အပိုင်း ၁၈၆
Viewers 35k

Chapter 186



သူအလွန်ကို ပျော်နေသည်။ခုနက သူ့နှလုံးသားထဲက ပျော်ရွှင်မှုတွေကို မျိုသိပ်ထား၍ မရဘဲ သူ လင်းဖေးကို ပွေ့ဖက်ပြီး အချိန်အတော်ကြာအောင် နမ်းပစ်လိုက်သည်။ ယခု ကျိယွီရှောင်နှင့် သတင်းကောင်းကို ဝေမျှခဲ့ပြီးသည်အထိ သူ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုက ပျောက်ကွယ်မသွားသေးသဖြင့် သူ မတ်တပ်ရပ်ပြီး တစ်ပတ်လောက်ကလိုက်ပြန်သည်။


သူက လင်းဖေးပေါ်မှာ စိတ်ခံစားချက်များစွာ နှစ်မြုပ်ထားပြီး သူနှင့်တူသော်လည်း လုံးဝခြားနားသော ကိုယ်ရည်ကိုယ်သွေးရှိသည့် ဤကလေးကို အလွန်နှစ်သက်သည်။


လိမ္မာရေးခြားရှိ၍ သိတတ်သောအခါတွင်လည်း သူလင်းဖေးကို သဘောကျသည်၊ လင်းဖေး ရှုံ့မဲ့နေသော မျက်နှာထားဖြင့် သူ့ကိုအထင်အမြင်သေးစွာကြည့်လာသောအခါတွင်လည်း သဘောကျသည်၊ လင်းဖေး ကိုးရိုကားယားဖြင့် လင်းလော့ချင်းအပေါ်ထားသည့် သူ့အချစ်ကိုဖော်ပြလာသောအခါတွင်လည်း သဘောကျသည်၊ လင်းဖေးက "လိမ္မာနော်"ဟု ပြောသည့်အခါတွင်လည်း သဘောကျသည်၊ ရှုပ်ထွေးကာ နားမလည်ဖြစ်နေသောအမူအရာလေးနှင့်ရှိနေချိန်မှာလည်း သူသဘောကျသည်။


ကလေးများအားလုံးတွင် သူ့အကြိုက်ဆုံးက လင်းဖေးဖြစ်သောကြောင့် လင်းဖေးနှင့် နီးကပ်ချင်သည်မှာ သဘာဝကျပေသည်။


ယခုမူ လင်းဖေးဘက်ကနေစပြီး သူ့လက်ထဲရှိ တစ်ခုတည်းသော အဖေဘွဲ့ကို သူ့ကို ပေးလာသည်။လင်းလော့ချင်း ခုနက ငိုပြီး၍သာမဟုတ်ပါက သူသည်နေရာမှာ မျက်ရည်ကျလိမ့်မည်။


ဒါက ဘယ်လိုခံစားချက်မျိုးလဲ...


ပန်းတစ်ပွင့်ပြုစုပျိုးထောင်ရန် ကြိုးကြိုးစားစားလုပ်ဆောင်နေရသလိုပါပင်။ပန်းကိုစပျိုးသောအခါတွင် ထိုပန်းပင်ကမပွင့်နိုင်ကြောင်းသိလိုက်ရသည်၊သို့ပေမဲ့ ထိုအပင်ကို သူကြိုက်သည်၊ထို့ကြောင့်ပန်းပွင့်စရာမလိုအပ်ပေ။ရိုးရိုးလေးပဲ သူ ၎င်းကိုပြုစုပျိုးထောင်ခဲ့သည်။သို့ပေမဲ့ တစ်နေ့တွင်မူကား ရုတ်တရက် ထိုအပင်က ပန်းများပွင့်လာပြီး မွှေးပျံ့၍ တောက်ပနေ၏။


သူက မူလက ပန်းမပွင့်နိုင်ပေမဲ့ သူ မင်းကိုသဘောကျသည်။ထိုကြောင့် မင်းအတွက် ပန်းပွင့်ပေးရန် ဆန္ဒရှိခဲ့သည်။


ထို့ကြောင့် လင်းလော့ချင်း ပျော်ရွှင်ပြီး စိတ်လှုပ်ရှားကာ ၎င်းကို ပို၍ပင် မြတ်နိုးလာခဲ့သည်။


သူအလွန်ပျော်နေသည်၊ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ချုပ်တီး ထားပါစေ သူ့နှလုံးသားထဲက ပျော်ရွှင်မှုကို ထိန်းမထားနိုင်လောက်အောင်ပင် ပျော်၏။


သူက ကျိယွီရှောင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ပုခုံးပေါ်မှီကာ တိတ်တိတ်လေး ပြုံးနေလိုက်သည်။


ကျိယွီရှောင်ကလည်း သူ၏ပျော်ရွှင်မှုကို ခံစားပြီး ရယ်မောကာဆို၏။

"ဒါက တကယ်ကို သတင်းကောင်းပဲ၊ ရက်နည်းနည်းလောက်ကြာရင် ဖေးဖေးကို ဘယ်ကိုသွားချင်လဲမေးကြည့်... အတူတူအပြင်ထွက်လည်အောင်"


"ပြတိုက်သွားရအောင်"

လင်းလော့ချင်းက အမြန်ပြောလိုက်သည်။ သူက ကျိယွီရှောင်၏ ပုခုံးကနေ ခွာလိုက်ပြီး ကျိယွီရှောင်၏ မျက်လုံးများကို ကြည့်လိုက်သည်။


"အရင်တစ်ခေါက် သူ့ကိုပြတိုက် ခေါ်သွားတုန်းက သူ အရမ်းသဘောကျနေတာ... ဒီတစ်ခါ တခြား ပြတိုက်တွေဆီ ခေါ်သွားလို့ရတယ်...သူသဘောကျလောက်တယ်...အချိန်ကျရင် ဘယ်ပြတိုက်ကိုသွားချင်လဲ သူ့ကိုအရင်မေးကြည့်ပြီး အဲဒီနေရာကိုခေါ်သွားကြမယ်"



"ကောင်းပြီ" 


ကျိယွီရှောင်က ပြုံးပြီး သူ့မျက်လုံးတွေကို တယုတယ ပွတ်သပ်လိုက်သည်။ "ဒါလေးအတွက်နဲ့ မင်းကဒီလိုမျိုး ငိုနေပြီးပေါ့... ငါတို့များ မင်္ဂလာဆောင်ရင် မင်္ဂလာပွဲတစ်လျှောက်လုံး ငိုနေမှာမဟုတ်ဘူးလား"


လင်းလော့ချင်း ချက်ချင်းပင် ရှက်သွားပြီးပြောလိုက်သည်။

"ဘယ်သူက မင်းနဲ့မင်္ဂလာဆောင်ချင်နေလို့လဲ...အိပ်မက်မက်နေလိုက်"


ကျိယွီရှောင်က မျက်ခုံးပင့်လိုက်ပြီးဆို၏။

"အိုး.. ငါ့လက်ထပ်မှတ်ပုံတင်ထဲက ငါ့မိန်းမက ငါနဲ့ မင်္ဂလာဆောင်ရမှာမဟုတ်ဘူးလား...ဒါဆို ငါ ဘယ်သူနဲ့ မင်္ဂလာဆောင်သင့်တယ်လို့ မင်းထင်လဲ"


လင်းလော့ချင်းက ခေါင်းငုံ့ထားကာ သူ့ကို မကြည့်သလို စကားလည်းမပြောပေ။


ကျိယွီရှောင် သူ့ကိုကြည့်ရင်း လင်းလော့ချင်းက ယခုလိုဆိုလျှင် တကယ်ငယ်သွေးကြွယ်ပြီး ချစ်ချင်စရာကောင်းသည်ဟုခံစားရသည်။ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်သားအရွယ် လူပျိုလေးတစ်ယောက်လို ရိုးသားပြီး ကြည်လင်သန်စင်နေကာ တောက်ပနေသည်မှာလည်း နေမင်းကြီးတစ်စင်းနှယ်ပင်။


သူ ခေါင်းငုံ့ကာ လင်းလော့ချင်းကို နမ်းတော့မည်ပြုချိန်မှာ ကျိလဲ့ယွီ၏နူးညံ့သောအသံကိုကြားလိုက်ရသည်။

"ပါးပါး သား ပါးပါးဖို့ယူလာ..."


သူစကားကိုဆုံးအောင် မပြောရသေးခင်မှာ ကျိယွီရှောင်နှင့် လင်းလော့ချင်းပူးပူးကပ်ကပ်ဖြစ်နေသည့်မြင်ကွင်းဖြင့် နှုတ်ခွန်းဆက်ခြင်းခံလိုက်ရသည်။ကျိလဲ့ယွီ သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး မျက်လုံးကို အုပ်ထားချင်သော်လည်း သူ့လက်ထဲတွင် အသီးပန်းကန်ပြားကို ကိုင်ထားရသည်။နောက်ဆုံးမှာ သူလှည့်ကာ သူတို့ နှစ်ယောက်ကို ကျောပေးထားရုံသာတတ်နိုင်သည်။


ကျိယွီရှောင်: ......


ကျိယွီရှောင် သူ့လုပ်ရပ်ကိုရပ်ပြီး တည့်တည့်မတ်မတ်ပြန်ထိုင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။


လင်းလော့ချင်း ရှက်လွန်း၍ သူ့မျက်နှာကနီရဲလာသည်။သူအမြန် ထရပ်ပြီး တစ်ဖက်ကို လျှောက်သွားပြီး သူ့ခေါင်းအုံးကို ယူကာပြောလိုက်သည်။

"ဒီည ငါ ဖေးဖေးနဲ့ အိပ်မယ်"


ကျိယွီရှောင် သူ၏နီမြန်းနေသော မျက်နှာကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။လင်းဖေးက နောက်ဆုံးမှာ လင်းလော့ချင်းကို ပါးပါးဟုခေါ်လိုက်သည်။လင်းလော့ချင်းအနေဖြင့် သူနှင့် အတူ အိပ်ချင်နေသည်မှာ ပုံမှန် ဖြစ်သည်။


"သားလည်း ဒီည ကိုကိုဖေးဖေးနဲ့လည်း အိပ်ချင်တယ်"

ကျိလဲ့ယွီက သူ့လက်ကို မြှောက်ချင်ပေမဲ့ ကံမကောင်းစွာဖြင့် သူ့လက်ကမအားသောကြောင့် သူ့လက်ထဲက အသီးပန်းကန်ကိုပါ မြှောက်ရုံပဲတတ်နိုင်ခဲ့သည်။


ကျိယွီရှောင်: ......


ကျိယွီရှောင် သူ့မိန်းမကိုကြည့်လိုက်သည်။

"ဒါဆို ငါလည်း ဒီနေ့ ဖေးဖေးနဲ့ အိပ်လို့ရမလား"


လင်းလော့ချင်း:...


ကောင်းပြီ... သူ့သား၏လူကြိုက်များမှုက အခုမှမဟုတ်သည်ပင်။ထိုသို့ဆိုလျှင်လည်း အတူတူအိပ်ကြရုံဖြစ်သည်။သူတို့အားလုံးက မိသားစုဖြစ်သဖြင့် မိသားစုက အတူတူ အိပ်သင့်သည်။


"ဒါဆို ငါသွားပြီးတော့ ဖေးဖေးကို ခေါ်လိုက်မယ်"


သူပြောပြီးသည့်အခါ ကျိလဲ့ယွီက ဘာမှမသိသေးသည်ကို သတိရပြီးပြောလိုက်သည်။

"ရှောင်ယွီ...ဖေးဖေးက အခုကနေစပြီး သားလိုပဲ ပါးပါးကို ပါးပါးလို့ခေါ်လိမ့်မယ်"


ကျိလဲ့ယွီ အံ့သြဝမ်းသာသွားသည်။ "တကယ်လား"


လင်းဖေးက လင်းလော့ချင်းကို ပါးပါးဟုခေါ်တော့မည်။ထိုသို့ဆိုလျှင် လင်းဖေးမှာလည်း အဖေရှိသွားလိမ့်မည်။သူက သူ့အဖေနှင့် အတူနေနေသောကြောင့် တခြားသူ့ကိုယ်သူအဖေဟုပြောနေသည့်သူတွေနှင့် ဆက်ဆံစရာမလိုတော့သည်မှာ သဘာဝပါပင်။


"ကောင်းလိုက်တာ" 

ကျိလဲ့ယွီက ဝမ်းသာအားရပြောသည်။


လင်းလော့ချင်းက မနေနိုင်ဘဲ ထပ်ပြီးပြုံးရယ်လိုက်သည်။

"ဒါလည်း ကောင်းတယ်လို့ ထင်တာလား"


ကျိလဲ့ယွီက ခေါင်လေးကိုတဆတ်ဆတ်ညိတ်သည်။

"ဒီလိုဆိုရင် သားကိုကိုက သားတို့အိမ်မှာ အမြဲနေတော့မှာလေ"


"သူက ဘယ်လိုပဲဖြစ်ဖြစ် အစကတည်းက ပါးပါးတို့အိမ်မှာ ထာဝရနေမှာပါပဲ" 

လင်းလော့ချင်း သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

"သူ ပါးပါးကိုဘယ်လိုပဲခေါ်ခေါ် သူ ပါးပါးတို့အိမ်မှာပဲ အမြဲတမ်း နေမှာ"


ကျိလဲ့ယွီ၏မျက်လုံးလေးများက လခြမ်းကွေးများဖြစ်အောင်ထိကွေးသွားပြီး ခေါင်းညိတ်ကာဆို၏။

"အွန်း"


"ဒါဆို ဖေးဖေးကို သွားခေါ်လိုက်ဦးမယ်နော်" 

လင်းလော့ချင်းက သူ့ကိုကြည့်ကာ ပြောလိုက်သည်။


ကျိလဲ့ယွီက သဘောတူလိုက်ပြီး လင်းလော့ချင်း ထွက်သွားသည်အထိစောင့်ပြီးမှ ကျိယွီရှောင်၏ အိပ်ယာဘေး စားပွဲဆီသို့ လျှောက်သွားသည်။လက်ထဲက သစ်သီးပန်းကန်ပြားကို ချထားပြီးနောက် ဖိနပ်ကို ချွတ်ကာ ကျိယွီရှောင်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။


"ပါးပါး...ကိုကိုက ဘာလို့ ပါးပါးလို့ ခေါ်ဖို့ဆုံးဖြတ်လိုက်တာလဲ သားသိတယ်"


"ဘာလို့လဲ" 

ကျိယွီရှောင်က သူ့ကို မေးသည်။


"ဘာလို့လဲဆိုတော့ သူ့ဦးလေးကို ပါးပါးလို့ခေါ်လို့ရတယ်လို့ သားသူ့ကိုပြောလိုက်လို့...ပါးပါးဆိုတာက ကိုယ့်ကိုမွေးအောင်လုပ်ပေးခဲ့တဲ့သူကိုပဲခေါ်လို့ရတာမဟုတ်ဘူး...ကိုယ့်ကို ကောင်းကောင်းဆက်ဆံတဲ့ လူကြီးတွေကိုလည်း ပါးပါးလို့ခေါ်လို့ရတယ်"


ကျိယွီရှောင်က သူ့ပါးကိုညစ်လိုက်သည်။

"သားက တော်တော်လေး နားလည်နေပါ့လားဟမ်" 


ကျိလဲ့ယွီက သူ့ရင်ခွင်ထဲကို မှီလိုက်ပြီး

ပျားရည်လူးထားသည့်ပါးစပ်လေးဖြင့်ဆိုတော့သည်။

"အဲဒါ ဘာလို့လဲဆိုတော့ ပါးပါးက သားအပေါ် အရမ်းကောင်းလို့လေ...ပါးပါးက ကမ္ဘာပေါ်မှာ သားအပေါ် အကောင်းဆုံးလူပဲ"


ကျိယွီရှောင် သူ့စကားတွေကို နားထောင်ပြီး သူ့နဖူးကို နမ်းလိုက်သည်။

"ပါးပါးက သားအပေါ် အမြဲတမ်းကောင်းနေမှာပါ"


"ပါးပါးက သားကို အမြဲတမ်း ချစ်နေမှာ...အနာဂတ်မှာ သားကိုကိုက ပါးပါးကို ပါးပါးလို့ ခေါ်ရင်တောင် ပါးပါးက သားကို အချစ်ဆုံးပဲ...သားကိုကို ကိုလည်း ပါးပါးချစ်ပါတယ်...သားတို့နှစ်ယောက်စလုံးက ပါးပါးသားလေးတွေပဲ"


ကျိလဲ့ယွီက လင်းဖေးကို ဘယ်တုန်းကမှ မနာလိုမဖြစ်ခဲ့ဖူးပေ။လင်းဖေးက သူ့လျှို့ဝှက်ချက်တွေကို သိပြီးသွားသော်လည်း သူ့ကို ကောင်းကောင်း ဆက်ဆံသောကြောင့် ဖြစ်နိုင်သလို သူကိုယ်တိုင်က လင်းဖေးကို နှစ်သက်သောကြောင့် ဖြစ်နိုင်သည်။ကျိယွီရှောင် လင်းဖေးကို ချစ်သည်ကို သူစိတ်မကွက်ပေ။


သို့ပေမဲ့ သူက ကျိယွီရှောင်ကို ဂရုအစိုက်ဆုံးဖြစ်နေဆဲပါပင်။ထို့ကြောင့်ကျိယွီရှောင်ပြောသည်ကိုကြားသောအခါ သူ ပျော်ရွှင်စွာပြုံးလိုက်ဆဲဖြစ်၏။


ကျိယွီရှောင်က သူ့မျက်နှာကို ပွတ်သပ်ပြီး သူ့ကို ချစ်ခင်အလိုလိုက်စွာ ကြည့်နေသည်။


ရုတ်တရက် မိသားစုထဲမှာ သူ့ကို ပါးပါးဟုခေါ်သည့် ကလေးတစ်ယောက် ရှိလာသည်။ကျိလဲ့ယွီက သိတတ်ပြီး တစ်ယူသန်မဖြစ်ဘဲ ဤကိစ္စကို လက်ခံသဘောတူခဲ့သည်။သို့ပေမဲ့ ကျိယွီရှောင်က သူ အဆင်မပြေဖြစ်မှာကို စိုးရိမ်နေဆဲဖြစ်သည်။ထို့ကြောင့် သူ သူ့ကို အမြဲတမ်းချစ်နေမှာဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။


ကျိလဲ့ယွီက နဂိုကတည်းက တစ်ဦးတည်းသော သားဖြစ်သည်။ယခုအခါတွင် သူ့မိဘအရင်းများ ဆုံးရှုံးသွားကြပြီဖြစ်ရာ မလွဲမသွေ သူ့ပတ်ဝန်းကျင်းကအရာတွေအပေါ် အထိအခိုက်လွယ်နေမည်ပင်။မွေးစားအဖေတစ်ယောက်အနေဖြင့် အနည်းဆုံး သူက ဤနေရာတွင် အမြဲတမ်း မျက်နှာသာရဆုံးဖြစ်နေမည်ဖြစ်ကြောင်း ကျိလဲ့ယွီကို ခံစားရစေသင့်သည်။


ကျိလဲ့ယွီက သူ့ကိုကြည့်ပြီး သူ့မေးစေ့ကို ပွတ်သပ်ကာ ချိုသာစွာ ပြုံးပြသည်။

"ပါးပါး...အမြဲတမ်း နေကောင်းနေရမယ်နော်... အမြဲတမ်း နေကောင်းနေမှပဲ သားကို ထာဝရ ချစ်နိုင်မှာ"


"ကောင်းပါပြီဗျာ" 

ကျိယွီရှောင်က သူ့နဖူးကို ပွတ်လိုက်သည်။


လင်းလော့ချင်း လင်းဖေး၏ အခန်းဆီသို့ ပြန်ရောက်ပြီးနောက် လင်းဖေးက ကုတင်ပေါ်တွင် ထိုင်ကာ သူ့ ipad ကို ကြည့်ရင်း သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။လောလောဆယ်မှာ လင်းလော့ချင်းပြောသည့် "တခြားကမ္ဘာ"ဟူသော သဘောတရားကိုနားလည်ရန် "ကမ္ဘာလောက" ၏ ရှင်းလင်းချက်ကို ဖတ်နေသည်။ 


လင်းလော့ချင်းက သူ့ကိုခေါင်းငုံ့ကြည့်လိုက်ရာ လင်းဖေးက သူ့ကို မော့ကြည့်ကာမေးလာသည်။

"အိပ်တော့မှာလား" 


လင်းလော့ချင်းက ခေါင်းညိတ်ပြီးပြောလိုက်၏။

"ဒါပေမဲ့ ရှောင်ယွီနဲ့ မင်းဒယ်ဒီကလည်း မင်းနဲ့ အတူတူအိပ်ချင်နေတယ်...သူတို့ကလည်း မင်းကို အရမ်းသဘောကျကြတာဆိုတော့ ငါငြင်းလို့မရဘူး...အတူတူအိပ်ရအောင်"


လင်းဖေး သူတို့လေးယောက် အတူတူအိပ်ရသည်ကို အလွန်ကိုကျင့်သားရနေပြီဖြစ်သောကြောင့် တခြားဘာမှပြန်မပြောဘဲ "အင်း"ဟုသာ ပြောပြီး အိပ်ရာကနေ ထလိုက်သည်။


လင်းလော့ချင်းက သူ့လက်ကို ဆွဲကာ အခန်းအပြင်ထွက်လိုက်သည်။


သူအလွန်ကိုပျော်နေဆဲဖြစ်သဖြင့် သူ့ခြေလှမ်းတွေက ပေါ့ပါးလွန်း၍ လေပေါ်ပျံလုနီးပါးပါပင်။


"ရက်နည်းနည်းကြာရင် မင်းကို အပြင်ထွက်လည်ဖို့ ခေါ်သွားပေးမယ်" 


သူက ပြောလိုက်၏။

"မင်းက ပြတိုက်တွေကို ကြိုက်တာမလား...ဒီတစ်ခါ တခြားပြတိုက်ကို ရွေးရအောင်" 


"ကောင်းပြီ" 

လင်းဖေးက သဘောတူလိုက်သည်။


လင်းလော့ချင်းက သူ့ကို ငုံ့ကြည့်ပြီး ကောက်ပွေ့လိုက်သည်။


လင်းဖေး: ......


လင်းလော့ချင်းက ပြုံးပြီး တဟီးဟီးရယ်သည်။

"ငါ မင်းကိုဖက်ချင်နေတုန်းပဲ... ခဏလောက် ထိန်းထားပေမဲ့မရဘူး"


သူက အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး မျက်လုံးတွေက တလက်လက်တောက်ပနေသည်။



လင်းဖေး သူ၏ ရူးကြောင်ကြောင် 

အပြုံးကို ကြည့်ကာ နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။


တစ်နေ့မှာ သူတကယ် လင်းလော့ချင်းကိုထားခဲ့ပြီး ထွက်သွားလျှင် လင်းလော့ချင်းက ထပ်ပြီး ငိုမှာ သေချာ၏။


လင်းဖေး စစချင်းတုန်းက သူ့မှာတကယ်ကို ထွက်သွားရန်အစီအစဥ်ရှိသည်ကို သတိရမိသည်။သူ ကြီးပြင်းလာသည်အထိစောင့်ပြီးနောက် သူထွက်သွားချင်ခဲ့သည်။


သို့ပေမဲ့ ဘယ်အချိန်ကမှန်းမသိ၊ သူ တဖြည်းဖြည်းနှင့် သူ့ကို မထားခဲ့ချင်တော့ပေ။


လင်းလော့ချင်းက သူ့ကို ပန်းအိုးတစ်အိုး လက်ဆောင်ပေးခဲ့ချိန်က စ၍ ဖြစ်နိုင်သည်။သူ့မှာ ကိုယ်ပိုင်ပန်းအိုးရှိလာသဖြင့် အမြစ်တွယ်နိုင်ခဲ့သည်။လေတိုက်၍လည်း အဝေးကို လွင့်စင်သွားစရာမလိုတော့ပေ။


နောက်ဆုံးမှာ သူက ဒုဓလီပန်းတစ်ပွင့်မဟုတ်တော့ပေ။


လင်းဖေး ၎င်းကို တွေးပြီး မသိစိတ်ဖြင့် နှုတ်ခမ်းထောင့်စွန်းတစ်ဖက် ပင့်တက်သွား၏။


သူက လင်းလော့ချင်း၏ပခုံးများကို ဖက်ထားလိုက်သည်။ညင်သာစွာနှင့် ဂရုတစိုက်ဖြင့်။


ဤကမ္ဘာမှမဟုတ်ဘဲ အခြားကမ္ဘာမှဖြစ်သော လင်းလော့ချင်က ပေးသည့် ပန်းအိုးတစ်လုံးကို ရရှိခဲ့ခြင်းမှာ အံ့သြစရာကောင်းသည်ဟု သူခံစားခဲ့ရသည်။


ကမ္ဘာလောကကြီးဆိုတာက ဘာလဲ၊ ကမ္ဘာနှစ်ခု ဘယ်လိုလုပ်ရှိနိုင်တာလဲ၊လင်းလော့ချင်းက တခြားကမ္ဘာကနေ ဒီကမ္ဘာကို ဘယ်လိုလုပ်ရောက်လာနိုင်တာလဲစသည်တို့ကို သူ နားမလည်သေးပေမဲ့ လင်းလော့ချင်းက ဤကမ္ဘာကမဟုတ်သည့်အတွက်ပင် သူပေးခဲ့သော ပန်းအိုးက ပိုတန်ဖိုးကြီး၏။


လင်းလော့ချင်းသာရောက်မလာဘူးဆိုရင် သူ့မှာ ကိုယ်မှာပန်းအိုးရှိလာမှာမဟုတ်တော့ဘူးမလား ...

လင်းဖေးက တွေးလိုက်သည်။


ထိုအခါ သူက ဒုဓလီပန်းတစ်ပွင့်ပဲဖြစ်နေပေလိမ့်မည်၊ ယင်းသည် မကောင်းသောအရာမဟုတ်ပေ။ သို့သော် အနည်းငယ်တော့ ဝမ်းနည်းစရာဖြစ်လိမ့်မည်။


မည်သို့ပင်ဖြစ်စေ သူက အမြစ်တွယ်ချင်နေသေးသည်မဟုတ်ပါလော။


စင်စစ်အားဖြင့် လင်းဖေးလေးက ငယ်ရွယ်သေးပေသည်။ကမ္ဘာကြီးအကြောင်း လုံလောက်စွာမသိသေးသောကြောင့် အနှီကမ္ဘာကြီးအပေါ်မှာ တုံးအစွာဖြင့် မျှော်လင််ချက်တချို့ ထားရှိဆဲဖြစ်ပြိး အမြစ်တွယ်နိုင်မည့်နေရာကို တောင့်တနေခဲ့သည်။သို့ပေမဲ့ မူရင်းဝတ္ထုထဲက အရွယ်ရောက်ပြီးသောလင်းဖေးအတွက်မူ သူ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေသည့် ခပ်တုံးတုံး အတိတ်၏ မျှော်လင့်ချက်တွေကို အဆုံးတိုင် လက်လျော့ခဲ့ပြီးဖြစ်လေသည်။


သူက အနှီလောကကြီးထဲတွင် ဘဲစာပင်တစ်ပင်ကဲ့သို့လွှင့်မျောသည်။အရာရာတိုင်းကို စိတ်ခံစားမှု သို့မဟုတ် မျှော်လင့်ချက်တို့မရှိဘဲ အေးစက်စက်မျက်လုံးများဖြင့် သူကြည့်သည်။သူက အလွန်လေးနက်စွာ ဘဝကိုနေထိုင်သော်လည်း ဤလောကရှိ မည်သည့်အရာကိုမျှ တွယ်တာခြင်းမရှိဘဲ ဖြတ်သွားဖြတ်လာတစ်ယောက်နှင့် တူ၏။


သူ့ဘဝသူ တန်ဖိုးထားပြီး သူ့အချိန်တွေကို ပြုန်းတီးစေမည့် တိမ်ကောနေသောအတိတ်သဏ္ဍာန်တွေကို နည်းနည်းမှဂရုမစိုက်ချင်ပေ။သူလုပ်ချင်တာမှန်သမျှလုပ်ပေမဲ့ ယင်းက သူ အသက်ရှင်နေသေးသည့်အတွက်ကြောင့်သာဖြစ်၏။


လင်းလော့ချင်း လင်းဖေးကို ကျိယွီရှောင်၏အိပ်ခန်းထဲသို့ သယ်သွားပြီး ကုတင်ပေါ် တင်လိုက်သည်။


ကျိလဲ့ယွီက သူ့ဆီ ချက်ချင်း ပြေးလာပြီးမေးသည်။

"ကိုကို...ကိုကို့ဦးလေးကို ပါးပါးလို့ခေါ်ဖို့ဆန္ဒရှိပြီဆို"


သူက သေချာလေးမေးလိုက်၏။

"အဲဒါက သားအရင်ကပြောခဲ့တာကြောင့် ကိုကိုက သားပြောတာမှန်တယ်လို့ထင်လို့မလား"


ဘယ်ဟုတ်မလဲ...လင်းဖေး သူ့ကိုယ်သူ တွေးလိုက်ပေမဲဲ့ လင်းလော့ချင်းကို သူ ဤကမ္ဘာကမဟုတ်ကြောင်း တခြားသူတွေကို မပြောရန် ကတိပေးထားသည့်အတွက် ပြန်မဖြေလိုက်ပေ။ကျိလဲ့ယွီက ၎င်းကို ဆိတ်ဆိတ်နေခြင်းကဝန်ခံခြင်းဟုမှတ်ယူလိုက်သည်။ 


သူက ချက်ချင်း ဂုဏ်ဆာသွားပြီးဆိုလေသည်။

"ဒါဆို အခုကနေစပြီး ကိုကိုကသားနဲ့တူတူ ဖြစ်လာလိမ့်မယ်...သားတို့နှစ်ယောက်လုံး ကိုကို့ဦးလေးနဲ့သားပါးပါးကို ပါးပါးလို့ခေါ်ကြမယ်"


လင်းဖေးက ငြင်းလိုက်သည်။

"မခေါ်ချင်ဘူး"


"ဘာလို့လဲ" 

ကျိလဲ့ယွီ စိတ်ရှုပ်ထွေးသွားသည်။


ကျိယွီရှောင်ကလည်း နားမလည်ဖြစ်သွားပြီးမေးသည်။

"ဟုတ်တယ်...ဘာလို့မခေါ်ချင်တာလဲ"


သူက လင်းလော့ချင်းကို ပါးပါးလို့ခေါ်ဖို့ သဘောတူထားပြီးသားလေ...ကျိလဲ့ယွီရဲ့ အကြံပြုချက်ကိုဘာလို့လက်မခံတာလဲ...သူကျိယွီရှောင်ကို ပါးပါးလို့ မခေါ်ချင်တာကြောင့်တော့မဟုတ်ပါဘူးနော်...


ဘာကြောင့်လဲ...


သူ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလား...


မဟုတ်ရင် လင်းဖေးက ဘာလို့မခေါ်ချင်ရတာလဲ...


ဒါမှမဟုတ် လင်းဖေးက သူနဲ့ သွေးသားတော်စပ်မှု မရှိလို့ သူကိုပါ ပါးပါးလို့ ခေါ်စရာ မလိုဘူးလို့ တွေးနေတာဖြစ်မလား...


ကျိယွီရှောင် အနည်းငယ်စိုးရိမ်သွားသည်။သူ လင်းလော့ချင်း ပြောသည်ကို ကြာ

းသောအခါ လင်းဖေးက သူ့ကိုပါးပါးဟုခေါ်လိမ့်မည်ဟု ယူဆထားပြီးသားဖြစ်၏။လင်းလော့ချင်းကို ရှုရှုလို့ခေါ်တုန်းက သူ့ကိုလည်းရှုရှုလို့ခေါ်တာလေ...အခု လင်းလော့ချင်းက ပါးပါးဖြစ်လာတော့ သူလည်း ပါးပါး မဖြစ်သင့်ဘူးလား...


ဘာလို့ သူမခေါ်ချင်တာလဲ...