Chapter 94
၎င်းမှာ အမှန်တကယ်ပင် တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်ကာ ဒုတိယအကြီးအကဲက မြင့်မြတ်မြို့တော်တစ်ခုလုံးကို ဖြစ်ပျက်သမျှတိုင်းအား ပြသခဲ့သည်။
အမှန်တကယ်တွင် ဒုတိယအကြီးအကဲကလည်း ကူကယ်ရာမဲ့နေကာ ထိုသို့လုပ်ရန် ဖိအားပေးခံခဲ့ရခြင်း ဖြစ်သည်။
ဟုန်ယဲ့မြို့တော်ကို အညစ်အကြေးများ လောင်းချခဲ့သည့်အခါ လူတိုင်းက သူတို့၏ စကားကို ယုံကြည်ခဲ့ကြသည်။
ပုံမှနန်အားဖြင့် ဒုတိယအကြီးအကဲသည် လူရှေ့သို့ မကြာခဏ ထွက်မလာဖူးသည့်အတွက် သာမန်လူအများစုသည် သူ့ကို မည်သူမည်ဝါမှန်း မသိကြချေ။
ထို့အပြင် အထက်တန်းလွှာများနှင့် တစ်ကြိမ်တစ်ခါမှ ထိတွေ့ဆက်ဆံဖူးခြင်း မရှိသည့် မိသားစုငယ်များ၊ အင်အားကြီး မိသားစုများနှင့် မပူးပေါင်းဖူးသည့် တိုက်ခိုက်သူများသာမက ဟုန်ယဲ့မြို့တွင် အဖမ်းခံထားရသည့် စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးသည်ပင်လျှင် ဒုတိယအကြီးအကဲကို အလေးအနက် မထားခဲ့ကြချေ။
သူ့ဘက်က ယဇ်ဆရာအကြီးအကဲ ဖြစ်လိုနေသည့်တိုင် လူထု၏အသိအမှတ်ပြုမှု မရပါလျှင် အချည်းနှီးပင် ဖြစ်သည်။
ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ လွန်ကဲလွန်းနေ၍လည်း ဖြစ်သည်။ သူက ထိုနည်းလမ်းကို အသုံးပြုကာ ပြည်သူတစ်ရပ်လုံးကို တစ်ပြိုင်တည်း မဲဆွယ်နိုင်ရန် ကြံရွယ်ထား၏။
ထို့အပြင် သူ၏ တခမ်းတနား ချီတက်လာမှုကလည်း ရလဒ်ကို ပိုပြီး ကြီးကျယ်သွားစေပေသည်။ တီဗီကြည့်နေကြသူ အများအပြားက မြင့်မြတ်မြို့တော်၏ အင်အားစုများမှာ တစ်ဖက်အင်အားစုထက် များစွာ သာလွန်လှသည်ဟု ခံစားမိလာကြတော့သည်။
“ဒီ ငှက်တွေဆွဲထားတဲ့ စစ်ရထားက ယဇ်ဆရာအကြီးအကဲ ပိုင်ခဲ့တဲ့ ပစ္စည်းပဲ ဒါဆို ဒီ နှင်တံကိုင်ထားတဲ့ လူအိုကြီးက ယဇ်ဆရာအကြီးအကဲ အသစ်လား ...”
“သူ့ပုံစံက တော်တော်လေး အိုနေပြီနော် ...”
“သူက မွန်မြတ်ခြင်းကျောင်းတော်ရဲ့ ဒုတိယအကြီးအကဲ မဟုတ်လား ဒါဆို မွန်မြတ်ခြင်းကျောင်းတော်မှာ အကြီးအကဲတွေ ရှိနေသေးတယ်ပေါ့ ...”
“ပျောက်နေတာက ယဇ်ဆရာအကြီးအကဲလား ပထမအကြီးအကဲလား ...”
...
ထိုအချိန်တွင် သာမန်လူများက လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေအပေါ် အနည်းငယ် ရှုပ်ထွေးနေကြဆဲပင်။
သူတို့နှင့် နှိုင်းယှဉ်ပါလျှင် မြင့်မြတ်မြို့တော်တွင် နေထိုင်သည့် အင်အားကြီးသည့်တိုင် တိုက်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသူ အချို့က တိုက်ပွဲကို ပိုပြီး အာရုံစိုက်လာခဲ့ကြသည်။
“ဒုတိယအကြီးအကဲက အားနည်းတဲ့ပုံတော့ မပေါ်ဘူးနော် ...”
“ဟုန်ယဲ့မြို့က စီနီယာယဇ်ဆရာနှစ်ယောက်ကို ဖမ်းထားတယ်လို့ ကြားတော့ သူတို့တွေက ဒုတိယအကြီးအကဲကို အလွယ်လေး အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်ခဲ့မိတာ .. အခုပုံစံအရတော့ အဲဒီ့လို မဟုတ်တော့သလိုပဲ ...”
“ဒါက အမှန် မဟုတ်လောက်ဘူး တိုက်ရိုက်တောင် လွှင့်နေတယ်ဆိုကတည်းက သူ့မှာ ဒါနဲ့ပတ်သက်ပြီး ယုံကြည်ချက် အပြည့်ရှိနေလို့ပဲ နေမှာ ...”
“လုမိသားစုက ဟုန်ယဲ့မြို့ဘက်ကနေ ရပ်တည်လိမ့်မယ်လို့ ထင်ကို ထင်မထားမိဘူး သူတို့မိသားစုက လူတွေ အများကြီး ရှိတာကို ...”
“အဲဒီ့လုမိသားစုက ငါ့ကိုတောင် လာမေးခဲ့သေးတယ် ...”
“လုမိသားစုဘက်ကနေ ရပ်တည်လိုက်တဲ့ လူတွေကို ကြည့်ရတာ နည်းနည်း ပျာယာခတ်နေကြသလိုပဲ သူတို့ ဆုံးဖြတ်တာ တအား လောလွန်းအားကြီးတယ် ...”
...
မွန်မြတ်ခြင်းကျောင်းတော်တွင် လျောင်မုယဲ့ကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည်။
သူက အဆင့်မြင့်တိုက်ခိုက်သူ မဟုတ်သည့်အတွက် တိုက်ပွဲတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီ။ ဟုန်ယဲ့မြို့မှ လွတ်မြောက်လာသူများနှင့်သာ တိုက်ရိုက်ထုတ်လွှင့်မှုကို အတူတူ ထိုင်ကြည့်နေရသည်။
သူက ဒုတိယအကြီးအကဲအကြောင်း အများအပြား မသိသည့်အတွက် တိုက်ရိုက်ထုတ်လွှင့်မှု အစပိုင်းကတည်းက ဒုတိယအကြီးအကဲကိုသာ အာရုံစိုက်ကြည့်ခဲ့သည်။
သူ့မှတ်ဉာဏ်ထဲတွင် ငယ်ရွယ်စဉ်ကတည်းက သေသွားနှင့်ပြီဖြစ်သည့်လူက အလွန်သန်မာနေကြောင်း သိလိုက်ရသည့်အခါမှ စိတ်သက်သာရာရသွားတော့သည်။ ထို့ကြောင့် သူက ရှဲ့ယွင်နန်ကိုသာ အာရုံစိုက်ထားလိုက်တော့၏။
ရှဲ့ယွင်နန်က လုကျင်းချန်း၏ ဘေးတွင် ရပ်နေသည့် ရှဲ့ချင်နှင့် ဘေးချင်းယှဉ်လျက် ရပ်နေကာ .... ထိုလူနှစ်ဦးမှာ ယခုဘဝတွင်ဖြစ်စေ၊ အတိတ်ဘဝတွင်ဖြစ်စေ လူကို လိမ်လည်လှည့်စားကာ မည်ကဲ့သို့သော ကစားကွက်မျိုးကို သုံးရမည်ဖြစ်ကြောင်းသာ သိကြသူများ ဖြစ်ကြသည်။
အဲဒီ့နှစ်ယောက်က တကယ်တမ်းတော့ ရှဲ့ယွင်နန်ရဲ့ မိဘတွေ ဖြစ်နေကြတာကိုး .. သူတို့က ရှဲ့ယွင်နန်ကို အရမ်း သဘောကျနေတာ မထူးဆန်းတော့ပါဘူး ...
ထိုတစ်ခဏတွင် လျောင်မုယဲ့သည် အနည်းငယ် နောင်တရမိလာတော့သည်။
သူသာ ဒီဘဝမှာလည်း အတိတ်ဘဝက လမ်းအတိုင်းပဲ ဆက်လျှောက်ခဲ့မယ်ဆိုရင် ... ရှဲ့ယွင်နန်ကို လျောင်မိသားစုနဲ့ ယန်ယုကော အနိုင်မကျင့်နိုင်အောင် တားနိုင်ခဲ့မယ်ဆိုရင် ... ဒီလူတွေက သူ့ရဲ့ အင်အားစုတွေ ဖြစ်လာနိုင်လား ...
ဤပြန်လည်မွေးဖွားလာမှုမှာ သူ့အတွက် လေနှင့်မိုးများကိုပင် ဆင့်ခေါ်နိုင်လောက်သည့် ပြောင်းလဲမှုဟုသာ အမြဲ ထင်မှတ်ထားခဲ့သည်။ မည်သူကမှ သူ့ကို အထင်သေးနိုင်တော့မည် မဟုတ်ဟု ထင်ခဲ့သော်ငြား အမှန်တကယ်တွင်မူ သူ သိထားသည့် အမှန်တရားမှာ အလုံးစုံ မဟုတ်သေးချေ။
မဟုတ်ဘူး သူက နောင်တရမနေသင့်ဘူး ...
လျောင်မုယဲ့က သူ့ကိုယ်သူ နှစ်သိမ့်ကာ တီဗီကိုသာ ပြန်ကြည့်နေလိုက်သည်။
ဒုတိယအကြီးအကဲက အရမ်းကို သန်မာတာပဲ ဟုန်ယဲ့မြို့က လူတွေက သူ့ကို ဘယ်လိုနည်းနဲ့မှ အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး ကြည့်ရတာ ရှဲ့ယွင်နန်နဲ့ သူ့လူတွေတော့ ဒီနေ့ သေကြတော့မယ်ထင်တယ် ...
သူက ထိုလူများ သေမည့်အချိန်ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေလိုက်သည်။
ဒါပေမယ့် သူတို့ သေသွားပြီဆိုရင် သူကရော ဘာဖြစ်သွားမလဲ .. ဘာတန်ဖိုးမှ မရှိတော့ဘူးဆို သူရော ဘာဖြစ်မလဲ ...
ပူပန်မှုများကို ဖယ်ထုတ်လိုက်ကာ လျောင်မုယဲ့သည် အံကို တင်းတင်းကြိတ်လျက် တီဗီကိုသာ စိုက်ကြည့်နေလိုက်တော့သည်။
သူ့ဘေးနားရှိ လူများကလည်း လျောင်မုယဲ့၏ အနည်းငယ် ကြောက်စရာကောင်းလှသည့် ပုံစံကြောင့် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာတော့သည်။
ထိုအချိန်တွင် ဒုတိယအကြီးအကဲဘက်မှ စတင် လှုပ်ရှားလာ၏။
သွမ့်ချန်ချင်းကလည်း ဒုတိယအကြီးအကဲ စတင်လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သူ့လက်ထဲမှ နှင်တံကို သတိပြုမိသွားတော့သည်။
ဒါကလည်း မှော်လက်နက်တစ်မျိုး ဖြစ်နေတာကိုး ...
အတိတ်ဘဝ ကျင့်ကြံရေးလောကတွင် မှော်လက်နက်ကို အသုံးပြုသည့် ကျင့်ကြံသူများ အများအပြား ရှိခဲ့သည်။ သို့သော် ဤကမ္ဘာသို့ ရောက်ပြီးသည့်နောက် မည်သည့် မှော်လက်နက်မျိုးကိုမှ မတွေ့ရသည့်အတွက် ဤကမ္ဘာတွင် မှော်လက်နက် မရှိဟုပင် ထင်ခဲ့မိသေးသည်။
ဤနေရာရှိ စိတ်စွမ်းအင်မှာ လွန်စွာ နည်းပါးလှသည့်အတွက် မှော်လက်နက် သွန်းလုပ်ရန် လွန်စွာ ခဲယဉ်းလှသည်။
သို့သော် ဒုတိယအကြီးအကဲ၏ လက်ထဲရှိ မှော်လက်နက်မှာမူ အားနည်းဟန်မတူ။ ၎င်းက အသုံးပြုသည့်သူကို အင်အားကြီးမားစေကာ အားနည်းသူများကို ဖိနှိပ်နိုင်ပေသည်။
အခြေတည်အဆင့်သို့ မရောက်သေးသူအားလုံးအား အားနည်းသူဟု သတ်မှတ်နိုင်၏။
ထို့ကြောင့် နဝမအဆင့် တိုက်ခိုက်သူများ အားလုံးနှင့် အကြီးအကဲပိုင်ကဲ့သို့သော စီနီယာအဆင့် ယဇ်ဆရာအားလုံးတို့သည် ထိုမှော်လက်နက်၏ ဖိနှိပ်မှုကြောင့် မသက်မသာ ဖြစ်လာကြတော့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် လက်နက်ကို အသုံးပြုသူမှာလည်း လုံလောက်အောင် မသန်မာသည့်အတွက် သူတို့အားလုံးက ထိုဖိအားကို ခံနိုင်ရည် ရှိနေကြသေး၏။
သို့သော် ခွန်အားပိုနည်းသူများမှာ အလွန် နေရထိုင်ရခက်လာကာ အသက်မရှူနိုင်သူ အချို့ပင် ရှိလာတော့သည်။
ထိုလူများအနက် သက်တောင့်သက်သာ အဖြစ်ဆုံးလူမှာ သွမ့်ချန်ချင်းဖြစ်ကြောင်းကိုမူ အငြင်းပွားနေရန် မလိုအပ်ပေ။ သူက ဒုတိယအကြီးအကဲ၏ လက်ထဲရှိ မှော်လက်နက်ကို စိုက်ကြည့်ကာ ထိုလူကို အနည်းငယ် သနားမိလာတော့သည်။
မူလကိုယ်က ဒီတိုင်း သာမန်လူတစ်ယောက်ပဲဟာ ဘယ်လိုလုပ် ယဇ်ဆရာအကြီးအကဲ ဖြစ်လာနိုင်ခဲ့တာလဲ ...
ဝမ်ချဲ့ ပေါ်မလာခင်အထိ သူ့ကိုယ်သူ ယဇ်ဆရာအကြီးအကဲ ဖြစ်နေလိမ့်မည်ဟု တွေးပင် မတွေးမိခဲ့။ အကြောင်းမှာ မူလကိုယ်မှာ မည်မျှ အားနည်းလှကြောင်း သိနေခဲ့၍ ဖြစ်သည်။
သို့သော် မူလကိုယ်တွင်သာ မှော်လက်နက်တစ်မျိုး ရှိနေပါလျှင် အခြေအနေက ကွဲပြားသွားပေလိမ့်မည်။
အမှန်စင်စစ်အားဖြင့် မှော်လက်နက်တစ်ခုကို အသက်သွင်းရန်မှာ စိတ်စွမ်းအင်အများအပြား လိုအပ်လှပေသည်။ မူလကိုယ်က စိတ်စွမ်းအင် အနည်းငယ်ပင် မရှိသည့် သာမန်လူတစ်ဦး ဖြစ်သည့်တိုင် သူ့ခန္ဓာကိုယ်ထဲတွင် အားကောင်းလှသည့် စိတ်စွမ်းအင်အစိုင်အခဲကြီးတစ်ခု ရှိနေပေသည်။
ထိုစိတ်စွမ်းအင်အမြုတေကို အမှီပြုကာ မှော်လက်နက်ကို အသက်သွင်းနိုင်သည့်အတွက် အင်အားကြီးလှသော ယဇ်ဆရာအကြီးအကဲရာထူးကို ရနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မူလကိုယ်၏ ခန္ဓာကိုယ်ထဲရှိ အမြုတေကြောင့် ဤမှော်လက်နက်ကို အသုံးပြုလေတိုင်း မူလကိုယ်သည် စိတ်စွမ်းအင်၏ သက်ရောက်မှုကြောင့် ခန္ဓာကိုယ် ထိခိုက်ပျက်စီးမှုကို ကြုံတွေ့ရသည်။
သူ့ခန္ဓာကိုယ်က ဒီလောက်အထိကို ကြောက်စရာကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ မထူးဆန်းတော့ပါဘူး ...
နက်နက်ရှိုင်းရှိုင်း တွေးကြည့်မှပဲ ဒီယဇ်ဆရာအကြီးအကဲ ရာထူးကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာ ... ဒီ စိတ်စွမ်းအင်အစိုင်အခဲနဲ့ မှော်လက်နက်ကို အမွေပစ္စည်းအဖြစ် လွှဲပြောင်းပေးရင်း လက်ဆင့်ကမ်းလာနိုင်ကြတာပေါ့ ... ဟုတ်လား ...
ထိုပစ္စည်းနှစ်ခုမှာ အမှန်တကယ် ကောင်းမွန်သည့် ပစ္စည်းများ ဖြစ်ကြပေသည်။ အကယ်၍ ထိုပစ္စည်းကို နဝမအဆင့် တိုက်ခိုက်သူ သို့မဟုတ် စီနီယာအဆင့် ယဇ်ဆရာ တစ်ဦးဦးကသာ ရရှိသွားပါလျှင် သူတို့၏ အခြေတည်အဆင့်ကို တည်ဆောက်နိုင်ကြမည် ဖြစ်သည်။
အကြီးအကဲပိုင်၏ စကားများအရ ပထမဆုံးမျိုးဆက် ယဇ်ဆရာအကြီးအကဲအချို့သည် ထိုအဆင့်သို့ ရောက်ရှိနိုင်ခဲ့ကြကာ ပါရမီထူးချွန်သည့် တိုက်ခိုက်သူအချို့ကလည်း နတ်ဘုရားအဆင့် တိုက်ခိုက်သူအဖြစ်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။
သို့သော် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ယဇ်ဆရာအကြီးအကဲတို့၏ မျိုးဆက်များမှာ တစ်ဖြည်းဖြည်း ပိုပြီး အားနည်းလာကြကာ ကျင့်ကြံခြင်း မပြုနိုင်၊ မှော်လက်နက်ကိုလည်း မထိန်းချုပ်နိုင်ကြတော့သည့်အတွက် ဒဏ်ရာရသူများ များပြားလာတော့သည်။
မူလကိုယ်သည် အလွန်ငယ်ရွယ်သည့် အချိန်ကတည်းက ယဇ်ဆရာအကြီးအကဲ ဖြစ်လာခဲ့သည်။ သာမန်သူတစ်ဦး ဖြစ်သည့်အပြင် အသက်အားဖြင့်လည်း အလွန် ငယ်ရွယ်သေးသည့်အတွက် သူ့အခြေအနေမှာ အခြားသူများထက်ပင် ပိုပြီး ပြင်းထန်ခဲ့သည်။
အမှန်စင်စစ်အားဖြင့် ဒုတိယအကြီးအကဲက ပုန်ကန်ခြင်း မပြုခဲ့လျှင်ပင် .. မူလကိုယ်သည် သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်အမြုတေကို မဖယ်ထုတ်နိုင်ပါလျှင် အသက်ရှည်ရှည် နေနိုင်မည် မဟုတ်ချေ။
ဒုတိယအကြီးအကဲကမူ ...
သူသည် မူလကိုယ်၏ ခန္ဓာကိုယ်ထဲ၌ စိတ်စွမ်းအင်အမြုတေ ရှိနေကြောင်း မသိခဲ့။ နှင်တံကို အပိုင်သိမ်းခဲ့ပြီးသည့်တိုင် သူ့ကိုယ်ထဲရှိ စိတ်စွမ်းအင်အားလုံးကို ဖျစ်ညှစ်ထုတ်ကာမှသာ အသုံးပြုနိုင်ခဲ့သည်။
ဒုတိယအကြီးအကဲထံတွင် ဤနှင်တံကို အသုံးပြုရာ၌ တစ်စုံတစ်ရာ ချို့ယွင်းသွားခဲ့သည်ဟူသော သတင်းမျိုး မရှိခဲ့။
ယခုမူ ဒုတိယအကြီးအကဲတွင် နှင်တံကို အသက်သွင်းရန်အတွက် စိတ်စွမ်းအင်အမြုတေကို အစားထိုး အသုံးပြုနိုင်မည့် စိတ်စွမ်းအင်ကျောက်တုံးများ ရှာတွေ့ထားဟန်ပင်။
သို့သော် သူ့အနေဖြင့် ထိုနှင်တံကို အသုံးပြု၍ ရသည့်တိုင် အလွန်အကျွံ အသုံးပြုခြင်းက မကောင်းလှ။ မူလကိုယ်ကဲ့သို့ပင် သေဆုံးခြင်းနှင့်သာ အဆုံးသတ်ရလိမ့်မည် ဖြစ်သည်။
“ယဇ်ဆရာအကြီးအကဲရဲ့ နှင်တံက သူ့လက်ထဲမှာ ...”
“အဲဒီ့နှင်တံက အရမ်းကို စွမ်းအားကြီးတာနော် ...”
“အကြီးအကဲပိုင် ကျွန်တော်တို့တွေ အခု ဘယ်လိုလုပ်ကြမလဲ ...”
....
ဟုန်ယဲ့မြို့မှ ရောက်လာကြသူများ၊ လုမိသားစုနှင့် ခိုလှုံရန် ရောက်လာသူ အားလုံးတို့သည် ဒုတိယအကြီးအကဲ၏ လက်တွင်းရှိ အင်အားကို ခံစားမိလိုက်သည့်အခါ ပျာယာခတ်ကုန်ကြတော့သည်။
ယဇ်ဆရာအကြီးအကဲရဲ့ ရတနာက ရှဲ့ယွင်
နန်ရဲ့ လက်ထဲမှာဆိုတဲ့ သတင်းက လုံးဝကို အမှားကြီးပဲပေါ့ ...
ယဇ်ဆရာအကြီးအကဲရဲ့ ရတနာက ဒုတိယအကြီးအကဲရဲ့ လက်ထဲမှာ ရှိနေတာမှ အသိသာကြီးကို ...