Chapter 137
ယခုအချိန်တွင် အတိဒုက္ခကို အမြန်ကျော်ဖြတ်ပြီး ကောင်းကင်ဘုံသို့တက်ခြင်း သို့မဟုတ် လွန်ခဲ့သော နှစ်လေးရာကကဲ့သို့ ကောင်းကင်ဘုံတက်ရန် အခွင့်အရေးကိုစွန့်ပယ်ပြီး ချုန်းချီကို အသေသတ်ရန်ဟူသည့် ရွေးချယ်စရာနှစ်ခုသာ ကျန်ရှိတော့သည်။
ဟမ်ကျု့ယင်က သူ့လျှာဖျားကိုသွားဖြင့်ဖိကြိတ်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်တွင် နှလုံးသားကိုးခုပေါ်လာသည်။
" ဒီလောကမှာ ကောင်းကောင်းမနေတဲ့သူတွေကို ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက အပြစ်ပေးတတ်တယ်... ဧကရာဇ်က ဒီလောကရဲ့အတက်အကျကို ဂရုမစိုက်ဘဲ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်သင့်ပါတယ်... မင်းသားလေးနဲ့ မင်းသမီးလေးတို့ရဲ့ သေရေးရှင်ရေးကို ဘေးဖယ်ထားပြီး ကောင်းကင်ဘုံကိုတက်သွားရမှာ ဝမ်းမြောက်စရာကိစ္စပဲ ဟုတ်တယ်မလား..."
" ငါ့ကို ရန်စဖို့ မကြိုးစားနဲ့..."
တိယွင်ယွီက သူ့ကိုဂရုမစိုက်ဟန်ဖြင့်ကြည့်နေပြီး လက်တစ်ဖက်မြှောက်ကာ သူ၏ကြွယ်ဝသောဝိညာဉ်စွမ်းအားကို မိုးကြိုးအတိဒုက္ခထံ ပစ်လွှတ်ရန် ကြံစည်လိုက်သည်။
" ခမည်းတော် ရပ်လိုက်..."
တိယွင်ယွီ၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ခဏအကြာတွင် သူ့လက်ချောင်းများ တစ်ဖန်ပြန်လည်ကွေးညွတ်လာပြီး ဝိညာဉ်စွမ်းအားကို ပိုအားပြင်းသည့်ဖိအားဖြင့် ရစ်ပတ်လိုက်သောကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကို ဖျက်ဆီးတော့မည့် အတိဒုက္ခမိုးကြိုးသွားများ အစိတ်စိတ်အမြွှာမြွှာဖြစ်ကုန်သည်။
ကောင်းကင်ပေါ်တွင် ဝဲနေသည့် အနက်ရောင်တိမ်တိုက်လေပွေများလည်း လျင်မြန်စွာပျောက်ကွယ်သွားတော့သည်။
လေအေးတစ်ချက်က အရံအတားကို ဖြတ်ကျော်တိုက်ခတ်သွားချိန်တွင် ဟမ်ကျု့ယင် အော်ရယ်လုမတတ်ဖြစ်လာသည်။ သူက "ကောင်းပြီ" ဟူသောစကားကို သုံးကြိမ်ဆက်တိုက်ပြောပြီး လက်ခုပ်တီးလိုက်သည်။
" ဧကရာဇ်က တော်တော် သဘောထားကြီးတာပဲ... ဧကရာဇ်ကို သူများတွေက တည်ကြည်တယ်လို့ပြောကြတာ သဘောပေါက်ပါပြီ... တကယ်ကိုပဲ ပင်မကုန်းမြေတစ်ခုလုံးမှာ ခေါင်းအမာဆုံးလူပဲ..."
တိယွင်ယွီက သူ့ကိုစကားတစ်ခွန်းမှမပြောဘဲ မန္တန်တစ်ခုစီရင်၍ သူတို့နှစ်ယောက်ကို အတူတူသတ်ပစ်ရန် ရည်ရွယ်လိုက်သည်။
ထိုအချိန်တွင် သူ့လက်တစ်ဖက်ကို လှမ်းကိုင်ခံလိုက်ရပြီး ချောမောဖြူဖွေးသော မျက်နှာလေးနှင့် လူငယ်လေးတစ်ယောက်က သူ့ကို အတင်းပွေ့ဖက်တော့မည့်ဟန်ဖြင့် အနားသို့တိုးကပ်လာသည်ကို တွေ့လိုက်ရသည်။
တိယွင်ယွီ၏ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီး သူ့လက်ထဲမှ ဝိညာဉ်စွမ်းအားများလည်း ပျောက်ကွယ်သွားသည်။ လူငယ်လေး၏ခါးကို ထိန်းကိုင်ထားလိုက်ပြီးနောက် သူ့ကို တွန်းထုတ်လိုက်သည်။
" ကိုယ်တော်အခု ရန်သူကိုရင်ဆိုင်နေတာ အနားကပ်မလာနဲ့..."
ဆန်မုန့်လုံးလေးဖြစ်နေတုန်းကတော့ အနားကပ်တာ ဘာမှမဖြစ်ပေမယ့် အခုလိုမျိုး လူပုံစံ ပြန်ပြောင်းသွားပြီးမှ လာဖက်နေတာကျတော့ တစ်မျိုးပဲ...
ရှန်းလျိုရှန့်က သူ့ခါးကို လက်တစ်ဖက်ဖြင့်ပွတ်ဟန်ဆောင်နေပြီး ခေါင်းညိတ်ပြပြီးနောက် အမြန်နောက်ဆုတ်သွားသည်မှာ ခဏလာရောက်ပွေ့ဖက်ပြီး နှုတ်ဆက်စကားလာပြောသည်နှင့်ပင် တူနေသည်။
တိယွင်ယွီက သူ့ခန္ဓာကိုယ်ဘေးပတ်ပတ်လည်ကို အကာအကွယ်အလွှာတစ်ခု ပတ်ပေးလိုက်ပြီးနောက် သူ့အာရုံက ဆံပင်ငွေရောင် မျက်လုံးအနီနှင့် ချုန်းချီထံသို့ ပြန်လည်ရောက်ရှိသွားသည်။ တိယွင်ယွီက ဤမျှအထိ အညှာအတာကင်းမဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ မထွက်သွားမီတွင် ချုန်းချီ၏အသက်ကို နှုတ်ယူသွားနိုင်ပေသည်။
ထိုသို့တွေးလိုက်မိသောကြောင့် ချုန်းချီက အားကုန်စိုက်ထုတ်၍ ကြိုးစားတော့သည်။
တိယွင်ယွီ၏ကျင့်ကြံဆင့်က မြန်ဆန်စွာကွယ်ပျောက်နေသည်ဖြစ်၍အချိန်ဆွဲထားနိုင်ပါက အနှေးနှင့်အမြန် သတ်ပစ်၍ရပေသည်။
သူတို့နှစ်ယောက် တိုက်ခိုက်နေစဉ်တွင် ဟမ်ကျု့ယင်က အစောပိုင်းတွင်ပေါ်လာသော မိုးကြိုးအတိဒုက္ခ၏အလယ်ဗဟိုသို့ တိတ်တဆိတ်လျှောက်သွားသည်။ ခေတ္တခဏစောင့်ဆိုင်းနေပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်လာပြီး ပီတိဖြစ်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ရှန်းလျိုရှန့်က သူ့နောက်မှ နီးကပ်စွာလိုက်လာသည်။ ဟမ်ကျု့ယင်၏အပြုအမူကိုမြင်သည့်အခါ ရပ်တန့်သွားပြီး ခေါင်းမော့ကြည့်လိုက်ပြီးသည့်နောက် မျက်လုံးအပြူးသား ဖြစ်သွားပေသည်။
ကောင်းကင်ထက်မှ တိမ်မည်းများ ကင်းစင်သွားသည့်အခါ ထွက်ပေါ်လာသည်က မှောင်မည်းနေသည့် ညကောင်းကင်ယံမဟုတ်ဘဲ ရောင်စုံ မင်္ဂလာတိမ်တိုက်များ ဖြစ်နေသည်။ ကောင်းကင်ပေါ်ရှိ တိမ်တိုက်များမှ ရောင်စုံအလင်းတန်းများက မြေပြင်ပေါ် ဖြာကျနေသည်။ ကောင်းကင်မှ ဆင်းသက်လာသော စာလုံးအချို့နှင့် သန့်စင်သည့် ရောင်ခြည်စက်ဝန်းက သဘာဝအကာအကွယ်တစ်ခုဖြစ်ပေါ်လာပြီး လှုပ်ယမ်းနေလျက်ဖြင့် တစ်ခုခုကို မှတ်တမ်းတင်နေဟန်ရသည်။
ရှန်းလျိုရှန့်ထို ထိုစာလုံးအချို့ကို နားလည်သဘောပေါက်ပြီး "ကုသိုလ်" ဟူသောစာလုံးကိုမြင်သည်နှင့် သူ့စိတ်ထဲ တုန်လှုပ်သွားခဲ့သည်။ ရှုရှင်းချန်သွားရောက်ခဲ့သည့် ဆရာသခင်တစ်ယောက်ကလည်း "ကုသိုလ်" ဟူသည့်အကြောင်းကို ပြောပြခဲ့ဖူးသည်။
ဒါဆိုရင် မဟုတ်မှလွဲရော...
မင်္ဂလာတိမ်တိုက်က ထာဝရ အံ့ချီးဖွယ်တစ်မျိုးဖြစ်ပေသည်။
ရှန်းလျိုရှန့် ဝမ်းသာသွား၍ နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်မိသည်။
ဧကရာဇ်က နည်းလမ်းတစ်ခုခုရှိမယ်ဆိုတာ အစတည်းက သိနေတာများလား...
သူ လှည့်ကြည့်လိုက်သောအခါ တိယွင်ယွီက မကောင်းဆိုးဝါးကို မြေပြင်ပေါ်ဖိထားပြီး သူ့ကိုယ်ထက်တွင်လည်း မန္တန်များထံမှ အလင်းတန်းများ ဖြာကျနေသည်ကို တွေ့လိုက်ရသည်။ သူက မင်္ဂလာတိမ်တိုက်ကို တစ်ချက်မှ လှည့်မကြည့်နေပေ။
ရှန်းလျိုရှန့် : "..."
သူ့စိတ်ထဲမှတစ်ဆင့် အသိပေးအကြောင်းကြားလိုက်သော်လည်း တိယွင်ယွီက ချုန်းချီကို သေလုမျောပါးဖြစ်အောင် ထိုးနှက်နေပြီး သူ့အသက်ကိုပါယူရန် ပြင်နေသည်။ သို့ဖြစ်၍ သူ့စိတ်ထဲမှလှမ်း အသိပေးလိုက်ခြင်းက သမုဒ္ဒရာထဲကျသွားသော ကျောက်တုံးသဖွယ်ဖြစ်ကုန်သည်။ သို့သော် မင်္ဂလာတိမ်တိုက်ပေါ်သို့တက်ရမည့်အပေါက်က တဖြည်းဖြည်းကျုံ့ဝင်လာနေပြီဖြစ်သည်။ ဟမ်ကျု့ယင်က တိမ်တိုက်ပေါ်သို့ တစ်ဟုန်ထိုးတက်ရန်ပြင်နေပြီး အလွန်စိတ်လှုပ်ရှားသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်နေသည်။
ငါ ကြိုးကြိုးစားစားလုပ်ပြီး နှစ်ပေါင်းလေးရာလောက် စောင့်နေခဲ့ရတာ ဒီအခိုက်အတန့်လေးအတွက်ပဲ...
နတ်ဆိုးမျိုးနွယ်အတွက် ကောင်းကင်ဘုံသို့တက်ခြင်းက အလွန်ခက်ခဲလှသည့်အတွက် ဟမ်ကျု့ယင်က သူ့လက်ထဲရောက်လာသည့် အခွင့်အရေးကို လက်မလွှတ်လိုပေ။ သူ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် လူသားတစ်ယောက်က ဖန်တီးထားသောအခွင့်အရေးကိုသာ ဖမ်းဆုပ်ခြင်းက တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့သည်။
အကယ်၍ အခြားသောနတ်ဆိုးများက လူအသွင်သို့ ပြောင်းလဲပြီး အတိဒုက္ခကိုဖြတ်သန်းရမည်ဆိုလျှင်ပင် မိုးကြိုးအတိဒုက္ခက ထောင်ချီနေသောကြောင့် ကောင်းကင်ဘုံသို့မတက်မီ ခက်ခဲလှသောလမ်းကို ကျော်ဖြတ်ရဦးမည်ဖြစ်သည်။
သို့ရာတွင် ဧကရာဇ်ယွင်ယွီက ကောင်းကင်ဘုံသို့တက်ရန် အခွင့်အရေးကိုလက်လွှတ်ခဲ့ပြီး မကောင်းဆိုးဝါးများစွာကို နှိမ်နင်းကာ ပင်မနယ်မြေ၏ အေးချမ်းမှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းပေးခဲ့ကြောင်း ဟမ်ကျု့ယင်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ကုသိုလ်များကို စုစည်းထားခြင်းဖြင့် အလွန်အမင်းကောင်းမွန်လှသော ကံကောင်းခြင်းတစ်ရပ်ကို ဖန်တီးနိုင်မည်ဖြစ်သောကြောင့် တိယွင်ယွီက ကောင်းမှုများစွာ လုပ်နိုင်စေရန် ကူညီပေးခဲ့သည်။
အကယ်၍ တိယွင်ယွီက အတိဒုက္ခကို ကျော်ဖြတ်ရန် ကျရှုံးခဲ့ပါက သူသည်လည်း စိတ်ပျက်စရာအခြေအနေသို့ ရောက်ရှိသွားနိုင်သည်ဟု ထပ်ခါထပ်ခါ တွက်ဆနေခဲ့သည်။
သို့ဖြစ်၍ သူ စုဆောင်းထားခဲ့သည့် ထောင်နှင့်ချီသောကုသိုလ်များဖြင့် သူ့ကိုကယ်တင်မည့် တစ်ခုတည်းသော လမ်းကြောင်းက နတ်ဘုရားဖြစ်ရန် ကောင်းကင်ဘုံသို့တက်သည့် လမ်းကြောင်းဖြစ်သည်။
ဟမ်ကျု့ယင်၏ကိုယ်ကို မြင့်မြတ်အလင်းတန်းက လွှမ်းခြုံထားပြီး သူ့ခန္ဓာကိုယ်ကို ညင်သာသောအားတစ်မျိုးက ချီမြှောက်လိုက်သည်ကို ခံစားလိုက်ရသည်။
သူ အထိန်းအကွပ်မဲ့သွားပြီး မူလအသွင်သို့ ပြန်ပြောင်းမိသွား၍ သူ၏မြွေခေါင်းကိုးလုံးက ပျော်ရွှင်ဝမ်းမြောက်မှုကြောင့် လေထဲတွင် လှုပ်ယမ်းနေသည်။ သူက အတိဒုက္ခကို ကျော်ဖြတ်ရန် မလိုအပ်ဘဲ ကောင်းကင်ဘုံသို့ တိုက်ရိုက် တက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။ ဤပင်မနယ်မြေတစ်ခုလုံးက တိယွင်ယွီကို ချီးမြှင့်သောဆုလာဒ်မှာ သူ စိတ်ကူးထားသည်ထက်ပင် ပိုကောင်းနေခဲ့သည်။
ငါက နတ်ဆိုးမျိုးနွယ်ထဲမှာ ကောင်းကင်ဘုံကိုအောင်အောင်မြင်မြင်နဲ့ တက်နိုင်ခဲ့တဲ့ ပထမဆုံးနတ်ဆိုးဖြစ်တော့မယ်...
ဟမ်ကျု့ယင် အသည်းအသန်ရယ်မောနေသောကြောင့် သူ့ပါးစပ်ကိုးပေါက်လုံးက ပွင့်ဟနေသည်။ သို့သော် မကြာမီအချိန်တွင် မင်္ဂလာတိမ်တိုက်ပေါ်မှ ရုတ်ချည်းကန်ထုတ်ခံလိုက်ရ၍ သူ့အပြုံးများ ရပ်တန့်သွားသည်။
တစ်ဖက်သို့လှည့်ပြီး သူ့မျက်လုံးကိုးစုံဖြင့် ရှေ့တွင်ရပ်နေသောလူငယ်လေးကို အေးစက်စက်ကြည့်လိုက်သည်။
ရှန်းလျိုရှန့် သူ့ဓားကို ဆင့်ခေါ်လိုက်သည်။
" မင်းကများ ငါ့အဖေရဲ့ကြိုးစားအားထုတ်မှုကို အလကားလုယူချင်နေတယ်ပေါ့လေ... ငါမင်းကို သတ်ပစ်မယ်..."
ဟမ်ကျု့ယင်က နှစ်လေးရာလုံးလုံး အကြံထုတ်နေခဲ့ပြီး ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သူက ရှန်းလျိုရှန့်နှင့် စကားနိုင်မလုနိုင်ချင်တော့၍ ကြမ်းကြုတ်လှသည့် မြွေခေါင်းကိုးလုံးဖြင့် တစ်ဟုန်ထိုးတိုက်ခိုက်လာပြီး ဤကိစ္စကိုတတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရန် တွေးလိုက်သည်။
မမျှော်လင့်ထားသည်မှာရှန်းလျိုရှန့်က နတ်ဘုရားအသွင်ပြောင်းအဆင့်သို့သာ ရောက်သေးသော်လည်း မုန်တိုင်းသဖွယ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာပင် အလွန်မြန်ဆန်စွာတုံ့ပြန်နိုင်ပေသည်။ ဟမ်ကျု့ယင်၏ခေါင်းကိုးလုံးမှ မီးများမှုတ်ထုတ်လိုက်သည်နှင့် သူအမြန်ရှောင်တိမ်းလိုက်သည်။ ရေများမှုတ်ထုတ်လိုက်သည့်အချိန်တွင်လည်း ခြေတစ်လှမ်းရှေ့ရောက်ပြီး ကြိုတင်ရှောင်တိမ်းလိုက်သည်။
ရှန်းလျိုရှန့်က သူ့တိုက်ခိုက်မှုများကို ကြိုတင်မှန်းဆနိုင်သည့်ပုံ ပေါ်သည်။
မင်္ဂလာတိမ်တိုက်၏ ဝင်ပေါက်က တဖြည်းဖြည်းပိုသေးလာပြီး လူတစ်ယောက်စာခန့်သာ နေရာရှိတော့သည်။ ရှန်းလျိုရှန့်က တွန့်ဆုတ်စွာဖြင့် ခြေတစ်လှမ်းတင်ထား၍ ဟမ်ကျု့ယင်နှင့်အတူ လေပေါ်တက်သွားသည်။ ဟမ်ကျု့ယင် ဒေါသတကြီးဖြစ်လာဝော့သည်။
ငါ နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့ရတာတွေ တစ်ရက်တည်းနဲ့ ပျက်စီးတော့မှာလား...
" ဝုန်း..."
ဟမ်ကျု့ယင် စိတ်မထိန်းထားနိုင်တော့၍ ခေါင်းကိုးလုံးဖြင့် အားကုန်ထုတ် တိုက်ခိုက်တော့သည်။ ရှန်းလျိုရှန့်က သူ့ဓားဖြင့်ခုခံတိုက်ခိုက်နေသော်လည်း စွမ်းအားကြီးသော ဝိညာဉ်စွမ်းအင်ဖြင့် ဖောက်ခွဲခံလိုက်ရသည်။ ဓားက အောက်သို့ပြုတ်ကျပြီး မြေပြင်ပေါ်စိုက်သွား၍ တွင်းချိုင့်ကြီးတစ်ခု ဖြစ်လာတော့သည်။ ရှန်းလျိုရှန့်လည်း သွေးတစ်လုတ်အန်ထွက်လာတော့သည်။
သူ မော့ကြည့်လိုက်သည့်အခါ ဟမ်ကျု့ယင်က မျက်စိတစ်မှိတ်အတွင်းမှာပင် ပျံတက်သွားသည်ကို မြင်လိုက်ရသည်။
ရှန်းလျိုရှန့်က ဓားရိုးပေါ်တင်ထားသည့် လက်ချောင်းများကို တင်းကြပ်လိုက်သည်။ သူက ဟမ်ကျု့ယင်ကိုသတ်ရန် မလိုအပ်ဘဲ ထိုလူကို တိမ်ပေါ်မှ ကန်ချပစ်ရန်သာ လိုအပ်ပေသည်။
ရှန်းလျိုရှန့်၏ မျက်လုံးက အရောင်တစ်ချက်လက်သွားပြီး ချက်ချင်းမတ်တပ်ထရပ်ကာ ဓားကိုလွှင့်ပစ်လိုက်သည်။
ဝတ်ရုံက လေထဲတွင် တဖျတ်ဖျတ်လွင့်နေကာ သူ့ကိုယ်ပေါ်မှ ဝိညာဉ်စွမ်းအင်များကလည်း လက်ပေါ်တွင် စုဝေးလာပေသည်။ တစ်ကိုယ်လုံး အလင်းရောင်များ ဖြာထွက်လာပြီး ခဏအကြာတွင် သူ့ပုံရိပ်က ဟမ်ကျု့ယင်၏ ခေါင်းပေါ်တွင် ချက်ချင်းပေါ်လာသည်။ သူ ဒူးကွေးပြီး လက်ဖဝါးဖြင့်ရိုက်ချလိုက်သည်။ ထို့နောကိ ဟမ်ကျု့ယင် လူသားအသွင်ပြောင်းလိုက်ချိန်တွင် သူ့ကို ကန်ထုတ်ပစ်လိုက်၏။
ယခုအချိန်တွင်မူ ရှန်းလျိုရှန့်တစ်ယောက်တည်းကိုသာ နူးညံ့သည့် မြင့်မြတ်အလင်းတန်းက လွှမ်းခြုံထားသည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများ ပျောက်ကင်းသွားပြီး ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်ကလည်း အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
သူ ခေါင်းမော့လိုက်ပြီး အလွန်နီးကပ်နေသည့် မင်္ဂလာတိမ်တိုက်ကိုကြည့်ကာ နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။
ကြည့်ရတာ ဒါက ကောင်းကင်ဘုံပေါ်တက်ရတယ်ဆိုတဲ့ ခံစားချက်မျိုးထင်တယ်... တော်တော်လေး အံ့ဩစရာကောင်းတာပဲ...
ပင်မနယ်မြေ၏ အပြင်ဘက်က ပိုမိုကျယ်ဝန်းပြီး လွတ်လပ်သောနေရာဖြစ်သည်။ တိယွင်ယွီက ဤနေရာတွင် ထာဝရ ပိတ်မိမနေသင့်ချေ။
ကောင်းကင်ဘုံသို့တက်ရတော့မည့် နောက်ဆုံးအခိုက်အတန့်ကိုရောက်ချိန်မှ ရှန်းလျိုရှန့်က မန္တန်တစ်ခုရွတ်လိုက်ပြီး သုံးလောက၏ ခေါင်းအမာဆုံးသောဧကရာဇ်နှင့် နေရာချင်းလဲလိုက်၍ သူ ပြန်ထွက်လာရန် အလွန်နောက်ကျသွားတော့သည်။
ချုန်းချီကို အသေသတ်လုနီးပါးဖြစ်မည့် တိယွင်ယွီ၏ နောက်ဆုံးထိုးနှက်ချက်ကလည်း နောက်တစ်ကြိမ် ထပ်မံဥ လွဲသွားပြန်သည်။
ဤတစ်ကြိမ်တွင်မူ တိယွင်ယွီထံတွင် ဖြစ်ပေါ်သွားသည့် အပြောင်းအလဲက ယခင်တစ်ကြိမ်ထက် ပိုကောင်းနေခဲ့သည်။
သူ့မျက်လုံးများဖွင့်လိုက်သည့်အခါ အရည်လဲ့နေသည့်မျက်ဝန်းများထဲတွင် ရောင်စုံအလင်းတန်းအချို့ကို မြင်လိုက်ရသည်။ သူ့အကြည့်များက အဝေးတစ်နေရာရှိ မြေပြင်ပေါ်သို့ ရောက်နေပေသည်။ လူငယ်လေးက ညစ်ကျယ်ကျယ်ပြုံးနေ၍ သရဖူဆောင်းထားသည့် သူ၏ချောမောခံ့ညားသော မျက်နှာထက်၌ အံ့အားသင့်နေသည့် အမူအရာမျိုး ဖြစ်ပေါ်လာသည်။
ရှန်းလျိုရှန့်က သူ့ကိုလက်ပြနေပြီး မျက်တောင်များ ကော့ညွတ်သည်အထိ ပြုံးနေပေသည်။ သူ၏ ဖြူသွယ်သောလက်ချောင်းများအကြားတွင်လည်း ရွှေရောင်ကျောက်စိမ်းလည်ဆွဲတစ်ကြိုး ရှိနေသည်။
[ ကျိုးရွှမ်လန်ပေးထားတဲ့ ကျောက်စိမ်းပြားကို နန်းတော်ထဲမှတုန်းက လုယူလိုက်သလိုပဲ စောစောတုန်းက တိယွင်ယွီကိုဖက်နေတုန်း ကျောက်စိမ်းလည်ဆွဲကိုယူထားပြီးတော့ အပေါ်ကို တက်ခါနီး နောက်ဆုံးအချိန်လေးမှ လည်ဆွဲနဲ့ တိယွင်ယွီကို နေရာကူးပြောင်းပေးလိုက်တာပါ၊ စောစောတည်းက အဲ့လိုလုပ်ရင်ရပေမယ့် တိယွင်ယွီ ပြန်ဆင်းလာမှာစိုးလို့ နောက်ဆုံး ဘယ်လိုမှ ပြန်လှည့်မရနိုင်တဲ့အချိန်မှ နေရာပြောင်းလိုက်ပုံပါပဲ ]
မြင့်မြတ်အလင်းတန်းလွင့်ပြယ်သွားသည်နှင့် အရပ်ရှည်ရှည်နှင့် ခံ့ညားသော အမျိုးသားလည်း ပျောက်ကွယ်သွားသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် အေချမ်းမှုတို့ တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။
သို့ရာတွင် ရှန်းလျိုရှန့်က ထိုအချိန်၌ တစ်ဝက်တစ်ပျက်ပြောလိုက်သံအချို့ကို ကြားလိုက်ရသည်။
" ငါ ပြန်လာရင် ..."
ရှန်းလျိုရှန့်၏ ရင်ခုန်သံ မြန်ဆန်လာသည်။
ကြောက်လို့ သေတော့မယ်...
တိယွင်ယွီ မပျောက်ကွယ်သွားမီတွင် သူ၏ အရောင်ဖျော့ဖျော့မျက်ဝန်းများဖြင့် ရှန်းလျိုရှန့်ကို စိုက်ကြည့်နေခဲ့ပြီး ခဏတာ အံ့အားသင့်သွားပြီးသည့်နောက် ဒေါသထွက်သွားသည့်ဟန် ဖြစ်နေခဲ့သည်။
သူ၏ နောက်ဆုံးလှုပ်ရှားမှုက တိယွင်ယွီကို ဒေါသထွက်စေခဲ့သည်မှာ သံသယဝင်ရန်ပင် မလိုတော့ချေ။
တိယွင်ယွီ ဒေါသထွက်သည်ကို ရှန်းလျိုရှန့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ ကြောက်လန့်မှုကြောင့် နှုတ်ခမ်းထောင့်များပါ တုန်ယင်လာသည်။ ကံကောင်းသည်မှာ တိယွင်ယွီက ချက်ချင်းပျံတက်သွားသောကြောင့်ဖြစ်သည်။ သူ တိယွင်ယွီ၏စကားကိုကြားသည့်အခါ စိတ်အေးသွားမိသော်လည်း တစ်ချိန်တည်းမှာပင် ကြောက်လန့်နေမိသည်။
တိယွင်ယွီ ပြောတာက " ငါပြန်လာရင် မင်းကို ချီးကျုးမယ်... ချီးကျူးမယ်" မဟုတ်ဘဲနဲ့...
" ငါပြန်လာမှ မင်းနဲ့စာရင်းရှင်းပြီး မင်းကို အပြစ်ပေးမယ် " ဆိုတဲ့စကား ဖြစ်ဖို့များတယ်...
ရှန်းလျိုရှန့် လက်သီးတင်းတင်းဆုပ်ထားသောကြောင့် အနည်းငယ်နာကျင်လာသည်။
သူ မျက်လွှာချလိုက်ပြီး "ဧကရာဇ်" ဟူသောစာလုံးထွင်းထားသော ကျောက်စိမ်းလည်ဆွဲကို ကြည့်လိုက်သည်။
တိယွင်ယွီထွက်ခွာသွားသည်နှင့် ကျောက်စိမ်းလည်ဆွဲပေါ်မှ ရွှေရောင်အလင်းတန်းက တဖြည်းဖြည်းမှိန်လာပြီး နောက်ဆုံးတွင် နွေးထွေးမှုမရှိတော့ဘဲ အေးစက်လာခဲ့၏။
ရှန်းလျိုရှန့်၏နှုတ်ခမ်းများ တုန်ယင်လာပြီး ငိုရှိုက်သံဖြင့်ပြောကာ သက်ပြင်းချလိုက်သည်။
" အလိုလေး..."
ခမည်းတော်... ကျွန်တော် ဝမ်းနည်းနေတာကိုကြည့်ပြီးရင် ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့တော့...
ကျွန်တော့်ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ...
🌸🌸🌸
တို့အားလုံးရဲ့ဒယ်ဒီကြီး ကောင်းကင်ဘုံပေါ်တက်သွားနိုင်ပြီကွယ်😭 ဝမ်းသာပေးရမှာကို ဝမ်းနည်းနေမိတယ် 😭