Chapter 100
Extra 1.1
အတိတ်ဘဝ အပိုင်း ၁
သွမ့်ချန်ချင်းက သူ့ကံတရားမှာ ဤမျှအထိ ကောင်းမွန်လိမ့်မည်ဟု မထင်ထားမိခဲ့။ မိုးကြိုးပစ်ချက်ကြောင့် အစိတ်စိတ်အပိုင်းပိုင်ဖြစ်အောင် ဆုတ်ဖြဲခံရပြီးနောက် အခြားကမ္ဘာတစ်ခုတွင် နောက်ထပ် ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်လိုက်ရသည်။
မဟုတ်သေးဘူး သူ အဆာလွန်ပြီး မသေလောက်တော့ဘူး အခု သားရဲတစ်ကောင်က ရေထဲ ခုန်ဆင်းပြီး သူ့အနားလေး ကူးလာနေပြီ ...
အဆာလွန်ပြီး မသေခင် အစားခံရတော့မယ် ထင်တယ် ...
သွမ့်ချန်ချင်းက ချက်ခြင်း ခန္ဓာကိုယ်ထဲမှ ထွက်လာလိုက်သည်။ ထို့နောက်ပိုင်း ဆက်ဖြစ်ခဲ့သည်များကိုမူ .. သူ မသိတော့။
ငါးနှစ်ကြာပြီးနောက် ...
ယဇ်ဆရာအကြီးအကဲ၏ သေဆုံးမှုကြောင့် မရေမတွက်နိုင်သော အင်အားစုများက အဆုံးမရှိစွာ တိုက်ခိုက်ကြကာ ငွေကုန်ကြေးကျလည်း အလွန် များပြားခဲ့သည်။ ထို့ကြောင့် သူတို့က ဟုန်ယဲ့မြို့တော်ကို သိမ်းပိုက်ခဲ့သည့် ရှဲ့ယွင်နန်နှင့် သူ့အင်အားစုအား ဂရုမစိုက်အား။ ရလဒ်အနေဖြင့် ရှဲ့ယွင်နန်နှင့် သူ့လူများသည် မြင့်မြတ်မြို့တော်၏ ထိပါးခြင်းကို မခံရ၊ အံ့ဖွယ်သားရဲတို့၏ ဒုက္ခလှိုင်းကို ရင်ဆိုင်ရန်သာ ရှိတော့သည်။
ငါးနှစ်ကြာပြီးနောက် နောက်ဆုံးတွင် ရှဲ့ယွင်နန်သည် နဝမအဆင့် တိုက်ခိုက်သူ ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် သူသည် ဟုန်ယဲ့တောအုပ်မှ ပြေးထွက်လာသည့် အံ့ဖွယ်သားရဲများအား မရေမတွက်နိုင်အောင်ကို တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။
ဟုန်ယဲ့မြို့တော်ရှိ အံ့ဖွယ်သားရဲများနှင့် တိုက်ခိုက်ချိန်အတွင်း လုရှောင်ရန်၊ ရှချင်နှင့် တစ္ဆေဘုရင်၏ ငယ်သားအချို့မှာလည်း အင်အားများ ဆက်တိုက် ကြီးမားလာကြတော့သည်။
သူတို့၏ ဆွေမျိုးမိတ်ဆွေ အများအပြားလည်း ထိုတိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြသည်။ အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ဓာတ်နှင့် ကာယခွန်အားမှာမူ ကမ္ဘာမြေ တုန်ဟီးလောက်သည့် အပြောင်းအလဲကိုပင် ခံနိုင်ရည် ရှိသည်အထိ သန်မာလာကြတော့သည်။
အကြောင်းမှာ သူတို့၏ စွန့်လွှတ်အနစ်နာခံမှုများကြောင့် ဟုန်ယဲ့မြို့တော်သားများက သူတို့ကို ယုံကြည်အားကိုးလာကြ၍ ဖြစ်သည်။ ယခုလက်ရှိ ဟုန်ယဲ့မြို့တော်မှာ တစ်စိတ်တစ်ဝမ်းတည်းဟုပင် ဆိုနိုင်ပေသည်။
သို့သော် သူတို့၏ နေ့ရက်များမှာမူ များစွာ မကောင်းလှသေး။
အံ့ဖွယ်သားရဲတို့၏ ဒုက္ခပေးမှုကြောင့် စိုက်ပျိုးရေးကိုလည်း ပုံမှန် မလုပ်နိုင်၊ အခြားမြို့များနှင့်လည်း ကောင်းစွာ ကူးသန်းရောင်းဝယ်ခြင်း မလုပ်နိုင်ပေ။ သာမန်သူများ မဆိုထားနှင့် အင်အားကြီးသူများသည်ပင် စုတ်ပြဲနေသည့် အဝတ်ကိုသာ ဝတ်နိုင်ကြတော့၏။
ရှဲ့ယွင်နန်၏ အဝတ်အစားများမှာလည်း စုတ်ပြဲနေသည့်တိုင် လွှင့်မပစ်နိုင်သေး။ အခြားသူများ ကဲ့သို့ပင် ထိုအဝတ်အစားများကို လျှော်ဖွပ်ကာသာ ပြန်ဝတ်နေရသည်။
အံ့ဖွယ်သားရဲတစ်ကောင်ကို ကုန်တင်ကားထဲ ပစ်ထည့်ရင်း ရှဲ့ယွင်နန်က ပြောလိုက်သည်။
"ပြန်ကြရအောင် ..."
ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဟုန်ယဲ့တောအုပ်ထဲမှ အံ့ဖွယ်သားရဲများ ဆက်ထွက်မလာတော့။ ယခု သူတို့သည် ဆင်ခြေဖုံးဒေသအား ရှင်းလင်းသည့် လုပ်ငန်းစဉ်ကိုပင် ပြီးမြောက်လုနီးနေပြီဖြစ်သည်။
ထို့နောက် အသီးအနှံများ စိုက်ပျိုးကာ ဆင်ခြေဖုံးဒေသ၏ အသက်ရှင်သန်နှုန်းကို မြှင့်တင်ပေးနိုင်တော့မည်ဖြစ်သည်။
" ဟုတ်ကဲ့ ..."
အားလုံးက တစ်ညီတစ်ညာတည်း ပြန်ဖြေကာ ကားထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ကြသည်။
ရှဲ့ယွင်နန်လည်း ကားထဲဝင်ကာ အံ့ဖွယ်သားရဲ၏ အလောင်းအပေါ် တက်ထိုင်ရင်း ဆေးလိပ်ကို မီးညှိလိုက်သည်။
မူလက ဟုန်ယဲ့မြို့တွင် ဆေးလိပ်အမျိုးအစားပေါင်းစုံကို ထုတ်လုပ်သည့် ဆေးလိပ်စက်ရုံတစ်ခု ရှိခဲ့ဖူးသညိ။ ဆေးရွက်ကြီးပင်များ စိုက်ပျိုးသည့် စိုက်ခင်းများစွာလည်း ရှိခဲ့ဖူး၏။ သို့သော် သူ ဟုန်ယဲ့မြို့ကို သိမ်းပိုက်ပြီးနောက် အခြားသော အခြေခံ လူသုံးကုန်များ ထုတ်လုပ်ရန် ထိုစက်ရုံများကို လုယူခဲ့သည်။
ဆေးရွက်ကြီးအပင်များကိုမူ ... ထိုအပင်များမှာ စား၍ မရသည့်အတွက် ပြီးခဲ့သည့် နှစ်များအတွင်း ၎င်းတို့ကို စီမံခန့်ခွဲမည့်သူ မရှိဘဲ ကြီးထွားလာခဲ့ကြသည်။
ယခုအခါ ဟုန်ယဲ့မြို့တွင် နေထိုင်သူများသည် မကြာခဏ စိတ်ဖိစီးနေကြသည့်အတွက် ဆေးရွက်ကြီးအရွက်ကို သွားကောက်ကာ မီးညှိပြီးသာ ဆေးလိပ်သောက်လေ့ ရှိကြသည်။
နီကိုတင်းဓာတ်က ခန္ဓာကိုယ်အတွက် မကောင်းလှ။ သို့သော် ဓားသွားထက်တွင် ရပ်နေရသည့် ဘဝမျိုး၌ မည်သူကမှ ခန္ဓာကိုယ်ကို ဂရုစိုက်နေတော့မည် မဟုတ်ချေ။
ရှဲ့ယွင်နန်ကလည်း ဂရုမစိုက်ခဲ့။
တစ္ဆေဘုရင် မသေခင်အထိ ထိုသူမှာ သူ့အဖေဟု မသိခဲ့။ ထို့ကြောင့် သူလည်း ထိုလေးလံလှသည့် ဝန်ထုပ်ဝန်ပိုးအား ထမ်းပိုးထားရန်သာ ရှိတော့သည်။
သူ သည်းခံထားမှ ဖြစ်မည်။ သူသာ သည်းခံမထားပါလျှင် ယခုအချိန်တွင် ဟုန်ယဲ့မြို့ပင် မရှိနိုင်တော့။ သူသည်လည်း ယခင်ကတည်းက အသက်မရှင်နိုင်လောက်တော့ပေ။
ဝန်ထုပ်မှာ များစွာ လေးလံလွန်းလှ၏။ ဤနှစ်များအတွင်း သူ့ခွန်အားများ အမြန်ဆုံး တိုးတက်လာရန် လိုအပ်သည့်အတွက် မြောက်များစွာသော ထိခိုက်ဒဏ်ရာများကို ရရှိခဲ့သည်။ သူ့ကို ကုသပေးမည့် ယဇ်ဆရာ မရှိဘဲ ဖခင်ဖြစ်သူလောက်ပင် အသက်ရှည်လိမ့်မည် မဟုတ်ချေ။
ဆေးလိပ်တစ်လိပ်က ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ ...
"ဘော့စ်က သိပ်ပြီး ဇီဇာမကြောင်ဘူးပဲ ..."
တစ်ယောက်က ပြုံးကာ ပြောလိုက်သည်။ သူတို့က စက္ကူတစ်ရွက်ကို ထုတ်ကာ ညှပ်ထားသည့် ဆေးရွက်ကြီးအရွက်များအား ထည့်လိပ်ပြီး ကိုယ်တိုင်လုပ် ဆေးလိပ်ကို မီးညှိလိုက်ကြသည်။
သူ သုံးနေသည့် စာရွက်မှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အခန့်က သတင်းများအကြောင်း ရေးထားသည့် သတင်းစာ ဖြစ်သည်။ နီကိုတင်းအငွေ့များ ရောယှက်နေသည့် သတင်းစာသည် မီးတောက်အောက်တွင် တစ်ဖြည်းဖြည်း ပြာမှုန်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ကားက အသစ်တည်ဆောက်ထားသည့် အိမ်ယာထဲသို့ တစ်ဖြည်းဖြည်း ဝင်သွားကာ ရုတ်တရက် အသံတစ်ချက်မြည်ပြီး ရပ်တန့်သွားသည်။
"ဘာဖြစ်တာလဲ ဓာတ်ဆီ မရှိပြန်ဘူးလား ..."
ရှဲ့ယွင်နန်က မေးလိုက်သည်။ ဟုန်ယဲ့မြို့တော်တွင် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်နေရာ အမြဲလိုလို ဓာတ်ဆီနှင့် ဂတ်စ်များ ပြတ်တောက်နေတတ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်း သူတို့သည် အခြားမြို့များနှင့် ဆက်သွယ်ရန် လမ်းပန်းဆက်သွယ်ရေးကို ဖွင့်လှစ်ကာ မြင့်မြတ်မြို့တော်နှင့် ဓာတ်ဆီအချို့ လဲလှယ်နိုင်သည့်တိုင် အပြဲ လုံလောက်ခြင်း မရှိခဲ့ချေ။
"ဓာတ်ဆီ မရှိတာ မဟုတ်ဘူး ကားက ပျက်သွားတာ ..."
ရှချင်က ကျိန်ဆဲလိုက်သည်။
"ဒီ ကားအစုတ်အပြတ်ကတော့ .. ငါ တကယ်ကို စိတ်ကုန်နေပြီ ..."
"ကြည့်ရအောင် ..."
ရှဲ့ယွင်နန်က အောက်ဆင်းကာ ကားပြင်ရန် ပြင်လိုက်သည်။
သူသည် မြို့အရှင်တစ်ဉီး ဖြစ်သည့်တိုင် ထိုနှစ်များအတွင်း အံ့ဖွယ်သားရဲများကို အမြဲ မောင်းထုတ်ပေးခဲ့ကာ ယာဉ်များကို ထိန်းသိမ်းရန် အလို့ငှာ သူ၏ ကားပြင်သည့် စွမ်းရည်မှာလည်း နောက်ကောက်ကျမနေသေးချေ။
ကားက အမှန်တကယ်ကို ပျက်သွားခြင်း ဖြစ်သည်။ ရှဲ့ယွင်နန်က ပစ္စည်းသေတ္တာနှင့်အတူ ကားအောက်ထဲ ဝင်ကာ ပျက်စီးနေသည့် အစိတ်အပိုင်းများကို ကျွမ်းကျင်စွာဖြင့် လဲလှယ်လိုက်သည်။
ထို့နောက် ပြင်ဆင်အပြီး ခွရှင်ကို ချကာ တစ်ဖက် လှည့်လိုက်စဉ် မျက်နှာသေးသေးလေးတစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ အသားဖြူဖြူ မျက်လုံးဝိုင်းဝိုင်းနှင့် အသက် ငါးနှစ်ခြောက်နှစ်အရွယ် ကလေးတစ်ဦး ဖြစ်သည်။ သူက မြေကြီးပေါ် လှဲကာ ရှဲ့ယွင်နန်အား စပ်စုစွာဖြင့် စိုက်ကြည့်နေသည်။ သူ တစ်ဖက် လှည့်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ထိုကလေးက သွားဖြူဖြူများ ပေါ်လာသည်အထိ ရယ်ပြလိုက်တော့၏။
ရှဲ့ယွင်နန်က အလွန်ပင်ပန်းနေသော်လည်း ထိုကလေး၏ ရိုးသားဖြူစင်သော မျက်နှာလေးကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ပင်ပန်းမှာအားလုံး လွင့်စင်ကာ တစ်ဖက်သူကို ပြန်ပြုံးပြလိုက်မိတော့သည်။
"ကောင်ကလေး မြန်မြန်ထ မင်းအင်္ကျီတွေ ညစ်ပေကုန်တော့မယ် ..."
ထို့နောက်တွင်မှ သူက တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားတော့၏။ ကလေး၏ မျက်နှာမှာ အလွန် ရှင်းသန့်နေသည့်တိုင် သူ့ အဝတ်အစားများမှာမူ ကြည့်ကောင်းသည်ဟု မဆိုနိုင်အောင်ပင် ညစ်ပတ်ပေရေနေသည်။
ထို့အပြင် ပို၍ ထူးဆန်းသည်မှာ ထိုကလေးက သူ့ကို ဆက်တိုက် ပြုံးပြနေသော်ငြား စကားတစ်ခွန်းမှ ပြန်မပြောသေး။ ။
"ဘော့စ် အဲဒါက အရူးလေး သူက ဘာပြောပြော နားမလည်ဘူး ..."
သတင်းစာအဟောင်းနှင့် ဆေးလိပ်သောက်နေသူက ဝင်ပြောလိုက်သည်။
ဒီ ကလေးလှလှလေးက ရူးနေတာတဲ့လား ...
ရှဲ့ယွင်နန်၏ နှလုံးသားတစ်ခုလုံး ခဲဆွဲထားသလို လေးလံသွားတော့သည်။ သုက ကားအောက်မှ ထွက်လာကာ ထိုသူအား အပြစ်တင်လိုက်၏။
"ဒီစကားမျိုးကို လူရှေ့တည့်တည့်ထားပြီး မပြောနဲ့ ဒီကလေးက နားမလည်ဘူး ဆိုရင်တောင် သူ့ကို အရူးလို့ မခေါ်သင့်ဘူး ..."
"ဟုတ်ကဲ့ပါ ဘော့စ် ..."
ထိုသူက ရှက်ပြုံးပြုံးကာ ပြန်ဖြေလိုက်သည်။
ရှဲ့ယွင်နန်က သူ့ဗိုက်ပေါ် လှဲနေသည့် ကလေး၏ အဝတ်အစားများကို ကိုင်ကြည့်ကာ ပြောလိုက်သည်။
"ဒီကလေးရဲ့ မိဘတွေကရော ..."
"သူက မိဘမရှိတော့ဘူး ပြီးတော့ အခုမှ မူကြိုပဲ ရှိသေးတယ် ..."
ရှချင်က ရှဲ့ယွင်နန်၏ လက်ထဲမှ သေတ္တာကို ယာဉ်မောင်းထိုင်ခုံ၏ အောက်ထဲသို့ ပြန်ထည့်ကာ ပြောလိုကိသည်။
"ဘော့စ် သူက ဘော့စ်နဲ့ ရေစက်ရှိတဲ့ပုံပဲ သူ့မိဘတွေက အံ့ဖွယ်သားရဲတွေကြား ပစ်ထားခဲ့တာတောင် ဘော့စ်က ကောက်ရလာခဲ့တယ် ..."
ထိုကိစ္စကို တွေးကြည့်ရင်း ရှဲ့ယွင်နန်၏ အတွေးတို့ လေးလံသွားပြန်သည်။
ပြီးခဲ့သည့် ငါးနှစ်ကျော်ခန့်က အံ့ဖွယ်သားရဲများ ဟုန်ယဲ့မြို့တော်ကို စတင်တိုက်ခိုက်လာခဲ့သည်။
ဆင်ခြေဖုံးဒေသတွင် မိဘများ၏ စွန့်ပစ်ခြင်းကို ခံရသည့် ကလေးများ အများအပြား ရှိနေကာ မည်သူကမှ သူတို့ကို ဂရုမစိုက်။ သေခြင်းရှင်ခြင်းကိုပင် မရေရာသည့် အခြေအနေတွင် ကလေးအများအပြား စွန့်ပစ်ခံလိုက်ရသည်။
မိဘအချို့က ကလေးများအတွက် နောက်ဆုံးတစ်ကိုက်ကို ချန်ထားပေးကြသော်ငြား အများစုကမူ ဝန်ထုပ်ဝန်ပိုးဟုသာ မှတ်ယူကြသည်။
ထိုစဉ်က သူသည် မြို့အရှင်ပင် မဟုတ်သေး။ အံ့ဖွယ်သားရဲများအား တိုက်ခိုက်ရန် ဆင်ခြေဖုံးဒေသရှိ လူအချိူ့ကိုသာ စုရုံးနိုင်ခဲ့သည်။
ထိုအချိန်အတွင်း အစာရှာထွက်ခဲ့စဉ် အံ့ဖွယ်သားရဲ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည့် စုံတွဲတစ်တွဲက သူတို့နောက်သို့ ဆက်လိုက်မလာစေရန် မွေးကင်းစ ကလေးလေးအား သားရဲရှိရာသို့ ပစ်ပေးလိုက်သည်ကို မြင်တွေ့ခဲ့ရသည်။
ထိုစဉ်က ရှဲ့ယွင်နန်သည် သူ့ဘဝအကြောင်း မသိသေး။ သူ့ကိုယ်သူ စွန့်ပစ်ခံရသူဟုသာ သိထားသည့်အတွက် ဤကဲ့သို့ ပစ်ထုတ်ခံလိုက်ရသည့် ကလေးမျိုးကို မတွေ့လိုသောကြောင့် အံ့ဖွယ်သားရဲအုပ်အကြား ပြေးဝင်ကာ ကယ်တင်လိုက်သည်။
ထိုအုပ်စုထဲတွင် အံ့ဖွယ်သားရဲ ခုနစ်ကောင် ရှစ်ကောင်ခန့် ရှိနေ၏။ ၎င်းတို့က အုပ်စုခွဲကာ သူ့နောက်သို့ အချို့အဝက်ခန့် လိုက်လာကြပြီး ကျန်သည့် သားရဲများက ထိုစုံတွဲ၏ အနောက်သို့ ပြေးလိုက်သွားသည်။ ထို့နောက် ခင်ပွန်းဖြစ်သူက သူ့ဇနီးကိုပါ တွန်းထုတ်ပြီး ချန်ထားခဲ့တော့၏။
သို့သော် ထိုသူလည်း အသက်မရှင်ခဲ့။ သူ့နောက်သို့ လိုက်လာသည့် သားရဲတစ်ကောင်၏ ကိုက်ချက်ကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတော့သည်။
ထိုစဉ်ကတည်းက ရှဲ့ယွင်နန်သည် အဆင့်နိမ့်တိုက်ခိုက်သူတစ်ဦး ဖြစ်နှင့်နေပြီဖြစ်ရာ သူ့အင်အားမှာ ထို သာမန်လူစုံတွဲထက် များစွာ သာလွန်ပေသည်။ အနည်းငယ် ဒဏ်ရာရခဲ့သည့်တိုင် ကလေးနှင့်အတူ လွတ်မြောက်နိုင်ခဲ့၏။
သူ့တွင် ကလေးပေါက်စလေးကို စောင့်ရှောက်နေရန် အချိန်မရှိသည့်အတွက် ဆင်ခြေဖုံးဒေသရှိ မိဘမဲ့ကလေးများအား စောင့်ရှောက်သူများ လက်ထဲသို့သာ ထည့်ပေးလိုက်သည်။ ထိုစဉ်က သူသည် စွနိ့ပစ်ခံ ကလေးအချို့ကို စုစည်းကာ စားစရာများ ထောက်ပံ့ပေးခဲ့ပြီး ဤသည်မှာ ဟုန်ယဲ့မြို့ မိဘမဲ့ဂေဟာများ၏ စတင်ရာပင် ဖြစ်ပေသည်။
မြို့အရှင် ဖြစ်လာသည့်အခါ ကလေးများ ဆာလောင်မွတ်သိပ်သည့် ဒဏ်ကို မခံရစေရန် အလို့ငှာ မိဘမဲ့ဂေဟာအား စားစရာ ထောက်ပံ့ပေးနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။
မိဘတွေ စွန့်ပစ်တာ ခံရပြီး ခေါင်း ထိခိုက်သွားတာတောင် မငိုခဲ့တဲ့ ကလေးက ဒီလောက်အထိတောင် ကြီးလာပြီလား ...
ရှဲ့ယွင်နန်က ထိုကလေးသည် မိဘများက စွန့်ပစ်
ခဲ့ကြစဉ်က ခေါင်းကို ထိခိုက်သွားမိခဲ့ကြောင်း သတိရသွားသည်။ သို့သော် သူ့ကို ကုသမပေးနိုင်ခဲ့။
အဲဒီ့အချိန်တုန်းက ခေါင်း ထိခိုက်သွားလို့ .. ရူးသွားတာများလား ...