အပိုင်း ၉၀
Viewers 7k

Chapter 90




တစ္ဆေဘုရင်နှင့် စကားပြောနေသူမှာ အသက် ၆၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်ကာ တစ္ဆေဘုရင်နှင့် နှစ် ၂၀ နီးပါးခန့် သိကျွမ်းလာခဲ့သူ ဖြစ်သည်။ ယခင်က တစ္ဆေဘုရင်နှင့် ပြောဆိုဆက်ဆံလေတိုင်း တစ်ဖက်သူကို သူနှင့် သက်တူရွယ်တူဟုသာ သတ်မှတ်ထားကာ အချိုးအကွေ့ များပြားလှသော ဘဝကို ကြုံတွေ့ဖူးသည့် သူ့ထက်ပင် ပိုပြီးအသက်ကြီးသူတစ်ဦး ဖြစ်နေလိမ့်မည်ဟုလည်း တစ်ခါတစ်ရံ တွေ့ခဲ့ဖူးသည်။


မြင်နေရသည့် တစ္ဆေဘုရင်၏ မျက်နှာအောက်ခြမ်းမှာ လွန်စွာ နုပျိုလှရာ သူ့အနေဖြင့် ထိုညီအစ်ကိုကောင်းကို ချက်ခြင်း မမှတ်မိနိုင်ခဲ့ချေ။ နောက်ပိုင်း အချိန်ကြာကြာ စိုက်ကြည့်ပြီးကာမှ တစ္ဆေဘုရင်၏ ပါးနှင့် လည်ပင်းမှာ ရုပ်ဖျက်ထားခြင်း ဖြစ်နိုင်ကြောင်း ခံစားမိလာသည်။ ထို့ကြောင့် သူက ရှုပ်ထွေးနေသည့် အတွေးများအား ဖယ်ရှားကာ တစ္ဆေဘုရင်ကို "ညီအစ်ကို" ဟု ဆက်လက်ခေါ်ဝေါ်သုံးနှုန်းခဲ့လိုက်သည်။   


သို့သော် တစ္ဆေဘုရင်၏ မျက်နှာကို တစ်ခုလုံး အပြည့်အဝ မြင်လိုက်ရသည့်အခါ .. ထိုပါးနှင့် လည်ပင်းတို့မှာ အတုမဟုတ်ကြောင်း သေချာသွားတော့သည်။ 


သူ့မျက်နှာက အတုလားအစစ်လားဟု မေးနေရန်အကြောင်းပင် မရှိတော့ချေ။ 


ဒီလူက တကယ်ကို ချောတာပဲ .. ယောကျ်ားတစ်ယောက်အနေနဲ့တောင် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘူး ...


“မင်း ... ပလက်စတစ်ဆာဂျရီ လုပ်ထားတာလား ...”


ထိုသူက မေးလိုက်သည်။ သူ့မျက်နှာကိုပင် ခွဲစိတ်ပြုပြင်လိုစိတ်များ ဖြစ်ပေါ်လာတော့၏။ 


သူသာ ပိုပြီး နုပျိုလာနိုင်မယ်ဆိုလို့ကတော့ ...


“ပေါက်ကရတွေ ...”


တစ္ဆေဘုရင်က အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ 


သူ့လို ယောကျာ်းရင့်မာကြီးတစ်ယောက်က ဘာလို့ ပလက်စတစ်ဆာဂျရီ လုပ်ရမှာလဲ ...ဒီမျက်နှာက .... အကုန် သွမ့်ချန်ချင်း ပေးထားတဲ့ ကျင့်စဉ်တွေရဲ့ လက်ချက်ပဲ ...


“ဒါဆိုလည်း မင်းက ဘာလဲ ဒါနဲ့ မင်းက ရှဲ့ယွင်နန်နဲ့ တော်တော်လေး တူတယ်နော် သူ့အစ်ကိုလား ...”


ထိုလူက ထပ်မေးလိုက်ပြန်သည်။ 


တစ္ဆေဘုရင်က သက်ပြင်းချကာ ပြောလိုက်သည်။ 


“သူ့အဖေ ...”


ငါ့ရဲ့ ဝါစဉ်ကို လျော့ချမပစ်နဲ့ကွ ..


“ရှဲ့ယွင်နန်က မင်းရဲ့သားလား ဒါဆို မင်းက အရမ်း အသက်မငယ်လောက်တော့ပါဘူး ဘာလို့ ဒီလိုမျိုး နုပျိုနေရတာလဲ ...”


ထိုလူက လွှတ်ခနဲ ပြောလိုက်မိသွားသည်။ 


အနားတွင် ရှိနေသူအားလုံးကလည်း သိလိုသွားကြတော့၏။ 


ရှချင်က တစ္ဆေဘုရင်၏ မျက်နှာကို ငေးကြည့်ကာ သက်ပြင်းကြီးစွာ ချလိုက်သည်။ 


ဘော့စ်က တကယ်ကို ချောတာပဲ ဒီမျက်နှာလေး ... တစ်သက်လုံး ဘယ်လောက်ကြည့်ကြည့်ကို ရိုးမသွားဘူး ...


လုရှောင်ရန်ကဖြင့် ဘော့စ်ကို နည်းနည်းလေးတောင် မယှဉ်နိုင်ဘူး ...


သို့သော် ဖခင်အဖြစ် သဘောထားခဲ့သူ၏ မျက်နှာမှာ အလွန်ငယ်ရွယ်နုပျိုနေကြောင်း သိလိုက်ရသည့်အခါ သူမ၏ နှလုံးသား အနည်းငယ် နာကျင်သွားတော့သည်။ 


ဒီလိုပုံစံအတိုင်းသာ ဆက်သွားမယ်ဆို နောက်ထပ် နှစ်နည်းနည်းလောက် ကြာလာရင် သူမက သူတို့ရဲ့ အစ်မအကြီးဆုံးလို့ အထင်ခံရတော့မှာလား မသိဘူး ...


နေပါဦး ဘော့စ်က ရှဲ့ယွင်နန်က သူ့သားလို့ ပြောလိုက်တာလား ....


ရှဲ့ယွင်နန်ကို တွေ့တုန်းက ဘော့စ် အရမ်းကို စိတ်လှုပ်ရှားနေတာ မထူးဆန်းတော့ပါဘူး ...


တစ္ဆေဘုရင်၏ လက်အောက်ငယ်သားများကလည်း ရှဲ့ယွင်နန်အပေါ် ကြင်နာမှုကို ချက်ခြင်း သဘောပေါက်သွားကြတော့သည်။ 


ဒီလိုမျိုး ထူးချွန်တဲ့သားမျိုးကို သဘောမကျတဲ့သူ ဘယ်သူ ရှိမှာလဲ ...


ရှဲ့ယွင်နန်အပေါ် ရှဲ့ချင်၏ သဘောထားကို သံသယဝင်ခဲ့ကြသူများမှာ အလွန်အမင်း ရှက်ရွံ့လာကြတော့သည်။ 


ထိုအချိန်က ဖြစ်ခဲ့သည်များအား ပြန်စဉ်းစားကြည့်ပါလျှင် ထိုစဉ်ကတည်းက ရှဲ့ချင်နှင့် ရှဲ့ယွင်နန်အကြားတွင် အဓိပ္ပါယ်နှစ်ခွ ဖြစ်စရာ ကိစ္စများ လုံးဝ မဖြစ်ခဲ့ဖူးချေ။ 


ရှဲ့ချင်၏ လုပ်ရပ်များကို ပြန်ဆန်းစစ်ကြည့်ပါလျှင်လည်း ၎င်းမှာ သားသမီးကို ပူပန်စိုးရိမ်တတ်သည့် ဖခင်တစ်ဦး၏ အမူအယာများအတိုင်းသာ ဖြစ်ပေသည်။


သို့သော် သူက အရမ်း တက်ကြွလွန်းကာ ရှဲ့ယွင်နန်က တစ်ခါတစ်ရံတွင် မသက်မသာဖြစ်ဟန် ပြသတတ်သည့်အတွက် သူတို့အားလုံး နားလည်မှု လွဲသွားခဲ့ခြင်း ဖြစ်သည်။ 


အကြီးအကဲပိုင်ကလည်း “ရှဲ့ချင်”အပေါ် အကောင်းမြင်စိတ် မရှိခဲ့။ ထိုသူသည် ရှဲ့ယွင်နန်ကို ကောလဟာလများတွင် ပါဝင်ပတ်သက်စေခဲ့သည့် တရားခံတစ်ဦး ဖြစ်ပေသည်။ 


သို့သော် ယခု ရှဲ့ချင်၏ ရုပ်ရည်ကို တွေ့လိုက်ရသည့်အခါ သူ့စိတ်ထဲမှ အစိုင်အခဲအားလုံး ပျောက်ကွယ်သွားခဲ့၏။ 


သခင်လေးက ဒီအတင်းအဖျင်းတွေကို ဂရုမစိုက်တာ မထူးဆန်းတော့ပါဘူး လက်စသတ်တော့ သူတို့တွေက ဆွေမျိုးတွေ ဖြစ်နေတာကိုး ...


ထို့နောက် အကြီးအကဲပိုင်က အခြားကိစ္စတစ်ခုကို စဉ်းစားမိသွားတော့သည်။ 


သူ့ရှေ့တွင် ရှိနေသူ၏ မျက်နှာကို တစ်နေရာရာတွင် မြင်ဖူးနေသလိုပင်။ 


လုမိသားစုခေါင်းဆောင်ရဲ့ ယောကျ်ား .. ငယ်ငယ်တုန်းကပုံနဲ့ တူမနေဘူးလား အဲဒီ့လူရဲ့ အဖော်သားရဲကလည်း မြေခွေးတစ်ကောင်ပဲလေ ...


လုမိသားစုခေါင်းဆောင်၏ ခင်ပွန်းသည် အနီရောင်မြေခွေးကို အဖော်သားရဲအဖြစ် ပိုင်ဆိုင်ထားကာ ယခုလက်ရှိ သူ့ရှေ့တွင် ရပ်နေသူသည် အဖြူရောင်အမြီးကိုးချောင်းမြေခွေး ဖြစ်သော်ငြား ဝမ်ချဲ့နှင့် စကားပြောပြီးသည့်နောက် ရှဲ့ချင်၏ ပင်ကိုယ်စွမ်းရည်သည် အခြားလူများအား စိတ်ထွေပြားသွားစေနိုင်သည့် စွမ်းရည်ဖြစ်ကြောင်း သိခဲ့ရသည်။ ထို့ကြောင့် သူသာ ဆန္ဒရှိပါလျှင် အဖော်သားရဲကို ရုပ်ဖျက်ရန်မှာ မခဲယဉ်းလှချေ။ 


ထို့အပြင် အဖော်သားရဲများက ဆင့်ကဲ ပြောင်းလဲလာနိုင်သော်ငြား ထိုသို့သော ဖြစ်ရပ်မျိုးမှာ မျက်မှောက်ခေတ်တွင် အလွန် ရှားပါးနေပြီ ဖြစ်သည်။ 


ထို့ကြောင့် သူ့အထင်သာ မလွဲမှားပါလျှင် ထိုရှဲ့ချင်သည် လုမိသားစုခေါင်းဆောင်၏ ခင်ပွန်းဖြစ်နေနိုင်ကာ ရှဲ့ယွင်နန်မှာလည်း လုမိသားစု၏ ပျောက်ဆုံးနေသောကလေး ဖြစ်နိုင်ပေသည်။ ထိုသို့ဆိုလျှင် ရှဲ့ချင်ကဲ့သို့ ဝတ်ဆင်ကာ မျက်နှာဖုံး တပ်ထားသူမှာ ...


အကြီးအကဲပိုင်က ရှည်လျားလှသည့် သက်တမ်းတစ်လျှောက်ကို အချည်းနှီး ကုန်ဆုံးခဲ့သူ မဟုတ်ရာ ရုပ်ဖျက်ထားသော လုကျင်းချန်းမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ခန့်မှန်းမိနိုင်ပေသည်။ 


ဒါဆို .. သူမက ခေါင်းဆောင်လုလား ...


ဒီလိုဆို ရှဲ့ယွင်နန်နဲ့ သတင်းထွက်ထားတဲ့ လုရှောင်ရန်ကလည်း တကယ်တမ်းတော့ ရှဲ့ယွင်နန်ရဲ့ ဝမ်းကွဲ ဖြစ်နေခဲ့တာပေါ့ ...


လုရှောင်ရန်က တစ်ခွန်းမှ ပြန်မပြောဘဲ ကောလဟာလတွေကို ဒီတိုင်း ငြိမ်ခံနေတာ မဆန်းတော့ပါဘူး ရှဲ့ယွင်နန်က သူ့ကို ဆက်တိုက် တာဝန်ပေးနေတာရောပဲ ...


သူတို့က မိသားစုဝင်တွေ ဖြစ်နေမှတော့ ရင်းနှီးနေကြတာ ထုံးစံပါပဲ ...


ရှဲ့ချင်နှင့် လုရှောင်ရန် နှစ်ဦးလုံးက ရှဲ့ယွင်နန်နှင့် ဆွေမျိုးတော်စပ်နေကာ ... ရှဲ့ယွင်နန်နှင့် သတင်းထွက်သည့် နောက်ဆုံးလူ ပိုင်ယဲ့မှာမူ ...


ပိုင်ယဲ့ကို သူကိုယ်တိုင် ပျိုးထောင်ထားခြင်း ဖြစ်ကာ ရှဲ့ယွင်နန်နှင့် တွေ့ဆုံဖူးသည်မှာပင် များစွာ မကြာသေးသည့်အတွက် သူတို့နှစ်ဦးအကြားတွင် အထင်အမြင်လွဲမှားစရာ ကိစ္စမျိုး လုံးဝ မရှိနိုင်ပေ။ 


ထိုသို့ တွေးနေစဉ် အကြီးအကဲပိုင်သည် တစ္ဆေဘုရင်၏ စကားသံကို ကြားလိုက်ရသည်။ 


“အိုကေ ငါ့မျက်နှာအကြောင်း စပ်စုနေတာ တော်လိုက်တော့ ငါတို့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ် ...”


သူတို့ ဖမ်းမိထားတဲ့ မြင့်မြတ်မြို့တော်က လူတွေကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာတွေ၊ အကြီးအကဲပိုင်နဲ့ သူ့လူတွေကို ဘယ်လို နေရာချထားပေးရမလဲ ဆိုတာတွေ ပြီးတော့ မြို့အရှင် ရဲတိုက်ကို ပြန်ပြင်ဖို့ရယ် အပြင်ဘက်က လူတွေကို ဘယ်လိုရှင်းပြရမလဲ ဆိုတာကိုရောပဲ .. လုပ်စရာတွေမှ အများကြီး ...


တစ္ဆေဘုရင်က ပထမဆုံးကိစ္စနှစ်ရပ်ကို သူ မကျွမ်းကျင်သည့်အတွက် ထိုကိစ္စနှစ်ရပ်ကို ကိုင်တွယ်ရန်မှာ အခဲယဉ်းဆုံး ဖြစ်သည်ဟု ခံစားမိသည်။ ယခင်က ရှဲ့ယွင်နန်ကို ကူညီကာ ဟုန်ယဲ့မြို့၏ ကိစ္စများကို ကူညီကိုင်တွယ်ပေးရစဉ်က ထိုကိစ္စများကို ဖြေရှင်းလေတိုင်း ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရသည်။ 


ထိုအချိန်တွင် အကြီးအကဲပိုင်က မေးလိုက်သည်။ 


“မိတ်ဆွေလေး အကူအညီ လိုသေးလား ....”


ငါတို့တွေအားလုံးက မိသားစုတစ်ခုတည်း ဖြစ်ကုန်ကြပြီပဲဟာ သေချာပေါက်ကို ကူညီသင့်တာပေါ့ ...


အကြီးအကဲပိုင်သည် နှစ်တစ်ရာနီးပါးခန့် ယဇ်ဆရာအကြီးအကဲ၏ လက်အောက်ရှိ မိသားစု စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲပေးခဲ့ရာ လိုအပ်သည်ထက်ပင် ပိုမိုများပြားသည့် အတွေ့အကြုံများကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ 


လက်ရှိ ရှိနေကြသူ အများစုက အကြီးအကဲပိုင်ကို မသိကြသော်ငြား တစ်ချိန်တစ်ခါက ဟုန်ယဲ့မြို့၏ ထိပ်သီးဖြစ်ခဲ့ဖူးသူ မုန့်ယန်ကမူ အကြီးအကဲပိုင်နှင့် တစ္ဆေဘုရင်ကို သိထားပေသည်။ 


အကြီးအကဲပိုင်နှင့် သွမ့်ချန်ချင်းအကြား ဆက်ဆံရေးမှာ ကောင်းမွန်လွန်းလှသည်။ ထို့အပြင် သူတို့က ရှဲ့ယွင်နန်နှင့် ပူးပေါင်းရန်ပင် ဆွေးနွေးခဲ့ဖူးရာ ... ထိုအချိန်တွင် တစ္ဆေဘုရင်က သူ ယခင်ကတည်းက ခန့်မှန်းထားခဲ့ဖူးသည့် ကိစ္စတစ်ရပ်ကို သဘောပေါက်သွားတော့သည်။ 


သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲကို သစ္စာဖောက်တာမျိုး မရှိခဲ့ဘူး ထင်တယ် ...


အကြီးအကဲပိုင်က တကယ်ကို သူ့ဘက်တော်သားပဲ ...


တစ္ဆေဘုရင်က အပျော်လွန်သွားတော့သည်။ 


“ဒါဆို အကြီးအကဲပိုင်ကို ဒုက္ခပေးမိပြီ ...”


အကြီးအကဲပိုင်က ပြုံးကာ ပြောလိုက်သည်။ 


“မဟုတ်တာ ဘာမှ ဒုက္ခ မဟုတ်ပါဘူး ...”


သူကလည်း ကူညီချင်နေတာလို့ ...


ထို့အပြင် သူတို့ ယနေ့ ဖမ်းဆီးမိသူများအနက် သခင်ငယ်လေးကို တိုက်ခိုက်ခဲ့သည့် အဆင့်မြင့် ယဇ်ဆရာနှစ်ဦးနှင့် သစ္စာဖောက်အနည်းငယ် ပါဝင်နေခဲ့ရာ ...


သူကဖြင့် ဒီလူတွေကို အချက်တစ်သောင်းလောက် ခုတ်ထစ်ပြီး သတ်ပစ်ဖို့ကို မစောင့်နိုင်တော့ဘူး ...


အကြီးအကဲပိုင်က သူ့လူများကို ခေါ်ကာ ဖမ်းမိထားသည့် အုပ်စုကို ကိုင်တွယ်ရန် ထွက်သွားလိုက်သည်။ 


တစ္ဆေဘုရင်က တစ်ခဏမျှ စဉ်းစားပြီးနောက် .. အနောက်မှ လိုက်သွားလိုက်သည်။ 


အဲဒီ့လူတွေထဲမှာ တစ်ချို့က သူ့ရန်သူတွေလေ ....


သူက အစောပိုင်းနှစ်များကတည်းက လက်စားချေလိုခဲ့သော်ငြား မအောင်မြင်ခဲ့။ ယခု ရန်သူများက သူ့လက်ထဲ ရောက်လာရာ ... ကျိန်းသေ လှုပ်ရှားရတော့မည် ဖြစ်သည်။


သူ့သရုပ်မှန်အတွက်မူ .. သူ့သရုပ်မှန်ကို သိသွားပါလျှင် လုမိသားစုကို အနည်းနှင့်အများ ထိခိုက်နိုင်သည့်အတွက် အလွန် ဂရုစိုက်ခဲ့ရသည်။ 


ဒါပေမယ့် .. အခုပုံစံအရဆို ဆက်ပြီး စိတ်ပူနေဖို့ မလိုတော့ဘူးလို့ ထင်တာပဲ ...


ဒါက ပေါင်လုံးအကြီးကြီးကို ဖက်လိုက်မိတဲ့ အကျိုးကျေးဇူးများလား ...


တစ္ဆေဘုရင်က အလွန် စိတ်ကြည်လင်နေသည့်အတွက် လုကျင်းချန်းအနီးသို့ ပြုံးကာ ပြေးသွားလိုက်တော့သည်။ 


ထိုအပြုံးကို မြင်လိုက်ရသည့်အခါ လုကျင်းချန်းမှာ နှလုံးခုန်သံများ မြန်ဆန်သွားတော့သည်။ 


ဒီယောကျာ်းရဲ့ မျက်နှာလေးက အရမ်းကို ဆွဲဆောင်မှု ရှိတာပဲ .. ဒီမျက်နှာလေးကို မြင်နေရသရွေ့ ဘယ်လိုနည်းနဲ့မှကို ရိုက်နှက်နိုင်မှာ မဟုတ်ဘူး ...


မုန့်ယန်နှင့် အခြားလူများကလည်း ကိုယ်စီကိုယ်စီ တာဝန်ယူလိုက်ကြသည်။ သူတို့၏ ခံစားချက်များမှာ အလွန် ရှုပ်ထွေးနေကြသည့်အတွက် စက်ရုပ်များကဲ့သို့ လှုပ်ရှားလိုက်ကြတော့သည်။ 


မည်သူကမှ ရှဲ့ချင်၏ မျက်နှာမှာ ဤသို့ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ 


ရှစ်ဟိုင်ယွမ်က သက်ပြင်းကြီးစွာ ချလိုက်သည်။ 


“သူသာ အဲဒီ့အချိန်တုန်းက ငါ့ကို ဒီမျက်နှာလေးနဲ့ ရိုက်ခဲ့တယ်ဆိုရင် ...ငါထင်တယ် သူ့ဆီကနေ ပုန်းနေခဲ့မိမယ် မထင်ဘူး ဒီမျက်နှာလေးကို တွေ့ခွင့်ရအောင် နေ့တိုင်းတောင် လာကြည့်နေမိမှာ ...”


“မင်း .. မင်းက တကယ်ကြီး ယောကျ်ားတွေကို ကြိုက်တာလား ...”


ရှစ်ဟိုင်ယွမ်က အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ 


“မင်းလည်း သူ့ကြောင့် စိတ်မရှုပ်ထွေးခဲ့ဘူးလို့တော့ မပြောနဲ့နော် ...”


“ငါက နောက်ပိုင်း အသိပြန်ဝင်လာတယ်ကွ ...”


“ငါကရော ပြန်မဝင်ခဲ့လို့လား ...”


ရှစ်ဟိုင်ယွမ်က အခြားလူများနှင့် စတင်ကာ အငြင်းပွားလိုက်တော့သည်။ ၎င်းကို မြင်သည့်အခါ မုန့်ယန်က စကားစကို ဖြတ်လိုက်သည်။ 


“မင်းတို့တွေ ငြင်းခုန်နေတာ ရပ်လိုက်တော့ ... ရှဲ့ချင်က တစ်ယောက်ယောက်နဲ့ တူတယ်လို့ မထင်မိဘူးလား ...”


“ရှဲ့ယွင်နန်လိုလား ...”


တစ်ယောက်က ဖျတ်ခနဲ ဝင်ပြောလိုက်သည်။ 


မုန့်ယန်က ထိုသူကို ပြောစရာစကားပင် မရှိတော့ဟန်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ 


“သေချာစဉ်းစားကြည့်စမ်းပါ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်က .. လုမိသားစု ...’


ပြီးခဲ့တဲ့ နှစ် ၂၀ ကျော် .. လုမိသားစု ? …


ရှစ်ဟိုင်ယွမ်က လူတစ်ယောက်ကို ချက်ခြင်း တွေးမိသွားသည်။ 


“လုမိသားစုက ဒေါသအိုးမိန်းမကြီးရဲ့ ယောကျ်ားလား .. အဲဒီ့တစ်ယောက်ကဖြင့် ရှဲ့ချင်လောက် ကြည့်မကောင်းပါဘူး ဟုတ်တယ်မဟုတ်လား ...”


သူက ထိုအချိန်က အမျိုးသား၏ မျက်နှာကို ပြန်စဉ်းစားကြည့်လိုက်သည်။ သို့သော် ထိုသူမှာ ရှဲ့ချင်ကဲ့သို့ နှစ်လိုဖွယ် မကောင်းလှပေ။ 


နေပါဦး သူကဖြင့် ရှဲ့ချင်ရဲ့ ဆွဲဆောင်နိုင်စွမ်းကိုပါ ထပ်ပြီး မစဉ်းစားနိုင်တော့ဘူး ဖြစ်နေပြီ ... အကြာကြီး နေလာခဲ့လို့များ ထပ်ပြီး စိတ်မရှုပ်ထွေးနိုင်တော့တာများလား ....


မုန့်ယန်က ရှစ်ဟိုင်ယွမ်၏ မှန်းဆချက်ကို အတည်ပြုပေးလိုက်သည်။ 


“အဲဒီ့တစ်ယောက်ပဲ .. နာမည်တော့ မမှတ်မိတော့ဘူး ဒါပေမယ့် သူ့ပုံစံက ရှဲ့ချင်နဲ့ တော်တော်လေးကို ဆင်တူတယ် ...”


တစ်ယောက်က အံ့ဩတကြီး ပြောလိုက်သည်။ 


“ရှဲ့ချင်က အဲဒီ့တစ်ယောက်များလား ...”


ရှစ်ဟိုင်ယွမ်က ပြောလိုက်သည်။ 


“ဒီကိစ္စက ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး ... အလုပ်ပဲ ဆက်လုပ်ကြမလား ...”


ရှဲ့ချင်က အဲဒီ့လူ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့နဲ့မှ မဆိုင်တာ ...


ထိုစကား ကြားသည့်အခါ မုန့်ယန်က သူ့ကို အရူးတစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။ 


“မင်းက ဒီလောက်လေးပဲ တွေးနိုင်တာလား .. ငါတို့က သွမ့်ချန်ချင်းကို တစ္ဆေဘုရင်လို့ပဲ အမြဲတမ်း ထင်ထားခဲ့တာလေ ဒါပေမယ့် ရှဲ့ချင် ပြောသွားခဲ့တဲ့ စကားအရရယ် ပြီးတော့ အကြီးအကဲပိုင်ရဲ့ တုန့်ပြန်ပုံအရရယ်ဆို .. သွမ့်ချန်ချင်းက လုံးဝကို တစ္ဆေဘုရင် မဖြစ်နိုင်ဘူး .. သူက ယဇ်ဆရာအကြီးအကဲရဲ့ ဘေးက လူပဲ ... ဒါဆို တစ္ဆေဘုရင်က ဘယ်သူလဲ ...”


နက်နက်ရှိုင်းရှိုင်း တွေးလေလေ မုန့်ယန်က တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလာလေပင် ဖြစ်သည်။ 


သွမ့်ချန်ချင်းက တစ္ဆေဘုရင် မဟုတ်ဘူးလား သူက ဘယ်လိုလုပ် ယဇ်ဆရာအကြီးအကဲရဲ့ ဘေးကလူ ဖြစ်လာရတာလဲ ...


တစ္ဆေဘုရင်ကရော ဘယ်သူလဲ ...


တစ္ဆေဘုရင်၏ ငယ်သားများက ရှဲ့ချင်၏ စကားကို နာခံကာ တစ္ဆေဘုရင်နှင့် ဆက်ဆံရေး ကောင်းမွန်သူများကလည်း ရှဲ့ချင်ကို ညီအစ်ကိုဟု ခေါ်ဝေါ်ကြကြောင်း တွေးမိသည့်အခါ ... အဖြေတစ်ခု ပေါ်ထွက်လုမတတ် ဖြစ်လာတော့သည်။ 


“မင်းတို့က သွမ့်ချန်ချင်းကို တစ္ဆေဘုရင်လို့ ထင်နေကြတာလား ...”


တစ်ယောက်က ရေရွတ်လိုက်သည်။ 


ယနေ့မတိုင်ခင်အထိ သူတို့အားလုံးနီးပါးသည် သွမ့်ချန်ချင်းကို အားနည်းသည့် ကြက်ပေါက်စတစ်ကောင်ဟုသာ ထင်ထားခဲ့ကာ မည်သူကမှ သူသည် တစ္ဆေဘုရင်ဖြစ်ကြောင်း သိမထားခဲ့ပေ။ 


မုန့်ယန် “...”


မုန့်ယန်နှင့် အခြားလူများက အဆုံးမဲ့စွာ ဆွေးနွေးနေကြစဉ် သွမ့်ချန်ချင်းက ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်ကို ကူညီကာ စစ်ဆေးပေးနေသည်။ 


ရှဲ့ယွင်နန်၏ ဗိုက်တွင် ဒဏ်ရာတစ်ခု ရှိနေသော်ငြား .. ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာမှာ မပြင်းထန်။


“တကယ်ကို အဆင်ပြေပါတယ် ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။


သူက ထိုကဲ့သို့ ပြောခဲ့သော်ငြား သူ့အဖော်သားရဲကမူ တဝူးဝူး ငိုကြွေးကာ သွမ့်ချန်ချင်း၏ အနီးသို့ ချဉ်းကပ်လာ၏။ စိုစွတ်နေသည့် မျက်ဝန်းများဖြင့်အတူ မြေပေါ်သို့ ပက်လက်လှန်ကာ ဗိုက်ကို လှစ်ဟပြလျက် သူ့ကို ဖက်ပေးရန် တောင်းဆိုသည့် အကြည့်များဖြင့် ကြည့်နေလိုက်သည်။ 


သွမ့်ချန်ချင်းကလည်း ရှောင်ပိုင်ကို ပွေ့ဖက်ကာ အကြိမ်အနည်းငယ်ခန့် နမ်းပေးပြီးနောက် စိတ်စွမ်းအင်အချို့ကို လွှဲပြောင်းပေးလိုက်သည်။ ရှောင်ပိုင်ကလည်း သူ့မျက်နှာကို လျာဖြင့်လျက်ကာ တဝူးဝူး ငိုကြွေးလိုက်ပြန်၏။ 


ရှဲ့ယွင်နန်၏ မျက်နှာမှာ တစ်မဟုတ်ချင်း နီမြန်းသွားတော့သည်။ 


ရှောင်ပိုင် .. ဒီခွေးသား ....


သွမ့်ချန်ချင်းက မျက်နှာတစ်ခုလုံး နီမြန်းနေသည့် ရှဲ့ယွင်နန်ကို ချောင်းကြည့်ကာ ချောင်းအသာဟန့်၍ ရှောင်ဟွားကို အပြင်ထုတ်လိုက်ပြီး ရှဲ့ယွင်နန်၏ ဗိုက်ပေါ်တွင် လှဲနေစေလိုက်သည်။ 


ရှဉ့်ပေါက်စလေးက ရှဲ့ယွင်နန်၏ ဗိုက်သားကို အနမ်းပေးလိုက်၏။ 


ရှဲ့ယွင်နန် “...”


ပြဿနာပဲဟေ့ ...



ရှဲ့ယွင်နန်က သူ့ကို စနောက်နေသည့် ရှဉ့်ပေါက်လေးအား လက်ထဲထည့်ကာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သွမ့်ချန်ချင်းကို လှမ်းကြည့်လိုက်၏။ 


“ကိုယ်တို့ နောက်ထပ် ဘာလုပ်ရမှာလဲ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“မြင့်မြတ်မြို့တော်ကို တိုက်ခိုက်ကြမလား ...”