အပိုင်း ၈၉
Viewers 7k

Chapter 89




ဆေးဖက်ဝင်အပင်များဖြင့် နေ့တိုင်း ဆေးရည်စိမ်နေပြီးနောက် သွမ့်ချန်ချင်း၏ ခန္ဓာကိုယ်သည် များစွာ တိုးတက်လာသည့်တိုင် အပြည့်အဝ ကောင်းမွန်ခြင်းတော့ မရှိသေးပေ။ 


ဘုရင်ကို အနိုင်တိုက်ရန် သူခိုးကို အရင်ဖမ်းရပေမည်။ တိုက်ခိုက်သူများနှင့် နှိုင်းယှဉ်ပါလျှင် ယဇ်ဆရာများက ပိုပြီး အင်အားနည်းပါးကြသည်။ ထို့ကြောင့်လည်း သွမ့်ချန်ချင်းက ယဇ်ဆရာနှစ်ဦးကို ဦးစွာ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ 


သို့သော် ယဇ်ဆရာနှစ်ဦးနှင့် ဘေးနားရှိ နဝမအဆင့် တိုက်ခိုက်သူများကို ကိုင်တွယ်ပြီးနောက် သူက ချက်ခြင်း ရပ်တန့်လိုက်တော့သည်။ 


နေရာတကာ သူ့ကိုပဲ အကုန် လိုက်လုပ်ခိုင်းနေလို့ မဖြစ်ဘူးလေ မဟုတ်ဘူးလား ...


“ယွင်နန် ခင်ဗျားက ဒီလူတွေကို ဆက်ပြီး ဖြေရှင်းထားလိုက်တော့ ကျွန်တော် အကြီးအကဲပိုင်ကို သွားတွေ့လိုက်ဦးမယ် ..."


သူက ပြောလိုက်သည်။ 


စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးလုံး မြေပေါ် လဲကျသည်အထိ အရိုက်ခံလိုက်ရကြောင်း တွေ့လိုက်သည့်အခါ သူတို့နှင့်အတူ လိုက်လာသူအားလုံး၏ တိုက်ခိုက်ရေးစိတ်ဓာတ်များ ပြိုလဲသွားသည့်အတွက် ရှဲ့ယွင်နန်က ကျန်ရစ်နေသူအားလုံးကို အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။ 


အကြီးအကဲပိုင်အတွက်မူ ...


ထိုသူများက သူနှင့် ရှဲ့ယွင်နန်ကို လာတိုက်ခိုက်နေရာ အကြီးအကဲပိုင်ကိုလည်း အလွတ်ပေးကြလိမ့်မည် မဟုတ်ပေ။ 


သွမ့်ချန်ချင်းက ဤတစ်ကြိမ်တွင် ထိုလူများနှင့် စာချုပ်မချုပ်ခဲ့။ ၎င်းက အချိန်များစွာ ပေးရသည့်အပြင် သူ့တွင် ထိုသို့လုပ်နိုင်ရန် ခွန်အားလည်း ရှိမနေသေးချေ။ 


ထို့နောက် အကြီးအကဲပိုင်နှင့် အခြားသူများ နေထိုင်ရာ အဆောက်အဦးသို့ ထွက်လာလိုက်သည်။ 


အကြီးအကဲပိုင်မှာလည်း တိုက်ခိုက်ခံနေရ၏။ 


ထိုနေရာတွင် စီနီယာအဆင့် ယဇ်ဆရာနှစ်ဦး ရှိမနေသည့်တိုင် မြင့်မြတ်မြို့တော်မှ မြောက်များစွာသော အလယ်အလတ်အဆင့် ယဇ်ဆရာများသာမက အဆင့်မြင့်တိုက်ခိုက်သူများလည်း အများအပြား ရှိနေသည်။ 


အကြီးအကဲပိုင်၏ ဘက်တွင်မူ .. သူသည် ဟုန်ယဲ့မြို့သို့ လူအချို့ ခေါ်ဆောင်လာသည့်တိုင် ပမာဏအားဖြင့် မများလှ။ ဤရက်ပိုင်းအတွင်း သူက မြင့်မြတ်မြို့တော်ရှိ သူ့ငယ်သားများအား ဆက်သွယ်ကာ ဟုန်ယဲ့မြို့တွင် သူ့ကို လာရှာရန် ပြောခဲ့သော်ငြား နှစ်သစ်ကူးကာလ ဖြစ်သည့်အတွက် လာရောက်သူမှာ မများလှချေ။ 


မြောက်များစွာသော တိုက်ခိုက်သူများနှင့် ရင်ဆိုင်ရသည့်အခါ အကြီးအကဲပိုင်လည်း တိုက်ပွဲထဲသို့ ကိုယ်တိုင် ဝင်ရောက်လိုက်ရတော့သည်။ 


သူက အသက်အားဖြင့် မငယ်တော့သည့်အပြင် ခန္ဓာကိုယ်မှာလည်း မကောင်းလှ။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် လုံလောက်သော တိုက်ပွဲ အတွေ့အကြုံများ ပိုင်ဆိုင်ထားသည့်အပြင် ကြံ့ခိုင်သန်စွမ်းနေသေးသော်ငြား .. သူပင် ထိန်းမထားနိုင်လောက်သည့် အခြေအနေသို့ ရောက်ရှိစ ပြုလာတော့သည်။ 


အကြီးအကဲပိုင်ကလည်း သူသည် ကြာမြင့်စွာ နေရတော့မည် မဟုတ်ကြောင်း သိထား၏။ 


ထိုသူများက သူ့ကိုပင် ရှာတွေ့နိုင်ကြရာ သခင်ငယ်လေးကိုလည်း ကျိန်းသေ ရှာတွေ့သွားကြလောက်မည် ဖြစ်သည်။ 


အဲဒီ့လူတွေကသာ သူ့ကို သတ်ပြီးနောက်ပိုင်း သခင်ငယ်လေးဆီ အုပ်စုလိုက် ချီတက်သွားကြမယ်ဆိုရင် ...သခင်လေးက သူတို့ကို ဟန့်တားနိုင်ပါ့မလား ...


သူ့ကို ဟိန်းဟောက်နေသည့် ကြောက်မက်ဖွယ် အဖော်သားရဲကို မြင်လိုက်ရသည့် တစ်ခဏ၌ အကြီးအကဲပိုင်သည် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။ 


သူ့ခွန်အားနှင့်သာဆိုလျှင် .. ဖောက်ခွဲလိုက်သည့်အခါ ရှေ့တွင် ရှိနေသည့် ရန်သူများကအစ အသားတစ်စ မကျန်အောင် သေဆုံးသွားကြမည်ဖြစ်သည်။ 


ထိုသို့ တွေ့ပြီးနောက် အကြီးအကဲပိုင်သည် သူ့အဖော်သားရဲဖြစ်သော ဧရာမ လိပ်ကြီးကို ဆင့်ခေါ်ကာ လမ်းကို ရှင်းလင်းပြီးနောက် တိုက်ခိုက်ရန် ရောက်လာသူများထံ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။ 


“အကြီးအကဲပိုင် ...”


ထိုစဉ် သွမ့်ချန်ချင်း၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ 


အကြီးအကဲပိုင်က တစ်ခဏမျှ ရပ်တန့်သွားကာ သူ့အင်အားများ အားလုံးကို စုစည်း၍ ကိုယ့်ကိုယ့်ကိုယ် ဖောက်ခွဲမည့် လုပ်ငန်းစဉ်အား ရပ်တန့်လိုက်တော့သည်။ သို့မဟုတ်ပါလျှင် သူက သွမ့်ချန်ချင်းကိုပါ ထိခိုက်စေမိသွားပေလိမ့်မည်။ 


သူက လက်လျော့လိုက်သည့်တိုင် တိုက်ခိုက်သူများက နောက်ဆုတ်မသွား။ သို့သော် ကံကောင်းသည့်အချက်မှာ သူ့အဖော်သားရဲသည် အားကောင်းသည့် ခုခံရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် လိပ်တစ်ကောင် ဖြစ်နေပေသည်။ သူက အော်ဟစ်လိုက်မိသည့်တိုင် များစွာ ထိခိုက်မသွားချေ။ 


“အကြီးအကဲပိုင် ...”


သွမ့်ချန်ချင်းက ချက်ခြင်း သူ့အနားသို့ ရောက်သွားသည်။ 


တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ရောက်သည့်အခါ အကြီးအကဲပိုင်၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသည့် အသက်ရှူသံများကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ့အကြံအစည်ကို ချက်ခြင်း ခန့်မှန်းမိလိုက်သည်။ သူက အကြီးအကဲပိုင်ကို ထိခိုက်စေသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု တစ်ကြိမ်မှ တွေးမထားဖူးသည့်အတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားတော့သည်။ 


သူက အကြီးအကဲပိုင်၏ ဒဏ်ရာများကို စမ်းသပ်ဖူးကာာ သူ့အတွက် ဆေးများပင် ပြင်ဆင်ပေးခဲ့ဖူးသည်။ သို့သော် ယခုအချိန်အထိ အကြီးအကဲပိုင်ကို အချိန်တစ်ခုပေးက စကားမပြောဖူးခဲ့။


အကြီးအကဲပိုင်၏ ဘေးနားသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း သူ့ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ထည့်ပေးလိုက်သည်။ 


ထိုဆေးလုံးက ပါးစပ်ထဲတွင် အရည်ပျော်သွားသည်နှင့်တစ်ပြိုင်နက် အကြီးအကဲပိုင်သည် သူ့ခန္ဓာကိုယ်ထဲသို့ အနွေးစီးကြောင်းတစ်ခု ဖြတ်သန်းသွားကြောင်း သတိပြုမိလိုက်သည်။ ထိုခံစားချက်မှာ သူ့ထက်ပင် အင်အားကြီးမားသည့် ယဇ်ဆရာတစ်ဦး၏ ကုသခြင်းကို ခံယူလိုက်ရသည့်အတိုင်းပင်။ 


မဟုတ်သေးဘူး .. အခုလည်း သူ့ထက် အင်အားပိုကြီးတဲ့ ယဇ်ဆရာတစ်ယောက်ရဲ့ ကုသတာကို ခံနေရတာပဲလေ ...


လက်ရှိ သူခံစားနေရသည့် ဒဏ်ရာအားလုံး တစ်မဟုတ်ချင်း တိုးတက်ကောင်းမွန်လာကာ သူ့ခန္ဓာကိုယ်မှာလည်း ယခင်ထက် ပေါ့ပါးပြီး ချက်ခြင်းလက်ငင်း နုပျိုသွားသယောင် ခံစားမိလိုက်တော့သည်။


“သွမ့်ချန်ချင်း ...”


ထိုအချိန်တွင် အကြီးအကဲပိုင်ကို တိုက်ခိုက်ရန် ရောက်လာသူများက သွမ့်ချန်ချင်းကို မှတ်မိသွားကြပြီး အနည်းငယ်လည်း အံ့ဩမိသွားကြတော့သည်။ 


သူတို့က သွမ့်ချန်ချင်းကို အလွယ်တကူပင် သတိပြုမိခဲ့ကြ၏။ 


ဒါက ရှဲ့ယွင်နန်ရဲ့ ဘေးနားက မျက်နှာဖြူဖြူနဲ့ ကောင်လေး မဟုတ်ဘူးလား .. ပြောကြတာတော့ သူ့အတိတ်က တော်တော်လေးကို မကောင်းဘူးတဲ့ ...


ဒီတစ်ယောက်က ဘယ်ကနေ ရုတ်တရက်ကြီး ထွက်လာတာလဲ ...


သူက အရမ်းကို အင်အားကြီးပါတယ်ဆိုတဲ့ ပုံစံမျိုးတောင် လုပ်နေလိုက်သေးတယ် ...


အကြီးအကဲပိုင်၏ ဘက်တော်သားများသည်ပင် ကြောင်အသွားကြ၏။ 


အကြီးအကဲပိုင်က သူတို့အား သွမ့်ချန်ချင်း၏ သရုပ်မှန်အကြောင်း မပြောပြထားသည့်အတွက် သူတို့ကလည်း သွမ့်ချန်ချင်းကို အထင်အမြင် သေးခဲ့ဖူးကြသည်။ 


ယခုမူ ...


သွမ့်ချန်ချင်းကို ကြည့်ရတာ အရမ်းကို အင်အားကြီးတဲ့ လူလိုပဲနော် ...


သွမ့်ချန်ချင်းကလည်း သူ့ခွန်အားကို သဘာဝကျကျ သက်သေပြလိုက်သည်။ 


သူက အကြီးအကဲပိုင်ကို ပိတ်ဆို့ထားသူများအား အချင်းချင်း ဆက်သွယ်ခွင့်ပင် မပေးဘဲ ချက်ခြင်း ဖမ်းဆီးလိုက်သည်။ 


ပြဿနာများကို ဖြေရှင်းပြီးနောက် သူက အကြီးအကဲပိုင်ကို ပြောလိုက်ည်။ 


“အကြီးအကဲပိုင် ကျွန်တော်နဲ့အတူ မြို့အရှင်ရဲတိုက်ကို ပြန်သွားဖို့ လိုက်ခဲ့ပေးပါ ... မဟုတ်သေးဘူး ကျွန်တော် နေနေတဲ့ နေရာကို ပြန်သွားဖို့လို့ ပြောတာ ...”


မြို့အရှင်၏ ရဲတိုက်မှာ ပျက်စီးသွားပြီ ဖြစ်သော်ငြား သူနှင့် ရှဲ့ယွင်နန်တို့ နေထိုင်ခဲ့ဖူးသည့် အိမ်တော်မှာမူ ကျန်ရစ်နေသေးသည့်အတွက် ထိုနေရာသို့သာ အရင် သွားလိုက်သည်။ 


ရှဲ့ယွင်နန်နဲ့ ကျန်တဲ့သူတွေလည်း အဲဒီ့ကို ရောက်နေကြလောက်ပြီ ...


ရှဲ့ယွင်နန်တို့မှာ အမှန်တကယ်လည်း ထိုနေရာတွင် ရောက်နေကြပေသည်။ သွမ့်ချန်ချင်း ရောက်သွားသည့်အခါတွင် ရှဲ့ယွင်နန်နှင့် အခြားသူအားလုံး ထိုနေရာတွင် စုရုံးရောက်ရှိနေကြပြီး ဖြစ်သည်။ 


သွမ့်ချန်ချင်းက နဝမအဆင့် တိုက်ခိုက်သူများနှင့် စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးကို အနိုင်ယူပြီးသည့်နောက် အခြား တိုက်ခိုက်ရေးသမားများမှာ တိုက်ပွဲဝင်စိတ်ဓာတ် ပျက်ယွင်းကာ အခက်တွေ့ကုန်ကြတော့သည်။ ထို့ကြောင့် အလျင်အမြန်ပင် တစ္ဆေဘုရင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ကြရတော့သည်။ 


လုကျင်းချန်းနှင့် သွမ့်ချန်ချင်းကို တိုက်ခိုက်ခဲ့ကြသူ နှစ်ဦးကိုမူ သွမ့်ချန်ချင်းက ပြန်လာရာ လမ်းတစ်လျှောက်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။ ထိုသူများက အစောပိုင်းတွင် ဖြစ်ပျက်သွားသည့် အခြေအနေကို သဘောမပေါက်သေး။ သို့သော် အခြေအနေအားလုံးကို သိရပြီးနောက် မုန့်ယန်တို့ နည်းတူပင် အသာတကြည် လက်ခံလိုက်တော့သည်။ 


တိုက်ခိုက်သူများကို ကိုင်တွယ်ပြီးနောက် အားလုံးက သူတို့ နေခဲ့ရာ ရဲတိုက်သို့ ပြန်သွားကာ ... သွမ့်ချန်ချင်းအကြောင်း တစ်ယောက်တစ်ပေါက် ဆွေးနွေးလိုက်ကြတော့သည်။ 


သွမ့်ချန်ချင်းက ... တကယ်ကို အံ့ဩစရာပဲ ...


ရှချင်မှာ တွေးလေလေ တစ်ခုခုက မှားယွင်းနေသည်ဟု ခံစားမိလာလေ ဖြစ်သည်။ သူမက တစ္ဆေဘုရင်ကို မေးလိုက်သည်။ 


“ဘော့စ် သွမ့်ချန်ချင်းရဲ့ အကြောင်းကို သိနေပြီသားလား ...”


တစ္ဆေဘုရင်က ပြန်မေးလိုက်သည်။ 


“ဘယ်လိုထင်လဲ ...”


ရှချင် “...”


ဘော့စ်က တကယ်ကြီး သိနေခဲ့တာပဲ ...


ထိုအချိန်တွင် သူ့အနီးသို့ အခြားလူများပါ ရောက်လာသည်။ 


“ဘော့စ် ဘော့စ်ရဲ့ အဖော်သားရဲက ရှဲ့ယွင်နန်နဲ့ တူနေတယ်နော် အဲဒါကြောင့် သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာလား ...”


တစ်ယောက်က ခွေး၊ ကျန်တစ်ယောက်က မြေခွေး ဖြစ်သည့်တိုင် ထိုသူနှစ်ဦး၏ အဖော်သားရဲများမှာ အလွန် ဆင်တူလှပေသည်။ 


“ဟုတ်တယ် ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


“ဘော့စ်က တကယ်ကို အမြင်ကောင်းတာပဲ ...”


ထိုလူက ထပ်ပြောလိုက်ပြန်သည်။ 


တစ္ဆေဘုရင်၏ အနီးရှိ လူများက သူနှင့် ရှဲ့ယွင်နန်၏ ဆက်ဆံရေးကို သံသယ မဝင်မိကြပေ။ 


တစ္ဆေဘုရင်က သူ့အတိတ်အကြောင်း မပြောခဲ့ဖူး။ ထို့အပြင် သူ့တွင် သားတစ်ဦး ရှိခဲ့သည့်အကြောင်းလည်း မပြောပြခဲ့ဖူးရာ အားလုံးက သူ့ကို သူတို့နည်းတူ တစ်ကိုယ်တည်းသမားဟုသာ ထင်နေခဲ့ကြသည်။ 


ရှဲ့ဟူသည့် မျိုးရိုးနာမည်အတွက်မူ .. အပြင်လူများ မသိကြသည့်တိုင် သူတို့ကမူ ထိုနာမည်မှာ အမည်ဝှက်သပ်သပ်သာဖြစ်ကြောင်း သိထားကြပေသည်။ 


တစ္ဆေဘုရင်၏ ငယ်သားများက သူနှင့် ရှဲ့ယွင်နန်အကြား ဆက်ဆံရေးကို ဝေးဝေးလံလံ မတွေးမိ။


ရှဲ့ယွင်နန်မှာ မွေးစားခံထားရသူဖြစ်ကြောင်း သိထားသူမှာလည်း မများလှချေ။ အားလုံးက သူ့ကို ဆင်ခြေဖုံးဒေသတွင် ကြီးပြင်းလာသူအဖြစ်သာ သိထားကြသည်။ 


ဆင်ခြေဖုံးဒေသမှာ မွေးလာတဲ့လူက နဝမအဆင့် တိုက်ခိုက်သူနဲ့ ပတ်သက်မိစရာ အကြောင်းမှ မရှိတာ ...


ငယ်သားများကို မောင်းထုတ်ပြီးနောက် တစ္ဆေဘုရင်က ရှဲ့ယွင်နန်၏ အခြေအနေကို သွားကြည့်ရန် ပြင်လိုက်သည်။ သို့သော် အနားသို့ပင် မရောက်သေး၊ လုကျင်းချန်း၏ မောင်းထုတ်ခြင်းကို ခံလိုက်ရသည်။ 


“ရှင်က ညစ်ပတ်တယ် ဝေးဝေးသွားနေ ...”


ထို့နောက် သူမက ရှဲ့ယွင်နန်၏ အဝတ်အစားများတွင်ပါ စွန်းထင်းသွားမည်ကို စိုးရိမ်စိတ်ကြောင့် လက်များကို လက်ကိုင်ပဝါဖြင့် နောက်တစ်ကြိမ် သုတ်လိုက်ပြန်သည်။ 


တစ္ဆေဘုရင် “...”


ဇနီးလေးက သားလည်း ရှိသွားရော ကိုယ့်ယောကျ်ားကိုယ် မေ့သွားတာလား ...


လုကျင်းချန်း၏ ပုံစံကို ကြည့်ရုံဖြင့်ပင် သူမက ဒဏ်ရာရထားခြင်း မရှိကြောင်း သိလိုက်သည်။ သူမကို ရန်မစရဲသည့်အတွက် တစ္ဆေဘုရင်က ရှဲ့ယွင်နန်နှင့်သာ စကားပြောနေလိုက်တော့သည်။ 


“ယွင်နန် စောစောက မင်းကို ရိုက်သွားကြသေးတယ် မဟုတ်လား ဒဏ်ရာရမသွားဘူးလား ...”


“အဆင်ပြေပါတယ် ...”


“အရိုက်ခံလိုက်ရတယ် ဟုတ်လား ... အဲဒီ့လူတွေက တအားကို ကြမ်းတမ်းကြတာကို ဘယ်လိုလုပ် အဆင်ပြေမှာလဲ .. ငါ့ကို ပြ ...”


လုကျင်းချန်းက သူ့ဒဏ်ရာများကို ကြည့်လိုစိတ် ဖြစ်လာတော့သည်။ 


“ကျွန်တော်က တကယ်ကို အဆင်ပြေတာပါ ...”


သွမ့်ချန်ချင်း၏ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။ 


တစ္ဆေဘုရင်ကလည်း လုကျင်းချန်း၏ လုပ်ရပ်ကို အလွန် သဘောတူခဲ့သည်။ သူက ရှဲ့ယွင်နန်၏ အင်္ကျီကို ဆွဲလှန်ကာ လုကျင်းချန်းကို ပြောလိုက်သည်။ 


“အဲဒီ့လူတွေက သူ့ဗိုက်ကို ရိုက်သွားကြတာ ...”


ဇနီးမောင်နှံနှစ်ဦး ပူးပေါင်းကာ ရှဲ့ယွင်နန်၏ အင်္ကျီကို ဆွဲလှန်ရန် ကြိုးပမ်းလိုက်သည်။ 


ထိုစဉ် သွမ့်ချန်ချင်း ရောက်လာ၏။ 


ဘေးမှ ပွဲကြည့်နေကြသူများ “...”


တစ္ဆေဘုရင်နဲ့ သူ့မိတ်ဆွေက အရမ်းကို ရဲတင်းလွန်းတာပဲ သူတို့က နှစ်ယောက်ပေါင်းပြီးတောင် ရှဲ့ယွင်နန်ကို ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်ကြသေးတယ် ...


ထားပါ ဘာပဲဖြစ်ဖြစ် သွမ့်ချန်ချင်း ရောက်လာပြီပဲဟာ ...


သွမ့်ချန်ချင်း၏ လုပ်ရပ်များကို အကဲဖြတ်ရလျှငင် သူသည် နတ်ဘုရားအဆင့် တိုက်ခိုက်သူတစ်ဦး ဖြစ်နိုင်ချေ များပေသည်။ မည်သည့်အကြောင်းကြောင့် နတ်ဘုရားအဆင့် တိုက်ခိုက်သူတစ်ဦးက ရှဲ့ယွင်နန်ကို လက်ထပ်ကာ သာမန်လူအဖြစ် ဟန်ဆောင်နေကြောင်း မသိရသည့်တိုင် သွမ့်ချန်ချင်း၏ အင်အားမှာမူ ရှင်းလင်းပြတ်သားနေပြီ ဖြစ်သည်။ 


ရှဲ့ချင်နဲ့ ဟိုတစ်ယောက်က သွမ့်ချန်ချင်းကို ရှေ့ထားပြီးတောင် ရှဲ့ယွင်နန်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ရဲတယ် ... ဒီလူတွေက သွမ့်ချန်ချင်း ရိုက်မှာကို မကြောက်ကြဘူးလား ...


ဒါနဲ့ အစက ရှဲ့ယွင်နန်က ဆင်ခြေဖုံးဒေသမှာ နေတဲ့ သာမန်လူတစ်ယောက်ပဲ မဟုတ်ဘူးလား သွမ့်ချန်ချင်းက နတ်ဘုရားအဆင့် တိုက်ခိုက်သူလေ .. ဘာလို့ သူ့ကို လက်ထပ်ခဲ့တာလဲ ...


တစ်ခဏအကြာတွင် အသံအားလုံး ပျောက်ကွယ်သွားတော့သည်။ တစ္ဆေဘုရင်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိ၍ မော့ကြည့်လိုက်သည့်အခါ သွမ့်ချန်ချင်းကို တွေ့လိုက်သည်။ 


“ယွင်နန်က ဗိုက်ကို အရိုက်ခံထားရတာ သူက ငါတို့ကို မပြဘူး လုပ်နေလို့ သူ ဒဏ်ရာရသွားလား ကြည့်ကြည့်လိုက်ပါဦး ..."


သားဖြစ်သူက ရှက်ကာ သူ့ဗိုက်ကို ပြသရန် ငြင်းဆန်နေသည့်အတွက် သူလည်း သွမ့်ချန်ချင်းအား စစ်ဆေးခိုင်းရန်သာ ရှိတော့သည်။ 


“ကျွန်တော် ယွင်နန်ကို ရေချိုး အဝတ်အစားလဲဖို့ ခေါ်သွားလိုက်ဦးမယ် ကျေးဇူးပြုပြီး ဒီက ကိစ္စတွေကို ကိုင်တွယ်ထားပေးပါဦး ...”


ထိုသို့ ပြောပြီးနောက် သူက ရှဲ့ယွင်နန်ကို သူတို့အိပ်ခန်းထဲသို့ ပြန်ခေါ်သွားလိုက်တော့သည်။ 


စောင့်ကြည့်နေကြသူများ “...”


ဒီသုံးယောက်က အရမ်းကို ဟန်ချက်ညီနေသလိုပဲနော် .. ဘာတွေ ဖြစ်ကုန်တာလဲ ...


အတွေးထဲ နစ်မြုပ်နေကြစဉ် တစ္ဆေဘုရင်က သူတို့ကို လုပ်ရမည့် တာဝန်များကို ခွဲဝေညွှန်ကြားပေးလိုက်သည်။ သူက လုရှောင်ရန်နှင့် ပိုင်ယဲ့ကိုလည်း တာဝန်များ အများအပြား ပေးလိုက်၏။


လုရှောင်ရန်က မျက်နှာသေဖြင့်ပင် တာဝန်များကို လက်ခံယူလိုက်သော်ငြား ပိုင်ယဲ့ကမူ အလွန်ပျော်ရွှင်သွားသည့်ဟန်။ 


ဒီလူတွေက တကယ် .. အရမ်းကို ဟန်ချက်ညီလွန်းနေတာပဲ ...


ဘော့စ်နှင့် လုရှောင်ရန်က ရှဲ့ယွင်နန်ကို ကြိုက်နေခြင်းမဟုတ်ဟု ယုံကြည်ထားသူ ရှချင်ပင်လျှင် အနည်းငယ် ပဟေဠိ ဖြစ်သွားတော့သည်။ 


အနီးအနားတွင် ရပ်နေသည့် အကြီးအကဲပိုင်ကလည်း ထပ်တူ ပဟေဠိ ဖြစ်မိနေ၏။ 


သွမ့်ချန်ချင်းက သူနှင့် ရှဲ့ယွင်နန်၏ အကြောင်းကို ပြောပြကာ အပြင်ဘက်တွင် ပျံ့နှံ့နေသည့် ကောလဟာလများမှာ ပေါက်ကရစကားများသာ ဖြစ်ကြောင်း ပြောပြခဲ့ဖူးသော်ငြား .. လူအများအပြား၏ အတင်းစကားများကို ကြားနေရရာ ...


သူတို့ ဟုန်ယဲ့မြို့တော်ကို သိမ်းပိုက်ပြီးနောက် ခိုလှုံသူ အများအပြား ရောက်လာပြီး ၎င်းတို့အနက် တစ္ဆေဘုရင်နှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးလည်း ပါဝင်သည်။


သူက ရှဲ့ချင်သည် တစ္ဆေဘုရင်ဖြစ်ကြောင်း သိထားသည့်အပြင် တစ္ဆေဘုရင်၏ ကြမ်းကြုတ်ရက်စက်သည့် အမှောင်ဘက်ခြမ်းကိုလည်း သိထားရာ ရှဲ့ယွင်နန်ကို အလွန် ကောင်းမွန်စွာ ဆက်ဆံသည်အား မြင်တွေ့လိုက်သောအခါ ပဟေဠိ ဖြစ်မိသွားတော့သည်။ 


ထိုအချိန်တွင် သူက အနားသို့ ရောက်လာကာ မေးလိုက်သည်။ 


“လူအိုကြီးရှဲ့ .. သွမ့်ချန်ချင်းက တကယ်ကို ဘယ်သူကြီးလဲ ...”


တစ္ဆေဘုရင်က အကြီးအကဲပိုင်ကို လှမ်းကြည့်လိုက်သည်။ သူက အကြီးအကဲပိုင်ကို သိထားသည့်အပြင် ထိုသူနှင့် သွမ့်ချန်ချင်း၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်လှကြောင်း မြင်တွေ့နေရသည့်အခါ သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲ၏ နံဘေးရှိ လူတစ်ဦးဖြစ်သည်ဆိုသည့် သူ့ယူဆချက်ကို ပိုမိုပြီး ယုံကြည်လာတော့သည်။ 


ယခင်က ထိုအကြောင်း ထုတ်ပြောရန် ခဲယဉ်းခဲ့သော်ငြား ယခုမူ ထုတ်ပြောသည့်တိုင် အဆင်ပြေသည့် အခြေအနေသို့ ရောက်နေပေသည်။ 


“သူက ယဇ်ဆရာအကြီးအကဲရဲ့ ဘေးနားကလူ ...”


အားလုံးက သွမ့်ချန်ချင်းကို တိုက်ခိုက်သူ ဖြစ်လိမ့်မည်ဟု မှန်းဆထားကြရာ ထိုစကား ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း သဘောပေါက်သွားတော့သည်။ 


တကယ်တော့ သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲကို စောင့်ရှောက်ရတဲ့ တိုက်ခိုက်သူ ဖြစ်နေတာကိုး .. သူ အရမ်းသန်မာတာ မထူးဆန်းတော့ပါဘူး ...


အကြီးအကဲပိုင်မှာ ပြောစရာစကားပင် ရှာမတွေ့တော့။ 

 

သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲကွ ...


ထိုစဉ် တစ္ဆေဘုရင်၏ မိတ်ဆွေဆိုသူက ထပ်ပြောလိုက်ပြန်သည်။ 


“ဒီလိုဆိုမှတော့ .. အင်း(သက်ပြင်းချလိုက်ပြီး) လောင်ရှဲ့ မင်းလည်း သူ့အခြေအနေကို သိနေတာပဲကွာ ဘာလို့ ရှဲ့ယွင်နန်နဲ့ ဝေးဝေးနေဖို့ မတွေးရတာလဲ မင်းက သူ့ကို ကြိုက်တယ်ဆိုရင်တောင် သူ့စိတ်ထဲက မပျော်မရွှင် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ .. နေပါဦး သူက တုန့်ပြန်တဲ့ပုံလည်း မပေါ်ဘူး .. မဟုတ်မှလွဲရော ...”


သွမ့်ချန်ချင်းမှာ ထူးထူးခြားခြား ဝါသနာတွေ ရှိနေတာတော့ မဟုတ်လောက်ပါဘူးနော် ...


ဒါမှမဟုတ် သူက အချစ်ရူး ဖြစ်နေတာများလား ...


ဒါမှမဟုတ် ရှဲ့ယွင်နန်မှာပဲ သူ့ကို မြင်သမျှ လူတိုင်းက ကြွေကျသွားစေနိုင်တဲ့ မှော်စွမ်းရည်မျိုး ရှိနေတာလား ...


ထူးဆန်းလှသော အတွေးများ ပြည့်နှက်လာသည့်အလျောက် တစ္ဆေဘုရင်ကို ကြည့်နေသည့် သူ့အကြည့်တို့မှာလည်း ပိုပိုပြီး ဆန်းပြားလာတော့သည်။ 


တစ္ဆေဘုရင် “...”


လုကျင်းချန်း “...”


လုကျင်းချန်းကလည်း ယခင်က သူ့သားကို အားလုံးက ဝိုင်းအုံကာ သဘောကျနေကြကြောင်း ကောလဟာလများ ကြားထားခဲ့ဖူးသည်။ ထို့အပြင် လျောင်မုယဲ့ကလည်း သူမ၏ သားသည် သူ့လက်တွဲဖော်ကို ဖောက်ပြန်ခဲ့သည်ဟု ပြောခဲ့ဖူးသေး၏။ 


ထိုစဉ်က အလွန် ဒေါသထွက်ခဲ့ကာ ယခု ထိုလူများ၏ ထူးဆန်းလှသော အကြည့်များကို တွေ့လိုက်ရသည့်အခါ ပိုပြီး ဒေါသထွက်လာတော့သည်။ ထို့ကြောင့် တစ္ဆေဘုရင်၏ မျက်နှာဖုံးကို ချက်ခြင်း ဆွဲချွတ်ပြလိုက်တော့၏။ 


“သူတို့က ဆွေမျိုးတွေပဲ ရင်းနှီးတာ ဘာမှားလဲ ..."


တစ္ဆေဘုရင်၏ ရုပ်ရည်မှာ ရှဲ့ယွင်နန်နှင့် ၇၀ ရာခိုင်နှုန်းခန့် ဆင်တူလှသည်။ နှစ်ဦးသား ဘေးချင်းယှဉ်လျက် ရပ်နေပါလျှင် အားလုံးက သူတို့ကို သွေးသားတော်စပ်သည်ဟု ချက်ခြင်း တွေးမိသွားကြမည်ဖြစ်သည်။ 



ဆိုတော့ .. ရှဲ့ချင်နဲ့ ရှဲ့ယွင်နန်က တကယ်တော့ ဆွေမျိုးတွေ ဖြစ်နေခဲ့ကြတာလား ...


ထိုတစ်ခဏတွင် တစ္ဆေဘုရင်၏ မိတ်ဆွေများမှာလည်း သူ၏ အလွန်နုပျိုချောမောသည့် ရုပ်ရည်ကြောင့် အံ့ဩမင်သက်သွားကြတော့သည်။ 


“မင်း ... မင်းက ဒီလိုပုံစံမျိုးလား .. အသက်ကရော ဘယ်လောက်ရှိပြီလဲ ...”