အပိုင်း ၁၃၈
Viewers 30k

Chapter 138




နတ်ဆိုးမြို့တော်အရံအတား၏ အပြင်ဘက် မိုင်တစ်ရာအကွာတွင် လူတိုင်းက ထွင်းဖောက်မြင်နိုင်သည့် အရံအတားမှတစ်ဆင့် မှုန်ဝါးသော မြင်ကွင်းကိုသာလျှင် တွေ့နိုင်ပေသည်။ သို့သော် ကောင်ကင်တစ်ခွင်၌ လျှပ်စီးမိုးကြိုးများ ပျံသန်းနေကာ နတ်ဘုရားများအသွင်ပြောင်းပေးသည့် ရောင်စုံတိမ်စိုင်များက အတိတ်နမိတ်ကောင်းကိုပြသည့် တိမ်စိုင်များ ဖြစ်လာသည်ကိုမူ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်နေသေးသည်။


အချိန်တစ်ခုအထိ လူတိုင်း၏ မျက်နှာပေါ်တွင် အံသြမှု ၊ မနာလိုမှု ၊ စိုးရိမ်မှု စသဖြင့် အမူအရာအမျိုးမျိုးပြောင်းလဲနေခဲ့သည်။


"ဧကရာဇ်...သူက ဧကရာဇ်တစ်ပါးဖြစ်ဖို့ ထိုက်တန်တာပဲ...တကယ်ကြီး မင်္ဂလာတိမ်တိုက်တွေပေါ် တက်နင်းပြီး ကောင်းကင်မှာ ပျံသန်းသွားတာ...လောကကြီးမှာ ဒါမျိုး ဘယ်သူ လုပ်နိုင်မှာလဲ..."


"မိုးကြိုးအတိဒုက္ခက ပျောက်သွားပြီး မင်္ဂလာတိမ်တိုက်တွေထွက်ပေါ်လာတာ...ဒီလို ကောင်းကင်ဘုံတက်တာမျိုး တစ်ခါမှ မကြားဖူးဘူး...ဒါက ပင်မကုန်းမြေရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့လူ ပေါ့လေ...တစ်ခြားလူတွေအတွက် တကယ်ကြီး မနာလိုစရာပဲ..."


"အရံအတားက အခုထိ မကျိုးပျက်သေးဘူး...ချုန်းချီက အသက်ရှင်နေတုန်းပဲ...ဘယ်လိုလုပ်ကြမလဲ..."


ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းက သူတို့ရှေ့ရှိ အရံအတားကို အာရုံစိုက်မိသွားကြသည်။ ဖြစ်နိုင်ချေများကို စဉ်းစားပြီးနောက် လူတိုင်း၏ မျက်နှာက ဖြူဖျော့သွားသည်။


လွန်ခဲ့သော နှစ်ရာချီက မဟာနတ်ဆိုးသားရဲလေးကောင် ထွက်ပေါ်လာစဉ်တွင် ဧကရာဇ်ရှိနေခဲ့၏။ နှစ်ပေါင်းရာချီကြာမြင့်ပြီးနောက်တွင်လည်း ဧကရာဇ်ရှိနေခဲ့သည်။ သို့သော် ယခုတွင် ဧကရာဇ်မရှိတော့သဖြင့် အနှီအရေးပါလှသည့်တာဝန်ကို မည်သူက ယူနိုင်မည်နည်း။


ချွမ်း...


ရှန်းလျိုရှန့်က သေလုဆဲဆဲ ချုန်းချီကိုရွယ်၍ သူ၏ဓားနှင့် ထိုးစိုက်လိုက်သည်။


အဖျားမော့ဓားရှည်က အဆင့်မြင့် မှော်လက်နက်ဖြစ်၍ ထိုဓားကို ပေါင်းစည်းနိုင်ရန် သူ၏ ဝိညာဉ်စွမ်းအင်အားလုံးကို အသုံးပြုခဲ့ရသည်။ တစ်ချက်ခုတ်ရုံမျှဖြင့် တောင်တစ်လုံးကို ဖျက်ဆီးရန် မခက်ခဲသော်လည်း ချုန်းချီ၏ ခန္ဓာကိုယ်တစ်ခုလုံးက သံမဏိကဲ့သို့ ဖြစ်နေမည်ဟု မမျှော်လင့်ထားပေ။ သူ၏ ဓားသွားက အသားကို မလှီးဖြတ်နိုင်ပဲ နာကျင်မှုမရှိသော တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သွားလေသည်။

 

၎င်းအစား သူသာလျှင် ဓားကိုင်ထားသည့် လက်ချောင်းများ နာကျင်၍ တုန်ယင်သွားကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်မိသွားသည်။


ရှန်းလျိုရှန့်က မယုံကြည်နိုင်ဖြစ်နေသည်။ ဧကရာဇ်ယွင်ယွီက သားပေါက်လေးတစ်ကောင်ကို ရိုက်နှက်သည့်နှယ် အနှီနတ်ဆိုးသားရဲကို လက်ဗလာဖြင့်တိုက်ခိုက်ခဲ့သည်။ သူ့အလှည့်တွင်မှ ချုန်းချီ၏ခန္ဓာကိုယ်က အဘယ့်ကြောင့် မဖျက်ဆီးနိုင်ဖြစ်နေရသနည်း။


ချုန်းချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးနောက် မေ့မျောလုနီးပါးဖြစ်နေသော်လည်း ဧကရာဇ်ယွင်ယွီ ပျံတက်သွားသည်ကို တွေ့သောအခါ ရုတ်တရက် အနည်းငယ်နိုးကြားသွားပြီး သူ့အကြည့်များက ရှန်းလျိုရှန့်ထံသို့ ကျရောက်သွားလေသည်။ မျက်နှာပေါ်ရှိ နတ်ဆိုးအမှတ်အသားများက ကောက်ကျစ်ဟန်ရှိသောမျက်လုံးများနှင့် နှုတ်ခမ်းထောင့်များအထိ လိမ်ယှက်နေပြီး အထူးတလည် ကြောက်ရွံထိတ်လန့်ဖွယ်ရာ ထွက်ပေါ်နေပေသည်။


"ငါ့ရဲ့ ခန္ဓာကိုယ်က နှစ်ရာချီနေပြီ...မင်းလို ကြွက်စုတ်လေးက နာကျင်အောင်မလုပ်နိုင်ဘူး...ငါပြန်သက်သာတဲ့ အချိန်ကျ..."


စကားမဆုံးမီတွင် ချုန်းချီက ထိန်းချုပ်မှုကင်းမဲ့စွာ ဖမ်းယူခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ရှန်းလျိုရှန့်တစ်ယောက် ဝုန်းကနဲတိုက်ခိုက်ခံလိုက်ရကာ မြင်ကွင်းမှာ လည်ထွက်သွားသည်။ ရှန်းလျိုရှန့်က ဝိညာဉ်ဓားကို အသုံးပြု၍ ရင်ဘက်သို့ ဖောက်ဝင်လုနီးပါးဖြစ်နေသော လက်သည်းချွန်ချွန်များကို ခုခံလိုက်သည်။ ထို့နောက် ကျောက်တုံးကို တိုက်မိ၍ မြေပြင်ပေါ်သို့ ပြုတ်ကျကာ သွေးအန်သွားသည်။


ဟမ်ကျု့ယင်၏ ဆံပင်ရှည်များက လေထဲတွင် လွင့်မျောနေလျက် မျက်နှာမှာ ရက်စက်ကြမ်းကြုတ်ပုံပေါ်နေသည်။ နှစ်ရာချီစီစဉ်ထားသည့် ကောင်းကင်ဘုံတက်ခြင်း အိမ်မက်မှာ တစ်ချက်တည်းဖြင့် ပျက်ဆီးသွားသည်။ သူဟန်ချက်ပျက်ကာ ချောက်အတွင်းသို့ ကျသွား၍ ခေါင်းထဲ၌ တဝေါဝေါမြည်နေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေကာ ရူးသွပ်လုနီးနီးဖြစ်နေသည်။


သူက ရှန်းလျိုရှန့်ကို ရဲရဲနီနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလျက် အပိုင်းပိုင်းဖြတ်တောက်ချင်နေသည်။


သို့သော်လည်း ဟမ်ကျု့ယင်က ဆင်ခြင်နိုင်စွမ်းအနည်းငယ်ရှိနေသေးသဖြင့် ယခုတွင် အရေးအကြီးဆုံးမှာ ချုန်းချီဖြစ်ကြောင်းသိသည်။ အနှီနတ်ဆိုးသားရဲသာ အားပြန်ပြည့်သွားခဲ့လျှင် သူ ခုခံနိုင်မည်မဟုတ်ပေ။ ရှန်းလျိုရှန့် အတွက်မူ သေခြင်းထက်ဆိုးဝါးစေရန် နည်းလမ်းပေါင်းများစွာရှိသည်။


ဟမ်ကျု့ယင်က လက်မြှောက်လိုက်၍ သူ၏လက်ဖဝါးတွင် သုံးချောင်းထောက်အိုးတစ်လုံး ပေါ်လာစေသည်။


သူ၏မှော်လက်နက်မှာ နတ်ဘုရားပျက်သုဉ်းအိုးဖြစ်သည်။


သူ့တွင် အရံအစီအစဉ် ကျန်ရှိနေသေးသည်။ အကယ်၍ သူ၏ဆန္ဒအတိုင်း ကောင်းကင်ဘုံသို့ မတက်နိုင်ခဲ့၍ ဧကရာဇ်ယွင်ယွီလည်း မရှိခဲ့ပါက သူသာ သုံးလောကသခင်ဖြစ်လာပြီး သက်ရှိအားလုံး သူ့ရှေ့တွင် ဒူးထောက်ခစားစေရမည်။


အလင်းတစ်ချက်လက်သွားကာ ခရမ်းရောင်သစ်သားခေါင်းတစ်လားတစ်ခုက အုတ်ကျိုးများနှင့် ဖုံးလွှမ်းထားလျက် ဟင်းလင်းပြင်တွင်ပေါ်လာသည်။


အခေါင်းအဖုံးက မြေပြင်ပေါ်သို့ ကျသွားပြီး ပိန်သွယ်သော ပုံရိပ်လေးတစ်ခု အတွင်းမှ ထွက်လာသည်။ သူမက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက် ဆံထိုးမှ ပန်းဖွားများက ပေါ့ပေါ့ပါးပါး တွဲလောင်းကျနေကာ အလင်းတန်းလေးများ ထုတ်လွှတ်နေသည်။ သူမ၏အသွင်အပြင်မှာ ကျက်သရေရှိပြီး သန့်စင်လှသည်။


ရှန်းလျိုရှန့်က ရုတ်တရက် မျက်လုံးပွင့်လာသည်။

အဲဒါ ရှင်းလျန်ပဲ...


တိယွင်ယွီက ရှင်းလျန်ကို အောက်ပိုင်းနယ်မြေတွင် ကစားရန် ခွင့်ပြုခဲ့သည်။ သို့သော်ရှင်းလျန်က အပျော်လွန်ပြီး ပြန်မလာခဲ့သဖြင့် သူမကို ရှာဖွေရန် နတ်ဆိုးမြို့တော်သို့ တိယွင်ယွီက လာခဲ့ခြင်းဖြစ်သည်။ သူမက ဟမ်ကျု့ယင်၏ လက်အတွင်းသို့ ကျရောက်သွားခဲ့ပုံရသည်။


ဟမ်ကျု့ယင်က ချုန်းချီကို ဝိညာဉ်စွမ်းအားဖြင့် ထိန်ူချုပ်ထားခဲ့သည်။ ၎င်းက နာကျင်မှုကြောင့် သေဆုံးလုနီးပါးဖြစ်နေစဉ်တွင် မန္တန်တစ်ခုဖြင့် ချုန်းချီ၏ခန္ဓာကိုယ်ကို ချက်ချင်းဖုံးလိုက်သည်။ထို့နောက် ရှုရှင်းလျန်၏ နဖူးပေါ်သို့ လက်တစ်ဖက်ဖြင့်ဖိကာ နှုတ်ခမ်းများခပ်ဖွဖွလှုပ်ရှား၍ မန္တန်တစ်ခုကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။


ချုန်းချီက ဟိန်းဟောက်လာသည်။


ဟမ်ကျု့ယင်က နတ်ဆိုးသားရဲများထကြွသောင်းကျန်းသည့် သမိုင်းဦးကာလအတွင်း၌ ကျော်ကြားခဲ့သော်ငြား ချုန်းချီမျိုးနွယ်နှင့် ယှဉ်လျှင်အရေးမပါသော နတ်ဆိုးသားရဲငယ်လေးက သစ်ပင်ကြီးကို လှုပ်ခတ်နေသည့်နှယ်ဖြစ်နေသည်။


သွေးနည်းသည့် ကျု့ယင်နောက်မျိုးဆက်လေးက သူ့ကို တိုက်ခိုက်ရဲသဖြင့် ချုန်းချီမှာ မျက်နှာပျက်ကာ အရှက်တကွဲ ဖြစ်နေရသည်။ 

"ကျု့ယင်လေးက ငါ့ရှေ့မှာ ရဲတင်းလွန်းနေတာပဲ...ငါ့ကိုထိန်းချုပ်ချင်တယ်ဆိုရင် ကြိုးစားကြည့်ပေါ့...ငါ နှလုံးသားကိုချုပ်ထားတာကို ချိုးဖျက်နိုင်သွားရင် အဲဒီလူကို အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်...ငါ့ခန္ဓာကိုယ်လွတ်မြောက်သွားရင် မင်းကို သတ်ပစ်မယ်..."


ဟမ်ကျု့ယင်က အံကြိတ်ကာ အေးစက်သော အသံဖြင့်ပြောလာသည်။

"မင်းရဲ့ နှလုံးသားချုပ်ထားတာကို ချိုးဖျက်နိုင်တဲ့အထိ စောင့်လိုက်ပါဦး သခင်ချုန်းချီ..."


စကားဆုံးသည်နှင့်တစ်ပြိုင်နက် ချုန်းချီမှာ အနီရောင်အလင်းတန်းအဖြစ်သို့ တွန်းအားပေးပြောင်းလဲခံလိုက်ရ၍ ရှုရှင်းလျန်၏ နှလုံးအတွင်းသို့ ရောနှောဝင်ရောက်သွားသည်။


ရှုရှင်းလျန်၏ မျက်တောင်များတွန့်သွားကာ အနည်းငယ်တုန်ယင်သွားသည်။ ငိုက်မျဉ်းနေသော သတိအာရုံက နိုးကြားလာခြင်းဟုတ်မဟုတ်ကိုမူ မသိနိုင်ချေ။ မျက်လုံးများတင်းတင်းကြပ်ကြပ်ပိတ်ထားလျက် မျက်နှာက အလွန်ဖြူဖျော့နေသည်။ ဟမ်ကျု့ယင်က မန္တန်ကို သူမရှေ့တွင် ရွတ်ဆိုပြီးချိန်၌ နဖူးမှ ချွေးသီးချွေးပေါက်များကျလာခဲ့သည်။ အနီရောင်အလင်းတန်းက လက်ချောင်းသွယ်သွယ်များကို ရစ်ပတ်လာချိန်တွင် သူမ၏မျက်နှာမှာ နာကျင်နေပုံရသည်။


ရှန်းလျိုရှန့်က မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။


လျှို့ဝှက်နယ်မြေ၌ နတ်ဆိုးဆေးလုံးကို ရှာဖွေခဲ့စဉ်တွင် ကျူးယန်ကိုသန့်စင်ပြီး တုံ့ပြန်မှုကိုခံစားနေရသော စုပိုင်ချယ့်က သူ့ကိုယ်သူ ကယ်တင်နိုင်ရန် နတ်ဆိုးသန့်စင်ခြင်းနည်းစနစ်ကို ရှန်းလျိုရှန့်အား သင်ပေးခဲ့သည်။ ၎င်းက ယခုဟမ်ကျု့ယင် အသုံးပြုနေသော မန္တန်နှင့် အတိအကျ တူညီပေသည်။ ရှုရှင်းလျန်က အလွန်သိမ်မွေ့သော ဝိညာဉ်ဖြစ်ကာ နတ်ဆိုးသားရဲများအတွက် မပျက်ဆီးနိုင်သော လှောင်အိမ်နှင့်တူသည်။ ဟမ်ကျု့ယင်က သူမကိုအသုံးပြု၍ ချုန်းချီကို ပိတ်မိစေပြီး ရှေးဟောင်းနတ်ဆိုးသားရဲ၏ စွမ်းအားကို ရယူလိုသည်။


ရှန်းလျိုရှန့်က အသက်ရှူအောင့်၍ ဓားရိုးပေါ်ရှိလက်ချောင်းများကို တင်းကြပ်လိုက်သည်။


ဟမ်ကျု့ယင်က နှစ်ရာချီအသက်ရှင်ခဲ့ပြီး သူ၏ကျင့်ကြံဆင့်မှာ ကုန်းမြေ၏ထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။ အစောပိုင်းတွင် ထောင်ချီသည့်တိုက်ခိုက်မှုများကြောင့် ရှန်းလျိုရှန့်က ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့သည်။ ရှန်းလျိုရှန့်က လူများကို ကယ်တင်ချင်သော်ငြား အချိန်ကောင်းကို စောင့်ရုံသာတတ်နိုင်တော့သည်။


ခန္ဓာကိုယ်ကို သန့်စင်ခြင်း ၊ ပေါင်းစည်းခြင်း နှင့် နှလုံးသားတွင် ချိတ်ပိတ်ခြင်း ဟူသည့်နတ်ဆိုးသန့်စင်ခြင်းအဆင့် သုံးဆင့်ရှိသည်ကို ရှန်းလျိုရှန့် မှတ်မိသည်။

ချိတ်စည်းပိတ်တဲ့ အချိန်အထိ စောင့်ရမယ်...


နှလုံးသားချုပ်ထားခံရ၍ ပေါင်းစည်းခြင်းကို ဒဏ်ရာရနေ သော ချုန်းချိီက မခုခံနိုင်ချေ။ ဟမ်ကျု့ယင်က ဝိညာဉ်စွမ်းအား အများစုကို အသုံးပြုခဲ့ရသောကြောင့် ခဏမျှရပ်တန့်လိုက်သည်။ နောက်ဆုံးအဆင့်ကို အဆုံးသတ်မည့် အချိန်တွင် ရုတ်တရက်ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။


ရှန်းလျိုရှန့်က အခွင့်အရေးကိုတွေ့၍ လှုပ်ရှားရန်ပြင်လိုက်ချိန်တွင် သူ၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။


ရှုရှင်းလျန်၏ မျက်လုံးများ ညင်သာစွာပွင့်လာပြီး ကျောက်စိမ်းကဲ့သို့ ဖြူသည့်လက်ဖြင့် ဟမ်ကျု့ယင်၏ အကာအကွယ်ကို ထိုးဖောက်ကာ ချက်ချင်းဆိုသလို နေရာတိုင်း၌ သွေးများပန်းထွက်သွားစေသည်။


ဟမ်ကျု့ယင်၏ နှလုံးသားက အေးစိမ့်သွားကာ ကြောက်ရွံ့တုန်လှုပ်သွားပုံပေါ်သည်။ ရှုရှင်းလျန်၏ ဝိညာဉ်ကို အိမ်မောကျနေစေရန် သူပြုလုပ်ခဲ့သည်။

ရုတ်တရက်ကြီး ဘယ်လို နိုးလာနိုင်တာလဲ...


ထိုအချိန်တွင် နှလုံးအကျဉ်းထောင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် ဝိညာဉ်စွမ်းအားက စွမ်းအားကြီးမှော်တစ်ခု၏ ရုတ်တရက်ပြန်လည်တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။ ဟမ်ကျု့ယင်က သွေးအန်သွားသည်။ ရှုရှင်းလျန်၏ နှလုံးအကျဉ်းထောင်တွင် ဧကရာဇ်ယွင်ယွီပြုလုပ်ထားသည့် အတားအဆီးရှိနေပြီး ချုန်းချီကို တားဆီးထားသည်။ 


အတားအဆီးက အစပျိုးနေပြီ...


ရှုရှင်းလျန်၏ ကျောက်စိမ်းဖြူရောင် လက်များက သွေးများဖြင့် အနီရောင်စွန်းထင်းနေလျက် သူမ၏ လက်ချောင်းထိပ်များက တုန်ယင်နေသည်။


ရှုရှင်းလျန်က ငယ်စဉ်ကလေးဘဝကပင် နန်းတွင်းအတွင်း၌ နေခဲ့ရသူဖြစ်သဖြင့် တစ်စုံတစ်ယောက်နှင့် ငြင်းခုန် ရန်ဖြစ်ခဲ့ခြင်းမျိုးမရှိပေ။ သတ်ဖြတ်ခြင်းကို ကျူးလွန်မိသည့် ပထမဆုံးအကြိမ်ဖြစ်သဖြင့် သူမ အလွန်ထိတ်လန့်နေသော်ငြား သူမ၏မျက်နာတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်ရှိမနေချေ။


သူမ၏ ပိန်သွယ်သော နောက်ကျောက ဖြောင့်မတ်နေသည်။ အမြဲတစေညင်သာနေလေ့ရှိသည့် အသံမှာလည်း အေးစက်မာကြောနေသည်မှာ သံမဏိအလားပင် တစ်လုံးချင်းပြောလာခဲ့သည်။


"ငါက ရှန့်ချီတောင်ရဲ့ မင်းသမီးပဲ...ငါ့ကို ထိန်းချုပ်ဖို့ နင့်လို အယုတ်တမာမျိုးကို ဘယ်လိုလုပ်ခွင့်ပြုနိုင်မှာလဲ... "


ထိုသို့ပြောပြီးနောက် ရှုရှင်းလျန်က သွေးစွန်းနေသည့်လက်ကို ပြန်ရုတ်၍ တဖြည်းဖြည်း အသက်ဆုံးရှုံးနေသည့် ဟမ်ကျု့ယင်ကို မြေပြင်ပေါ်သို့ ကျစေလိုက်သည်။


သူမက သက်ပြင်းရှိုက်ကာ မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများဖြင့် ရှန်းလျိုရှန့်ကို ကြည့်လာသည်။ နှုတ်ခမ်းများ ခပ်ဖွဖွပွင့်ဟလာပြီး 'အစ်ကိုတော်'ဟု မခေါ်နိုင်မီတွင် သူမ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ လှပသည့် မျက်နှာလေးက နာကျင်နေသည့် အမူအရာပြကာ အော်ဟစ်လိုက်သည်။


အောင်အောင်မြင်မြင် မသန့်စင်ရသေးသော ချုန်းချီမှာ သူမ၏ ခန္ဓာကိုယ်မှ လွတ်မြောက်သွားသည်။ ရှုရှင်းလျန်က ခွန်အားဆုံးရှုံးသွားကာ ကျောက်စရစ်များဖုံးလွှမ်းနေသည့် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။


ရင်းနှီးနေသည့် ခံစားချက်တစ်ခုက ထွက်ပေါ်လာသည်။ သူမ၏ဝိညာဉ်က နက်ရှိုင်းသည့် ပင်လယ်အတွင်းသို့ ပြုတ်ကျဖူးပုံကာ တစ်စုံတစ်ယောက်က ပြန်ဆွဲတင်နေခဲ့သည်။ သူမ ပင်လယ်၏အောက်ခြေတွင် နစ်မြုပ်နေလျက် တဖြည်းဖြည်းသတိအာရုံ ပျောက်ဆုံးလာသည်။


တစ်စုံတစ်ယောက်၏ လက်မောင်းအတွင်းသို့ ကျရောက်နေသည်ဟု ဝိုးတဝါးခံစားရကာ ဘေးမှ နွေးထွေးသောခံစားချက်ကိုရနေခဲ့သည်။


ထိုလူက သူမကိုအော်ခေါ်နေသည်။

ခမည်းတော် မဟုတ်ရင် အကြီးဆုံး အစ်ကိုတော်နဲ့ အစ်ကိုတော်ဖြစ်မယ်ထင်တယ်...


ရှုရှင်းလျန်က မျက်နှာကို ဘေးသို့ လှည့်လိုက်ကာ နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်လာသည်။ ထို့နောက်သူမ၏ သတိအာရုံက ဝိညာဉ်နှင့်အတူ အိပ်မောကျသွားသည်။


ဟမ်ကျု့ယင်က သူမကို ဖမ်းခဲ့ချိန်တွင် သူမ၏ ဝိညာဉ်ကိုဖျက်ဆီးကာ ပြီးပြည့်စုံသည့်ကိုယ်ထည်အလွတ်တစ်ခု ဖန်တီးချင်ခဲ့သည်။ သို့သော် ရှုရှင်းလျန်၏ဦးခေါင်းမှ ပန်းဖွားဆံထိုးက နတ်ဘုရားလက်နက်ဖြစ်လုနီးနီးတွင်ရှိနေသည့် မှော်လက်နက်အသွင်ပြောင်းကာ ခန္ဓာကိုယ်အစစ်ကို အလွန်အမင်းကာကွယ်နေခဲ့သည်။


ဟမ်ကျု့ယင်က နာကျင်အောင် မပြုလုပ်နိုင်သဖြင့် မန္တန်ကိုအသုံးပြုပြီး သူမဝိညာဉ် အိပ်မောကျနေစေရန်သာ တတ်နိုင်သည်။ တိယွင်ယွီပြုလုပ်ခဲ့သည့် အတားအဆီးမှာ သူမ၏ဝိညာဉ်ကို ပုံမှန်အခြေအနေသို့ ခဏတာပြန်ရောက်လာစေခဲ့သည်။ 


ရှန်းလျိုရှန့်က ရှုရှင်းလျန်ကို ပွေ့ဖက်ထား၍ ဝိညာဉ်စွမ်းအားဖြင့်စစ်ဆေးလိုက်သည်။ သူမက ဒဏ်ရာမရသော်ငြား ရှန်းလျိုရှန့် မည်သို့ပင်ပြုပြု နိုးမလာခဲ့ချေ။


မန္တန်ကြောင့်ဖြစ်နိုင်သည်ဟု သံသယဝင်လျက် ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်သည်။


မူလဇာတ်ကြောင်းတွင် ရှုရှင်းလျန်က ပျောက်ဆုံးသွားခဲ့သည်။ ဟမ်ကျု့ယင်က ကောင်းကင်ဘုံသို့တက်ရန် အောင်မြင်သွားပုံရကာ အရံအစီအစဉ်များ မလိုအပ်တော့သဖြင့် ရှုရှင်းလျန်မှာ ခရမ်းရောင်သစ်သားခေါင်းတစ်လားတွင်း၌ ကျန်ရှိနေခဲ့ခြင်းဖြစ်မည်။ မသေနိုင်သော်ငြား အချိန်ကြာမြင့်လှစွာ မပျက်မဆီးပဲ တည်ရှိနေခဲ့လိမ့်မည်။


ရှန်းလျိုရှန့်က အံကြိတ်၍ သန့်ရှင်းသည့်နေရာတစ်ခုရှာတွေ့သောအခါ ရင်ခွင်ထဲမှ ရှုရှင်းလျန်ကို အောက်ချပေးလိုက်သည်။ သူမ၏ဝိညာဉ် ဘေးကင်းပြီးအဆင်ပြေနေသရွေ့ သူနည်းလမ်းရှာနိုင်သည်။ ယခုတွင်မူ နတ်ဆိုးမြို့တော်ကို ဝန်းရံထားသည့် အရံအတားမှာ မပျက်ဆီးသေးသဖြင့် သူ ချုန်းချီနှင့် ဦးစွာရင်ဆိုင်ရမည်။


ရှန်းလျိုရှန့်က ဓားကိုကောက်၍ ကြည့်လိုက်ချိန်တွင် သိပ်မဝေးသောနေရာမှ မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။


ချုန်းချီက ဟမ်ကျု့ယင်၏အလောင်းကို မျိုချနေခဲ့သည်။


ဟမ်ကျု့ယင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းက မြေပြင်ပေါ်သို့ ကျနေကာ အပိုင်းပိုင်းကိုက်ဖြတ်ခံထားရသည်။ ချုန်းချီက နှလုံးကို ကိုက်ဖောက်၍ မျိုချလိုက်သည်။


၎င်းက သားရဲနတ်ဆိုးများကြားတွင် ကျင့်ကြံဆင့်တက်ရန် ရှေးအကျဆုံးသော နည်းလမ်းကို အသုံးပြုနေခြင်းဖြစ်သည်။


ချုန်းချီမှာ ရင်ဆိုင်တိုက်ခိုက်ရန် ပို၍ ခက်ခဲလာနိုင်သဖြင့် ရှန်းလျိုရှန့်က ၎င်းကို ချက်ချင်းရပ်တန့်ချင်ခဲ့သော်ငြား သူ မလှုပ်ရှားရသေးမီမှာပင် ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိသော ဟမ်ကျု့ယင်က ရုတ်တရက်လှုပ်ရှားလာပြီး လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်သည်။ ပျောက်ဆုံးနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများက ပြန်လည်ကြီးထွားလာကာ ရင်ဘက်မှာလည်း ပျောက်ကင်းသွားသည်။


ဟမ်ကျု့ယင်က နှလုံးသားကိုးခုကို သန့်စင်ထားကာ သားရဲအမြုတေကို ၎င်းတို့အနက်တစ်ခုတွင် ဖွက်ထားသည်။ သားရဲအမြုတေ မပျက်ဆီးသရွေ့ သူ့ထံတွင် အသက်ကိုးခုရှိသည်။


ဟမ်ကျု့ယင် မတ်တပ်ရပ်လိုက်ကာ မန္တန်တစ်ခုကို ချက်ချင်းရွတ်ဆို၍ ချုန်းချီကို တိုက်ခိုက်သည်။


နတ်ဆိုးသားရဲများ၏ ပြန်လည်ကုသနိုင်စွမ်းက အလွန်သန်မာပြီး ချုန်းချီကဲ့သို့သော နတ်ဆိုးသားရဲများကမူ ပို၍ သာလွန်ကြသည်။ အသက်ရှူချိန်ပေးခဲ့လျှင်ပင် ဝိညာဉ်စွမ်းအားများကို ပြန်လည်သိုလှောင်နိုင်သည်။ ယခုတွင် ကျု့ယင်၏အသားနှင့်သွေးတစ်ချို့ကို မျိုချထားသဖြင့် ပြန်လည်ကုသနှုန်းက ပို၍ပင်မြန်ဆန်နေသည်။


ခဏမျှကြာသောအခါ ၎င်းက ရင်ဆိုင်ရန်ခက်ခဲလာပေသည်။


ဟမ်ကျု့ယင်က ဤအချင်းအရာကို ကောင်းကောင်းနားလည်သဖြင့် နတ်ဘုရားပျက်သုဉ်းအိုးကို ဆင့်ခေါ်လိုက်ကာ ဝိညာဉ်စွမ်းအင်များထည့်လိုက်သည်။ ခဏချင်းပင် အခြေအနေက ပြောင်းလဲသွားသည်။


လက်တစ်ဖဝါးခန့်အရွယ်သာရှိသော သုံးချောင်းထောက်အိုးက လေထဲ၌ လွင့်မျောနေကာ အဆပေါင်းများစွာကြီးမားလာသည်။ အနက်ရောင်သုံးချောင်းထောက်အိုးက အနီရောင်ဖျော့ဖျော့ စွန်းထင်းလာသည်။ ၎င်းအတွင်းသို့ ချုန်းချီကို ပစ်ထည့်လိုက်ချိန်တွင် ဟိန်းသံများပေါက်ကွဲထွက်လာသည်။ သုံးချောင်းထောက်အိုးက အဆုံးမရှိတုန်ယင်လာကာ မြေပြင်ပေါ်တွင် လိမ့်သွားသည်။


ရှေးဟောင်းစကားလုံးများ ၎င်းအပေါ်တွင်ပေါ်လာပြီ

းနောက် အော်မြည်သံများ ပျောက်ကွယ်သွားကာသုံးချောင်းထောက်အိုးက ပြန်လည်ငြိမ်သက်သွား၍ သွေးများနှင့် ပြည့်လာသည်။


ရှန်းလျိုရှန့် တစ်ကိုယ်လုံးအေးစက်သွားသည်။