Chapter 91
ရှဲ့ယွင်နန်၏ ဒဏ်ရာမှာ မပြင်းထန်၊ ဟုန်ယဲ့မြို့တော်၏ အကြီးတန်း ခေါင်းဆောင်များမှာလည်း ထိခိုက်ဒဏ်ရာ မရခဲ့ကြချေ။
သူတို့က ထိုလှုပ်ရှားမှုများမှာ မြင့်မြတ်မြို့တော်မှ ထောင်လွှားသူအချို့၏ လုပ်ရပ်ဖြစ်ကြောင်းနှင့် ထို အပြစ်ကျူးလွန်ထားသူအားလုံးကို ဖမ်းဆီးထားနှင့်ပြီးဖြစ်ကြောင်း ဟုန်ယဲ့မြို့နေ လူထုကို အမြန် ရှင်းပြလိုက်သည်။
ထိုသို့ မရှင်းပြမီ ဟုန်ယဲ့မြို့ကို ပိတ်ဆို့ကာ မည်သူ့ကိုမှ ဝင်ထွက်သွားလာခွင့် မပြုခဲ့။
ယခင်က ဟုန်ယဲ့မြို့တော်၏ စီမံအုပ်ချုပ်မှုမှာ များစွာ တင်းကြပ်ခြင်း မရှိခဲ့သော်ငြား ယခုမူ စစ်အုပ်ချုပ်ရေးအမိန့်ကို အတည်ပြုပြဌာန်းလိုက်တော့သည်။
ထိုညတွင် လူတိုင်းက မြင့်မြတ်မြို့တော်အကြောင်း အကြီးအကျယ် ဆွေးနွေးလာကြတော့သည်။
ယခင်က သူတို့သည် မြင့်မြတ်မြို့တော်၏ တန်ပြန်တိုက်ခိုက်မှုနှင့် ကြုံတွေ့ရန် လွန်စွာ ဝေးကွာနေဦးမည်ဟု ထင်ခဲ့ကြသော်ငြား ယခုမူ မြင့်မြတ်မြို့တော်မှာ ထင်သလောက် အင်အားမကြီးဟုပင် ခံစားမိလာတော့သည်။
သူတို့က မြင့်မြတ်မြို့တော်က စီနီယာယဇ်ဆရာနှစ်ယောက်ကိုတောင် ဖမ်းမိထားတာလေ ...
မြို့အရှင်ရဲတိုက် ပျက်စီးသွားသည့်အတွက် ဟုန်ယဲ့မြို့၏ ခေါင်းဆောင်များသည် ယခင်က သူတို့ ထမင်းစားသောက်ခြင်းနှင့် အရေးကိစ္စများ ဆွေးနွေးခြင်းတို့ ပြုလုပ်သည့် ခန်းမထဲတွင် စုရုံးကာ နေထိုင်ကြရသည်။
အားလုံးက တစ္ဆေဘုရင် အတိအလင်း ထုတ်ပြောလာသည့် စကားကြောင့် သွမ့်ချန်ချင်းကို ယဇ်ဆရာအကြီးအကဲ၏ ဘေးနားမှလူဟုသာ သိထားကြသည်။
ထို့အပြင် ယခင်က အလွန်အမင်း အင်အားကြီးလွန်းသည့် တစ္ဆေဘုရင် ဆိုသည်မှာလည်း သွမ့်ချန်ချင်းက အယောင်ဆောင်ထားခြင်း ဖြစ်ကြောင်းနှင့် ရှဲ့ချင်ကသာ တစ္ဆေဘုရင်အစစ် ဖြစ်ကြောင်းပါ ဖော်ထုတ်ခံလိုက်ရသည်။
သို့သော် သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲဖြစ်သည်ဟူသည့် အချက်ကိုမူ လူသိရှင်ကြား ချမပြခဲ့ချေ။
သွမ့်ချန်ချင်း၏ အမြင်တွင်မူ ထိုစကားများက ပြုပြင်ပြောင်းလဲရေး ကာလအတွင်း အနည်းနှင့်အများ ပျံ့နှံ့သွားမည် ဖြစ်ရာ သူက ယဇ်ဆရာအကြီးအကဲဖြစ်သည်ဟူသည့် အချက်ကို ဖုံးကွယ်ထားခြင်းက ပြဿနာများကို လျော့နည်းစေလိမ့်မည်ဟု ထင်မြင်မိသည်။
အစည်းအဝေးက များမကြာခင် ပြီးဆုံးသွားခဲ့သည်။
မြင့်မြတ်မြို့တော်အား တိုက်ခိုက်မည့် အကြံအစည်ကိုလည်း အတည်ပြုလိုက်၏။ အစည်းအဝေးပွဲမှ ပြန်ရောက်လာသည်အထိ အားလုံး၏ စိတ်များမှာ အတွေးနွံထဲမှ ရုန်းမထွက်နိုင်ကြသေး။
ဒါဆို ရှဲ့ချင်ကမှ တစ္ဆေဘုရင်ပေါ့ ...
အရင်က တစ္ဆေဘုရင်နဲ့ တိုက်ခိုက်ဖူးတဲ့လူတိုင်း အဲဒီ့တိုက်ပွဲအကြောင်း လျှို့ဝှက်ထားခဲ့ကြတာ .. အဲဒါ ဘာလို့လဲဆို သူတို့က တိုက်ပွဲဖြစ်နေတုန်းမှာ ဆွဲဆောင်ခံလိုက်ရလို့ပေါ့ ....
“တစ္ဆေဘုရင်က ဒီလိုပုံစံမျိုး ဖြစ်နေလိမ့်မယ်လို့ ထင်ကို ထင်မထားမိဘူး ...”
“သူက ရှဲ့ယွင်နန်ကို မြို့အရှင်ရာထူး ပေးတာ မထူးဆန်းတော့ပါဘူး ရှဲ့ယွင်နန်မှ မဟုတ်ရင် ဘယ်သူ့ကို ပေးရမှာလဲ ...”
“ရှဲ့ယွင်နန်ကို အားကျလိုက်တာ ..."
“ဒါဆို ရှဲ့ယွင်နန်က လူတွေကို ဆွဲဆောင်နိုင်နေတာ မဟုတ်ဘူးပေါ့ ...”
“ဖြစ်တော့ဖြစ်နိုင်လောက်တယ်ကွ .. တစ္ဆေဘုရင်ရဲ့ ပါရမီက အရမ်းကို အားကောင်းတာလေ ရှဲ့ယွင်နန်က သူ့သားဆိုတော့ .. ပြောမရဘူး သူ့မှာလည်း ဒီလို ပါရမီမျိုး ရှိချင်ရှိနေမှာ ပြောရရင် နတ်ဘုရားအဆင့် တိုက်ခိုက်သူကတောင် သူ့ကို သဘောကျနေတာလေ ...”
“သူ့ပင်ကိုယ်စွမ်းရည်က ဘယ်လောက်ပဲ အင်အားကြီးကြီး အရင်က သူလည်း သာမန်လူတစ်ယောက် ဖြစ်ခဲ့တာပဲလေ သူ့ပင်ကိုယ်ပါရမီကို ထုတ်ပြနိုင်ခွင့်တောင် မရှိခဲ့ဘူး ကံကောင်းပြီး သွမ့်ချန်ချင်းကို ကယ်ခဲ့မိတာပဲ ပြောစရာရှိတာ ...”
တီးတိုးသံများက ဟိုဟိုဒီဒီမှ ထွက်ပေါ်လာခဲ့သော်ငြား အမှန်တကယ် အပြင်ဘက်ထွက်ကာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်မိသည့်အခါတွင်မူ စကားတစ်ခွန်းမှ မပြောရဲတော့ချေ။
သွမ့်ချန်ချင်းရဲ့ သရုပ်မှန်က လျှို့ဝှက်ထားရမှာလေ ...
ဒါက သူတို့ရဲ့ ဝှက်ဖဲပဲကွ ...
တစ်ဖက်တွင် မြင့်မြတ်သည့်မြို့တော်၌လည်း မွန်မြတ်ခြင်းကျောင်းတော်မှ ဒုတိယအကြီးအကဲဟူသည့် အလွန် အင်အားကြီးသူတစ်ယောက် ရှိနေသည်ဟု ကြားထားရရာ ထိုသူကို မသတ်နိုင်ခင်အထိ ဤဝှက်ဖဲကို လျှို့ဝှက်ထားရမည် ဖြစ်သည်။
ဟုန်ယဲ့မြို့တွင် နေထိုင်သူများကလည်း မနက်ဖြန် မြင့်မြတ်မြို့တော်သို့ ချီတက်နိုင်ရန် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ ပြင်ဆင်နေလိုက်တော့သည်။
မြင့်မြတ်မြို့တော်နှင့် အချိန်အတော်ကြာ ဝေးကွာနေခဲ့ရသည့် လုရှောင်ရန်သည် နောက်ဆုံးတွင်တော့ အိမ်ပြန်လာနိုင်တော့သည်။ သူက ထိုအချိန်ကို အလွန် စောင့်မျှော်နေမိ၏။ သူနှင့်အတူ လိုက်လာခဲ့သည့် ငတုံးတစ်အုပ်မှာမူ အနည်းငယ် ကူကယ်ရာမဲ့နေကြသည်။
သူတို့က သူတို့တွေ ကြီးပြင်းခဲ့တဲ့ နေရာကို ပြန်ပြီး တိုက်ခိုက်ရမှာတဲ့ ...
သူတို့ ဟုန်ယဲ့မြိုု့တွင် နေထိုင်ခိုလှုံခဲ့ရစဉ်က ဆိုးရွားသည့် ဆက်ဆံမှုမျိုးနှင့် မကြုံတွေ့ခဲ့ရ။
အကျဉ်းချ ချုပ်နှောင်ထားခြင်း မရှိသည့်အပြင် ပျော်ပျော်ရွှင်ရွှင်ပင် နေခဲ့ရသေးသည်။
ထိုမျှသာမက သူတို့ အများစုသည် ဆင်ခြေဖုံးဒေသရှိ သာမန်လူများနှင့် မိဘမဲ့များကို သင်ကြားပြသမည့် ဆရာအဖြစ်လည်း တာဝန်ယူခဲ့ကြသေးသည်။ ထို သင်ကြားရေးစနစ်တွင် မည်သည့်အရာကိုမှ ကန့်သတ်မထား။ အသစ်အသစ်သော ကျင့်စဉ်များ၊ အခြေခံအသိပညာနှင့် အမျိုးမျိုးသော အဖော်သားရဲများနှင့် သက်ဆိုင်သည့် ဗဟုသုတများကိုပါ ပါဝင်သင်ကြားပေးခဲ့သည်။
သူတို့က အစပိုင်းတွင် တုန့်ဆိုင်းခဲ့ကြသော်ငြား နောက်ဆုံးတွင်မူ အံတင်းတင်းကြိတ်ကာသာ လက်ခံလိုက်ရတော့သည်။ သို့သော် ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများနှင့် ထိတွေ့ဆက်ဆံမိပြီးနောက် ...သူတို့၏ တုန့်ဆိုင်းမှုအားလုံး ပျောက်ကွယ်ကာ အချို့က ထိုအလုပ်ကိုပင် တစ်ဖြည်းဖြည်း မြတ်နိုးနှစ်သက်လာကြတော့သည်။
အားနည်းသူကို ကူညီရခြင်းက ရံဖန်ရံခါတွင် ကြီးမားလှသည့် စိတ်ကျေနပ်မှုကို ဆောင်ကြဉ်းပေးနိုင်ပေသည်။
အရေးအကြီးဆုံးအချက်အနေဖြင့် သူတို့အားလုံးသည် ပါရမီမထူးချွန်သည့်အတွက် မြည်းငတုံးအုပ်စု၏ အဖွဲ့ဝင် ဖြစ်နေကြခြင်း ဖြစ်သည်။
လူတစ်စုက အမြဲတမ်း ထို ပါရမီထူးချွန်သူများကို ငေးကြည့်ကာ သူတို့ကို မိသားစုအား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန် အတင်း တိုက်တွန်းကြသည်။
သူတို့က ဘယ်လိုနည်းနဲ့ ဒီလို မြည်းငတုံးပုံစံမျိုး ပျော်ပါးသောက်စားနေနိုင်မှာလဲ ...
သူတို့ကိုယ်သူတို့ အရည်အချင်းမရှိ၊ မည်သည့်အရာကိုမဆို ပိုင်ဆိုင်အောင်မြင်နိုင်မည့် ကံကြမ္မာမျိုး မရှိသူအဖြစ် သတ်မှတ်ခံထားရသည့်အတွက် ပျော်ပါးသောက်စားရင်း သေမည့်အချိန်ကို စောင့်ဆိုင်းရန်သာ တွေးနေခဲ့ကြသည်။
သို့သော် ဟုန်ယဲ့မြို့တွင် နာမည်ကျော်ကြားလာသည့် ကျင့်ကြံစဉ်က ...
အလွန် အလုပ်ဖြစ်နေ၏။
ထိုလူများသည် မည်မျှပင် အသုံးမကျသူ ဖြစ်နေပါစေ ကောင်းမွန်သည့်ဘဝတွင် အမြဲ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ သူတို့က ငယ်စဉ်ကတည်းက အံ့ဖွယ်သားရဲတို့၏ အသားကို တောက်လျှောက် စားသောက်ခဲ့ကြရာ .. အလိုလိုပင် အဆင့်နိမ့်တိုက်ခိုက်သူများ ဖြစ်လာတော့သည်။
ထိုကျင့်ကြံရေးနည်းလမ်းကို လေ့ကျင့်ခြင်း၏ အာနိသင်မှာလည်း သာမန်လူများထက် ပိုမိုထူးကဲပေသည်။
သူတို့က လုရှောင်ရန်ကဲ့သို့ အပြင်းအထန် ကြိုးစားကျင့်ကြံခြင်း မရှိသည့်တိုင် သင်ယူနေစဉ်တစ်လျှောက် များစွာ လေ့ကျင့်ခဲ့ကြသည့်အတွက် ခွန်အားများလည်း တိုးတက်လာခဲ့သည်။
သူတို့က အမှိုက်ကောင်တွေ မဟုတ်တော့ဘူး သူတို့တွေလည်း သန်မာလာနိုင်တယ် ...
“လုကော ကျွန်တော်တို့တွေ မြင့်မြတ်မြို့တော်ကို ရောက်တဲ့အခါ ဘာဖြစ်လာနိုင်လဲ ...”
“လုကော အဲဒီ့ သွမ့်ချန်ချင်းက တကယ်ပဲ ယဇ်ဆရာအကြီးအကဲရဲ့ ဘေးက လူလား ယဇ်ဆရာအကြီးအကဲကရော ဘယ်မှာလဲ ...”
“လုကော ...”
....
ထိုအုပ်စုက လုရှောင်ရန်ကို ဝိုင်းထားကာ မေးခွန်းများ တရစပ် မေးလိုက်ကြသည်။
လုရှောင်ရန်၏ မျက်နှာကမူ အမူအယာ ကင်းမဲ့နေဆဲပင်။
“ဒါတွေပဲ တစ်နေကုန် တွေးမနေနဲ့ မင်းတို့တွေ ဟိုလူတွေကိုလည်း သေချာ စောင့်ကြည့်ထားသင့်တယ် ...”
သူတို့သည် ဖမ်းဆီးခံထားရသည့် စီနီယာ ယဇ်ဆရာနှစ်ဦးနှင့် အချို့ တိုက်ခိုက်သူများကို စောင့်ကြည့်ခြင်း တာဝန်ကျထားသူများ ဖြစ်ကြသည်။
ထိုသူအားလုံးကို ဆေးကျွေးထား၍ တိုက်ခိုက်ခြင်း မပြုနိုင်ကြတော့သည့်တိုင် မထင်မှတ်ထားသည့် ကိစ္စတစ်ရပ်ရပ် ဖြစ်မလာစေရန် သူတို့က စောင့်ကြည့်မည့်လူအချို့ စီစဉ်ထားလိုက်သည်။
လုရှောင်ရန်၏ စကားများကို ကြားသည်နှင့်တစ်ပြိုင်နက် အားလုံးက အမူအယာကို ထိန်းချုပ်ကာ ဖမ်းဆီးခံထားရသူများကိုပါ စိုက်ကြည့်နေလိုက်တော့သည်။
အာ .. ဒီလူတွေနဲ့ ယှဉ်ရင်တော့ သူတို့က ကံကောင်းနေသလားလို့ပဲ ...
သူတို့က မြင့်မြတ်မြို့တော်ကို ရေကြောင်းအတိုင်း ချီတက်လာလိုက်ကြသည်။ တိုက်ခိုက်ခံရမည်ကို မကြောက်သည့်အလျောက် ထိုသို့သော လှုပ်ရှားမှုက ဂယက်ထလာစေခဲ့၏။ တစ်ဖက်တွင်မူ မြင့်မြတ်မြို့တော်ကလည်း ဟုန်ယဲ့မြို့၏ တပ်ဖွဲ့အကြောင်း သိသွားကြ၍ ကမောက်ကမ ဖြစ်လာတော့သည်။
အဆင့်မြင့်ယဇ်ဆရာနှစ်ဦးက ဟုန်ယဲ့မြို့ကို တိုက်ခိုက်ရန် ထွက်သွားခဲ့သော်ငြား သူတို့က မြို့ကို မသိမ်းပိုက်နိုင်သည့်အပြင် ရန်သူ့လက်ထဲသို့ပင် အဖမ်းခံလိုက်ရသေးသည်။
ထိုသတင်း ကြားရသည့်အခါ မြင့်မြတ်မြို့တော်၏ အထက်တန်းလွှာအားလုံး ကိုယ့်နားကိုပင် မယုံနိုင်ကြတော့။
ယဇ်ဆရာနှစ်ဦးက ဟုန်ယဲ့မြို့ကို သိမ်းပိုက်ရန် အဆင့်မြင့်တိုက်ခိုက်သူ အများအပြားကို ခေါ်ဆောင်သွားခဲ့သည်။. ထို့ကြောင့် ထိုသတင်းက အထက်တန်းလွှာမိသားစုများမှ မိသားစုဝင်အများအပြား အဖမ်းခံလိုက်ရသည်ဟု အဓိပ္ပါယ်ရပေသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...
ပိုပြီး ကြောက်စရာကောင်းတာက ဘာလဲ သိလား အဲဒီ့လူတွေက ဘယ်လိုလုပ် အဖမ်းခံလိုက်ရတာလဲ ဆိုတာကို မသိရတာပဲ ...
သွမ့်ချန်ချင်း၏ အင်အားကို ဟုန်ယဲ့မြို့က ဖုံးကွယ်ထားရာ မြင့်မြတ်မြို့တော်က ထိုအကြောင်းနှင့် ပတ်သက်၍ တစ်စွန်းတစ်စပင် မသိချေ။
“အကြီးအကဲပိုင်နဲ့ ရှဲ့ယွင်နန်က တကယ်ကြီး မဟာမိတ် ဖွဲ့လိုက်ကြတာလား ...”
“ဟုတ်လောက်မယ် ထင်တယ် မစ္စတာပိုင်ရဲ့ အကူအညီ မပါဘဲ ရှဲ့ယွင်နန်နဲ့ သူ့လူတွေက ဘယ်လိုလုပ် စီနီယာအဆင့် ယဇ်ဆရာနှစ်ယောက်ကို အနိုင်ယူနိုင်မှာလဲ ..."
“အကြီးအကဲပိုင်က သေခါနီးနေပြီဆိုတော့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ကျူးလွန်ဖို့ ဝန်လေးတော့မှာ မဟုတ်ဘူး ဟုန်ယဲ့မြို့ရဲ့ အောင်မြင်မှုက သေချာပေါက်ကို သူနဲ့ တစ်ခုခု ပတ်သက်နေလိမ့်မယ် ...”
“သူ့ကိုယ်သူ ဖောက်ခွဲလိုက်တာများလား ...”
“ဖြစ်နိုင်တယ် သူ့ကိုယ်သူ ဖောက်ခွဲလိုက်တာ ဆိုရင် လူတွေ အများကြီးကိုပါ တစ်ပြိုင်တည်း သုတ်သင်နိုင်မှာ ...”
“ငါ့မိသားစုဘိုးဘေး အဆင်ပြေပါစေလို့ပဲ ဆုတောင်းတယ် ...”
“ငါတို့လူတွေ အကုန်လုံး အရှင်းခံလိုက်ရလို့ ဟုန်ယဲ့မြို့မှာ ဘာတွေ ဖြစ်ခဲ့မှန်း မသိရတော့တာ နှမြောစရာပဲ ...”
“ဟုတ်တယ် ...”
“ဟို စီနီယာအဆင့် ယဇ်ဆရာနှစ်ယောက်ကလည်း လွန်လွန်းပါတယ် ဟုန်ယဲ့မြို့မှာ ရှိနေတဲ့ စီနီယာအဆင့် ယဇ်ဆရာနှစ်ယောက်ရဲ့ အင်အားကလည်း သိပ်ပြီးမှ မဆိုးတာ သူတို့တွေ ဒီ့ထက်ပိုပြီး ဂရုစိုက်ခဲ့သင့်တာပေါ့ ...”
ထိုသို့ပြောနေရင်း အားလုံး၏ စိတ်ထဲတွင် အံ့ဩတုန်လှုပ်မှုများ တားဆီး၍ မရနိုင်လောက်အောင် ပေါ်ပေါက်လာတော့သည်။
“အဲဒီ့လူတွေ လာတဲ့အချိန်ကျ ငါတို့ ဘယ်လိုလုပ်ကြမလဲ ...”
“စီနီယာယဇ်ဆရာနှစ်ယောက်က လူတွေ အများကြီး ခေါ်သွားတာတောင် အနိုင်မတိုက်နိုင်တာ ငါတို့က ဘာလုပ်နိုင်ဦးမှာလဲ အများနည်းတူ လိုက်လုပ်ရုံပဲ ရှိတာပေါ့ ...”
“အများအတိုင်း လိုက်လုပ်မယ် ဟုတ်လား ဒါက ပြောတော့တာ လွယ်တာနော် အဲဒီ့လူတွေက လူသတ်သမားတွေဆိုတာကို မေ့မထားနဲ့ဦး ဟုန်ယဲ့မြို့မှာ နေနေတဲ့ လူတွေရဲ့ လက်ထဲမှာ အသက်တွေ အများကြီး ရှိနေတာ မင်းမိသားစုက အဆင်ပြေတယ်ဆိုတာ သေချာရဲ့လား ...”
“သူတို့က လူသတ်ရုံတင် မကဘူး ဟုန်ယဲ့မြို့က ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူခဲ့တာတဲ့ ..."
“မင်းက မင်းမိသားစု ပိုင်တဲ့ ပစ္စည်းတွေကို ပေးချင်နေသလား မပြောတတ်ပေမယ့် ငါကတော့ မပေးချင်ဘူး ...”
“ဒါဆို မင်းဘက်က ဆန္ဒမရှိတော့ရော ...”
...
မြင့်မြတ်မြို့တော်ရှိ မိသားစုကြီးများအကြား ဆက်ဆံရေးမှာ မကောင်းမွန်သည့်အပြင် အလွန်လည်း ရှုပ်ထွေးလှပေသည်။ သို့သော် ယနေ့တွင်မူ အားလုံး တစ်နေရာတည်းတွင် စုရုံးရောက်ရှိနေကြ၏။
ထိုအထဲတွင် လုရှောင်ရန်၏ အဖေလည်း ပါဝင်ပေသည်။ သူက ထောင့်နားတွင် ထိုင်ကာ ဖြစ်ပျက်နေသမျှ အားလုံးကို မသိမသာ စောင်းငဲ့ကြည့်နေလိုက်သည်။
ဘေးနားရှိ လူများက သူ့ကို မေးလိုက်သည်။
“အစ်ကိုလု အစ်ကိုရော ဟုန်ယဲ့မြို့က လူတွေကို ဘယ်လိုထင်လဲ ...”
“ငါတို့လည်း အများနည်းတူ လိုက်လုပ်ရုံကလွဲလို့ ဘာမှ လုပ်စရာ မရှိဘူးလေ ...”
သူက ပြောလိုက်သည်။
“ဒါလည်း ဟုတ်တာပဲနော် .. ဒါနဲ့ ဘာလို့ အစ်ကို့ရဲ့ ညီမက မလာတာလဲ ...”
ဒီလောက် အရေးကြီးတဲ့ ကိစ္စမျိုး ဖြစ်နေတာတောင် မိသားစုခေါင်းဆောင် လုကျင်းချန်းက ရောက်မလာဘူးတဲ့ သူမ ဘယ်ကို ရောက်နေတာလဲဆိုတာ ဘယ်သူသိလဲ ...
အဖေလုက ပြောလိုက်သည်။
“သူမက ဒီလိုကိစ္စတွေကို စိတ်မရှည်ဆုံးပဲ ...”
“သူမက တကယ်ကို စိတ်လွတ်ကိုယ်လွတ် နေတတ်တာပဲ ...”
ထိုသူက မနာလိုသည့် လေသံဖြင့် ပြောလိုက်သည်။
အဖေလုက ဆက်မပြောတော့။ သူက လုကျင်းချန်းကဲ့သို့ အင်အားမကြီးလှသည့်အတွက် အခြားလူများက သူ့ကို များစွာ အာရုံမစိုက်ကြပေ။ ထို့ကြောင့် တစ်ကိုယ်တည်း ထိုင်ကာသာ အားလုံးကို ဘေးမှ အသာထိုင်ကြည့်နေလိုက်သည်။
သူက သူ့ယောက်ဖ၏ သရုပ်မှန် ပေါ်သွားပါလျှင် လုမိသားစုအား ထိခိုက်လာမည်ကို အမြဲ စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများ အများအပြား ပြုလုပ်ခဲ့သော်လည်း ဟုန်ယဲ့မြို့တော်က ဤမျှအထိ အင်အားကြီးမားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားချေ။
သူအဖြစ်မှာ တိုင်းတစ်ပါးသား ရန်သူများကို တိုက်ခိုက်ရန် ကြီးမားခိုင်ခံလှသည့် မြို့ရိုးကြီး တည်ဆောက်ထားသော်လည်း ထို တိုင်းတစ်ပါးသား ရန်သူဆိုသူမှာ သူ့ပေါင်လောက်သာ ရှိသေးသည့် ကလေးတစ်ဦး ဖြစ်နေသူ အလားဟု ခံစားမိလိုက်သည်။
သူသာ စောစောစီးစီး ကြိုသိခဲ့ပါလျှင် သူ့ညီမကို သွားပြီး ပြဿနာ မရှာနိုင်စေရန် ပြီးခဲ့သည့် တစ်လကျော်ခန့်က လျောင်မုယဲ့ကို ဖမ်းဆီးထားမိမည် ဖြစ်သည်။
ဘာလို့ အဲဒီ့ကောင်နဲ့ အချိန်တွေ အများကြီး ဖြုန်းနေတော့မှာလဲ ...
သို့သော် သူ့အချိန်မှာ အလကား ဖြုန်းတီးမိသွားသည်ဟုလည်း မဆိုသာ။ လျောင်မုယဲ့ထံမှ ကိစ္စအချို့ကို သိလိုက်ရပေသည်။
ဥပမာအားဖြင့် လျောင်မုယဲ့သည် ပြန်လည်မွေးဖွားလာသူ ဖြစ်သည်ဆိုသည့် အချက်မျိုးပင်။
၎င်းက ပုံပြင်ဆန်လွန်းလှသော်ငြား အမှန်ဖြစ်နိုင်ချေ များပေသည်။ ထို ပြန်လည်မွေးဖွားလာခြင်းက အမှန် မဟုတ်သည့်တိုင် လျောင်မုယဲ့သည် အနာဂတ်တွင် ဖြစ်လာမည့် ကိစ္စအချို့ကို အမှန်တကယ် ခန့်မှန်းနိုင်ခဲ့သည်။
ပြီးခဲ့သည့် လအချို့တွင် လျောင်မုယဲ့ကို အယုံသွင်းပြီးနောက် သူ့ထံမှ သတင်းအချို့ ရရှိခဲ့သည်။ သူက လျောင်မုယဲ့၏ ဘေးနားရှိ ကျိုးယီချင်းကို သိမ်းသွင်းကာ လျောင်မုယဲ့ကို ဆေးပေးစေပြီး လျောင်မုယဲ့ သတိလက်လွတ်ဖြစ်နေစဉ်တွင် သူသိထားသမျှ အချက်အလက်အားလုံးကို တစ်ခုမကျန်အောင် ညှစ်ထုတ်စစ်မေးခဲ့သည်။
လျောင်မုယဲ့ ပြောခဲ့သည့် သူ့အတိတ်ဘဝက ဖြစ်ခဲ့သော အကြောင်းအရာအမျိုးမျိုးကို နားလည်သော်ငြား ရှဲ့ယွင်နန်အပေါ် တစ္ဆေဘုရင်၏ သဘောထားကဲ့သို့သော ကိစ္စမျိုးကိုမူ နားမလည်နိုင်ခဲ့ချေ။
သို့သော် လက်ရှိအခြေအနေမှာ လျောင်မုယဲ့ ပြောခဲ့ဖူးသည်များနှင့် လုံးဝ မတူညီတော့။
လျောင်မုယဲ့ ပြန်မမွေးဖွားလာစဉ် ကမ္ဘာတွင် ရှဲ့ယွင်နန်သည် အဆင့်မြင့် ယဇ်ဆရာ မဟုတ်။ တိုက်ခိုက်သူအဆင့်သို့ တစ်လှမ်းပြီးတစ်လှမ်း တက်လှမ်းရင်း တစ်ဖြည်းဖြည်း သန်မာလာခဲ့သူ ဖြစ်သည်။
ထိုအချိန်က တစ္ဆေဘုရင်သည် ဟုန်ယဲ့မြို့ကိုသာ သိမ်းပိုက်နိုင်ခဲ့ကာ သိမ်းပိုက်နိုင်သည့် အကြောင်းအရင်းမှာလည်း ဟုန်ယဲ့တောအုပ်ထဲမှ အံ့ဖွယ်သားရဲများ ပြေးထွက်လာသောကြောင့် ဖြစ်သည်။
ထိုစဉ်က မုန့်ယန်တို့ အုပ်စုကလည်း ယဇ်ဆရာအကြီးအကဲကို ရှာဖွေရန် ဟုန်ယဲ့မြို့သို့ သွားခဲ့ကြသော်ငြား အံ့ဖွယ်သားရဲတို့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဟုန်ယဲ့မြို့သည်လည်း အံ့ဖွယ်သားရဲတို့၏ လောကနိဗ္ဗာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ယခု ဖမ်းဆီးခံထားရသည့် စီနီယာယဇ်ဆရာနှစ်ဦးကမူ ဟုန်ယဲ့မြို့သို့ တစ်ကြိမ်မျှပင် မသွားခဲ့ဖူးချေ။
အံ့ဖွယ်သားရဲတို့၏ ဖျက်ဆီးခြင်းကို ခံထားရသော ဟုန်ယဲ့မြို့တော်မှာ သူတို့၏ အမြင်တွင် လုံးဝ တန်ဖိုးမရှိခဲ့ချေ။
တစ်ချိန်တည်းမှာပင် မြင့်မြတ်မြို့တော်၌ အားလုံးက ယဇ်ဆရာအကြီးအကဲ ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို လောဘတကြီး လုယက်နေကြစဉ် တစ်နေ့ထက်တစ်နေ့ ခန္ဓာကိုယ် ယိုယွင်းလာသည့် အကြီးအကဲပိုင်က ယုတ်မာသည့် အကြံအစည်ဖြင့် သူ့ကိုယ်သူ ဖောက်ခွဲခဲ့သည်။
အကြီးအကဲပိုင်က ဒုတိယအကြီးအကဲနှင့် စီနီယာယဇ်ဆရာနှစ်ဦးအား ညှိနှိုင်းဆွေးနွေးရန်ဟု အကြောင်းပြကာ သူ့ဘက်သို့ ခေါ်လိုက်ပြီး သူ့ကိုယ်သူ ဖောက်ခွဲခဲ့သည်။ ထိုဖောက်ခွဲမှုက ယဇ်ဆရာနှစ်ဦးအား အပြင်းအထန် ဒဏ်ရာရသွားစေကာ နောက်ပိုင်းတွင် မွန်မြတ်ခြင်းကျောင်းတော်၏ ဒုတိယအကြီးအကဲကပါ ရုတ်တရက် သေဆုံးသွားပြီး မြင့်မြတ်မြို့တော် ကျဆုံးခန်းသို့ ဦးတည်လာတော့သည်။
၇ နှစ်အကြာတွင် ပိုင်ယဲ့က ရှဲ့ယွင်နန်နှင့် ပူးပေါင်းခဲ့သည်။ ထို့နောက် ရှဲ့ယွင်နန်က မြင့်မြတ်မြို့တော်သို့ ဝင်ရောက်လာခဲ့သည်။
သို့သော် ယခုမူ ရှဲ့ယွင်နန်က စီနီယာအဆင့် ယဇ်ဆရာ ဖြစ်နေသည့်အပြင် ထို စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးမှာ သေသလား ရှင်သလားပင် မသိရသေး။
အခု မြင့်မြတ်မြို့တော်မှာ တာဝန်ရှိတဲ့လူဆိုလို့ .. မွန်မြတ်ခြင်းကျောင်းတော်က ဒုတိယအကြီးအကဲ တစ်ယောက်ပဲ ရှိတော့တာလား ...
အဖေလုက ထိုလူကို ရုတ်တရက် သတိရသွားစဉ်မှာပင် အပြင်ဘက်မှ လူတစ်ဦး ဝင်လာကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဒုတိယအကြီးအကဲ ရောက်လာပါပြီ ...”
အားလုံး ရိုသေလေးစားမှု အပြည့်ဖြင့် မတ်တပ်ရပ်လိုက်ကြသည်။
ထို စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးမှာ သူတို့၏ ကိုယ်ကျိုးဆန္ဒအတွက် ယဇ်ဆရာအကြီးအကဲကို တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ မြင့်မြတ်မြို့တော်တွင် ထိုကဲ့သို့သော ကိစ္စမျိုး များစွာ ဖြစ်ပွားခဲ့သည့်အတွက် ဝေဖန်နေရန် မလို။ သို့သော် ဒုတိယအကြီးအကဲက ယဇ်ဆရာအကြီးအကဲကို တိုက်ခိုက်ခဲ့ခြင်းမှာမူ ... သစ္စာဖောက်ခြင်းသာ ဖြစ်သည်။
ယဇ်ဆရာအကြီးအကဲကဖြင့် သူ့ကို တစ်ခါမှတောင် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ဖူးတာ မဟုတ်ဘူး ...
လူတိုင်းက သူ့ကို အနည်းငယ် စိတ်ပျက်သွ
ားခဲ့ကြသော်ငြား မည်သို့သော လုပ်ရပ်မျိုးပင် လုပ်ခဲ့ပါစေ စီနီယာအဆင့် ယဇ်ဆရာတစ်ဦး ဖြစ်သည့် ဒုတိယအကြီးအကဲသည် သူတို့အားလုံး လေးစားရိုသေရမည့် တည်ရှိမှုတစ်ရပ် ဖြစ်နေဆဲပင်။
အားလုံးက နှုတ်ဆက်ကြိုဆိုကြပြီးနောက် အပြင်ဘက်မှ လူတစ်ဦး ဝင်လာသည်။