Chapter 96
ထိုစဉ် ဒုတိယအကြီးအကဲက နောက်ထပ် ပစ်မှတ်တစ်ခုကို ရွေးချယ်တိုက်ခိုက်လိုက်သည်။ ၎င်းမှာ ရှဲ့ယွင်နန်ပင် ဖြစ်သည်။
သွမ့်ချန်ချင်း၏ အစောပိုင်းလုပ်ရပ်က အလွန် သိသာထင်ရှားလွန်းသည့်အတွက် ဒုတိယအကြီးအကဲ၏ ဘက်တော်သားအားလုံး သူ့ကို သတိပြုမိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူက ဆက်ပြီး မလှုပ်ရှားသည့်အပြင် နောက်သို့ပင် ဆုတ်သွားလိုက်သည့်အတွက် အားလုံးက သူ့ထံ ကျရောက်လာသည့် တိုက်ခိုက်မှုကို တစ္ဆေဘုရင်နှင့် ရှဲ့ယွင်နန်က ပိတ်ဆို့ပေးထား၍သာ တည်တည်ငြိမ်ငြိမ် တုန့်ပြန်နိုင်ခဲ့ခြင်း ဖြစ်ရမည်ဟု တွေးလိုက်ကြတော့သည်။
သွမ့်ချန်ချင်းနဲ့ ယှဉ်လိုက်ရင် ရှဲ့ယွင်နန်ကမှ တကယ့် ရန်သူအစစ် ...
ရှဲ့ယွင်နန်ကို ဦးတည်လာသည့် ဒုတိယအကြီးအကဲ၏ တိုက်ခိုက်မှုမှာလည်း တစ္ဆေဘုရင်ကို တိုက်ခိုက်စဉ်ကထက် ပိုမို ပြင်းထန်ပေသည်။
ရှဲ့ယွင်နန်သည် ဟုန်ယဲ့မြို့၏ မြို့အရှင်ဖြစ်သည်။ သူ့တွင် အမှန်တကယ် အင်အားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူသည်သာ ဤအုပ်စု၏ ခေါင်းဆောင်အမည်ကို ခံယူထားသူ ဖြစ်ပေရာ သူသာ သေသွားပါလျှင် ဟုန်ယဲ့မြို့ကို ကြီးစွာ ဂယက်ထသွားစေမည် ဖြစ်ကာ တစ္ဆေဘုရင်အပေါ်လည်း ပို၍ပင် သက်ရောက်သွားစေနိုင်မည် ဖြစ်သည်။
ဒုတိယအကြီးအကဲက တစ္ဆေဘုရင်ကို အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်မှာ သူ့အာရုံစိုက်မှုများ လမ်းကြောင်းပြောင်းသွားပြီး ရှဲ့ယွင်နန်ကို ကယ်တင်ခြင်းမှ တားဆီးရန် ဖြစ်သည်။
သူက ရှဲ့ယွင်နန်ကို အပြင်းထန်ဆုံးသော တိုက်ခိုက်မှုဖြင့် စတင်တိုက်ခိုက်လိုက်သည်။
မှော်လက်နက်ကို အပြင်းအထန် အသုံးချကာ ရှဲ့ယွင်နန်ထံ ဦးတည်လိုက်၏။
ထိုသို့သော တိုက်ခိုက်မှုမျိုးကို နဝမအဆင့် တိုက်ခိုက်သူ ဖြစ်စေ၊ စီနီယာအဆင့် ယဇ်ဆရာဖြစ်စေ မည်သူကမှ ခံနိုင်ရည် ရှိနိုင်မည် မဟုတ်ချေ။
“ဟားဟား ...”
ဒုတိယအကြီးအကဲက အားရဝမ်းသာ အော်ရယ်လိုက်သော်ငြား ရင်ခေါင်းထဲမှ လိပ်တက်လာသည့် သူ့ရယ်သံမှာ ချောင်းဆိုးသည့် အသံနှင့်ပင် ပိုပြီး တူနေသေးသည်။
သူက နှင်တံကို လက်ထဲတွင် ကိုင်ထားကာ နောက်ထပ် ဖြစ်လာမည့် မြင်ကွင်းကို စိုက်ကြည့်နေလိုက်သည်။
ရှဲ့ယွင်နန်က သိပ်မကြာခင် တစ်ကိုယ်လုံးက သွေးတွေအကုန် ပန်းထွက်လာတော့မှာ ...
ဒါက ယဇ်ဆရာအကြီးအကဲ ပိုင်ခဲ့ဖူးတဲ့ မှော်နှင်တံလေ အဲဒီ့ အားနည်းတဲ့ကောင်ရဲ့ လက်ထဲမှာ နှစ်တွေအကြာကြီး အလဟဿ ဖြစ်နေခဲ့ရတာ .. သူ့လို သန်မာတဲ့လူကပဲ ဒီနှင်တံရဲ့ အကြီးမားဆုံး အင်အားကို ပြသပေးနိုင်တာ ...
ပြီးတော့ ရှဲ့ယွင်နန်သာ သေသွားရင် ရှဲ့ချင်နဲ့ လုကျင်းချန်းလည်း တအားကို နာကျင်သွားကြပြီး ဟုန်ယဲ့တစ်မြို့လုံးကပါ ကမောက်ကမတွေ ဖြစ်ကုန်ကြမှာ ...
ထိုသို့ စိတ်ကူးယဉ်နေစဉ် ဒုတိယအကြီးအကဲက လူအုပ်ထဲမှ လူတစ်ယောက် ထွက်လာကာ ရှဲ့ယွင်နန်၏ အရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူက လက်ကို ဆန့်ထုတ်ကာ မှော်နှင်တံ၏ တိုက်ခိုက်မှုကို ဖမ်းဆုပ်လိုက်သည်။
သူ့တိုက်ခိုက်မှုကို ဖမ်းလိုက်နိုင်တယ်လား ...
ဒုတိယအကြီးအကဲမှာ မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် နေရာတွင် ကြောင်အလျက်သား ရပ်နေမိသွားတော့သည်။
သူ တစ္ဆေဘုရင်ကို တိုက်ခိုက်စဉ်က သွမ့်ချန်ချင်းသည် မည်သို့မျှပင် အရေးမလုပ်ခဲ့။ အကြောင်းမှာ ထိုတိုက်ခိုက်မှုက အားနည်းကြောင်း သိနေ၍ ဖြစ်သည်။
များမကြာမီ ဒုတိယအကြီးအကဲက ပိုပြီး ပြင်းထန်သည့် အင်အားဖြင့် ရှဲ့ယွင်နန်ကို တိုက်ခိုက်လာပြန်သည်။
ရှဲ့ယွင်နန်၏ အင်အားမှာ တစ္ဆေဘုရင်ထက် အားနည်းလှပေသည်။ ထိုတိုက်ခိုက်မှုသာ သူ့ထံ ကျရောက်သွားပါလျှင် ရှဲ့ယွင်နန်သည် ကျိန်းသေ သေဆုံးသွားမည်ဖြစ်သည်။
သွမ့်ချန်ချင်းက ချက်ခြင်း ပြန်ပစ်လိုက်သည်။
ထိုတိုက်ခိုက်မှုကို ဖမ်းဆုပ်ကာ ပြန်ပစ်လိုက်ချင်သော်ငြား မလုပ်နိုင်၊ သူ့ရှေ့တည့်တည့်တွင်သာ ပေါက်ကွဲစေခဲ့ရတော့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် သူတို့လူအများစုမှာ ခပ်ဝေးဝေးသို့ ရောက်နှင့်နေပြီးဖြစ်သည်။ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်လုပ်ရင်း ဆက်လက်တိုက်ခိုက်လိုက်ကြသော်ငြား ဒုတိယအကြီးအကဲ၏ ဘက်မှ နဝမအဆင့် တိုက်ခိုက်သူနှစ်ဦးမှာမူ ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည်။
ထိုမျှသာမက မြေကြီးပေါ်တွင်လည်း ကြီးမားလှသည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသေး၏။
လှုပ်ရှားမှုမှာ ကြီးမားလွန်းသည့်အတွက် အလယ်တွင် ရပ်နေသော ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းတို့မှာ လွန်စွာ မျက်စိဖမ်းစားဖွယ် ကောင်းလွန်းလှသည်။
ဒုတိယအကြီးအကဲ၏ ဘက်တော်သားများသာမက တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေကြသူများပင်လျှင် ကြောင်အသွားကြတော့သည်။ အခြားအရာများကို အာရုံမစိုက်ဘဲ ဆက်လက်တိုက်ခိုက်နေကြသူများမှာမူ မည်သည့်အရာများ ဖြစ်သွားမှန်းပင် မသိလိုက်ကြချေ။
“ဘာတွေ ဖြစ်ကုန်တာလဲ ...”
“အဲဒါ ဘယ်သူလဲ သွမ့်ချန်ချင်းလား ...”
“ဒုတိယအကြီးအကဲရဲ့ တိုက်ခိုက်မှုက အရမ်း ပြင်းထန်တာပဲ .. ဒါပေမယ့် ပစ်မှတ်က သွမ့်ချန်ချင်းနဲ့ ရှဲ့ယွင်နန် ဖြစ်နေတော့ .. သူတို့က ဘာလို့ ဘာမှ မဖြစ်ခဲ့သလိုလို လုပ်နေကြတာလဲ ...”
“သွမ့်ချန်ချင်းက ဘယ်လိုလုပ် အဲဒီ့နား ရောက်နေတာလဲ .. ဘာဖြစ်သွားတာလဲ ဆိုတာကို သေချာ မြင်လိုက်ရတဲ့သူ ရှိကြလား ...”
“ပြောတော့ကျ သွမ့်ချန်ချင်းက သာမန်လူဆို သာမန်လူတစ်ယောက်က ဒုတိယအကြီးအကဲရဲ့ တိုက်ခိုက်မှုကို ဖမ်းလိုက်နိုင်ပါ့မလား ...”
“ဘုရားရေ ငါလေ အစောပိုင်းက သွမ့်ချန်ချင်းကို အများကြီး လှောင်ခဲ့မိတာ .. တကယ်တမ်း အလှောင်ခံသင့်တဲ့သူက ငါ ဖြစ်နေတာပါ့လား ...”
..
တိုက်ရိုက်ကြည့်နေသူများက အတင်းအဖျင်းစကားဝိုင်းအတွင်းသို့ ရောက်သွားကြသော်ငြား တိုက်ပွဲနေရာတွင် ရှိနေသူများကမူ စကားတစ်ခွန်းပင် မပြောနိုင်ကြတော့ချေ။
မြင့်မြတ်မြို့တော်သားများက ကြောက်ရွံ့သွားကြသော်ငြား ဟုန်ယဲ့မြို့တော်ဘက်တွင်မူ အော်ဟစ်အားပေးသံများ ဆူညံသွားတော့သည်။
ဟုန်ယဲ့မြို့တွင် အားလုံးက သွမ့်ချန်ချင်း၏ ခွန်အားကို သိမထားကြ။ ပူးပေါင်းထားကာစ လုမိသားစုနှင့် မိသားစု အငယ်လေးများသည် သွမ့်ချန်ချင်း၏ ခွန်အားနှင့် ပတ်သက်၍ စိုးစဉ်းမျှပင် သိမထားကြချေ။
လုမိသားစုဝင် အများအပြားက လုကျင်းချန်းနှင့် လုရှောင်ရန်၏ ဖခင်ကို စိတ်ထဲမှနေ၍ များစွာ စောဒကတက်နေခဲ့ကြသည်။
သူတို့ကသာ ဟုန်ယဲ့မြို့တော်ကို ရွေးခဲ့ကြတာ ဟုန်ယဲ့မြို့ရဲ့ အင်အားကဖြင့် သာမန်လောက်ပဲဟာကို ...
ဟုန်ယဲ့မြို့တော်ဘက်မှ ရှုံးနိမ့်တော့မည်ဟု ခံစားမိသည့်အခါ ပို၍ပင် နောင်တရလာကြတော့သည်။
သူတို့တွေ အလယ်မှာပဲ နေခဲ့သင့်တာ ...
ဒါပေမယ့် .. သွမ့်ချန်ချင်းက ဒုတိယအကြီးအကဲရဲ့ တိုက်ခိုက်မှုကို တကယ်ကြီး ယှဉ်နိုင်တယ်ဟ ...
ဒါက သာမန်တိုက်ခိုက်မှုတောင် မဟုတ်ဘူးလေ နဝမအဆင့် တိုက်ခိုက်သူနှစ်ယောက်ကိုတောင် ချက်ခြင်း သေသွားစေနိုင်တဲ့ တိုက်ခိုက်မှုကြီး ...
ဟုန်ယဲ့မြို့ကို သွားတဲ့ စီနီယာအဆင့် ယဇ်ဆရာနှစ်ယောက် ပျောက်သွားတာ သိပ် အံ့ဩစရာ မရှိတော့ပါဘူး လက်စသတ်တော့ ဟုန်ယဲ့မြို့က ဒီလို အင်အားကြီးတဲ့လူကို ဖွက်ထားတာကိုး ...
ဟုန်ယဲ့မြို့က လူတွေက သွမ့်ချန်ချင်းကို အရမ်း ရိုသေလေးစားနေကြတဲ့အပြင် အကြီးအကဲပိုင်ကအစ သူ့ရှေ့ဆို အသက်တောင် ရဲရဲမရှူရဲသလို ပုံစံမျိုး ဖြစ်နေတာလည်း အံ့ဩစရာ မရှိတော့ပါဘူး ...
သွမ့်ချန်ချင်းက ဘယ်နေရာကနေ ရောက်လာတာလဲ .. ဘာလို့ သူတို့ကရော ဒီတစ်ယောက် အကြောင်းကို လုံးဝ မကြားဖူးခဲ့ရတာလဲ ...
လျောင်မုယဲ့မှာ အခြားသူများထက်ပင် ပိုပြီး အံ့ဩတုန်လှုပ်သွားတော့သည်။
ဒုတိယအကြီးအကဲ တိုက်ခိုက်သည့် အချိန်က သူသည် ရှဲ့ယွင်နန် သေသွားရန် မျှော်လင့်နေမိခဲ့သည်။
ပြန်လည်မွေးဖွားလာပြီးသည့်တိုင် သူ့ဘဝမှာ စိတ်ပျက်ဖွယ် ကောင်းနေဆဲပင်။ ထိုသို့သော စိတ်ပျက်ဖွယ် ကောင်းမှုများမှာ ရှေ့ဆက်ပြီးလည်း ဖြစ်နေဦးမည်ဟု ယူဆရသည်။ ထိုကဲ့သို့သော ဘဝမျိုးမှာ လက်ခံရန် ခဲယဉ်းလွန်းလှသည်။
လက်မခံနိုင်သည့်အတွက် သူသည် ရှဲ့ယွင်နန်၏ ဘဝတစ်ခုလုံး စိတ်ပျက်ဖွယ် ကောင်းသွားမည့် အဖြစ်မျိုးကိုသာ မျှော်လင့်တကြီး စောင့်စားနေမိတော့၏။
ရှဲ့ယွင်နန်သာ သူ့ထက်ပိုပြီး အခြေအနေ ဆိုးသွားခဲ့မယ်ဆိုရင် .. ဒါဆို သူ့အတွက် ပိုပြီး နေရထိုင်ရတာ သက်တောင့်သက်သာ ဖြစ်သွားလိမ့်မယ် ...
သို့သော် သွမ့်ချန်ချင်းက ရှေ့ထွက်လာကာ သေအံ့ဆဲဆဲ ရှဲ့ယွင်နန်ကို ကယ်တင်လိုက်၏။
လျောင်မုယဲ့သည် ယခင်က သွမ့်ချန်ချင်းအကြောင်း စုံစမ်းကာ သူ့ဇစ်မြစ်ကို ခန့်မှန်းခဲ့ဖူးသည်။
ရှဲ့ယွင်နန်က သူ့ကို အဖက်မလုပ်ဘဲ ဘယ်နေရာကနေ ရောက်လာမှန်း မသိတဲ့ တစ်ယောက်ကိုပဲ ကယ်တင်ခဲ့တာလေ ...
ပြောကြတာတော့ ကယ်လာကာစက သွမ့်ချန်ချင်းရဲ့ ခန္ဓာကိုယ်က တအားကို ပိန်လှီပြီးတော့ စကားလည်း ကောင်းကောင်း မပြောတတ်ဘူးတဲ့ ...
သူက သွမ့်ချန်ချင်းကို သူ ဟုန်ယဲ့မြို့၌ ရှိနေစဉ်ကတည်းက မြင်တွေ့ခဲ့ဖူးသည်။ ထိုအချိန်က သွမ့်ချန်ချင်းမှာ ငှက်ငယ်တစ်ကောင်နှယ် ရှဲ့ယွင်နန်ကိုသာ အမြဲ လိုက်ကြည့်နေ၏။
ထိုအချိန်က သူသည် သွမ့်ချန်ချင်းကို အင်အားကြီးသူတစ်ဦး၏ ကစားစရာ အရုပ်ကလေးတစ်ရုပ်ဟု ထင်ခဲ့မိဖူးသည်။ ထိုလူက သူ့ကို ကစားရန် ပျင်းလာသည့်အတွက် လွှင့်ပစ်လိုက်ရာမှ ရှဲ့ယွင်နန်က ကယ်တင်လာခဲ့ခြင်း ဖြစ်ရမည်ဟု တွေးခဲ့သည်။
ထိုအချိန်က သူသည် အလွန် စိတ်သက်သာရာ ရခဲ့ဖူးသည်။
ရှဲ့ယွင်နန်ရဲ့ အိမ်ထောင်ဖက်က ဒီလိုလူစားမျိုးပါလားဆိုတဲ့ အသိက တော်တော်လေးကို ကျေနပ်စရာ ကောင်းတာ ...
သို့သော် ယခုမူ ဤသို့သော စွမ်းအားကို မျက်မြင် ကြုံလိုက်ရသည့်အခါ သွမ့်ချန်ချင်း၏ ဇစ်မြစ်မှာ သူ ထင်ထားသည်နှင့် လုံးဝ ကွဲလွဲနေကြောင်း သဘောပေါက်သွားတော့သည်။
ရှဲ့ယွင်နန်က ဒီလိုမျိုး အင်အားကြီးတဲ့ လူမျိုးနဲ့ အိမ်ထောင်ကျသွားတာလား .. နည်းနည်းလေးတောင် မချစ်မိဘဲနဲ့လေ ...
လျောင်မုယဲ့မှာ ရင်ဘက်အတွင်းမှတစ်ဆင့် မသက်မသာ ဖြစ်လာကာ ထို့နောက်တွင် သူ့ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပြည့်နှက်လာကြောင်း ခံစားမိသွားတော့သည်။
အတွင်းဒဏ်ရာပဲ ...
အားလုံးက ကိုယ်စီကိုယ်စီ အတွေးများနေစဉ် သွမ့်ချန်ချင်းကမူ ဒုတိယအကြီးအကဲ ရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်သွားနှင့်ပြီ ဖြစ်သည်။
မှော်လက်နက်မှာ ဒုတိယအကြီးအကဲအနေဖြင့် အလွယ်တကူ ထိန်းချုပ်နိုင်လောက်သည့် အရာမျိုး မဟုတ်။ ၎င်းကို အသုံးပြုလေတိုင်း သူ့ခန္ဓာကိုယ်မှာ ပိုပိုပြီး အားနည်းလာတတ်သည်။ ၎င်းကို အခွင့်ကောင်းယူကာ သူက လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
သွမ့်ချန်ချင်း၏ လှုပ်ရှားမှုများမှာ လွန်စွာ မြန်ဆန်လှသည်။ သူက ခြေဖျားထောက်ကာ လေထဲ ခုန်ပျံလျက် စစ်ရထားကို ထိန်းချုပ်ထားသည့် ဒုတိယအကြီးအကဲထံ ပြေးဝင်သွားလိုက်သည်။
ဒုတိယအကြီးအကဲ၏ လက်များ မသိမသာ တုန်ရီသွားတော့သည်။ သူက အံကို တင်းတင်းကြိတ်ကာ လက်ထဲရှိ နှင်တံကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။
ဤတစ်ကြိမ်တွင်မူ သွမ့်ချန်ချင်းကို ဦးတည်ကာ တိုက်ခိုက်လိုက်၏။ သို့သော် သွမ့်ချန်ချင်းက တိုက်ခိုက်မှုကို လမ်းကြောင်းပြောင်းလိုက်သည့်အတွက် မြင့်မြတ်မြို့တော်ဘက်မှ နောက်ထပ် နဝမအဆင့် တိုက်ခိုက်သူတစ်ဦး ထပ်မံ ပေါက်ကွဲသွားပြန်တော့သည်။
ထိုနဝမအဆင့် တိုက်ခိုက်သူမှာ သူ၏ ခွန်အားကြောင့် မြင့်မြတ်မြို့တော်တွင် ထင်ရှားသူ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူတိုင်းက သူ့ကို သိနေကြသည့်အတွက် သူ၏ ရုတ်တရက် သေဆုံးမှုက အားလုံးကို အထိတ်တလန့် ဖြစ်စေခဲ့တော့သည်။
“သူက အရမ်း သန်မာပါတယ်လို့ ပြောခဲ့တယ် မဟုတ်လား ဒါပဲလား ...”
“နဝမအဆင့် တိုက်ခိုက်သူ အားလုံးက တအားကို အားနည်းကြတာပဲလား ...”
“နဝမအဆင့် တိုက်ခိုက်သူတွေက အားနည်းတာ မဟုတ်ဘူး ဒုတိယအကြီးအကဲကကို အရမ်း သန်မာလွန်းနေတာ ...”
“ဒုတိယအကြီးအကဲက သန်မာပါတယ် ဒါပေမယ့် အဲဒီ့ သန်မာတာက ဘာမှ သိပ်အသုံးဝင်မယ့်ပုံလည်း မပေါ်ဘူး .. အဲဒီ့ သွမ့်ချန်ချင်းက ပိုပြီးတောင် သန်မာမယ့်ပုံပဲ ...”
“ငါ့ညီမက အစောပိုင်းတုန်းကကျ တစ္ဆေဘုရင်ကို အကြိုက်ဆုံးတဲ့ နောက်ပိုင်းကျ ရှဲ့ယွင်နန်က ပိုချောတယ်လို့ ထင်သွားပြန်ရော .. ဟော အခုကျ သွမ့်ချန်ချင်းမှ သွမ့်ချန်ချင်း ဖြစ်သွားပြန်ပြီ ...”
“မင်းညီမအကြောင်း မပြောနဲ့ဦး အစောပိုင်းက ငါတောင် တစ္ဆေဘုရင်ကို တွေ့လိုက်ရတော့ ကွေးတော့မလို ဖြစ်သွားတာလေ .. အခု သွမ့်ချန်ချင်းက ငါ့ကို ပိုပြီးတောင် ကွေးအောင် လုပ်နေသလိုပဲ ...”
“သူက တစ္ဆေဘုရင်ထက်တောင် ပိုပြီး ကြည့်ကောင်းနေသေးတယ် ...”
....
ကြည့်ရှုသူများက စကားဝိုင်းအသစ်တစ်ခုကို စတင်နေစဉ် သွမ့်ချန်ချင်းမှာ ဒုတိယအကြီးအကဲ၏ စစ်ရထားကို ကာကွယ်ရန် တာဝန်ရှိသူများ၏ ဟန့်တားပိတ်ပင်ခြင်းကို ခံနေရသည်။
သို့သော် သွမ့်ချန်ချင်း၏ လက်ထဲ ရောက်သည့်အခါ ထိုလူအားလုံး အင်အားမဲ့သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အရိုက်ခံလိုက်ရတော့သည်။
ထိုမျှသာမက ရထားကို ဆွဲထားသည့် ငှက်များလည်း ရုတ်တရက် လေထဲမှ ပြုတ်ကျလာသည့်အတွက် ဒုတိယအကြီးအကဲရော စစ်ရထားပါ မြေပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။
ဒုတိယအကြီးအကဲ၏ ဘက်မှ နဝမအဆင့် တိုက်ခိုက်သူတစ်ဦးက ထိုသို့ ပြုတ်ကျလာမည်ကို သတိပြုမိလိုက်၍ သူ့အဖော်သားရဲအား ဆင့်ခေါ်ကာ ရထားကို ထိန်းထားစေသောကြောင့်သာ မဟုတ်ပါလျှင် ဒုတိယအကြီးအကဲမှာ ကြောင်အလျက်သားနှင့်ပင် လွှင့်ပစ်ခံလိုက်ရမည် ဖြစ်သည်။
ထိုသို့ ကယ်ပေးသည့်သူ ရှိခဲ့သည့်တိုင် ဒုတိယအကြီးအကဲသည် မျက်နှာတစ်ခုလုံး ဖြူရော်သည်အထိ ထိတ်လန့်သွားခဲ့ပေသည်။
သူ့ကို ကယ်ရန် ရောက်လာသည့် အဖော်သားရဲမှာလည်း အချို့သော အကြောင်းပြချက်များကြောင့် မြေပေါ်တွင် တဆတ်ဆတ် တုန်ရီနေဆဲပင်။
တိုက်ပွဲအခြေအနေမှာ ရုတ်ချည်းဆိုသလို ပြောင်းပြန်ဖြစ်သွားတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူအားလုံး၏ စိတ်ထဲတွင်လည်း ထူးဆန်းသွားကြတော့၏။ မည်သူကမှ ဖြစ်ပျက်နေသည့် အခြေအနေကို နားမလည်။
ဘာလို့ အဲဒီ့အဖော်သားရဲတွေက တအားကို ကြောက်နေကြတာလဲ ...
တိုက်ပွဲမြေပြင်တွင် လက်တွေ့ ရောက်နေသူ အများစုမှာလည်း သူတို့၏ အဖော်သားရဲများ နည်းတူပင် တုန်ရီနေကြတော့သည်။
သွမ့်ချန်ချင်း၏ ခန္ဓာကိုယ်ထဲမှ အားကောင်းလှသည့် အကျပ်ကိုင်မှုတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာကာ ထိုဖိအားက လူတိုင်းကို သွမ့်ချန်ချင်းသည် တုနှိုင်းမမီလောက်အောင်ပင် အားကောင်းလှသူဟူသည့် ခံစားချက်တစ်ရပ် ပေးစွမ်းနေသည်။
အံကိုတင်းတင်းကြိတ်ထားကာ သူတို့အနေဖြင့် ကိုယ်ကို မတ်မတ်ရပ်နေရန်သာ ရှိတော့သည်။ သို့သော် အချို့သော အဖော်သားရဲများကမူ ကြောက်လန့်စိတ်ကြောင့် အပေါ့များပင် ထွက်ကြလာတော့၏။
ဒုတိယအကြီးအကဲ၏ ရထားကို ဆွဲထားသည့် ငှက်များ ပြုတ်ကျလာစဉ်က မြေပေါ်သို့ အစိတ်စိတ်အမြွာမြွာ ပြန့်ကြဲကာ ပြုတ်ကျလာခဲ့သည်။
ထိုမြင်ကွင်းမှာ အလွန် ကမောက်ကမ ဖြစ်လွန်းသည့်အတွက် အားလုံးက မိမိတို့၏ ဘဝကိုပင် အနည်းငယ် သံသယဝင်လာမိတော့သည်။
သူတို့က ဟုန်ယဲ့မြို့ကို ထောက်လှမ်းဖို့ လူတွေ ဒီလောက်အများကြီး လွှတ်ခဲ့တာတောင် ဘာလို့ မြို့ထဲမှာ ဒီလောက်အထိ အားကောင်းတဲ့ လူတစ်ယောက် ပုန်းနေမှန်း နည်းနည်းလေးတောင် မသိခဲ့ရတာလဲ ...
ပြီးတော့ ပိုအရေးကြီးတာက ဘာလဲဆို အဲဒီ့ အင်အားအကြီးဆုံးလူက လေထဲကနေ ချက်ခြင်း ထွက်လာတဲ့ အတိုင်းပဲ ဒီနေ့ မတိုင်ခင်အထိ သွမ့်ချန်ချင်းအကြောင်းကို ဘာတစ်ခွန်းမှကို မကြားခဲ့ဖူးဘူး ...
ဒုတိယအကြီးအကဲ နှင်တံကို အသုံးပြုသည့်အချိန်ကလည်း ထိုကဲ့သို့သော ခံစားချက်မျိုး ရခဲ့သော်ငြား သွမ့်ချန်ချင်းမှာ ပိုပြီး သန်မာလှပေသည်။ ထိုအခိုက်အတန့်၌ အားလုံး၏ စိတ်ထဲတွင် သွမ့်ချန်ချင်းသည် နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဖြစ်ပေလိမ့်မည်ဟု တစ်ပြိုင်တည်း တွေးလိုက်မိကြတော့သည်။
ဒုတိယအကြီးအကဲက သူ့ကို နောင်တများ ပြည့်နှက်နေသည့် အကြည့်တို့ဖြင့် မေးလိုက်သည်။
“မင်းက ဘယ်သူလဲ ...”
ဒီလိုလူမျိုးသာ ရှိမနေရင် ဒီနေ့ရဲ့ အနိုင်ရမယ့်လူက သူပဲ ဖြစ်သင့်တာ ...
ဒီလိုဆို အကြီးအကဲပိုင်လို သေကို မသေနိုင်တဲ့ လူအိုကြီးလည်း သေသွားမယ်
ပြီးတော့ ယဇ်ဆရာအကြီးအကဲဆိုတဲ့ ရာထူးကလည်း သူ့အပိုင်ပဲ ဖြစ်လာမှာ ...
သွမ့်ချန်ချင်းပင် ပြန်မပြောရသေး။ အကြီးအကဲပိုင်က ချက်ခြင်း ထပြောလိုက်သည်။
“မင်းက ယဇ်ဆရာအကြီးအကဲကိုတောင် မသိဘူးလား ...”