Chapter 183
နောက်ဆုံးတွင် ကျိလဲ့ယွီတစ်ယောက် လင်းဖေးကို သူ၏ အိမ်စာများကို စစ်ဆေးခွင့်ပြုလိုက်ဆဲပင်။
သူက ရတနာတစ်ခုလို သူ့အိမ်စာစာအုပ်ကို ထုတ်ပြီး လင်းဖေး ရှေ့မှာ ထားလိုက်သည်။
လင်းဖေး ၎င်းကို ကြည့်လိုက်၏။ကျိလဲ့ယွီ သူ့အိမ်စာတွေကို ယခုလိုလေးလေးနက်နက် ရေးသည်က ရှားလေသည်။ သူ့လက်ရးတွေက ယခင်ကလို မကောက်ကွေးမရှုပ်ထွေးတော့ဘဲ ဇယားကွက်ထဲမှာ သပ်သပ်ရပ်ရပ် ရှိနေသည်။
"မဆိုးပါဘူး"ဟု သူချီးကျူးလိုက်သည်။
ကျိလဲ့ယွီက ချက်ချင်း ရယ်မောပြီး သူ့ကို ပွေ့ဖက်ကာ လှုပ်ယမ်းလိုက်သည်။
"ဒါပေါ့...သားကလိမ္မာတဲ့ကောင်လေးလေ"
လင်းဖေးက သူ၏ ဂုဏ်ယူနေသော မျက်နှာလေးကို ကြည့်ပြီး ဘာမှ မပြောလိုက်ပေ။
လင်းလော့ချင်း ကျိယွီရှောင်နှင့် ချန်မင်အကြောင်းပြောပြီးသည်နှင့် အချိန်ကိုကြည့်ကာ လင်းဖေးကိုရေချိုးပေးရန် စီစဉ်ခဲ့သည်။
သူ လင်းဖေး၏အခန်းသို့ သွားကြည့်လိုက်ရာ ကျိလဲ့ယွီက လင်းဖေးကို မှီလျက် စာအုပ်တစ်အုပ်ဖတ်နေသည်ကို တွေ့လိုက်ရသည်။
လင်းလော့ချင်း လင်းဖေးကိုမြင်သည်နှင့် လင်းဖေး၏ "ကျွန်တော့်မှာ ရှုရှုရှိရုံနှင့်လုံလောက်တယ်"ဟူသောစကား နှင့် ချန်မင်၏ ပုတ်ခတ်စွပ်စွဲပြောဆိုမှုများကို သတိရသွားသည်။
အမှန်အတွက် မူလပိုင်ရှင်လုပ်ခဲ့သည်များအတွက် သူ လင်းဖေးကို ရှင်းပြသင့်ပေသည်။လင်းဖေးက ဤကိစ္စကိုစိတ်ထဲမရှိဘူးဆိုပေငြား သူ့အနေဖြင့်တရားဝင် ညှိနှိုင်းရန် အကြောင်းပြချက်ရှာသင့်သည်။ထိုမှသာ သူက သူ့ကို ချစ်ပြီး အမြဲတမ်းလည်းချစ်ခဲ့ကြောင်းကို လင်းဖေးသိမှာဖြစ်၏။
လင်းဖေး၏ကမ္ဘာလေး ဖြူစင်လှပနေရန် သူမျှော်လင့်ထားသည်။သူက လင်းဖေးကိုအမြဲချစ်ခဲ့ကြောင်းကိုလည်း လင်းဖေးအား သိစေ၊ယုံကြည်စေရန် သူမျှော်လင့်သည်။ သူ့ဦးလေးက အလွန်ဆိုးရွားသည့်အရာများကို ပြုလုပ်ခဲ့သော်လည်း လင်းလော့ချင်း မူလပိုင်ရှင်ကသူ့ကိုမချစ်ဟု လင်းဖေးကို မထင်စေချင်ပေ။ လင်းဖေးကို သူ့ကိုယ်သူ အလွန်တော်သည်၊အလွန်ကောင်း၊လူကြိုက်များပြီး ချစ်ချင်စရာကောင်းသည်ဟု ခံစားစေလိုသည်။သူ လင်းဖေးကို တောက်ပသောမျက်နှာဖြင့် ကမ္ဘာကြီးကို ရင်ဆိုင်နိုင်စေချင်သည်။
သူက အလွန်ငယ်သေးပြီး ကမ္ဘာကြီးအတွက် သူ့ခံစားချက်တွေက အလွန်အားနည်းနေသဖြင့် လင်းလော့ချင်း သူ့ကမ္ဘာလေး ပိုကောင်းလာရန် မျှော်လင့်လေသည်။
အနာဂါတ်မှာ အဆင်မပြေသည့်အတိတ်ကို တွေးမိသည့်အခါ သူ စိတ်သက်သာရာတချို့ ရနိုင်မည်ဟုလည်း သူမျှော်လင့်၏။
သူ ထိုသို့တွေးပြီး လျှောက်သွားလိုက်သည်။ကျိလဲ့ယွီက သူ့ကိုလှည့်ကြည့်လာသည်။ထို့နောက် သွားဖြီးပြကာခေါ်သည်။
"ပါးပါး"
"အင်း"
လင်းလော့ချင်းက သူ့ခေါင်းကို ပုတ်ပေးလိုက်ပြီး ပြောသည်။
"ရှောင်ယွီ သားပါးပါး သားကို ရှာနေတယ်"
ကျိလဲ့ယွီ စိတ်ရှုပ်ထွေးသွား၏။
"အမ် ဘာဖြစ်လို့လဲ"
"အဲဒီကိုသွားတဲ့အခါ သားသိလိမ့်မယ်"
"အိုး"
ကျိလဲ့ယွီက ခေါင်းညိတ်လိုက်သည်။
လင်းလော့ချင်း သူ မတ်တပ်ထရပ်ပြီး လမ်းလျှောက်သွားသည်ကို မြင်သည့်အခါ ကျိယွီရှောင်ဆီကို WeChat မက်ဆေ့ချ်တစ်ခု အမြန်ပို့လိုက်သည်။
[ရှောင်ယွီကို မင်းဆီလာခိုင်းလိုက်တယ်... ကျေးဇူးပြုပြီး ခဏလောက် ထိန်းထားပေးပါ]
ကျိယွီရှောင် : ...သူ့မိန်းမက တကယ်ကို လူတွေကိုဘယ်လို အသုံးချရမလဲကောင်းကောင်းသိတာပဲ
သေချာသည်ပင်၊ ခဏအကြာတွင် ကျိလဲ့ယွီက တံခါးဖွင့်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြေးလာခဲ့သည်ကို သူမြင်လိုက်ရသည်။
"ပါးပါး သားကိုရှာနေတယ်ဆို"
"ဟုတ်တယ်"
ကျိယွီရှောင်က သူ့ခေါင်းကို ပုတ်လိုက်ပြီး သူ့တူလေးကို စတင်"ဂရုစိုက်"တော့သည်။
လင်းလော့ချင်းက လင်းဖေး၏ နံဘေးတွင်ထိုင်ကာ လင်းဖေးကို ငြိမ်သက်စွာကြည့်နေသည်။ သူထိုသို့ကြည့်နေသဖြင့် လင်းဖေးက လှည့်ကြည့်လာသည်။
"ရှုရှုမှာ ကျွန်တော့်ကိုပြောစရာရှိနေတယ်"
ယင်းက အတည်ပြုချက်ဖြစ်ပြီး မေးခွန်းတစ်ခုမဟုတ်ပါချေ။
လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။
လင်းဖေးက စာအုပ်ထဲသို့ စာညှပ်တစ်ခုထည့်ကာ သူပြောမည့်စကားကို နားထောင်ရန် စောင့်ဆိုင်းနေခဲ့သည်။
လင်းလော့ချင်းက လည်ချောင်းရှင်းလိုက်သည်။
"ဖေးဖေး... မင်းငါ့ကို အပြစ်တင်နေသေးလား...အရင်က ငါမှားခဲ့တဲ့ ကိစ္စတွေကို"
လင်းဖေးက ခေါင်းခါပြီး ဆို၏။
"ရှုရှူ တောင်းပန်ပြီးပြီလေ"
လင်းလော့ချင်း သက်ပြင်းချရင်းပြောလိုက်သည်။
"ဟုတ်တယ် ဒါပေမဲ့ ဖေးဖေး..."
သူ့အသံမှာ သိသိသာသာပင် အပြစ်ရှိစိတ်ဖြင့် တိုးဝင်သွားပြီး လင်းဖေးကို ကို မကြည့်ဝံ့တော့ပေ။
"တကယ်တော့ အဲဒီအချိန်တုန်းက မင်းကို ငါတကယ် အနိုင်မကျင့်ချင်ခဲ့ပါဘူး...ရုတ်တရက်ကြီး ကလေးတစ်ယောက်ရလာတာကို ကျင့်သားမရဖြစ်ရုံပါ"
"ငါ အရင်ကတစ်ခါမှ ကလေးမရှိဖူးဘူး... အဲဒီတုန်းက အလုပ်က အဆင်မပြေဘူး၊ စိတ်ကလည်းမကောင်းဘူး... တစ်ခါတစ်လေ စိတ်ခံစားချက်တွေကို မထိန်းနိုင်တော့ဘူး...ငါမရည်ရွယ်တဲ့ ငါမလုပ်ချင်တဲ့အရာတွေအများကြီးလုပ်မိခဲ့တယ်...နောက်ပိုင်းမှာ ငါ တကယ်နောင်တရပြီး အပြစ်ရှိသလို ခံစားရတယ်...တောင်းပန်ပါတယ်ဖေးဖေး"
လင်းဖေးက အလွန်သဘောထားကြီးစွာဆို၏။
"ကိစ္စမရှိပါဘူး...ဘာပဲဖြစ်ဖြစ် ပြီးသွားပြီပဲ"
"ဒါပေမဲ့ ငါ မင်းကို တကယ်ချစ်တာပါ"
လင်းလော့ချင်းက စိုးရိမ်တကြီးဆိုသည်။
"ငါ မင်းကို အမြဲတမ်း ချစ်ခဲ့တာ...မင်း မမြင်နိုင်တဲ့အချိန်တွေရှိလောက်ပေမဲ့ အဲဒီတုန်းက ငါ မင်းကို ချစ်ခဲ့တယ်...စိတ်ရင်းနဲ့"
လင်းဖေးက ခေါင်းညိတ်လိုက်သည်။လင်းလော့ချင်းက သူ့ကို ချစ်သည်ကို သူတကယ်ယုံကြည်သည်။
"တောင်းပန်ပါတယ်"
လင်းလော့ချင်းက ထပ်ပြောပြန်သည်။ "နောင်မှာ တူညီတဲ့ အမှားမျိုး ငါထပ်မလုပ်တော့ပါဘူး"
"အင်း"
လင်းဖေးက ခေါင်းညိတ်သည်။
လင်းလော့ချင်း သူ၏ငယ်ရွယ်နုနယ်သောမျက်နှာလေးကို ကြည့်ပြီး ခေါင်းကို ပုတ်ပေးလိုက်၏။
"ဖေးဖေး... မင်းက အရမ်းကောင်းတဲ့ ကလေးပါ...အဲဒါကြောင့်မလို့ မင်းမားမား၊ ငါ၊ မင်းရဲ့ရှုရှုအပါအဝင် လူတွေအများကြီးကမင်းကို သဘောကျကြတာ... မင်းရဲ့အဖေအရင်းကတောင် မင်းကိုလာရှာတယ်... ဖေးဖေး ငါတို့အားလုံး မင်းကို သဘောကျကြတယ်... မင်းက သိပ်ချစ်ချင်စရာကောင်းတာ မင်းသိလား"
လင်းဖေးမှာ ဤအကြောင်းပတ်သတ်ပြီးနားမလည်ပေ။သူ့ကိုယ်သူ လူကြိုက်များရန်လိုအပ်သည်ဟုမခံစားရပေ။
လင်းလော့ချင်း သူ၏ ရှုပ်ထွေးနေသော မျက်လုံးတွေကို ကြည့်ပြီး ပြုံးလိုက်၏။
"ဒီကမ္ဘာကြီးက အရမ်းကောင်းနေတုန်းပဲ... ဒီကမ္ဘာမှာ မင်းကို ချစ်တဲ့သူတွေ အများကြီးရှိပါသေးတယ်... မင်းကို နာကျင်စေခဲ့တဲ့ အရာတစ်ချို့ကို ငါအရင်က လုပ်ခဲ့ဖူးပေမဲ့ ငါ့စိတ်ထဲမှာတော့ တကယ်ကို တခြားမင်းကိုချစ်တဲ့လူတွေလိုပါပဲ... ငါတို့အားလုံး မင်းကို သဘောကျကြတယ်...နောင်မှာလည်း မင်းကို သဘောကျတဲ့ တခြားလူတွေအများကြီးနဲ့ မင်းနဲ့တွေ့ရလိမ့်မယ်"
ဖြစ်နိုင်လျှင် သူ့ကမ္ဘာလေး လှပပြီး တောက်ပနေရန် လင်းလော့ချင်း မျှော်လင့်နေဆဲဖြစ်သည်။သူ ဖြတ်သန်းသွားသော ပန်းတိုင်းက ပွင့်လာကာ သူတွေ့သမျှလူတိုင်းက သူ့ကို ချစ်ကြလိမ့်မည်။
လင်းဖေးက ကမ္ဘာကြီးကို ချစ်မြတ်နိုးလာရန်၊ လင်းဖေး သူ့ပတ်ဝန်းကျင်ရှိလူတိုင်းက သူ့ကိုချစ်ကြောင်း ခံစားနိုင်စေရန်နှင့် လင်းဖေး၏ကမ္ဘာတွင် ပုလဲများနှင့် စိန်များသာရှိရန် သူမျှော်လင့်သည်။
"မင်း သိပ်ကို ကောင်းမွန်တဲ့ အနာဂတ်ကို ရမှာပါ"
သူက ဆိုလိုက်၏။
လင်းဖေးက သူ့ကို တည်ငြိမ်စွာကြည့်ကာ ဘာမှမပြောပေ။
တကယ်တမ်းတွင် သူ လင်းလော့ချင်းကို အပြစ်မတင်တော့သည်မှာကြာပြီဖြစ်၏။
ထိုအတိတ်အမှတ်တရများကို သူထုပ်ပိုးကာသိမ်းဆည်းထားသည်မှာအချိန်အတော်ကြာပြီဖြစ်သည်။သူက ၎င်းကို မည်သို့ပိုင်းခြားပြီး သူ၏လက်ရှိဘဝကိုသက်ရောက်မှုမရှိအောင်လုပ်ရမည်ကို သူသိပါသည်။
ထိုအချိန်တုန်း သူ လင်းလော့ချင်းကို ဂရုမစိုက်သလို သဘောလည်း မကျသောကြောင့် ထိုအရာများကြောင့် သူစိတ်မကောင်းဖြစ်မည်မဟုတ်ပေ။သူ လင်းလော့ချင်းကို နှလုံးသားထဲတွင်သာ ရှုံ့ချနေတတ်ပြီး တစ်ဖက်လူနှင့် အချိန်ကုန်ခံရမည်ကို ပျင်းလေ့ရှိသည်။
သူသဘောကျသည့်လင်းလော့ချင်းက နောက်ပိုင်းမှာ သူ့ကို လေးစားပြီး ဂရုစိုက်ပေးသည့် လင်းလော့ချင်းဖြစ်၏။အချိန်အတော်တော်များများ သူ့ကိုတစ်ချိန်လုံးကပ်တွယ်နေတတ်ပြီး စိတ်ရှည်ကာ ပြောသမျှစကားတိုင်းက သူကိုမြှောက်ပင့်ချီးမွမ်းရန်ဖြစ်သော်လည်း ထိုသူက သူ ပို၍နီးနီးကပ်ကပ်နေရန် စနိုးစနောင့်မဖြစ်သောလင်းလော့ချင်းဖြစ်လေသည်။
ထို့ကြောင့် ယခု လင်းလော့ချင်းက သူ့ကို နာကျင်စေသည်ဆိုလျှင် သူစိတ်ပျက်ပြီး အဆင်မပြေဖြစ်ရလိမ့်မည်။သိုပေမဲ့ အတိတ်ကလင်းလော့ချင်းအတွက်မူ သူစိတ်ခံစားချက် တစ်စက်လေးမှစွန့်ကြဲမှာမဟုတ်ပေ။အသေးငယ်ဆုံး မတည်မငြိမ်ဖြစ်မှုလေးပင်မရှိ။
လင်းဖေးက ကိစ္စများကို ကုန်းအဆုံးရေအခမ်းထိလိုက်ရသည်အား နှစ်သက်သူမဟုတ်ပေ။သူက သူ့နှလုံးသား၏စေရာအတိုင်း နောက်ပြန်မလှည့်ဘဲ ရှေ့သို့ဆက်သွားသူဖြစ်သည်။သူခွင့်လွှတ်သည်ဆိုလျှင် တကယ်ခွင့်လွှတ်၍ပင်။နောက်ပြန်လှည့်ပြီး စာရင်းဟောင်းတွေကို ပြန်ပြီးမဖြေရှင်းတတ်ပေ။ပြီးလျှင် စာရင်းဟောင်းတွေကို ပြန်ဖြေရှင်းရန် လိုအပ်သည်ဟုလည်း သူဘယ်တော့မှ ထင်မှာမဟုတ်ပေ။
သူ၏ စိတ်ခံစားမှုများသည် အနက်ရောင်နှင့်အဖြူကွက်ဂရစ်ကွက်များ နှင့်တူသည်။ သူက အဖြူရောင် ဂရစ်ကွက်ရှိ လူများနှင့် အရာများကိုသာ ကြည့်ကာ အနက်ရောင် ဂရစ်ကွက်ပေါ်ရှိ လူများနှင့် အရာများကို ဘယ်တော့မှ နောက်ပြန်မလှည့်ကြည့်တတ်ပေ။
ထို့ကြောင့် သူ၏ကမ္ဘာသည် ရိုးရှင်းပြီး ရှင်းလင်းလေသည်။
ထို့ကြောင့် လင်းလော့ချင်းက သူ့ကို ထပ်ပြီး တောင်းပန်ရန် မလိုအပ်ဘူးဟု ထင်သည်။လင်းလော့ချင်းက အတိတ်က အရာတွေအတွက် တောင်းပန်ခဲ့ပြီး သူကလည်း သူ့ကို ခွင့်လွှတ်ခဲ့သည်။မည်သူမဆိုအမှား လုပ်ဖူးကြပြီး လူကြီးတွေလည်း အမှားတွေ လုပ်ကြသည်။ဤသည်က လင်းလော့ချင်းက သူ့ကိုသင်ပေးလိုက်သည့်အရာဖြစ်၏။ယင်းက အလွန် အရေးကြီးသည်ဟု သူခံစားရသည်။သူ၎င်းကို သတိရပြီး အမှားလုပ်မိခဲ့သော လူကြီးကို ခွင့်လွှတ်ရန်ရွေးချယ်ခဲ့ပြီးပြီဖြစ်သည်။ဒါကို လင်းလော့ချင်းကဘာလို့ အတိတ်ကအရာတွေကို ဆက်တွေးနေတာလဲ...
"ကျွန်တော် သူ့စကားတွေ နားမထောင်ခဲ့ဘူး ...စိတ်လည်းမဆိုးဘူး...ရှုရှု စိတ်ပူစရာ မလိုဘူး"
သူက တိုးတိုးလေးပြောလိုက်သည်။
လင်းလော့ချင်းက သူတို့ သည်နေ့လည်ခင်းမှာ သွားတွေ့ခဲ့သောလူကြောင့် ဤကိစ္စတွေကိုပြန်ပြောနေမှန်း သူရိပ်မိ၏။လင်းလော့ချင်းက သူ့ကို အနိုင်ကျင့်ပြီး ရိုက်နှက်ခဲ့သည်၊ထို့ကြောင့် လင်းလော့ချင်းက သူ့ကိုမချစ်ဘူးဟုထိုလူကပြောခဲ့သည်။သူလည်း ထိုသို့ ခံစားရမှာစိုး၍ လင်းလော့ချင်းက နောက်တစ်ကြိမ် ထပ်ပြီး လာတောင်းပန်ခြင်းဖြစ်သည်။
သူကားထဲမှာရှိစဉ်တုန်းကလည်း လင်းလော့ချင်းက တစ်ခုခုပြောချင်နေပုံရပြီး၊ယခုကိစ္စကို သူပြောချင်နေခြင်း ဖြစ်နိုင်သည်။
"ကျွန်တော် သူ့စကားနားမထောင်ဘူး"
လင်းဖေးက လေးလေးနက်နက်ပြောလိုက်သည်။
"ရှုရှုပြောတာကိုပဲ နားထောင်မယ်"
လင်းလော့ချင်း သူ၏ နှလုံးသားကို တစ်စုံတစ်ရာ ထိမှန်သွားသလို ခံစားလိုက်ရပြီး နူးညံ့သော လက်လေးက သူ၏ နှလုံးသားကို နူးညံ့ညင်သာစွာ ဆုပ်ကိုင်ထားသလိုပင်။နွေးထွေးပြီး နူးညံ့ညင်သာမှုကိုသာခံစားရသည်။
သူက လင်းဖေးကို သတိမထားမိဘဲ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်ကာ သူ့နှလုံးသားက ပြည့်ဖောင်းလာပြီး နွေးထွေးသွားသလို ခံစားလိုက်ရသည်။
လင်းဖေး သူ့ကို ယခုလိုမြင်ရသောအခါ အကူအညီမဲ့သလိုခံစားလိုက်ရသည်။
သူက ထိုလူနှင့် မတွေ့ရန် ပြောခဲ့ပေမဲ့ လင်းလော့ချင်းက တွေ့ချင်နေတုန်းပင်။ထိုသူနှင့် တွေ့ပြီးသည့်နောက်မှာကျ တကယ်ကို စိတ်မချမ်းမသာဖြစ်နေသည်။
သူ လင်းလော့ချင်းကိုပြန်ဖက်ကာ နှစ်သိမ့်သောအနေဖြင့် ပုခုံးကို ပုတ်ပေးလိုက်သည်။
လင်းလော့ချင်း သူ့လုပ်ရပ်ကြောင့် အနည်းငယ် ရှက်သွားပြီးသူ့လက်ကို အမြန်လွှတ်လိုက်သည်။
"ငါမင်းကို ရေချိုးဖို့ ခေါ်သွားပေးမယ်"
လင်းဖေးက ခေါင်းညိတ်လိုက်သည်။
လင်းလော့ချင်း သူ့ကို ပွေ့ချီလိုက်ပြီး အဖြူအမည်းရောစပ်နေသော ကြည်လင်နေသည့် မျက်လုံးတွေကို ကြည့်ကာဆိုလိုက်သည်။
"ဖေးဖေး... မင်းက လူတိုင်းဆီက သဘောကျခံရဖို့ ထိုက်တန်ပါတယ်"
လင်းဖေးက ကလေးဆန်သော အပြစ်ကင်းစင်မှုတို့ရောယှက်နေသော အေးစက်လွန်းသော လျစ်လျူရှုမှုဖြင့် မျက်တောင်ခတ်လိုက်သည်။
သူ့ကို လူတိုင်းသဘောကျဖို့မလိုအပ်ပါချေ။သူကတွေးလိုက်သည်။သူကို သဘောကျတဲ့လူတိုင်းကို သူကသဘောကျတာမှမဟုတ်တာ...အဲတော့ သူတို့ဘာသူတို့ သဘောကျကျမကျကျ သူနဲ့ဘာဆိုင်လဲ...
လင်းလော့ချင်း သူ့မျက်လုံးများထဲရှိ တည်ငြိမ်မှုကို ကြည့်ပြီး ခဏတာမျှ အနည်းငယ် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။
သူ လင်းဖေး၏ သန့်ရှင်းဖြူစင်သော မျက်လုံးများမှ မလွတ်မြောက်နိုင်ပုံရသည်။သူ၏သူတော်ကောင်းယောင်ဆောင်မှုနှင့် အလိမ်အညာများကို အပြစ်ကင်းစင်သော ဤမျက်လုံးများထဲတွင် မြင်နေရသလိုပင်။
တကယ့်ကိုလည်း သူက အတုအယောင်ပါပင်။
သူက လင်းဖေးကို ကမ္ဘာကြီး သာယာလှပသည်ဟု ခံစားရပြီး သူဖြတ်သန်းသွားသော ပန်းတိုင်းက ပွင့်လန်းလာကာ သူတွေ့သမျှ လူတိုင်းက သူ့ကို ချစ်ကြလိမ့်မည်ဟု မျှော်လင့်သည်။မူလပိုင်ရှင်နှင့် သူ့အဖေအရင်းက သူ့ကိုချစ်သည်ဟုပင် သူလိမ်ညာခဲ့သည်။
သို့ပေမဲ့ ဤကမ္ဘာကြီးက မည်သို့ထိုကဲ့သို့ တကယ်ဖြစ်လာပါ့မည်နည်း။
သူဖြတ်သန်းသွားသောအခါ မပွင့်သည့်ပန်းတစ်ချို့ရှိတတ်သလို သူ့ကိုမချစ်သည့်သူတွေလည်း ရှိတတ်သည်။
ဤကမ္ဘာမှာ မင်းကိုချစ်သည့်လူရှိလျှင် မင်းကိုမုန်းသည့်သူလူလည်းရှိမည်ပင်။သို့ပေမဲ့ ချစ်ခြင်းတရားက အသွားအပြန်ရှိသလို အသွားအပြန်မရှိတတ်သည်လည်းရှိသဖြင့် မင်းချစ်သည့်လူတွေက မင်းကိုပြန်ချစ်မှသာ ထိုစိတ်ခံစားချက်၏ အလှတရားနှင့် တန်ဖိုးကို ပိုတက်စေမှာဖြစ်သည်။
လင်းဖေးက အလွန်ထက်မြက်သူဖြစ်ပြီး ဤအမှန်တရားကို နားမလည်ရန် မဖြစ်နိုင်ပေ။
အစမှအဆုံး သူ့ကို ချစ်မြတ်နိုးသူ နည်းပါးလွန်းကြောင်း အချိန်ကျလျှင် သူသဘောပေါက်လာလိမ့်မည်။
အသိသာကြီးကို သူက အလွန်လိမ္မာသော ကလေးဖြစ်ပြီး လူအများနှင့်လည်း တွေ့ဆုံဖူးသော်လည်း သူ့ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ပေးသူ အများအပြားမရှိပေ။
သူ့အဖေက သူ့ကို သူ၏တစ်ကိုယ်ကောင်းဆန်သော ဆန္ဒတွေကို ဖြည့်ဆည်းပေးစေချင်သည်။
သူ့အဘိုးက သူ့ကို ဂရုမစိုက်ပေ။
သူ့မှာ အဘွားမရှိပေ၊သူ့အဖေဘက်မှ သူ့အဘိုးအဘွားတွေက သူ့ဖြစ်တည်မှုကို မသိကြပေ။သို့မဲ့လည်း သူတို့သိလျှင်ပင် သူ့ကို သဘောကျကြမည်မဟုတ်ပေ။
သူ့၏သွေးရင်းသားရင်းတွေထဲမှာ သူ့အမေကသာ သူ့ကို တကယ်ချစ်ပြီး ဂရုစိုက်သည်။
သို့ပေမဲ့ သူက အလွန်လိမ္မာသည့် ကလေးတစ်ယောက်ဖြစ်ပြီး အလွန်လည်းသိတတ်သည်။
မသန့်စင်မှုမရှိသော စစ်မှန်သောချစ်ခြင်းတရားကို သူ ပိုရသင့်သည်။
မှန်ပေသည်၊သူ လင်းဖေးထံမှ အရာအားလုံးကို ထာဝစဉ် ဖုံးကွယ်ထား၍ရသည်မှာသေချာပေသည်။ သူမပြောသရွေ့ သူ့ဦးလေးက လူပြောင်းသွားသည်ကို လင်းဖေး ဘယ်တော့မှ သိနိုင်မည်မဟုတ်ပေ။သို့သော် အခြားသူများက ၎င်းကိုအသုံးပြု၍ သူ့ဒဏ်ရာများကိုထိုးစွ၍ အမြဲတမ်း ပုတ်ခတ်ရယ်မောကြလိမ့်မည်။သူချစ်သည့် သူ့ဦးလေးဖြစ်သူက တစ်ချိန်က သူ့ကို နာကျင်စေခဲ့ပြီး သူ့ကို လုံးဝမချစ်ကြောင်း အဖန်တလဲလဲသတိပေးကြလိမ့်မည်။
သူ့ဒဏ်ရာတွေကို ပြန်ကလော်ဖွင့်ပြီး ကျစ်ကျစ်တောက်ပူနေသောနေရောင်နှင့် ထိတွေ့ခိုင်းလိမ့်မည်။
တစ်ဖန် ယင်းက သူ့တို့ကြားက ဆက်ဆံရေးနှင့်တစ်ယောက်ပေါ်တစ်ယောက်ထားသည့် သံယောဇဥ်အပေါ်မှာ အမည်းကွက်ဖြစ်စေလိမ့်မည်။
လင်းဖေးက သန်မာပြီးခေါင်းမာသည့်သူဖြစ်ချင်သူဖြစ်သည်။သူနာကျင်ရလျှင်ပင် ဘာတစ်ခွန်းမှပြောမှာမဟုတ်ပေ။သို့တိုင် လင်းဖေးက ဤသည်နှင့်မထိုက်တန်ပါချေ။ဤအရာတွေကို မခံစားရသင့်ပေ။
ထို့အပြင် လင်းဖေးက သူ့ကို အလွန်ချစ်မှန်း သိသာထင်ရှား၏။ သူကလည်း လင်းဖေးကို တကယ် တကယ်ကို ချစ်ပါသည်။ဤကလေးအပေါ်ထားသည့် သူ့သံယောဇဥ်က ရှင်းလင်းစွာပင် ရိုးသားပြီး အစကနေအဆုံးထိ ဤကလေးကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားခဲ့ပြီး သူ့ကို မနာကျင်စေချင်ခဲ့ပေ။
သူ့ကိုယ်သူ လင်းဖေး၏ အမည်းကွက်နှင့် အားနည်းချက် မဖြစ်ချင်ခဲ့ပါချေ။
လင်းဖေးသိအောင် သူလုပ်သင့်သည်။
သူ့အမေအပြင် သူ့ကိုအဖြူစင်ဆုံးနည်းလမ်းဖြင့် ဂရုစိုက်ပေး ချစ်ပေးချင်သူတစ်ဦး သူ့မှာရှိသည်ဆိုကြောင်းကိုပင်။
"ရှုရှု ဘာဖြစ်နေတာလဲ"
လင်းဖေးက သူ့မျက်လုံးတွေ တဖြည်းဖြည်း အုံ့မှိုင်းပြီး ဝမ်းနည်းလာသည်ကိုမြင်ကာ မေးသည်။
လင်းလော့ချင်းက သူ့ကို ပွေ့ချီပြီး ငြိမ်ငြိမ်လေး ထိုင်နေသည်။
သူ စကားတစ်ခွန်းမှ မပြောဘဲ လင်းဖေးကို ကြည့်နေခဲ့၏။သူပြောချင်သည့် စကားများစွာက လည်ချောင်းထဲတွင် တစ်နေသည်။သူပြောချင်သော်လည်း မပြောရဲပေ။
လင်းဖေး ဘာကြောင့်မှန်းမသိသဖြင့်မေးလိုက်သည်။
"ကျွန်တော်တို့ ရေမချိုးတော့ဘူးလား"
"ခဏနေမှချိုးမယ်"
လင်းလော့ချင်းက တိုးတိုးလေးပြောသည်။
လင်းဖေး သူ၏ စိတ်ပျက်အားငယ်နေသည့် ပုံကို ကြည့်ကာ ခေါင်းကိုပုတ်ပြီး ချော့လိုက်သည်။
"လိမ္မာနော်"
"နောင်ကျရင် အဲဒီလူကို ကျွန်တော်တို့ ဘယ်တော့မှ ထပ်မတွေ့တော့ဘူး...ကျွန်တော်လည်း မတွေ့ချင်ဘူး၊ ရှုရှုလည်း မတွေ့ရဘူး"
လင်းလော့ချင်း သူ့စိတ်ထဲတွင် ချဉ်စူးလာသလို ခံစားလိုက်ရသည်။ ခေါင်းယမ်းကာ လင်းဖေးအားပြောလိုက်၏။
"သူ့ကြောင့် မဟုတ်ပါဘူး"
"ဒါဆိုဘာလဲ"
လင်းဖေး နားမလည်ဖြစ်နေသည်။
လင်းလော့ချင်း ခေါင်းမော့လိုက်သည်။ စကားတွေအများကြီးက သူ့ပါးစပ်ထဲကို ထပ်ရောက်လာပေမဲ့ သူ ဘယ်လိုပြောရမှန်းမသိပေ။
သူက လင်းဖေးကို တကယ်ပြောပြတော့မှာလား...
လင်းဖေးသိသွားရင် သူ့အပေါ် ဘယ်လိုထင်မလဲ...
သူ့ကို ရှုရှုလို့ ခေါ်ချင်ဦးမှာလား...
သူပြောနေတာတွေကကို ယုံပါ့မလား...
"ဖေးဖေး"
လင်းလော့ချင်း သူ့ကို ကုလားထိုင်ပေါ်တင်ပြီး သူနှင့်မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။အရင်က ဤမျှလောက် ချီတုံချတုံ မဖြစ်ဖူးပေ။ သူတကယ် လင်းဖေး၏ ဦးလေးအရင်းဖြစ်လျှင် ဘယ်လောက်ကောင်းလိုက်မလဲဟုပင်တွေးမိသည်။သူသာဆိုလျှင် သူ့ကလေးကို သေချာပေါက် ဘယ်သောအခါမှ အနိုင်ကျင့်မှာမဟုတ်ပေ။ သူသာဆိုလျှင် လင်းဖေးကို ကောင်းကောင်း ဂရုစိုက်နိုင်မှာဖြစ်ပြီး ယခုလို နာကျင်စရာ အတွေ့အကြုံတွေလည်းရှိလာမှာမဟုတ်ပေ။ပြီးလျှင် ယခုအချိန်မှာ သူ တွန့်ဆုတ်ပြီး စိတ်မသက်မသာ ခံစားနေစရာလည်း လိုမှာမဟုတ်ပေ။
"တကယ်တော့ ငါမင်းကို တစ်ခါမှ မပြောဖူးတဲ့အရာတွေရှိတယ်"
လင်းလော့ချင်းက အသံတိုးတိုးဖြင့်ပြောလိုက်သည်။