်"


ချန်မင် စကားပြောခါနီးတွင် လော့ကျားက ရောက်လာသည်။


လင်းဖေးနှင့် ကျိလဲ့ယွီတို့ကို တစ်စုံတစ်ယောက်က လမ်းပိတ်ထားသည်ကို ကားထဲမှ သူလှမ်းမြင်လိုက်ရသည်။ထို့ကြောင့် သူ ချက်ချင်း တစ်ခုခုမှားနေသည်ကို ခံစားမိပြီး ကားပေါ်မှ အမြန်ဆင်းကာ လျှောက်လာခဲ့သည်။


လော့ကျားက လက်ဆန့်ပြီး ချန်မင်ကို ဘေးသို့ တွန်းလိုက်သည်။ သူက အောက်သို့ငုံ့ကာ ကလေးနှစ်ယောက်ကို တစ်ဖက်စီကောက်ပွေ့လိုက်သည်။ထို့နောက် ခြေလှမ်းကျဲကျဲ လှမ်းပြီး ကားဆီသို့ လျှောက်သွားလေသည်။


ချန်မင် အငိုက်မိသွားပြီး တွန်းထုတ်ခံလိုက်ရသည်။သူခဏလောက် ကြောင်သွားသည်။တစ်ဖက်လူဘာလုပ်နေလဲ သူသိလိုက်သည်နှင့် ချက်ချင်း နောက်မှ လိုက်သွားခဲ့သည်။ 


လော့ကျားက ကလေးနှစ်ယောက်ကို ကားထဲသို့ထည့်ကာ တံခါးကိုပိတ်လိုက်ချိန်မှာ ချန်မင် သူတို့နောက်မှ လိုက်လာသည်ကို တွေ့လိုက်ရသည်။


"ငါက လင်းဖေးရဲ့အဖေ ချန်မင်ပါ... မင်းက လင်းလော့ချင်း ငှားထားတဲ့ ဒရိုင်ဘာပဲ ဖြစ်ရမယ်....ငါ ဒီနေ့ လင်းဖေးကို ပြောစရာရှိလို့လာတာ...ငါတို့နှစ်ယောက်ကို ထိုင်ပြီး သီးသန့်စကားပြောခွင့်ပေးဖို့ မျှော်လင့်တယ်"


နှစ်ယောက်တည်းထိုင်ပြီး သီးသန့်စကားပြောချင်သေးတာလား...အိပ်မက်ထဲမှာပဲရမယ်...


လော့ကျားက သူ့ကို လျစ်လျူရှုလိုက်သည်။


သူမယုံသည်ကိုမြင်သောအခါ ချန်မင်က သူ့လုပ်ငန်းကတ်ကို ပေးလိုက်သည်။


လော့ကျား ၎င်းကို ယူပြီး တစ်ချက်ကြည့်လိုက်ရာ ဤသူက လျှပ်စစ်ပစ္စည်း ကုမ္ပဏီတချို့၏ အထွေထွေမန်နေဂျာပင် ဖြစ်နေသည်။


"ကျွန်တော် လျှပ်စစ်ပစ္စည်းဝယ်ဖို့စိတ်မဝင်စားဘူး" 

သူက ကတ်ပြားကို သူ့အိတ်ကပ်ထဲထိုးထည့်ကာ ချန်မင်ကို တွန်းထုတ်ပြီး ယာဉ်မောင်းထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။


ချန်မင်က အကူအညီမဲ့သလိုခံစားရပြီး သူ့နောက်ကို လိုက်ပြီးပြော၏။

"ငါက လျှပ်စစ်ပစ္စည်းရောင်းဖို့ရောက်နေတာမဟုတ်ဘူး... ငါ့သားနဲ့ စကားပြောချင်လို့" 


လော့ကျားက ကားထဲသို့ဝင်ကာ တံခါးကိုလော့ချပြီး ကားကိုစက်နှိူးလိုက်သည်။


ချန်မင် တစ်ဖက်လူက နှုတ်ဆက်စကားပင် မပြောဘဲ ထွက်သွားသည်ကိုမြင်သောအခါ ဒေါသထွက်လွန်း၍ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ "ဘာကောင်လဲဟ"


လင်းလောချင်း ခန့်ထားသောဒရိုင်ဘာပီသပါပေသည်။လင်းလော့ချင်းကဲ့သို့ပင် စိတ်မချရပေ။


လင်းလော့ချင်း၏နောက်သို့လိုက်ကာ ညှင်းပန်းနှိပ်စက်ခြင်းခံရသည့် သူ့သားလေးအကြောင်း တွေးမိလိုက်သောအခါတိုင်း လင်းလော့ချင်းက ဘာသောက်သုံးမှမကျဟု ခံစားရသည်။ထိုသောက်ကောင်က လင်းဖေးက သူ့သားမဟုတ်တိုင်း မည်သို့ စိတ်မကောင်းဖြစ်ရမည်ကိုမသိပေ။


ပြီးတော့ လင်းလော့ရှီးရောပဲ... သူ့မောင်က ဘယ်လိုခွေးမျိုးလဲ မသိဘူးလား... တကယ်ကြီး သူ့ကလေးကို သူ့မောင်ဆီ အပ်ထားခဲ့ရဲတယ်ပေါ့...ဘယ်လိုအမေမျိုးလဲ...


မောင်နှမ နှစ်ယောက်စလုံး စိတ်မချရဘူး...


အရေးဟဲ့အကြောင်းဟဲ့ဆို လင်းဖေးက အဖေဖြစ်တဲ့သူ့ကိုပဲ အားကိုးရမှာ....


သြော် သနားစရာ ငါ့သားလေး...အများကြီးခံစားခဲ့ရရှာတယ်...


မူလက လင်းဖေးကို တိုက်ရိုက်လာကြည့်၊လင်းဖေးနှင့် စကားပြော၊ ထို့နောက်မှ လင်းလော့ချင်းဆီကို သွား၊ လင်းလော့ရှီး၏ အမွေ နှင့် လင်းဖေး၏အုပ်ထိန်းခွင့် တို့ကို ပြန်လည် ရယူလိုခဲ့သော်လည်း ယခုအခါ လင်းလော့ချင်း၏ဒရိုင်ဘာက ကာစီးကာစီးလုပ်နေသဖြင့် သူ လင်းဖေးနှင့် ထိုအကြောင်းကို မပြောနိုင်တော့ပေ။သို့ဆိုလျှင် လင်းလော့ချင်းကို ဦးစွာ ဆက်သွယ်ရုံရှိတော့သည်။


သူက သူ့ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး လင်းလော့ရှီးယခင်ကသူ့ကိုပေးထားသည့်လင်းလော့ချင်း၏ ဖုန်းနံပါတ်ကိုရှာ၍ ဖုန်းခေါ်လိုက်သည်။


ရလဒ်အနေဖြင့် အမျိုးသမီးစက်သံတစ်ခု ဖုန်းမှ ထွက်လာသည်။

"ဝမ်းနည်းပါတယ်...လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်...ကျေးဇူးပြုးပြီး နောက်မှ ပြန်လည်ခေါ်ဆိုပါရှင်...ဝမ်းနည်းပါတယ်..."


ချန်မင်: ......


ချန်မင် WeChat ကိုဖွင့်ပြီး ဤနံပါတ်ကိုအသုံးပြုကာ သူငယ်ချင်းအဖြစ်ထည့်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။


ကျိလဲ့ယွီက ဂနာမငြိမ်ဘဲ ကားထဲမှာ ထိုင်နေသည်။


သူက လင်းဖေးကို ခဏခဏ ကြည့်နေပြီး နောက်ဆုံးမှာ သည်းမခံနိုင်တော့ဘဲ

အသံတိုးတိုးနှင့် မေးလိုက်၏။  


"အဲဒါ ကိုကို့အဖေလား"


လင်းဖေး၏ အသံက တည်ငြိမ်၍နေသည်။

"ငါ့အဖေက သေပြီ"


"ဒါပေမဲ့ သူက ကိုကို့အဖေလို့ ပြောတယ်လေ... ကိုကို့နာမည်က လင်းဖေးဆိုတာနဲ့ ကိုကို့အမေနာမည်က လင်းလော့ရှီး ဆိုတာလည်း သိတယ်"


လင်းဖေး၏ မျက်လုံးများသည် ရွံရှာမှု အပြည့်နှင့်ရှိနေသည်။

"အဲဒါ မင်းကို လိမ်နေတာ...လူကုန်ကူးသမားတွေက ကလေးတွေကို လှည့်ဖြားတဲ့အခါ မိဘကို အကြောင်းပြချက်အဖြစ် အမြဲသုံးနေလိမ့်မယ်"


"တကယ်လား" 

ကျိလဲ့ယွီ သံသယဝင်သွားသည်။


လင်းဖေး အကူအညီမဲ့နေသည်။ "သတင်းများများ ကြည့်... ကာတွန်းတွေလျှော့ကြည့်"


ကျိလဲ့ယွီ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်၏။သူ့အဖေအစစ်မဟုတ်လျှင် ကောင်းပေလိမ့်မည်။ထိုသူက လင်းဖေး၏အဖေအစစ်မဟုတ်ပါက လင်းဖေးအတွက် သူနှင့်ပြိုင်မှာမဟုတ်ပေ။လင်းဖေးက သူ့အပိုင်ပဲဆက်ဖြစ်နေလိမ့်ဦးမည်။


သူက လင်းဖေးကို ဖက်လိုက်ပြီး ပုခုံးပေါ် မှီလိုက်သည်။


"ကိုကို....ကိုကို့ကို သားတို့မိသားစုကပိုင်တာနော်" 

သူ့လေသံက နူးညံ့ပျော့ပျောင်း၍နေသည်။

"ကိုကို သူများနဲ့လိုက်မသွားရဘူး"


လင်းဖေး: ......


လင်းဖေး ဤကလေးက အလွန်အမင်း တွေးတောနေပုံရသည်ဟုခံစားရသည်။


ကားမောင်းနေရင်း လော့ကျားက သူတို့နှစ်ယောက်၏ လှုပ်ရှားမှုတွေကို အာရုံစိုက်နေခဲ့သည်။နောက်ကြည့်မှန်ကနေ လင်းဖေး၏ မျက်နှာအနှံ့ သူအကြည့်တွေပြေးလွှားပြီးနောက် လင်းဖေး၏ အဖေဟု ယူဆရသည့် အမျိုးသားကို တွေးလိုက်မိသည်။


တကယ်တမ်းတွင် သေချာကြည့်ပါက လင်းဖေး၏မျက်နှာပေါက်က ထိုသူနှင့် ခပ်ဆင်ဆင်တူသည်ကို တွေ့နိုင်၏။


သူ့မျက်ခုံးနှင့် မျက်လုံးများက လင်းလော့ချင်း နှင့် သူ့အမေ လင်းလော့ရှီးတို့နှင့်တူပြီး အလွန်နူးညံ့သိမ်မွေ့သည်။ ဤသည်က ပုံမှန်ဖြစ်သည်။သားက အမေနှင့်တူပြီး တူကဦးလေးနှင့်တူခြင်းဖြစ်၏။


သို့တို့င် ထိုသို့နူးညံ့သိမ်မွေ့သော မျက်ခုံးမျက်လုံးများနှင့်ပင်ဖြစ်သော်လည်း ကျိလဲ့ယွီအပေါ် လူတွေ၏ပထမဆုံးအမြင်က အရုပ်လေးတစ်ရုပ်လို လှပသည်ဟုဖြစ်နေချိန်မှာ တစ်ဖက်မှာ လင်းဖေးကိုမူ ရင်သပ်ရှုမောလောက်အောင်ချောမောသည်ဟု လူအများက ခံစားရသည်။သူက အနာဂတ်မှာ သေချာပေါက် ဆွဲဆောင်မှုရှိစွာ ခန့်ညားချောမောသူတစ်ယောက်ဖြစ်လာမည်ပင်။ အကြောင်းပြချက်က သူ့မျက်နှာပေါက်ကြောင့်ဖြစ်၏...


ကျိလဲ့ယွီ၏မျက်ခုံးများက သူ့အဖေနှင့်တူပြီး ကျိယွီလင်းနှင့် ကျိယွီရှောင်ကဲ့သို့ပင် လှပသော ဖီးနစ်မျက်လုံးများ ရှိသော်လည်း မျက်နှာပေါက်က သူ့အမေနှင့်တူသောကြောင့် ပိုနူးညံ့ကာ သိမ်မွေ့နူးညံ့စွာ အလွန်လှပလေသည်။


လင်းဖေးက ထိုသို့မဟုတ်ပေ။သူ၏ မျက်နှာပေါက်က လင်းလော့ရှီးနှင့် မတူသလို လင်းလော့ချင်းနှင့်လည်းမတူပေ။လင်းမိသားစုမှ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မတူဘဲ ချန်မင်နှင့်တူသောကြောင့် သူက လက်ရာမြောက်သောပန်းပုရုပ်တစ်ခုနှယ် အလွန် ချောမောသည်။


လော့ကျား၏နှလုံးသားနစ်မြုပ်သွားပြီး ဤကိစ္စနှင့်ပတ်သက်၍ အိမ်ပြန်ရောက်လျှင် ကျိယွီရှောင်နှင့်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။


ဖခင်အရင်းဖြစ်နိုင်သော်လည်း ထိုလူက နှစ်ပေါင်းများစွာကြာပြီးနောက်မှ ရုတ်တရက်ပေါ်လာခြင်းဖြစ်သည်။သူ့သားကိုတကယ်ချစ်မချစ်၊သူ့မှာ ဖုံးကွယ်ထားသောရည်ရွယ်ချက်ရှိမရှိမည်သူသိနိုင်မည်နည်း။


သူ လင်းဖေး နှင့် ကျိလဲ့ယွီကို အိမ်သို့ အမြန်မောင်းခေါ်လာခဲ့ပြီး အားကစားဝတ်စုံလဲကာ ခဏလောက် လေ့ကျင့်နေရန်ပြောပြီး စာကြည့်ခန်းသို့သွား၍ကျိယွီရှောင်ကိုသွားရှာခဲ့သည်။


သူပြောသည်ကိုကြားသောအခါ ကျိယွီရှောင်က အနည်းငယ် အံ့သြသွားပုံရ၏။လင်းဖေး၏အဖေအရင်းကတကယ်သေသွားသည်လား၊လင်းလော့ရှီး၏ငြင်းဆန်မှုပဲဖြစ်လိမ့်မလားမသေချာဟု သူ ဟိုတလောကမှ လင်းလော့ချင်းကို ပြောနေခဲ့သည်။ထိုလူက ဤမျှလောက်မြန်မြန်ပေါ်လာမည်ဟုမည်သူကထင်မည်နည်း။


"ဒါက သူပေးခဲ့တဲ့ လုပ်ငန်းကတ်ပါ"

လော့ကျားက လုပ်ငန်းကတ်ကို ထုတ်ပေးလိုက်ပြီးပြောလိုက်၏။ 


"တစ်ချက်ကြည့်ပြီး စစ်ဆေးကြည့်ပါ... သူအရင်က ကလေးအကြောင်း တကယ်မသိခဲ့ဘဲ အခုမှလင်းဖေးရဲ့တည်ရှိမှုအကြောင်းကို တစ်နည်းနည်းနဲ့သိသွားပြီး ကလေးကိုအသိအမှတ်ပြုချင်ရုံဆိုရင် အဆင်ပြေတယ်...ဒါပေမဲ့ သူ့မှာ တခြားရည်ရွယ်ချက်တွေရှိတယ်ဆိုရင်၊ ကလေးတွေရှေ့မှာ သူ့ကို ထပ်ပြီး မပေါ်လာပါစေနဲ့"


"သိပြီ"

ကျိယွီရှောင်က အေးစက်သောအမူအရာဖြင့် လုပ်ငန်းကတ်ကိုယူလိုက်သည်။


ယခုအချိန်မှ လင်းဖေး၏အဖေအရင်းရုတ်တရက်ပေါ်လာသည်။အနှေးနှင့်အမြန်မဟုတ်ဘဲ ယခုအချိန်တွင်မှ သူထွက်လာသည်။တကယ်တိုက်ဆိုင်မှုတစ်ခုပဲလား...


"ဒါဆို ကျွန်တော် ကလေးနှစ်ယောက်ကို လေ့ကျင့်ပေးလိုက်ဦးမယ်" 

လော့ကျားကပြောလိုက်သည်။


"သွားလေ" 

ကျိယွီရှောင်က ပြော၏။

"အရမ်းကြီးမညှာမတာလေ့ကျင့်မပေးနဲ့ဦး...သူတို့က ကလေးပဲရှိသေးတာ"


"ကျွန်တော်သိပါပြီ" 

လော့ကျားက သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားသည်။


ကျိယွီရှောင် သူ့လက်ထောက်ကို ချန်မင်ကို စစ်ဆေးရန်အမြန် အမိန့်ပေးလိုက်သည်။


လင်းလော့ချင်းက လေယာဉ်ပေါ်မှဆင်းပြီးနောက် သူ၏ လက်ကိုင်ဖုန်းကို ဖွင့်လိုက်ရာ လွတ်သွားသော ဖုန်းခေါ်ဆိုမှုများစွာကို တွေ့လိုက်ရသည်။


၎င်းတို့အားလုံးသည် နံပါတ်တစ်ခုတည်းဖြစ်ကြသော်လည်း ကံမကောင်းစွာပဲ သူက ၎င်းနှင့်မရင်းနှီးသောကြောင့် ၎င်းကိုလျစ်လျူရှုကာ ဖုန်းမှားခေါ်သည်ဟုသာ ယူဆခဲ့သည်။


လင်းလော့ချင်း WeChat ကိုဖွင့်ပြီး သူဘေးကင်းကြောင်းနှင့် သူရောက်ပြီဖြစ်ကြောင်း ကျိယွီရှောင်အား သတင်းပို့ချင်ခဲ့သည်။ဖွင့်လိုက်သည်နှင့် သူ့တွင် နောက်ထပ်သူငယ်ချင်းတောင်းဆိုမှုတစ်ခုရှိနေကြောင်း တွေ့ရှိရသည်။ အောက်တွင် စာကြောင်းတစ်ကြောင်းရှိသည်- [ငါ ချန်မင် ၊ လင်းဖေးရဲ့အဖေ ]


လင်းလော့ချင်း : ? ? ? ! ! !


လင်းလော့ချင်း ထိုစကားများကို တအံ့တသြ စိုက်ကြည့်ကာ ချန်မင်ကို စိတ်ထဲတွင် ဆက်လက် ရှာဖွေနေခဲ့သည်။ထိုကဲ့သို့သော ဖုန်တက်နေသည့်လူကို မူလပိုင်ရှင်၏ မှတ်ဉာဏ်ဟောင်းမှ မထုတ်မီ အချိန်အတော်ကြာခဲ့သည်။


ချန်မင် - လင်းလော့ရှီး၏ ရည်းစားဟောင်း။ မူလပိုင်ရှင်က သူနှင့်တစ်ကြိမ်တွေ့ဆုံပြီး ဖုန်းနံပါတ်များ ဖလှယ်ခဲ့သည်။သို့သော် လင်းလော့ရှီးက နောက်ပိုင်းတွင် ထိုသူနှင့်လမ်းခွဲခဲ့ပြီး မူလပိုင်ရှင်က ၎င်း၏ဖုန်းနံပါတ်ကို ပြန်ဖျက်ခဲ့သည်။သူအစ်မက ထိုသူနှင့်လမ်းခွဲပြီးပြီဖြစ်၏။သူ့မှာ ထိုသူနှင့်အဆက်အသွယ်လုပ်စရာအကြောင်းအရင်းမရှိတော့သဖြင့် မူလပိုင်ရှင်အတွက်ဆက်သိမ်းထားလည်းအသုံးမဝင်ပေ။


ဒါဆို လင်းဖေးက... သူ့သား ဖြစ်နေတာလား...


လင်းလော့ချင်း ကြက်သေသေသွား၏။ 


လင်းဖေး၏အဖေက သေသွားပြီဟု အမြဲတွေးထားသော်လည်း ထိုသူက မသေရုံသာမက ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။


အခု အဲဒီလူက ဘာလုပ်ချင်နေတာလဲ...


လင်းဖေးရဲ့အုပ်ထိန်းခွင့်ကို ပြန်လိုချင်နေတာလား...


အိပ်မက်မက်နေလိုက်...


လင်းလော့ချင်း ထိုအကြောင်းကို မသိစိတ်မှ ချက်ချင်း ငြင်းဆိုခဲ့သည်။နောက်ဆုံးတွင် သူသည် သူ၏ဖေးဖေးလေးကို လက်ရှိကျန်းမာပျော်ရွှင်နေသူလေးဖြစ်အောင် ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ခဲ့သည်။ယခုဆို ဖေးဖေးက သူ့ဘက်ကနေစပြီး သူ့ကို ကိုးရိုးကားယားလေး အာဘွားပေးတတ်လာပြီဖြစ်သည်။ထိုကြောင့်သူ ဖေးဖေးနှင့် မခွဲချင်ပေ။


သို့ပေမဲ့ လင်းလော့ချင်း ထိုအကြောင်းကို ပြန်စဉ်းစားကြည့်၏။မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက လင်းဖေး၏အဖေ အရင်းဖြစ်သည်။သူလည်းလင်းဖေးကိုအလွန်ချစ်လောက်သည်။ထို့ကြောင့် တစ်ဖက်လူက လင်းဖေးနှင့်ပြန်လည်ပေါင်းစည်းလိုပါက လွန်ကျွံသည့်တောင်းဆိုမှုမဟုတ်ပါချေ။


သို့တိုင် လင်းလော့ချင်း သူတို့ကို ပြန်မပေါင်းစည်းစေချင်ပေ။


ထိုစဥ်တုန်းက ဘာကြောင့် လမ်းခွဲခဲ့ကြလဲ သူမသိပေမဲ့ လင်းလော့ရှီးက သူမ မသေဆုံးခင်မှာ လင်းဖေးကို သူ့ဆီ အပ်မထားခဲ့ဘဲ မူလပိုင်ရှင်ဆီ အပ်ထားခဲ့သည်။သူမက လင်းဖေး၏ အဖေက သေဆုံးသွားပြီဟု မူလပိုင်ရှင်နှင့် လင်းဖေးကို ပြောပြခဲ့သည်။သူမက လင်းဖေး၏ သူ့အဖေ၏နေရာကို မသွားစေချင်မှန်း ရှင်းလင်းလေသည်။


သူမသည် ကိုးလလွယ်ဆယ်လဖွားပြီး ကလေးတစ်ဦးကို မွေးဖွားခဲ့သည်။သူမအနေဖြင့် အခက်အခဲများကြားမှ အကောင်းဆုံးကြိုးစားပြီး ကလေးကို မွေးထုတ်ပေးခဲ့ရသောကြောင့် လင်းလော့ရှီး၏ ဆန္ဒကို သူမဆန့်ကျင်နိုင်ပေ။


အရေးကြီးဆုံးအချက်မှာ လင်းလော့ချင်းတွေးမိသည်က လင်းဖေး၏အကြောင်းဖြစ်သည်။လင်းဖေး၏ ပင်ကိုယ်စရိုက်အရ ရုတ်တရက်ပေါ်လာသော သူ၏အဖေအရင်းကို သေချာပေါက် ဂရုစိုက်မှာမဟုတ်ပေ။


လင်းလော့ချင်း ဤအရာကို တွေးလိုက်သောအခါတွင် သူစိတ်ပူလျော့သွားသည်။


သူ့အဖေအရင်းက လင်းဖေးကို တကယ်ချစ်သည့်သူဆိုပါက လင်းဖေး၏ စရိုက်ကို လေးစားသင့်သည်။သူ့အနေဖြင့် လင်းဖေးကို ကောင်းပေးပြီး လင်းဖေးကို လာတွေ့နိုင်ပေမဲ့ လင်းဖေးကို ဘာမှ အတင်းအကြပ် လုပ်၍မရပါချေ။


သူ့အဖေအရင်းက လူကောင်းမဟုတ်သလို လင်းဖေး၏အတွေးမည်သို့ရှိသည်ကိုဂရုမစိုက်ဘဲ သူတို့နှင့်ပြန်လိုက်ရန်တွန်းအားပေးပါက မိမိအနေဖြင့် သူ့အဖေအရင်းက ဘယ်လိုထင်လဲဆိုတာကို ဂရုစိုက်စရာမလိုဘဲ သူ့ကို နှင်ထုတ်လိုက်ရုံပါပင်။


လင်းလော့ချင်း ယခုလိုတွေးလိုက်သည့်အခါ သူ့အတွေးတွေက ပိုရှင်းလင်းလာသည်၊ သူ့အတွေးတွေက အရေးမကြီးသလို ချန်မင်၏ အတွေးတွေကလည်း အရေးမကြိးပါချေ။လင်းဖေး၏ အတွေးတွေနှင့် လင်းလော့ရှီး၏ အတွေးတွေကသာ အရေးကြီးဆုံးပါပင်။


၎င်းတို့ထဲမှ တစ်ဦးမှာ ကာယကံရှင်ဖြစ်ပြီး ကျန်တစ်ဦးမှာ ကလေးမွေးဖွားရန် ဆယ်လကြာ အပင်ပန်းဆင်းရဲခံခဲ့ရသော မိခင်ဖြစ်သောကြောင့် သူတို့ကသာ ဆုံးဖြတ်ချက်ချရန် အရည်အချင်းပြည့်မီသူများ ဖြစ်ကြသည်။


လင်းလော့ချင်း ကျိယွီရှောင်ထံ WeChat မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့ပြီး လေယာဉ်ဆင်းပြီဖြစ်ပြီး မကြာမီ အိမ်ပြန်ရောက်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ကျိယွီရှောင်က ချက်ချင်းစာပြန်သည် - [ကောင်းပြီ.. လမ်းမှာ သတိထားပါ]


လင်းလော့ချင်း ပြန်လာသည်အထိ စောင့်ပြီးမှ လင်းဖေး၏အဖေအရင်းအကြောင်းပြောမည်ဟု တွေးကာ သူ့ဖုန်းကို ချထားလိုက်သည်။


လင်းလော့ချင်း ကားထဲဝင် ထိုင်ပြီးနောက် ချန်မင်ကို ဖုန်းခေါ်လိုက်သည်။


"ဟဲလို" 

ချန်မင် သူ့မှန်းမြင်သောအခါ ချက်ချင်း ဖုန်းကိုလိုက်ပြီး ပါးစပ်ကိုဖွင့်လိုက်သည်နှင့်ညည်းညူရန် မမေ့ခဲ့ပါချေ။ "မင်းနောက်ဆုံးတော့ ဖုန်းစက်ဖွင့်ပြီပေါ့"  


"ဘာကိစ္စရှိလို့လဲ" 

လင်းလော့ချင်းက သိသိကြီးနှင့် မေးလိုက်သည်။