Chapter 92
ခြေသံများ တစ်ဖြည်းဖြည်း နီးကပ်လာသည့်အခါ နှိမ့်ချရိုသေသည့် အမူအယာကို ချက်ခြင်း ဆင်မြန်းလိုက်ကြသည်။
အားလုံး၏ ခရီးဦးကြိုမှုနှင့်အတူ .. အိုမင်းရွတ်တွနေသည့် အဖိုးအိုတစ်ဦးက အားလုံး၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။
အဖေလုက ဤနေရာတွင် ရှိနေသည့်တိုင် သူ့နှလုံးသားကမူ ဟုန်ယဲ့မြို့နှင့် ရှိနေသည်။ ထို့အပြင် သူက ထို ဒုတိယအကြီးအကဲကိုလည်း များစွာ မလေးစားမိချေ။
ထောင့်နားတွင် မတ်တပ်ရပ်ကာ လူအုပ်၏ အကာအကွယ်အောက်တွင် လှည့်ပတ်အကဲခတ်နေစဉ် ဒုတိယအကြီးအကဲ၏ ပုံစံကို တွေ့လိုက်သည့်အခါ အံ့ဩသွားတော့သည်။
သာမန်လူအများစုက အကြီးအကဲပိုင်ကို ဖြစ်စေ၊ ဒုတိယအကြီးအကဲကိုဖြစ်စေ မသိကြ။ သို့သော် ယခု ရောက်နေသူ အားလုံးမှာ အထက်တန်းလွှာများ ဖြစ်ကြသည့်အတွက် သူတို့အားလုံးသည် ကျောင်းတော်၏ အကြီးအကဲ နှစ်ဦးလုံးကို ကြိမ်ဖန်များစွာ မြင်ဖူးတွေ့ဖူးကြပေသည်။
အတိတ်တွင် ယဇ်ဆရာအကြီးအကဲသည် ကျောင်းတော်ထဲတွင်သာ တစ်ချိန်လုံး နေနေကာ အပြင်သို့ မထွက်ခဲ့။ ပထမအကြီးအကဲဖြစ်သည့် အကြီးအကဲပိုင်ကလည်း သူနှင့်အတူ ကျောင်းတော်ထဲတွင်သာ နေထိုင်ပြီး အဖော်ပြုပေးခဲ့ကာ ကျောင်းတော်နှင့် သက်ဆိုင်သည့် အရေးကိစ္စ အများစုအား ဒုတိယအကြီးအကဲ၏ လက်ထဲသို့ လွှဲအပ်ထားသည်။ သို့သော် သူတို့ မြင်ဖူးသိဖူးသည့် ဒုတိယအကြီးအကဲမှာ ဤကဲ့သို့သော ပုံစံမျိုး မဟုတ်ချေ။
အားလုံး၏ အမြင်တွင် ဒုတိယအကြီးအကဲသည် ဖော်ရွေတတ်သည့် လူဝကြီးတစ်ဦး ဖြစ်ကာ အလွန် နာမည်ကျော်ကြား လူကြိုက်များခဲ့သူ ဖြစ်သည်။ သူ မွန်မြတ်ခြင်းကျောင်းတော်ကို သစ္စာဖောက်သည့်အကြောင်း ကြားရသည့်အခါ အားလုံး အံ့ဩသွားခဲ့ကြသော်ငြား .. ယခု သူ့ပုံစံကို တွေ့လိုက်သည့်အခါ ပို၍ပင် အံ့ဩမိသွားကြတော့သည်။
ထိုလူဝကြီးမှာ မည်သည့်အရာများ ကြုံတွေ့ခဲ့ရသည်မသိ၊ အလွန်အမင်း ပိန်ချုံးသွားကာ မျက်နှာပေါ်ရှိ အရေပြားများ တွဲကျပြီး မျက်ခွံများလည်း ငိုက်စိုက်ကျလာသည့်အတွက် သူ့မျက်လုံးသည်ပင် တြိဂံပုံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုလူမှာ ဒုတိယအကြီးအကဲဖြစ်သော်ငြား ခံစားချက်မှာမူ လုံးဝဥဿုံ ပြောင်းလဲသွားချေပြီ ...
သို့သော် မည်မျှပင် ပိန်ချုံးသွားစေကာမူ သူ့အရှိန်အဝါက အားနည်းသွားခြင်း မရှိသေး။ သတ်ဖြတ်လိုသည့် အရိပ်အယောင်များက ယခင်ထက်ပင် ပိုမိုပြင်းထန်လာကာ သူနှင့် ရှုပ်ထွေးပတ်သက်ရန်လည်း ယခင်ထက် ပိုမိုခက်ခဲလာခဲ့သည်။
သူ့အနီးတွင် အလွန်ပြင်းထန်လှသည့် လူသတ်ငွေ့များ ရစ်သိုင်းနေ၏။
ထို့ကြောင့် အဖေလုက ဖျတ်ခနဲ ကြည့်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် အခြားလူများကဲ့သို့ပင် ချက်ခြင်း ခေါင်းကို ငုံ့ချလိုက်ကာ နောက်တစ်ကြိမ် ပြန်မော့မကြည့်ရဲတော့။
ဒုတိယအကြီးအကဲက အားလုံးကို ဝေ့ဝဲကြည့်ပြီးနောက် ခန်းမကျယ်ထဲရှိ လွတ်နေသော ပင်မထိုင်ခုံဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
မည်သူမှ စိတ်မကူးရဲသည့် ထိုင်ခုံပေါ်သို့ တစ်ဖြည်းဖြည်း ထိုင်ချလိုက်ပြီးနောက် သူက ပြောလိုက်သည်။
“ဟုန်ယဲ့မြို့က သစ္စာဖောက်တွေအားလုံး အသတ်ခံရမယ် ...”
အားလုံးက ဟုန်ယဲ့မြို့၏ အင်အားစုမှာ သွားမရှုပ်ရဲလောက်အောင်ပင် အင်အားကြီးမားလွန်းသည်ဟု ထင်ခဲ့မိကြသော်ငြား ဒုတိယအကြီးအကဲ ရောက်လာသည်နှင့်တစ်ပြိုင်နက် သူ့အရှိန်အဝါကို ခံစားမိလိုက်သောအခါ ထိုသူပုန်အုပ်စုကို ရင်ဆိုင်ရန်မှာ များစွာ မခဲယဉ်းလှဟု ခံစားမိလာတော့သည်။
လူထုက သူတို့ဘက်တွင် ရှိနေသည့်အပြင် ယခု .. ဒုတိယအကြီးအကဲလည်း ရောက်လာရာ .... အခြေအနေက ယခင်နှင့် မတူတော့။
အဖေလုက ရုတ်တရက် ပျာယာခတ်သွားတော့သည်။
ဒုတိယအကြီးအကဲက တကယ်ကို အင်အားကြီးတဲ့ ခြိမ်းခြောက်မှုကြီးပဲ ...
လျောင်မုယဲ့က ဒုတိယအကြီးအကဲအပေါ် မည်ကဲ့သို့သော ထင်မြင်ချက်မျိုးမှ မရှိခဲ့သည့်အတွက် သူ့ကို အာရုံမစိုက်မိခဲ့။ သို့သော် ယခုအခြေအနေအရမူ ဒုတိယအကြီးအကဲသည်လည်း အားကောင်းသည့် ပြိုင်ဘက်တစ်ဦး ဖြစ်လာနိုင်သည့်ဟန်ပင်။
ထိုတစ်ခဏတွင် အဖေလုက ဒုတိယအကြီးအကဲသည် လက်ထဲတွင် ကြိမ်တံတစ်ချောင်းကို ကိုင်ထားကြောင်း တွေ့လိုက်ရသည်။
၎င်းသည် ယဇ်ဆရာအကြီးအကဲ၏ ပစ္စည်း ဖြစ်ခဲ့သော်ငြား ယခုမူ ဒုတိယအကြီးအကဲ၏ လက်ထဲသို့ ရောက်ရှိသွားသည်။
ရှဲ့ယွင်နန်က ယဇ်ဆရာအကြီးအကဲ ချန်ခဲ့တဲ့ ရတနာကို ရသွားတယ်ဆိုတဲ့ သတင်းက အမှားကြီးထင်တယ် ...
ယဇ်ဆရာအကြီးအကဲရဲ့ ရတနာဆိုတာက အခု ဒုတိယအကြီးအကဲ ကိုင်ထားတဲ့ နှင်တံများလား ...
ဒုတိယအကြီးအကဲသည် ယဇ်ဆရာအကြီးအကဲ ပျောက်ကွယ်သွားချိန်မှစကာ အမြဲ ခပ်လျှိုလျှိုသာ နေခဲ့သည်။
အခု ရုတ်တရက်ကြီး လူရှေ့ ပြန်ထွက်လာတာ .. ယဇ်ဆရာအကြီးအကဲ ပိုင်ဆိုင်ခဲ့တဲ့ ဒီနှင်တံကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်သွားလို့များလား...
ဒီအကြောင်းသာ သိသွားရင် ဟုန်ယဲ့မြို့မှာ အဖမ်းခံထားရတဲ့ စီနီယာအဆင့် ယဇ်ဆရာနှစ်ယောက်တော့ ဘယ်လိုဖြစ်သွားမလဲတောင် မသိဘူး ...
အဖေလု၏ အတွေးများက ဟမ်းစတား၏ ဘီးလုံးကဲ့သို့ ချာချာလည်နေစဉ် အားလုံး၏ တစ်ညီတစ်ညွတ်တည်း ပြန်ဖြေသံကို ကြားလိုက်ရသည်။
“ကျွန်တော်တို့အားလုံး ဒုတိယအကြီးအကဲရဲ့စကားကို နာခံပါ့မယ် ...”
“အကြီးအကဲမှာ တွေးမိတာတစ်ခုခု ရှိနေရင် ပြောသာပြောလိုက်ပါ ...”
“အကြီးအကဲရဲ့ တပ်သား ဖြစ်ခွင့်ရတဲ့အတွက် အလွန်ကို ပျော်ရွှင်မိပါတယ် ...”
...
တွဲကျနေသည့် အရေပြားများကြောင့် ငိုက်စိုက်ကျနေသည့် ဒုတိယအကြီးအကဲ၏ နှုတ်ခမ်းထောင့်စွန်းများ တစ်ဖြည်းဖြည်း ကော့တက်လာတော့သည်။
သူ့လက်ထဲရှိ နှင်တံကို ယမ်းပြလိုက်သည့်အခါ အားလုံးက သူတို့၏ ခန္ဓာကိုယ်များကို အနွေးဓာတ်များ လောင်းချခံလိုက်ရသည့်နှယ် ခံစားလိုက်ရတော့သည်။
ထိုနေရာတွင် ရှိနေသူ အားလုံးမှာ တိုက်ခိုက်သူများ ဖြစ်ကြသည့်အလျောက် အနည်းနှင့်အများ ဒဏ်ရာကိုယ်စီ ရှိနေကြပေသည်။
ထိုအခိုက်အတန့်တွင် သူတို့သည် ယဇ်ဆရာအကြီးအကဲ၏ ကုသမှုကို ခံယူလိုက်ရသည့်နှယ် အလွန်အမင်း သက်တောင့်သက်သာ ဖြစ်သွားကြတော့သည်။
ဒါဆို ယဇ်ဆရာအကြီးအကဲက ဒီနှင်တံကြောင့် လူတွေ အများကြီးကို တစ်ပြိုင်တည်း ကုသပေးနိုင်တာပေါ့ ...
ဒုတိယအကြီးအကဲအဖို့ လူထု၏ နှလုံးသားကို အရယူရန်မှာ အလွန် လွယ်ကူလှပေသည်။ လူအများစုက ရှဲ့ယွင်နန် မြင့်မြတ်မြို့တော်သို့ ရောက်လာမည်ကို မကြိုဆိုကြသလို သူတို့၏ လုံခြုံဘေးကင်းရေးနှင့် ပိုင်ဆိုင်မှုများကိုလည်း သူပုန်လက်ထဲသို့ လွှဲပြောင်းမပေးလိုကြချေ။
အဖေလုက လူအုပ်ကြားတွင် မတ်တပ်ရပ်ကာ ဦးညွတ်လျက် နာခံမှုရှိကြောင်း ပြသလိုက်သည်။
သို့သော် သူ့အတွေးများကိုမူ သူတစ်ဦးတည်းကသာ သိပေလိမ့်မည်။
အဖေလုက ဒုတိယအကြီးအကဲနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေကြောင်း ခံစားနေမိသည်။
ဒုတိယအကြီးအကဲက အမြဲတမ်း သန်မာပြီး အင်အားအပြည့် ရှိနေတဲ့ လူတစ်ယောက်လို ပုံစံပါ ဘာလို့ ဒီလိုမျိုး ရုတ်တရက်ကြီး ပိန်ကျသွားရတာလဲ ...
အဖေလုက မည်သို့ပင် တွေးနေပါစေ မြင့်မြတ်မြို့တော်ကမူ ဟုန်ယဲ့မြို့မှ ကျူးကျော်လာသူများအား ရင်ဆိုင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
မြင့်မြတ်မြို့တော်သည် ဤကုန်းမြေတိုက်တွင် အကြီးဆုံးမြို့တစ်မြို့ ဖြစ်သည့်အပြင် တိုက်ခိုက်သူနှင့် ယဇ်ဆရာဦးရေ အများဆုံးမြို့လည်း ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုအကြား ပဋိပက္ခများ အမြဲ ဖြစ်ပွားခဲ့သော်ငြား အကြီးအကဲပိုင်နှင့် ယဇ်ဆရာနှစ်ဦး ထွက်သွားပြီး မြို့တော်တွင် ဒုတိယအကြီးအကဲတစ်ဦးတည်းသာ ကျန်ရစ်တော့သည့်အခါ ပဋိပက္ခဖြစ်နေသည့် အင်အားစုများအားလုံး ကြိုးတစ်ချောင်းကဲ့သို့ ဖြစ်လာအောင် စုရုံးပူးပေါင်းလိုက်ကြတော့သည်။
ထိုသို့ ပေါင်းစုလာခြင်း၏ အကြောင်းအရင်းများထဲတွင် လူထု၏ အမြင်ကလည်း ကြီးမားသည့် အခန်းကဏ္ဍတွင် ပါဝင်ပေသည်။
ဟုန်ယဲ့မြို့ကို တစ္ဆေဘုရင် သိမ်းပိုက်လိုက်ချိန်မှစကာ အထက်တန်းလွှာများသည် ထိုနေရာရှိ သူပုန်များက ပြည်သူများကို အလွန်တရာ ဖိနှိပ်နေသည်ဟု ပြောကာ ဟုန်ယဲ့မြို့အပေါ် ရေဆိုးရေညစ်များစွာ လောင်းချခဲ့သည်။
လျောင်မုယဲ့အပါအဝင် ဟုန်ယဲ့မြို့မှ လွတ်မြောက်လာကြသူများကလည်း ဟုန်ယဲ့မြို့၏ မကောင်းကြောင်းများကိုသာ လုပ်ကြံပြောဆိုခဲ့ကြသည်။
ဤရက်ပိုင်းအတွင်း အတင်းအဖျင်းနှင့် ကောလဟာလများက ယခင်ထက်ပင် ပိုမို များပြားနေသေး၏။
ဒုတိယအကြီးအကဲက သူကိုယ်တိုင် ရှေ့ထွက်ကာ ယဇ်ဆရာအကြီးအကဲမှာ သေဆုံးသွားပြီ ဖြစ်ကြောင်းနှင့် အကြီးအကဲပိုင်က သတ်ဖြတ်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ အကြီးအကဲပိုင်က ဟုန်ယဲ့မြို့သို့ ထွက်ပြေးသွားသောကြောင့် သူက ယဇ်ဆရာအကြီးအကဲ ချန်ရစ်ခဲ့သည် အင်အားကို အမွေဆက်ခံခြင်းဖြင့် ယဇ်ဆရာအကြီးအကဲအသစ် ဖြစ်လာတော့သည်။
သူက သက်သေအများအပြား ထုတ်ပြလာသည့်အပြင် ထို အဖမ်းခံထားရသည့် စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးမှာလည်း အကြီးအကဲပိုင်ကို ဖမ်းဆီးရန် ထွက်သွားခဲ့ရာမှ ရန်သူ့လက်ထဲသို့ ကျဆင်းသွားရခြင်းဖြစ်ကြောင်းပါ ပြောခဲ့သေးသည်။
ထိုစကားများက အထက်တန်းလွှာများကို အရူးမလုပ်နိုင်သည့်တိုင် သာမန်လူများကမူ အားလုံး ယုံကြည်မိကာ ဟုန်ယဲ့မြို့ကို အလွန် ရွံရှာစက်ဆုပ်လာတော့သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယဲ့မြို့နှင့် သက်ဆိုင်သည့် အခြား ကောလဟာလများလည်း ထပ်မံပျံ့လွင့်လာ၏။
ဥပမာအားဖြင့် ရှဲ့ယွင်နန်သည် လူအများအပြားနှင့် မကင်းမရှင်း ဖြစ်နေကာ သွမ့်ချန်ချင်း၏ အတိတ်အကြောင်းကို သိထားသူများက ...
တစ်ချိန်က လျစ်လျူရှုခြင်းကို ခံခဲ့ရသည့် လျောင်မုယဲ့ကလည်း သူ့ထံသို့ ဒုတိယအကြီးအကဲကိုယ်တိုင် ရောက်ရှိလာကာ ရှဲ့ယွင်နန်၏ မကောင်းကြောင်းများကို ဖြန့်ဖြူးပေးရန် တောင်းဆိုခြင်း ခံလိုက်ရတော့သည်။
အချို့က ထိုစကားများကို မယုံကြခဲ့။ သို့သော် လျောင်မုယဲ့က သူသည် ရှဲ့ယွင်နန်နှင့် အမှန်တကယ် တွဲခဲ့ဖူးသယောင် .. ထိုဖြစ်ရပ်များကလည်း အမှန်တကယ် ဖြစ်ခဲ့လေသယောင် ခံစားမိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ဟုန်ယဲ့မြို့တွင် နေထိုင်စဉ်က လျောင်မုယဲ့ကို သိခဲ့ပြီး သူနှင့် ပူးပေါင်းခဲ့သူက အထင်ကြီးလေးစားစွာဖြင့် ပြောလိုက်သည်။
“သခင်လေးလျောင် သခင်လေးက အရမ်းကို စကားပြောကောင်းတာပဲ ကျွန်တော့်ကို သင်ပေးလို့ ရမလား ...”
အရူးလုပ်နိုင်လေလေ ပိုပြီး ဝင်ငွေကောင်းလေပင်။ ဟုန်ယဲ့မြို့မှ ထွက်ပြေးလာခဲ့သူများမှာ အမျိုးမျိုးသော ဖြစ်ရပ်များစွာတို့ကြောင့် ပိုင်ဆိုင်မှုများအားလုံး ကုန်ဆုံးခါနီးနေပြီ ဖြစ်သည်။
လျောင်မုယဲ့၏ မျက်နှာတစ်ခုလုံး ညိုမည်းသွားတော့သည်။
“ငါပြောတာအကုန် အမှန်တွေ ...”
မေးခဲ့သည့်လူ “...”
ငါတို့အားလုံးက ဟုန်ယဲ့မြို့ကနေ ရောက်လာခဲ့ကြတာပါကွ ဘယ်သူက အမှန်တရားကို မသိဘဲ နေပါ့မလဲ မင်းသာ ရှဲ့ယွင်နန်နဲ့ ချိန်းတွေ့ခဲ့ဖူးရင် အဲဒီ့ရှဲ့ယွင်နန်ကလေ ယန်ယုကောရဲ့ လက်ချက်နဲ့ ဟိုးအစောကြီးကတည်းကကို သေနေလောက်ပြီ ...
ပြီးတော့ လျောင်မုယဲ့လို လူမျိုးက ဆင်ခြေဖုံးဒေသမှာ နေနေတဲ့ ရှဲ့ယွင်နန်ကို ကြိုက်မိသွားဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှကို မဖြစ်နိုင်ဘူး ...
လျောင်မုယဲ့၏ စကားများမှာ အလိမ်အညာများသာ ဖြစ်သည့်တိုင် သူက ကိစ္စအများအပြားကို ပြောခဲ့သည့်အတွက် ... သူကိုယ်တိုင်ပင်လျှင် အမှန်ဟု ယုံကြည်မိလာတော့သည်။
သူတို့ ပူးပေါင်းပါဝင်ခဲ့သည့် အခမ်းအနား ပြီးဆုံးသွားသည့်အခါ ဒုတိယအကြီးအကဲ၏ လူများက လာခေါ်ခဲ့သည်။
သူတို့အတွက် အထူးတလည် ပြင်ဆင်ပေးထားသည့် အဆောက်အဦးသို့ ခေါ်သွားခံရကာ ဒုတိယအကြီးအကဲ၏ လူများက စာရွက်စာတမ်းအချို့ကို ထုတ်လာပေးခဲ့သည်။
“ဒါက ဟုန်ယဲ့မြို့ရဲ့ နောက်ဆုံးရ သတင်းတွေပဲ မင်းတို့တွေ ကြည့်ထားလို့ ရတယ် ...”
မိတ္တူကူးထားသည့် စာရွက်စာတမ်း အပုံလိုက်ကြီးကို ဖတ်ကြည့်ပြီးနောက် လျောင်မုယဲ့သည် ကြက်သေသေသွားတော့သည်။
ထိုစာရွက်ထဲတွင် ဓာတ်ပုံနှင့် ဖော်ပြချက်အချို့ ပါဝင်သည်။ ပထမတစ်ခုမှာ တစ္ဆေဘုရင်၏ ဓာတ်ပုံဖြစ်ကာ နောက်တစ်ခုမှာ ရှဲ့ချင်၏ သရုပ်မှန်အကြောင်း ဖော်ပြချက် ဖြစ်သည်။
လျောင်မုယဲ့က ရှဲ့ချင်မှာ တစ္ဆေဘုရင်ဖြစ်ကြောင်း အလွန် သေချာနေပေသည်။ သူက အတိတ်ဘဝတွင် တစ္ဆေဘုရင်နှင့် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးကာ ရှဲ့ယွင်နန်က တစ္ဆေဘုရင်၏ အင်အားကို လွှဲပြောင်းယူသည်ကိုပင် မျက်မြင်ကြုံတွေ့ခဲ့ဖူးသည်။
ထို့နောက် များမကြာမီ တစ္ဆေဘုရင်၏ အမာရွတ်များဖြင့် ပြည့်နှက်နေသည့် မျက်နှာမှာ အတုအယောင်ဖြစ်ကြောင်းကိုပါ သိခဲ့ရ၏။
အဲဒီ့လူက သူ့ကို မျက်နှာအတုနဲ့ တစ်ဘဝလုံး အရူးလုပ်ခဲ့တာ ...
သို့သော် ထိုမျက်နှာက အတုဖြစ်ကြောင်း သိခဲ့သည့်တိုင် တစ္ဆေဘုရင်၏ မျက်နှာအစစ်မှာ ထိုသို့ ဖြစ်နေလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ချေ။
သူက တကယ်ကို ရှဲ့ယွင်နန်နဲ့ အများကြီး တူနေတာ ...
သူက ရှဲ့ယွင်နန်နဲ့ တူရုံတင် မကဘူး ဟိုးအစောကြီးကတည်းက သေသွားတဲ့ လုမိသားစုခေါင်းဆောင်ရဲ့ ယောကျာ်းနဲ့တောင် တူနေလိုက်သေးတယ် …
လျောင်မုယဲ့က ဓာတ်ပုံကို စိုက်ကြည့်ပြီးနောက် စာသားများကိုပါ အမြန် ဖတ်ကြည့်လိုက်သည်။ စာသားအများစုမှာ ရှဲ့ချင်၏ ဓာတ်ပုံကို အရယူနိုင်ရန် မည်ကဲ့သို့ စွန့်စားခဲ့ရကြောင်းနှင့် ရှဲ့ချင်သည် ရှဲ့ယွင်နန်နှင့် ဆက်စပ်ပတ်သက်နေနိုင်သည်ဟု သံသယဝင်မိကြောင်းများ ဖြစ်သည်။
ထိုအချိန်မှာပင် သူက ချက်ခြင်း သဘောပေါက်သွားတော့၏။
ဒါက ဖြစ်နိုင်ချေ ရှိတယ် ... ဘာလို့ အတူတူ ကယ်ခဲ့တာတောင် တစ္ဆေဘုရင်က သူနဲ့ ရှဲ့ယွင်နန်ကို ခွဲခြားခွဲခြား ဆက်ဆံပါလိမ့်လို့ စဉ်းစားနေတာ ... တကယ်တမ်းတော့ ရှဲ့ယွင်နန်က တစ္ဆေဘုရင်နဲ့ အမျိုးတော်နေတာကိုး ...
အဲဒီ့အချိန်တုန်းက တစ္ဆေဘုရင်က တမင်ကို ကယ်ပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်နိုင်တယ် .. အခုဘဝ သူ တစ္ဆေဘုရင်နဲ့ တွေ့တော့ အဲဒီ့လူက အဝေးကိုတောင် ထွက်ပြေးသွားခဲ့သေးတယ်လေ ...
သူတို့က သာမန်ဆွေမျိုးတွေတော့ မဟုတ်လောက်ဘူး ...
တစ္ဆေဘုရင်၏ မျက်နှာကို အနီးကပ် စိုက်ကြည့်ကာ လုမိသားစုက ရှဲ့ယွင်နန်အပေါ် အမျိုးမျိုး ထောက်ပံ့ပေးခဲ့ကြောင်းများကိုပါ တွေးလိုက်မိသည့်အခါ ...
လျောင်မုယဲ့ကလည်း အရူးတစ်ယောက် မဟုတ်ရာ အားလုံးကို တစ်မဟုတ်ချင်း နားလည်သဘောပေါက်သွားတော့သည်။
ဒါဆို တစ္ဆေဘုရင်က အစောကြီး သေသွားတယ်ဆိုတဲ့ လုမိသားစုခေါင်းဆောင်ရဲ့ ယောကျာ်းပေါ့ ပြီးတော့ ရှဲ့ယွင်နန်ကလည်း သူတို့ရဲ့ သေသွားတဲ့သား ဖြစ်နေခဲ့တာလား ...
လုကျင်းချန်းက ကျိုးယီချင်းကို လျစ်လျူရှုတာတွေ ပြီးတော့ ရှဲ့ယွင်နန်ကို အရမ်းကို ကောင်းပေးခဲ့တာတွေ အားလုံးက မထူးဆန်းတော့ပါဘူး ...
သူက လုကျင်းချန်းတွင် စောစောစီးစီး သေဆုံးသွားသည့် ကလေးတစ်ဦး ရှိခဲ့ဖူးကြောင်း သိထားသည့်တိုင် ထိုအကြောင်း များစွာ မစဉ်းစား၊ ရှဲ့ယွင်နန်နှင့်လည်း မချိတ်ဆက်မိခဲ့ချေ။ ထိုစဉ်က သူသည် သူ့ကိုယ်သူ နှစ်သိမ့်ရန် အလို့ငှာ ရှဲ့ယွင်နန်က ဆင်ခြေဖုံးဒေသတွင် မွေးဖွားခဲ့သူ ဟူသည့် အချက်ကိုသာ ကိုင်စွဲထားခဲ့သည်။
သို့သော် ကိစ္စရပ်အားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ ...
သူက ချက်ခြင်း မတ်တပ်ထရပ်ကာ ပြောလိုက်သည်။
“ဒုတိယအကြီးအကဲကို အရေးတကြီး ပြောစရာတစ်ခု ရှိတယ် ...”
ရှဲ့ယွင်နန်က လုကျင်းချန်းရဲ့သား အစစ်သာဆိုရင် လုမိသားစုက ဟုန်ယဲ့မြို့တော်ဘက်ကနေ ရပ်တည်နေတာပဲ ...
အခု သူတို့တွေ လုမိသားစုကို အမြန် ထိန်းချုပ်ထားမှ ရတော့မယ် ...
“ဘာပြောမလို့လဲ ...”
အစောင့်က မေးလိုက်သည်။
“ဟုန်ယဲ့မြို့နဲ့ ပတ်သက်တဲ့သတင်း ..."
သူက ပြောလိုက်သည်။
သူနှင့်အတူ ထွက်ပြေးလာခဲ့ကြသူများမှာ ဖုံးဖိ၍ မရစွာ လှောင်ရယ်လိုက်ကြတော့သည်။
“မင်းမှာ ဘာသတင်း ရှိလို့လဲ အရင်က ပြောတော့ကျ ရှဲ့ချင်နဲ့ ရှဲ့ယွင်နန်က ဟိုလိုဒီလို ပတ်သက်မှုမျိုး ရှိနေတာပါဆို အခု ကြည့်လေ သူတို့က ညီအစ်ကိုတွေတောင် ဖြစ်နေနိုင်သေးတယ် ...”
မည်သူကမှ သူ့စကားကို အလေးမထားကြ။
လျောင်မုယဲ့၏ အကြည့်တို့က ပူပန်စိတ်တို့ဖြင့် ပြည့်နှက်လာကာ ဒုတိယအကြီးအကဲတစ်ဦးတည်းကိုသာ ပြောလိုသည့် စကားများအား အားလုံးသိအောင် ထုတ်ပြောလိုက်ရတော့သည်။
“ရှဲ့ယွင်နန်က လုကျင်းချန်းရဲ့သား ဖြစ်နိုင်ချေ များတယ် ...”
အစောင့်များက ကြောင်အသွားကြသော်ငြား ထိုစဉ် အပြင်ဘက်တွင် လူတစ်ယောက် ရောက်လာသည်။
“ဟုန်ယဲ့မြို့က လူတွေ တံခါးဝကို ရောက်နေကြပြီ ...”
ဒီလောက်တောင် မြန်ကြတယ်လား ...
အားလုံး ကြက်သေသေနေကြစဉ် ထိုသူက ထပ်ပြောလိုက်သည်။
“လုမိသားစုက မြို့တံခါး ဖွင့်ပေးပြီး လူတွေကို မြို့ထဲ ခေါ်သွင်းလာပြီ အခု အဲဒီ့သစ္စာဖောက်တွေက လုမိသားစုစီ ရောက်နေကြပြီ ...”
လျောင်မုယဲ့ “...”
လုမိသားစုက ဟုန်ယဲ့မြို့ဘက်ကနေတောင် ရပ်တည်လိုက်ပြီဆိုတော့ .. သူ့သတင်းက အသုံးမဝင်တော့ဘူးဆိုတဲ့ သဘောလား ...
အသုံးမဝင်ရုံသာမက အစောင့်များက သူ့ကို ဒေါသတကြီး စိုက်ကြည့်လာကြတော့သည်။
“ဒီလောက် အရေးကြီးတဲ့သတင်းကို ဘာလို့ စောစောစီးစီး မပြောတာလဲ ...”
လျောင်မုယဲ့က ဟိုးအစောကြီးကတည်းက အဓိပ္ပါယ်မရှိတဲ့ အချစ်ရေး အတင်းအဖျင်းတွေကိုပဲ ပြောပြီး ဒီလို အရေးကြီး သတင်းတွေကိုကျ လျှို့ဝှက်ထားတယ် .. ဒါ တမင်တကာ လုပ်နေတာလား ...
လျောင်မုယဲ့ “...”
ထိုစဉ် ဟုန်ယဲ့မြို့မှ အင်အားစုသည် လုမိသားစုသို့ ရောက်ရှိနေကြပြီးဖြစ်သည်။ တစ္ဆေဘုရင်က လုမိသားစုနှင့် ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြီးမှသာ သူ့မျက်နှာကို ထုတ်ပြလိုက်တော့သည်။
ထိုအချိန်တွင် လုရှောင်ရန်၏ အဖေက ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းကို တွေ့လိုက်သည်။
အဖေလုက ဟုန်ယဲ့မြို့ကို ကောင်းစွာ သိကာ ဟုန်ယဲ့မြို့၏ ခေါင်းဆောင်များက သူနှင့်ပင် ပိုရင်းနှီးနေသေးသည်။
ထို့ကြေ
ာင့် သူက အချို့ကိစ္စများကို နားမလည်နိုင်။
ဘာလို့ သွမ့်ချန်ချင်းက သာမန်ဇစ်မြစ်မဟုတ်တဲ့ လူတွေရဲ့ ရှေ့ကနေ လျှောက်လာတာလဲ အဲဒီ့လူတွေကလည်း သူ့အတွက်တောင် လမ်းဖယ်ပေးလိုက်သေးတယ် ...
သွမ့်ချန်ချင်းက သာမန်လူတစ်ယောက် မဟုတ်ဘူးလား ...