Chapter 97
အကြီးအကဲပိုင်က သွမ့်ချန်ချင်းကို "ယဇ်ဆရာအကြီးအကဲ" ဟု ခေါ်လိုက်သည့်အခါ ကြည့်နေသူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
မြင့်မြတ်မြို့တော်၏ ဘက်တော်သားများမှာမူ နားဝေတိမ်တောင် ဖြစ်သွားတော့သည်။ သူတို့အားလုံးက ယဇ်ဆရာအကြီးအကဲကို သစ္စာဖောက်သူမှာ အကြီးအကဲပိုင်ဖြစ်ပြီး ဟုန်ယဲ့မြို့တော်သားများက ယဇ်ဆရာအကြီးအကဲကို များစွာ ဖော်ရွေခြင်း မရှိ၊ တစ္ဆေဘုရင်က ယဇ်ဆရာအကြီးအကဲကို သတ်ခဲ့သည်ဟု များစွာ ဝါဒဖြန့် အယုံသွင်းခြင်း ခံထားရသည့်အတွက် ...
သူတို့က ဟုန်ယဲ့မြို့တော်သားများသည် မွန်မြတ်ခြင်း ကျောင်းတော်ကို ဖြုတ်ချရန် မြင့်မြတ်မြို့တော်ကို တိုက်ခိုက်ကြခြင်း ဖြစ်သည်ဟုပင် အခိုင်အမာ ပြောခဲ့ကြသေးသည်။
မွန်မြတ်ခြင်းကျောင်းတော်မှာ မြင့်မြတ်မြို့တော်သားများအဖို့ အထိအခိုက် မခံနိုင်သည့် ရတနာသဖွယ် ဖြစ်နေရာ .. အားလုံးက ဟုန်ယဲ့မြို့တော်သားများကို အလိုလိုပင် မုန်းတီးမိလာကြတော့သည်။
သွမ့်ချန်ချင်း ထွက်မလာခင်အထိ အားလုံးက တရားဝင် အခမ်းအနား မကျင်းပရသေးသည့်တိုင် ဒုတိယအကြီးအကဲကသာ ယဇ်ဆရာအကြီးအကဲအသစ်ဖြစ်ကြောင်းကို ထုတ်ပြောရန်ပင် မလိုအပ်ဘဲ အချင်းချင်း နားလည်သဘောပေါက်ထားကြသည်။
ဒါပေမယ့် အခု အကြီးအကဲပိုင်က ဘာပြောလိုက်တာလဲ .. သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲတဲ့လား ပြီးခဲ့တဲ့ အာဏာသိမ်းမှုတုန်းက ပျောက်သွားတဲ့ ယဇ်ဆရာအကြီးအကဲလေ ...
ဟုန်ယဲ့မြို့တော်သားများမှာလည်း ထပ်တူပင် နားဝေတိမ်တောင် ဖြစ်သွားကြသည်။
မုန့်ယန်နှင့် သူ့လူများက အစပိုင်းတွင် သွမ့်ချန်ချင်းကို တစ္ဆေဘုရင်ဟု ထင်ထားခဲ့ကြသည်။ သို့သော် တစ္ဆေဘုရင်၏ စကားများကြောင့် နောက်ပိုင်းတွင် သူတို့သည် သွမ့်ချန်ချင်းမှာ ယဇ်ဆရာအကြီးအကဲ၏ ဘေးနားရှိ နတ်ဘုရားအဆင့် တိုက်ခိုက်သူဟု ယုံကြည်လိုက်ကြတော့၏။
ဒါပေမယ့် တကယ်တမ်းတော့ သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲ ဖြစ်နေတာလား ...
ယဇ်ဆရာအကြီးအကဲက ဒီလိုမျိုး တိုက်ခိုက်နိုင်လို့လား ...
ဟုန်ယဲ့မြို့မှာ အဖမ်းခံရပြီးနောက်ပိုင်း အသက်ရှင်သန်နိုင်ဖို့အရေး ယဇ်ဆရာအကြီးအကဲအပေါ် သစ္စာရှိကြောင်း ပြခဲ့မိတဲ့ သူတို့အဖြစ်ကိုပဲ ဝမ်းသာလိုက်သင့်လား ...
တစ္ဆေဘုရင်လည်း အခြားသူများနှင့် ထပ်တူပင်။
သူက သွမ့်ချန်ချင်းသည် တစ္ဆေဘုရင်၏ ဘေးနားရှိ နတ်ဘုရားအဆင့် တိုက်ခိုက်သူဟုသာ အမြဲ ယုံကြည်ထားခဲ့သည်။ သူက သွမ့်ချန်ချင်းကို ယဇ်ဆရာအကြီးအကဲအား ကောင်းကောင်း မကာကွယ်ခဲ့ဟု စွပ်စွဲကာ ယဇ်ဆရာအကြီးအကဲ၏ အသေခံ သစ္စာရှိနောက်လိုက်များက မုန်းတီးကြမည်ကိုပင် စိုးရိမ်မိခဲ့သေးသည်။
ဒါပေမယ့် တကယ်တမ်းတော့ သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲတဲ့လား ...
ငယ်ငယ်ကတည်းက အလိုလိုက် အကြိုက်ဆောင်မှုတွေနဲ့ ကြီးပြင်းလာတဲ့ ယဇ်ဆရာအကြီးအကဲက သူ့သားဘေးမှာ အလိုလိုက်ခံရတဲ့ ကလေးဆိုးတစ်ယောက်လို နေနေခဲ့တာတဲ့လား ...
ထိုစဉ် ဒုတိယအကြီးအကဲက အားလုံး၏ သံသယများကို ထုတ်ပြောလိုက်သည်။
“မဖြစ်နိုင်တာ သူက ဘယ်လိုလုပ် ယဇ်ဆရာအကြီးအကဲ ဖြစ်နိုင်မှာလဲ ...”
“သူက ယဇ်ဆရာအကြီးအကဲ အစစ် ငါက သူ ငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာခဲ့တဲ့သူ ဘယ်လိုမှ မမှားနိုင်ဘူး ...”
အကြီးအကဲပိုင်က အနည်းငယ် ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
“သူ ကြီးပြင်းလာတဲ့ ဓာတ်ပုံတွေကိုလည်း ငါ သေချာလေး သိမ်းထားတယ် ...”
အကြီးအကဲပိုင်၏ သစ္စာရှိမှုကို ထိုနေရာတွင် ရှိနေသူအားလုံး သိသာထင်ရှားစွာ မြင်တွေ့လိုက်ကြသည်။ သူ့ကို လိမ်လည်လှည့်ဖျားတတ်သူဟု မသတ်မှတ်ကြသည့်အတွက် အားလုံးက သူ့စကားကို ယုံကြည်လိုက်ကြသည်။
အကြီးအကဲပိုင်က သူ့ငယ်သားတွေကို ခေါ်ပြီး ဟုန်ယဲ့မြို့ကို အုပ်စုလိုက်ကြီး ချီတက်သွားတာ အံ့ဩစရာ မရှိတော့ပါဘူး သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲ ဖြစ်နေတာကိုး ...
ကလေးဘဝက ယဇ်ဆရာအကြီးအကဲကို တွေ့ခဲ့ဖူးသည့် ဒုတိယအကြီးအကဲသည်လည်း နောက်ဆုံးတွင် သွမ့်ချန်ချင်း၏ မျက်နှာကို အကဲခတ်ပြီးနောက် ဆင်တူမှုများကို တွေ့လိုက်ရတော့သည်။
“မဖြစ်နိုင်လိုက်တာ .. သူက နေမကောင်းတဲ့ အပင်ပေါက်သာသာပဲဟာ ဘယ်လိုမှ ရှင်သန်နိုင်စရာအကြောင်း မရှိဘူး ...”
ပုန်ကန်မှုကြောင့် အခြေအနေတစ်ခုလုံး ရှုပ်ထွေးနေသည့်အတွက် ယဇ်ဆရာအကြီးအကဲ ပျောက်သွားသည့်နေရာကို အကြီးအကဲပိုင်သာမက အခြား စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးလည်း မသိခဲ့ကြ။ ထို့ကြောင့်လည်း မည်သည့်နေရာမှ စရှာရမှန်း မသိ၊ အခက်တွေ့ခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော် ဒုတိယအကြီးအကဲကမူ ယဇ်ဆရာအကြီးအကဲ၏ နေရာကို အတိအကျ သိထားခဲ့သည်။ နှင်တံကို လုယူပြီးနောက် ယဇ်ဆရာအကြီးအကဲ မြစ်ထဲသို့ ခုန်ချသွားသည်ကို သူ့မျက်လုံးဖြင့် တပ်အပ်မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က အနည်းငယ် ဒေါသထွက်နေသည့်အတွက် ယဇ်ဆရာအကြီးအကဲကို တိုက်ခိုက်ခဲ့မိသေးသည်။ အားနည်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အပြင် တိုက်ခိုက်မှုကို ခံရကာ ရေထဲပြုတ်ကျသွားသည့် ယဇ်ဆရာအကြီးအကဲမှာ မည်သို့မျှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။
အသက်ရှင်နိုင်ချေ ရှိနေမည်ကို စိုးရိမ်စိတ်ကြောင့် ယဇ်ဆရာအကြီးအကဲ၏ အလောင်းကို လိုက်ရှာရန်လည်း ပြင်ဆင်ခဲ့သေးသည်။ သို့သော် သူ့အစီအစဉ်များမှာ အပြောင်းအလဲများနှင့် အမီမလိုက်နိုင်။ ထို့အပြင် နှင်တံကို အသုံးပြုရာ၌လည်း ပြဿနာအချို့ ရှိနေရာ ...
နောက်ပိုင်းတွင် အလောင်း ရှာဖွေရာ၌ အကြီးအကဲပိုင်သာမက အခြားလူများလည်း ရောနှောပါဝင်လာရာ နှင်တံကို အပိုင်သိမ်းရန်အတွက် ပုန်းအောင်းနေလိုက်တော့သည်။
ယဇ်ဆရာအကြီးအကဲများ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာသည့် ရတနာမှာ သူ့လက်ထဲ ရောက်နေပြီဖြစ်သော နှင်တံပင် ဖြစ်လိမ့်မည်ဟု ထင်လိုက်သည့်အတွက် တန်ဖိုးမရှိသော အလောင်းကောင်ကို လိုက်ရှာရင်း အချိန်ဖြုန်းမနေတော့ရန် ဆုံးဖြတ်လိုက်သည်။
“ဘာလို့ အသက်မရှင်နိုင်ရမှာလဲ ...”
သွမ့်ချန်ချင်းက လှောင်ရယ်လိုက်သည်။
“ငါ့ခန္ဓာကိုယ်က တကယ်ကို အားနည်းတယ် ဒါပေမယ့် အဲဒါကလည်း ခင်ဗျားလက်ထဲမှာ ရှိနေတဲ့ နှင်တံကို မကြာခဏ အသုံးပြုရလို့ အားနည်းနေတာ အဲဒီ့နှင်တံ မရှိတော့တဲ့အတွက် ခန္ဓာကိုယ်က တစ်ဖြည်းဖြည်း ပြန်သက်သာလာတယ်လေ အခု ခင်ဗျားက နှင်တံရဲ့ အကူအညီနဲ့ ရန်သူကိုတော့ အနိုင်တိုက်နိုင်ပါရဲ့ ဒါပေမယ့် တစ်ခါ သုံးလိုက်တိုင်း ခန္ဓာကိုယ်က အခြေအနေ ပိုပိုပြီး ဆိုးလာတယ်လို့ မခံစားမိဘူးလား ...”
သူ၏ ယဇ်ဆရာအကြီးအကဲဟူသော သရုပ်မှန်ကို ဖော်ထုတ်ခံလိုက်ရသည့်အတွက် သွမ့်ချန်ချင်းလည်း ဝန်ခံရုံမှအပ မရှိတော့။ ထို့ကြောင့် ကျိုးကြောင်းမဆီလျော်သည့် အပိုင်းများကိုသာ ဖုံးကွယ်ထားလိုက်တော့သည်။
သူ ပြောသွားသည်များမှာ မှားသည်ဟုလည်း မဆိုနိုင်။ ဤခန္ဓာကိုယ် မကျန်းမာရခြင်း၏ အဓိကအကြောင်းအရင်းမှာ နှင်တံနှင့် ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်အစိုင်အခဲကြောင့် ဖြစ်သည်။ သူသာ နှင်တံကို အသုံးမပြု၊ စိတ်စွမ်းအင်အစိုင်အခဲကိုလည်း ခန္ဓာကိုယ်ထဲမှ ဖယ်ရှားလိုက်ပါလျှင် .. ကျန်းမာသန်စွမ်းလာမည် ဖြစ်သည်။
စိတ်စွမ်းအင်အစိုင်အခဲ၏ ဘေးတွင် အချိန်ကြာမြင့်စွာ နေခဲ့ပါလျှင် ဆယ်စုနှစ်များစွာ ကြာမြင့်ပြီးနောက် သူသည် ယဇ်ဆရာတစ်ဦးပင် ဖြစ်လာနိုင်ပေသည်။
“ပေါက်ကရတွေ .. ဒီနှင်တံက ဘုရားသခင်ဆီက လက်ဆောင်ကွ ပြီးတော့ ကြီးမားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာ ...”
“သေချာလို့လား ...”
သွမ့်ချန်ချင်းက မေးလိုက်သည်။
တွဲကျနေသည့် ဒုတိယအကြီးအကဲ၏ မျက်နှာတစ်ခုလုံး ဝက်အသည်းကဲ့သို့ မည်းမှောင်သွားတော့သည်။
သွမ့်ချန်ချင်းက သက်ပြင်းချကာ သူ့ကို သနားသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
“အရင်က နားမလည်ခဲ့ဘူး အဲဒီ့နှင်တံကို ဘုရားသခင်ရဲ့ လက်ဆောင်လို့ပဲ ထင်နေခဲ့တာ နောက်ပိုင်း ခင်ဗျား အဲဒီ့နှင်တံကို လုယူသွားလိုက်ကာမှ အဲဒီ့နှင်တံက အင်အားကြီးလက်နက် မဟုတ်မှန်း သဘောပေါက်သွားခဲ့တာ အဲဒါက ကျွန်တော့်ရဲ့ စွမ်းအင်ကို စုပ်ယူပြီး အသုံးပြုပစ်တာ .. အဲဒါ မရှိတဲ့အခါ ပိုပြီး သက်တောင့်သက်သာ ဖြစ်လာတဲ့အပြင် ခွန်အားကလည်း အတိုင်းအဆမရှိ တိုးတက်လာတယ် .. အင်း .. ခင်ဗျားလည်း ပြောနိုင်မှာပါ ..."
ဒုတိယအကြီးအကဲမှာ ရူးတော့မလိုပင်။
ရက်တွေ အများကြီး အစီအစဉ်တွေ ဆွဲခဲ့ရ .. ဒီနှင်တံကို လုယူဖို့အရေး တန်ဖိုးတွေ အများကြီး ပေးဆပ်ခဲ့ရပြီးကာမှ ဒီပစ္စည်းက မကောင်းတဲ့ ပစ္စည်းပါလို့ အပြောခံလိုက်ရတာ .. သူမှ မရူးရင် ဘယ်သူ ရူးတော့မှာလဲ ...
“မင်း လိမ်ပြောနေတာ ... ဒါက ရတနာ အစစ်ကွ ...”
သွမ့်ချန်ချင်းက သူ့ကို စကားလုံးများဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
“ဒါက ဘာရတနာမှ မဟုတ်ဘူး ရတနာအစစ်က ရှိတော့ ရှိပါတယ် ဒါပေမယ့် အဲဒါက ငါ့ခန္ဓာကိုယ်မှာ .. အဲဒီ့ရတနာကြောင့် မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး ခွန်အားတိုးလာပါ့မလဲ ပြီးတော့ ရှဲ့ယွင်နန်ကလည်း ဒီလောက် အချိန်တိုလေးအတွင်းမှာ ဘယ်လိုလုပ် စီနီယာအဆင့် ယဇ်ဆရာ ဖြစ်လာနိုင်ပါ့မလဲ ...
“ငါ့ကို ပေးစမ်း ...”
ဒုတိယအကြီးအကဲက သူ့ကို သွေးရောင်သဖွယ် နီရဲနေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ဘာလို့ ပေးရမှာလဲ ...”
ထို့နောက် ဒုတိယအကြီးအကဲ သတိလက်လွတ် ဖြစ်နေစဉ် သူ့လက်ထဲမှ နှင်တံကို ဆွဲလုလိုက်သည်။
အစောပိုင်းက သူ ပြောခဲ့သည့် စကားများမှာ ဒုတိယအကြီးအကဲ၏ လက်ထဲတွင် စိတ်စွမ်းအင်ကျောက်တုံးအချို့ ရှိနေသေးသည့်အပြင် သူ၏ ခံနိုင်ရည်မှာလည်း အကန့်အသတ်ကို မရောက်သေးကြောင်း သိနေသဖြင့် အာရုံလွှဲရန် တမင် ပြောခဲ့ခြင်း ဖြစ်သည်။ အတိုချုပ် ပြောရပါလျှင် ဒုတိယအကြီးအကဲအနေဖြင့် ထိုနှင်တံကို အသုံးပြုနိုင်သည့် စွမ်းအင်များ ကျန်ရှိနေဆဲဖြစ်ကာ သူ့အသက်ကို စတေး၍ မှော်လက်နက်ကို အသုံးပြုလိုက်ပါလျှင် အင်အားက ပို၍ပင် ကြီးမားလာပေလိမ့်မည်။
သွမ့်ချန်ချင်းက အင်အားအများစု ပြန်လည် ရရှိနေပြီ ဖြစ်သည့်တိုင် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည် ရှိလိမ့်မည်ဟု တပ်အပ် မပြောနိုင်ပေ။ ထို့ကြောင့် နှင်တံကို ပြန်ယူလိုက်ခြင်းက ပိုကောင်းပေသည်။
ထို့ကြောင့် သူက ဒုတိယအကြီးအကဲ သတိလက်လွတ် ဖြစ်သည်ကို အခွင့်ကောင်းယူကာ နှင်တံကို လုယူလိုက်သည်။
နှင်တံ လက်ထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် စစ်ဆေးကြည့်လိုက်သည့်အခါ သွမ့်ချန်ချင်းသည် သူ၏ အစောပိုင်း မှန်းဆချက်များမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်လိုက်သည်။
ဒီနှင်တံက ဒီလောကက ပစ္စည်း မဟုတ်ဘူး ...
ဒီကမ္ဘာက လူတွေရဲ့ စွမ်းအားနဲ့ဆို ဒီလိုမှော်လက်နက်မျိုးကို သန့်စင်နိုင်စရာ အကြောင်းကို မရှိဘူး ...
ဒါက ဟိုးအရင်နှစ်တွေတုန်းက တစ်ခြားကမ္ဘာကနေ ရောက်လာခဲ့တဲ့ လက်နက်ပဲ ဖြစ်လိမ့်မယ် ...
တိုက်ခိုက်ရေးလက်နက်အနေဖြင့် .. ထိုနှင်တံပေါ်တွင် ပုတီးစေ့များ စီခြယ်ထားသည်။
၎င်း၏ လုပ်ဆောင်ရည်မှာလည်း အလွန် ရိုးရှင်းလှ၏။ တစ်ခုက ကုသရန်ဖြစ်ပြီး ကျန်တစ်ခုက တိုက်ခိုက်ရန် ဖြစ်သည်။ လွန်စွာ လက်တွေ့ကျလှ၏။
ထို့အပြင် ထိုမှော်လက်နက်၏ အကောင်းဆုံးအချက်မှာ ၎င်းက ကျင့်ကြံသူ၏ ကိုယ်ပိုင် စိတ်စွမ်းအင်ကို အသုံးပြုရန် မလိုအပ်ဘဲ စိတ်စွမ်းအင်ကျောက်တုံးများဖြင့် လက်နက်ကို အသက်သွင်းနိုင်ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ရိုးရှင်းသည့် လုပ်ဆောင်ရည်ဖြင့် မှော်လက်နက်မျိုးမှာ သွန်းလုပ်သန့်စင်ရန် မလွယ်ကူလှချေ။
သွမ့်ချန်ချင်းက နှင်တံကို ကိုင်ကာ ယမ်းလိုက်သည့်အခါ အလင်းရောင်အနည်းငယ် ပြန့်ကြဲထွက်လာပြီး အကြီးမားဆုံးသော အစိတ်အပိုင်းက သူ့အပေါ် ကျရောက်လာသည်။
သူက ထိုနှင်တံကို အသက်သွင်းရန် သူ့ကိုယ်ထဲရှိ စိတ်စွမ်းအင် အစိုင်အခဲမှ စွမ်းအင်ကို အသုံးပြုလိုက်ကာ သူကိုယ်တိုင်ကိုသာမက သူ့ဘက်တော်သားများကိုပါ တစ်ပြိုင်တည်း ကုသပေးလိုက်သည်။
ကုသပေးပြီးနောက် လွန်စွာ လန်းဆန်းသည့် ခံစားချက်မျိုးကို ရရှိလိုက်၏။
ယဇ်ဆရာအကြီးအကဲရဲ့ ကုသမှုကို ခံယူဖူးတဲ့ လူတွေက အရမ်းကို ကျန်းမာသွားတာ မထူးဆန်းတော့ပါဘူး ...
သွမ့်ချန်ချင်းက ဦးနှောက်ကို မနားတမ်း အလုပ်ပေးနေခြင်း ဖြစ်သော်လည်း အခြားလူများ၏ အမြင်တွင်မူ သူက နှင်တံကို ဆွဲယူပြီးသည်နှင့်တစ်ပြိုင်နက် သူ့ဘက်တော်သားများကို ချက်ခြင်း ကုသပေးလိုက်ခြင်း ဖြစ်သည်။
ဒုတိယအကြီးအကဲသည် ထိုနှင်တံကို အသုံးမပြုမီ အချိန်တစ်ခုပေးကာ ကြိုတင်ပြင်ဆင်ရပြီး သုံးပြီးနောက်တွင်လည်း ချက်ခြင်း ပင်ပန်းနွမ်းနယ်သွားတတ်သည်။
သွမ့်ချန်ချင်း ထွက်လာသည့်အခါ ကိစ္စအားလုံးက ပြောင်းလဲသွား၏။ သူက နှင်တံကို အလွန် လွယ်ကူစွာ အသုံးပြုကာ သူ့ဘက်တော်သားများကိုလည်း စိတ်တိုင်းကျ ကုသပေးခဲ့သည်။
သွမ့်ချန်ချင်းကမှ တကယ်ကို ယဇ်ဆရာအကြီးအကဲ အစစ်ပဲ ...
“ငါ့ကို နှင်တံ ပြန်ပေးစမ်း ...”
ဒုတိယအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းက လိမ်နေတာ .. ဒီပစ္စည်းကို ငါ့ဆီကနေ လုယူချင်လို့ လိမ်နေတာ ...”
“ဒါက ငါ့အပိုင် ...”
သွမ့်ချန်ချင်းက လက်ကို ယမ်းပြလိုက်သည်။
“ခင်ဗျားက ဒါကို လိုချင်လို့ ပုန်ကန်တာတင် မကဘူး လူသတ်မှုပါ ကျူးလွန်ခဲ့သေးတယ် ဒါပေမယ့် ဒီနှင်တံက ငါ့အပိုင်ဆိုတဲ့ အချက်ကိုတော့ ဘယ်လိုမှ ငြင်းလို့ မရပါဘူး ...”
တိုက်ပွဲနေရာတွင် ရှိနေသူ အများစုက အမှန်တရားကို သိသွားကြပြီ ဖြစ်သော်ငြား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသူများကမူ ကြောင်အသွားတော့သည်။
သွမ့်ချန်ချင်းက ဘာကို ဆိုလိုတာလဲ ...
ဒုတိယအကြီးအကဲက ပုန်ကန်မှု ကျူးလွန်ပြီး သူ့ကို သတ်ခဲ့တာတဲ့လား ...
ဒါဆို ယဇ်ဆရာအကြီးအကဲကို သစ္စာဖောက်ခဲ့တဲ့လူ အစစ်က ယဇ်ဆရာအကြီးအကဲပေါ့ ...
“ယဇ်ဆရာအကြီးအကဲက သေတော့မလိုတောင် ဖြစ်ခဲ့တာလား”
“ဒုတိယအကြီးအကဲက တော်တော်ကို ရွံစရာ ကောင်းလိုက်တာ”
“တော်သေးတာပေါ့ ယဇ်ဆရာအကြီးအကဲက သေမသွားလို့”
...
သာမန်လူများက သွမ့်ချန်ချင်းအတွက် ဝမ်းသာနေကြသည်။
မွန်မြတ်ခြင်းကျောင်းတော်ဘက်မှ လူအချို့ကမူ သူတို့၏ အသက်ရှင်သန်ရေးအတွက် ထွက်ပြေးလာကြတော့၏။
ဒုတိယအကြီးအကဲ သေတော့မလို ဖြစ်နေတာကိုတောင် မြင်နေရပြီဟာကို ဒီအချိန်မှာ ထွက်မပြေးဘဲ ဘာကို စောင့်နေရဦးမှာလဲ ...
လျောင်မုယဲ့နှင့် အခြားလူများအား စောင့်ကြပ်ရန် တာဝန်ယူထားသူများပင်လျှင် မည်သည့်နေရာသို့ ရောက်သွားကြမှန်း မသိရ။ အခြေအနေကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဟုန်ယဲ့မြို့တော်မှ ရောက်လာသူအားလုံးသည် ထွက်ပြေးရန် စိတ်ဆုံးဖြတ်လိုက်ကြတော့သည်။
လျောင်မုယဲ့တစ်ဦးတည်းကသာ တီဗီရှေ့တွင် ထိုင်လျက် သွေးရူးသွေးတန်း ရေရွတ်နေ၏။
“မဖြစ်နိုင်ဘူး ဘယ်လိုမှ မဖြစ်နိုင်ဘူး ...”
သူ့ဘေးနားရှိ လူတစ်ဦးက ပြောလိုက်သည်။
“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ စောက်ကျိုးနည်း ငါပြောသားပဲ ရှဲ့ယွင်နန်က ဘာလို့ ဒီလောက်အထိ မြန်မြန်ဆန်ဆန်ကြီး အင်အားကြီးလာနိုင်မှာလဲလလို့ သူက ယဇ်ဆရာအကြီးအကဲကို ကယ်ခဲ့တာကွ ယဇ်ဆရာအကြီးအကဲက သူ့ကို ကူညီပေးခဲ့တာ အဲဒီ့တုန်းက မြင့်မြတ်မြို့တော်က ယဇ်ဆရာအကြီးအကဲကို ရှာဖို့ဆိုပြီး လူတွေ အများကြီး မလွှတ်ခဲ့ဘူးလား ဒါဆို ယဇ်ဆရာအကြီးအကဲက မသေဘဲ အကယ်ခံလိုက်ရတာပေါ့ ရှဲ့ယွင်နန်က တအားကို ကံကောင်းတာပဲ ဘာလို့ ယဇ်ဆရာအကြီးအကဲကို ကယ်တဲ့လူက ငါ မဖြစ်ခဲ့ရတာလဲကွာ ကယ်ခဲ့မိတဲ့လူက ငါသာဆိုရင် .. အခုအချိန်ဆို ငါလည်း ယဇ်ဆရာအကြီးအကဲ ဖြစ်နေလောက်ပြီ ...”
ထိုစကားအဆုံးတွင် လျောင်မုယဲ့က သူ့ဘေးရှိ ရေခွက်ကို ပစ်ပေါက်လိုက်သည့်အတွက် ရေများ နေရာအနှံ့သို့ လွင့်စင်စိုရွှဲသွားတော့သည်။ သူက စကားပြောနေသူကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။
သူ့ပုံစံကို မြင်သည်နှင့် တစ်ပြိုင်နက် ထိုလူက ချက်ခြင်း ထွက်ပြေးသွားတော့သည်။
ထိုစဉ် တီဗီပေါ်ရှိ လူတစ်ဦးက သွမ့်ချန်ချင်းကို မေးခွန်းထုတ်လိုက်သည်။
“ယဇ်ဆရာအကြီးအကဲတစ်ဦးအနေနဲ့ ဘာလို့ တစ္ဆေဘုရင်ကို ကူညီပြီး ဟုန်ယဲ့မြို့ရဲ့ ဘက်ကနေ ရပ်တည်ပေးခဲ့တာလဲ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ဒုတိယအကြီးအကဲက မြင့်မြတ်မြို့တော်က စီနီယာ ယဇ်ဆရာနှစ်ယောက်နဲ့အတူ ပုန်ကန်မှုကို ဦးဆောင်ခဲ့တယ် ရှဲ့ယွင်နန်သာ မကယ်ခဲ့ရင် ငါက သေနေလောက်ပြီ ဒါတောင် ဟုန်ယဲ့မြို့ဘက်ကနေ မရပ်တည်လို့ ဒုတိယအကြီးအကဲဘက်က ရပ်တည်ပေးရမှာလား ...”
ထိုစကားကြောင့် ကြည့်နေသူအားလုံး ပြောစရာများ ပျောက်ရှသွားတော့သည်။
သူက ထပ်ပြောလိုက်သည်။
“ပြီးတော့ ဟုန်ယဲ့မြို့မှာ ဘာတွေ ဖြစ်နေလဲဆိုတာ အားလုံးလည်း ရှင်းရှင်းလင်းလင်း သိကြမှာပါ မြင့်မြတ်မြို့တော်နဲ့ နှိုင်းယှဉ်လိုက်ရင် လက်ရှိ ဟုန်ယဲ့မြို့ကတောင် အများကြီး ပိုသာနေသေးတယ် ...”
မေးခွန်းမေးလိုက်သူမှာ ပြောစရာစကားပင် မရှိတော့။
ထို အမေးအဖြေကို မြင်လိုက်သည့်အခါ လျောင်မုယဲ့က တရစပ် ရေရွတ်မြည်တမ်းလိုက်တော့သည်။
“ဘာလို့ ငါ သူ့ကို အစကတည်းက မကယ်ခဲ့မိတာလဲ ဘာလို့ သူ့ကို မကယ်ခဲ့မိရတာလဲလို့ ...”
သူ ပြန်လည်မွေးဖွားလာပြီးနောက် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားကာ ဖြစ်ရမည့် ကိစ္စတို့လည်း ဖြစ်မလာတော့။
အစောပိုင်းက သူသည် ဘာကြောင့် ဟုန်ယဲ့တောအုပ်က လွန်စွာ တိတ်ဆိတ်ငြိမ်သက်နေကြောင်း နားမလည်ခဲ့။ နောက်ပိုင်း အချို့သော ကိစ္စများကို သိပြီးကာမှ ယဇ်ဆရာအကြီးအကဲ၏ အလောင်းကို အချိန်မီ ဆယ်ခဲ့သူမှာ ပြန်လည်မွေးဖွားလာသည့် တစ္ဆေဘုရင်ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် အကြောင်းပြချက် အစစ်အမှန်ကိုမူ ယခုမှသာ သိရခြင်း ဖြစ်သည်။
ယဇ်ဆရာအကြီးအကဲက မသေခဲ့ဘူး သူ့အလောင်းကလည်း ဟုန်ယဲ့တောအုပ်ထဲကို ရောက်မသွားဘူး အဲဒါကြောင့် တောအုပ်ထဲက အံ့ဖွယ်သားရဲတွေ စိတ်ရူးဖောက်တာမျိုး မဖြစ်တော့တာပဲ ...
ရှဲ့ယွင်နန်ကလည်း သူ့ကို ကယ်လိုက်မိလို့ အခွင့်အရေး အကြီးကြီးကို ရသွားတာ ...
သူက အဲဒီ့အချိန်တုန်းက ယဇ်ဆရာအကြီးအကဲရဲ့အလောင်း မြစ်ထဲမှာ မျောလာမယ် ဆိုတာကိုရော မြင့်မြတ်မြို့တော်မှာ ဘယ်အချိန် ပုန်ကန်မှု ဖြစ်မယ်ဆိုတာကိုရော ကြိုသိခဲ့ရဲ့သားနဲ့ .. ဘာလို့ အဲဒီ့ အချိန်မှာ ပြန်လည်မွေးဖွားပြီးနေပြီကို လူမကယ်ခဲ့မိတာလဲ သူသာ သွမ့်ချန်ချင်းကို ကယ်ခဲ့မိရင် အခုအချိန်မှာ သူ သဘောကျတဲ့ဘဝမျိုးကို နေရမယ့်လူက သူကိုယ်တိုင် ဖြစ်နေမှာ မဟုတ်လား ...
ဒါဆို ရှဲ့ယွင်နန်ကရော ဘာအရေးလဲ တစ္ဆေဘုရင်ရော လုမိသားစုနဲ့ အကြီးအကဲပိုင်ကိုရော ..
သူ လိုချင်တာတွေ ရဖို့အတွက် ဘယ်လိုလူကိုမှ မျက်နှာချိုသွေးနေစရာ လိုတော့မှာ မဟုတ်ဘူး ...
သူက ဘာလို့ သွမ့်ချန်ချင်းကို မကယ်ခဲ့မိတာလဲ ...
သွမ့်ချန်ချင်းကို မကယ်ခဲ့မိဘူးဆိုရင်တောင် သူသာ အတိတ်ဘဝတုန်းက အတိုင်းပဲ ရှဲ့ယွင်နန်နဲ့ ပူးပေါင်းခဲ့မယ်ဆိုရင် သူသာ လျောင်ရှင်းယွမ်ကို ရှဲ့ယွင်နန်အနားမှာ တစ်ချိန်လုံး ကပ်နေခွင့် ပြုခဲ့မယ်ဆိုရင် ရှဲ့ယွင်နန်ကလည်း သွမ့်ချန်ချင်းကို ကယ်ဖို့ အချိန်တောင် ရှိတော့မှာ မဟုတ်ဘူး ...
အတိတ်ဘဝမှာ ယဇ်ဆရာအကြီးအကဲက အကယ်မခံခဲ့ရဘဲ အံ့ဖွယ်သားရဲတွေရဲ့ အပိုင်းပိုင်း ဆွဲဖြဲတာကို ခံခဲ့ရတာ ...
ဒါဆို ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း သူ အားသွန်ခွန်စိုက် လုပ်ခဲ့သမျှ အားလုံးက ရှဲ့ယွင်နန်အတွက်ပဲ အကျိုးရှိသွားခဲ့တာလား ...
သူတို့ လျောင်မိသားစု စုဆောင်းထားသမျှ ပစ္စည်းတွေ အကုန်လုံးကလည်း ရှဲ့ယွင်နန်ရဲ့ ပစ္စည်းတွေ ဖြစ်သွားတယ် တစ္ဆေဘုရင်ကလည်း မသေဘူး ရှဲ့ယွင်နန်က အစောကြီးကတည်းက မြို့အရှင် ဖြစ်သွားတဲ့အပြင် မြင့်မြတ်မြို့တော်ကိုပါ ဝင်ရောက်နိုင်ခဲ့တယ် ...
သူက အရူးတစ်ယောက်လိုမျိုး အနိုင်ရဖို့အရေး အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့မိတယ် ဒါပေမယ့် နောက်ဆုံးမှာ အနိုင်ရတဲ့သူက ရှဲ့ယွင်နန်တဲ့ ...
လျောင်မုယဲ့၏ ပါးစပ်ထဲမှ သွေးတစ်လုတ် အန်ထွက်လာတော့သည်။
ဘာလို့ သူက နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာရတာလဲ ...
အတိတ်ဘဝတုန်းကဆို သူက ရှဲ့ယွင်နန်ရဲ့ အနောက်ကို လိုက်ပြီး ကမ္ဘာကြီးကို အုပ်စိုးနိုင်ခဲ့တယ် မြင့်မြတ်မြို့တော်မှာ အလေးစားခံရပြီး သက်တောင့်သက်သာရှိတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ခဲ့ရတယ် အချိန်တိုင်း ရှဲ့ယွင်နန်ကို
အရှက်ခွဲဖို့ တစ်ခြားမိသားစုကြီးတွေနဲ့ ပူးပေါင်း၊ အဲဒီ့မိသားစုတွေဆီကနေ အကျိုးအမြတ်တွေ ညှစ်ထုတ်ပြီး ရှဲ့ယွင်နန်ရဲ့ လမ်းမှာ တွင်းနည်းနည်းလောက်တောင် တူးပေးနိုင်ခဲ့တယ် ...
ဒါပေမယ့် အခုကျတော့ရော .. အခုကျ လျောင်မိသားစုပါ ပျောက်ကွယ်သွားရပြီ ...