Chapter 93
အဖေလုသာမက ဟုန်ယဲ့မြို့မှ လူများနှင့်အတူ ခိုလှုံရန် ရောက်လာကြသူများကလည်း အံ့ဩသွားကြသည်။
မြို့ထဲတွင် သွမ့်ချန်ချင်းနှင့် ပတ်သက်သည့် ကောလဟာလများက အမျိုးမျိုး ပျံ့နှံ့နေ၏။ ထိုကောလဟာလများထဲတွင် သွမ့်ချန်ချင်းကို အားနည်းကာ လှပသည့် ညဉ့်ငှက်တစ်ဦးအဖြစ်သာ ပုံဖော်ထားကြသည်။
ဟုန်ယဲ့မြို့က လူတွေက ဘာလို့ ညဉ့်ငှက်တစ်ကောင်ကို အရမ်း လေးစားနေကြတာလဲ ...
သူနဲ့ ပတ်သက်ပြီး ထူးခြားတာတစ်ခုခု ရှိနေလို့များလား ဒါမှမဟုတ် ရှဲ့ယွင်နန်က သူတို့ ထင်ထားသလို ရုပ်သေးရုပ် မဟုတ်ဘဲ အာဏာကို ကြိုးကိုင်ထားတဲ့သူအစစ် ဖြစ်နေတာလား ...
ရှဲ့ယွင်နန်က တကယ်ကို သွမ့်ချန်ချင်းကို အထူးတလည် အလေးထားနေတာလား ...
ရှဲ့ယွင်နန်က အာဏာကို လက်ကိုင်ထားကာ အမှန်တကယ်ပင် သွမ့်ချန်ချင်းကို တန်ဖိုးထားမှသာ အခြားသူများကလည်း သူ့ကို လေးစားကြမည် ဖြစ်သည်။
သို့သော် သူတို့၏ အာရုံစိုက်မှုမှာ များစွာ မကြာမြင့်။ အကြည့်တို့က အကြီးအကဲပိုင်ထံ ချက်ခြင်း ရောက်ရှိသွားကြတော့သည်။
မြင့်မြတ်မြို့တော်က အကြီးအကဲပိုင်ကို သေဆုံးသွားပြီဟု ကြေငြာထားကာ အကြီးအကဲပိုင် သေဆုံးပြီးနောက် သူ့ကို ဖမ်းဆီးရန် ထွက်သွားခဲ့သည့် စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးလည်း အဖမ်းခံလိုက်ရကြောင်း ပြောထားခဲ့သော်ငြား ယခုမူ အကြီးအကဲပိုင်က အကောင်းအတိုင်း ရှိနေဆဲပင်။
ထိုမျှသာမက သူ့အခြေအနေသည် မြင့်မြတ်မြို့တော်တွင် ရှိစဉ်ကထက်ပင် ပိုမိုကောင်းမွန်လာကာ သေအံ့ဆဲဆဲ လူတစ်ဦးနှင့် လုံးဝ တူမနေချေ။
သားဖြစ်သူ ဟုန်ယဲ့မြို့တွင် လက်နက်ချလိုက်ကတည်းက အဖေလုသည် မြင့်မြတ်မြို့တော်ရှိ အခြားမိသားစုများအား ဆက်သွယ်ကာ စာချုပ်ရေးထိုးပြီး တစ္ဆေဘုရင်နှင့် ပူးပေါင်းရန် အကြပ်ကိုင်နားချခဲ့သည်။
စာချုပ်ကို လက်မှတ်ထိုးခဲ့သည့်တိုင် မိသားစုငယ်လေးများသည် ယနေ့မတိုင်ခင်အထိ စိတ်ထဲတွင် မတင်မကျ ဖြစ်နေကြဆဲပင်။
အကြီးအကဲပိုင်က ကျန်းကျန်းမာမာ ရှိနေသေးကြောင်း တွေ့လိုက်ရမှသာ စိတ်အေးသွားကြတော့သည်။
သူတို့က လုမိသားစုနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့မိတာ တကယ်ကို မှန်သွားတာပဲ ...
ဟုန်ယဲ့မြို့တွင် စီနီယာအဆင့် ယဇ်ဆရာနှစ်ဦး၊ ရှဲ့ယွင်နန်နှင့် အကြီးအကဲပိုင်တို့ ရှိကြသော်ငြား မြင့်မြတ်မြို့တော်တွင်မူ ဒုတိယအကြီးအကဲတစ်ဦးသာ ရှိပေသည်။
သူတို့က ပိုပြီး နိုင်နိုင်ချေ များနေတာပဲ ...
ထိုသူအားလုံးက အကြီးအကဲပိုင်ကို စကားပြောလိုနေကြ၏။ သူတို့၏ အမြင်တွင် ရှဲ့ယွင်နန်က မည်မျှပင် သန်မာနေပါစေ၊ အကြီးအကဲပိုင်လောက် အင်အားကြီးလိမ့်မည် မဟုတ်ပေ။
သို့သော် အကြီးအကဲပိုင်ကမူ သွမ့်ချန်ချင်းကိုသာ အလုံးစုံ အာရုံစိုက်ထား၏။
လတ်တလောတွင် အကြီးအကဲပိုင်သည် သွမ့်ချန်ချင်းကိုသာ တစ်ချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။
သခင်လေးက အသက်ရှင်ပြီးနောက်ပိုင်း ယဇ်ဆရာအကြီးအကဲ ပထမဆုံးမျိုးဆက်ရဲ့ အမွေပစ္စည်းကို ဆက်ခံနိုင်တဲ့အပြင် မူလပထမ ယဇ်ဆရာအကြီးအကဲတွေပဲ နားလည်တဲ့ ကိစ္စတွေ အများကြီးကိုပါ သင်ယူနိုင်ခဲ့တယ် ...
ကျန်တာမပြောနဲ့ သူ့ခန္ဓာကိုယ်လို သေခါနီးအခြေအနေ ရောက်နေတဲ့ ခန္ဓာကိုယ်တောင်မှ သခင်လေးက နည်းနည်းပါးပါး ကုသပြီး ဆေးပေးလိုက်ရုံနဲ့ .. နောက်ထပ် အနည်းဆုံး ၁၀ နှစ်လောက် ဆက် အသက်ရှင်နိုင်ပြီလို့ ခံစားနေရတယ် ...
အကြီးအကဲပိုင်က အတိတ်တွင် ထိုမိသားစုငယ်များကို အလေးအနက် မထားခဲ့။ ယခုအချိန်အထိလည်း အရေးမထားပေ။
ထိုသူများက သူ့ကို စကားမစနိုင်ကြသော်ငြား ရှဲ့ယွင်နန်နှင့် တစ္ဆေဘုရင်ကမူ ထိုသူများနှင့် စကားပြောနေလိုက်သည်။
အားလုံးက မဟာမိတ်တွေပဲလေ ...
သို့သော် စကားအနည်းငယ် ပြောပြီးနောက် အပြင်ဘက်မှ လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရသည်။
တစ်ယောက်ယောက် လာနေတယ် ...
ဒုတိယအကြီးအကဲက သူတို့ မြင့်မြတ်မြို့တော်သို့ ရောက်နေပြီဖြစ်ကြောင်း မကြာမီ သိတော့မည်ဖြစ်ရာ .. ယခု ရောက်လာသည်ကို အထူးအဆန်း မဖြစ်မိတော့ချေ။
မြန်မြန်ရောက်လာလေ ကောင်းကောင်းတိုက်နိုင်လေပဲ ...
ရှဲ့ယွင်နန်တို့က လွန်စွာ တည်ငြိမ်နေကြ၏။
သူတို့၏ ဟုန်ယဲ့မြို့သို့ လာရာလမ်းခရီးမှာ အလွန်နှေးကွေးလှသည်။ ဤသည်မှာ အခြားအကြောင်းကြောင့် မဟုတ်၊ သွမ့်ချန်ချင်းက စိတ်စွမ်းအင်ဆေးပင်များကို ပိုပြီး ရှာဖွေလို၍ ဖြစ်သည်။
သွမ့်ချန်ချင်းက ထိုအပင်များကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ပြုပြင်ကုသပြီးနောက် အံ့ဖွယ်သားရဲတို့၏ သွေးကို အသုံးပြုကာ ချိုးရေအများအပြား ပြင်ဆင်ခဲ့သည်။ ထို့ကြောင့် အချိန်တိုအတွင်းမှာပင် သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းမှု တိုးတက်လာကာ စွမ်းအင်များလည်း ဖွံ့ဖြိုးလာတော့သည်။
သူတို့ကို လာတိုက်ခိုက်သည့် အဆင့်မြင့် ယဇ်ဆရာနှစ်ဦးကို ဆက်လက်ချုပ်နှောင်ထားကာ ထိုသူတို့နှင့် ပါလာသူ အချို့ကို ရှင်းလင်းလိုက်သည်။ မုန့်ယန်တို့ကဲ့သို့ မိစ္ဆာကျွန်စာချုပ် ချုပ်ဆိုခဲ့သူ အချို့လည်း ရှိနေပေသည်။
သူတို့၏ ဘက်တော်သားများမှာ တစ်ဖြည်းဖြည်း များပြားလာကာ တစ္ဆေဘုရင်၏ ဘက်တော်သားများကိုပါ ပေါင်းထည့်လိုက်ပါလျှင် ..
သူတို့က ဘယ်လိုနည်းနဲ့မှကို ရှုံးနိုင်မယ် မထင်ဘူး ...
သူတို့၏ ဖော်ပြချက်ကြောင့် ခိုလှုံရန် ရောက်လာသည့် မိသားစုငယ်လေးများက စိတ်လှုပ်ရှားသွားကြသော်ငြား အဖေလုကမူ ဒုတိယအကြီးအကဲ၏ စွမ်းရည်ကို မျက်မြင် ကြုံထားရသည့်အတွက် အနည်းငယ် စိုးရိမ်မိနေဆဲပင်။
သူက တစ္ဆေဘုရင်ကို ပြောလိုက်သည်။
“အိုက်ချင်း သိပ်မကြာခင်တုန်းက ငါ ဒုတိယအကြီးအကဲကို တွေ့ခဲ့တယ် သူ့လက်ရှိပုံစံက အတိတ်ကနဲ့ လုံးဝ မတူတော့ဘူး ပြီးတော့ သူက ယဇ်ဆရာအကြီးအကဲ ချန်ရစ်ခဲ့တဲ့ ရတနာကိုလည်း ရထားတယ်တဲ့ မင်း သေချာပေါက်ကို ဂရုစိုက်မှ ရမယ် ...”
“သူက အကြီးအကဲရဲ့ ရတနာကို ရသွားတာလား ...”
တစ္ဆေဘုရင်က အံ့အားသင့်သွားသည်။
“ဟုတ်တယ် သူက ယဇ်ဆရာအကြီးအကဲရဲ့ နှင်တံကို ကိုင်ထားတာ အဲဒီ့နှင်တံက သူ့ခွန်အားကို အကြီးအကဲနဲ့ ယှဉ်နိုင်တဲ့အထိကို တိုးများစေတယ် ...”
အဖေလုက ပြောလိုက်သည်။
တစ္ဆေဘုရင်က ထိုသို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထား။ သူက အဖြေကို သိလိုသည့်ဟန်ဖြင့် အကြီးအကဲပိုင်ကို လှမ်းကြည့်လိုက်သည်။
အကြီးအကဲပိုင်ကလည်း ထိုအကြောင်း ကြားလိုက်ရ၍ အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ပင်။
“အဲဒီ့နှင်တံက သူ့လက်ထဲ ရောက်သွားမှန်း ငါသိပြီးသား ...”
“အကြီးအကဲပိုင် အဲဒီ့နှင်တံက အရမ်းကို အင်အားကြီးလို့ သူ့ကို ယဇ်ဆရာအကြီးအကဲတစ်ယောက်ရဲ့ အင်အားမျိုး ဖြစ်လာအောင် ထုတ်ပေးနိုင်တယ်ဆို ...”
တစ္ဆေဘုရင်က မေးလိုက်သည်။
“မသိဘူး ဒါပေမယ့် မစ္စတာလု ကိုယ်တိုင်က ဒီလိုပြောတာဆိုတော့ အမှန်ပဲ နေမှာပေါ့ ...”
အကြီးအကဲပိုင်က ပြောလိုက်သည်။
သူက ထိုနှင်တံမှာ မည်သို့ဖြစ်သွားကြောင်း အတိအကျ မသိသည့်တိုင် နှစ်ပေါင်းများစွာ လေ့လာချက်များအရ ၎င်းသည် အရေးအကြီးဆုံးပစ္စည်း မဟုတ်ချေ။
အရေးအကြီးဆုံးပစ္စည်းက သခင်လေးရဲ့ လက်ထဲမှာပဲ သေချာပေါက် ရှိနေမှာ ...
“ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ ...”
တစ္ဆေဘုရင်က မေးလိုက်သည်။
အကြီးအကဲပိုင်က ပြန်ဖြေလိုက်၏။
“သူ့မှာ ယဇ်ဆရာအကြီးအကဲရဲ့ အင်အားမျိုး ရှိနေတော့ရော ဘာဖြစ်လဲ ငါတို့ဘက်ကလည်း အားနည်းနေတာမှ မဟုတ်တာ ...”
ယဇ်ဆရာအကြီးအကဲအစစ်က ဒီဘက်ကကွ ...
အကြီးအကဲပိုင်က အလွန် သေချာနေသည့်အတွက် တစ္ဆေဘုရင်က သွမ့်ချန်ချင်းကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
ဒါဆို သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲထက်ကို သန်မာနေတာလား ...
မွန်မြတ်ခြင်းကျောင်းတော်မှာ သူ့အဆင့်အတန်းက ဘာလဲ ဘာလို့ အကြီးအကဲပိုင်ကအစ သူ့ကို အရမ်း လေးစားနေရတာလဲ ...
သူက နားလည်ရန် ဆက်မကြိုးစားတော့။
အခု ရန်သူ့အတွက် အရေးအကြီးဆုံးကိစ္စ ရှိနေသေးတယ် ...
မြင့်မြတ်မြို့တော်ရှိ မိသားစုများသည် မြေယာအများအပြား ပိုင်ဆိုင်ထားကာ လုမိသားစု၏ အိမ်တော်မှာလည်း အလွန် ကြီးမားလှပေသည်။
အိမ်တော်ကို နံရံများဖြင့် ကာရံထားသော်ငြား ထိုနံရံများမှာ ဒုတိယအကြီးအကဲနှင့် သူ့လူများအဖို့ အသေးအဖွဲသာ ဖြစ်ပေသည်။ တံခါးဝကို ဖြတ်ကာ အထဲသို့ ဝင်လာစဉ် ဟုန်ယဲ့မြို့မှ ရောက်လာသူများ၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။
မုန့်ယန်နှင့် သူ့လူများက တားမြစ်လိုက်ကြခြင်း ဖြစ်သည့်အတွက် နှစ်ဖက် စတင်ကာ တိုက်ခိုက်လိုက်ကြတော့သည်။
ဟုန်ယဲ့မြို့တော်တွင် လူအများအပြား ရှိသော်ငြား အားလုံးက သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားကြကာ လှပတင့်တယ်သည့် ခြုံထည်ဝတ်ရုံများကို ဝတ်ဆင်သည့် မြင့်မြတ်မြို့တော်သားများနှင့် ကွဲပြားလှသည်။
စစ်ရထားများအနက် ဒုတိယအကြီးအကဲ ရှိနေသည့် ရထားမှာ အသိသာ အထင်ရှားဆုံးဖြစ်သည်။ ၎င်းကို မြောက်များစွာသော ငှက်ရောင်စုံများက ဆွဲထားသောကြောင့် လေပေါ် ပျံဝဲနေပေသည်။
သွမ့်ချန်ချင်းက ထိုငှက်များကိုတစ်လှည့်၊ ရထားလုံး၏ အောက်တွင် ညီညာစွာ ရပ်နေသည့် လူငယ်များကိုတစ်လှည့် စာနာသနားသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
ရထားကို ဆွဲထားသည့် ငှက်များမှာ ထိုလူငယ်များ၏ အစစ်အမှန် ခန္ဓာကိုယ်များ ဖြစ်ကြပေသည်။
ငှက်အကောင် ၂၀/၃၀ ခန့်တွင် အချို့က ထူးခြားသော သွေးကြောဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားကြောင်း တစ်ချက်တည်း ကြည့်ရုံဖြင့်ပင် မြင်နေရသည်။
ဒုတိယအကြီးအကဲ၏ ရထားလုံးက လေထဲတွင် ပျံဝဲနေကာ သူက ရင်းနှီးနေသည့် လူအိုကြီးကို ငုံ့ကြည့်လိုက်ပြီးနောက် တင်းမာသည့် အမူအယာနှင့်အတူ မျက်လုံးကို လှိမ့်ပြလိုက်တော့သည်။
“ခင်ဗျားကို အသက်ရှင်နေလိမ့်ဦးမယ်လို့ကို ထင်မထားမိဘူး ...”
“သေချာပေါက်ကို အသက်ရှင်ရမှာပေါ့ မင်း အရင်သေတာကို စောင့်ကြည့်ရဦးမယ်လေ ...”
အကြီးအကဲပိုင်က ပြောလိုက်သည်။
“ဒါပေမယ့် ခင်ဗျားက အသက်ရှင်နေသေးရင်တောင် ဘာမှ အသုံးမဝင်ပါဘူး .. သိပ်မကြာခင် သေတော့မှာပဲဟာ...”
ဒုတိယအကြီးအကဲက စိတ်အေးလက်အေး ပြောလိုက်သည်။
“မင်းက သိပ်မကြာခင် သေရတော့မှာ မင်းမျက်နှာကအစ အသက်ရှင်မယ့်လူနဲ့ မတူတော့ဘူး ...”
အကြီးအကဲပိုင်က ပြန်ပြောလိုက်သည်။ ဒုတိယအကြီးအကဲမှာ ဝဝဖီးဖီး လူတစ်ဦး ဖြစ်ခဲ့ရာ ယခုလက်ရှိ သူ့ပုံစံမှာ အလွန် ပိန်လှီလွန်း၍ မြင်ရသူတိုင်းကို အထိတ်ထိတ်အပျာပျာဖြစ်သွားစေသည်။
“ဟမ့် ...”
ဒုတိယအကြီးအကဲက ပြန်ပြောလိုက်သည်။
“မွန်မြတ်ခြင်းကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက် အနေနနဲ့ မင်းက ယဇ်ဆရာအကြီးအကဲကို သစ္စာဖောက်တဲ့အပြင် သစ္စာဖောက်ရဲ့ ဘက်ကနေတောင် ရပ်တည်ပေးလိုက်သေးတယ် .. ဒီနေ့ မင်းကို ယဇ်ဆရာအကြီးအကဲကိုယ်စား လက်စားချေပေးမယ် ...”
အကြီးအကဲပိုင်က ဒုတိယအကြီးအကဲသည် ထိုစကားများကို ထုတ်ပြောကာ သူ့အပေါ် ရေဆိုးများ လောင်းချလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
ဒီကောင်က တအားကို မျက်နှာအရေထူတာပဲ အကုန် ညွတ်ကျကုန်တာ မထူးဆန်းတော့ပါဘူး ...
အကြီးအကဲပိုင်က ကျိန်ဆဲတော့မည်ပြုစဉ် သွမ့်ချန်ချင်းက သူ့ကို တားမြစ်လိုက်သည်။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“သူတို့တွေက ... မှတ်တမ်းတင်နေသလိုပဲ ...”
ဒုတိယအကြီးအကဲက သူနှင့်အတူ ထုတ်လုပ်ရေးအဖွဲ့ကိုပါ
ခေါ်လာကာ ၎င်းက တိုက်ရိုက်ထုတ်လွှင့်ရေးအဖွဲ့ပင် ဖြစ်နိုင်နေသေးသည်။
သူက သူတို့အားလုံးကို ရှင်းထုတ်နိုင်မယ် ထင်နေတာလား ဒီလောက်တောင် ယုံကြည်ချက်တွေ အပြည့် ရှိနေတယ်ပေါ့ ..