Chapter 184
လင်းဖေးက သူ့ကိုကြည့်ကာ နာခံစွာ နားထောင်သည်။
လင်းလော့ချင်း ပါးစပ်ကပြောထွက်ရန်ခက်နေပေမဲ့ ခက်ခက်ခဲခဲရအောင်ပြောခဲ့သည်။
"ခုန ငါပြောခဲ့တာတွေက မင်းကို လိမ်ညာနေတာပဲ... လောကကြီးက ကောင်းတယ်လို့ထင်ပြီး လူတိုင်းက မင်းကို ချစ်လိမ့်မယ်လို့ မျှော်လင့်တယ်... ကမ္ဘာကြီးက လှပပြီး တောက်ပနေပြီး မသိနားမလည်တွေ၊ ပျော်ရွှင်မှုတွေ ပြည့်နေလိမ့်မယ်လို့ငါပြောခဲ့တယ်...ဒါပေမဲ့ ကမ္ဘာကြီးက ဘယ်လိုလုပ် အဲလိုဖြစ်နိုင်ပါ့မလဲ... မင်းအဘိုးလို လူဆိုးတွေနဲ့လည်း မင်းကြုံရလိမ့်မယ်...မင်းကို ဒီအတိုင်းမကြိုက်တဲ့လူတချို့လည်း ဒီကမ္ဘာကြီးမှာ ရှိလာလိမ့်မယ်... မင်းဆိုးလို့ သူက မင်းကို မကြိုက်တာမဟုတ်ဘူး...အကြောင်းပြချက်မရှိဘူး...ဒါနဲ့ပတ်သတ်ပြီးငါတို့လုပ်နိုင်တာဘာမှမရှိဘူး... ဒါပေမဲ့ ကမ္ဘာကြီးကိုက ဒီလိုမျိုးပဲ... ယုတ္တိမရှိဘူး"
လင်းဖေးက ခေါင်းညိတ်ပြသည်။သူ ဤအမှန်တရားကို သိထားပြီးဖြစ်ပြီး သူ့ပတ်ဝန်းကျင်က ကမ္ဘာက သူ့ကို ချစ်သည်ဖြစ်စေ၊မချစ်သည်ဖြစ်စေ၊ ယုတ္တိတန်သည်ဖြစ်စေမတန်သည်ဖြစ်စေ သူကလည်း ဂရုမစိုက်ပေ။
လင်းလော့ချင်း သူခေါင်းညိတ်သည်ကိုကြည့်ကာ စိတ်ထဲမှာဝမ်းနည်းလာသည်။
သူက အရာအားလုံးကို သိသည်။သူ ကိစ္စများစွာကိုဖြတ်ကျော်ရင်ဆိုင်ခဲ့ရပြီး ယခုလိုအေးစက်ပြီး ဂရုမစိုက်တတ်သော ကိုယ်ရည်ကိုယ်သွေးရရှိပြီးနောက်မှာ ကမ္ဘာပေါ်ရှိလူတိုင်းက သူ့ကို ချစ်မြတ်နိုးကြောင်း ယုံကြည်ရန်မည်သို့ဖြစ်နိုင်မည်နည်း။
ဤကမ္ဘာကြီးသည် ပုလဲများနှင့် စိန်များဖြင့်သာပြည့်နေသည်မဟုတ်ပေ။ဆူးချွန်အပြည့်နှင့် နှင်းဆီပန်းများလည်းရှိကြကြောင်း သူလက်ခံနေသည်မှာ ကြာပြီဖြစ်သော်လည်း လင်းလော့ချင်း၏ စကားများကို မငြင်းဆန်ဘဲ ငြိမ်သက်စွာ နားထောင်နေဆဲဖြစ်သည်။
ယင်းက လင်းဖေး၏ နူးညံ့သိမ်မွေ့မှုပုံစံဖြစ်သည်။ သူဘာမှပြန်မပြောဘဲ တိတ်တိတ်လေးပဲ သူ့အတွေးတွေကို အလုပ်ဖြင့်သက်သေပြလိမ့်မည်။တစ်ယောက်ယောက်က ၎င်းကိုတွေ့သွားလျှင် သူ့အနားကိုသွားပြီး သူအပေါ်ထားသည့် သူတို့၏ချစ်ခြင်းမေတ္တာကို ဖော်ပြလိမ့်မည်။ထိုအခါ သူကအနေရခက်စွာ ကိုးရိုးကားယားဖြင့် ပျော်နေလိမ့်မည်။ဘယ်သူကမှမတွေ့လျှင် သို့မဟုတ် ဘယ်သူကမှ သူ့ကို မကြိုက်လျှင်လည်း သူ ဘာမှ ပြောမှာမဟုတ်ပေ။ဘယ်သူ့ကိုမှ အပြစ်မတင်သလို သူ့ကိုယ်သူလည်း စိတ်မကောင်းဖြစ်နေမှာမဟုတ်ပေ။
သူသည် ငယ်ရွယ်သေးသော်လည်း ကမ္ဘာကြီးနှင့် လိုက်လျောညီထွေ နေထိုင်ရန် နည်းလမ်းကို ကြံဆတတ်နေပြီဖြစ်သည်။သူ့ကိုယ်ပေါ်မှာ အခွံမာတစ်ခုဆွဲခြုံထားတတ်နေပြီဖြစ်သည်။
ဘယ်သူမှ သူ့ကို မကာကွယ်လျှင် သူ့ကိုယ်သူ ကာကွယ်သည်။
ထို့ကြောင့် ပန်းများကိုပင်လျှင် ရေမလို၊ မိုးခေါင်မှုနှင့်ကြမ်းတမ်းသောပတ်ဝန်းကျင် ခံနိုင်ရည်ရှိကာ ဆူးပင်များဖြင့် ဖုံးအုပ်ထားသော ရှားစောင်းပင်ကို သူနှစ်သက်ခြင်းဖြစ်သည်။
သူ မည်သူ့ကိုမျှ အားကိုးချင်စိတ်မရှိပေ။ခိုင်ခံ့ပြီး ကောင်းကင်နှင့် နေကို ဖုံးလွှမ်းနိုင်သော သစ်ပင်ကြီးတစ်ပင်အဖြစ်သာ ကြီးပြင်းလာချင်သည်။
လင်းလော့ချင်း ပို၍ပင် စိတ်မကောင်းဖြစ်လာသည်။သူ့ပါးစပ်ကို ပြန်ဖွင့်လိုက်ပြီး သူ့အသံက တိုးဝင်ကာ တုံ့နှေးတုံ့နှေးဖြစ်နေသည်။
"မင်းအဖေကလည်း လူကောင်းမဟုတ်ဘူး...သူက မင်းအမေကို လှည့်စားခဲ့တယ်...အခု သူက သားသမီးမရနိုင်လို့သာ မင်းဆီ လာတာ...သူက မင်းကို သူ့ရဲ့သားသမီးရချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးစေချင်တာ...ဒါပေမဲ့ သူ့က အိမ်ထောင်ကျပြီး သူ့မိသားစုနဲ့သူ ရှိနေပြီလေ...မင်းသူနဲ့ ပြန်လိုက်သွားရင် အရမ်းကို အဆင်မပြေတဲ့ အခြေအနေကြာထဲကိုရောက်သွားမှာ...ဒါကို သူက ဂရုမစိုက်ဘူး...ဒါကြောင့် သူက မင်းကို တကယ်ကြီး ချစ်တာမဟုတ်ဘူး"
လင်းဖေးက ခေါင်းညိတ်ပြသည်။သူ လုံးဝ ဂရုမစိုက်ပေ။
"ငါ မင်းကို မင်းအဖေက မင်းကိုမချစ်ဘူးလို့ မထင်စေချင်ခဲ့ဘူး...ဘာပဲပြောပြော သူက မင်းရဲ့အဖေအရင်းပဲ...ဒါကြောင့် သူမင်းကိုချစ်တယ်လို့ငါပြောခဲ့တာ...ဒါပေမဲ့ သူက မင်းကို လုံးဝမချစ်ဘူး... တောင်းပန်ပါတယ်"
"ကိစ္စမရှိပါဘူး"
လင်းဖေးက ညင်သာစွာပြောသည်။
"ကျွန်တော်က သူ့ကိုကြိုက်မှမကြိုက်တာ... သူက ကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး"
"ရှုရှုက ဒါကို ကျွန်တော်ကောင်းဖို့ လုပ်နေတာမှန်း သိပါတယ်...ရှုရှုကို အပြစ်မတင်ပါဘူး"
လင်းလော့ချင်း သူ့လည်ချောင်းတွင် ဆို့နင်လာသည်။သူ သူ့ရှေ့က ကလေးမျက်လုံးများကို ကြည့်လိုက်သည်။လင်းဖေး၏ မျက်လုံးများသည် မသန့်စင်မှုအရိပ်အယောင်လေးပင်မရှိအောင် ကင်းစင်နေသည်။အလွန်သန့်စင်လွန်းနေသဖြင့် ခေါင်းငုံ့ထားသည့် သူ့ကိုယ်သူပြန်မြင်ရသည်အထိ။
"ပြီးတော့ မင်းဦးလေး"
"တကယ်တော့ မင်းဦးလေးကလည်း မင်းကိုတကယ်မချစ်ဘူး..."
စကားလုံးများက နှုတ်ကဖွင့်ထုတ်ရန်ခက်ခဲလာကာ မျက်ရည်များ တဖြည်းဖြည်း ဝဲတက်လာသည်။
"သူက မင်းကို အနိုင်ကျင့်၊ ဆူငေါက်ပြီး ရိုက်တယ်...မင်းရဲ့ စိတ်ခံစားချက်ကို လုံးဝ ထည့်မစဉ်းစားဘူး...မင်းက ကလေးပဲရှိသေးတာလို့လည်း တစ်ခါမှ မတွေးခဲ့ဘူး...မင်းဘာအမှားမှ မလုပ်ခဲ့ဘူးလေ... သူ ဘာလို့ မင်းကို ဒီလို ဆက်ဆံရတာလဲ...သူက မင်းကို လုံးဝမင်းကိုသဘောမကျခဲ့ဘူး... သူကလည်း လူကောင်းမဟုတ်ဘူး"
လင်းဖေး လင်းလော့ချင်းက သူ့ကိုယ်သူ ဘာကြောင့်ယခုလိုပြောလဲဆိုသည်ကို နားမလည်ပေမဲ့ လင်းလော့ချင်းက ငိုတော့မည့်ပုံပေါ်သဖြင့် မျက်ရည်တွေကို သုတ်ပေးရန်ရည်ရွယ်၍ လက်လှမ်းလိုက်သည်။
"ရှုရှုကို ကျွန်တော် အပြစ်မတင်ပါဘူး...ရှုရှု ကျွန်တော့်ကို သဘောကျမှန်း
ကျွန်တော် သိပါတယ်"
လင်းလော့ချင်း သူ့လက်ကို ကိုင်ပြီး သူ့လက်နှစ်ဖက်ကြားမှာညှပ်လိုက်သည်။
"ဒါပေါ့...မင်းကို ငါ သဘောကျတာပေါ့ ဒါပေမဲ့...ဒါပေမဲ့..."
သူ့အသံက အက်ကွဲပြီး ဗလုံးဗထွေးဖြစ်နေသည်။
"ဒါပေမဲ့ ငါက မင်းဦးလေးမဟုတ်ဘူး... မင်းသိလား လင်းဖေး... ငါက မင်းဦးလေးမဟုတ်ဘူး ..မင်းဦးလေးလုံးဝမဟုတ်ခဲ့ဘူး"
၎င်းကိုပြောပြီးသည့်အခါ သူအမြဲပြောချင်နေသည်စကားကို နောက်ဆုံးမှာပြောထွက်သွားပုံသည်။ မျက်ရည်တွေက ချက်ချင်းလျှံကျလာပြီး လင်းဖေး လက်ဖမိုးပေါ်မှာ စိုရွှဲကုန်သည်။၎င်းတို့က ပူနွေးပြီး စိုစွတ်သည်။လင်းဖေး သူပြောသည့်စကားကို နားမလည်သလို လင်းလော့ချင်း ဘာကြောင့် ရုတ်တရက်ကြီး ထငိုလဲဆိုသည်ကိုလည်းနားမလည်ပေ။
လင်းလော့ချင်းကို ကြည့်ရင်း သူ့ခေါင်းထဲရှုပ်ထွေးလာပြီ တစ်ချိန်တည်းမှာပင် ရှင်းလင်းသွားသလိုလည်းခံစားရသည်။လင်းလော့ချင်း ဆုပ်ကိုင်ထားခြင်းမရှိသော အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ လင်းလော့ချင်း၏ပါးပြင်ပေါ်ရှိ မျက်ရည်များကို ဂရုတစိုက် သုတ်ပေးလိုက်သည်။
သူ လင်းလော့ချင်း မငိုတော့အောင် ချော့ချင်သော်လည်း သူ စကားမပြောမီတွင် လင်းလော့ချင်း သူ့မျက်ရည်များကိုသူ သုတ်ရင်း မျက်လုံးလှန်ကြည့်ကာ သူ့ကို ပြုံးပြ၍မေးလာသည်။
"အရမ်းကြီးရှုပ်နေပြီလား"
"ငါမင်းကိုရှင်းပြပါ့မယ်... ငါက ဒီကမ္ဘာက မဟုတ်ဘူး...မင်း ဒီလိုမျိုးတွေးလို့ရတယ်၊မင်းဦးလေး အပါအဝင် မင်းနဲ့ တွေ့ဖူးတဲ့ တခြားသူတွေနဲ့မင်းက တောထဲမှာ နေပေမဲ ငါမနေဘူး...ငါက ပင်လယ်ထဲမှာ နေတာ... တစ်နေ့တော့ ရုတ်တရက် နိုးလာပြီး မင်းဦးလေး ဖြစ်သွားတယ်...ပင်လယ်ထဲမှာ မဟုတ်တော့ဘဲ မင်းနေတဲ့ တောထဲမှာရောက်လာတယ်...ဆိုတော့ ငါက မင်းဦးလေး မဟုတ်ဘူး...သူဘယ်မှာလဲဆိုတာလည်း ငါမသိဘူး...တောင်းပန်ပါတယ်"
လင်းဖေး အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် သူပြောသည့်စကားကို သေချာပြန်စဉ်းစားလိုက်သည်။
သူ့ဦးလေးမဟုတ်ဘူးလား...
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
ဒါပေမဲ့ သူအရမ်းဝမ်းနည်းနေပုံရတယ်... ငိုတောင်ငိုနေတော့ မလိမ်လောက်ဘူး...
ဒါဆို သူက ဘယ်သူလဲ...
ဘယ်အချိန်ကတည်းက မဟုတ်တာလဲ...
သူက အနာဂတ်ကျရင် သူတို့တောထဲမှာပဲ ဆက်နေမှာလား...
သူ့ပင်လယ်ကို ပြန်မသွားဘူးလား...
သူက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး လင်းလော့ချင်းကိုမေးလိုက်သည်။
"ဒါဆို ခင်ဗျားနိုးလာတဲ့နေ့က... ခင်ဗျား ကျွန်တော့်ကို ကျွန်တော့်ကိုရိုက်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ပြန်ရိုက်ခိုင်းမယ်လို့ပြောတဲ့နေ့လား...ကျွန်တော်က ခင်ဗျားလို့ ပြောပြီး ခင်ဗျားကို ရိုက်ချင်ခဲ့တယ်...အဲဒီနေ့လား"
လင်းလော့ချင်း သူ၎င်းကို ချက်ချင်း ခန့်မှန်းနိုင်မည်ဟု မမျှော်လင့်ထားပေ။သးက အံ့သြစွာဖြင့် ခေါင်းညိတ်ကာဆိုလိုက်၏။
"မင်းက အရမ်းဉာဏ်ကောင်းတာပဲ"
လင်းဖေးက အလွန်တည်ငြိမ်နေသည်။သူစိတ်ထဲမှာ တည်ငြိမ်မနေသော်လည်း တည်ငြိမ်သောမျက်နှာထားဖြင့်ဆိုလိုက်သည်။
"ဘာလို့လဲဆိုတော့ အဲဒီနေ့ကတည်းက ခင်ဗျားက အရင်နဲ့မတူတော့လို့လေ"
"တောင်းပန်ပါတယ်"
လင်းလော့ချင်းက တိုးတိုးလေးပြောလိုက်သည်။
"ငါ မင်းရဲ့ဦးလေးကို လုံးဝ တွန်းမထုတ်ချင်ပေမဲ့ ငါ နိုးလာတာနဲ့ သူဖြစ်သွားတယ်...ဒါပမဲ့ ငါ မင်းကို တကယ်သဘောကျတာပါ...မင်းက ငယ်သေးလို့ မင်းကို ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်မှာ ငါကြောက်တယ်၊ မင်း မယုံမှာကို ငါကြောက်တယ်...ဒါကြောင့် ငါမင်းကို မပြောခဲ့ဘူး...ဒါပေမဲ့ ငါ တကယ် မင်းကိုသဘောကျတာပါ... မင်းဦးလေးထက် အများကြီးပိုသဘောကျတာပါ"
လင်းဖေးသည် နားထောင်ရင်း အနည်းငယ် ရှုပ်ထွေးနေသေးသော်လည်း သူ့ကိုယ်သူ လင်းလော့ချင်းကို အနည်းငယ် ပိုယုံကြည်လာသည်ကိုလည်းသတိထားမိသည်။
လင်းလော့ချင်း၏ ပြောင်းလဲမှုတွေက တကယ့်ကို ကြီးမားလွန်းသည်။သူယခင်က လင်းလော့ချင်းကိုလက်လျော့ပြီးနေပြီဖြစ်သည်။လင်းလော့ချင်းကို မကယ်တင်နိုင်တော့ဘူးဟု သူခံစားခဲ့ရသည်။သို့ပေမဲ့ ရုတ်တရက် ထိုနေ့ကစပြီး လင်းလော့ချင်းက လူစားလဲလိုက်သလို ဖြစ်လာသည်။လင်းလော့ချင်း သေခါနီးရောဂါတစ်ခုများရနေသလားဟုပင်သူထင်ခဲ့သည်။ နောက်တော့မှ သူ ထိုသို့မဟုတ်မှန်းသိလာပြီး ပြောင်းလဲသွားသည့် လင်းလော့ချင်းကို သူ သဘောကျသည့်အတွက် သိပ်ပြီးမစဉ်းစားဘဲ အမြဲတမ်းထိုသို့ဖြစ်နေရန် မျှော်လင့်ခဲ့သည်။
မထင်မှတ်ပဲ၊ ဤလူက တကယ်လူပြောင်းသွားခြင်းဖြစ်သည်။
"ဒါဆို ခင်ဗျား တစ်နေ့နိုးလာတဲ့အခါ ရုတ်တရက်ကြီး ပြန်ပြောင်းသွားဦးမှာလား”
"ငါလည်းမသိဘူး"
လင်းလော့ချင်း သေချာမသိပေ။
"မသိဘူး...ဒါပေမဲ့ အခုထိတော့ ပြန်မပြောင်းသေးဘူး"
လင်းဖေး သူပြောသည်ကိုကြားသောအခါ အနည်းငယ်စိုးရိမ်သွားသည်။လင်းလော့ချင်း ပြန်ပြောင်းသွားမှာကို သူ မကြိုက်ပေ။လင်းလော့ချင်း အမြဲယခုလိုဖြစ်နေရန် သူမျှော်လင့်သည်။
"မင်း ငါ့ကို ပြန်ပြောင်းစေချင်လား"
လင်းလော့ချင်း သတိကြီးကြီးနှင့် စမ်းမေးကြည့်လိုက်သည်။
လင်းဖေးက ခေါင်းခါသည်။
လင်းလော့ချင်း ဝမ်းသာအားရနှင့်မေးလိုက်သည်။
"ဒါဆို ငါ မင်းရဲ့ရှုရှုဆက်ဖြစ်လို့ရမလား"
ရှားရှားပါးပါး လင်းဖေးသည် ဤမေးခွန်းကြောင့် သူ ကြောင်အသွားကြောင်းတွေ့လိုက်ရသည်။
သူက လင်းလော့ချင်း ၏ရှင်းပြချက်ကိုလက်ခံခဲ့ပြီး လင်းလော့ချင်း၏စကားအရ၊ သူက အမှန်တကယ်တွင် သူ၏မူလဦးလေးမဟုတ်သောကြောင့် သဘာဝအတိုင်း သူ့ဦးလေးမဖြစ်နိုင်တော့ပေ။သူ့ဦးလေးသည် သူ့မားမား၏မောင် "လင်းလော့ချင်း" ဖြစ်သော်လည်း လက်ရှိလင်းလော့ချင်းက သူမားမား၏မောင်မဟုတ်ပေ။
လင်းဖေးက ခေါင်းခါလိုက်သည်။
"ခင်ဗျားက ကျွန်တော့်ဦးလေးမဟုတ်ဘူးလေ" ဟု သူက လေးလေးနက်နက် ပြောလိုက်သည်။
လင်းလော့ချင်း သူ့ကိုပြန်ပြောင်းစေချင်လားဟုမေးတုန်းက လင်းဖေးက ခေါင်းခါပြသည်ကို မြင်သောအခါ လင်းဖေးက သူ့ကို ပိုသဘောကျသဖြင့် သူ့ဦးလေးအသစ်ဖြစ်လာသည်ကို တွေ့ လျှင် သူပျော်နေလောက်သည်ဟု သူထင်ခဲ့သည်။ထို့သို့သောအမြင်ဖြင့် သူ အမြန်မေးလိုက်ခြင်းဖြစ်ဖြင့် အငြင်းခံရခြင်းဖြင့်အဆုံးသတ်သွားသည်။ယင်းက တကယ်ကို မယုံနိုင်စရာအခိုက်အတန့်ပါပင်။
သူ လင်းဖေးကို ခဏလောက်ကြည့်ပြီးနောက် စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်သည်။
သူနားလည်ထားသင့်သည်က လင်းဖေးက အေးဆေးတည်ငြိမ်ပြီး လေးနက်သည့် စရိုက်လက္ခဏာရှိကာ သူ့စိတ်ထဲမှာ လူတိုင်းအတွက် သတ်မှတ်ထားသည့် အခေါ်အဝေါ်များရှိပြီးသားဖြစ်သည်။သူက "လင်းလော့ချင်း" မဟုတ်ပေ။ ထို့ကြောင့် ရှုရှုဟူသောဘွဲ့ကို သဘာဝအတိုင်း မရနိုင်ပေ။
"ဒါဆို မင်းငါ့ကို အခုကနေစပြီး ဦးလေးလို့ ခေါ်လို့ရတယ်"
လင်းလော့ချင်း အလွန်ကြီး စိတ်ပျက်နေသည့်ပုံမပေါက်အောင် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။
ဦးလေးကလည်း ကောင်းပါတယ်...လင်းဖေးက သူ့ကို သူစိမ်းတွေကိုခေါ်တဲ့ဦးလေးလို့မဟုတ်ဘဲ အဖေဘက်က ဦးလေးလို့ခေါ်တယ်လို့ပဲမှတ်ယူလိုက်ရုံပေါ့...
လင်းလော့ချင်း သူ့ကိုယ်သူ နှစ်သိမ့်ခဲ့သည်။
(T/N–လင်းဖေးက လင်းလောချင်းကိုအရင်က အမေဘက်ဦးလေးအနေနဲ့ကျို့ကျို့လို့ခေါ်တာပါ။အခုလင်းလော့ချင်း ခေါ်ခိုင်းတဲ့ဦးလေးကကျ ကိုယ့်မိဘနဲ့သက်တူရွယ်တူ သူစိမ်း/အသိအကျွမ်း ဒါမှမဟုတ် အဖေဘက်ကဦးလေးကိုခေါ်တဲ့ ရှုရှုပါ။ဒါကို မသဲကွဲမိလို့ ရှုရှုလို့ပဲ သုံးလာခဲ့မိတယ် သွေ့ပုချိ🥺)
"ရှောင်ယွီနဲ့ မင်းရှုရှုရှေ့မှာကျ မင်းငါ့ကိုဦးလေးလို့ခေါ်လို့မရဘူး...အရင်လိုပဲခေါ်ရမယ်...မဟုတ်ရင် ထူးဆန်းနေလိမ့်မယ်"
လင်းဖေး အနည်းငယ် တုံ့ဆိုင်းသွားသည်။
သူလင်းလော့ချင်းကို ဦးလေးဟု မခေါ်သင့်ဘူးဟု ခံစားရသည်။သူဦးလေးဟုခေါ်သည့်လူတွေက သူ နေ့တိုင်းမတွေ့ရသည့်လူတွေဖြစ်သည်။သူတို့က သူ့ကို ဤမျှလောက်ဂရုစိုက်မှာလည်း မဟုတ်ပေ။သူတို့ကို မတွေ့ရလျှင်လည်း လင်းဖေး သူတို့ကိုလွမ်းမှာမဟုတ်ပေ။သူတို့ကိုတွေ့ရလျှင် ပျော်မှာမဟုတ်သလို သူတို့ သူ့ဘဝထဲမှာရှိရှိ မရှိရှိသူ့အတွက် ဘာမှမထူးခြားသည်ကိုသူတွေ့ရသည်။
သို့သော် လင်းလော့ချင်းက သူ့အပေါ်သက်ရောက်မှုများစွာ ရှိနေသည်မှာ ထင်ရှားသည်။
သူက တခြားသူတွေနှင့်မတူပေ။အကယ်၍သူ လင်းလော့ချင်းကိုပြန်ရိုက်ခဲ့သည့်နေ့က သူတို့နှစ်ယောက် ပထမဆုံးတွေ့ဖူးသည့်နေ့ဟု ယူဆရမည်ဆိုလျှင် လင်းလော့ချင်းက သူ့အပေါ်အမြဲကြင်နာခဲ့သည်။သူက အစကတည်းက သူ့အပေါ် အလွန်ကြင်နာပြီး သူနှင့်နီးနီးကပ်ကပ်နေရသည်ကို သဘောကျသည်။ခဏခဏ သူ့ကို နမ်းပြီး ခဏခဏ ဖက်လေ့ရှိသည်။
သူ့အတွက် အဝတ်အစား၊ အရုပ်တွေ၊ စာအုပ်တွေဝယ်ပေးပြီး သူ့ကို ပြုစုစောင့်ရှောက်ပေးကာ သူ့ကိုအဖော်ပြုပေးသည်။ သူက လျစ်လျူရှုထားလျှင်ပင် လင်းလော့ချင်းက စိတ်ဆိုးမှာမဟုတ်ဘဲ စိတ်ရှည်လက်ရှည်ချော့မော့ပြီး စကားပြောပေးသည်။
သူ့ကို နိယာမတွေ အများကြီးသင်ပေးပြီး သူတစ်ခါမှမမြင်ဖူးသည့် ရှုခင်းတွေ အများကြီးကြည့်ရန် ခေါ်သွားပေးသည်။
လင်းဖေး၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်၊ ၎င်းမှာ သူ့မားမားဖြစ်သည်။
သူတွေ့ဖူးသည့်လူတွေအများကြီးထဲမှာ သူ့မားမားကသာ သူ့ကိုစတွေ့သည့်အချိန်ကစ၍ ချစ်ပေးခဲ့သည်။သူ့ကိုဂရုစိုက်ပေးပြီး သူနှင့်နီးနီးကပ်ကပ်နေကာ သူ့ကိုပင်စနောက်ကျီစယ်ခဲ့သည်။သူက "ဖေးဖေး သားကဘာလို့ဒီလိုဖြစ်နေရတာလဲ...ဒီလိုမျိုးဆက်လုပ်နေရင် တခြားသူတွေက သားကို သဘောကျမှာ မဟုတ်ဘူး"ဟုပြောပေမဲ့ သူမက သူ့အပေါ်အမြဲတမ်းကြင်နာပြီး ချစ်နေဆဲပင်။
အမှန်တကယ်တွင် လင်းလော့ချင်းကသူ့မားမားနှင့် အလွန်တူသည်။
သူ့လုပ်ခဲ့သည်များက သူ့မားမားထက် သူ့စရိုက်ကို ပိုသဘောကျပုံပေါ်သည်ကလွဲလျှင် သူ့မားမားနှင့် ဆင်တူ၏။
လင်းဖေး၏ စိတ်ထဲတွင် စကားတစ်ခွန်း ရုတ်တရက် ထွက်ပေါ်လာသည်။လွန်ခဲ့သည့် နှစ်ရက်လုံးလုံး သူနေ့တိုင်း ကြားနေရသော်လည်း မသိနားမလည်ခဲ့သော စကားတစ်ခွန်း။
——"အဖေဆိုတာက ကိုယ့်အပေါ် အကောင်းဆုံးယောက်ျား၊ သူက ကိုယ့်ထက်အသက်ကြီးတယ်၊ ကိုယ့်ထက် ပိုစိတ်ချရတယ်၊ကိုယ့်ကို ဂရုစိုက်ချင်တယ်၊ကိုယ့်ကို ဂရုစိုက်တယ်၊ ကိုယ့်ကို ချစ်တယ်၊ ကိုယ့်ကို အဖော်ပြုပေးတယ်"
ယခင်က ကျိလဲ့ယွီ သူ့ကိုပြောခဲ့သည်ကို သူ သတိရသွားသည်။
ဒါက အဖေလား...လင်းဖေးကတွေးလိုက်သည်။အကြောင်းမှာ ထိုသို့သာဆိုလျှင် လင်းလော့ချင်းက သူ့အတွက် အဖေနှင့်တကယ်ကိုတူသည့်အတွက်ဖြစ်၏။
လင်းလော့ချင်းက သူ့မားမားနှင့် အလွန်တူသည်။သူ့မားမားလိုပဲ သူ့ကို ဂရုစိုက်ချင်သည်၊ ဂရုစိုက်သည်၊ သူ့ကို အဖော်ပြုပေးသည်၊ ပုံပြင်တွေ ပြောပြတတ်သည်။သို့ပေမဲ့ လင်းလော့ချင်းက သူ့အမေမဟုတ်ပေ။ထို့ကြောင့် လင်းလော့ချင်းက "မားမား" ဟူသော စကားလုံး၏ ဆင်တူယိုးမှားပုံစံဖြစ်သော အခန်းကဏ္ဍကိုသာ ဖြည့်နိုင်ပြီး၊ ယင်းက "ပါးပါး"ဖြစ်သည်။
လင်းဖေး ယနေ့တွင် ပါးပါးဟူသော စကားလုံး၏အဓိပ္ပါယ်နှင့်အခန်းကဏ္ဍကို နောက်ဆုံးတွင် သိရှိလာသည်။သူ့လက်က "ပါးပါး"ဟူသည့်စကားလုံးကို မသိစိတ်ဖြင့် အလိုအလျောက် သူ့ဘေးမှာရေးလိုက်သည်။ သူ့ရှေ့မှ လူကို ကြည့်ကာ သူစမ်းမေးကြည့်လိုက်သည်။
"ခင်ဗျားကို ဦးလေးလို့ မခေါ်လို့ရလား"
လင်းလော့ချင်း:...
လင်းလော့ချင်း သူတကယ်ထပ်ငိုမိတော့မလို ခံစားလိုက်ရသည်။ဦးလေးတောင်မရဘူးလား... ဒါဆိုဘယ်လိုခေါ်မှာလဲ...မင်းငါ့ကို နာမည်တပ်ပြီးတော့တော့ ခေါ်လို့မရဘူးလေ ဟုတ်တယ်မလား...
လင်းဖေး သူ့ကိုဘယ်လိုခေါ်မည်ဟုစဥ်းစားထားလဲဟုမေးတော့မည့်အချိန်မှာ ထိုကလေးက အသံသေးသေးလေးဖြင့် မေးသည်ကို သူကြားလိုက်ရသည်။
"ပါးပါးလို့ ခေါ်လို့ရမလား"
"ခင်ဗျားက ကျွန်တော့်ဦးလေးမဟုတ်ဘူး...ဒါပေမဲ့ သူစိမ်းလည်းမဟုတ်ဘူး...ကျွန်တော် ခင်ဗျားကိုဦးလေးလို့မခေါ်ချင်ဘူး...ပါးပါးလို့ပဲ ခေါ်လို့ရမလား"
လင်းလော့ချင်း: ! ! ! ! !
လင်းလော့ချင်း သူ့ရှေ့မှ ကလေးအား ထိတ်လန့်တကြား ကြည့်ကာ ထခုန်လုနီးပါးပင်။
ခဏမျှ ကြက်သေသေနေပြီးနောက် လင်းလော့ချင်းနောက်ဆုံးမှာ တုံ့ပြန်နိုင်သွားကာ လင်းဖေးကို ဆွဲပွေ့ကာ ပါးပြင်ကို ထပ်ခါတလဲလဲ နမ်းလိုက်သည်။
"ရတာပေါ့ ရတာပေါ့...ခေါ်လို့ရတယ်"
လင်းလော့ချင်းက အံ့ဩတကြီးဆို၏။
"ဖေးဖေး... မင်းက ဘာလို့ ဒီလောက်ကောင်းရတာလဲ...ပါးပါး မင်းကို ချစ်တယ်...ပါးပါး မင်းကို အမြဲတမ်း အကြိုက်ဆုံးပဲ"
စကားဆုံးသောအခါတွင် သူ ပျော်ရွှင်မှုကို မထိန်းနိုင်ဘဲ လင်းဖေးကို ထပ်နမ်းလိုက်သည်။
လင်းဖေး: ......
လင်းဖေး လင်းလော့ချင်းထံမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခြင်းခံရပြီး သူ့မျက်နှာတစ်ခုလုံးပေါ်မှာ စိုစိစိ အထိအတွေ့ကို ခံစားလိုက်ရသည်။သူ့အတိတ်ကဦးလေးအဟောင်းတဖြစ်လဲ လက်ရှိသူ့ပါးပါးက ခေါင်းမကောင်းလောက်ဟု ခံစားလိုက်ရသည်။ မဟုတ်ရင် ဘာလို့ သူ့ကို ဒီလောက်ထိ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီး အဆုံးမရှိ နမ်းနေမှာလဲ...
ယခုလိုအချိန်များတွင် သူက(လင်းလော့ချင်း) လင်းလေ
ာ့ရှီးနှင့်တကယ်နည်းနည်းလေးမှမတူပေ။မည်သို့ပင်ဖြစိစေ သူကအစကတည်းက သူ့မားမားမဟုတ်သောကြောင့် သဘာဝအတိုင်း သူမနှင့်တူမည်မဟုတ်ပေ။
လင်းဖေး အကူအညီမဲ့သလို ခံစားရသည်။ ဒါက သူ့အဖေလား...
သေချာတယ်၊သူ လုံးဝ အဖေမလိုဘူးပဲ...