အပိုင်း ၉၅
Viewers 7k

Chapter 95




ဟုန်ယဲ့မြို့၏ ဘက်တော်သားများက ပျာယာခတ်နေကြစဉ် ဒုတိယအကြီးအကဲပိုင်၏ လူများကမူ အားရပီတိ ဖြစ်နေကြတော့သည်။ 


ဒုတိယအကြီးအကဲက နဝမအဆင့် တိုက်ခိုက်သူထက်ရော စီနီယာအဆင့် ယဇ်ဆရာထက်ရော သန်မာတယ်ကွ ....


ဟိုး အရင်ကတည်းကနေ အခုအချိန်အထိ ယဇ်ဆရာအကြီးအကဲတွေနဲ့ နတ်ဘုရားအဆင့် တိုက်ခိုက်သူတွေကပဲ ဒီလိုမျိုး အများကြီး အင်အားကြီးမားနိုင်ကြတာလေ ...


အဲဒါကြောင့် ဒုတိယအကြီးအကဲက တကယ်ကို ယဇ်ဆရာအကြီးအကဲ ဖြစ်နေပြီ ...


ဟုန်ယဲ့မြို့တော်သား အများအပြားမှာ နာကျင်မှုကို အသည်းအသန် ခံစားနေရကာ ဒုတိယအကြီးအကဲ၏ တိုက်ခိုက်မှုကို မခုခံနိုင်ကြတော့။ 


နေပါဦး ... သွမ့်ချန်ချင်းက ဘာလို့ တအား တည်ငြိမ်နေရတာလဲ ...


သွမ့်ချန်ချင်းကို အစောပိုင်းကတည်းက သတိပြုမိနေသူ အချို့လည်း ရှိပေသည်။ ရှဲ့ယွင်နန်၏ ဘေးတွင် ရပ်နေသည့် သူ့ပုံစံမှာ အလွန် သာမန်ဆန်လွန်းနေခဲ့သည်။ အစပိုင်းတွင် သူတို့က သွမ့်ချန်ချင်းကို သာမန်လူတစ်ဦးက စစ်မြေပြင်ကို ကြုံတွေ့သည့်အခါ မည်ကဲ့သို့ ထွေပြားသွားနိုင်ကြောင်း သိလို၍ ဟာသသဘောဖြင့် စောင့်ကြည့်နေကြခြင်းသာ ဖြစ်သည်။ 


တိုက်ပွဲ စလာရင် သူတို့တွေ သွမ့်ချန်ချင်းကို ကာကွယ်ပေးဖို့ပါ သပ်သပ် တာဝန်ခွဲပေးနေရဦးမှာလား ...


ဒါပေမယ့် .. အခုပုံစံအရတော့ သွမ့်ချန်ချင်းက တကယ်ကြီးကို ဒုတိယအကြီးအကဲရဲ့ တိုက်ခိုက်မှုကို သည်းခံနိုင်နေတာနော် ...


စောင့်ကြည့်နေသူ အချို့ကလည်း ထိုမြင်ကွင်းကို မြင်သည့်အခါ အနည်းငယ် ပဟေဠိ ဖြစ်သွားတော့သည်။ 


ကြည့်ရှုနေသူများအနက် ဟုန်ယဲ့မြို့၏ ကောလဟာလများကို သံသယဝင်မိသူဟူ၍ အနည်းအကျဉ်းမျှသာ ရှိခဲ့ပေသည်။ ဒုတိယအကြီးအကဲ စတင်တိုက်ခိုက်ခြင်း မပြုမီ သူတို့က ဟုန်ယဲ့မြို့တော်ဘက်မှ အင်အားစုကို အသေအချာ စိုက်ကြည့်ကာ လူတိုင်း၏ မျက်နှာကို ကွဲကွဲပြားပြား သိရအောင် လေ့လာနေကြသည်။ 


“ဘယ်သူက သွမ့်ချန်ချင်းလဲ ...”


“ရှဲ့ချင်ကရော ဘယ်သူလဲ ...”


“ရှဲ့ချင်ကို ပူမနေနဲ့ သူက ရှဲ့ယွင်နန်ရဲ့ အဖေတဲ့ အရင်က ထွက်ခဲ့တဲ့ ကောလဟာလတွေအားလုံးကလည်း အမှားကြီးတွေ ...”


“သွမ့်ချန်ချင်းက တော်တော်လေး ကြည့်ကောင်းတာပဲ ဒါပေမယ့် သူက သာမန်လူတစ်ယောက် မဟုတ်လား အားလုံး စပြီး တိုက်ခိုက်ကြတဲ့ အချိန်ဆိုရင် သူ့တစ်ကိုယ်လုံးကနေ သွေးတွေတောင် ဖြာကနဲ ပန်းထွက်လာလိမ့်ဦးမယ် ...”


...


အားလုံးက ပွဲကောင်းတစ်ပွဲ ကြည့်နေရသည့်နှယ် စိတ်ဝင်တစား အာရုံစိုက်ကြည့်နေကြသည်။ ထို့နောက်တွင် တစ်ချိန်က အင်အားကြီးမားမှုကြောင့် နာမည်ကြီးတစ်ယောက် ဖြစ်ခဲ့သော မုန့်ယန်သည်ပင်လျှင် နာကျင်မှုကြောင့် တွန့်လိမ်နေပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ လုရှောင်ရန်သည်ပင်လျှင် မခံမရပ်နိုင်စွာဖြင့် နောက်သို့ တစ်လှမ်း ပြန်ဆုတ်လိုက်ရ၏။ သို့သော် သွမ့်ချန်ချင်းကမူ အနည်းငယ်မျှပင် တုန့်ပြန်ခြင်း မရှိပေ။ 


ဘာတွေ ဖြစ်နေတာလဲ ...


သွမ့်ချန်ချင်း၏ အပြုအမူမှာ လွန်စွာ သိသာထင်ရှားလွန်း၍ အားလုံး သတိပြုမိသွားတော့သည်။ သူသာမက ရှဲ့ယွင်နန်နှင့် တစ္ဆေဘုရင်သည်လည်း ဖိနှိပ်ခြင်းကို လုံးဝ မခံရသည့်ဟန်ပင်။ 


သွမ့်ချန်ချင်းက ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်နှင့် သွေးကြောမျှင်တစ်ခုစီတိုင်းပါမကျန် သူ့စိတ်စွမ်းအင်အမြုတေကို အသုံးပြုကာ သန့်စင်ပေးထားသည့်အပြင် သူနှင့်အတူ တစ်ချိန်လုံးလည်း တူနှစ်ကိုယ် ကျင့်ကြံနေသေးရာ ယခုလက်ရှိ ရှဲ့ယွင်နန်သည် မည်သည့် စီနီယာအဆင့် ယဇ်ဆရာထက်မဆို ပိုပြီး အင်အားကြီးမားနေတော့သည်။ 


တစ္ဆေဘုရင်အတွက်မူ .. သွမ့်ချန်ချင်း ပေးထားသည့် ကျင့်စဉ်များကို လေ့ကျင့်ထားခြင်းက အချည်းနှီး ဖြစ်မသွား။ 


ထို့အပြင် အကြီးအကဲပိုင်ကလည်း ခံနိုင်ရည် ရှိနေ၏။ သူက ယဇ်ဆရာအကြီးအကဲ၏ ဘက်တော်သား ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည့်အလျောက် မြောက်များစွာသော ကိစ္စများကို ကြုံတွေ့ပြီး ဖြစ်သည်။ 


ဒုတိယအကြီးအကဲက သွမ့်ချန်ချင်းကို လက်ညှိုးညွှန်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်သည့်လူအားလုံးက “တိုက်ကြ” ဟု သံကုန်အော်ဟစ်ကာ ချက်ခြင်း ချီတက်လာကြတော့သည်။ 


ခပ်လှမ်းလှမ်းတွင် ရပ်နေသည့်တိုင် သွမ့်ချန်ချင်းသည် ဒုတိယအကြီးအကဲမှာ အနည်းငယ် ပျာယာခတ်နေကြောင်း ခံစားမိနေခဲ့သည်။ 


သူက ဘယ်လိုလုပ် ပျာယာမခတ်ဘဲ နေမှာလဲ ကြီးကြီးမားမားကြီး လှုပ်ရှားပြထားတာတောင် ရလဒ်က သူထင်ထားသလို အကျိုးမရှိနေဘူးလေ ...


နောက်ဆုံးတွင်တော့ တိုက်ပွဲ စတင်လာတော့သည်။ 


ဒုတိယအကြီးအကဲ၏ ဘက်မှ စီနီယာတိုက်ခိုက်သူများက ဟုန်ယဲ့မြို့မှ ရောက်လာကြသူများထံ တစ်ဟုန်ထိုး ချီတက်လာလိုက်ကြသည်။ 


လျောင်မုယဲ့၏ “ရှဲ့ချင်က တကယ်တမ်းတော့ လုကျင်းချန်းရဲ့ ယောကျ်ား ပြီးတော့ တစ္ဆေဘုရင်” ဟူသည့် သတင်းမှာ အနည်းငယ် နောက်ကျပြီးမှ ထွက်လာသည့်တိုင် ဒုတိယအကြီးအကဲ၏ ဘက်တော်သားအားလုံး သိနှင့်နေကြပြီး ဖြစ်သည်။ 


လက်ရှိ ရောက်နေသူ အများစုမှာ တစ္ဆေဘုရင်၏ ရန်သူများ ဖြစ်သည့်အတွက် အားလုံးက တစ္ဆေဘုရင်ကိုသာ စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြတော့သည်။ 


တစ္ဆေဘုရင်က သူ့နည်းလမ်းကို လူသိရှင်ကြား ထုတ်မသုံးလို။ သို့သော် ရန်သူအင်အားမှာလည်း များပြားလွန်းသည့်အတွက် ထိုမှအပ ရွေးစရာ မရှိတော့ချေ။


ထိုသို့ဖြင့် ထိုကျင့်စဉ်ကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်ရပြန်တော့၏။


သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေကြသူအားလုံး၏ မျက်ဝန်းမှာ ရီဝေသွားကြကာ အကြည့်တို့မှာလည်း မူမမှန်တော့။ 


တစ္ဆေဘုရင် “...”


ဒီလေ့ကျင့်ခန်းက အရမ်းကို ရူးမိုက်လွန်း အားကြီးတယ် သွမ့်ချန်ချင်းက သူ့ကို တမင်တကာကို ချောက်တွန်းနေတာပဲ ...


သို့သော် ထိုကျင့်စဉ်ကို ထုတ်သုံးလိုက်မိသည်နှင့် တစ်ပြိုင်နက် ရန်သူအင်အားစုမှာ စည်းလုံးခြင်း မရှိတော့။ ထို့ကြောင့် တစ္ဆေဘုရင်လည်း ချက်ခြင်းဆိုသလို စိတ်အေးသွားတော့သည်။ 


တစ္ဆေဘုရင်က သူ့ကို လမ်းပိတ်ထားသည့် နဝမအဆင့် တိုက်ခိုက်သူတစ်ဦးအား ခြေကန်ချက် တစ်ချက်တည်းဖြင့် ကန်ထုတ်လိုက်ကာ စိတ်ထဲတွင်လည်း ထိုကျင့်စဉ်က အလွန် အသုံးဝင်သည်ဟု ခံစားမိလာပြန်သည်။ 


ထားလိုက်ပါ ဒီအကြောင်း တွေးမနေတော့ဘူး ဘယ်လိုကျင့်စဉ်မျိုးပဲ ဖြစ်ဖြစ် ရန်သူကို အနိုင်တိုက်နိုင်နေသရွေ့ အကောင်းဆုံးပဲ ...


တစ္ဆေဘုရင်က အနိုင်မခံ အရှုံးမပေးလိုသည့် စိတ်ဓာတ်များဖြင့် တက်ကြွနေသည်။ 


“ရှဲ့ယွင်နန်နဲ့ ရုပ်ချင်းဆင်တဲ့လူက တစ္ဆေဘုရင်ပဲ ဖြစ်ရမယ် ...”


“တစ္ဆေဘုရင်က အဲဒီ့လို ပုံစံမျိုးလား ..."


“သူ့ပုံစံက တအားကို ငယ်နေသလိုပဲနော် ...”


“သူနဲ့ တိုက်နေတဲ့ လူတွေက ဘာဖြစ်ကုန်တာလဲ ... သူတို့ပုံစံတွေ ကြည့်ရတာ တစ္ဆေဘုရင်ကို အရူးအမူး ဖြစ်သွားကြသလိုပဲ ...”


“သူက အရမ်းကို ဆွဲဆောင်မှု ရှိတာပဲ စောစောက တိုက်ရိုက်လွှင့်တဲ့ ကင်မရာထဲကနေ သူ့အပြုံးကို တွေ့လိုက်ရတာလေ ငါ .. ငါ့လို စတီးချောင်းထက်ပိုပြီး ဖြောင့်ပါတယ်ဆိုတဲ့ လူတောင် ကွေးသွားတော့မလို့ ...”


“ငါရောပဲ .. ကွေးမိသွားတော့မလို့ ငါ့ညီမနဲ့ အတူတူ ကြည့်နေတာလေ အဲဒါ သူမက တအားကို စိတ်လှုပ်ရှားလွန်းသွားတာများ အဖော်သားရဲပါ အပြင်ထွက်လာပြီး တစ်အိမ်လုံးအနှံ့ ခုန်ပေါက်နေတော့တာပဲ ...”


...


မြင့်မြတ်မြို့တော်က တစ္ဆေဘုရင်မှာ မည်မျှအထိ ယုတ်မာရက်စက်ကြောင်း ဝါဒဖြန့်ကာ ထိုသူသည် ပုန်းအောင်းရာ၌ အလွန် တော်လွန်း၍ သူတို့ဘက်က မဖမ်းမိနိုင်ခဲ့ခြင်း ဖြစ်ကြောင်း နှစ်ရှည်လများ အယုံသွင်းထားခဲ့သည်။ 


သို့သော် ယခုမူ .. တစ္ဆေဘုရင်က အလွန်ချောမောသည့်အပြင် နဝမအဆင့် တိုက်ခိုက်သူ အများအပြားကိုပင် တစ်ပြိုင်တည်း အနိုင်ယူနိုင်နေသေး၏။ 


ဒါက သူတို့ ကြားထားရတာကြီးနဲ့ လုံးဝမှကို တစ်ခြားစီပါနော် ...


“ပြောကြတာတော့ တစ္ဆေဘုရင်က မကောင်းတဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့တာတဲ့ ...”


“သူက ဘာတွေ လုပ်ခဲ့တာတဲ့လဲ ...”


“ကြည့်ရတာ ယဇ်ဆရာတစ်ယောက်ကို သတ်ခဲ့တာ ထင်တယ် ...”


“ပြီးတော့ရော ...”


“မရှိတော့ဘူး .. သူက တစ်ချိန်လုံး ပုန်းနေခဲ့တာလားလို့လေ ...”


တိုက်ရိုက်ကြည့်နေသူများက မယုံကြည်နိုင်တော့ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။ တစ္ဆေဘုရင်အပေါ်ထားသည့် သူတို့၏ သဘောထားမှာလည်း တိုးတက်လာတော့၏။


လျောင်မုယဲ့အနီးတွင် ရှိနေသူများကလည်း တစ္ဆေဘုရင်၏ အကြောင်းကို ဆွေးနွေးနေကြသည်။ 


“တစ္ဆေဘုရင်က အရမ်းကို သန်မာတာပဲ ..."


“မုန့်ယန်နဲ့ တစ်ခြားလူတွေ အဖမ်းခံလိုက်ရတာ အံ့ဩစရာ မရှိတော့ပါဘူး ...”


“ရှစ်ဟိုင်ယွမ်တို့ကအစ ဘယ်သူမှကို သူ့ပြိုင်ဖက် မဖြစ်နိုင်ကြဘူး ..."


လျောင်မုယဲ့က ပြောလိုက်သည်။ 


“သူက မီးစာကုန်ခါနီးနေပြီ သူ့ခန္ဓာကိုယ်က ဟိုးအစောကြီးကတည်းက ပြဿနာ ဖြစ်နေတာ .. တစ္ဆေဘုရင်က သေတော့မယ့်လူကွ ...”


ထိုလူများက သူ့ကို ပြောစရာစကားပင် မရှိတော့ဟန်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ 


“သူ့ခန္ဓာကိုယ်က တစ်ခုခု ဖြစ်နေတယ်ဆိုရင်တောင် ရှဲ့ယွင်နန်က သူ့သား ပြီးတော့ စီနီယာအဆင့် ယဇ်ဆရာတစ်ယောက်လေ .. သူက သေချာပေါက် သူ့ကို ကုသပေးမှာပေါ့ ...”


တစ္ဆေဘုရင်ရဲ့ အခြေအနေက တော်တော်လေးကို ကောင်းနေမှန်း ဦးနှောက်ပါတဲ့လူတိုင်း သိနေတဲ့ဟာကို ...


သူ့ပုံစံက ဘယ်လောက်အထိ နုပျိုနေလဲဆိုတာ မင်း မမြင်ဘူးလား ...


ထိုစကားကို ကြားလိုက်သည့်အခါ လျောင်မုယဲ့က အံကိုသာ တင်းတင်းကြိတ်ထားလိုက်တော့သည်။ 


ရှဲ့ယွင်နန်က ယဇ်ဆရာ ဖြစ်မလာသင့်ဘူး လုံးဝကို ဒီလိုမျိုး ဖြစ်မလာသင့်ဘူး ...


ထိုစဉ် အံ့ဩတကြီး မြည်တမ်းသံတစ်ရပ် ထွက်ပေါ်လာသည်။ 


“ဘာတွေ ဖြစ်ကုန်တာလဲ ...”


“ရှဲ့ယွင်နန်က ယဇ်ဆရာ မဟုတ်လား သူက တကယ်ကြီး ဓားကိုင်ပြီးတော့ တိုက်ခိုက်နိုင်တယ်ပေါ့ ...”


“ငါဖြင့် ဒီလို ယဇ်ဆရာမျိုး တစ်ခါမှကို မတွေ့ဖူးဘူး ...”


“ဝူမိသားစုက နဝမအဆင့် တိုက်ခိုက်သူဆို သူ့ကို ထိတောင် မထိနိုင်ဘူး...”


ရှဲ့ယွင်နန် တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် စစ်မြေပြင်က တစ်ဆစ်ချိုး ပြောင်းလဲသွားတော့သည်။


ဤကမ္ဘာရှိ စိတ်စွမ်းအင်မှာ အလွန်နည်းပါးကာ အသုံးပြုနိုင်သည့် ကျင့်ကြံစဉ် အရေအတွက်မှာလည်း အလွန် နည်းပါးသည့်အတွက် သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို ဓားသိုင်းအချို့သာ သင်ပေးခဲ့လိုက်သည်။ 


ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်မှာ အလွန် ကြံ့ခိုင်သည့်အပြင် တိုက်ခိုက်ရာ၌ ပါရမီ ပါလှ၏။ သူ့လက်ထဲသို့ ဓားထည့်ပေးလိုက်သည်မှာ ကျားကို အတောင်ပံ တပ်လိုက်သကဲ့သို့ပင်။ 


အရမ်းကို ချောတာပဲ ...


“စောစောလေးကမှတင် တစ္ဆေဘုရင်ရဲ့ နာမည်ကို အော်ခေါ်နေတဲ့ ငါ့ညီမကလေ အခုကျ ရှဲ့ယွင်နန်ကို ကြိုက်မိသွားပြန်ပြီတဲ့ ...”


“ရှဲ့ယွင်နန်က ငါ့အိုင်ဒေါ ...”


“ယဇ်ဆရာတစ်ယောက် ဓားကို သုံးနေတာက အရမ်းကို ရင်သပ်စရာ ကောင်းတာပဲ ...”


“မိုက်လိုက်တာ .. အရမ်းချောတာပဲ ...”


...


ဟုန်ယဲ့မြို့၏ ဘက်တော်သားများအနက် ရှဲ့ယွင်နန်နှင့် တစ္ဆေဘုရင်က အထင်ရှားဆုံး ဖြစ်သည့်တိုင် အခြားသူများမှာလည်း အလွန်သန်မာလှပေသည်။ မုန့်ယန်နှင့် အခြားလူများမှာ ပိုပြီး စိတ်အားထက်သန်လာကြကာ သေရမည်ကိုလည်း မကြောက်ကြတော့သည့်အတွက် .. ရန်သူများမှာ စိတ်ရှုပ်ထွေးကုန်ကြတော့သည်။ 


မုန့်ယန်နဲ့ အဲဒီ့လူတွေ .. သူတို့က ဟုန်ယဲ့မြို့ကို တအားကြီး သစ္စာရှိနေကြသလိုပဲနော် ... သူတို့က ဟုန်ယဲ့မြို့အတွက်နဲ့ လုံးဝကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားနေကြတာ ...


သို့သော် ဟုန်ယဲ့မြို့၏ ဘက်တော်သားများက မည်မျှပင် ထူးချွန်နေကြပါစေ မြင့်မြတ်မြို့တော်တွင်လည်း လူအင်အား အများအပြား ရှိပေသည်။ 


ထိုစီနီယာအဆင့် ယဇ်ဆရာနှစ်ဦးသည် ဟုန်ယဲ့မြို့သို့ လူအများအပြား ခေါ်ဆောင်သွားခဲ့ကာ နောက်ပိုင်းတွင် သွမ့်ချန်ချင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သို့သော် ထိုလူများအနက် အများစုမှာ မကောင်းသည့် ကိစ္စများစွာကို ကျူးလွန်ခဲ့ဖူးကာ ယဇ်ဆရာအကြီးအကဲနှင့် အကြီးအကဲပိုင်အား ပုန်ကန်သည့် ကိစ္စတွင် ပါဝင်ခဲ့ကြသေးသည်။ 


အကြီးအကဲပိုင်က ထိုလူများကို အရိုးထဲမှပင် မုန်းတီးနေကာ သွမ့်ချန်ချင်းကလည်း အလားတူပင်။ သူက မူလပိုင်ရှင်အစား လက်စားချေပေးချင်နေခဲ့ပေသည်။ 


ထို့ကြောင့် ဖမ်းမိထားသူ အများစုကို အပြတ်ရှင်းလိုက်ကာ အနည်းစုကိုသာလျှင် စာချုပ်ချုပ်ခဲ့သည့်အတွက် .. သူတို့၏ တိုက်ခိုက်ရေးအင်အားမှာ များစွာ တိုးတက်မလာ။ 


ဒုတိယအကြီးအကဲမှာမူ ကွဲပြားပေသည်။ မြင့်မြတ်မြို့တော်တွင် အင်အားကြီး မိသားစုများ အများအပြား ရှိသည့်အပြင် မိသားစုတစ်ခုချင်းစီ၌ ဖုံးကွယ်ထားသော အင်အားစုများ ကိုယ်စီ ရှိနေကြသေးပေသည်။ 


ထို့အပြင် ပုန်ကန်မှု မဖြစ်ပွားမီ ဒုတိယအကြီးအကဲသည် အဆင့်မြင့်တိုက်ခိုက်သူ အများအပြားကို မွန်မြတ်ခြင်းကျောင်းတော်၏ လက်အောက်ခံအဖြစ် သိမ်းသွင်းခဲ့သည်။ ယဇ်ဆရာအကြီးအကဲ ပျောက်ဆုံးသွားသည့်အခါ အကြီးအကဲပိုင်၏ အာဏာသက်ရောက်မှုလည်း သိသိသာသာ လျော့နည်းလာသည့်အတွက် ဒုတိယအကြီးအကဲနှင့် မဟာမိတ်ဖွဲ့ကြသူများ ပို၍ပင် များပြားလာတော့သည်။ 


ထိုအုပ်စုနှစ်စု ပေါင်းစုလိုက်သည့် အင်အားမှာ ဟုန်ယဲ့မြို့ထက် များစွာ သာလွန်လှပေသည်။  


 တစ္ဆေဘုရင်က မည်မျှပင် သန်မာနေပါစေ ထိုကဲ့သို့သော များပြားလှသည့် လူအင်အားကို တားဆီးနိုင်မည် မဟုတ်ချေ။ 


သို့သော် သွမ့်ချန်ချင်းက အလောတကြီး ဖြစ်နေခြင်း အလျဉ်းမရှိ။ 


သူတို့ဘက်တော်သားများက ခွန်အားအချို့ ထုတ်သုံးရန် လိုနေသည့်အပြင် ဒုတိယအကြီးအကဲ၏ လက်ထဲတွင်လည်း မှော်လက်နက်တစ်ခု ရှိနေပေသည်။ 


ဒုတိယအကြီးအကဲက ထိုမှော်လက်နက်ကို အသုံးပြုကာ သူ့ကိုယ်သူ သေကြောင်းကြံစည်နိုင်ချေ ရှိသည်ဟု ခံစားနေရသည့်အတွက် များစွာ သတိကပ်ပြီး စောင့်ကြည့်နေရပေသည်။ ထိုမှော်လက်နက်မှာ အင်အားကြီးမားလွန်းလှ၏။ 


သူ့ခန္ဓာကိုယ်မှာ အပြည့်အဝ မသက်သာသေးသည့်အတွက် တိုက်ရိုက် ရင်ဆိုင်ရပါလျှင် ဒဏ်ရာရနိုင်ချေ များပေလိမ့်မည်။ 


တူးမြောင်းလေးထဲတွင် လှေမှောက်သွားခြင်းမှာ အလွန် စိတ်ပျက်ဖွယ်ရာပင်။ 


သွမ့်ချန်ချင်းက နောက်နားတွင် ရပ်ကာသာ ဒုတိယအကြီးအကဲကို စိုက်ကြည့်နေလိုက်သည်။ 


တိုက်ပွဲ စတင်ကတည်းက ဒုတိယအကြီးအကဲသည် အောင်မြင်မှုကို အမြန်ဆုံး ရရှိခဲ့သည်။ ထို့ကြောင့် သူက မခို့တရို့ လှောင်ရယ်ကာ တစ္ဆေဘုရင်ကို စတင်တိုက်ခိုက်လာတော့သည်။ 


မှော်လက်နက်ကို အသက်သွင်းကာ တစ္ဆေဘုရင်ထံ ချိန်ရွယ်တိုက်ခိုက်လိုက်သည်။ တစ္ဆေဘုရင်က မျက်မှောင်ကြုတ်ပြီး နောက်တစ်လှမ်း ဆုတ်လိုက်သည့်အခါ သူ့လက်ချက်ဖြင့် စိတ်ထွေပြားနေသူအားလုံး အသိပြန်ဝင်လာတော့၏။ 


ဒုတိယအကြီးအကဲ၏ ဘက်တော်သားအားလုံးက တိုက်ပွဲတွင် မပါဝင်ခဲ့ကြ။ သူနောက်လိုက် အများစုက တိုက်ပွဲကို ဘေးကနေသာ ရပ်ကြည့်နေကြသည်။ ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ အားလုံးက ဒုတိယအကြီးအကဲကို ချီးကျူးလိုက်ကြတော့သည်။ ထိုသူများသာမက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများပင်လျှင် အောင်မြင်မှုကို မျက်မြင်တွေ့လိုက်ရ၍ စိတ်လှုပ်ရှားကုန်ကြတော့သည်။ 


“ကြည့်ရတာတော့ ဒုတိယအကြီးအကဲက ပိုပြီး အားကောင်းနေတုန်းပဲ ...”


“သူသာ စိတ်တိုင်းကျ တိုက်ခိုက်မယ်ဆို တစ္ဆေဘုရင်က ဘာမှကို လုပ်နိုင်တော့မှာ မဟုတ်ဘူး ... ဒုအကြီးအကဲက အရမ်းကို သန်မာတာပဲ ...”


“သူက တကယ်ကို ယဇ်ဆရာအကြီးအကဲ ဖြစ်နေပြီ ...”


“ယဇ်ဆရာအကြီးအကဲက တကယ်ကို သန်မာတာပဲ ...”


“ဟုန်ယဲ့မြို့တော်တော့ ... ဒီလောက် အကြာကြီး ကြာကာမှ တိုက်ပွဲကျတော့မယ် ...”


“လုမိသားစုကတော့ သနားစရ

ာပဲ ... သူ့ဘက်ကို ပေါင်းသွားတဲ့ မိသားစုအငယ်လေးတွေရောပဲ ကျစ် ကျစ် .. ဒီတိုက်ပွဲ ပြီးရင်တော့ မြင့်မြတ်မြို့တော်က နောက်တစ်ကြိမ် ပြောင်းလဲသွားလိမ့်ဦးမယ် .. လုမိသားစုကတော့ အစိတ်စိတ်အမြွာမြွာ ဖြစ်တော့မယ် ထင်ပါတယ် ...”