Chapter 87
နဝမအဆင့် တိုက်ခိုက်သူနှစ်ဦး ရုတ်တရက် ပေါ်ထွက်လာခြင်းမှာ အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ ထိုသူများ၏ ထုတ်လွှတ်ထားသော အရှိန်အဝါများကြောင့် ထိုနေရာတွင် ရှိနေသူအားလုံးက အဆင့်မြင့်တိုက်ခိုက်သူများ ရှိနေကြောင်း သိသွားကြတော့သည်။
ထိုသူတို့၏ ဖိအားကြောင့် အနီးအနားရှိ သာမန်လူအချို့မှာ မြေပေါ်သို့ရောက်အောင် ဖိနှိပ်ခံလိုက်ရတော့သည်။
သူတို့သာ ထိုဖိအားကို ဆက်ပြီး ထုတ်လွှတ်နေပါလျှင် သာမန်လူအားလုံး မုချမသွေ သေဆုံးသွားကြမည် ဖြစ်သည်။
လူတိုင်းက သူတို့ကိုယ်သူတို့ သေတော့မည်ဟုသာ တစ်ထစ်ချ မှတ်ယူလိုက်ကြကာ အစောပိုင်းက သွမ့်ချန်ချင်းကို ဝမ်းသာအားရ အင်္ကျီရောင်းနေသည့် ဆိုင်ရှင်သူဌေး၏ မျက်နှာတွင် စိတ်ပျက်ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။
သို့သော် ထိုတစ်ခဏ၌ နဝမအဆင့် တိုက်ခိုက်သူနှစ်ဦး၏ ခန္ဓာကိုယ်များ လေထဲမှ ပြုတ်ကျလာခဲ့သည်။
သူတို့က ဆိုင်ရှင်၏ ရှေ့တည့်တည့်တွင် ပြုတ်ကျလာသည်မှာ မိုးပေါ်မှ သူမအတွက် လက်ဆောင်ထုပ်ကြီး ပစ်ချပေးလိုက်သည့်အလားပင်။
နဝမအဆင့် တိုက်ခိုက်သူနှစ်ဦး၏ ဖိအားကြောင့် ဆိုင်ရှင်ကဲ့သို့ပင် ပြေးလိုသော်လည်း မပြေးနိုင်၊ မြေပေါ်သို့ ဖိချခံထားရသူအားလုံးက လုကျင်းချန်းကို တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။
အစောပိုင်းက သူတို့သည် လုကျင်းချန်းကို စကားပြောရန် ပါးစပ်များ ဖွင့်ခဲ့ကြသည့်အတွက် သူမက ကိစ္စများကို ရိုးရိုးရှင်းရှင်း ကိုင်တွယ်ခဲ့သည်ဟု ထင်ခဲ့လိုက်ကြတော့သည်။
သူမ၏ ဝတ်စုံကြောင့် အားလုံးက သူမကို မြို့အရှင်ရှဲ့၏ နံဘေးရှိ ရှဲ့ချင်ဟုသာ ထင်လိုက်ကြသည်။
ရှဲ့ချင်က နဝမအဆင့် တိုက်ခိုက်သူတဲ့ ...
သူက အရမ်းကို အံ့ဩဖို့ ကောင်းတာပဲ ...
အခြားလူများအားလုံးက ထိုသို့ တွေးနေကြသော်ငြား လုကျင်းချန်းကမူ ထိုသူနှစ်ဦး မြေပေါ်သို့ ပြုတ်ကျလာခြင်းမှာ သူမနှင့် မသက်ဆိုင်ခြင်းကြောင်း သိနေပေသည်။
သူမရဲ့ ခွန်အားက အရမ်းကြီးတော့ မဆိုးပါဘူး ဒါပေမယ့် ဒီလို နဝမအဆင့် တိုက်ခိုက်သူနှစ်ယောက်ကို တစ်ပြိုင်တည်း အနိုင်ယူဖို့ဆိုတာတော့ ဘယ်လိုနည်းနဲ့မှကို မဖြစ်နိုင်ဘူးလေ သူမကဖြင့် သေဖို့တောင် စိတ်ကို ပြင်ဆင်ပြီးနေပြီ ...
သို့သော် တိုက်ပွဲပင် မစရသေးခင်ကတည်းက သူမ၏ ပြိုင်ဘက်များမှာ ရှင်းလင်းခံလိုက်ရသည်။ ထိုသို့ ရှင်းလင်းခဲ့သူမှာ ...
သူမက သွမ့်ချန်ချင်းကို လှမ်းကြည့်လိုက်သည်။
သာမန်လူများက မည်သူ၏ လက်ချက်ဖြစ်ကြောင်း ပြောနိုင်မည် မဟုတ်သော်ငြား သူမကမူ ထိန်းချုပ်ခဲ့သူမှာ သွမ့်ချန်ချင်းဖြစ်ကြောင်း ခံစားမိနေပေသည်။
သွမ့်ချန်ချင်းက သူမကို ပြုံးပြလိုက်သည်။ သူ့အပြုံးမှာ တင့်တယ်လှသည့် လရောင်သဖွယ်၊ သိသိသာသာ တိုက်ခတ်သွားသည့် လေပြည်ညင်းသဖွယ် အေးချမ်းဖွယ်ကောင်းလှသည်။
လုကျင်းချန်း “...”
သွမ့်ချန်ချင်းမှာ အမျိုးသားတစ်ဦး ဖြစ်သော်ငြား သူမက သူ့ကို ချွေးမတစ်ဦးအဖြစ် သတ်မှတ်ကာ အဝတ်အစားများကိုပင် ဆက်တိုက် စမ်းဝတ်ကြည့်ခိုင်းခဲ့သေးသည်။
ရလဒ်အနေဖြင့် သေခြင်းရှင်ခြင်းနှင့် ကိုယ်တွေ့ ရင်ဆိုင်လိုက်ရသည့်အခါ ... မျက်နှာလှလှလေးသာ ပိုင်ဆိုင်ထားသူဟု သူမဘက်မှ သတ်မှတ်ထားသူက ရန်သူများကို ရုတ်တရက် ရိုက်နှက်လိုက်တော့သည်။
လုကျင်းချန်းမှာ မည်ကဲ့သို့ ပြောရမည်မှန်းပင် မသိတော့။
သို့သော် တစ်ဖက်ရှိ ဖန့်ချီရှန့်ကမူ အမြန် တုန့်ပြန်လိုက်သည်။
“သခင်လေးသွမ့် ကျွန်တော်တို့တွေ ဒီနှစ်ယောက်ကို ဘယ်လို ဖြေရှင်းလိုက်ရမလဲ ..."
သွမ့်ချန်ချင်းက အရမ်းကို အံ့ဩဖို့ကောင်းတာပဲ ... ဒီရွှေပေါင်လုံးကြီးကို သေချာလေး ဖက်ထားမှ ရမယ် ...
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“သူတို့ကို ထိန်းချုပ်ထားလိုက် ... အမြန်ဆုံး ပြန်လိုက်ကြရအောင် ...”
အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သည့် မြင့်မြတ်မြို့တော်သည် နောက်ဆုံးတွင်တော့ လှုပ်ရှားလာခဲ့ပေသည်။ ၎င်းက သူနှင့် ရှဲ့ချင်ကိုသာ ပစ်မှတ်ထားနေခြင်း မဖြစ်နိုင်။ ထိုအချိန်တွင် .. ရှဲ့ယွင်နန်လည်း တိုက်ခိုက်ခံရနိုင်ပေသည်။
လုကျင်းချန်းက အနည်းငယ် ကြောင်အနေသေးသော်ငြား ထိုစကားကို ကြားလိုက်သည့်အခါ ချက်ခြင်း ထပ်ဖြည့်ပြောလိုက်သည်။
“ဟုတ်တယ် မြန်မြန်လေး ပြန်ကြရအောင် ...”
သူမ ဟုန်ယဲ့မြို့တော်သို့ လာခဲ့ရခြင်းမှာ ဟုန်ယဲ့မြို့တော်ကို မြင့်မြတ်မြို့တော်က တစ်ခုခု လုပ်လိမ့်မည်ဟု ခံစားမိနေခဲ့သောကြောင့် သားဖြစ်သူကို ကာကွယ်ပေးလို၍ ဖြစ်သည်။
ယခုမူ မြင့်မြတ်မြို့တော်က အမှန်တကယ် စတင်လှုပ်ရှားလာတော့၏။
“ဒီနှစ်ယောက် .. ငါတို့တွေ သတ်လိုက်သင့်လား ...”
လုကျင်းချန်းက မြေပေါ် လဲကျနေသည့် နဝမအဆင့် တိုက်ခိုက်သူနှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။
ထိုနဝမအဆင့် တိုက်ခိုက်သူနှစ်ဦးလုံးသည် အလွန် အင်အားကြီးမားလွန်းသည့် အားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံထားရ၍ အဖော်သားရဲကိုပင် မဆင့်ခေါ်နိုင်တော့။ သူတို့က မြေပေါ်တွင် မျက်နှာအပ်လျက် လဲကျနေကြကာ လုကျင်းချန်း၏ စကားကို ကြားလိုက်ရသည့်အခါ ပုံပျက်ပန်းပျက် ဖြစ်နေသော မျက်နှာများထက်တွင် ထိတ်လန့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
နဝမအဆင့် တိုက်ခိုက်သူများ ဖြစ်သည့်အလျောက် ထိုသူများသည် လူအများ၏ အထက်တွင် ရှိနှင့်နေပြီး ဖြစ်သည်။ ဤတစ်ကြိမ် ဟုန်ယဲ့မြို့သို့ ရောက်လာကြခြင်းမှာ ဟုန်ယဲ့မြို့ကို ကျဆုံးစေခြင်းဖြင့် အဆင့်မြင့်ယဇ်ဆရာများထံမှ အကျိုးအမြတ်အချို့ ယူကာ သူတို့၏ မိသားစုအင်အား ကြီးထွားလာအောင် လုပ်ဆောင်လို၍ ဖြစ်သည်။
သူတို့က လုံးဝ မသေချင်ဘူးလို့ ...
သွမ့်ချန်ချင်း၏ ခန့်မှန်းချက်များမှာ အားလုံး မှန်ကန်ပေသည်။ ဤတစ်ကြိမ်တွင် မြင့်မြတ်မြို့တော်မှ လူအချို့ ရောက်လာကာ ထိုအထဲတွင် စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးလည်း အတူတူ ပါဝင်လာပေသည်။
ယဇ်ဆရာအကြီးအကဲ မရှိတော့သည့်နောက် သူတို့သည် အကြီးအကဲ၏ ပိုင်ဆိုင်မှုအချို့ကို ရရှိခဲ့သော်ငြား ထိုပစ္စည်းများမှာ သူတို့ လိုချင်သည့် အရာများ မဟုတ်ပေ။
သူတို့က အကြီးအကဲ၏ လက်ထဲရှိ ရတနာကို ရလို၍သာ သူနှင့် ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေသည်။
ထို့အပြင် လက်ရှိအခြေအနေများကို အကဲခတ်ရပါလျှင် ထိုရတနာများသည် ရှဲ့ယွင်နန်၏ လက်ထဲတွင် ရှိနေသည်မှာ သေချာသလောက်နီးနီးပင် ဖြစ်သည်။
ထိုစီနီယာအဆင့် ယဇ်ဆရာနှစ်ဦးလုံးက ရှဲ့ယွင်နန်ကို ပစ်မှတ်ထားလာကြတော့သည်။
သူတို့က ယခုအချိန်အထိ အချိန်ဆွဲထားခဲ့ကြခြင်း ဖြစ်သည်။ အကြောင်းမှာ သူတို့ဘက်က မရှုံးနိမ့်လိုသည့်အပြင် အကြီးအကဲပိုင်ကလည်း သူတို့ကို ဆက်တိုက် ပြဿနာရှာနေ၍ ဖြစ်သည်။
ယခုမူ အကြီးအကဲပိုင်က ဟုန်ယဲ့မြို့တော်သို့ ရောက်လာကာ ရှဲ့ယွင်နန်နှင့် မဟာမိတ်ဖွဲ့လိုက်ပြီ ဖြစ်သည့်အတွက် သူတို့၏ အကြပ်အတည်းဖြစ်မှုများမှာ ပို၍ပြင်းထန်လာတော့သည်။ ထို့ကြောင့် စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးလုံးက သူတို့၏ အတိတ်က မုန်းတီးမှုများကို စွန့်လွှတ်ကာ ဟုန်ယဲ့မြို့ကို တိုက်ခိုက်ရန် ပူးပေါင်းလိုက်ကြတော့၏။
သူတို့က မွန်မြတ်ခြင်းကျောင်းတော်က ဒုတိယအကြီးအကဲကိုပါ သူတို့ဘက်သို့ ဆွဲခေါ်လိုသော်ငြား ကံမကောင်းစွာဖြင့် တစ်ဖက်လူက ပုန်းအောင်းနေကာ မည်သို့မှ ရှာမတွေ့နိုင်ခဲ့ချေ။
သို့သော် ဒုတိယအကြီးအကဲ မရှိသည့်တိုင် အဆင့်မြင့် ယဇ်ဆရာနှစ်ဦးနှင့်အတူ နဝမအဆင့် တိုက်ခိုက်သူများစွာလည်း ပါရှိနေသေးသည့်အတွက် ဟုန်ယဲ့မြို့ကို သိမ်းပိုက်ရန်မှာ အလွန် လွယ်ကူလှသည့် အလုပ်တစ်ခု ဖြစ်ပေသည်။
ထိုသို့သော အတွေးမျိုးနှင့်အတူ ဟုန်ယဲ့မြို့ထဲသို့ ခိုးဝင်ကာ သီးခြားစီ လှုပ်ရှားလိုက်ကြသည်။
“ရှဲ့ချင်”မှာ အလွန်အံ့ဩစရာ ကောင်းလှသည် ဟူသည့် ကောလဟာလများ ရှိနေ၏။ သူတို့က မြို့အရှင်ရဲတိုက်မှ ထွက်သွားသော ရှဲ့ချင်ကို တွေ့လိုက်သည့်အခါ လူနှစ်ယောက်လွှတ်၍ သတ်စေပြီး ရှဲ့ယွင်နန်အား ခြိမ်းခြောက်ရန် သွမ့်ချန်ချင်းကို အရှင် ဖမ်းလာစေလိုက်သည်။
ရှဲ့ယွင်နန်ကို ပိုးပန်းကြသူများ အများအပြား ရှိသော်ငြား သူကမူ သွမ့်ချန်ချင်းကိုသာ နှစ်နှစ်ကာကာ သဘောကျနေ၏။ သွမ့်ချန်ချင်းကို အသုံးချသည့်တောင် ရှဲ့ယွင်နန်ကို မခြိမ်းခြောက်နိုင်ခဲ့ပါလျှင် သူတို့က ရှဲ့ယွင်နန် အလွန် စိတ်ဓာတ်ကျသွားစေရန် သူ့မျက်စိရှေ့တွင်ပင် သွမ့်ချန်ချင်းကို သတ်လိုက်မည်ဖြစ်သည်။
မထင်မှတ်ထားစွာဖြင့် .. စတင်ပြီး လှုပ်ရှားကာစတွင်ပင် အမှောက်သိပ်ခံလိုက်ရတော့သည်။
ထို့အပြင် သူတို့ကို ဖိနှိပ်ထားသူမှာ ရှဲ့ချင်မဟုတ်၊ သွမ့်ချန်ချင်းသာ ဖြစ်သည်ဆိုသည့် ကြောက်မက်ဖွယ် အမှန်တရားတစ်ရပ်ကိုပါ သိလိုက်ရ၏။
သူက အလှပန်းအိုးသပ်သပ်ပဲ မဟုတ်ဘူးလား ရှဲ့ယွင်နန်ကိုတောင် မထိန်းချုပ်နိုင်လို့ အတင်းလိုက်ကပ်ပြီး ပေါင်ကို ဖက်နေရတဲ့လူ မဟုတ်ဘူးလား ...
ဒီလို သန်မာတဲ့လူက ဘယ်လိုလုပ် အလှပန်းအိုးလေး ဖြစ်နိုင်မှာလဲ ...
သူ .. သူက နတ်ဘုရားအဆင့် တိုက်ခိုက်သူတောင် ဖြစ်နေနိုင်သေးတယ် ...
သွမ့်ချန်ချင်းမှာ နာခံမှုရှိပြီး လိမ္မာတတ်သည့် ပုံစံမျိုး ဖြစ်နေသော်ငြား ခန္ဓာကိုယ် သန့်စင်ရေး နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသူတစ်ဦး အနေဖြင့် လူအများအပြားကို သတ်ဖြတ်ခဲ့ဖူးသည့်အတွက် သူ့အရှိန်အဝါသည် နိုင့်ထက်စီးနင်းနိုင်သည့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပေသည်။
ထိုနဝမအဆင့် တိုက်ခိုက်သူများက သူ့ကို ယဇ်ဆရာ ဖြစ်လိမ့်မည်ဟု မတွေးမိကြ။ နှစ်ဦးလုံးက သူ့ကို တိုက်ခိုက်သူ ဖြစ်လိမ့်မည်ဟုသာ ထင်ထားကာ ထိုရုပ်ရည်ကပင်လျှင် အတုဖြစ်လိမ့်မည်ဟု ခံစားမိလာကြ၏။
ဒီသွမ့်ချန်ချင်းက အနည်းဆုံး အသက် ၇၀ / ၈၀ လောက် ရှိနေလောက်ပြီ ....
ရှဲ့ယွင်နန်က ဒီလောက်တောင် စွမ်းတာလား နတ်ဘုရားအဆင့် တိုက်ခိုက်သူတောင် သူ့ကို စွဲလမ်းနေတဲ့အထိလေ .. ပြီးတော့ သူ့ရဲ့ နောက်လိုက်ဘဝကိုတောင် လိုလိုလားလား ခံယူထားလိုက်သေးတယ် ...
ဒါပေမယ့် ... အခုက ဒီအကြောင်း တွေးနေရမယ့်အချိန် မဟုတ်သေးဘူး .. သူတို့တွေ မသေချင်သေးဘူးလို့ ...
သို့သော် သူတို့က မသေလိုသည့်တိုင် လုကျင်းချန်းက လှုပ်ရှားနေပြီ ဖြစ်သည်။ သူမက ရှဲ့ယွင်နန်ကို သွားရှာရန် စိတ်လောကြီးနေတော့သည်။
“နေဦး ...”
သွမ့်ချန်ချင်းက သူမကို တားမြစ်လိုက်သည်။
လုကျင်းချန်းက သူ့ကို ပြန်ကြည့်လိုက်၏။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“သူတို့ကို ခေါ်လာခဲ့လိုက်ပါ သူတို့က ကူညီပေးနိုင်လိမ့်မယ် ...”
ဒီလူနှစ်ယောက်က ငါတို့ကို လုပ်ကြံဖို့ ရောက်လာတာလေ ဘယ်လိုလုပ် ကူညီပေးမှာလဲ ...
လုကျင်းချန်းက ပဟေဠိ ဖြစ်သွားခဲ့၏။ ထို့နောက် ဟုန်ယဲ့မြို့တော်ကို ရုတ်တရက် သစ္စာခံသွားကြသည့် မုန့်ယန်နှင့် သူ့လူများကို တွေးမိသည့်အခါ ...
ဒါဆို သွမ့်ချန်ချင်းမှာ အဲဒီ့လူတွေကို နားချဖို့ နည်းလမ်းတစ်ခု ရှိနေတယ်ဆိုတဲ့ သဘောပေါ့ ...
ထိုသို့ တွေးပြီးနောက် သူမက ထို နဝမအဆင့် တိုက်ခိုက်သူနှစ်ဦးကို ဆွဲမကာ ထွက်သွားလိုက်သည်။ သွမ့်ချန်ချင်းကလည်း အနောက်မှ လိုက်လာလိုက်၏။
ဆိုင်ပိုင်ရှင်နှင့် သာမန်လူအချို့ကလည်း ထိုမြင်ကွင်းကို ကြောင်အလျက်သား ငေးကြည့်နေလိုက်ကြသည်။
သို့သော် သူတို့အားလုံးမှာ သာမန်လူနှင့် အဆင့်နိမ့်တိုက်ခိုက်သူများသာ ဖြစ်သည့်အတွက် ကိစ္စရပ်များအား ရှင်းရှင်းလင်းလင်း နားမလည်။ သူတို့က ရှဲ့ချင်ကို အလွန် အင်အားကြီးမားလွန်းသည်ဟုသာ ထင်မိလိုက်ကြသည်။
သွမ့်ချန်ချင်း တိုက်ခိုက်ခံရသည့်အချိန်နှင့် တစ်ပြိုင်တည်းမှာပင် မြင့်မြတ်မြို့တော်မှ လူများကလည်း ရှဲ့ယွင်နန်၏ ဘက်သို့ ထိုးဖောက်ဝင်ရောက်လာကြသည်။ ထို့အပြင် နောက်ထပ်လည်း အများအပြား ဆက်ရောက်လာနေသေးသည်။
အဆင့်မြင့် ယဇ်ဆရာနှစ်ဦး၊ နဝမအဆင့် တိုက်ခိုက်သူ ၁၀ ယောက်နှင့် အဌမအဆင့်နှင့် သတ္တမအဆင့် တိုက်ခိုက်သူ အများအပြားက ရှဲ့ယွင်နန်၏ ရုံးခန်းထဲသို့ ချိုးဖျက်ဝင်ရောက်ကာ စကားတစ်ခွန်းမှ မဆိုဘဲ တိုက်ခိုက်လာကြတော့သည်။
ထိုသူတို့၏ လှုပ်ရှားမှုမှာ အလွန်ပြင်းထန်လွန်းသည့်အတွက် ရှဲ့ယွင်နန်နှင့် အခြားလူများက ကြိုတင်ပြင်ဆင်ထားနိုင်လိုက်၍သာ တော်သေးသည်။ ထိုသူများ ရောက်လာသည်နှင့်တစ်ပြိုင်နက် သူက အင်အားနည်းပါးသူ အချို့ကို အပြင်သို့ ထွက်စေပြီး
နေပြီး ဖြစ်သည်။
သို့သော် သူတို့သည် တစ်ဖက်လူနှင့် နှိုင်းယှဉ်ပါလျှင် လူအင်အား နည်းပါးနေဆဲပင်။
ကြမ်းတမ်းလှသည့် တိုက်ပွဲမှာ မရှောင်လွှဲနိုင်တော့။