အပိုင်း ၁၈၂
Viewers 34k

Chapter 182




လင်းဖေး ခြံထဲသို့ခြေတစ်လှမ်းမှ မ၀င်မီတွင် သူက ခြံအပြင်သို့ ပြေးထွက်ကာ လင်းဖေးကို တိုက်ရိုက်ဖက်လိုက်သည်။


"နောက်ဆုံးတော့ ကိုကိုပြန်လာပြီ" 

ကျိလဲ့ယွီက သူ့ကို ဝမ်းနည်းစွာဖြင့် မကျေမနပ် ကြည့်လိုက်သည်။ 


"ကိုကိုပြောတော့ မြန်မြန်ပြန်လာမယ်ဆိုပြီး... အခု အကြာကြီးပဲ ...လုံးဝမမြန်ဘူး"


လင်းဖေးက သူ့ပါးစုန့်လေးကိုညစ်လိုက်သည်။ကျိလဲ့ယွီက မရုန်းသော်လည်း သူ့ကို မကျေမနပ်ဖြင့်သနားစရာကောင်းစွာ ကြည့်နေဆဲပင်။


လင်းဖေးက သူ့ပါးကို လွှတ်ပေးလိုက်ပြီး သူ့ခေါင်းကို ပုတ်ကာ ချော့လိုက်သည်။

"လိမ္မာနော်"


ကျိလဲ့ယွီ ယခုအချိန်မှာမည်သို့ဆိုးဝံ့ပါမည်နည်။သူမလိမ္မာသည်နှင့် လင်းဖေးက သူ့အဖေနှင့် ထွက်ပြေးသွားပြီး သူ့ကိုထားခဲ့မှာကို ကြောက်သဖြင့် မြန်မြန် ခေါင်းညိတ်ပြပြီး လင်းဖေး၏ရင်ခွင်ထဲခေါင်းအပ်ကာ မျက်နှာဖြင့် လင်းဖေး၏ရင်ဘက်ကို ပွတ်သပ်နေလိုက်သည်။


လင်းဖေးက သူ့ကို ကတိပေးထားသည့်အတိုင်း ပြန်ဖက်လိုက်သည်။ယင်းက သူ့ကိုနှစ်သိမ့်ပေးသည်ဟုယူဆနိုင်သည်။


လင်းလော့ချင်း သူတို့နှစ်ယောက် အချိန်အတော်ကြာသည်ထိ တစ်သက်လုံးမလွှတ်တော့မည့်အတိုင်း တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားသည်ကိုမြင်ပြီး ပြုံးလျက်ပြောလိုက်သည်။


"မင်းတို့ နှစ်ယောက် ထမင်းမစားတော့ဘူးလား...ဒါဆို ငါ အရင်သွားစားနှင့်တော့မယ်" 


သူက ထိုသို့ပြောရင် အထဲကို လျှောက်သွားတော့မည်ပြုလိုက်သည်။ကျိလဲ့ယွီက သူ့လက်ကို ချက်ချင်းလွှတ်လိုက်ပြီး လင်းဖေး၏လက်ကို ကိုင်ကာ လင်းလော့ချင်းထံသို့ ဆွဲခေါ်သွားသည်။ "စားမှာ...ထမင်းသွားစားကြရအောင်"


သူတို့ သုံးယောက် အတူတူ အိမ်ထဲကို ဝင်လာကြသည်။ကျိယွိရှောင်က ကျိလဲ့ယွီတို့နှစ်ယောက် အတူ လျှောက်လာသည်ကို ကြည့်ရင်း ပြုံးပြီး အရွှန်းဖောက်လိုက်၏။

"အိုက်ယိုး မင်းပြန်လာလို့သာပဲ...မင်းပြန်မလာရင် ငါတို့အိမ်က ကိုကို့ကိုမျှော်ရုပ်ထုဆောက်ဖို့ ကျောက်တွေ အများကြီးလိုတော့မှာပဲ"


လင်းလော့ချင်းက ခေါင်းငုံ့ကာ ကျိလဲ့ယွီကိုကြည့်လိုက်သည်။ကျိလဲ့ယွီကလည်း ခေါင်းမော့ရင်ကော့ကာ ယုံကြည်ချက်အပြည့်ဖြင့်ဆိုသည်။

"သားက ကိုကိုမြန်မြန်ပြန်လာဖို့မျှော်လင့်ရုံပါ"


လင်းလော့ချင်းက ရယ်ပြီးမေးလိုက်သည်။

"စားပြီးပြီလား"


"မစားရသေးဘူး... အိမ်စာလုပ်ရုံကလွဲလို့ ပြတင်းပေါက်ကနေတစ်လှမ်းမှမခွာဘူး"

ကျိယွီရှောင်က မညှာမတာ ပြောလိုက်သည်။


ကျိလဲ့ယွီက စကားတတ်တတ်ဖြင့်ကျလောက်အောင်ရှင်းပြလေသည်။

"ကိုကိုနဲ့သားက တူတူစားဖို့ သဘောတူထားတာ...အဲတော့ သားက သူပြန်လာတဲ့အထိ စောင့်ရမှာပေါ့"


"ဟုတ်ပါပြီ ဟုတ်ပါပြီကွာ...ပါးပါးတို့ အခုစားလို့ရပြီးလား"

ကျိယွီရှောင်က သူ့ကို မေးသည်။


ကျိလဲ့ယွီက ခေါင်းညိတ်ပြီး ဆို၏။

"ရ ရ ... သားဗိုက်ဆာနေပြီ"


သူကပြောပြီးသည်နှင့် လင်းဖေးကို ပြန်ကြည့်ကာမေးသည်။

"ကိုကိုတို့ မစားရသေးဘူးမလား"


လင်းဖေးက ခေါင်းခါသည်။


ကျိလဲ့ယွီ စိတ်အေးသွား၏။ 

"သားလည်းမစားရသေးဘူး"


၎င်းနောက် သူက လင်းဖေးကို ချိုချိုသာသာဆိုလိုက်သည်။ 

"သားတို့ တစ်ယောက်မှ မစားရသေးဘူးပဲ"


ကွက်တိပဲ...ဒါဆို အတူတူစားလို့ရပြီ...


အမြဲတမ်း အတူစားကြမယ်...


လင်းဖေးက သူ့ကို ကြည့်ပြီး ရယ်လိုက်သည်။ထိုစကားသည် မိုက်မဲပြီး ချစ်ဖို့ကောင်းကာ သူအနည်းငယ် မပြုံးဘဲ မနေနိုင်တော့ပေ။


ကျိလဲ့ယွီ စိတ်ပူသည်ကို သူသိပေမဲ့ စိတ်ပူစရာ ဘာမှရှိသည်ဟု သူမထင်ပေ။သူ့အဖေဆိုသူကို အသိအမှတ်ပြုရန် ဘယ်တုန်းကမှ မစီစဉ်ထားသောကြောင့် သဘာဝအတိုင်း သည်အိမ်ကနေ ထွက်သွားမှာ မဟုတ်ပါချေ။


သူက ကျိလဲ့ယွီနှင့်မတူပေ။ကျိလဲ့ယွီမှာ အဖေတစ်ယောက်ရှိပြီး သူ့အဖေကို နက်နက်နဲနဲချစ်ပေမဲ့ သူ့မှာ အဖေမရှိသလို သူ့အဖေအပေါ် ခံစားချက်လည်း မရှိပါချေ။


သူ့ကိုယ်သူ ခံစားချက်တွေကို လျစ်လျူရှုထားတတ်မှန်း အမှန်တကယ်သတိထားမိပါ၏။သူ့မှာ လူအများကြီးအတွက် ခံစားချက်တွေကင်းမဲ့နေသည်။ထို့ကြောင့် သူ့မှာ အဖေမရှိ၍ ဝမ်းနည်းနေမှာ မဟုတ်သလို အဘိုးနှင့် ကွဲကွာနေရသောကြောင့်လည်း နာကျင်မှာ မဟုတ်ပေ။ နှုတ်ဆက်ခြင်းအတွက်လည်း စိတ်မကောင်းဖြစ်မှာမဟုတ်သလို အတန်းဖော်တွေနှင့် ဆရာတွေဆီက အနိုင်ကျင့်ခံရခြင်းအတွက်လည်း ဝမ်းနည်းမှာမဟုတ်ပေ။


သူက သူနှင့် ရွယ်တူအများစုနှင့် မတူဘဲ ငိုခြင်း သို့မဟုတ် နာကျင်ခြင်း မရှိပါချေ။


တစ်ခုတည်းသော နာကျင်မှုသည် သူ့မားမား ထွက်ခွာသွားခြင်းကြောင့်သာဖြစ်သည်။ ထိုအချိန်က ဝမ်းနည်းကြေကွဲပြီး အဆင်မပြေဖြစ်ခဲ့သော်လည်း ထိုတစ်ကြိမ်သာ ဖြစ်ခဲ့သည်။


လင်းလော့ချင်းက တစ်ချိန်က မငိုခြင်း သို့မဟုတ် မရယ်ခြင်းမှာ ပုံမှန်မဟုတ်ဟု ပြောခဲ့ဖူးသော်လည်း လင်းဖေးက ဂရုမစိုက်ပေ။လင်းလော့ချင်းမှန်ကောင်းမှန်နိုင်သည်ဟုပင် သူခံစားရသည်။မဟုတ်လျှင် လင်းလော့ချင်းဆီကအကြိမ်ပေါင်းများစွာ အရိုက်ခံရပြီးနောက်ပင် သူအဘယ်ကြောင့်ဘာမှမခံစားရသနည်း။


လင်းလော့ချင်းသူ့ကိုရိုက်ချိန်က နာကျင်မှန်းသိသာပေမဲ့ သူ မနာကျင်ပေ။လင်းဖေး သူကစိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီးမိုက်မဲသည်ဟုသာခံစားရပြီး သူ့မားမားမှာ သူမအချစ်နှင့်မထိုက်တန်သောမောင်တစ်ယောက် ဘာကြောင့်ရှိနေသလဲဆိုသည်ကိုပဲအံဩမိသည်။


သူ့မှာပေးစရာခံစားချက်များများစားစားမရှိပေ။ရှိလျှင်ပင် သူ့ခံစားချက်တွေက ပါးလွှာပြီး အလိုနည်းလွန်းသည်။ ဒီတော့ အဲဒီသူက သူ့အဖေအရင်းဆိုရင်ကောဘာဖြစ်လဲ...


အဲဒါ သူနဲ့ဘာဆိုင်လဲ...


ဘာမှမဆိုင်ဘူး...


ဒါဆိုဘာလို့စိတ်ရှုပ်ခံနေရဦးမှာလဲ...


ထို့ကြောင့် ကျိလဲ့ယွီအနေဖြင့် အစကတည်းက စိတ်ပူနေစရာမလိုပါချေ။


သူ့ကို ကျိလဲ့ယွီက ထမင်းစားခန်းထဲကို ဆွဲခေါ်သွားပြီး သူ့ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းသည်။


ကျိယွီရှောင်က စိုးရိမ်စိတ်ဖြင့် မေးသည်။

"ဘယ်လိုဖြစ်ခဲ့လဲ...ချန်မင်ကဘာပြောလဲ"


ကျိလဲ့ယွီလည်းသိချင်သွားပြီး နားရွက်လေးထောင်ကာ နားစွင့်လိုက်သည်။


လင်းလော့ချင်းက လင်းဖေးနှင့်ကျိလဲ့ယွီ ရှေ့မှာ ၎င်းကို မပြောချင်သည့်အတွက် "ငါ မင်းကို နောက်မှပြောပြမယ်"ဟုပြောလိုက်သည်။


"ကောင်းပြီ"

ကျိယွမ်ရှောင်က ပြန်ဖြေသည်။


ကျိလဲ့ယွီ အနည်းငယ်စိတ်ပျက်သွားသော်လည်း ၎င်းကိုစဉ်းစားပြီးနောက်တွင် သူ လင်းဖေးကိုတိုက်ရိုက်မေး၍ရသဖြင့် ပျော်ရွှင်စွာပြန်ပြီစားသောက်နေလိုက်သည်။


အလွန်သဟဇာတဖြစ်သော ထမင်းဝိုင်းလေးဖြစ်ခဲ့သည်။


စားသောက်ပြီးနောက် လင်းလော့ချင်း နှင့် ကျိယွမ်ရှောင်တို့က အိပ်ခန်းသို့ ပြန်သွားခဲ့ကြပြီး ကျိလဲ့ယွီသည်လည်း လင်းဖေးနှင့်အတူ သူ့အိပ်ခန်းသို့ သွားခဲ့သည်။


လင်းလော့ချင်းက ကျိယွမ်ရှောင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ။သူက ကုတင်ပေါ်တွင် ထိုင်ကာ သူချန်မင်နှင့်ပြောခဲ့သည့်အဓိကအချက်များကို အကျဥ်းချုံး ပြောပြလိုက်သည်။သို့ပေမဲ့ မူလပိုင်ရှင် လင်းဖေးကိုနှိပ်စက်ခဲ့မှုနှင့်ပတ်သတ်၍ သူဘာမှမပြောခဲ့ပေ။ချန်မင်က ခေါင်းမာနေပြီး လင်းဖေး၏အုပ်ထိန်းခွင့်ကို လက်မလွှတ်ချင်ကြောင်းသာ ပြောခဲ့သည်။သူက မင်းသားတစ်ယောက်ဖြစ်သဖြင့် တရားရင်ဆိုင်ရန် အဆင်မပြေသည့်အတွက် ချန်မင်ကို သတိပေးသည့်အနေဖြင့် သူတို့၏ လက်ထပ်မှတ်ပုံတင်ကို ရိုးရိုးရှင်းရှင်း ပြသခဲ့သည်ဟုသာဆိုလိုက်၏။


ကျိယွီရှောင်က အံ့သြသွးသည်။

"လက်ထပ်မှတ်ပုံတင်ကို မင်းနဲ့အတူတူ ယူသွားတာလား"


"ဟုတ်တယ်"

လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။

"သူလိုလူက ကြည့်တာနဲ့ ကျိုးကြောင်းမဆီလျော်မှန်းသိသာတယ်...ဒါကြောင့် သူ့လိုလူတွေကိုရင်ဆိုင်ဖို့အတွက် ယုတ္တိမဲ့တဲ့ တန်ပြန်မှုမျိုးကို သဘာဝကျကျ ပြင်ဆင်ထားရမယ်"


သူက ပြောပြီးသည်နှင့် ကျိယွမ်ရှောင်၏လည်ပင်းကို လက်နှင့်ခိုတွဲလိုက်သည်။

"ဒါပေမဲ့ သူကြောက်တဲ့လူက ငါမဟုတ်ဘူး...ဒါကြောင့် နောင်မှာ ဖေးဖေးရှေ့မှာ ပေါ်မလာဖို့ မင်းသူ့ကို သတိပေးရမယ်... မဟုတ်ရင် သူက မင်းနဲ့ပတ်သက်ဖို့ ဖေးဖေးကိုသုံးမှာကိုငါစိတ်ပူတယ်"


ကျိယွမ်ရှောင်က အံ့သြဝမ်းသာမှုတို့ဖြင့် လင်းလော့ချင်းကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။သူ့အကြည့်က လင်းလော့ချင်းကို အနည်းငယ် ထူးဆန်းနေသလိုခံစားရစေသည်။

"မင်းဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ"


"မင်းဘက်ကနေငါ့ကိုအကူအညီတောင်းဖို့ အစပြုတာက ရှားလွန်းတယ်"

ကျိယွမ်ရှောင်က သက်ပြင်းချလိုက်သည်။

"ငါတကယ်ကို မှင်တက်သွားတာ"


လင်းလော့ချင်က ပြုံးပြီး ယခုလိုကျ ကျိယွမ်ရှောင်က အလွန်ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ "မင်းက ငါ့ရဲ့လက်တွဲဖော်လေ... ငါမဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခု ကြုံရရင် မင်းကို သဘာဝအတိုင်း အကူအညီတောင်းမယ်... ဒါက ပုံမှန်ပဲမဟုတ်ဘူးလား"


ယင်းက တကယ်ကိုပုံမှန်ပါပင်၊သို့ပေမဲ့ လင်းလော့ချင်းက အချိန်အများစုမှာ အလွန်အမှီအခိုကင်းမဲ့ပြီး ပြဿနာတွေကို သူ့ဘာသာသူ ဖြေရှင်းလေ့ရှိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ယခုလိုမျိုး ပုံမှန်အနေအထားက အလွန်ဖြစ်တောင့်ဖြစ်ခဲဖြစ်လေသည်။


"စိတ်မပူပါနဲ့... ငါချန်မင်ကိုကူဖြေရှင်းပေးမယ်... သူဖေးဖေးရှေ့မှာ ဘယ်တော့မှ ထပ်ပေါ်လာမှာ မဟုတ်ဘူးဆိုတာ သေချာအောင်ငါလုပ်ပေးမယ်"


"အွန်း" 

လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်၏။

"ငါ မင်းကို ယုံတယ်"


သူ တိတ်တိတ်လေး တွေးလိုက်မိသည်။

ချန်မင်က သူ့ကို ဒီစပရိုက်"လက်ဆောင်"ပေးဖို့ တကူးတကကြိုးစားခဲ့မှာတော့ သူကလည်းမျက်နှာသာပြန်မပေးရင် အဓိပ္ပါယ်မရှိဘူးမလား...


အာ...


တစ်ဖက်တွင် ကျိလဲ့ယွီက လင်းဖေးကို တွယ်ကပ်နေပြီး ယနေ့ကျောင်းဆင်းပြီးနောက် ချန်မင်းနှင့် တွေ့ဆုံခြင်းအကြောင်း မေးနေသည်။


"ကိုကိုတို့ ဘာတွေပြောခဲ့တာလဲ...အဲဒီလူက တကယ်ကို ကိုကို့အဖေလား"


"မဟုတ်ဘူး" 

လင်းဖေးက ဝန်ခံရန် ငြင်းနေတုန်းပင်။

"ငါ့အဖေက သေပြီ"


"ဒါဆို ကိုကိုဘာလို့ သူ့ကိုသွားတွေ့တာလဲ"

ကျိလဲ့ယွီက သူ့ကိုဖက်တွယ်ထားပြီးလွှတ်ပေးရန်ငြင်းဆန်နေသည်။


လင်းဖေးက အေးဆေးတည်ငြိမ်စွာပြောသည်။

"သူပြောတာ ဟုတ်တယ်တဲ့... ငါ့ရှုရှုကလည်း သူက ငါ့အဖေလို့ပြောတယ်...ငါ့ရှုရှုက သူ့ကိုတွေ့ချင်နေတယ်ဆိုလို့ ငါ့ရှုရှုနဲ့လိုက်သွားတာ"


ကျိလဲ့ယွီက ခေါင်းလေးစောင်းဖြင့်ဆိုသည်။

"ဒါဆို သူက ကိုကို့အဖေအရင်းပဲပေါ့"


"ငါ့မှာ အဖေမရှိဘူး" 

လင်းဖေးက ပေါ့ပေါ့ပါးပါး ပြောသည်။


"ကလေးတစ်ယောက်မှာ အဖေမရှိဘဲ ဘယ်လိုလုပ်နေမှာလဲ... အဖေနဲ့အမေ အတူတူရှိမှ ကလေးမွေးနိုင်မှာ"


"ဒါပေမဲ့ ငါ့မှာ အဖေမရှိဘူးလေ"


"ကိုကို့ သားအဖေကို အဖေအဖြစ်အသိအမှတ်ပြုလိုက်ရင်ရော" 

ကျိလဲ့ယွီ၏အသံက နူးညံ့ပြီး ချိုမြိန်နေကာ လင်းဖေးကို ဆွယ်ရန်ကြိုးစားနေသကဲ့သို့ပင်။


"သားအဖေကို ကိုကို့ကိုမျှပေးလိုက်မယ်...ဒါဆို ကိုကိုလည်း ကိုကို့အဖေကို အသိအမှတ်ပြုစရာမလိုတော့ဘူး...သာတို့လည်း အဖေအတူတူဖြစ်သွားပြီး ထာဝရအတူနေနိုင်မှာ"


လင်းဖေး: ......


လင်းဖေး မလိုအပ်ဘူးဟု ခံစားရသည်။

"ငါကအဖေ မလိုအပ်ဘူး"


"ဒါပေမဲ့ အဖေတစ်ယောက်ရှိတာ တကယ်ကောင်းတယ်ရယ်" 

ကျိလဲ့ယွီက သူ့ကိုဖြောင့်ဖြသည်။

"ကြည့်...သားတို့အားလုံးက အတူတူနေကြတယ်...သားပါးပါးက ကိုကို့အပေါ် အရမ်းကောင်းတယ်... ဒါကြောင့် ကိုကို သူ့ကို အဖေလို့ ခေါ်လို့ရတယ်"


"အဖေဆိုတာဘာလဲ"

လင်းဖေး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

"အဖေနဲ့အမေကသာ ကလေးမွေးနိုင်တယ်လို့မင်းပြောတယ်...ဒါဆို မင်းကို မွေးအောင်လုပ်ပေးတဲ့သူက အဖေပေါ့... ဒါပေမဲ့ မင်းရဲ့ဦးလေးကိုလည်း မင်းကအဖေလို့ ခေါ်တယ်... မင်းရဲ့ဦးလေးမင်းကို မွေးအောင်လုပ်ပေးတာမဟုတ်ဘူးလေ"


"ဒါပေမဲ့ သားရှုရှူက သားအပေါ် အရမ်းကောင်းတယ်"

ကျိလဲ့ယွီက သူ့ကိုရှင်းပြသည်။


"အဖေဆိုတာ ကိုယ့်အပေါ် အကောင်းဆုံးလူဖြစ်ရမယ်... သူက ကိုယ့်ထက် အသက်ကြီးတယ်၊ ကိုယ့်ထက် ပိုစိတ်ချရတယ်၊ကိုယ့်ကို ဂရုစိုက်တယ်၊ကိုယ့်ကိုချစ်တယ်...ကိုယ်ကိုအဖော်ပြုပေးတယ်"


သူက ပြောပြီးသည့်နောက်မှာ တစ်ခုခုကို သတိရပြီးပြောလိုက်၏။

"ကိုကို့ရဲ့ရှုရှုကလည်း ကိုကို့အဖေဖြစ်နိုင်တယ်...သူက သားရှုရှုသားကို ဆက်ဆံသလိုပဲ ကိုကို့ကို ဆက်ဆံတာလေ"


"ဒါပေမဲ့ သူက ငါ့ဦးလေးလေ"

လင်းဖေးက သူ့ကိုကြည့်ရင်းဆိုသည်။

"ဦးလေးက ဦးလေးပဲ...ဘယ်လိုလုပ် အဖေဖြစ်မှာလဲ"


ကျိလဲ့ယွီ: ......


ကျိလဲ့ယွီ သူက အလွန်ခေါင်းမာသည်ဟု ထင်မိသည်။


"ကလေးတွေက မိဘတွေနဲ့ အတူနေသင့်တယ်"

သူကပြောလိုက်သည်။ 

"ကိုကို့မှာ အဖေအသစ်မရှိဘူးဆိုရင် ကိုကို့ရဲ့အဖေအရင်းက နောင်ကျကိုကို့ကို ထပ်လာရှာရင် ဘယ်လိုလုပ်မှာလဲ"


သူက လင်းဖေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီးဆက်ပြောသည်။

"သားကိုကို့ကို ထွက်မသွားစေချင်ဘူး... သားနဲ့တူတူနေမယ်လို့ ကိုကိုပြောခဲ့တယ်လေ...ကိုကို့စကားကိုပြန်ရုတ်သိမ်းလို့မရဘူးနော်"


"ငါ့မှာ အဖေအရင်း မရှိဘူး"

လင်းဖေးက ထပ်ခါတလဲလဲ ပြန်ပြောလိုက်၏။

"ငါ့အဖေက သေပြီ...မားမားက သူသေသွားပြီလို့ ပြောရင် သေသွားပြီပဲ"


"ငါမသွားဘူး" 

သူက ကျိလဲ့ယွီကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။


"တကယ်လား"


"အင်း"


"သားကို မလိမ်နဲ့နော်"


လင်းဖေး: ......


လင်းဖေး ရှားရှားပါးပါး စိတ်ရှည်သည်းခံစွာဖြင့်ပြောလိုက်သည်။

"အင်း"


ကျိလဲ့ယွီက သူ့လက်ကိုဆန့်လိုက်ပြီးဆိုသည်။

"လက်သန်းချင်းချိတ်ပြီးကတိပေး"


လင်းဖေး: ......


လင်းဖေး သူ၏ လေးနက်ပြီး မျှော်လင့်တကြီးဖြစ်နေသည့် အကြည့်ကို ကြည့်ပြီး အဆုံးတွင် သူ သည်းမခံနိုင်တော့ပေ။


သူ့လက်သန်းလေးကို ဆန့်ထုတ်လိုက်ပြီး ကျိလဲ့ယွီ၏လက်သန်းနှင့် ချိတ်လိုက်သည်။ကျိလဲ့ယွီက သူ့အပေါ်ကိုထပ်ပြီး ဝမ်းသာအားရ ဖက်တက်လိုက်ပြီး ပျော်ရွှင်ညင်သာစွာ ခေါ်လိုက်သည်။

"ကိုကို"


လင်းဖေး သူ့ခေါင်းကို ပုတ်ပေးလိုက်ပြီး သူကျိလဲ့ယွီအပေါ်ကို တစ်နေ့တခြား ပိုပိုပြီး စိတ်ရှည်လာသလို ခံစားလိုက်ရသည်။


ထားလိုက်ပါ၊ သူက ကလေးဆန်ပြီး တွယ်ကပ်လွန်းသည်၊မိမိအနေဖြင့် အမှန်တကယ်ကို ပို၍ စိတ်ရှည်ရန် လိုအပ်သည်။


"အိမ်စာက ဘယ်မှာလဲ" 

သူ့ကို ခဏလောက် ဖက်ထားပြီးနောက် လင်းဖေးက နောက်ဆုံးမှာ သတိပေးလိုက်၏။


ကျိလဲ့ယွီ : ဒီအချိန်မှာ မင်းဘာလို့ အိမ်စာလုပ်ဖို့ တွေးနေနိုင်သေးတာလဲ...


မင်းရဲ့ချစ်စရာကောင်းတဲ့ညီလေးကို ပိုနှစ်သိမ့်ပေးလို့မရဘူးလား...


မင်းညီလေး တစ်ညလုံး စိတ်ပူနေတာ မသိဘူးလား...


ကျိလဲ့ယွီက မကျေနပ်သော "ဟမ့်"ခနဲအသံကိုပြုလိုက်ပြီး မကြားသလိုမျိုး သူ့ကို ဆက်ဖက်ထားလိုက်သည်။


လင်းဖေး: ......


ကောင်းတယ်...နဂိုကတည်းက သူ့မှာ မရေမတွက်နိုင်တဲ့ အားနည်းချက်တွေရှိပါတယ်ဆိုမှ အခု နောက်ထပ် အားနည်းချက်တစ်ခုရှိလာပြီ–မျက်နှာပြောင်တိုက်မှုပဲ


သူမျှော်လင့်ထားသလိုပဲ အားနည်းချက်အသစ်တွေ နေ့စဉ်နဲ့အမျှ ရှိနေသည်။