Chapter 99[End]
တစ္ဆေဘုရင်က သားဖြစ်သူ၏ ပျော်ရွှင်မှုအတွက် လျောင်မုယဲ့ကို ဖယ်ထုတ်ရန် တစ်ခုခု လုပ်ရမည်ဟု တွေးမိလာသည်။
လျောင်မုယဲ့သည် ဟုန်ယဲ့မြို့တော်တွင် ရှိစဉ်က ကုန်ဈေးနှုန်းများ မြင့်တက်လာအောင် လုပ်ခဲ့ကာ သူ့မိသားစုကို ထိန်းသိမ်းပြီးနောက် သူက လူတစ်ယောက်ကို သတ်ခဲ့ကြောင်းလည်း သိလိုက်ရသည့်အတွက် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ သို့သော် ယခုအချိန်အထိ သူ့ကို ပြစ်ဒဏ်မစီရင်ရသေး။
ထို့အပြင် ပေါက်ကရစကားများကိုသာ ဆက်တိုက် ပြောနေသည့်အတွက် သူ့ကို တစ်ဦးတည်း သီးသန့် ချုပ်နှောင်ထားခဲ့သည်။
တစ္ဆေဘုရင်က အထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရူးသွပ်နေပြီဖြစ်သော လျောင်မုယဲ့ကို တွေ့လိုက်ရသည်။
“ဘာလို့ ခင်ဗျားလဲ ရှဲ့ယွင်နန်က ဘယ်မှာလဲ ...”
သူက မေးလိုက်သည်။ သူ မသေခင် အတွေ့လိုဆုံးလူမှာ ရှဲ့ယွင်နန်သာ ဖြစ်ပေသည်။
“သူက အခု အရမ်း အလုပ်များနေလို့ မင်းကို တွေ့ဖို့ အချိန်မရှိဘူး မင်းမှာ ပြောစရာ တစ်ခုခုရှိရင် ငါ့ကို ပြော ...”
တစ္ဆေဘုရင်က ပြောလိုက်သည်။
လျောင်မုယဲ့က တစ္ဆေဘုရင်ကိုလည်း တွေ့လိုနေခဲ့သည်။ ထိုအချိန်က သူသည် တစ္ဆေဘုရင်ကို ပြန်လည်မွေးဖွားလာသူဟု အထင်မှားကာ ကိစ္စရပ်များအားလုံး သူထင်ထားသကဲ့သို့ ဖြစ်မလာခြင်းမှာ တစ္ဆေဘုရင်၏ လက်ချက်ကြောင့် ဖြစ်ရမည်ဟု ကောက်ချက်ချဖူးခဲ့သည်။
သို့သော် သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူ့ထင်မြင်ချက်အားလုံး မှားယွင်းနေကြောင်း သဘောပေါက်သွားတော့၏။
သို့သော် သူ့ထံသို့ ရှဲ့ယွင်နန် ရောက်မလာ၊ တစ္ဆေဘုရင်သာ ရောက်လာခဲ့သည်။
သူက ပြောလိုက်သည်။
“ခင်ဗျား .. ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘာလို့ ဟုန်ယဲ့တောအုပ်ထဲမှာ ပုန်းမနေခဲ့တာလဲ ဘာလို့ ရုတ်တရက်ကြီး ထွက်လာရတာလဲ ...”
တစ္ဆေဘုရင်က ထိုသို့ မေးလိမ့်မည်ဟု ထင်ထားဟန်မတူ။
“ဟုန်ယဲ့တောအုပ်က တော်တော်လေး ပတ်ဝန်းကျင်အခြေအနေ ဆိုးတယ် အဲဒီ့အချိန်တုန်းက မင်းတို့ လျောင်မိသားစုက ဆင်ခြေဖုံးဒေသက စိုက်ခင်းတွေ အများကြီးကို ထုတ်ရောင်းခဲ့တာလေ အဲဒါတွေက ပုန်းအောင်းဖို့အတွက် အရမ်း အဆင်ပြေတာနဲ့ ငါတို့လည်း တစ်ခုလောက် ဝယ်ပြီး ထွက်လာလိုက်တာ ...”
ဒါဆို တစ္ဆေဘုရင်က ပြန်လည်မွေးဖွားလာတာ မဟုတ်ဘူးပေါ့ ...
သူက ထပ်မေးလိုက်ပြန်သည်။
“ရှဲ့ယွင်နန်က ခင်ဗျားရဲ့ သားဆိုတာကိုရော ဘယ်လိုလုပ်ပြီး သိသွားတာလဲ ...”
“သူက စိုက်ခင်းကို ကန်စွန်းဉ ဝယ်ဖို့ ရောက်လာတာ သူ့ကို မြင်တာနဲ့ တစ်ပြိုင်နက် ငါက ချက်ခြင်း မှတ်မိသွားခဲ့တာ ...”
တစ္ဆေဘုရင်က ထပ်ပြောလိုက်သည်။
ထင်ထားသလိုပဲကိုး ...
လျောင်မုယဲ့က ထပ်မေးလိုက်ပြန်သည်။
“ဒါဆို ရှဲ့ယွင်နန်ကို ကယ်စေချင်လို့ တမင် ဒဏ်ရာရချင်ယောင်ဆောင်ခဲ့တာလား ...”
“အင်း ...”
“ကျွန်တော် လူတစ်ယောက်လွှတ်ပြီး ခင်ဗျားကို ဖုန်းပေးခိုင်းခဲ့သေးတယ် ...”
“အဲဒီ့ဖုန်းက မင်းပေးခဲ့တာလား ...”
တစ္ဆေဘုရင်က မေးလိုက်သည်။
လျောင်မုယဲ့ “...”
လျောင်မုယဲ့မှာ အချိန်တိုင်း သွေးအန်လိုသည့် ခံစားချက်များ ဖြစ်ပေါ်နေခဲ့ပြီး ယခုအချိန်တွင်မူ အမှန်တကယ်ပင် သွေးအန်မိတော့မယောင် ခံစားမိလာတော့သည်။
သူက ထပ်မေးလိုက်ပြန်၏။
“ဘာလို့ ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို လက်ထပ်ခဲ့တာလဲ ...”
ရှဲ့ယွင်နန်ရဲ့ အကျင့်စရိုက်အရဆို ကောက်ကာငင်ကာကြီး လက်ထပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ...
ရှဲ့ယွင်နန်နဲ့ သွမ့်ချန်ချင်း သိနေကြတာ ဘယ်လောက် ကြာခဲ့လဲ ဘာလို့ သူက သွမ့်ချန်ချင်းကို လက်ထပ်ခဲ့တာလဲ ...
တစ္ဆေဘုရင်ကလည်း ရှဲ့ယွင်နန်ကို ထိုအကြောင်း မေးခဲ့ဖူးသည့်အတွက် အဖြေကို သိနေပေသည်။
“အဲဒီ့အချိန်တုန်းက သူ့ကို ယန်ယုကောက ပြဿနာ လာရှာခဲ့တယ် သူက ယန်ယုကောကို အပြစ်မပြုရဲလို့ လက်ထပ်လိုက်တာ ...”
အစောပိုင်းက သွေးအန်လိုသည်ဟု ခံစားမိသည့်တိုင် အမှန်တကယ် မအန်ခဲ့သော်ငြား ယခုမူ လျောင်မုယဲ့၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။
ဒါဆို သူကလွဲပြီး ပြန်လည်မွေးဖွားလာတဲ့သူ နောက်တစ်ယောက် မရှိဘူးပေါ့ ဒီတိုင်း .. ပြန်လည်မွေးဖွားပြီးနောက်ပိုင်း သူလုပ်ခဲ့တဲ့ ကိစ္စတွေကပဲ သူ့ကို အတိတ်ဘဝက အခြေအနေထက် ပိုဆိုးတဲ့ ဘဝမျိုး ရောက်အောင် တွန်းပို့ခဲ့တာပဲ ....
လျောင်မုယဲ့က သူ ပြန်လည်မမွေးဖွားမီ ဖြစ်ပျက်ခဲ့သည်များအား ပြောပြကာ ရှဲ့ယွင်နန်ကို သွေးထိုးလှုံ့ဆော်ရန် တွေးခဲ့သေးသော်လည်း လှုံ့ဆော်ခံလိုက်ရသူမှာ ရှဲ့ယွင်နန် မဟုတ်၊ သူကိုယ်တိုင်သာ ဖြစ်နေတော့သည်။
လည်ချောင်းထဲမှ ဆန်တက်လာသည့် သွေးများကို မြိုချရင်း စကားတစ်ခွန်းမှ ဆက်မပြောနိုင်တော့။
၎င်းကို မြင်သည့်အခါ တစ္ဆေဘုရင်က ပြောလိုက်သည်။
“ပြီးပြီလား ဒါဆို ငါသွားပြီ ...”
သူက လျောင်မုယဲ့၏ ပြန်လည်မွေးဖွားလာမှုကို သိထားသည့်အလျောက် ထိုမေးခွန်းများ မေးရခြင်း၏ အကြောင်းအရင်းကိုလည်း သဘောပေါက်နေပေသည်။
သူ့အဖြေကို နားထောင်ပြီးနောက် လျောင်မုယဲ့မှာ အလွန် မသက်မသာ ဖြစ်လာတော့သည်။
တစ္ဆေဘုရင်က စိတ်လက်ကြည်သာစွာဖြင့် အပြင်ထွက်လာလိုက်သည်။ ထို့နောက် တံခါးဝသို့ အရောက်တွင် အပြင်ဘက်၌ မတ်တပ်ရပ်နေသည့် သွမ့်ချန်ချင်းကို တွေ့လိုက်ရသည်။
တစ္ဆေဘုရင် “!!!!!!”
သူက သွမ့်ချန်ချင်းရဲ့ စွမ်းရည်ကို သိထားပြီးသား .. သူနဲ့ လျောင်မုယဲ့ အထဲမှာ ပြောတဲ့ စကားတွေကို သေချာပေါက် ကြားသွားမှာပဲ ...
သွမ့်ချန်ချင်းက သူ့ကို ပြုံးပြလိုက်သည်။
“ယွင်နန်က ယန်ယုကောကို အပြစ်မပြုမိချင်လို့ ကျွန်တော့်ကို လက်ထပ်ခဲ့တာလား ...”
“ဒါက အကြောင်းပြချက်တွေထဲက တစ်ခုသာသာပဲ ရှိသေးတယ် ယွင်နန်က မင်းကို တကယ်ကို သဘောကျတာ ...”
တစ္ဆေဘုရင်က သားဖြစ်သူ၏ ရည်ရွယ်ချက်ကို သိနေသည့်အတွက် သွမ့်ချန်ချင်းအား နားလည်မှု လွဲမသွားစေလို။
သွမ့်ချန်ချင်းက သူ့ပုခုံးကို ပုတ်ကာ ရယ်လိုက်သည်။
“အဖေရေ ဒီလောက်ကြီး ပျာယာခတ်သွားစရာ မလိုပါဘူး ကျွန်တော် သိပါတယ် .. ကျွန်တော်လည်း လျောင်မုယဲ့က ပြန်လည်မွေးဖွားလာမှန်း သိထားပါတယ် ...”
တစ္ဆေဘုရင်က ဖုံးကွယ်ထားလိုသော်ငြား သွမ့်ချန်ချင်းက သိနှင့်နေပြီး ဖြစ်သည်။
“မင်းက ဘယ်လိုလုပ် သိတာလဲ ...”
သွမ့်ချန်ချင်းက ပြုံးရုံသာ ပြုံးပြလိုက်သည်။ သူက အစောပိုင်းကတည်းက ခန့်မှန်းမိခဲ့သော်ငြား မသေချာ၊ အခုလေးတင်မှ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
သူ့ပုံစံမှာ အနည်းငယ် မှန်းဆရခက်နေသည်။
တစ္ဆေဘုရင်က သူ့ကို ဖျတ်ခနဲ လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။
“မင်းရဲ့ စွမ်းရည် ငါတို့အားလုံးထက် ပိုသာနေတာပဲဟာ ဘာမှ မမေးတော့ပါဘူး မင်းအနေနဲ့ ယွင်နန်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ပဲ မျှော်လင့်ပါတယ် ..."
“ကျွန်တော်မှ သူ့အပေါ် ကောင်းမပေးရင် ဘယ်သူက ကောင်းပေးမှာလဲ ...”
သွမ့်ချန်ချင်းက သဘောတကျ ရယ်ကာ ပြောလိုက်သည်။
ထိုအခါမှ တစ္ဆေဘုရင်လည်း စိတ်အေးသွားတော့သည်။
သွမ့်ချန်ချင်းက ဆက်ပြောလိုက်သည်။
“ဒါနဲ့ အဖေ တကယ်ပဲ တစ်ခြားတစ်ခုခု မတောင်းဆိုတော့ဘူးလား မားအတွက် ကျင့်စဉ်တစ်ခုလောက်ဖြစ်ဖြစ်လေ အဖေက အခုဆို နတ်ဘုရားအဆင့်ကို ရောက်ကာနီးနေပြီ မဟုတ်လား သိပ်မကြာခင် အဆင့်ကျော်ဖြတ်နိုင်တော့မှာ အဲဒီ့အချိန်ကျ သက်တမ်းလည်း အများကြီး ရှည်လာလိမ့်မယ် ဒါပေမယ့် မားကကျ ...”
တစ္ဆေဘုရင်က ကြောင်အသွားသည်။
“သူမက တစ်ခြားကျင့်စဉ်ကို သင်ယူဖို့ လိုသေးတယ်လား ငါ့ကျင့်စဉ်ကိုပဲ သင်ပေးလိုက်လို့ မရဘူးလား ..."
သူက သွမ့်ချန်ချင်းအား အခြားလူများကို သင်မပေးပါဟု ကတိပေးထားသည့်အတွက် လုကျင်းချန်းကို တိုက်ရိုက်သင်ကြားပေးခြင်း မပြုရသေး။ အလုပ်များ ပါးသွားသည်အထိ စောင့်ပြီးကာမှ သွမ့်ချန်ချင်းကို တောင်းဆိုကြည့်ရန် တွေးထားသည်။
သွမ့်ချန်ချင်းက ကျိန်းသေ သဘောတူမှာပါ ...
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“အဖေ့ရဲ့ ကျင်စဉ်က မြေခွေးကို အဖော်သားရဲအဖြစ် ပိုင်ဆိုင်ထားတဲ့လူတွေအတွက် သင့်လျော်တာ သူမအတွက် မဟုတ်ဘူး .. သွားရအောင် အဖေ့ကို ကျင့်စဉ်အသစ်တစ်ခု သင်ပေးမယ် မားကို ပြန်သင်ပေးလိုက် ..ကျွန်တော် အဖေ့ကို ကျင့်စဉ်နှစ်ခု အလကား သင်ပေးမယ် ...”
တစ္ဆေဘုရင်မှာ အလွန် ရင်ထဲထိရှသွားတော့သည်။
သွမ့်ချန်ချင်းက တကယ်ကို လူကောင်းလေးပဲ ...
ထိုစဉ် သွမ့်ချန်ချင်းက သူ့ကို နတ်ဘုရားအဆင့် တိုက်ခိုက်သူအကြောင်း ပြောခဲ့ဖူးသည်ကို သတိရသွားသည်။
“ငါက အတားအဆီးကိုတော့ ရောက်နေပြီ ဒါပေမယ့် ကျော်ဖြတ်ဖို့ကကျ အရမ်း ခက်ခဲနေမလားလို့ နတ်ဘုရားအဆင့် တိုက်ခိုက်သူဆိုတာ ဒီလောကမှာ မပေါ်ထွက်လာတော့တာတောင် ကြာလှပြီလေ ...”
သွမ့်ချန်ချင်းက သူ အတားအဆီးကို ကျော်ဖြတ်နိုင်ပါ့မယ်လို့ ဘာလို့ သေချာနေရတာလဲ ..
သွမ့်ချန်ချင်း “ဒါဆို ကျွန်တော်လည်း အခု အားနေတာဆိုတော့ ဒီနေ့ပဲ အဖေ့ကို ကျော်ဖြတ်နိုင်အောင် ကူညီပေးမယ် ...”
တစ္ဆေဘုရင်သာ နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဖြစ်လိုပါလျှင် နောက်ထပ် တစ်နှစ်နှစ်နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။
သို့သော် သွမ့်ချန်ချင်း၏ လက်ထဲတွင် မှော်နှင်တံ ရှိနေသည့်အတွက် သူ့ကို ကြိမ်ဖန်များစွာ ကုသပေးနိုင်ရာ တစ္ဆေဘုရင်၏ ခန္ဓာကိုယ်သည် ၎င်း၏ အထွတ်အထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီး ချီသန့်စင်ခြင်းအဆင့်ကို တစ်ကြိမ်တည်းဖြင့် ပြီးပြည့်စုံစွာ ကျော်ဖြတ်နိုင်သွားတော့သည်။
တစ္ဆေဘုရင် “...”
အားနေလို့ နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဖြစ်လာအောင် ကူညီပေးတာ ဟုတ်လား ...
ဒီသွမ့်ချန်ချင်းက အရမ်းကို အင်အားကြီးလွန်းမနေဘူးလား ....
တစ္ဆေဘုရင်က လျောင်မုယဲ့ကို ရုတ်တရက် သတိရမိသွားတော့သည်။
လျောင်မုယဲ့သာ ပြန်လည်မွေးဖွားမလာခဲ့ရင် သူလည်း သေနေလောက်ပြီ ဘယ်လိုလုပ် အခုလိုမျိုး နတ်ဘုရားအဆင့် တိုက်ခိုက်သူအဆင့်အထိ ရောက်နိုင်မှာတဲ့လဲ ...
သူက သွမ့်ချန်ချင်း၏ အနောက်မှ လိုက်ကာ လေ့ကျင့်ရေးအခန်းထဲသို့ ဝင်သွားပြီးနောက် တွေဝေငေးမောစွာဖြင့် ပြန်ထွက်လာလိုက်သည်။
ဘယ်လို ရှင်းပြရမလဲတော့ မသိပေမယ့် သူက တကယ်ကြီးကို နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဖြစ်သွားပြီ ...
အထူးသဖြင့် သူ့ဇနီးသည်လည်း ကျင့်ကြံရေးကို စိတ်နှစ်မြှုပ်ထားသရွေ့ နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဖြစ်လာနိုင်ကြောင်း သိလိုက်ရသည့်အခါ ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။
သူတို့တွေ အချိန်အကြာကြီး အတူတူ ရှိနိုင်ကြတော့မှာ ....
သူက လုကျင်းချန်းကို သွားရှာလိုက်သည်။
သူတို့ တွေ့ကြသည့်အချိန်တွင် အလွန် နောက်ကျနေပြီ ဖြစ်သည်။ လုကျင်းချန်းက ရေချိုးကာ အိပ်ယာဝင်ရန်ပင် အဆင်သင့် ဖြစ်နေသည့်အတွက် သူ့ကို တွေ့လိုက်သည့်အခါ အလိုလို မျက်မှောင်ကြုတ်မိသွားတော့သည်။
“ဘာလုပ်နေတာလဲ ဘာလို့ အခုမှ ပြန်လာရတာလဲ ...”
သူမတွင် လုပ်စရာ အများအပြား ရှိနှင့်နေပြီး ဖြစ်သည့်အပြင် တစ္ဆေဘုရင် ထွက်သွားပြီးနောက် တာဝန်အားလုံးက သူမလက်ထဲ ရောက်လာသည့်အတွက် အလွန်ပင်ပန်းနေပေသည်။
တစ္ဆေဘုရင်က ခပ်ဖွဖွ ချောင်းဟန့်ကာ ပြောလိုက်သည်။
“ငါ ဘာမှ မလုပ်ပါဘူး အချိန်တစ်ခုယူပြီး ခွန်အားတိုးတက်အောင် လုပ်နေတာ ပြီးတော့ နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဖြစ်သွားပြီ ...”
လုကျင်းချန်း “...”
ဒီယောကျ်ားက နည်းနည်း ရိုင်းတယ်လို့ ဘာလို့ ခံစားနေမိပါလိမ့် ...
“ဒါနဲ့ သွမ့်ချန်ချင်းစီကနေ မင်းအတွက် ကျင့်စဉ်နှစ်ခု ရလာခဲ့တယ် သူပြောတာတော့ မင်းသာ သေချာ လေ့ကျင့်ရင် နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဖြစ်လာနိုင်တယ်တဲ့ ...”
ဒီလို ကောင်းတဲ့ ကိစ္စမျိုးလည်း ရှိနေသေးတယ်လား ...
လုကျင်းချန်းက လွန်စွာ ဝမ်းသာ ပျော်မြူးသွားတော့သည်။
တစ္ဆေဘုရင်က သူ့ရင်ဘက်ထဲရှိ ကျင့်စဉ်နှစ်ခုကို ထုတ်ကာ သူမကို ကမ်းပေးလိုက်သည်။
“ငါ ဒါတွေ အားလုံးကို ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရလာခဲ့တာ ...”
ဒါတွေကို သွမ့်ချန်ချင်းက ပေးလိုက်တာ ဆိုပေမယ့် သူလည်း နာမည်ကောင်း ဝင်ယူလို့ မရဘူးလို့မှ မဆိုလိုတာ ဟုတ်တယ်မဟုတ်လား ...
“ကြည့်ရအောင် ...”
လုကျင်းချန်းက ကျင့်စဉ်ကို ထုတ်ကြည့်လိုက်ပြီးနောက် အေးခဲသွားတော့သည်။
ဒါ ဘာကြီးလဲ ...
သွမ့်ချန်ချင်းက တစ္ဆေဘုရင်ကို ကျင့်စဉ်နှစ်ခု ပေးကာ သူက ထိုကျင့်စဉ်များကို ပြင်ဆင်ထားကြောင်း ပြောပြပြီး အသေးစိတ် ရှင်းပြခဲ့သည်။
လုကျင်းချန်းကို ကျင့်စဉ်စာအုပ်များ ပေးပြီးနောက် သူက ရှင်းပြလိုက်သည်။
“အခုကနေစပြီး ဒီကျင့်စဉ်တွေကနေတစ်ဆင့် ကိုယ် မင်းဆီ တစ်လှမ်းချင်း လှမ်းလာခဲ့မယ် ...”
လုကျင်းချန်းက ဒေါသအရိပ်အယောင်များ မျက်နှာထက်တွင် မပေါ်စေဘဲ ကြိမ်းမောင်းလိုက်သည်။
“ရှင့်ခေါင်းက ဒါတွေနဲ့ပဲ ပြည့်နေတာ ဒါက ဘယ်လိုလုပ် ငါနဲ့ အသင့်လျော်ဆုံး ဖြစ်ရမှာလဲ ..."
ဒီလူကတော့ တကယ်ကို အရိုက်မခံရဘဲ ဘာမှ မလုပ်နိုင်ဘူးပဲ ...
တစ္ဆေဘုရင် “????”
ဘာ .. ဘာတွေ ဖြစ်ကုန်တာလဲ ..
ဇနီးမောင်နှံနှစ်ဦးသား ကုတင်၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်ကာ စကားများနေလိုက်ကြသည်။ ထို့နောက် တစ္ဆေဘုရင်က ကျင့်စဉ်ကို တွေ့သွားကာ ...
သွမ့်ချန်ချင်း သူ့ကို ရှင်းပြခဲ့သည့် ကျင့်စဉ်အပြင် နောက်ထပ် ထပ်ပေးလိုက်သည့် ကျင့်စဉ်မှာ တူနှစ်ကိုယ် ကျင့်ကြံစဉ် ဖြစ်နေပေသည်။
သူတော့ အကွက်ချ ကြံစည်ခံလိုက်ရပြီ ...
တစ်ဖက်တွင် သွမ့်ချန်ချင်းကလည်း ရှဲ့ယွင်နန်နှင့်အတူ ကျင့်ကြံနေ၏။
ကျင့်ကြံရေးအပြီးတွင် တစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားတော့သည်။ ထို့နောက် ရှဲ့ယွင်နန်က သူ့ကို မေးလိုက်သည်။
“အဲဒီ့လျောင်မုယဲ့က ဘာဖြစ်နေတာလဲ ...”
သွမ့်ချန်ချင်းက ပြန်ဖြေလိုက်သည်။
“ပြောတာတော့ သူက ပြန်လည်မွေးဖွားလာတာတဲ့ ...”
တစ္ဆေဘုရင်က လျောင်မုယဲ့၏ အယုံသွင်းမှုကို မခံရစေရန် အလို့ငှာ သူ့ကို အဖေလု စုံစမ်းခဲ့သမျှ အားလုံးအား ပြောပြခဲ့သည်။
ရှဲ့ယွင်နန်သာ မေးမလာပါလျှင် သူက ထိုအကြောင်း စကားပင် စလိမ့်မည် မဟုတ်။ သို့သော် မေးလာသည့်အခါတွင်လည်း ဖုံးကွယ်ထားလိမ့်မည် မဟုတ်ချေ။
ရှဲ့ယွင်နန် “ဒီလိုကိုး ...”
သူသိသားပဲ လျောင်မုယဲ့က သံသယဝင်နေတာပါဆို ...
တစ်ခြားဘဝက ရှဲ့ယွင်နန်က တကယ်ကို မျက်ကန်းပဲ ဒီလိုလူမျိုးနဲ့တောင် ချစ်ကြိုက်သွားမိတယ် ...
ဒါက စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံးဟာ မဟုတ်သေးဘူး .. သူက အဲဒီ့အချိန်တုန်းက သွမ့်ချန်ချင်းကို မကယ်ခဲ့ဘူးလား ...
သူက သွမ့်ချန်ချင်း၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
သွမ့်ချန်ချင်းကလည်း သူ့အတွေးတို့ကို သိနေသည့်ဟန်။
“မေ့နေပြီလား ကျွန်တော်က ဒီကမ္ဘာက မဟုတ်ဘူးလေ အဲဒီ့ဘဝတုန်းက ကျွန်တော်သာဆိုလည်း ခင်ဗျားသာ မကယ်ခဲ့ရင် အရမ်း အန္တရာယ်များခဲ့မှာ ...”
အဲဒီ့အချိန်က ရှဲ့ယွင်နန်သာ သူ့ကို မကယ်ခဲ့ရင် သူ့မှာလည်း ဒီခန္ဓာကိုယ်ကို လက်လျော့လိုက်ဖို့ကလွဲပြီး တစ်ခြား ရွေးစရာ မရှိလောက်တော့ဘူး ...
ပြီးတော့ ဒဏ်ရာရနေပြီးသား သူ့ကို နောက်ထပ် မွေးသေကံကြမ္မာစက်ဝန်းတစ်ခုနဲ့ ကြုံတွေ့စေမှာ အသေအချာပဲ ...
သူ့မှာ တစ်ခြားခန္ဓာကိုယ် ရှာနိုင်မယ့် အခွင့်အရေး ရှိခဲ့ရင်တောင် စိတ်ဝိဉာဉ် ပျက်စီးသွားတာကို အချိန်အကြာကြီး ကုသရတော့မှာ အရူးတစ်ယောက်တောင် ဖြစ်ချင် ဖြစ်သွားနိုင်တယ် ...
ယခုမူ ထိုအကြောင်း ဆက်ပြောနေရန် မလိုတော့။
ရှဲ့ယွင်နန်က သက်ပြင်းချလိုက်သည်။
“ဘာပဲဖြစ်ဖြစ် လျောင်မုယဲ့ကို တကယ် ကျေးဇူးတင်မိတယ် သူ ပြန်လည်မွေးဖွားလာတာ တကယ် ကံကောင်းတာပဲ ...”
သွမ့်ချန်ချင်း “ကျွန်တော်လည်း သူ့ကို ကျေးဇူးတင်တယ် သူ့ကို သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်ပြီး မိုင်းလုပ်သားအဖြစ်ပဲ ပြစ်ဒဏ်ပေးလိုက်ရင်ရော ဘယ်လိုလဲ ...”
ရှဲ့ယွင်နန် “ကောင်းပြီလေ ...”
လျောင်မုယဲ့က အခုအချိန်မှာ တော်တော်လေး နာကျင်ခံစားနေရမှာ .. ဒီလိုဆိုမှတော့ သူ့ကို ဆက်ပြီး နာကျင်ခိုင်းလိုက်ကြတာပေါ့ ....
The END ❤️
Main Story က ဒီမှာပြီးပါတယ်
Extra ကျန်ပါဦးမယ်ရှင်
THANKS 🥰