Chapter 86
ဟုန်ယဲ့မြို့တော်၏ ပုန်ကန်ထကြွမှုမှာ ရုတ်တရက် ဖြစ်ပေါ်လာသည့် ကိစ္စ ဖြစ်သော်ငြား မြို့ကို များစွာ မထိခိုက်စေခဲ့ပေ။
အထက်တန်းလွှာနှင့် အင်အားကြီး တိုက်ခိုက်သူအများစုက မြို့ကို စွန့်ခွာသွားခဲ့ကြသော်ငြား သာမန်လူများကမူ ဟုန်ယဲ့မြို့တွင် ကောင်းမွန်စွာ နေထိုင်နေကြဆဲပင်။ သူတို့၏ ဘဝမှာ ယခင်ထက် ပိုကောင်းမွန်လာသည်ဟု ဆိုရပေမည်။
ယခုကာလမှာ နှစ်သစ်ကူးပြီးစကာလ ဖြစ်သည့်အတွက် လမ်းမတိုင်း စည်ကားသက်ဝင်ကာ ဈေးဆိုင်တိုင်းမှာလည်း ဈေးဝယ်များဖြင့် ပြည့်နှက်နေပေသည်။
သွမ့်ချန်ချင်းက အပြင်သို့ များစွာ ထွက်လေ့ထွက်ထ မရှိ။ သို့သော် သူ့ဘေးရှိ ဖန့်ချီရှန့်မှာ ဟုန်ယဲ့မြို့ ဒေသခံ ဖြစ်သည့်အပြင် မြို့၏ နေရာတိုင်းနှင့်လည်း ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည့်အတွက် သူက သွမ့်ချန်ချင်းတို့ နှစ်ဦးကို အနီးအနားရှိ ကုန်တိုက်အကြီးကြီးတစ်ခုသို့ ခေါ်သွားလိုက်သည်။
သို့သော် ထိုနေရာသို့ ရောက်သည့်အခါ ... သူကိုယ်တိုင်ပင် ကြောင်အသွားတော့သည်။
ပုန်ကန်မှု မဖြစ်ခင်အထိ ထိုကုန်တိုက်သည် ဇိမ်ခံပစ္စည်းများကို အများဆုံး ရောင်းချသည့်နေရာ ဖြစ်သည်။ ထိုနေရာတွင် မြင့်မြတ်မြို့တော်မှ ထုတ်ကုန်အများအပြားကို ဝယ်ယူ၍ ရနိုင်သည်။ ထိုပစ္စည်းများမှာ ဟုန်ယဲ့မြို့အဖို့ ဇိမ်ခံပစ္စည်းများ ဖြစ်ကြ၏။
သို့သော် ယခုမူ ထို အဆင့်မြင့် ဇိမ်ခံပစ္စည်းအရောင်းဆိုင်အားလုံး မရှိကြတော့။
ထိုကဲ့သို့သော ဆိုင်ပေါင်းများစွာ တည်ရှိခဲ့ရာ စတုရန်းမီတာပေါင်းများစွာကို ယခုအခါ အမျိုးမျိုးသော ဈေးဆိုင်ခန်းငယ်လေးများအဖြစ် ခွဲခြမ်းပြီး ကုန်ပစ္စည်းအမျိုးမျိုးကို ရောင်းချလိုက်ကြတော့သည်။ ထိုပစ္စည်းများမှာ ဈေးနှုန်းအားဖြင့်လည်း မမြင့်လှ။
သို့သော် ထိုသို့ ဈေးဆိုင်ငယ်လေးများ ဖွင့်လှစ်လိုက်ခြင်းက ပိုပြီး သက်ဝင်လှုပ်ရှားသွားစေကြောင်းကိုမူ ငြင်းဆန်၍ မရပေ။ ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများကလည်း ထိုဆိုင်များသို့ ဈေးလာဝယ်ကြ၏။
“ပင်မခရိုင်ဆိုတာ ဒီလိုမျိုးကိုး ...”
“အရင်ကတော့ ဒီလို မဟုတ်ဘူး ...”
“ဒီကအိမ်တွေက လှလိုက်တာ ...”
“ငါသာ တိုက်ခိုက်သူ ဖြစ်လာရင် ဒီလို အိမ်လှလှလေးနဲ့ နေနိုင်မှာ ...”
...
သွမ့်ချန်ချင်းက ကလေးအချို့၏ ရည်မှန်းချက် ပြည့်ဝလှသည့် စကားသံများကို ကြားလိုက်ရဿည်။
“မား ဒီနားမှာ အင်္ကျီဆိုင်တွေ အများကြီး ရှိတယ် သွားကြည့်ကြမလား ..."
သူက မလှမ်းမကမ်းရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
လုကျင်းချန်းက အံ့ဩတုန်လှုပ်သွားကာ သူ့ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
“ငါ့ကို ဘယ်လို ခေါ်လိုက်တယ် ...”
“မား ...”
သွမ့်ချန်ချင်းက ပြုံးပြလိုက်သည်။ အစောပိုင်းက တစ္ဆေဘုရင်၏ တုန့်ပြန်မှုကို အခြေခံကာ သူသည် လုကျင်းချန်း၏ သရုပ်မှန်ကို အတည်ပြုပြီးသွားတော့သည်။
လုကျင်းချန်းက အမျိုးသားအသံဖြင့်သာ စကားပြောနေသည့်အပြင် မျက်နှာဖုံးလည်း တပ်ထားသေးသည်။ သူမက လုရှောင်ရန်သည် ပေါက်ကရ လျှောက်ပြောမည့်သူ မဟုတ်သလို တစ္ဆေဘုရင်ကလည်း အမြဲ သူမ၏ ဘေးနားတွင် ရှိနေသည့်အတွက် မည်သူကမှ မရိပ်မိနိုင်ဟု ယုံကြည်ခဲ့၏။
သွမ့်ချန်ချင်းက ဘယ်လိုလုပ်ပြီး သိသွားတာလဲ ...
သွမ့်ချန်ချင်းတောင် သိတယ်ဆိုတော့ သားလေးရော သိနေတာလား ...
“အဖေက ကျွန်တော့်ကို မားအကြောင်း ပြောပြထားလို့ပါ ...”
သူက ရှင်းပြလိုက်သည်။
“ယွင်နန်က ...”
“သူလည်း သိပါတယ် ...”
သွမ့်ချန်ချင်းက ပြောပြလိုက်သည်။
လုကျင်းချန်းသည် ရှဲ့ယွင်နန်အနားတွင် တဝဲလည်လည် ဖြစ်နေခဲ့စဉ်က သူမအကြောင်းကို ရှဲ့ယွင်နန် မသိသေးဟုသာ ထင်ထားခဲ့သည်။ ထို့ကြောင့် သွမ့်ချန်ချင်းကို မဆိုထားနှင့်၊ ရှဲ့ယွင်နန်ကိုပင် ထုတ်ပြောရန် အကြံမရှိခဲ့ပေ။
ယခုမူ သူမက ရှဲ့ယွင်နန်ကို ချက်ခြင်းပင် သွားတွေ့ချင်လာတော့သည်။
“ယွင်နန်မှာ အဝတ်အစားတွေ အများကြီး မရှိဘူး သူ့အတွက် နည်းနည်းလောက် ဝယ်ပေးကြရအောင်လေ ...”
သွမ့်ချန်ချင်းက ပြုံးပြလိုက်သည်။
သွမ့်ချန်ချင်းက လက်ဦးမှုယူကာ လုကျင်းချန်း၏ သရုပ်မှန်ကို ထုတ်ပြလိုက်သည်။ ထို့အပြင် လုကျင်းချန်းကိုလည်း ထိုအခြေအနေနှင့် အမြန်ဆုံး နေသားကျသွားလိုပေသည်။
သို့မဟုတ်ပါလျှင် .. ရှဲ့ယွင်နန်နှင့် လုကျင်းချန်း နှစ်ဦးလုံးမှာ တစ်ဦးနှင့်တစ်ဦး မည်ကဲ့သို့ ဆက်ဆံရမှန်း မသိ၊ အနေခက်နေကြမည် ဖြစ်ကာ ထိုအခြေအနေကို မည်သည့်အချိန်မှ ကျော်ဖြတ်နိုင်မလဲပင် သိနိုင်မည် မဟုတ်ချေ။
“သွားလေ ...”
သူမက ပြောလိုက်သည်။ အသက်ကို ပြင်းပြင်းရှူကာ ပုံမှန်အနေအထားအတိုင်း ပြန်ရောက််အောင် ထိန်းညှိပြီးနောက် မေးလိုက်သည်။
“ယွင်နန်က ဘယ်လို အဝတ်အစားတွေကို သဘောကျလဲ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“သက်တောင့်သက်သာရှိတဲ့ အဝတ်အစားဆို ပိုအဆင်ပြေတယ် ...”
သူ၏ လေ့လာထားချက်များအရ ရှဲ့ယွင်နန်သည် အလှလေးများကိုသာမက လှပသည့် အဝတ်အစားများကိုလည်း သဘောကျပေသည်။ သို့သော် အထူးတလည် သွားရန်လိုသည့် ပွဲလမ်းအခမ်းအနားများမှအပ ကျန်သည့်အချိန်များတွင်မူ သက်တောင့်သက်သာရှိသည့် အဝတ်အစားများကိုသာ ဦးစားပေး ဝတ်ဆင်တတ်၏။
ဆိုင်ထဲသို့ ရောက်သည့်အခါ လုကျင်းချန်းမှာ ကူကယ်ရာမဲ့သွားတော့၏။ သူမ၏ အဝတ်အစားအားလုံးကို အခြားသူများက ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည့်အတွက် .. အခြားသူများအတွက် အဝတ်အစားများ ဝယ်ပေးရာတွင် မည်ကဲ့သို့ ရွေးချယ်ရမည်ကို မသိချေ။
တစ်ဖက်တွင် သွမ့်ချန်ချင်းက ရှဲ့ယွင်နန်နှင့် သင့်လျော်သည့် အဝတ်အစားများကို ချက်ခြင်း ရှာတွေ့သွားတော့သည်။
သူကိုယ်တိုင် ဝတ်ကြည့်တော့မည် ပြုစဉ် သူ့အား တစ်ယောက်ယောက်က သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့်နေသယောင် ခံစားမိလိုက်တော့သည်။
မျက်မှောင်ဖွဖွကြုတ်ကာ တံခါးအပြင်ဘက်သို့ ထွက်ကြည့်လိုက်သည့်အခါ ထိုအကြည့်တို့ကို မခံစားမိတော့။
ဘယ်သူက သူ့ကို ထောက်လှမ်းနေတာလဲ .. ဒါမှမဟုတ် လုပ်ကြံဖို့ လိုက်ချောင်းနေတာလား ...
ဟုန်ယဲ့မြို့တော်တွင် ... သွမ့်ချန်ချင်းကို ကာကွယ်နိုင်ရန် အလို့ငှာ ရှဲ့ယွင်နန်က သူ့ကို နေ့တိုင်း အိမ်ထဲတွင်သာ နေစေခဲ့သည်။
နောက်ပိုင်း သူက အလွန်သန်မာကြောင်း သိလိုက်ရသည့်အခါ ရှဲ့ယွင်နန်က စိတ်အေးသွားသော်ငြား သွမ့်ချန်ချင်းက အပြင်သို့ ခဏခဏထွက်ခြင်း မပြုခဲ့။ ထို့အပြင် ဟုန်ယဲ့မြို့တော် မီဒီယာကလည်း သူ့အကြောင်းကိစ္စများအား ရိုက်ကူးတင်ဆက်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ဟုန်ယဲ့မြို့တော်သားများသည် သွမ့်ချန်ချင်းအကြောင်း မသိကြ။
လူတိုင်းက တစ္ဆေဘုရင်ကိုမူ လွန်စွာ ရင်းရင်းနှီးနှီး သိရှိကြပေသည်။ တစ္ဆေဘုရင်၏ ဝတ်စုံကို တုပဝတ်ဆင်သူများလည်း အများအပြား ရှိနေရာ လုကျင်းချန်းကိုလည်း ထိုကဲ့သို့ တုပဝတ်ဆင်သူတစ်ဦးဟုသာ သတ်မှတ်ကြသည်။
နှစ်ဦးသား အင်္ကျီဝယ်ရန် အတူတူ ထွက်လာကြသည့်တိုင် အာရုံစိုက်ခြင်း မခံရ။ သွမ့်ချန်ချင်း၏ ထူးကဲလှသော ရုပ်ရည်ကြောင့် သူ့ကို လည်ပြန်ကြည့်သွားကြသူ အချို့သာ ရှိပေသည်။
အဲဒါကြောင့်.. ဒီလိုမျိုး ချောင်းကြည့်ခံရတာက တော်တော်လေးကို ပြဿနာ ဖြစ်နေနိုင်ချေ များတယ် ...
“ယွင်နန်က ဘယ်ဆိုဒ်မျိုး ဝတ်တာလဲ ..."
လုကျင်းချန်းက မေးလိုက်သည်။
“ကျွန်တော်နဲ့ ဆိုဒ်အတူတူပဲ ...”
ယခင်က သူသည် အလွန် ပိန်လှီခဲ့သော်ငြား ဆေးရည်စိမ်ခြင်းကို စတင်လုပ်ဆောင်ချိန်မှစကာ တစ်ဖြည်းဖြည်း သန်မာလာတော့သည်။ ထို့ကြောင့် အင်္ကျီကို ဆိုဒ်အတူတူ ဝတ်ဆင်ရန်လည်း အလွန် အဆင်ပြေလာသည့်အတွက် ရှဲ့ယွင်နန်နှင့် အဝတ်အစားများကို အတူတူ လဲလှယ်ဝတ်ဆင်လိုက်တော့သည်။
ထို့အပြင် .. တစ်ဖြည်းဖြည်း ပြန်လည်သက်သာနေပြီဖြစ်သည့် သူ့ခွန်အားကြောင့် သွမ့်ချန်ချင်းသည် တစ်ယောက်ယောက် ရောက်လာခဲ့သည့်တိုင် ကြောက်ရွံ့မိမည် မဟုတ်ချေ။
သူက အဝတ်များကို စမ်းဝတ်ကြည့်လိုက်သည်။
လုကျင်းချန်းက အင်္ကျီဝယ်ရခြင်းကို စိတ်မပါ။ သူမ၏အမြင်တွင် အဝတ်အစားဝယ်ရင်း အချိန်ဖြုန်းမည့်အစား လေ့ကျင့်နေခြင်းကမှ ပိုကောင်းသေးသည်ဟု ခံယူထားသည်။ ခွန်အားသည်သာ နောက်ဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည့်အရာ ဖြစ်သည်။
အရင်တုန်းက သူမသာ သန်မာခဲ့မယ်ဆိုရင် .. ဘယ်လိုလူက သူမရဲ့သားကို ထိပါးရဲမလဲ ...
သို့သော် အဝတ်အစား စမ်းဝတ်ကြည့်နေသည့် သွမ့်ချန်ချင်းကို မြင်လိုက်ရပြီးနောက် ... ရုတ်ချည်းဆိုသလို စိတ်ဝင်စားလာတော့သည်။
သွမ့်ချန်ချင်း၏ ရုပ်ရည်မှာ အလွန် မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှသည်။ သူ စမ်းဝတ်ကြည့်လိုက်သည့် အဝတ်အစားတိုင်းက သူနှင့် အလွန် လိုက်ဖက်နေ၏။
ထို့ကြောင့် လုကျင်းချန်းက သူ့ကို အခြားအင်္ကျီများကိုပါ စမ်းဝတ်ကြည့်စေကာ ဝတ်သမျှ အားလုံးအား ဝယ်ပေးလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။
အမှန်တကယ်လည်း ဝယ်ခဲ့ပေ၏။
လုမိသားစု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် သူမသည် ငွေအများအပြားကို သုံးစွဲလေ့ ရှိခဲ့သည်။ ထို့အပြင် ဤဆိုင်ရှိ အဝတ်အစားများမှာ အလွန်လည်း ဈေးချိုလှသေး၏။
“ဒီနှစ်စုံ .. တစ်စုံက အဖြူ တစ်စုံက အမဲ ...”
သွမ့်ချန်ချင်း ဆွယ်တာတစ်စုံကို စမ်းဝတ်ကြည့်ပြီးနောက် သူမက ထပ်ပြောလိုက်သည်။
ဆိုင်ရှင်မှာ အလွန်အကြူး ပျော်မြူးနေပြီ ဖြစ်သည်။
“ကောင်းပါပြီ ကျွန်တော် အခုချက်ခြင်းပဲ ထုပ်ပေးလိုက်ပါ့မယ် ...”
“ချန်ချင်း ဒါလေးလည်း စမ်းဝတ်ကြည့်လိုက်ဦး ..."
သူမက သွမ့်ချန်ချင်းကို နောက်တစ်စုံ ယူလာပေးလိုက်သည်။
သွမ့်ချန်ချင်းမှာ အလွန် ကြည့်ကောင်းလှသူ ဖြစ်ရာ သူ့ကို အဝတ်အစားများ ဆင်ပေးပြီးနောက် သူမ၏ စိတ်ထဲတွင် အလွန်အမင်း ကျေနပ်အားရသွားတော့သည်။
သွမ့်ချန်ချင်းက အပြင်ဘက်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ သို့သော် အင်္ကျီ စမ်းဝတ်ကြည့်ရန်ကိုလည်း အလောတကြီး မလုပ်ခဲ့။
သူက နဝမအဆင့် တိုက်ခိုက်သူနှစ်ဦး ချဉ်းကပ်လာကြောင်း ခံစားမိခဲ့သည်။
ထိုသူနှစ်ဦးမှာ သူနှင့် လုကျင်းချန်ထံ လာနေကြခြင်း ဖြစ်သော်ငြား လုကျင်းချန်းက သတိမပြုမိသေးချေ။
သွမ့်ချန်ချင်း တစ်စုံတစ်ယောက် ချဉ်းကပ်လာကြောင်း သတိပြုမိသော်ငြား ဤနေရာတွင် အခြားလူများလည်း အများအပြား ရှိနေသည့်အတွက် ထိုလူများက မည်သို့မှ လှုပ်ရှားလိမ့်မည် မဟုတ်ဟုသာ တွက်ဆထားသည်။
သို့သော် ၎င်းက သူ့အတွေးမျှသာ ဖြစ်ကာ ထိုလူများကမူ ဤကဲ့သို့ မတွေးခဲ့ကြပေ။
သွမ့်ချန်ချင်းက သူတို့၏ တည်ရှိမှုကို ရှာတွေ့သွားသည်နှင့်တစ်ပြိုင်နက် ထိုသူများကလည်း ဘေးနားရှိ သာမန်လူများအား လျစ်လျူရှုကာ နဝမအဆင့် တိုက်ခိုက်သူ၏ ဖိအားကို ထုတ်ဖော်ရင်း လူလုံးထွက်ပြလိုက်ကြသည်။
သူ ထိုသူနှစ်ဦးကို အာရုံခံမိစဉ်မှာပင် လုကျင်းချန်းကလည်း ထိတ်လန့်သွားခဲ့သည်။
ထို အဆင့်မြင့် တိုက်ခိုက်သူနှစ်ဦးကို သူမတစ်ယောက်တည်းဖြင့် အနိုင်မယူနိုင်ချေက ပိုများနေသည်။
တစ်ဦးတည်းသာဆိုလျင် ထွက်ပြေးနိုင်သေးသော်ငြား ယခုမူ ဘေးတွင် သွမ့်ချန်ချင်းလည်း ရှိနေပေသည်။
နဝမအဆင့် တိုက်ခိုက်သူများ၏ တိုက်ပွဲတွင် သာမန်လူဖြစ်သော သွမ့်ချန်ချင်းသည် အနည်းငယ် သက်ရောက်ခြင်း ခံရရုံမျှဖြင့်ပင် သေဆုံးသွားနိုင်ပေသည်။
သူမက သွမ့်ချန်ချင်းနှင့်အတူ ထွက်ပြေးချင်သော်ငြား ထိုသို့ မလုပ်နိုင်။ အကယ်၍ ထွက်ပြေးရင်း တိုက်ခိုက်ရပါလျှင် သွမ့်ချန်ချင်းမှာ ကျိန်းသေ ထိခိုက်သွားမည် ဖြစ်သည်။
ထို့အပြင် အနီးအနားတွင် သာမန်လူများလည်း အများအပြား ရှိနေရာ ...
“အမြန်လေး ...”
သူမက အော်လိုက်ကာ ဖန့်ချီရှန့်ကို သွမ့်ချန်ချင်းအား အရင်ခေါ်သွားစေလိုက်သည်။ သူမကမူ ထိုသူများအား တစ်ခဏမျှ အချိန်ဆွဲထားမည်ဖြစ်သည်။
“ထွက်ပြေးချင်တာလား .. ဒါဆိုရင်တော့ နောက်ကျသွားပြီ ...”
နဝမအဆင့် တိုက်ခိုက်သူတစ်ဦးက သရော်လှောင်ရယ်ကာ သွမ့်ချန်ချင်းထံ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်သည်။
သူတို့၏ တာဝန်မှာ ရှဲ့ချင်နှင့် သွမ့်ချန်ချင်းကို ဖမ်းဆီးလာရန် ဖြစ်သည်။
သွမ့်ချန်ချင်း “...”
အရင်က သူတို့တွေ ဟုန်ယဲ့မြို့ကို သိမ်းလိုက်တာတောင် ဘာလို့ မြင့်မြတ်မြို့တော်က ဘာမှ မတုန့်ပြန်ပါလိမ့်လို့ တွေးမိနေတာ ...
နောက်ဆုံးတော့ ရောက်လာကြပြီပဲ ...
ဒီလူတွေက ရောက်ရောက်ချင်းတောင် စိုက်ကြည့်နေလိုက်ကြသေးတယ် ...
လုကျင်းချန်ကိုမူ .. ထိုသူများက သူမအား တစ္ဆေဘုရင်ဟု ထင်မိသွားခြင်း ဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်သည်။
တစ္ဆေဘုရင်က သူ့မျက်နှာကို တစ်ကြိမ်တစ်ခါမျှပင် ပြသခဲ့ဖူးခြင်း မရှိ။ အဝတ်အစားကြောင့်သာ အခြားလူများက သူ့ကို မှတ်မိနေကြခြင်း ဖြစ်သည်။ ယခု လုကျင်းချန်းက တစ္ဆေဘုရင်ကဲ့သို့ တစ်ပုံစံတည်း ဝတ်စားထားသည့်အပြင် သူနှင့်အတူတူ လမ်းလျှောက်ထွက်လာသေးရာ ....သူမကို တစ္ဆေဘုရင်ဟု သတ်မှတ်လိုက်ကြတော့သည်။
နဝမအဆင့် တိုက်ခိုက်သူနှစ်ဦး၏ ရုတ်တရက် လှုပ်ရှားမှုမှာ ကုန်တိုက်တစ်ခုလုံးကို အလွယ်တကူ ပျက်စီးသွားစေနိုင်သည်။
သွမ့်ချန်ချင်းက ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်လာမည်ကို လက်မခံနိုင်။ ထို့အပြင် သူသည် လတ်တလောတွင် များစွာ ပြန်လည်သက်သာနေပြီ ဖြစ်သည်။
နဝမအဆင့် တိုက်ခိုက်သူနှစ်ဦးက လက်ညှိုးထိုးကာ လေပေါ် ပျံဝဲရင်း သူနှင့် လုကျင်းချန်းထံ အသီးသီး ခုန်ဝင်လာလိုက်ကြသည်။
လုကျင်းချန်း၏ အမူအယာမှာလည်း
ချက်ခြင်း ပြောင်းလဲသွားတော့သည်။ သူမက ရန်သူကို ရင်ဆိုင်ရန် ပြင်ဆင်နေစဉ် ထိုနဝမအဆင့် တိုက်ခိုက်သူနှစ်ဦးလုံး လေထဲမှ ပြုတ်ကျကာ မြေကြီးနှင့်မျက်နှာ အပ်သွားသည်ကို တွေ့လိုက်ရတော့သည်။
လုကျင်းချန်း “????”