အပိုင်း ၁၈၅
Viewers 35k

Chapter 185



လင်းလော့ချင်း သူ့ကို အချိန်အတော်ကြာ နမ်းနေခဲ့ပြီး နောက်ဆုံးတွင် သူ၏ ပျော်ရွှင်ပီတိဖြစ်မှုထဲမှ အသိစိတ်အချို့ ပြန်လည်ရရှိလာကာ လင်းဖေးအား နူးညံ့စွာ ကြည့်နေခဲ့သည်။


သူ့မျက်နှာပေါ်တွင် ပြောင်အောင်မသုတ်ရသေးသော မျက်ရည်စအချို့ ရှိနေသေးသည်။


လင်းဖေးက သူငိုသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ အနည်းငယ် ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။


သူက လင်းလော့ချင်း၏ အနည်းငယ်နီသော မျက်ခွံများကို ကြည့်လိုက်ရာ ယခုလိုအချိန်များတွင် သူက အဖေတစ်ယောက်နှင့်လုံးဝမတူဟုတွေးမိသည်။ ကလေးတစ်ယောက်နှင့်ပိုတူပြီး ဘယ်လိုငိုရမှန်းလည်းသိသေးသည်။


လင်းလော့ချင်း၏ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးရန်ရည်ရွယ်၍ သူ့လက်ကို မြှောက်လိုက်သည်။သူလင်းလော့ချင်း၏ မျက်နှာကို ထိလိုက်သည်နှင့် လင်းလော့ချင်းက ရှက်ရွံ့သွားပြီး သူ့ဘာသူမျက်ရည်တွေကို သုတ်လိုက်သည်။


"ငါ မျက်နှာသွားသစ်လိုက်ဦးမယ်" သူက လင်းဖေးအား ပြောလိုက်သည်။


၎င်းကိုပြောပြီးနောက် တစ်ခုခုကို သတိရသွားပြီး ထပိပြောလိုက်၏။

"ငါ မင်းကို ရေချိုးဖို့ခေါ်သွားပေးမယ်...ခုနကပြောထားတယ်လေ"


နောက်ဆုံးတွင် သူခက်ခက်ခဲခဲအငိုရပ်သွားသည်ကိုမြင်လိုက်ရသဖြင့် လင်းဖေးသည် ဘာမှပြန်မပြောရဲပေ။နီရဲနေသေးသော မျက်လုံးများကနေ မျက်ရည်ပြန်ကျလာမည်ကို သူစိုးရိမ်သည်။


လင်းဖေးအတွက် သူ့ဘာသူချိုးနိုင်သည်ဟု ပြန်မပြောသည်ကရှားသော်လည်း ယခုတစ်ကြိမ်တွင် သူ့လက်နှစ်ဖက်ကို နာခံစွာဖွင့်ပေးလာသည်။


လင်းလော့ချင်း လင်းဖေးက သူ့လက်နှစ်ဖက်ကိုဖွင့်ပြီး ချီခိုင်းသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၏။အဖေတစ်ယောက်ဖြစ်လာသည်နှင့် တကယ့်ကိုမတူဘူးပဲဟု သူ တိတ်တိတ်လေးတွေးလိုက်သည်။သူက လင်းဖေးကို ပျော်ရွှင်စွာပွေ့ချီပြီး တမင်လှုပ်ယမ်းကာ အပြုံးလေးနှင့်ပြောလိုက်သည်။


"သွားကြစို့~ရေချိုးကြမယ် ရေး"


လင်းဖေး: ......


သူက တကယ်ကို ကလေးတစ်ယောက်လိုပဲ...


လင်းလောချင်း သူငိုထားမှန်းမသိသာအောင် သူ့မျက်နှာကို သေချာ ဆေးကြောလိုက်သည်။ထိုနောက်မှသာ နောက်လှည့်ပြီး လင်းဖေး၏ ညဝတ်အင်္ကျီကို ကြယ်သီးတွေ ဖြုတ်လိုက်သည်။


လင်းဖေး မျက်လွှာချထားသောမျက်နှာကို ကြည့်ပြီး သိချင်စိတ်ဖြင့်မေးလိုက်သည်။


"ခင်ဗျားက ကျွန်တော့်ဦးလေးမဟုတ်ဘူးဆိုတော့ ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ" 


"ငါ့နာမည်က လင်းလော့ချင်း"

လင်းလော့ချင်းက သူ့ကို မော့ကြည့်လာ၏။

"မင်းဦးလေးနဲ့ နာမည်အတူတူပဲ"


လင်းဖေးအနည်းငယ် အံ့သြသွားပြီးဆိုလိုက်သည်။

"ဒါဆို ခင်ဗျားရဲ့အရင်ကပုံစံက ဘယ်လိုမျိုးလဲ"


"အတူတူနီးပါးပဲ"


လင်းဖေးမှင်တက်သွား၏။

"ဒါဆို ခင်ဗျားနေတဲ့ ပင်လယ်မှာ ကျွန်တော် နောက်တစ်ယောက်ရှိသေးတယ်ပေါ့"


"မဟုတ်ဘူး" 

လင်းလော့ချင်းက ခေါင်းခါလိုက်သည်။ သူက ဝတ္ထုတစ်ပုဒ်ထဲကိုကူးပြောင်းလာခြင်းဖြစ်သည်။အပြိုင်ကမ္ဘာထဲကိုမဟုတ်ပေ။လင်းဖေးနောက်တစ်ယောက် မည်သို့ ရှိနိုင်ပါမည်နည်း။


သူက ပြုံးပြီး လင်းဖေး၏နှာခေါင်းလေးကို တို့လိုက်သည်။

"မင်းလို ချစ်ဖို့ကောင်းပြီး ဥာဏ်ကောင်းတဲ့ ကလေးက လောကကြီးတစ်ခုလုံးမှာ တစ်ယောက်ပဲရှိတယ်"


လင်းဖေး လင်းလော့ချင်း၏ အခွင့်အရေးရတိုင်းချီးကျူးသည့် အပြုအမူကို ကျင့်သားရနေပြီဖြစ်သည်။ သူက လင်းလော့ချင်း၏ ပြုံးနေသော မျက်လုံးများကို ကြည့်ပြီး ဤလူကတကယ်ကို ယခင်ကလင်းလော့ချင်းနှင့်မတူကြောင်း တွေးနေမိသည်။ယခင် လင်းလော့ချင်းသာဆိုလျှင် သူ့ကို မည်သို့ ချီးမွမ်းမည်နည်း။ သူ့ကို ငေါက်ပဲငေါက်လိမ့်မည်။


သူတို့နှစ်ယောက်က တကယ်ကို ကွာခြားလွန်းသည်။


သို့ပေမဲ့ သူလာသည့်နေရာမှာ လင်းဖေးနောက်တစ်ယောက်မရှိသည်က ကောင်းသည်။မဟုတ်လျှင် သူက တခြားလင်းဖေး၏ ဦးလေးကို ခိုးယူထားသလိုဖြစ်သွားလိမ့်မည်။ယင်းကတကယ် မကောင်းပေ။


"ခင်ဗျားလာတဲ့နေရာမှာ ခင်ဗျားတစ်ယောက်တည်းလား"

သူက ဆက်မေးသည်။


"အဲလိုပဲပြောရမှာပေါ့"

လင်းလော့ချင်းက သူ့အဝတ်အစားတွေကို ချွတ်ပြီး ရေချိုးကန်ထဲကို သယ်သွားပေးသည်။


သူ့မိဘတွေ ဆုံးပါးသွားသည်မှာ ကြာပြီဖြစ်သဖြင့် ဆွေမျိုးတွေနှင့် အတူတူနေ သည်။မည်သို့ပင်ဖြစ်စေ ဆွေမျိုးတွေက မိဘအရင်းနှင့်မတူပေ။သူတို့က သူ့ကို ပြုစု ပျိုးထောင်ရန်ဆန္ဒရှိသည်ကပင် အတော်လေး ကောင်းနေပြီဖြစ်သဖြင့် သဘာဝအတိုင်း သူအနေဖြင့် သူတို့ဆီက ချစ်ခြင်းမေတ္တာ များများစားစား မတောင်းဆိုနိုင်ပေ။


လင်းလော့ချင်းအနေဖြင့် အခြားသူများ၏အိမ်တွင်နေထိုင်ပြီး အခြားသူများ၏မိသားစုများ ပျော်ရွှင်နေကြသည်ကိုပဲ ကြည့်ရှုနေရပြီး သူကိုယ်တိုင်မပါဝင်နိုင်သည့်ခံစားချက်ကို တွေ့ကြုံခံစားခဲ့ရသည်။ ထို့ကြောင့် ကျိလဲ့ယွီ သူ့ကို ပါးပါးဟု ခေါ်ပြီးနောက်တွင် လင်းဖေးအား သူ့ကို ပါးပါးဟု ခေါ်ချင်လားဟု မေးခဲ့ခြင်းဖြစ်သည်။သူ လင်းဖေးကို သူ့လိုမျိုးမခံစားရစေချင်ပေ။သို့ပေမဲ့ လင်းဖေးမှာ သူ့ကိုယ်ပိုင်အတွေးအမြင်တွေရှိ၏။ သူ့မှာ အဖေမရှိဘူးဟုသာ တည့်တိုးပြောလာခဲ့သည်။


လင်းလော့ချင်း မူလက အဖေ့ဘွဲ့ကို စွန့်လွှတ်ခဲ့ပြီး လင်းဖေး၏ဦးလေး ဖြစ်ချင်သည်။ထိုခေါင်းစဥ်အောက်တွင် လင်းဖေးက သူ့တူလေးဖြစ်မည်ဖြစ်သော်လည်း သူလင်းဖေးကိုသူသားကဲ့သို့ဆက်ဆံနိုင်သည်။ မမျှော်လင့်ဘဲ လင်းဖေးက သူ့ကိုယ်ပိုင် စဉ်းစားတွေးခေါ်မှုနှင့် ယုတ္တိဗေဒကို အားကိုးကာ သူ့ကို အဖေဘွဲ့ပေးလိုက်၏။


ယင်းက မူလပိုင်ရှင်နှင့်တစ်သားတည်းဖြစ်နေသည့်သူ့ကိုမဟုတ်ဘဲ အစစ်အမှန်သူ့ကိုဖြစ်သည်။


လင်းလော့ချင်း ဤအရာကို တွေးလိုက်သောအခါ ပို၍ပင် ပျော်ရွှင်လာသည်။


မထိန်းနိုင်ဘဲ လင်းဖေး၏မျက်နှာကို နမ်းလိုက်ပြန်ပြီး ချစ်မြတ်နိုးစွာ ခေါ်လိုက်သည်။

"ပါးပါးရဲ့ပေါင်ပေ့လေး"


လင်းဖေးက ပါးပါးဟူသော စကားလုံးနှင့် သိပ်မရင်းနှီးသေးသော်လည်း လင်းလော့ချင်းက ပျော်ရွှင်နေသဖြင့် သူ၏ နှလုံးသားထဲရှိ ငှက်ကျားလေးကလည်း နှစ်ကြိမ်တိုင်တိုင်အော်မြည်နေသည်။ 

"ပြဿနာမရှာနဲ့.. သူ့ကိုပေးပျော်လိုက်ပါ"


လင်းလော့ချင်း ပျော်နေသရွေ့ ကောင်းပါသည်။


လင်းလော့ချင်းက သူ့မူလနေရာမှာတစ်ယောက်တည်းနေခဲ့ရသည်။အနည်းဆုံးတော့ ဤနေရာမှာ သူ၊ ကျိယွီရှောင်၊ ကျိလဲ့ယွီတို့နှင့် အတူနေရသည်။ထို့ကြောင့် ဤနေရာကို ပိုနှစ်သက်လောက်သည်။


"ပင်လယ်ထဲမှာနေနေတာဆိုတော့... ခင်ဗျားက အရင်က ရေသူမလား" လင်းဖေးက ရုတ်တရက်ပြောလိုက်သည်။


လင်းလော့ချင်းကရယ်လိုက်သည်။


 "ဘယ်ဟုတ်မလဲ...အဲဒါက တင်စားပြီးပြောတာ...တစ်ခုခုနဲ့နှိုင်းပြီးပြောတာလေ သိတယ်မဟုတ်လား ...မင်းက ငယ်သေးတယ်၊ ဒါကြောင့် အသေးစိတ် ရှင်းပြလို့ မရဘူး... မင်းကို ဥပစာတစ်ခုပဲ ပေးလို့ရတယ်...စောင့်လိုက်ဦး... မင်းကြီးလာရင် မင်းနားလည်လိမ့်မယ်"


လင်းဖေးက ခေါင်းညိတ်ပြသော်လည်း အရှုံးကို ဝန်ခံရန် ငြင်းဆိုလိုက်သည်။ "ဒါဆို ကျွန်တော့်ကို အသေးစိတ် အရင်ပြောပြ...ကျွန်တော် ဖြည်းဖြည်းချင်း စဉ်းစားမယ်...အခု နားလည်နိုင်ချင်လည်းနားလည်မှာပေါ့"


သူက အမြဲတမ်း ထက်မြက်ပြီး ယုံကြည်မှုရှိကာမာနကြီးသည်။မဟုတ်ရလျှင် လင်းလော့ချင်းအနေဖြင့် ကလေးတစ်ယောက်ဆီမှာ သူ၏ကူးပြောင်းလာမှုအကြောင်း ဝန်ခံမှာမဟုတ်ပေ။


ထို့ကြောင့် လင်းလော့ချင်းက မငြင်းဘဲအလေးအနက်ရှင်းပြလိုက်သည်။

"ငါက အစက တခြားကမ္ဘာလောကဇာတိ...တစ်ရက်မှာ အိပ်ရာက နိုးလာပြီး မင်းဦးလေးဖြစ်လာပြီး မင်းတို့ကမ္ဘာက လူတစ်ယောက်ဖြစ်လာတယ်"


လင်းဖေး ရှုပ်ထွေးသွား၏။

"ကမ္ဘာနှစ်ခုရှိတာလား"


ဤအချိန်၌ သူကကမ္ဘာလောကဟူသောအယူအဆနှင့်ပတ်သတ်ကြီးသိချင်လာပြန်သည်။

"လောကဆိုတာကဘာလဲ...မားမားသေတော့ သူတို့ကပြောကြတယ်...မင်းအမေကလောကကြီးကနေထွက်သွားပြီတဲ့...ဒါဆိုမသေးသေးတဲ့လူတွေက ဒီလောကထဲမှာရှိမှာလား... ဒါပေမဲ့ ခင်ဗျားက တခြားကမ္ဘာတစ်ခုရှိတယ်လို့ပြောတယ်...ဒါဆို အဲဒီကမ္ဘာက ဘာလဲ"


"ပေါင်ပေ့" 

လင်းလော့ချင်းက သူ့ကိုကြည့်ကာ ရိုးရိုးသားသား ပြောလိုက်သည်။


"မင်းပါးပါးက မင်းသား၊ သိပ္ပံပညာရှင်မဟုတ်ဘူး...ဒသနဆိုင်ရာမေးခွန်းတွေမေးရင် နားမလည်ဘူး"


လင်းဖေး အနည်းငယ် အံ့သြသွားသော်လည်း သူ့လေသံက ယခင်အတိုင်း အေးဆေးတည်ငြိမ်နေသည်။ "လူကြီးတွေတောင် နားမလည်ဘူးလား"


“လူကြီးတွေလည်း အမှားတွေ လုပ်မိကြသလိုပဲ၊လူကြီးတွေ နားမလည်တဲ့ အရာတွေ အများကြီးရှိတယ်...မင်းမှာ စူးစမ်းချင်စိတ်ရှိရင် ကြီးလာတဲ့အထိစောင့်၊ သိပ္ပံပညာရှင်လုပ်ပြီး စကြဝဠာရဲ့ မူလအစနဲ့ ကမ္ဘာရဲ့အဆုံးသတ်ကိုလေ့လာ"


လင်းဖေးက ခေါင်းညိတ်သည်။

 "ဪ"


လင်းလော့ချင်း လူကြီးလေးတစ်ယောက်လို လေးနက်သည့် မျက်နှာထားနှင့်"ဪ"ဟု ပြောလိုက်သည့်သူ့ကိုကြည့်ပြီး သူ့မျက်နှာကို ဆွဲကာ နမ်းပြန်သည်။


လင်းဖေး: ......


ဒီလူက သူ့ကို နမ်းရတာ တကယ်ကြိုက်တာပဲ...


"ဟုတ်ပြီ" 


လင်းလော့ချင်း သူ့ကိုသတိပေးရန်မမေ့ပေ။

"မင်းရဲ့ရှုရှုနဲ့ရှောင်ယွီကို ဒီအကြောင်းကို မပြောနဲ့ဦးနော်... ငါသူတို့ကို နောက်ကျပြောပြမှာ...ဒါပေမဲ့ အခု ပြောလို့မရသေးဘူး အိုကေလား"


"အိုကေ" 

လင်းဖေးက သဘောတူသည်။


"ဖေးဖေးက အကောင်းဆုံးပဲ" 

လင်းလော့ချင်းက ထိုသို့ပြောပြီး သူ့ကိုထပ်နမ်းလိုက်ပြန်သည်။


လင်းဖေး: ......


လင်းဖေး အနမ်းခံရလွန်း၍ ထုံကျင်လာတော့မလို ခံစားလိုက်ရသည်။


လင်းလော့ချင်းက ရေချိုးပြီးသည်နှင့် သူ့ကို အပြင်ထုတ်ကာ သူ့ကိုအိပ်ယာကူခင်းပေးခဲ့သည်။


သူက လင်းဖေးကို အဖေတစ်ယောက်၏ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသောအကြည့်ဖြင့်ကြည့်လိုက်ပြီး ထွက်ခွာရန် ဝန်လေးနေသည်။


"ပါးပါး ဒီည မင်းနဲ့ အိပ်မယ်နော်"

လင်းလော့ချင်း သူ့ကို ပွေ့ဖက်ပြီး ချော့ပြောလိုက်သည်။


လင်းဖေးမှာ ကန့်ကွက်စရာမရှိပေ။

"ဟုတ်"


"ဒါဆို မင်းရှုရှုကို သွားပြောလိုက်ဦးမယ်"


သူပြောပြီးသည်နှင့် တစ်စုံတစ်ခုကို သတိပြုမိပြီးရယ်လိုက်ပြန်သည်။

"အခု မင်းကငါ့ကို ပါးပါးလို့ ခေါ်တော့ သူ့ကိုရှုရှုလို့ ခေါ်လို့မရတော့ဘူးထင်တယ်"


လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။ကျိယွီရှောင်ကို ဘယ်လိုခေါ်ရမည်ဆိုသည်ကို သူစဉ်းစားထားပြီးသားဖြစ်သည်။

"အခုကနေစပြီး သူ့ကို ဒယ်ဒီလို့ခေါ်မယ်"


လင်းလော့ချင်း: ? ? ?


"ပါးပါးလို့ မခေါ်ဘူးလား"


"ကျွန်တော် နှစ်ယောက်လုံးကို ပါးပါးလို့ခေါ်ရင် နှစ်ယောက်လုံးရှိနေတဲ့အချိန်ဆို ကျွန်တော်ဘယ်သူ့ကိုခေါ်လဲဆိုတာ ပြောနိုင်ပါ့မလား"


လင်းလော့ချင်း: ဒါ...


လင်းဖေးက ပြုံးပြီး ဂုဏ်ယူနေသည့်ပုံနှင့်ဆိုသည်။

"မပြောနိုင်ဘူးမဟုတ်လား"


ကျိလဲ့ယွီနှင့် ကျိယွီရှောင်နှင့်လင်းဖေးတို့၏ ပုံမှန်အပြန်အလှန် ပြောဆိုဆက်ဆံမှုကနေ ၎င်းကိုသတိထားမိပြီးနေပြီဖြစ်သည်။ အိမ်မှာသူတို့ထဲကတစ်ယောက်ပဲရှိနေလျှင်အဆင်ပြေပေမဲ့ နှစ်ယောက်လုံးရှိနေလျှင် ကျိလဲ့ယွီကပါးပါးဟုခေါ်ချိန်၌ သူ့တို့ဘယ်သူ့ကိုခေါ်မှန်းပင်မသိကြပေ။နှစ်ယောက်စလုံး ကျိလဲ့ယွီကိုလှမ်းကြည့်ကြသည်။


အရမ်းတုံးတာပဲ... လင်းဖေး သူ့ကိုယ်သူ တွေးလိုက်သည်။သူ့ညီလေးက တကယ်ကို တုံးလွန်းလှသည့် ငတုံးလေးပင်။


"ကျွန်တော်က ကျိလဲ့ယွီလို မတုံးဘူး...ခင်ဗျားကို ပါးပါးလို့ခေါ်ပြီး ရှုရှုကျိကိုဒယ်ဒီလို့ ခေါ်မယ်...ဒီနည်းနဲ့ဆို ကျွန်တော်ဘယ်သူ့ကိုခေါ်နေမှန်းတန်းသိမှာမဟုတ်ဘူးလား"


လင်းလော့ချင်း: ...အနာဂတ်ဘော့စ်အလောင်းအလျာကြီးပီသပါပေတယ်... သူက ငါ့ကို ပါးပါးလို့ စခေါ်လိုက်တာနဲ့ အကုန်လုံးကို စီစဉ်ပြီးသားပဲ...


"ကောင်းပြီ" 


လင်းလော့ချင်း ခေါင်းညိတ်ပြီး ဥက္ကဋ္ဌလေးလင်း ပြောသည်ကို နားထောင်လိုက်သည်။

"ဒါဆို မင်းဒယ်ဒီကို ဒီည မင်းနဲ့ အိပ်ချင်တယ်လို့ သွားပြောလိုက်ဦးမယ်"


"အင်း" 

လင်းဖေးက ပြန်ဖြေလိုက်သည်။


လင်းလော့ချင်း သူ့ကို ဖက်လိုက်ပြီး ခွဲခွာရန်တွန့်ဆုတ်နေသည်။ခဏကြာအောင်နေပြီးမှ သူလွှတ်ပေးလိုက်ပြီး ပျော်ရွှင်မြူးထူးစွာဖြင့် သူ့အိပ်ခန်းဆီသို့ ဦးတည်လျှောက်သွားသည်။


သူ အိပ်ခန်းတံခါးဆီသို့ လျှောက်သွားကာ တံခါးကိုဖွင့်၍ အရင်ဆုံး ခေါင်းပြူကြည့်လိုက်သည်။ပြီးမှ ခန္ဓာကိုယ်ကို အထဲသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ သူ့မျက်နှာမှာ ရွှင်လန်းမှုအပြည့်နှင့်ရှိနေပြီး အိပ်ယာထဲတွင် လှဲနေကာ ကြည်ညိုလေးစားဖွယ်ရောင်ဝါများဖြာထွက်နေသောကျိယွီရှောင်ကို စိုက်ကြည့်နေသည်။


ကျိယွမ်ရှောင် စိတ်ရှုပ်ထွေးသွား၏။

"မင်းဘာဖြစ်နေတာလဲ"


လင်းလော့ချင်း၏ မျက်နှာပေါ်ရှိ အပြုံးက ပိုနက်ရှိုင်းလာပြီး သူကဆိုသည်။

"ငါ့မှာ သတင်းကောင်းရှိတယ်...တကယ့်သတင်းကောင်းအကြီးကြီးနော်"


ကျိယွီရှောင်သိချင်သွားသည်။

"မင်း audition အောင်သွားတာလား"


"အဲဒါထက် ပိုဝမ်းသာစရာကောင်းတယ်"


"မင်း audition အောင်သွားတာထက် ဘာက ပိုဝမ်းသာစရာရှိမှာလဲ" 

ကျိယွီရှောင် သိချင်သွားပြီး မေးလိုက်သည်။


လင်းလော့ချင်းက အပြုံးတစ်ပွင့်ဖြင့် သူ့အနားသို့ ချဉ်းကပ်လာသည်။သူ့မျက်နှာက ညမီးအလင်းရောင်ဖြင့် ရောင်ပြန်ဟပ်နေပြီး ကျိယွီရှောင် သူ့မျက်ခွံများ အနည်းငယ်နီနေသည်ကို သတိပြုမိလိုက်သည်။


လင်းလော့ချင်းက နဂိုကတည်းကအသားဖြူသည်ဖြစ်ရာ ဤအနီရောင်အနည်းငယ်စွန်းထင်းနေမှုက မျက်နှာချေနီသုတ်ထားသည့်နှယ်ပါပင်။ကျိယွီရှောင် စိုးရိမ်သွားပြီး အမြန် မတ်မတ်ထိုင်လိုက်သည်။

"ငိုထားတာလား"


သူက အနည်းငယ်ပျာယာခတ်နေသည်။

"ဘာဖြစ်ခဲ့တာလဲ" 


သူ့မျက်နှာကို ရေဆေးထားပြီးနောက်ပင် ကျိယွီရှောင်က အမှန်တကယ် သတိပြုမိလိမ့်မည်ဟု လင်းလော့ချင်း မထင်မှတ်ထားပေ။အနည်းငယ် ရှက်သွားပြီး သူ့မျက်နှာမှာ ပို၍ပင်နီလာသည်။


"အိုက်ရား... ငါ့မျက်လုံးတွေကို မကြည့်ပါနဲ့" 

သူက သူနှင့်ရင်းနှီးသူတွေကို ချွဲနေသည့် ကလေးကြီးတစ်ယောက်လိုပါပင်။ "ငါက ဝမ်းသာလို့ ငိုတာမဟုတ်ဘူးလား"


ယခု ကျိယွီရှောင် တကယ်ကို သိချင်နေပြီဖြစ်သည်။

"မင်းကို ဝမ်းသာလို့ငိုအောင်လုပ်နိုင်တာက ဘာများလဲ"


လင်းလော့ချင်း သူ့မေးသည်ကိုကြားသောအခါ ချက်ချင်းလက်ငင်း တက်ကြွလာသည်။သူ၏စိတ်ထဲတွင် ပျော်ရွှင်မှုများ ပြန်လည်ထကြွလာပြီး ကျိယွီရှောင်ကိုကြည့်နေရင်းကနေ သူ့မျက်နှာက တဖန် တောက်ပပြီးကြည်လင်လာသည်။


ကောင်းကင်က တိမ်များကို ဖမ်းမိလိုက်သလိုမျိုး၊နေမင်းကြီးဆီက ရှောင်ခြည်များကို ဖမ်းမိလိုက်သလိုမျိုး တောက်ပ ဖြူစင်စွာ ပြုံးလိုက်သည်။


"ဖေးဖေးကပြောတယ်... အခုကနေစပြီး ငါက သူ့ပါးပါးတဲ့"


သူထိုပြောလိုက်ရင်း အနည်းငယ်ရှက်သွားပြန်သည်။သို့သော်လည့် သူ့ပျော်ရွှင်မှုကို မထိန်းနိုင်ဘဲ သူ့အသံမှာသကြားအုပ်ထားသကဲ့သို့ရှိကာ ငယ်ရွှယ်နုနယ်မှု၏ဖြူစင်မှုတချို့လည်း ရောစွက်နေသည်။သူက ကျိယွမ်ရှောင်ဆီက ဂုဏ်ပြုစကားတွေကို စောင့်မျှော်နေသကဲ့သို့ ကျိယွီရှောင်ကို တလက်လက်တောက်ပနေသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။


ကျိယွီရှောင် သူပြောနေသည့် ဝမ်းသာစရာက ဤကိစ္စဖြစ်မည်မှန်း ဘယ်တုန်းကမှ မမျှော်လင့်ထားပါချေ။


လင်းဖေးကို ပြောင်းခေါ်ခိုင်းရန် သူလင်းလော့ချင်းနှင့် အရင်က စကားပြောခဲ့ဖူးပြီး လင်းဖေးမှာ သူ့ကိုယ်ပိုင်အတွေးအမြင်ရှိပြီး သူ့အသိစိတ်ထဲမှာ အဖေမရှိဘူးဟု လင်းလော့ချင်းက ပြောခဲ့သည်။သူက လင်းလော့ချင်းကို သဘောမကျ၍မဟုတ်ဘဲ သူကထိုအသုံးအနှုန်း၏အဓိပ္ပါယ်ကိုနားမလည်၍ဖြစ်သည်။


နောက်ပိုင်းမှာ သူရော လင်းလော့ချင်းပါ ထိုကိစ္စကို ထပ်မပြောဖြစ်တော့ပေ။


မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးလုံးက လင်းဖေးကို သူတို့၏သားလေးဟု သတ်မှတ်ထားကြသဖြင့် အခေါ်အဝေါ်က အရေးမကြီးပါချေ။


မမျှော်လင့်ဘဲ လင်းဖေးက သူ့အဖေအရင်း ထွက်ပေါ်လာပြီးနောက် လင်းလော့ချင်းကို ပါးပါးဟုခေါ်ရန် ရွေးချယ်ခဲ့သည်။


ဤသည်မှာ ဖြစ်တောင့်ဖြစ်ခဲ အဆိုးထဲမှ အကောင်းတစ်ခုဖြစ်သည်။


ကျိယွီရှောင် ချက်ချင်းပင် ပျော်ရွှင်လာပြီး သူ့ကို ဝမ်

းသာအားရကြည့်ကာဆိုလိုက်သည်။


"တကယ်လား...ကောင်းလိုက်တာ...ဒါဆို ဖေးဖေးက မင်းကို သူ့ပါးပါးဖြစ်ဖို့ တကယ် သဘောတူလိုက်ပြီပေါ့"


လင်းလော့ချင်းလည်း ထိုနည်းလည်းကောင်းပင် ခံစားရပြီး ကျိယွီရှောင်၏ ရင်ခွင်ထဲသို့ ချက်ချင်း ပစ်ဝင်ကာ ပွေ့ဖက်လိုက်သည်။