အပိုင်း ၉၈(End 1)
Viewers 7k

Chapter 98[end]




သွမ့်ချန်ချင်းက သူ့အတွေးတို့ကို မသိခဲ့ချေ။ 


သူ့လက်ထဲရှိ နှင်တံကို အသုံးပြုကာ ဟုန်ယဲ့မြို့တော်၏ ဘက်တော်သားများအား ဒဏ်ရာကုသပေးနေခဲ့သည်။ သူ့အခြေအနေသည်ပင်လျှင် အထွပ်အထိတ်အထိရောက်အောင် ပြန်လည်ကောင်းမွန်လာကာ ပြန်လည်တိုက်ခိုက်နိုင်လာတော့သည်။ 


သူက ဒုတိယအကြီးအကဲကို အကြီးအကဲပိုင်လက်ထဲ ထည့်ပေးကာ ဘေးမှ ရပ်ကြည့်နေလိုက်သည်။ 


သူတို့ဘက်တော်သားများ အသာစီးရနေသည့်အခါ မလှုပ်မရှားဘဲ ရပ်ကြည့်နေပြီး သူ့လူများ အရေးနိမ့်နေပါလျှင် ကျိန်းသေ ကူညီပေးမည်ဖြစ်သည်။ 


ထို့အပြင် သူ့လူများ ဒဏ်ရာရသည့်အခါလည်း ချက်ခြင်း ကုသပေးခဲ့သည်။ 


သူ့မိသားစုဝင် ယွင်နန်၏ ခန့်ခန့်ညားညား တိုက်ခိုက်နေပုံကို သဘောတကျ ရပ်ကြည့်ကာ ကုသမှုများကိုလည်း အခြားသူများထက် ပိုပေးခဲ့သည်။ 


ဤအခြေအနေတွင် ဟုန်ယဲ့မြို့တော်သားများမှာ ကြက်သွေးထိုးခံထားရသည့်နှယ် မြင့်မြတ်မြို့တော်သားများကို တက်တက်ကြွကြွ တိုက်ခိုက်လာကြတော့သည်။ 


ဒဏ်ရာရရင် ကုသပေးတယ် ရှုံးတော့မယ်ဆို ဝင်ကူပေးတယ် .. ဒီတိုက်ပွဲက အရမ်းကို မိုက်တာပဲ ...


အချို့သူပုန်များသည် ယခင်က သူတို့ကို ကုသပေးမည့် ယဇ်ဆရာကို မရှာနိုင်ခဲ့သည့်အတွက် ဒဏ်ရာဟောင်းများ ကျန်ရစ်နေကြသည်။ ယခု တိုက်ခိုက်သည့်အခါတွင်မူ ထိုဒဏ်ရာအားလုံး သက်သာပျောက်ကင်းသွားတော့၏။ 


ယဇ်ဆရာအကြီးအကဲကတော့ ထင်ထားတဲ့အတိုင်း တကယ်ကို အံ့ဩလောက်စရာပဲ ...


တစ္ဆေဘုရင်၏ မိတ်ဆွေတစ်ဦးက သူ့အနား ရောက်လာကာ မနာလို အားကျစွာဖြင့် ပြောလိုက်သည်။ 


“တစ္ဆေအိုကြီး မင်းက တကယ်ကို ကံကောင်းတာပဲ ...”


တစ္ဆေဘုရင် “...”


တစ်ခဏအကြာတွင် နှစ်အနည်းငယ် ပိုအသက်ကြီးကာ တစ္ဆေဘုရင် ကြီးပြင်းလာသည်ကို ကြည့်ရှုလာခဲ့ရသည့် အဖေလု ရောက်လာပြန်သည်။ သူ့ပုံစံမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေဟန်ပင်။ 


“အိုက်ချင်း ဘာလို့ ဒီလောက် အရေးကြီးတဲ့ ကိစ္စမျိုးကို စောစောစီးစီး မပြောတာလဲ ...”


တစ္ဆေဘုရင် “...”


သူ့မှာလည်း စောစောစီးစီး ပြောနိုင်ဖို့ အရည်အချင်း မရှိဘူး သူကိုယ်တိုင်လည်း အခုမှ သိတာလို့ ...


တစ်ခဏအကြာတွင် ဝမ်ချဲ့ ရောက်လာပြန်သည်။ 


“ယဇ်ဆရာအကြီးအကဲက တကယ်ကို သန်မာတာပဲနော် ဟုတ်တယ်မဟုတ်လား ...”


တစ္ဆေဘုရင်က မနေနိုင် မထိုင်နိုင် ထုတ်ပြောလိုက်ရတော့သည်။ 


“ငါတို့က အခုထိ တိုက်နေရတုန်းလေ မင်းတို့ကောင်တွေ ကောင်းကောင်းမွန်မွန်လေးပဲ တိုက်ခိုက်ပေးလို့ ရမလား ငါ့ကို လာစကားမပြောကြပါနဲ့ ...”


ဝမ်ချဲ့က ပြောလိုက်သည်။ 


“ငါလည်း တိုက်ခိုက်ချင်တာပဲ ဒါပေမယ့် အခု သူတို့တွေ အားလုံးက လက်နက်ချကုန်ကြပြီ မဟုတ်လား ..."


သွမ့်ချန်ချင်းမှာ အလွန်သန်မာလှသည့်တိုင် နောက်တစ်ကြိမ် ဒဏ်ရာ ထပ်ရသွားမည်ကို စိုးရိမ်စိတ်ကြောင့် အချိန်ကြာရှည်စွာ မတိုက်ခိုက်နိုင်။ 



သို့သော် ထိုနှင်တံနှင့်သာဆိုလျှင် နောက်ထပ် စိုးရိမ်ပူပန်နေရန် မလိုတော့ချေ။ 


စိတ်စွမ်းအင် အစိုင်အခဲထဲမှ စိတ်စွမ်းအင်များကို နှင်တံထံ ဦးတည်လိုက်ပြီးနောက် သူသည် အခြားလူများအား ကုသပေးနိုင်ရုံသာမက အချိန်ကြာမြင့်စွာလည်း တိုက်ခိုက်နိုင်လာတော့သည်။ 


သူနှင့် တစ်ဖက်တည်း ဖြစ်နေသူများမှာမူ အလွန့်အလွန် အဆင်ပြေနေကြပေသည်။ သို့သော် ရန်သူများမှာမူ ...


သွမ့်ချန်ချင်းက သူ့ရန်သူများကို အနည်းငယ်ပင် စာနာသနားမိလာတော့သည်။ 


မြင့်မြတ်မြို့တော်ဘက်မှ လူများမှာ ဆက်ပြီး တောင့်မခံနိုင်ကြတော့။ အချို့က ထွက်ပြေးရန် ကြံစည်ခဲ့ကြသော်ငြား သွမ့်ချန်ချင်း၏ တိုက်ခိုက်မှုကြောင့် ထွက်မပြေးနိုင်ခဲ့။ 


ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါ အားလုံး ကူကယ်ရာမဲ့သွားကြတော့သည်။ အဆုံးတွင်တော့ အားလုံး လက်ကို မြှောက်ကာသာ လက်နက်ချလိုက်ရတော့သည်။ 


တိုက်ပွဲမှာ များမကြာမီပင် ပြီးဆုံးသွားကာ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ဟုန်ယဲ့မြို့တော်သားများက လွှဲပြောင်းယူလိုက်ကြသည်။ 


ထို တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်မှာ ဒုတိယအကြီးအကဲက သူ့အင်အားကို ပြသရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြီးအကဲ အရေးနိမ့်သည့်အခါ သူတို့က တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ရပ်တန့်ရန် တွေးခဲ့သေးသော်ငြား .. ကိစ္စရပ်များမှာ အလွန်မြန်မြန်ဆန်ဆန် ဖြစ်ပွားသွားသည့်အတွက် ထိုသို့ တွေးမိသည့် အချိန်တွင် နောက်ကျသွားချေပြီ။ 


နောက်ကျသွားပြီ ဖြစ်သည့်အတွက် သူတို့လည်း ထွေထွေထူးထူး တွေးမနေတော့ဘဲ ဆက်ပြီးသာ တိုက်ရိုက်ထုတ်လွှင့်နေလိုက်တော့သည်။ 


မြင့်မြတ်မြို့တော်သားများမှာ ဤကဲ့သို့သော ထိပ်သီးများအကြား တိုက်ပွဲကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသည့်အတွက် စိတ်လှုပ်ရှားမှုများက မိုးထိမတတ် မြင့်တက်လာတော့သည်။ 


သူတို့တွင် ကြောက်လန့်နေစရာလည်း မရှိ။ ထိပ်သီးများအကြား တိုက်ပွဲမှာ သူတို့နှင့် မသက်ဆိုင်ရာ သူတို့၏ လက်ရှိဘဝမှာ အနာဂတ်တွင်လည်း ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ 


ထိုအချိန်က သူတို့သည် ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်း မြင့်မြတ်မြို့တော်ကို သိမ်းပိုက်ပြီးနောက် သူတို့၏ ဘဝများမှာ ပထဝီမြေကြီး တုန်ဟီးသည်အထိ ပြောင်းလဲသွားရလိမ့်မည်ဟု ကြိုမသိခဲ့ကြချေ။ 


အနိုင်ရထားကာစ ဟုန်ယဲ့မြို့တော်သားများသည်ပင် အနာဂတ်အတွက် အနည်းငယ် စိတ်ရှုပ်ထွေးမိနေကြဆဲ ဖြစ်သည်။


မြင့်မြတ်မြို့တော်ရဲ့ အညံ့ခံလိုက်တဲ့ အချိန်က အရမ်း အရမ်းကို မြန်လွန်းနေသလိုပဲနော် ...


ပြီးတော့ သွမ့်ချန်ချင်း သူက နတ်ဘုရားအဆင့် တိုက်ခိုက်သူဆို? ဘယ်လိုလုပ် ချက်ခြင်းလက်ငင်းကြီး ယဇ်ဆရာအကြီးအကဲ ဖြစ်သွားရပြန်တာလဲ ...


တိုက်ပွဲဖြစ်ပွားရာ မြေပြင်ကို ရှင်းလင်းပြီးနောက် တစ္ဆေဘုရင်သည် ရှဲ့ယွင်နန်ကို သွားရှာကာ မနေနိုင်မထိုင်နိုင် ထုတ်မေးလိုက်တော့သည်။ 


“ယွင်နန် သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲဆိုတာ မင်း သိနေပြီးသား မဟုတ်လား ဘာလို့ ကြိုမပြောခဲ့တာလဲ ...”


သူက အားလုံးကို လျှို့ဝှက်ထားလိုသည်မှာ သွမ့်ချန်ချင်း၏ အတွေးဖြစ်ကြောင်း ထုတ်မပြောခဲ့။ ထိုအစား အနည်းငယ် ရှက်ရွံ့ဟန်ဖြင့်သာ ပြောလိုက်တော့သည်။ 


“ကျွန်တော် မေ့သွားလို့ ...”


“မေ့သွားတယ်ဆိုတာ ဘာသဘောလဲကွ သူက မင်းကို မပြောခိုင်းတာ မဟုတ်လား သူက ငါတို့ကို လူရှေ့သူရှေ့ ရောက်ကာမှ ရုတ်တရက်ကြီး အလန့်တကြား ဖြစ်သွားစေချင်နေတာ မဟုတ်လား ...”


တစ္ဆေဘုရင်က အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ 


သူ သိနေသားပဲ သွမ့်ချန်ချင်းလို အင်အားကြီးတဲ့ လူမျိုးက မိုးပေါ်ကနေ ကျလာသလိုမျိုး ရုတ်တရက်ကြီး ထွက်မလာလောက်ပါဘူးလို့ ...


ပြီးတော့ ကျင့်စဉ်တွေ အများကြီးကို သိနေတာကလည်း .. သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲဆိုတော့ သိပ်ပြီး မအံ့ဩမိတော့ပါဘူး ...


အစအဆုံး ကြားလိုက်ရသည့် သွမ့်ချန်ချင်း "..."


သူ့ကို ညှာတာပေးကြပါ သူ့မှာ ခြောက်လှန့်ချင်တဲ့ စိတ်ဆန္ဒ တစ်စက်လေးတောင် မရှိပါဘူးနော် ...


ထိုစဉ် ရှဲ့ယွင်နန်က သူ့ကို လှမ်းမြင်လိုက်သည်။ သူ့ခန္ဓာကိုယ် အခြေအနေကို စိတ်ပူသည့်အတွက် အနားသို့ ရောက်လာကာ နေရာတွင်ပင် တစ်ကိုယ်လုံးအနှံ့ စစ်ဆေးလိုက်သည်။ 


“ချန်ချင်း အကုန် အဆင်ပြေရဲ့လား ...”


“အဆင်ပြေပါတယ် ...”


သွမ့်ချန်ချင်းက ရှဲ့ယွင်နန် သူ့ခန္ဓာကိုယ်အား များစွာ စိတ်ပူနေရသည့် အကြောင်းအရင်းကို နားမလည်။ 


တစ္ဆေဘုရင်က ဝင်ပြောလိုက်သည်။ 


“မင်းလက်ထဲက နှင်တံက ကောင်းတဲ့ပစ္စည်း မဟုတ်ဘူးဆို ဘာလို့ ဆက်သုံးနေတာလဲ ...”


ရှဲ့ယွင်နန်က ဆက်ပြောလိုက်သည်။ 


“ပြီးတော့ တစ်ခါတစ်လေ ကိုယ် ကုသမှုကို မလိုအပ်တာတောင် ဘာလို့ ကုသပေးတာလဲ ...”


သူက တိုက်ပွဲအတွင်းတွင် သောကစိတ်များ ဖိစီးခဲ့ရကာ ထိုနှင်တံကို အများအပြား သုံးခဲ့သည့်အတွက် သွမ့်ချန်ချင်း၏ ခန္ဓာကိုယ်တွင် ပြဿနာတစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့မိသည်။ 


ဒီလိုကြောင့်ကိုး ...


သွမ့်ချန်ချင်းက ခပ်ဖွဖွ ချောင်းဟန့်ကာ ပြောလိုက်သည်။ 


“ဒီနှင်တံက ပြဿနာ မရှိပါဘူး အစောပိုင်းက ပြောခဲ့တာတွေက ဒုတိယအကြီးအကဲကို အရူးလုပ်ဖို့ပါ ...”


“ဒါပေမယ့် မင်း တိုက်ခိုက်ခဲ့တုန်းက ခန္ဓာကိုယ်က မသက်မသာ ဖြစ် ...”


ရှဲ့ယွင်နန်မှာ စိတ်မအေးနိုင်သေး။ 


သွမ့်ချန်ချင်းက အနားတိုးလာကာ နားနားကပ်၍ တီးတိုးပြောလိုက်သည်။ 


“ဟိုးအရင်က ခန္ဓာကိုယ်အခြေအနေနဲ့ အခုလက်ရှိ အခြေအနေ ... မင်း အသိဆုံးပဲ မဟုတ်လား ..."


ရှဲ့ယွင်နန် “...”


သွမ့်ချန်ချင်းရဲ့ စကားတွေက သူ့ကို စနောက်နေတာလို့ ဘာလို့ ခံစားမိနေပါလိမ့် ...


သွမ့်ချန်ချင်းက သူ့ကို စနောက်သည်ဖြစ်စေ၊ အတည်ပြောသည်ဖြစ်စေ တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည့်အတွက် လုပ်စရာအလုပ်များ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ 


ဟုန်ယဲ့မြို့ကို သိမ်းတုန်းကလည်း ဒါမျိုး ကြုံခဲ့ဖူးပြီးသားဆိုတော့ .. အဲဒါထက် ဘယ်လောက်များ ပိုပြီး ခက်နိုင်မှာတဲ့လဲ ...



တစ်ည အနားယူပြီးနောက် ရှဲ့ယွင်နန်၊ တစ္ဆေဘုရင်နှင့် အခြားလူများသည် ကိုယ်စီကိုယ်စီ အလုပ်များလာကြတော့သည်။ 


သူတို့က မြင့်မြတ်မြို့တော်၏ ကိစ္စရပ်များကို မနားတမ်း ကိုင်တွယ်ကာ အစောပိုင်းကတည်းက အဖမ်းခံရသင့်သူများကိုလည်း ဖမ်းဆီးလိုက်သည်။ 


အားလုံး အလုပ်များနေကြပြီး အားလပ်သူဟူ၍ သွမ့်ချန်ချင်း တစ်ဦးတည်းသာ ရှိပေသည်။ မည်သူမှလည်း သူ့ကို အလုပ်ရှုပ်အောင် မခိုင်းရဲကြ။ 


သူ့ကို အချိန်အတော်ကြာ ပြုစုစောင့်ရှောက်ခဲ့သည့် ဖန့်ချီရှန့်ပင်လျှင် သဘောထား ပြောင်းလဲသွားကာ ယခင်ထက် ပိုမိုရိုသေလေးစားလာတော့သည်။ 


ဤကုန်းမြေတိုက်တွင် နေထိုင်သူအားလုံးမှာ နှစ် ထောင်ပေါင်းများစွာ သင်ကြားမှုများ၏ အကျိုးဆက်အနေဖြင့် ယဇ်ဆရာအကြီးအကဲကို သူတို့၏ နှလုံးသား အောက်ခြေမှပင် ကြောက်ရွံ့စိတ်များ ရှိနေကြသည်။ 


သွမ့်ချန်ချင်း “...”


ဒီလူတွေရဲ့ ထူးထူးဆန်းဆန်း အကြည့်တွေက သူ့ကို မသက်မသာ ဖြစ်စေတယ် ...


သို့သော် သူ့တွင် အခြား လုပ်စရာအလုပ် ဟူ၍လည်း မရှိသည့်အတွက် ရှဲ့ယွင်နန်၏ အနောက်သို့ လိုက်ကာသာ သူ့ကို အကြံအမျိုးမျိုး ပေးနေလိုက်တော့သည်။ 


ရှဲ့ယွင်နန်သည် ငယ်စဉ်ကတည်းက ဆင်ခြေဖုံးဒေသတွင် ကြီးပြင်းလာသည့်အတွက် သူ့ပတ်ဝန်းကျင်တွင် ဖိနှိပ်ခံရသူ အများအပြားကို မြင်တွေ့ခဲ့ဖူးသည့်အပြင် အထက်တန်းလွှာတို့၏ အဆိပ်အတောက်များကိုလည်း ကြုံတွေ့ခဲ့ဖူးရာ .. ၎င်းတို့ကို အလုံးစုံ ပြောင်းလဲလိုခဲ့သည်။ 


သို့သော် ထိုသို့ ပြောင်းလဲခြင်းက လူအများအပြား၏ အကျိုးစီးပွားကို ထိပါးနိုင်သည့်အတွက် ခက်ခဲမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ 


အခြားအရာများကို မဆိုထားနှင့်၊ လုမိသားစုသည်ပင်လျင် နှစ်ထောင်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့သည့် ကြွယ်ဝမှုနှင့် ဂုဏ်ဒြပ်ကို စွန့်လွှတ်ရန် အလွန် ခဲယဉ်းပေလိမ့်မည်။


သို့သော် ရှဲ့ယွင်နန်၏ အကျင့်စရိုက်အရ မည်မျှပင် ခက်ခဲနေပါစေ သူ့တွင် စိတ်ဆန္ဒ ရှိနေသရွေ့ အောင်မြင်အောင် လုပ်ဆောင်မည် ဖြစ်သည်။ 


သွမ့်ချန်ချင်းကလည်း ကျိန်းသေ အောင်မြင်လိမ့်မည်ဟု ခံစားမိနေ၏။ 


သူ့အကူအညီနှင့်သာဆိုလျှင် ရှဲ့ယွင်နန်အဖို့ နှစ်ရာပေါင်းများစွာ ကြာအောင် နေထိုင်ရန် ပြဿနာမရှိ၊ နှစ်ပေါင်း ရာနှင့်ချီအောင် ကုန်လွန်လာသည့်အခါ .. သူတို့ လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာမှာ အသေးအဖွဲမျှသာ ဖြစ်သွားပေလိမ့်မည်။ 


အစိုးရတစ်ရပ်သည် ကိုယ်ပိုင်ခွန်အားနှင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို ပိုင်ဆိုင်ထားပါလျှင် အမိန့်ပြဌာန်းချက်များကို ချောချောမွေ့မွေ့ ထုတ်ပြန်နိုင်ပေသည်။ 


သူတို့တွင် ထိုလိုအပ်ချက် နှစ်ခုလုံးကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ 


မြင့်မြတ်မြို့တော်အနှံ့ ကြီးမားလှသည့် အပြောင်းအလဲများ ဖြစ်ပွားနေ၏။ ပြစ်မှုကျူးလွန်သူ မည်သူမဆို၊ ခွန်အားကို ဂရုမထား၊ အားလုံး အပြစ်ပေးခံခဲ့ရသည်။ ဥပဒေ၏ အထက်တွင် ရှိနေသူများလည်း ထုတ်ဖော်ခံလိုက်ရကာ ဒုတိယအကြီးအကဲ၏ ပိုင်ဆိုင်မှုများမှာလည်း ပြည်သူပိုင်အဖြစ် သိမ်းယူခံလိုက်ရပြီး ထိုလူများကို ကာကွယ်ရေးအစောင့်များအဖြစ် အသုံးပြုလိုက်သည်။ 


ထိုနေ့တွင် သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်က မြင့်မြတ်မြို့တော်နှင့် ဟုန်ယဲ့မြို့ကို ရထားလမ်း တည်ဆောက်ရန် ဆွေးနွေးနေကြသည်။ ထိုစဉ် ရုတ်တရက် လူတစ်ယောက် ရောက်လာကာ အကျဉ်းသားတစ်ဦးက ရှဲ့ယွင်နန်ကို တွေ့လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းနေကြောင်း အစီရင်ခံလာ၏။ 


“အဲဒါ ဘယ်သူလဲ ...”


ရှဲ့ယွင်နန်က မေးလိုက်သည်။ 


သူ့ကိုတောင် လူလွှတ်ပြီး ရှာနိုင်တယ်ဆိုတော့ ဒီအကျဉ်းသားမှာ ပုံမှန်မဟုတ်တဲ့ အဆင့်အတန်းတစ်ခု ရှိနေသလိုပဲ ...


“အဲဒါ လျောင်မုယဲ့ပါ ...”


အစီရင်ခံရန် ရောက်လာသူက ပြောလိုက်သည်။ 


“သူက ပေါက်ကရတွေပဲ ဆက်တိုက် ပြောနေတာ အရှင်သာ သူ့ကို လာမတွေ့ရင် ကျိန်းသေ နောင်တရလိမ့်မယ်တဲ့ ...”


လျောင်မုယဲ့က သူ့ကိုယ်သူ ရှဲ့ယွင်နန်၏ ရည်းစားဟောင်းဟု ဆက်တိုက် ပြောနေခဲ့သည်။ ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များအား စုံစမ်းခဲ့သည့် ဖန့်ချီရှန့်ပင်လျှင် ထိုစကားကို ကြားသည့်အခါ ...


အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးနေတော့၏။ သူက ညွှန်ကြားချက် ရယူရန် ထွက်လာခဲ့ခြင်း ဖြစ်သော်ငြား ထိုနေရာတွင် သွမ့်ချန်ချင်းသာမက ရှဲ့ယွင်နန်လည်း ရှိနေခဲ့သည်။ 


ရှဲ့ယွင်နန်က လတ်တလောတွင် အလွန် အလုပ်များနေသည့်အတွက် လျောင်မုယဲ့အကြောင်းကို တွေးပင် မတွေးမိခဲ့။ ထိုနာမည်ကို ရုတ်တရက် ကြားလိုက်သည့်အခါ ကြောင်အသွားတော့သည်။


လျောင်မုယဲ့က သူ့ကို တွေ့ချင်တယ် ဟုတ်လား ...


သူက လျောင်မုယဲ့နဲ့ ရင်းနှီးလို့လား ...


“ယွင်နန်က အခုတလော တအား အလုပ်များနေတာ ဘယ်လိုလုပ် လူတိုင်းကို လိုက်တွေ့နိုင်မှာလဲ လျောင်မုယဲ့ ဟုတ်လား ငါ သွားတွေ့လိုက်မယ် ..."


တစ္ဆေဘုရင်က ရုတ်တရက် ရောက်လာကာ ဝင်ပြောလိုက်သည်။ 


ရှဲ့ယွင်နန်မှာ အမှန်တကယ်ပင် လျောင်မုယဲ့ကို တွေ့ရန် အချိန်မရှိ။ 


သူသည် ထူးဆန်းသည့် မှတ်ဉာဏ်အချို့ကို ရခဲ့ဖူးကာ ၎င်းတို့ကို အတုဟု ထင်ခဲ့ဖူးသည်။ သို့သော် သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲ ဖြစ်ကြောင်းနှင့် သူ့ကိုယ်ထဲတွင် စွမ်းအင်ဗဟိုချက် ရှိနေကြောင်း သိလိုက်ရသည့်အခါ သူသာ သွမ့်ချန်ချင်းကို မကယ်ခဲ့ပါလျှင် ထိုမှတ်ဉာဏ်ထဲမှအတိုင်း ကြုံတွေ့ရလိမ့်မည်ဟု သဘောပေါက်သွားတော့သည်။ 


တော်သေးတာပေါ့ သွမ့်ချန်ချင်းကို ကယ်ခဲ့မိလို့ ...


ယခုမူ သူ့မှတ်ဉာဏ်ထဲမှအတိုင်း မဖြစ်တော့သည့်အတွက် လျောင်မုယဲ့နှင့် ပတ်သက်ရှုပ်ထွေးရန်လည်း စိတ်မဝင်စားတော့ချေ။


သူက ပြောလိုက်သည်။ 


“ကျွန်တော့်မှာ တကယ်ကို အချိန်မရှိဘူး ဖြစ်နေတာ အဖေ့ကိုပဲ ဒုက္ခပေးရတော့မယ် ...”


တစ္ဆေဘုရင်က အဖေဟု အခေါ်ခံလိုက်ရသည့်အတွက် အလွန် ဝမ်းသာရွှင်မြူးသွားတော့သည်။ 


“မဟုတ်တာ မဟုတ်တာ ဒါလေးက ဘာမှ ပြဿနာ မဟုတ်ဘူး ...”


ထို့နောက် သူက သတင်းလာပို့သူနှင့်အတူ ပြန်ထွက်သွားတော့သည်။ 


သူ့တွင်လည်း ထိုကိစ္စကို လက်ဦးမှု ရယူလိုသည့် အကြောင်းအရင်း ရှိနေပေသည်။ သူ့ယောက်ဖထံမှ လျောင်မုယဲ့ ပြန်လည်မွေးဖွားလာသည့်အကြောင်း ကြားခဲ့မိ၏။ 


အဖေလုသည် လျောင်မုယဲ့ ပြန်လည်မွေးဖွားလာသည့်အကြောင်း သိလိုက်ရစဉ်က ကျိုးကြောင်းမဆီလျော်သည့် အချက်အလက်များစွာ ရှိနေကာ မည်သည့်အရာများ ဆက်ဖြစ်လာမည်ကိုလည်း ဝေဝါးနေသည်ဟု ခံစားမိခဲ့သည်။ သို့သော် သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲဖြစ်ကြောင်း သိလိုက်ရသည့်အခါ ကိစ္စအားလုံးကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့သည်။ 


လျောင်မုယဲ့ သိထားသည့် အတိတ်ဘဝတွင် သွမ့်ချန်ချင်းမှာ ရှဲ့ယွင်နန်၏ ကယ်ဆယ်ခြင်းကို မခံရ၊ ရှဲ့ယွင်နန်သည်လည်း လျောင်မုယဲ့ကိုသာ ချစ်မိနေဆဲပင်။ 


ထိုအကြောင်းကို သွမ့်ချန်ချင်းသာ သိသွားပါလျှင် မပျော်မရွှင်ဖြစ်ကာ သူတို့၏ ဆက်ဆံရေးကို သက်ရောက်သွားစေလိမ့်မည်။ 


ထို့ကြောင့် အဖေလုက သူတို့ကို မပြောတော့ဘဲ လုကျင်းချန်းနှင့် တစ္ဆေဘုရင်ကိုသာ အသိပေးထားရန် ဆုံးဖြတ်လိုက်သည်။ 


ထိုစကား ကြားသည့်အခါ လုကျင်းချန်းရော တစ္ဆေဘုရင်ပါ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။


အဲဒီ့လျောင်မုယဲ့က တကယ်ကို မကောင်းတဲ့ကောင်ပဲ သူတို့သားက အတိတ်ဘဝမှာ ဒီလို မကောင်းတဲ့ကောင်နဲ့ ချစ်မိတဲ့အပြင် သူ့မိသားစုတွေနဲ့ သူ့ကို ပိုးပန်းတဲ့လူတွေရဲ့ အနိုင်ကျင့်တာကိုပါ ခံခဲ့ရသေးတယ်တဲ့လား ...


ဒီဘဝမှာ အချိန်မီ ရပ်တန့်လိုက်လို့ တော်သေးတာပေါ့ ဒီဘဝမှာတော့ အမြင်ကောင်းလေး ရှိနေတာ ကံကောင်းတယ် ပြောရမယ် ...


ယခုလက်ရှိ ဘဝမှာ အလွန်ကောင်းမွန်နေပြီ ဖြစ်သည့်အတွက် သူတို့က ထိုစကားများကို စိတ်ထဲတွင်သာ မြှုပ်နှံထားလိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ 


သို့သော် ယခုအချိန်တွင် လျောင်မုယဲ့က ရှဲ့ယွင်နန်ကို တွေ့လို

ကြောင်း ပြောလာရာ ... ရှဲ့ယွင်နန်သာ သူ့ကို သွားတွေ့ပါလျှင် သွမ့်ချန်ချင်းကလည်း အနောက်မှ လိုက်လာမည် ဖြစ်သည်။ ထို့နောက် လျောင်မုယဲ့က တစ်ခုခု ပြောလိုက်ပါလျှင် ...


၎င်းက ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းအကြား ဆက်ဆံရေးကို ထိခိုက်သွားပေလိမ့်မည်။