အပိုင်း ၈၈
Viewers 7k

Chapter 88




တိုက်ပွဲမှာ အလွန်ပြင်းထန်လှ၏။ 


များပြားလှသော တိုက်ခိုက်ရေးသမားများသာမက စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးပါ ပါရှိသေးသည့်အတွက် ရှဲ့ယွင်နန်နှင့် သူ့လူများမှာ ရှုံးနိမ့်မှုနှင့် မလွှဲမသေ ရင်ဆိုင်လိုက်ရတော့သည်။ 


ယဇ်ဆရာတစ်ဦး ဖြစ်သည့်အလျောက် ရှဲ့ယွင်နန်သည် အခြားလူများ၏ ကာကွယ်ပေးခြင်းကို ခံရမည် ဖြစ်သော်ငြား သူက ရှောင်ပိုင်ကို ထုတ်ကာ အခြားသူများနှင့်အတူ တိုက်ခိုက်လိုက်တော့သည်။ 


ယဇ်ဆရာတစ်ဦး ဖြစ်သည့်တိုင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နဝမအဆင့် တိုက်ခိုက်သူများနှင့် တန်းတူပင် ကောင်းမွန်လှသည့်အတွက် အချို့လူများက အံ့အားသင့်သွားကြတော့သည်။ 


သို့သော် ဤ ဟုန်ယဲ့မြို့တွင်မူ ... ထူးကဲထင်ရှားနေသူမှာ သူတစ်ဦးတည်း မဟုတ်။ 


မုန့်ယန်နှင့် အခြားလူများကလည်း သေမှာ မကြောက်ဘဲ ရဲဝင့်စွာဖြင့် ရှေ့သို့ တိုးလာကြသည်မှာ အထင်ကြီးဖွယ်ရာပင်။ ထို့အပြင် ရှဲ့ချင်ကလည်း နဝမအဆင့် တိုက်ခိုက်သူနှစ်ဦး အပါအဝင် တိုက်ခိုက်သူအများအပြားကို တစ်ကိုယ်တည်း တိုက်ခိုက်နေခဲ့သည်။ 


ထိုတိုက်ပွဲထဲတွင် အဆောက်အဉီး အများအပြား ပြိုလဲပျက်စီးသွားကာ မြို့အရှင်၏ အဆောက်အဦး တစ်ခုတည်းသာ အပျက်အစီးများအကြား ကျန်ရစ်နေတော့သည်။ 


နဝမအဆင့် တိုက်ခိုက်သူနှစ်ဦးကို ခေါ်လျက် သွမ့်ချန်ချင်းနှင့်အတူ ပြန်လာသည့် လုကျင်းချန်းမှာ ထိုမြင်ကွင်းကို မြင်သည့်အခါ ကြောင်အသွားတော့သည်။ 


သွမ့်ခန်ချင်းက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ ...ဒီလိုဆိုရင်တောင် သူ့ကို သူမရဲ့ ချွေးမအဖြစ် သတ်မှတ်ဖို့က နည်းနည်း လွန်လွန်းနေသလို မဖြစ်ဘူးလား ...


ပြီးတော့ ဒီအကြောင်းကို သူမရဲ့ ယောကျ်ား မသိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး .. ဒါတောင် အဲဒီ့လူက တစ်ခွန်းလေးမှ မပြောခဲ့ဘူး ဟမ့် ...


အတွေးများစွာနှင့်အတူ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ နေထိုင်ရာနေရာသို့ ပြန်ရောက်လာခဲ့သည်။ 


မြို့အရှင်အဆောက်အဉီး၏ အပျက်အစီးများအပေါ်တွင် သားရုဲအုပ်စုတစ်စုက အော်ဟစ်ကြိမ်းဝါးကာ တိုက်ခိုက်နေကြသည်။ ထိုသားရဲများအနက် သူမ အရင်းနှီးဆုံးသားရဲနှစ်ကောင်မှာ မြေခွေးနှစ်ကောင်ပင် ဖြစ်ပေသည်။ 


ထိုနှစ်ကောင်အနက် ပိုပြီး အရွယ်အစားငယ်သည့် မြေခွေးကို ငယ်စဉ်ကတည်းက မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ပိုပြီးကြီးမားသည့် မြေခွေးကိုမူ ... သွေးချင်း ဆက်နွယ်နေသည့် ခံစားချက်ကြောင့် အလွန်အမင်း ခင်မင်လာမိနေတော့သည်။ 


သားလေးရဲ့ မြေခွေးက သူမရဲ့ ယောကျာ်းထက်တောင် ပိုကောင်းနေသေးတယ် .. ကြည့်ပါဦး ဘယ်လောက်တောင် ကြီးလိုက်သလဲ ...


ထိုသို့ တွေးနေစဉ်မှာပင် ရှောင်ပိုင်၏ ငိုကြွေးသံကို ကြားလိုက်ရသည်။ 


“ဝုတ် ဝုတ် ဝုတ် ...”


လုကျင်းချန်း “???”


ဘာလဲ သားလေးရဲ့ အဖော်သားရဲက မြေခွေး မဟုတ်ဘဲ ခွေးတစ်ကောင် ဖြစ်နေတာလား ...


ရှဲ့ယွင်နန်နှင့် တိုက်ခိုက်နေသူများမှာလည်း အနည်းငယ် ကြောင်အသွားကြတော့သည်။ 


ဟုန်ယဲ့မြို့သို့ မလာခင်က သူတို့သည် လျောင်မုယဲ့ထံမှ ရှဲ့ယွင်နန်နှင့် ပတ်သက်သည့် သတင်းအချို့ကို ကြားထားခဲ့ဖူးသည်။ ထိုသူ၏ စကားများအရမူ ရှဲ့ယွင်နန်၏ အဖော်သားရဲမှာ ခွေးအဖြူတစ်ကောင်သာ ဖြစ်ပေသည်။ 


အမြီးကိုးချောင်း မြေခွေးတစ်ကောင် ပေါ်ထွက်လာသည့်အခါ သူတို့ရထားသည့် သတင်းမှာ မှားယွင်းနေသည်ဟုသာ တွေးလိုက်ကြတော့သည်။ သို့သော် မထင်မှတ်ထားစွာဖြင့် ထို အမြီးကိုးချောင်းမြေခွေး၏ ပါးစပ်မှ ခွေးဟောင်သံ ထွက်လာ၏။ 


ဒါဆို တကယ်ကြီးကို ခွေးတစ်ကောင် ဖြစ်နေတာလား ...


အမြီးကိုးချောင်းရှိတဲ့ ခွေးဆိုတာ ရှားမှရှားလေ .. ဒါဆို ဒီကောင့်ဘေးက နည်းနည်းလေး ပိုသေးတဲ့ အမြီးကိုးချောင်း မြေခွေးကလည်း ခွေးတစ်ကောင်ပဲလား ...


သူတို့က ရှဲ့ချင်၏ ဇစ်မြစ်ကို ရှာမတွေ့နိုင်ခဲ့။ သို့သော် သူ၏ အဖော်သားရဲမှာ ရှဲ့ယွင်နန်နှင့် အလွန် ဆင်တူနေရာ ...


သူတို့က အမျိုးတော်နေကြတာလား ...


ယခင်ကလည်း တစ္ဆေဘုရင်သည် လူပေါင်းများစွာနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် သူက နိုင်နိုင်ချေရှိလျှင် တိုက်ကာ ရှုံးနိုင်ပါလျှင် အမြဲ ထွက်ပြေးသွားခဲ့သည်။ 


သို့သော် ဤတစ်ကြိမ်တွင်မူ ရန်သူ အရေအတွက် များပြားလွန်းကာ ထွက်မပြေးနိုင်။ သူ့လက်ရှိသရုပ်မှန်မှာ တစ္ဆေဘုရင် မဟုတ်၊ ရှဲ့ချင်သာ ဖြစ်သည့်အတွက် အဖော်သားရဲကို ဖုံးကွယ်ထားရန်လည်း မလိုအပ်ပေ။ 


ထို့အပြင် ရန်သူမှာ အလွန် အင်အားကြီးလွန်းသည့်အတွက် သူ့တွင် ရှိသမျှ စွမ်းရည်အားလုံးကို ထုတ်သုံးရမည် ဖြစ်သည်။ 


ထို့ကြောင့် သူ့အဖော်သားရဲကို ထုတ်ကာ လေ့ကျင့်ထားသည့် ကျင့်စဉ်၏ အာနိသင်ကို တိုးမြှင့်လိုက်သည်။ 


သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် နဝမအဆင့် တိုက်ခိုက်သူ အများအပြားက သူ့ကို ရီဝေစွာဖြင့် စိုက်ကြည့်နေတော့သည်။ ထိုသူများ၏ အဖော်သားရဲများကလည်း အမြီးကိုးချောင်းမြေခွေးကို လိုချင်တပ်မက်စွာဖြင့် စိုက်ကြည့်လာကြ၏။ 


သူနှင့် မျက်နှာချင်းဆိုင် ရပ်နေမိသည့် အဆင့်နိမ့်တိုက်ခိုက်သူတစ်ဦး၏ အဖော်သားရဲမှာ မိတ်လိုက်သည့် ကာလတွင် ဖြစ်တတ်သည့် ပုံစံမျိုး တုန့်ပြန်လာတော့သည်။ 


အဖော်သားရဲများမှာ အင်္ကျီဝတ်ဆင်ထားခြင်း မရှိသည့်အတွက် ထိုတုန့်ပြန်မှုကို အားလုံးက မျက်ဝါးထင်ထင် မြင်လိုက်ကြသည်။ 


တစ္ဆေဘုရင် “...”


လုကျင်းချန်း “...”


အဲဒီ့ယောကျ်ားကို ပိုပြီးတောင် ရိုက်ချင်စိတ်ပေါက်လာပြီ ...


သူမနှင့် သွမ့်ချန်ချင်းက ရုတ်တရက် ရောက်လာကြသည့်အတွက် တိုက်ခိုက်နေသူအားလုံးကလည်း သူတို့ကို မြင်လိုက်ကြသည်။ 


တစ္ဆေဘုရင်ကလည်း သူတို့ကို မြင်လိုက်သည့်အခါ အလွန် အံ့ဩကျေနပ်သွားတော့သည်။ 


“နောက်ဆုံးတော့ ပြန်လာကြပြီပေါ့ ...”


တစ္ဆေဘုရင်၏ အကြည့်တို့က သွမ့်ချန်ချင်းထံ ကျရောက်သွားသည်။ သွမ့်ချန်ချင်းသာ ရောက်လာပါလျှင် အခြေအနေက ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း ကောင်းစွာ သိထား၍ ဖြစ်သည်။ 


လုကျင်းချန်းကလည်း သူမ၏ လူမှာ သွမ့်ချန်ချင်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အကြည့်များ ဝင်းလက်တောက်ပသွားသော်ငြား သူမကိုမူ အကြည့်တစ်ချက်ပင် စွန့်ကြဲခြင်း မပြုကြောင်း သတိပြုမိလိုက်သည်။ 


ဟမ့် .. ဒီကိစ္စကြီး ပြီးသွားရင်တော့ သူ့ကို မဖြစ်မနေကို ရိုက်ပစ်လိုက်ဦးမယ် ...


“ပြန်လာတာ ကောင်းတယ် ငါတို့လည်း တစ်စုတစ်စည်းတည်း ဖမ်းလို့ ရသွားတာပေါ့ ...”


စီနီယာအဆင့် ယဇ်ဆရာတစ်ဦးက ပြောလိုက်သည်။ 


သူတို့နှစ်ဦးက လူခွဲကာ အကြီးအကဲပိုင်နှင့် ရှဲ့ယွင်နန်ကို တစ်ဦးချင်း ကိုင်တွယ်ရန် ကြံစည်ထားကြသည်။ 


သို့သော် ယဇ်ဆရာအကြီးအကဲ ချန်ရစ်ခဲ့သည့် ရတနာမှာ ရှဲ့ယွင်နန်၏ လက်ထဲတွင် ရှိနေနိုင်သဖြင့် နှစ်ဦးလုံးက ရှဲ့ယွင်နန်ကိုသာ ကိုင်တွယ်လိုကြပြီး မည်သူကမှ အကြီးအကဲပိုင်နှင့် မတိုက်ခိုက်လို။ ထို့ကြောင့် နောက်ဆုံးတွင် အတူတူ ပူးပေါင်းကာသာ တိုက်ခိုက်လိုက်ကြတော့သည်။ 


တစ်ဦးမှာ ကုမျိုးရိုးဖြစ်ကာ ကျန်တစ်ဦးမှာ ချူမျိုးရိုးဖြစ်သည်။ ထိုသူနှစ်ဦးလုံးမှာ အသက်တစ်ရာကျော်နေပြီဖြစ်ပြီး မုန့်ယန်တို့ထက် များစွာ အသက်ကြီးကြပေသည်။ 


ဘေးနားတွင် တိုက်ခိုက်သူများစွာ ဝန်းရံနေကြပြီး သူတို့က သွမ့်ချန်ချင်းကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် ရှဲ့ယွင်နန်၊ မုန့်ယန်နှင့် ရှဲ့ယွင်နန်ကို ဝန်းရံနေသည့် တိုက်ခိုက်သူများကိုပါ စိုက်ကြည့်လိုက်သည်။ 


“မုန့်ယန် မင်းက ငါတို့ကို တကယ်ကြီး သစ္စာဖောက်ခဲ့တာပေါ့ ... ဒီနေ့ ငါတို့တွေ မင်းကို မြှုပ်စရာ အစိတ်အပိုင်း တစ်ခုတောင် မကျန်တော့တဲ့ ဘဝမျိုးနဲ့ သေရအောင် လုပ်ပေးမယ် ...”


ယဇ်ဆရာကုက ပြောလိုက်သည်။ 


သူတို့က မုန့်ယန်နှင့် အခြားလူများ၏ သစ္စာဖောက်မှုကို အမြဲတမ်း တနုံ့နုံ့ ဖြစ်နေခဲ့ကြသည်။ သတင်းကို ရလိုက်ကတည်းက သူတို့သည် မုန့်ယန်နှင့် အခြားလူများ၏ မိသားစုဝင်များအား သတ်ဖြတ်ကာ ကျန်သည့်လူများကို ဥပမာအဖြစ် ပြသရန် စိတ်ကူးထားကြသည်။ 


သို့သော် မြင့်မြတ်မြို့တော်၌ ယဇ်ဆရာအကြီးအကဲကို ထောက်ခံသူများလည်း အများအပြား ရှိနေရာ ယဇ်ဆရာအကြီးအကဲ မရှိတော့သည့်နောက် အကြီးအကဲပိုင်က သူတို့နှစ်ဦးကို ကန့်လန့်တိုက်လာတော့သည်။ 


မုန့်ယန်နှင့် အခြားလူများက သူတို့သည် ယဇ်ဆရာအကြီးအကဲအတွက် လက်စားချေလို၍ဟု ဆက်တိုက် ပြောနေကြသည့်အတွက် သူတို့အနေဖြင့် ထိုသူများ၏ မိသားစုဝင်များကို မည်သို့မှ သင်ခန်းစာပေး၍ မရတော့ချေ။ 


ထိုသို့ ကြုံနေရစဉ်အတွင်း စီနီယာယဇ်ဆရာနှစ်ဦးလုံးက မုန့်ယန်တို့ကို “အမှောင်ကိုပစ်၍ အလင်းဝင်ရောက်ရန်” အမျိုးစုံ တိုက်တွန်းခဲ့ကြသော်ငြား မုန့်ယန်တို့က မည်သို့မှ မတုန့်ပြန်။ ထို့ကြောင့် သူတို့၏ စကားများမှာ တစ်ဖြည်းဖြည်း ကြမ်းတမ်းလာတော့သည်။ 


မုန့်ယန်တို့ကလည်း စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးနှင့် အဆင့်မြင့်တိုက်ခိုက်သူ အများအပြားကို တွေ့လိုက်ရသည့်အတွက် ကြောက်လန့်သွားကြသည့်တိုင် ... “အမှောင်ကို စွန့်ပစ်၍ အလင်းထဲ ဝင်ရောက်ရန်” အတွေးမရှိကြပေ။ 


သွမ့်ချန်ချင်းက အလွန်သန်မာလွန်း၏။ သူတို့သာ သွမ့်ချန်ချင်းကို သစ္စာဖောက်ရဲခဲ့ပါလျှင် ထိုသူ ပြန်ရောက်လာသည့်အခါ သေခြင်းတရားကို ကြိုဆိုရတော့မည်ဖြစ်သည်။ 


ယခု သွမ့်ချန်ချင်း ပြန်ရောက်လာတော့၏။ 


စာချုပ်၏ လွှမ်းမိုးမှုအောက်တွင် သူတို့အားလုံး အပြင်သို့ ထွက်လာခဲ့ကြရသည်။ ထိုတစ်ခဏ၌ အနည်းနှင့်အများ ထိခိုက်ဒဏ်ရာရထားကြသည့် မုန့်ယန်တို့မှာ အပျော်လွန်ကုန်ကြတော့သည်။ 


မုန့်ယန်က သူ့မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြောလိုက်သည်။ 


“မြှုပ်စရာနေရာ မရှိဘဲတောင် သေရမယ့်လူက ဘယ်သူဆိုတာ မသေချာသေးပါဘူး ...”


သွမ့်ချန်ချင်းက သာမန်လူ ဟုတ်ရဲ့လား သူတို့ကိုတောင် မခုခံနိုင်အောင် လုပ်နိုင်ခဲ့တဲ့လူလေ သူတို့ကို ထိန်းချုပ်နိုင်ရုံတင်မကဘူး မွန်မြတ်ခြင်းကျောင်းတော်က အကြီးအကဲလို လူစားမျိုးကိုတောင် သိမ်းသွင်းနိုင်ခဲ့တာကို ...


သူတို့က အကြီးအကဲပိုင်သည် ရှဲ့ယွင်နန်နှင့် မဟာမိတ်ဖွဲ့ခဲ့ခြင်း ဖြစ်သည်ဟု မထင်။ သွမ့်ချန်ချင်း၏ ရိုက်နှက်ခြင်းကို အများဆုံး ခံခဲ့ရသူဟုသာ ထင်ခဲ့ကြသည်။ 


“သေလမ်းရှာနေတဲ့ကောင် ...”


စီနီယာယဇ်ဆရာက လှောင်ရယ်ကာ မုန့်ယန်ကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ ထို့နောက် နောက်စေ့ဘက်မှ အရိုက်ခံရကာ မြေပေါ်သို့ အပုံလိုက် လဲကျသွားတော့သည်။


ထိုသူ၏ အဖော်သားရဲမှာ အစိမ်းရောင် လွမ်ငှက်တစ်ကောင် ဖြစ်ကာ ၎င်းက ကျောပေါ်တွင် လူအများအပြားကို သယ်ဆောင်နိုင်သည့်အပြင် အရှိန်မှာလည်း အလွန်အမင်း မြန်ဆန်လှသည်။ 

(Luan Bird - မြန်မာလို မရှိလို့ သူ့နာမည်အတိုင်း “လွမ်ငှက်”လို့ပဲ ရေးထားတာပါ တရုတ်ဒဏ္ဍာရီထဲက ငှက်တစ်ကောင်ဖြစ်ပြီးတော့ ဇာမဏီငှက်ရဲ့ မျိုးဆက်လို့ ပြောကြပါတယ် သူတို့က ကြက်ပုံစံနဲ့ တူပြီးတော့ အနီရောင် ကိုယ်ထည်မှာ အရောင်စပ်ငါးမျိုး ပါတတ်ကြပါတယ်တဲ့ လွမ်ငှက်တွေကို နတ်မျိုးနွယ် ငှက်တွေရဲ့ အနှစ်သာရလို့ ပြောကြပြီး သူ့ရဲ့သွေးက အရမ်းပျစ်တဲ့အတွက် တူရိယာတွေကို ကြိုးတပ်တဲ့အခါမှာ အသုံးပြုကြပါတယ် )


ထိုအဖော်သားရဲမှာ အလွန် အံ့ဩစရာ ကောင်းလှသည်။ အတိတ်ကာလများတွင် ယဇ်ဆရာက အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့လေတိုင်း ထိုအဖော်သားရဲက သူ့ကို လွတ်မြောက်အောင် ကူညီပေးခဲ့သည်။ သို့သော် ယခုမူ သွမ့်ချန်ချင်း၏ လက်အောက်တွင် ခုခံရန်အင်အား မကျန်ရှိတော့ချေ။ 


စီနီယာအဆင့် ယဇ်ဆရာတစ်ယောက်က သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ဆုံးရှုံးကုန်ပြီဆိုတော့ နောက်တစ်ယောက်က ဘယ်လိုလုပ် ရှောင်ရှားနိုင်တော့မှာလဲ ....


စောင့်ကြည့်နေသည့် မျက်ဝန်းများ၏ အောက်တွင်ပင် သွမ့်ချန်ချင်းသည် နောက်ထပ်ယဇ်ဆရာတစ်ဦး၏ ခေါင်းကိုပါ ရိုက်နှက်ကာ မြေပေါ်သို့ လဲကျစေလိုက်သည်။ 


ရှဲ့ယွင်နန်၏ ဘက်တော်သားအားလုံး ကြောင်အသွားကြတော့၏။ 


သူတို့တွေ မျက်စိကန်းသွားကြတာလား သွမ့်ချန်ချင်းက ယဇ်ဆရာနှစ်ယောက်ကို မြေကြီးပေါ် လဲကျတဲ့အထိ ရိုက်လိုက်တယ်လို့ မြင်လိုက်မိတာ ဟုတ်ပါတယ်နော် ...


သွမ့်ချန်ချင်းက တစ်ချိန်လုံး ရှဲ့ယွင်နန်အနားမှာ နေနေနိုင်တာ မျက်နှာလေး လှလို့ပဲ မဟုတ်ဘူးလား ...


သူက ဘာလို့ တအား သန်မာနေရတာလဲ ...


ဟုန်ယဲ့မြို့တွင် နေထိုင်သူအများစုမှာ တိုက်ခိုက်သူများ ဖြစ်သည့်အတွက် သွမ့်ချန်ချင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အားကောင်းလှသော ဖိအားကို ခံစားမိနေကြသည်။ 


သွမ့်ချန်ချင်းက သူတို့တွေ အားလုံးထက်ကို ပိုပြီး အင်အားကြီးနေသေးတယ် ..


ဒီလိုလူမျိုးက ရှဲ့ယွင်နန်အတွက် နေ့တိုင်း ထမင်းလာပို့တယ်ပေါ့ ... သူတို့က သူ့ကိုတောင် တိတ်တိတ်လေး အထင်သေးခဲ့မိသေးတယ် ...


ဟုန်ယဲ့တစ်မြို့လုံး ကြောင်အသွားတော့သည်။ 


ရှဲ့ချင်ကလည်း သွမ့်ချန်ချင်းနှင့် ရင်းနှီးနေသည့်အခါ ပိုပြီး ရှုပ်ထွေးသွားကြတော့၏။ 


“ငါ သူ့ကို ရှဲ့ယွင်နန်ကို ပိုပြီး အာရုံစိုက်ထားဖို့တောင် ပြောခဲ့မိသေးတယ် ရှဲ့ယွင်နန်ကို လုယူတာမျိုး မခံနဲ့ဆိုပြီးလေ ...”


“ငါရောပဲ ...”


“ငါလည်း သ့မကောင်းကြောင်းတွေ ပြောခဲ့မိတယ် ..."


“ရှဲ့ချင် ဘယ်တုန်းကမှ မအောင်မြင်တာ မထူးဆန်းတော့ပါဘူး ...”


...


မုန့်ယန်နှင့် သွမ့်ချန်ချင်းအကြောင်းကို သိထားသည့် အခြားလူများက ထိုသူတို့၏ တုန့်ပြန်ပုံကို မြင်လိုက်ရသည့်အခါ ပြောမပြတတ်လောက်အောင်ကို လန်းဆန်းသွားတော့သည်။ 


နောက်ဆုံးတော့ ဒီလူတွေလည်း သူတို့လိုမျိုး အထိတ်တလန့် ဖြစ်သွားကြ

ရပြီ ...


ပိုင်ယဲ့ကမူ ... သူက သွမ့်ချန်ချင်းကိုသာ ရိုသေလေးစားစွာဖြင့် ငေးကြည့်နေသည်။ 


ယဇ်ဆရာအကြီးအကဲကတော့ ထင်ထားတဲ့အတိုင်းပဲ တကယ်ကို ပြိုင်ဘက်ကင်း ဖြစ်နေတော့တာပါပဲ ...