အပိုင်း ၈၅
Viewers 7k

Chapter 85




တစ္ဆေဘုရင်နှင့် အင်္ကျီဆင်တူ၊ မျက်နှာဖုံးဆင်တူ ဝတ်ဆင်ပြီးနောက် လုကျင်းချန်း၏ ပုံစံမှာ တစ္ဆေဘုရင်နှင့် အတော်လေး ဆင်တူသွားတော့သည်။ 


သို့သော် အရပ်နှင့် ခန္ဓာကိုယ်အချိုးအစားများကမူ ကွာခြားနေဆဲပင်။ တစ္ဆေဘုရင်နှင့် သိကျွမ်းသူ မည်သူမဆို မည်သူက မည်သူဖြစ်ကြောင်း တစ်ချက်တည်း ကြည့်ရုံဖြင့်ပင် ခွဲခြားနိုင်ပေလိမ့်မည်။ 


နှစ်ဦးသား ဘေးချင်းကပ်ရပ် ထွက်လာသည့်အခါ စပ်စုလိုသည့် အကြည့်များဖြင့် အကြည့်ခံလိုက်ရသော်ငြား မည်သူကမှ စကားမများရဲကြပေ။ 


အားလုံးက သူမ၏ ခွန်အားကိုလည်း ရှင်းရှင်းလင်းလင်း မြင်ဖူးထား၏။ 


နဝမအဆင့် တိုက်ခိုက်သူတဲ့ သူတို့ကတော့ ဒီလိုမျိုး ဆရာ့ဆရာကြီးကို ရန်သွားမစရဲပါဘူးနော် ...


ပြီးတော့ ရှဲ့ချင်ရဲ့ မိတ်ဆွေတဲ့ ....


နေပါဦး သူမက ရှဲ့ချင်နဲ့ ဒီလောက်တောင် ဆက်ဆံရေး ကောင်းတယ်လား ...


မနေ့ညက ခင်ပွန်းဖြစ်သူကို အမိဖမ်းပြီးနောက် လုကျင်းချန်းသည် အနည်းငယ် တွေဝေရှုပ်ထွေးနေတော့သည်။ သူမက ဖျားယောင်းရန် တွေးထားခြင်း မရှိသည့်တိုင် အနည်းငယ် မပျော်မရွှင် ဖြစ်မိကာ တစ်နေ့လုံး တစ္ဆေဘုရင်ကို အာရုံမစိုက်လိုတော့။ 


တစ္ဆေဘုရင်ကလည်း အနည်းငယ် အပြစ်မကင်း ဖြစ်နေသည့်အတွက် သူမ၏ အနောက်မှသာ လိုက်လာခဲ့လိုက်သည်။ သူက အလွန်အကျူးလည်း မလုပ်ရဲ။ ထို့ကြောင့် နှစ်ဦးအကြား အခြေအနေမှာ အနည်းငယ် ငြိမ်သက်နေတော့သည်။ 


ထိုအခြေအနေကို ပြောင်းလဲလိုသည့် ဆန္ဒများ ထက်သန်နေသော တစ္ဆေဘုရင်က လုကျင်းချန်းအတွက် ပန်းလက်ဖက်ရည်တစ်ခွက် လုပ်လာပေးလိုက်သည်။ 


ထိုအချိန်တွင် ရှဲ့ယွင်နန်လည်း ရောက်လာ၏။ ရောက်လျှင်ရောက်ချင်း သူ့အကြည့်တို့က လုကျင်းချန်းထံ ကျရောက်သွားတော့သည်။ 


မနေ့ည သူ လုကျင်းချန်းကို တွေ့သည်အထ်ိ ဘာမှ မသိသေး။ အခန်းထဲသို့ ပြန်ရောက်ချိန်တွင် သွမ့်ချန်ချင်းက သူ၏ ထင်မြင်ချက်ကို ပြောပြလာခဲ့သည်။ 


ထိုသူက သူ့အမေ ဖြစ်နိုင်လောက်၏။


ကြီးပြင်းလာသည့်တစ်လျှောက် သူ့တွင် အုပ်ထိန်းသူ အမျိုးသမီးဟူ၍ မရှိခဲ့ဖူးရာ သွေးရင်းအမေကို တွေ့လိုက်သည့်အခါ မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်း မသိတော့။ 


တုန့်ဆိုင်းနေစဉ် လုကျင်းချန်းက တစ္ဆေဘုရင် ပြင်ဆင်ထားသည့် လက်ဖက်ရည်ပန်းကန်ကို ဆွဲယူကာ သူ့လက်ထဲ ထည့်ပေးလိုက်သည်။ 


“မြို့အရှင် လက်ဖက်ရည် သုံးဆောင်ပါ ...”


ရှဲ့ယွင်နန်ကလည်း အလိုလိုပင် လက်ခံလိုက်မိကာ သူမကို ပြုံးပြလိုက်သည်။ 


“ကျေးဇူးတင်ပါတယ် ...”


သူ့အပြုံးကို မြင်လိုက်သည့်အခါ လုကျင်းချန်းသည် သူမ၏ နှလုံးသားတစ်ခုလုံးပင် အရည်ပျော်ကျသွားလုမတတ် ခံစားလိုက်ရတော့၏။ 


သူ့ယောကျ်ားမှာ အိုမင်းလာခြင်း မရှိသည့်တိုင် သားဖြစ်သူကဲ့သို့ ချောမောခြင်း မရှိတော့ပေ။ 


သူမက ချက်ခြင်း ထပ်မေးလိုက်သည်။ 


“မြို့အရှင် ထမင်းစားပြီးသွားပြီလား တစ်ခုခု စားချင်တာ ရှိလား ရှိရင် အခုပဲ သွားယူလာပေးပါ့မယ် ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“မလိုအပ်ပါဘူး ကျွန်တော် အခုပဲ စားပြီးသွားတာ ...”


ထိုသို့ ပြောနေစဉ် သူ့ကို အစီရင်ခံမည့်သူတစ်ဦး ရောက်လာ၏။ 


လုကျင်းချန်းက ထွက်မသွား။ ဘေးနားတွင် ရပ်နေကာ ဟုန်ယဲ့မြို့၏ အရေးကိစ္စများအား ကိုင်တွယ်နေသည့် ရှဲ့ယွင်နန်ကိုသာ တစူးတစိုက် ငေးကြည့်နေလိုက်သည်။ 


တစ္ဆေဘုရင်ကလည်း ဘေးနားတွင် ရပ်လျက် သူ့ဇနီးနှင့် သားဖြစ်သူကို နှစ်သက်ကျေနပ်စွာဖြင့် ငေးကြည့်နေလိုက်သည်။ ထိုစဉ် လုကျင်းချန်းက သူ့ကို ရုတ်တရက် စိုက်ကြည့်လာ၏။ 


သားလေးက အလုပ်များနေတာကို ရှင်က အဖေတစ်ယောက် လုပ်နေပြီး ဘယ်လို ကူညီရမလဲတောင် မသိဘူးလား ...


ဤမြို့သို့ ရောက်မလာခင်က လုကျင်းချန်းသည် မတွေ့ခဲ့ရသည့် နှစ်များအတွင်း သူမခင်ပွန်း၏ ခန္ဓာကိုယ် တစ်ခုခု ထိခိုက်ချို့ယွင်းနေမလားဟု စိုးရိမ်မိခဲ့သည်။ 


ဒါပေမယ့် မနေ့ကတင် အဲဒီ့လူက သူ့ခန္ဓာကိုယ် ဘယ်လောက်တောင် ကောင်းသလဲဆိုတာ ချက်ခြင်း သက်သေပြခဲ့ပြီးပြီ ...


ခင်ပွန်းက အရမ်းကို နုပျိုတဲ့အပြင် ထင်သာမြင်သာ ရှိအောင်ကို အင်အားပြည့်ဝ တက်ကြွနေတာဆိုတော့ .. သူ့ကို အလုပ်ပိုပြီး လုပ်ခိုင်းလိုက်ကြတာပေါ့ ...


တစ္ဆေဘုရင်ကလည်း သူမ၏ ဆိုလိုရင်းကို သဘောပေါက်လိုက်ကာ ချက်ခြင်းပင် ကြိုးကြိုးစားစား အလုပ်လုပ်လိုက်တော့သည်။ 


သူမကမူ ရှဲ့ယွင်နန်ကိုသာ ဆက်ပြီး ငေးကြည့်နေကာ အချိန်ရလေတိုင်း မကြာခဏ စကားစမြည် ပြောခဲ့သည်။ 


လုကျင်းချန်းသည် လုမိသားစုခေါင်းဆောင်တစ်ဦး ဖြစ်ရာ အမျိုးမျိုးသော ကိစ္စရပ်များအား ကိုင်တွယ်ရာတွင် လွန်စွာ ကျွမ်းကျင်လှပေသည်။ ... တစ်ခဏမျှ ဘေးမှ နားထောင်ပြီးနောက် သူမက ရှဲ့ယွင်နန်ကို ကူညီနိုင်သွားတော့သည်။ 


မူလက ရှဲ့ယွင်နန်ကို ကူညီရန်မှာ ပိုင်ယဲ့နှင့် လုရှောင်ရန်၏တာဝန် ဖြစ်သော်ငြား သူမက ထိုသူများ၏ တာဝန်ကို လုယူသွားသည့်အတွက် ... ပိုင်ယဲ့က သူမကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်တော့သည်။ 


လုရှောင်ရန်ကမူ .. သူက မျက်နှာသေဖြင့်သာ ရပ်နေသော်ငြား စိတ်ထဲတွင်မူ ဒေါသတကြီး ပေါက်ကွဲမိနေပြီ ဖြစ်သည်။ 


မနေ့က ဦးလေးနဲ့ ဒေါ်လေးက သူ့အခန်းကို ဖျက်ဆီးပြီး ထွက်သွားခဲ့ကြတာ ...


ထိုမြင်ကွင်းကို မြင်လိုက်ကြသူ အားလုံး “...”


ဘာလဲ နောက်ထပ် ရှဲ့ယွင်နန်ကို သဘောကျတဲ့လူတစ်ယောက် ထပ်တိုးလာပြန်တာလား ...


ထိုသို့ တွေးနေစဉ်မှာပင် လုကျင်းချန်းက တစ္ဆေဘုရင်၏ အလုပ်များကိုပါ လုယူလိုက်ကြောင်း တွေ့လိုက်ရသည်။ 


လုကျင်းချန်းက သူမ၏ အရည်အချင်းကို ထုတ်ပြလိုသောကြောင့် ထိုသို့ လုပ်ခဲ့မိခြင်း ဖြစ်သော်လည်း အခြားသူများကမူ ထိုသို့ မတွေး။ 


သူတို့က ... ထို တစ္ဆေဘုရင်၏ မိတ်ဆွေဟူသည့်လူမှာလည်း ရှဲ့ယွင်နန်ကို မြင်မြင်ချင်း ချစ်မိသွားသည်ဟု မှန်းဆမိသွားကြတော့သည်။ 


တစ္ဆေဘုရင်၏ အရင်းနှီးဆုံး ငယ်သားများကမူ ထိုသို့ မတွေးမိ။ သို့သော် သူတို့လည်း များစွာ ပဟေဠိ ဖြစ်သွားခဲ့ကြပေသည်။ 


ဘော့စ်က ဘာတွေ ဖြစ်နေတာလဲ ...


ဘော့စ်ကို သူတို့ နားလည်ထားသလောက်ဆို .. ဒီအမူအယာကလေ အဲဒီ့ သူငယ်ချင်းဆိုတဲ့လူကို နည်းနည်းလေးတောင် ကြောက်နေသလိုပဲ ဘော့စ်က မနေ့ညက အရိုက်ခံထားရလို့များလား ...


စိုးရိမ်စရာ ကောင်းလိုက်တာာ ...


သူတို့၏ ဘော့စ်က သူငယ်ချင်းဖြစ်သူနှင့် ယှဉ်ပြိုင်နေသည်ဟု ခံစားမိလိုက်သည့်အတွက် သူ့ကို ကူညီရန် အလုပ်များလာကြတော့သည်။ 


စားစရာ လာပို့သည့် သွမ့်ချန်ချင်းမှာလည်း ကရုဏာသက်သည့် အကြည့်ပေါင်းများစွာကို လက်ခံရရှိလိုက်သည်။ သို့သော် လာရာလမ်းတွင် အချို့သော တီးတိုးစကားများကို ကြားခဲ့ပြီး ဖြစ်သည့်အတွက် သူက ထိုစကားများမှာ ရယ်စရာကောင်းသည်ဟုသာ ခံစားမိခဲ့သည်။ 


အပြင်ဘက်တွင် .. ရှဲ့ယွင်နန်က အားလုံး၏ မျက်စိကျခြင်းကို ခံနေရသည်ဟု ကောလဟာလများ ပျံ့နေ၏။ 


အထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူသည် လုကျင်းချန်း၏ စေ့စေ့ပေါက်ပေါက် အကြည့်များနှင့် ရင်ဆိုင်လိုက်ရတော့သ်ည။ 


ယခင်က သူမနှင့် အဆက်အသွယ် ရှိသူမှာ တစ္ဆေဘုရင် မဟုတ်၊ လုရှောင်ရန်သာ ဖြစ်သည်။ ထို့ကြောင့် သူမ သိထားသည့် သွမ့်ချန်ချင်း၏ အချက်အလက်များမှာလည်း လုရှောင်ရန်၏ စကားများအပေါ်တွင်သာ မူတည်ပေသည်။ သူမက ထိုလူမှာ ရှဲ့ယွင်နန် ဆင်ခြေဖုံးဒေသတွင် နေထိုင်စဉ်ကတည်းက လက်ထပ်ခဲ့သူ ဖြစ်ကြောင်းသာ သိထား၏။ ထိုသူက အလွန်သိမ်မွေ့ကာ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်းကို နှစ်သက်ပြီး ရှဲ့ယွင်နန်ကိုလည်း ဂရုတစိုက် ရှိလှပေသည်။ 


ထို့အပြင် သူမက သွမ့်ချန်ချင်း၏ သည်းမခံနိုင်လောက်စရာ အတိတ်များအကြောင်းကိုလည်း တစ်စွန်းတစ်စ ကြားဖူးထား၏။ 


မနေ့ညက သူမတွင် သွမ့်ချန်ချင်းကို အကဲခတ်နေရန် အချိန်မရှိခဲ့။ ယခုမှသာ အချိန်ရခဲ့ခြင်း ဖြစ်သည်။ သွမ့်ချန်ချင်း၏ ရိုးသားလှသော အကြည့်တို့ကို မြင်လိုက်ရကတည်းက သူ့အပေါ် အကောင်းမြင်စိတ်များ ဖြစ်ပေါ်နှင့်နေပြီး ဖြစ်သည်။ 


သွမ့်ချန်ချင်း၏ ပြောဆိုပြုမူပုံများကို အကဲခတ်ပြီးသည့်နောက်တွင် .. သူသည် ရုပ်ရည်ချောမောသည့်တိုင် လျောင်မုယဲ့နှင့် ကျိုးယီချင်းတို့လို လူစားမျိုး မဟုတ်ကြောင်း သေချာသွားတော့သည်။ 


ထို့အပြင် သွမ့်ချန်ချင်းက သူမ၏ သားဖြစ်သူ ဆင်ခြေဖုံးဒေသတွင် နေထိုင်စဉ်ကတည်းက လက်ထပ်ခဲ့သူလည်း ဖြစ်သည်။ 


ဒီလိုမျိုး ကြည့်ကောင်းချောမောတဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတာတောင် ဆင်ခြေဖုံးဒေသက သူမရဲ့ သားကို လက်ထပ်ဖို့ ဆန္ဒရှိခဲ့တာ ... ဒါ ဘာလဲ သေချာပေါက်ကို အချစ်စစ်ပဲပေါ့ ...


သွမ့်ချန်ချင်းရဲ့ အင်အားကတော့ ... သူက သာမန်လူတစ်ယောက် ဖြစ်နေရင်

တောင် ... ကြည့်ကောင်းနေသရွေ့ အဆင်ပြေတယ် ...


ပြီးတော့ သားလေးကလည်း သူ့ကို သဘောကျနေတယ်လေ .. ဒါပဲပေါ့ ...


သွမ့်ချန်ချင်းကို ကြည့်နေသည့် သူမ၏ အကြည့်များမှာ ပိုမိုသိမ်မွေ့လာကာ သူ့ကိုပါ စကားဝိုင်းထဲ ဆွဲခေါ်လိုက်တော့သည်။   


ယခင်က သူမသည် သားဖြစ်သူသာ အသက်ရှင်နေသေးပါလျှင် ချွေးမနှင့် အဆင်ပြေပြေ နေနိုင်လိမ့်မည်ဟု တွေးထားခဲ့ဖူးသည်။ 


တစ္ဆေဘုရင်က လုကျင်းချန်းနှင့် သွမ့်ချန်ချင်းတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောကြသည်ကို မြင်လိုက်သောအခါ အနည်းငယ် နောင်တရမိလာတော့သည်။ 


သားက သွမ့်ချန်ချင်းကိုပဲ အမြဲတမ်း အာရုံစိုက်နေတာက ထားပါ ဘာလို့ ဇနီးလေးကပါ သူ့ကို လျစ်လျူရှုပြီး သွမ့်ချန်ချင်းနဲ့ပဲ စကားပြောနေရတာလဲ ...


လုကျင်းချန်းတွင် လုပ်စရာ တာဝန်များ အများအပြားမရှိ။ ထို့ကြောင့် သူမက သွမ့်ချန်ချင်းကို စကားပြောရန် ဘေးနားသို့ ဆွဲခေါ်ကာ ရှဲ့ယွင်နန်အကြောင်း မေးမြန်းလိုက်တော့သည်။ 


သွမ့်ချန်ချင်းကလည်း သူ့ရှေ့တွင် ရှိနေသူမှာ သူ့ယောက္ခမ ဖြစ်ရမည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည့်အတွက် သူ ပြောနိုင်သမျှ အားလုံးကို ပြောပြကာ ရှဲ့ယွင်နန်၏ အကြိုက်နှင့် မကြိုက်သည်များ အားလုံးကိုပါ ပြောပြလိုက်တော့သည်။ 


ရှဲ့ယွင်နန်၏ အတိတ်အကြောင်းကို ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများထံမှ အချို့အဝက်ခန့် စုံစမ်းခဲ့ဖူးသည့်အတွက် သွမ့်ချန်ချင်းသည် ရှဲ့ယွင်နန်၏ ကလေးဘဝက စိတ်ဝင်စားဖွယ် ဖြစ်ရပ်များကိုပါ ပြောပြနိုင်လိုက်သည်။ 


လုကျင်းချန်းက အလွန် ကျေနပ်အားရသွား၏။ 


ထိုစကားများကို ကိုယ်တိုင် ကြားရပြီးနောက် တစ္ဆေဘုရင်တွင် အလုပ်လုပ်လိုစိတ် မရှိတော့။ 


ဒီအကြောင်းတွေကို သူ့ကိုကျ သွမ့်ချန်ချင်းရော ရှဲ့ယွင်နန်ရော တစ်ယောက်မှလည်း ပြောမပြဖူးကြဘူး ...



 သူလည်း နားထောင်ချင်တယ်လို့ ...


အထူးအခြေအနေကို မသိကြသူများ “...”


သွမ့်ချန်ချင်းက အရမ်းကို သတိလက်လွတ် နေတတ်တာပဲ ပြိုင်ဘက်ကိုတောင် ဖော်ဖော်ရွေရွေ ဆက်ဆံနေသေးတယ် ...


လုကျင်းချန်းက သူမကို ကြည့်နေသည့် အခြားလူများ၏ အကြည့်မှာ မူမမှန်လှကြောင်း သတိပြုမိသော်ငြား ဂရုမစိုက်ခဲ့။ သွမ့်ချန်ချင်းကိုသာ ပြောလိုက်သည်။ 


“ချန်ချင်း ငါက အခုမှ ဒီကို ရောက်လာတာဆိုတော့ အဝတ်အစား နည်းနည်းပါးပါး ဝယ်ချင်လို့ အဲဒါ အဖော်လိုက်ပေးလို့ ရမလား မင်းနဲ့ ယွင်နန်အတွက်လည်း နည်းနည်းပါးပါး ဝယ်ပေးမယ်လေ ...”


သူမက သူမအတွက် အဝတ်အစား ဝယ်လိုခြင်း မဟုတ်။ ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းကို ဝယ်ပေးလိုခြင်းသာ ဖြစ်ပေသည်။ 


ထို့အပြင် ချွေးမဖြစ်သူနှင့်အတူ ဈေးဝယ်ထွက်ခြင်းမှာ အမြဲ သူမ လုပ်ချင်ခဲ့သည့် ကိစ္စတစ်ရပ် ဖြစ်ပေသည်။ 


သွမ့်ချန်ချင်းက ယောကျာ်းလေးဆိုပေမယ့် အရမ်းကို လှတယ်လေ အဲဒါကြောင့် အတူတူ သွားကြတာပေါ့ ...


“ကောင်းပါပြီ ...”


သွမ့်ချန်ချင်းက သဘောတူလိုက်သည်။ 


အပြင်ထွက်တော့မည် ပြုပြီးကာမှ လုကျင်းချန်းသည် သူမ၏ မြင့်မြတ်မြို့တော်တွင် အသုံးပြုသော ကတ်ကို ဤနေရာတွင် အသုံးပြုရန် မကောင်းလှဟု ခံစားမိသည့်အတွက် တစ္ဆေဘုရင်ကို လှမ်းကြည့်လိုက်သည်။ 


“ဟေး .. ရှင်က ချမ်းသာလား ...”


တစ္ဆေဘုရင်က သူ့တွင် ရှိသမျှ ငွေကြေးအားလုံးကို အမြန် ထုတ်ပေးလိုက်သည်။ 


လုကျင်းချန်က ထိုပိုက်ဆံများကို ယူကာ သွမ့်ချန်ချင်းကို ချက်ခြင်း ဆွဲခေါ်သွားတော့သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်သည့် ဝမ်ချဲ့က တစ္ဆေဘုရင်ကို လှမ်းကြည့်လိုက်မိတော့သည်။ 


“ဘာလို့ သူ့ကို မင်းပိုက်ဆံတွေ ပေးလိုက်တာလဲ သူ့ကို အနိုင်မယူနိုင်ဘူးလား ...”


ရှဲ့ချင်က အရမ်းကို အင်အားကြီးတဲ့လူပါ ဘာလို့ ဒီတစ်ယောက်ကိုကျ နည်းနည်းကြောက်နေသလို ပုံစံမျိုး ဖြစ်နေတာလဲ ...


မဟုတ်သေးဘူး ရှဲ့ချင်ကလည်း တကယ်ကို သတ်ဖြတ်သူပဲဟာ သူ့ရဲ့ ကျင့်ကြံရေးနည်းလမ်းက နည်းနည်းလေးမှကို ကိုင်တွယ်ဖို့ မလွယ်ဘူး ...


“ဟုတ်တယ် ငါ သူ့ကို အနိုင်မတိုက်နိုင်ဘူး ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


အနီးအနားတွင် ရှိနေသူများက သူ့ကို သနားသည့် အကြည့်တို့ဖြင့် နောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။ 


အရမ်းကို သနားစရာ ကောင်းတာပဲ ဒါဆို ရှဲ့ချင်က အရိုက်ခံရတဲ့အပြင် သူ့ပိုက်ဆံတွေ အကုန်လုံးပါ ဓားပြတိုက်ခံလိုက်ရတာလား ...


အိုး အဲ့ဒီတစ်ယောက်က သူ ကြိုက်နေတဲ့ လူကိုတောင် လုယူသွားခဲ့သေးတာပဲဟာ ... 

82