Chapter 84
တစ္ဆေဘုရင်နှင့် လုကျင်းချန်းကလည်း ထိုနည်းတူပင် တွေးမိ၏။ ထိုမျှသာမက တစ်ယောက်ကိုတစ်ယောက် မြင်လိုက်ကြသည့်အခါ အနည်းငယ်လည်း စိတ်ထိခိုက်သွားကြသည်။
သူတို့နှစ်ဦး မတွေ့ဖြစ်ခဲ့ကြသည်မှာ နှစ်ပေါင်း ၂၀ ကျော်နေပြီဖြစ်ကာ ယခု ရုတ်တရက် ပြန်တွေ့လိုက်ရသည့်အတွက် ...စိတ်လှုပ်ရှားမှုနှင့် စိမ်းသက်မှုတို့ကို ပြိုင်တူ ခံစားလိုက်ရတော့သည်။
အားလုံးကလည်း ရှဲ့ချင်နှင့် တစ်ပုံစံတည်း ဝတ်ထားကာ သူနှင့် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
သူတို့အားလုံးက စပ်စုလိုစိတ်များသာ ဖြစ်လာကြ၏။ သို့သော် သွမ့်ချန်ချင်းကမူ တစ်ခုခုကို အနည်းငယ် သတိပြုမိသွားတော့သည်။
တစ္ဆေဘုရင်က အရမ်းကို စိတ်ဖိစီးနေသလိုပဲ .. ပြီးတော့ သူနဲ့ မျက်နှာချင်းဆိုင် ရပ်နေတဲ့လူ ... အဲဒီ့လူကလည်း အမျိုးသမီးတစ်ယောက် ...
လုရှောင်ရန်၏ ပေါက်ကွဲမှု ဖြစ်သွားသည့် အခန်း၊ အကောင်းပကတိအတိုင်း ဖြစ်နေသည့် လုရှောင်ရန် ... ထို့အပြင် တစ္ဆေဘုရင်၏ သရုပ်မှန်ကို သိထားသေးရာ .. သွမ့်ချန်ချင်း၏ စိတ်ထဲတွင် မှန်းဆချက်တစ်ရပ် အလိုလို ပေါ်ထွက်လာတော့သည်။
ကျယ်လောင်လှသည့် အသံကြီးက လူအများ၏ အာရုံစိုက်မှုကို အမြန် ဆွဲဆောင်နိုင်ခဲ့သည်။ သွမ့်ချန်ချင်းကို နောက်သို့ပို့ကာ ကာထားရင်း ဝမ်ချဲ့က တစ္ဆေဘုရင်ကို မေးလိုက်သည်။
“လူအိုကြီးရှဲ့ .. သူက ဘယ်သူလဲ ...”
တစ္ဆေဘုရင်မှာ ပြောစရာစကားများ ပျောက်ဆုံးသွားတော့သည်။ သူက ထိုလူမှာ သူ့ဇနီးဖြစ်သည်ဟု ပြောလိုက်ချင်သော်ငြား ဇနီးဖြစ်သူက ထိုသို့ ပြောခြင်းကို သဘောကျလိမ့်မည် မဟုတ်ချေ။
သူသည် လုမိသားစုမှ ထွက်လာကတည်းက သေရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ လုကျင်းချန်းကို “ငါ ထွက်သွားပြီးနောက်ပိုင်း အိမ်ထောင်ပြုချင်လည်း ပြုလို့ရတယ်” ဟူသည့် စကားမျိုး ပြောခဲ့သည့်အတွက် ရိုက်နှက်ကာပင် ကန်ထုတ်ခံခဲ့ရသေးသည်။
ယခုမူ နှစ် ၂၀ ပင် ကုန်လွန်သွားပြီ ဖြစ်သည်။
တစ္ဆေဘုရင်က စကားမပြော။ သို့သော် လုကျင်းချန်းက အလွန် ဆွဲဆောင်မှုရှိသည့် ခပ်နိမ့်နိမ့် အမျိုးသားအသံနှင့် ပြောလိုက်သည်။
“ငါက သူ့မိတ်ဆွေ ...”
လုကျင်းချန်းသည် အခြားလူများက သူမအကြောင်း မေးလာသည့်အခါ တုန့်ဆိုင်းနေသော လူအိုကြီးကို ကြည့်နေရင်း ဒေါသထွက်လာတော့သည်။ ထို့ကြောင့်လည်း သူမက မိတ်ဆွေဟု ဖြေလိုက်ခြင်း ဖြစ်သည်။
အမျိုးသားအသံကမူ ... လည်ပင်းကို ဖိလိုက်သည့်အခါ သူမ ပြောသည့် စကားသံမှာ အမျိုးသားအသံနှင့် တစ်ထပ်တည်း ဖြစ်လာတော့သည်။
တစ္ဆေဘုရင် “...”
သူတို့က လင်မယားတွေပါနော် .. ဘယ်လိုလုပ် မိတ်ဆွေ ဖြစ်သွားရတာလဲ ...
သို့သော် ဇနီးဖြစ်သူက ထိုသို့ ပြောလာသည့်အတွက် သူလည်း သဘောတူရန်သာ ရှိတော့သည်။
“ဟုတ်တယ် ...”
ထိုသူက ရှဲ့ချင်၏ မိတ်ဆွေဖြစ်ကြောင်း သိလိုက်ရသည့်အခါ အားလုံးက စိတ်ကို လျော့ချထားလိုက်ကြတော့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရှဲ့ယွင်နန်သည် ဟုန်ယဲ့မြို့၏ မြို့အရှင်ရာထူးကို လက်ခံခဲ့သော်လည်း မြို့နှင့် သက်ဆိုင်သည့် အလုပ်အများစုကိုမူ ရှဲ့ချင်နှင့် သူ့လူများကသာ ကိုင်တွယ်ခဲ့ကြသည်။
ဟုန်ယဲ့မြို့ထဲရှိ ဆက်ဆံရေးများမှာ ရှုပ်ထွေးလွန်းလှသည်။ တစ္ဆေဘုရင်၊ ရှဲ့ယွင်နန်နှင့် ရှဲ့ချင်တို့ အားလုံးမှာ ခေါင်းဆောင်များ ဖြစ်ကြသော်ငြား .. နက်ရှိုင်းစွာ တူးဆွကြည့်ပါလျှင် ... ကိစ္စအများစုကို ရှဲ့ချင်ကသာ စီမံခန့်ခွဲနေကြောင်း သိရပေလိမ့်မည်။
ရှဲ့ချင်၏ မိတ်ဆွေဆိုတော့ ဒီလူကလည်း သေချာပေါက်ကို သူတို့ဘက်တော်သားပဲပေါ့ ...
ထိုလှုပ်ရှားမှုမှာမူ ... နဝမအဆင့် တိုက်ခိုက်သူများ တိုက်ခိုက်ကြသည့်အခါ လှုပ်ရှားမှုများမှာ ကျယ်လောင်ကြစမြဲပင်။
အားလုံး ထွက်သွားကြတော့မည့် အချိန်တွင် ရှဲ့ယွင်နန် ရောက်လာပြန်ကာ မေးလိုက်သည်။
“ဘာဖြစ်တာလဲ ...”
သူက သတင်းကြားရသည်နှင့်တစ်ပြိုင်နက် အမြန် ပြေးလာခဲ့ခြင်း ဖြစ်သည်။ သူ့ဖခင်ကဲ့သို့ အယောင်ဆောင်နေသူကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း ထိုလူကို စိုက်ကြည့်လိုက်တော့သည်။
ထိုအချိန်တွင် တစ္ဆေဘုရင်ထံမှ စကားသံ ထွက်လာတော့၏။
“ငါ .. ငါ ... ငါ့မိတ်ဆွေက လာရှာတာပါ ...”
ဒီလိုကိုး ...
ရှဲ့ယွင်နန်က များများစားစား တွေးမနေ။
“ဒါဆိုလည်း အေးအေးဆေးဆေး စကားပြောကြပါ ..."
တစ္ဆေဘုရင်က ပြန်မဖြေ။ လုကျင်းချန်းကိုသာ စိုက်ကြည့်လိုက်သည်။
လုကျင်းချန်းမှာလည်း ရှဲ့ယွင်နန်ကို ရုတ်တရက် တွေ့လိုက်ရသည့်အတွက် ကြောင်အသွားကာ မည်သို့ စကားပြောရမှန်းပင် မသိတော့။
“အမ်း .. ငါတို့တွေ အတိတ်အကြောင်းလေး ပြန်ပြောလိုက်ဦးမယ် ...”
ရှဲ့ယွင်နန် “...”
ဒီလူရဲ့ အသံက သိပ်မဟုတ်သလိုပဲနော် .. အတိတ်အကြောင်း ပြောကြမှာနဲ့ မတူဘူး အဲဒီ့အစား ရန်ပွဲတစ်ပွဲလောက် နွှဲကြဦးမယ့် အသံမျိုးကြီး ...
သို့သော် သူက ဖခင်ဖြစ်သူ၏ ခွန်အားကို ယုံကြည်ထားဆဲပင်။ သူ့အဖေက ထိုသို့ ပြောလာရာ ...
သူက သွမ့်ချန်ချင်း၏ ဘေးနားသို့သွားကာ လက်ကို ဆွဲယူလိုက်သည်။
“အရင် ပြန်နှင့်ရအောင် ...”
သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို မြင်ပြီးသည့်နောက် စိတ်လှုပ်ရှားသွားသော လုကျင်းချန်း၏ အပြုအမူများကို အကဲခတ်ရင်း သူမ၏ သရုပ်မှန်ကို ခန့်မှန်းမိသွားတော့သည်။
လူအများအပြား ရှိနေသည့်အချိန်တွင် ဆွေမျိုးအချင်းချင်း အသိအမှတ်ပြုခြင်းက မသင့်တော်။ ထို့ကြောင့် လုကျင်းချန်းနှင့် တစ္ဆေဘုရင်ကိုသာ အရင်ဆုံး စကားပြောစေလိုက်သည်။
သူက ရှဲ့ယွင်နန်၏ အနောက်မှ လိုက်သွားလိုက်၏။
ထိုမြင်ကွင်းကို မြင်လိုက်သည့် လုကျင်းချန်းမှာ အနည်းငယ် ဝမ်းနည်းသွားကာ ခင်ပွန်းဖြစ်သူကိုသာ မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။
ဒီလူကတော့ .. တွေ့ပြီးပြီးချင်း စတိုက်ခိုက်ခဲ့တဲ့အပြင် သူမအကြောင်း မေးလာတဲ့ လူတွေကိုပါ ဘာမှ မပြောဘဲ ချန်ထားရဲသေးတယ် ... ဟမ့် ...
တစ္ဆေဘုရင်က စိတ်ထဲတွင် နိမိတ်မကောင်းသည့် ခံစားချက်မျိုး ရရှိလာသည်။
သူက လုကျင်းချန်းကို သူ့အခန်းရှိရာသို့ ပြန်ခေါ်သွားလိုက်သည်။ အခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် လုကျင်းချန်းက လှောင်ရယ်လိုက်၏။
“တစ်ချို့လူတွေများ အရမ်းကို အင်အားကြီးကြတာပဲနော် ထွက်သွားပြီးတာနဲ့ ပြန်ကို မလာတော့ဘူး ...”
ဒီနှစ်တွေထဲမှာ တစ္ဆေဘုရင်သာ သူမကို တိတ်တိတ်လေး လာတွေ့ချင်ခဲ့ရင် .. ဘယ်လိုလုပ် မတွေ့မိဘဲ နေမလဲ ...
ဒါပေမယ့် အဲဒီ့လူကတော့ မြင့်မြတ်မြို့တော်ကို ရောက်တဲ့အချိန်မှာတောင် သူမကို လာမတွေ့ဘူး ...
သူ့ကို ရှာချင်ပေမယ့် အရမ်းကို ကောင်းကောင်းမွန်မွန်ကြီး ပုန်းနေတော့ ဘယ်လိုမှ ရှာမတွေ့နိုင်ခဲ့ဘူး ...
“မင်းကိုပါ ဆွဲထည့်မိမှာ ကြောက်လို့ပဲ မဟုတ်လား ..."
“ဟားဟား ...”
လုကျင်းချန်းက သူ့ကို စိုက်ကြည့်လိုက်သည်။
“တိုက်ခိုက်ရအောင် နေရာတစ်နေရာ ရှာလိုက် ...”
ထိုငယ်ချစ်ဦးစုံတွဲမှာ ငယ်စဉ်ကတည်းက တစ်ယောက်ထံမှ ကျန်တစ်ယောက်က သင်ယူရင်း အတူတူ ကြီးပြင်းလာသူများ ဖြစ်ကြသည်။ သားဖြစ်သူကို တွေ့ရပြီးနောက် သူမသည် အလွန် စိတ်လှုပ်ရှားမိသွားသည့်အတွက် သူမနှင့်အတူ တိုက်ခိုက်ပေးမည့်လူတစ်ဦးကို ရှာဖွေလိုလာတော့သည်။
တစ္ဆေဘုရင်ကမူ တိုက်ခိုက်လိုခြင်း အလျဉ်းမရှိ။
နေပါဦး ငါတို့တွေက တိုက်ခိုက်ဖို့ မလိုဘူးလေ ...
သူက တစ်ခုခုကို ရုတ်တရက် သတိရသွားသည့်ဟန်၊ သူ လေ့ကျင့်နေသည့် ကျင့်ကြံရေးလမ်းစဉ်ကို ရုတ်တရက် အသုံးပြုလိုက်တော့သည်။
တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသည့် လုကျင်းချန်းက နှစ်ပေါင်းများစွာ ကွဲကွာနေသည့် သူမ၏ ခင်ပွန်းဖြစ်သူမှာ အလွန် ဆွဲဆောင်မှု ရှိနေသည်ဟု ခံစားမိလာသည်။
သူမ၏ နှလုံးသားတစ်ခုလုံး တုန်ရီမြည်ဟီးကာ ငယ်စဉ်အခါ ချစ်ကြိုက်ခဲ့ချိန်က ခံစားချက်မျိုးမှာ တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့လာတော့သည်။
မတွေ့ရသည့် ကာလမှာ အလွန်ကြာညောင်းလွန်းလှသည့်အတွက် ခင်ပွန်းဖြစ်သူကို အမှန်တကယ်ပင် လွမ်းဆွတ်မိနေတော့သည်။
လုကျင်းချန်းက ချက်ခြင်း ရီဝေလှိုက်မောလာကာ တစ္ဆေဘုရင်၏ လည်ပင်းကို တွဲလွဲခိုလိုက်သည်။
ထိုကဲ့သို့သော မျက်နှာကို နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရသည့်အခါ .. သူမသည် တစ္ဆေဘုရင်၏ လည်ပင်းကို ဆွဲ၍ ထိုသူကို နမ်းရှိုက်လိုက်တော့သည်။
တစ္ဆေဘုရင် “!!!!!”
သူတော့ ဒီကျင့်စဉ်ကို သဘောမကျတာမျိုး မဖြစ်တော့ဘူး ...
ဒီကျင့်စဉ်ကို အသုံးပြုတဲ့အချိန်မှာ သူ့ရဲ့ ဒေါသကြီးတဲ့ ဇနီးကတောင် အရမ်း စိတ်အားထက်သန်လာတာပဲ ...
ထို့နောက် နှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ်များပင် မပြောနိုင်၊ အိပ်ယာပေါ်သို့ ရောက်သွားကြတော့သည်။
နောက်တစ်နေ့မနက် နိုးလာသည့်အခါ လုကျင်းချန်းသည် သူမ၏ ဘေးတွင် ရှိနေသည့် အမျိုးသားအား မျက်ခုံးနှစ်ဖက် စုတွန့်လျက် စိုက်ကြည့်လိုက်သည်။
အကြည့်တို့က အမျိုးမျိုး အရောင်ပြောင်းလဲနေပြီးနောက် နောက်ဆုံးတွင် သူ့ထံသာ အခြေကျသွားတော့သည်။
တစ္ဆေဘုရင်က အလောတကြီး ပြောလိုက်သည်။
“မနေ့ညက ငါ့အမှားပါ ...”
သူ အဲဒီ့ကျင့်စဉ်ကို မသုံးလိုက်သင့်ဘူး အခု သူ့ဇနီးက ပိုပြီးတောင် ဒေါသထွက်နေပြီလား မသိဘူး ...
လုကျင်းချန်းက ပြောလိုက်သည်။
“ရှင့်ကိုယ်ရှင် ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ထားတာလဲ အခုချက်ခြင်း ပြောပြ ...”
သူမသည် လျောင်မုယဲ့၏ နံဘေးရှိ ကျိုးယီချင်းကို တွေ့လိုက်ရစဉ်က သူ့ကို အထင်မသေးသည့်အပြင် ငယ်ရွယ်ချောမောသည်ဟုပင် ခံစားမိခဲ့သေးသည်။
ထိုအချိန်က သူမ၏ ခင်ပွန်းဟောင်းမှာ ခြေဦးတည့်ရာ လေလွင့်နေကာ နေဒဏ်၊ လေဒဏ်များလည်း ခံစားရသည့်အတွက် ညှိုးရော်ခြောက်သွေ့နေသည့် သခွားသီးတစ်လုံးကဲ့သို့ပင် အိုမင်းရင့်ရော်နေလိမ့်မည်ဟု ထင်ခဲ့မိသည်။
သို့သော် ယခုမူ ထိုသူက အနည်းငယ်မျှပင် အိုမင်းခြင်း မရှိ။ သူ့ပုံစံမှာ အလွန် ဖြူဖွေးနူးညံ့ကာ ကျိုးယီချင်းထက်ပင် အပုံကြီး သာလွန်နေသေးသည်။
သူမနှင့် အတူတူ အပြင်ထွက်ပါလျှင် .. အားလုံးက သူမကို သူ့ထက် ဆယ်နှစ်ကြီးသည့် အစ်မကြီးဟု ထင်ကြမည် ဖြစ်သည်။
လုကျင်းချန်းကလည်း မနေ့ညက သူမတို့နှစ်ဦး အတူတူ အိပ်ခဲ့မိကြောင်း သိနေပေသည်။ စိတ်ကို ထိန်းထား၍ မရခဲ့သည်မှာ မျက်နှာပူဖွယ်ရာပင်။ ထိုအကြောင်း ပြန်ပြောနေခြင်းက ပိုပြီး မျက်နှာပူစရာ ကောင်းလှသည့်အတွက် စကားလမ်းကြောင်းလွှဲကာ တစ္ဆေဘုရင်၏ မျက်နှာကိုသာ ကုန်းကိုက်လိုက်သည်။
“မြန်မြန်လေးပြော ရှင့်ရဲ့ ထိန်းသိမ်းတဲ့ နည်းလမ်းတွေကို ..”
တစ္ဆေဘုရင် “...”
ထိုစဉ် သူ့ဖုန်းမှ အသံမြည်လာ၏။ မိုးလင်းပြီ ဖြစ်သည့်အတွက် အမျိုးမျိုးသော အလုပ်များက သူ့ကို တန်းစီကာ စောင့်ဆိုင်းနေတော့သည်။
“ငါ ဒီနေ့ နေမကောင်းလို့ ...”
သူက ဖုန်းတစ်ဖက်မှ အမျိုးသားကို ပြောလိုက်သည်။
သူ အလုပ်မသွားချင်ဘူးလို့ ...
“ရှင် ဘာဖြစ်နေတာလဲ အလုပ်မသွားဘဲ အပျင်းထူချင်နေတာလား မရဘူး ...”
လုကျင်းချန်းက ပြောလိုက်သည်။
နေရထိုင်ရ ခက်ရမယ့်လူက သူမပါနော် ဒီယောကျ်ားမှ မဟုတ်တာ ...
ထိုသူမှာ မျက်နှာလေးကသာ လူငယ်နှင့် တူနေသည်မဟုတ်။ ကြံ့ခိုင်မှုကအစ လူငယ်တစ်ဦးအလားပင်။
မနေ့ညကဆို ... အဟမ်း ...
သူမတို့နှစ်ဦးသာ ဤပုံစံအတိုင်း ဆက်ရှိနေပါလျှင် အလားတူကိစ္စမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာတော့မည် ဖြစ်သည်။ ထို့ကြောင့် အပြင်ထွက်ကာ အလုပ်လုပ်ခြင်းက ပိုပြီး သင့်လျော်ပေ၏။
တစ္ဆေဘုရင်လည်း ဖုန်းတစ်ဖက်မှ စောင့်ဆိုင်းနေသူကို ဤသို့သာ ပြောလိုက်ရတော့သည်။
“ငါလာခဲ့မယ် ...”
ဖုန်းချပြီးနောက် လုကျင်းချန်းက သူ့ကို ပြောလိုက်သည်။
“မြန်မြန်ထ အလုပ်သွားဖို့ လုပ်တော့ ရှင့်ကြောင့် ယွင်နန်ရဲ့ ကိစ္စတွေ မနှောင့်နှေးသွားစေနဲ့ ...”
ပြောကြတာတော့ ကိုယ့်လူနဲ့ကိုယ် အိပ်ယာပေါ်မှာ တိုက်ခိုက်ပြီးသွားရင် နှစ်တွေ အကြာကြီး စိမ်းသက်နေတာတွေ အားလုံး ပျေ
ာက်ကွယ်သွားတယ်တဲ့ ... ကျန်တာတွေကတော့ .. ဖြည်းဖြည်းမှ ပြောတာပဲ ပိုကောင်းပါတယ်လေ ...
သားလေးကိုပဲ အရင်ဆုံး ကူညီလိုက်ကြတာပေါ့ ...
သူမကလည်း သားဖြစ်သူကို သွားတွေ့လိုစိတ်များ ဖြစ်ပေါ်နေပေသည်။