Chapter 83
မွန်မြတ်ခြင်းကျောင်းတော်ရဲ့ အကြီးအကဲက ဟုန်ယဲ့မြို့က သစ္စာဖောက်တွေနဲ့ တကယ်ကြီး ပူးပေါင်းသွားပြီတဲ့ !!!!
ဟုန်ယဲ့မြို့သည် မြို့တစ်မြို့နှင့် တစ်မြို့ကို မိုဘိုင်းဖုန်းများမှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်ခြင်း မပြုနိုင်အောင် စီမံထားသည့်တိုင် မြို့နှစ်မြို့အကြား ကူးသန်းသွားလာနေသူများ ရှိနေသည့်အပြင် သူလျှိုများလည်း ရှိနေသေးရာ သတင်း ပေးပို့နိုင်သည့် အခြားသော နည်းလမ်းများ အများအပြား ရှိနေပေသည်။
ထို့ကြောင့် ထိုသတင်းက မြင့်မြတ်မြို့တော်အနှံ့ အမြန် ပျံ့နှံ့သွားကာ မြင့်မြတ်မြို့တော်၏ ခေါင်းဆောင်များကို တုန်လှုပ်သွားစေတော့သည်။
သာမန်လူများအတွက်မူ ... ထိုသူများသည် အကြီးအကဲပိုင်၏ တည်ရှိမှုကိုပင် သိမထားကြချေ။
“သူ ဟုန်ယဲ့မြို့တော်ကို ခိုလှုံသွားလိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး ...”
“ဒါလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး သူက သေတော့မယ့်လူဆိုတော့ မသေခင် သူ့လူတွေအတွက် လမ်းတစ်ခုတော့ ရှာပေးရမှာပဲလေ ...”
“ဒါဆို ယဇ်ဆရာအကြီးအကဲ ကျန်ခဲ့တဲ့ ဟိုပစ္စည်းတွေက ...”
“အခွင့်ကောင်းကို စောင့်နေဦး ...”
....
လျောင်မုယဲ့သည် အမြဲ ဟုန်ယဲ့မြို့ကို စောင့်ကြည့်နေခဲ့သော်လည်း .. ဟုန်ယဲ့မြို့တွင် ဖြစ်နေသည်များအား မသိလိုက်ရသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။
သူက အကြီးအကဲပိုင်၏ လက်ထောက်ဖြစ်သူ ပိုင်ယဲ့နှင့် တွေ့နိုင်ရန် စားသောက်ဆိုင်တွင် စားနေဆဲဖြစ်သည်။ သူက သူသိထားသည့် ပိုင်ယဲ့၏ အကြောင်းများကို အသုံးချကာ ထိုလူမှတစ်ဆင့် အကြီးအကဲပိုင်အနီးသို့ တစ်ဖြည်းဖြည်း ချဉ်းကပ်ရန် ကြံစည်ထားသည်။
သူ မြင့်မြတ်မြို့တော်သို့ ရောက်လာပြီးနောက် ... မြင့်မြတ်မြို့တော်တွင် လျောင်မိသားစု၏ ပိုင်ဆိုင်မှုများ ရှိနေသေးသည့်တိုင် များပြားသည်ဟု မဆိုနိုင်။
မိသားစုပိုင် ငွေကြေးများအား အစောပိုင်းကတည်းက အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းများနှင့် အစားအသောက်များ ဝယ်ယူရန် အသုံးပြုခဲ့မိပြီး ဖြစ်သည်။
မြင့်မြတ်မြို့တော်၏ နေထိုင်စရိတ်မှာ အလွန်မြင့်မားသည့်အပြင် လုမိသားစုနှင့် အခြားသော အထက်တန်းလွှာများနှင့် ရင်းနှီးစေရန် ကြိုးပမ်းရာတွင် ငွေကုန်ကြေးကျခံကာ လက်ဆောင်အမျိုးမျိုး ပြင်ဆင်ရခြင်းမှာလည်း မဖြစ်မနေ လိုအပ်ပေသည်။
သူက သူပိုင်သမျှ ငွေအားလုံးကို အသုံးပြုပြီးသွားသည့်အပြင် မြင့်မြတ်မြို့တော်ရှိ လျောင်မိသားစုပိုင် အိမ်ကိုပင် ရှေးယခင်ကတည်းက ရောင်းချပြီးနှင့်ပြီး ဖြစ်သည်။
သို့သော် အိမ်ရောင်းကာ အကြွေးများကို ဆပ်ပြီးနောက် အနည်းငယ် သုံးစွဲပြီးသည့်အခါ .. ရောင်းရငွေ၏ တစ်ဝက်သာ ကျန်ရစ်တော့သည်။
ဤစားသောက်ဆိုင်မှာ အလွန်ဈေးကြီးလှ၏။ ထိုနေရာသို့ နေ့တိုင်း လာစားခြင်းမှာ ငွေကို ရေလိုသုံးနေခြင်းပင် ဖြစ်သည်။
လျောင်မုယဲ့က ထိုဆိုင်ထဲတွင် သူတစ်ယောက်တည်း အကြာကြီး ထိုင်မနေလိုသည့်အတွက် ကျိုးယီချင်းကိုပါ အတူ ခေါ်လာခဲ့သည်။
ကျိုးယီချင်းကလည်း သူ၏ လက်ရှိငွေရေးကြေးရေး အခြေအနေကို သိထားသည့်အတွက် နားချရန် ကြိုးပမ်းလိုက်တော့သည်။
“ဒီဆိုင်က စားစရာတွေက အရမ်းဈေးကြီးတာပဲ ကျွန်တော်တို့တွေ နောက်တစ်ခေါက် မလာသင့်ဘူး ဒါမှမဟုတ် ဟင်းပွဲတွေကို လျော့ပြီးမှာ ..."
“ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်စားစမ်းပါ ...”
လျောင်မုယဲ့က အေးစက်စွာဖြင့် ပြောလိုက်သည်။
ကျိုးယီချင်းက အနည်းငယ် ရှက်ရွံ့သွားသည့်ဟန် ခေါင်းကို ငုံ့ထားလိုက်တော့၏။
ဟုန်ယဲ့မြို့တော်တွင် ရှိနေစဉ်က လျောင်မုယဲ့သည် သူ့အပေါ် အလွန်ကြင်နာခဲ့သည်။ မြင့်မြတ်မြို့တော်သို့ ရောက်လာကာစကလည်း ကောင်းစွာ ဆက်ဆံပေးခဲ့သေး၏။ သို့သော် လုမိသားစုအကြီးအကဲက သူ့ကို မနှစ်မျို့ကြောင်း ထုတ်ပြလာသည့်အခါ .. လျောင်မုယဲ့က သူ့အပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံတော့သည့်အပြင် အစေခံတစ်ဦးကဲ့သို့ပင် သဘောထားလာတော့သည်။
သို့သော် သူ့အနေဖြင့်လည်း မတတ်နိုင်။ လျောင်မုယဲ့သာ မရှိပါလျှင် သူ ဘာဆက်လုပ်ရမှန်း မသိချေ။
ကျိုးယီချင်းက စိတ်အခြေအနေ မကောင်းတော့သော်ငြား လျောင်မုယဲ့ကမူ လုံးဝ ဂရုမစိုက်။ သူ့ကို ရိုက်လိုစိတ်များပင် ဖြစ်နေသေးသည်။
အခြားလူများအား နာကျင်အောင် လုပ်ရမည်ကို ကြောက်ရွံ့မိသည့်အပြင် သူ့ကို ဂရုစိုက်မည့်သူ မရှိတော့မည်ကို စိုးရိမ်နေရ၍သာ မဟုတ်ပါလျှင် သူသည် အစောပိုင်းကတည်းက ရိုက်နှက်မိနေလောက်ပြီး ဖြစ်သည်။
အခုနောက်ပိုင်း သူ့ဘဝက တော်တော်လေးကို ခက်ခဲလာတာ ...
ပြီးတော့ ဒါက ပိုင်ယဲ့ရဲ့ အကြိုက်ဆုံး စားသောက်ဆိုင် မဟုတ်လား .. အဲဒီ့ကောင်ကလည်း ဘာလို့ အခုထိ မလာရသေးတာလဲ ...
နောက်ထပ်တစ်ရက် ထပ်စောင့်လိုက်ပြီးသည့်နောက် သူ့တွင် ထွက်သွားရုံမှအပ ရွေးစရာ မရှိတော့ချေ။
သူက ထိုညတွင် မြင့်မြတ်မြို့တော်မှ လူအချို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည့်အတွက် သူတို့ကို ပေးရန် လက်ဆောင်အချို့ သွားဝယ်လိုက်သည်။
ထို့နောက် သတင်းအချို့ စုံစမ်းရန် ပြင်နေစဉ်မှာပင် ဟုန်ယဲ့မြို့မှ ဓာတ်ပုံအချို့ကို တွေ့လိုက်ရတော့၏။
ထိုဓာတ်ပုံများအနက် တစ်ပုံတွင် သူ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် ပိုင်ယဲ့ကို တွေ့လိုက်ရသည်။
ထိုဓာတ်ပုံထဲတွင် ပိုင်ယဲ့က ရှဲ့ယွင်နန်၏ ဘေးနားတွင် လေးလေးစားစား ရပ်နေသည်။
လျောင်မုယဲ့က ကြောင်အသွားရတော့၏။
သူ့ကို ထိုဓာတ်ပုံ ပြသူက ပြောလိုက်သည်။
“လျောင်မုယဲ့ရေ ကြည့်လိုက်ပါဦး ရှဲ့ယွင်နန်ရဲ့ ဘေးမှာ နောက်ထပ် ယောကျာ်းတစ်ယောက် ထပ်ရောက်လာပြန်ပြီပဲ ... ရှဲ့ယွင်နန်ကလေ မင်းပြောခဲ့သလိုကို တော်တော်လေး ဆွဲဆောင်မှုရှိတယ် ထင်တယ် ...”
“မဖြစ်နိုင်လိုက်တာ ...”
လျောင်မုယဲ့က လွှတ်ခနဲ ရေရွတ်မိသွားသည်။
ရှဲ့ယွင်နန်က ဘယ်လိုလုပ် ဒီအချိန်ကတည်းက ပိုင်ယဲ့ကို သိမ်းသွင်းနိုင်သွားရတာလဲ...
ပိုင်ယဲ့က သူ ယဇ်ဆရာအကြီးအကဲအတွက် လက်စားချေပေးချင်လို့ ရှဲ့ယွင်နန်နဲ့ ပူးပေါင်းခဲ့တာ အရှင်းကြီးလေ ...
ဘာတွေ ဖြစ်ကုန်တာလဲ တစ္ဆေဘုရင် ပြန်လည်မွေးဖွားလာတာက ဒီလောက်အထိတောင် အပြောင်းအလဲကြီး ဖြစ်ကုန်တာလား ...
ပြီးတော့ တစ်ခြားကိစ္စတွေလည်း အများကြီး ရှိနေသေးတယ် ...
လျောင်မုယဲ့က ထိတ်လန့်ဖွယ် အတွေးတစ်ရပ်ကို ရုတ်တရက် တွေးလိုက်မိတော့သည်။
မဟုတ်မှလွဲရော ပြန်လည်မွေးဖွားလာတဲ့လူက သူနဲ့ တစ္ဆေဘုရင် နှစ်ယောက်တည်းတင် မဟုတ်တာလား ...
ရှဲ့ယွင်နန် ... သူလည်း ပြန်လည်မွေးဖွားလာတာများလား ...
အရင်က ဘာလို့ သတိမထားမိခဲ့လဲ ဆိုရင်တော့ ... ရှဲ့ယွင်နန်က အမြဲတမ်း ဟန်ဆောင်ကောင်းခဲ့တဲ့ လူမျိုးပဲလေ ...
ထိုအချိန်တွင် လျောင်မုယဲ့ ပူပန်နေသည့် ရှဲ့ယွင်နန်က အကြီးအကဲပိုင်နှင့်အတူ အလုပ်များနေခဲ့သည်။ သွမ့်ချန်ချင်းကမူ ... သူက ရှဲ့ယွင်နန်အတွက် စားစရာများ လာပို့ပေးနေ၏။။
ရှဲ့ယွင်နန်က အလုပ်များနေသည့်အတွက် သွမ့်ချန်ချင်းလည်း နေ့လည်စာ ထမင်းဘူးကို ဘေးနားချကာ သူ အလုပ်ပြီးမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
အံ့ဖွယ်သားရဲတို့၏ အသားကို အများအပြား စားသောက်နေသည့် သွမ့်ချန်ချင်းကို ပိုင်ယဲ့က မကြာခဏ ခိုးကြည့်နေမိခဲ့သည်။
ယဇ်ဆရာအကြီးအကဲက မှတ်ဉာဏ်တွေ ပျောက်သွားပြီးနောက်ပိုင်း အကြိုက်တွေပါ ပြောင်းလဲကုန်တာပဲ ...
မဟုတ်သေးဘူး အကြိုက်ပြောင်းသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး .. ဟိုးအရင်ကတည်းက အကြီးအကဲက အသားစားရတာကို အရမ်း သဘောကျခဲ့တာ ဒါပေမယ့် အဲဒီ့အချိန်က အသားစားလို့ မရအောင်ကို ဖျားနာနေလို့ အသီးအရွက်တွေပဲ စားခဲ့ရတာ မဟုတ်လား ...
အဲဒီ့အချိန်တုန်းကဆို အကြီးအကဲက နာမည်ကြီး စားသောက်ဆိုင်က အသီးအရွက်ဟင်းလျာတွေကိုတောင် နည်းနည်းလေးပဲ ကြိုက်ခဲ့တာလေ အဲဒီ့အချိန်တုန်းကဆို သူကပဲ အဲဒီ့ဆိုင်က ဟင်းလျာတွေကို ကြိုက်တယ်လို့ အကြောင်းပြပြီး သွားဝယ် ပြီးရင် အကြီးအကဲ စားလို့ရအောင် သယ်လာပေးခဲ့ရတာ ...
နောက်ပိုင်း အကြီးအကဲ ပျောက်သွားတဲ့အချိန်မှာ .. သူက အဲဒီ့ဆိုင်မှာ စားရတာ အကျင့်ဖြစ်နေပြီ ...
သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့ စားသောက်နေကြစဉ် လုကျင်းချန်းက ဟုန်ယဲ့မြို့၏ လမ်းမများပေါ်တွင် စိုးရိမ်တကြီး လှည့်ပတ်သွားလာနေသည်။
ရှဲ့ယွင်နန်ကို ချဉ်းကပ်ရာ၌ သူမ၏ မျက်နှာအစစ်ကို အသုံးပြု၍ မဖြစ်။ မြင့်မြတ်မြို့တော်မှ သူလျှိုများသာ မြင်သွားပါလျှင် လုမိသားစုကို ပြဿနာ ဖြစ်လာနိုင်ပေသည်။
ရုပ်ဖျက်ဖို့ မျက်နှာဖုံးတစ်ခုလောက် ရှာသင့်လား ...
ညနေခင်းအချိန် ... လုရှောင်ရန်၏ နေအိမ်တွင် ...
လုရှောင်ရန်က ရှဲ့ယွင်နန် သင်ကြားပေးထားသည့် ကျင့်စဉ်ကို ကြိုးကြိုးစားစား လေ့ကျင့်နေသည့်အတွက် အပြင်ဘက်ကာ စိတ်လျော့ရန် ခွန်အားပင် မရှိချေ။
သို့သော် ညပိုင်းအချိန်များတွင်မူ သူ ကြည့်ပင်မကြည့်ချင်သည့် အဖော်သားရဲအား အပြင်ထုတ်ပေးလိုက်ဆဲပင်။ သို့မှသာလည်း ဖိနှိပ်ခံထားရခြင်းကြောင့် ပုန်ကန်လာနိုင်ချေကို လျော့ချနိုင်မည် ဖြစ်သည်။
သူက အဖော်သားရဲနှင့်လည်း တိုက်ခိုက်လိုက်သေး၏။
သူတို့၏ နှလုံးသားများမှာ ဆက်နွယ်နေသည့်တိုင် အပြန်အလှန် တိုက်ခိုက်ခြင်းကို မရှောင်လွှဲနိုင်။
လုံးထွေးသတ်ပုတ်နေစဉ် ပြတင်းပေါက်ဆီမှ တံခါးခေါက်သံတစ်ချက်ကို ကြားလိုက်ရသည်။
“ဘယ်သူလဲ ...”
လုရှောင်ရန်က လိုက်ကာစကို ဖယ်လိုက်သည့်အခါ မျက်နှာဖုံးတပ်ထားသော အမျိုးသားတစ်ဦးအား တွေ့လိုက်ရ၏။
ဦးလေးက ထပ်ရောက်လာပြန်ပြီလား ...
လုရှောင်ရန်က သူ့ကိုယ်သူ ကံဆိုးလှသည်ဟု တွေးမိနေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။
ဒါ ဦးလေး မဟုတ်ဘူး ....
ဒီလူက ဘယ်သူလဲ ...
သူပင် အထိတ်တလန့် ဖြစ်မသွားရသေး။ တစ်ဖက်လူက မျက်နှာဖုံးကို ချွတ်ပြလိုက်သည့်အတွက် သူနှင့် အလွန်အမင်း ရင်းနှီးနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
ဒါက ဒေါ်လေးပဲ ...
သူက ပြတင်းပေါက်ကို ဖွင့်ပေးရန် ပြင်လိုက်သည်။ သို့သော် မစောင့်ဆိုင်းနိုင်တော့သည့် လုကျင်းချန်းက ပြတင်းပေါက်ကို ကန်ကာ အထဲသို့ ကျူးကျော်လိုက်တော့သည်။
ယခင်က တစ္ဆေဘုရင်၏ လက်ချက်ဖြင့် ပြတင်းပေါက် ကျိုးသွားခဲ့ဖူးသော လုရှောင်ရန် “...”
ဒီနှစ်ယောက်ကတော့ တကယ်ကို လင်မယား ဖြစ်ထိုက်ပါတယ် ...
လုကျင်းချန်းက နှစ် ၂၀ ကျော်ကြာ မတွေ့ခဲ့ရသည့် ခင်ပွန်းဖြစ်သူကဲ့သို့ ဝတ်ဆင်ထားသည်။ အခန်းထဲသို့ ဝင်လာပြီးနောက် သူမက လုရှောင်ရန်၏ ကုတင်ပေါ် တက်ထိုင်ကာ ပြောလိုက်သည်။
“မင်းဦးလေးကို ဒီခေါ်လာခဲ့ ...”
သူမက သားဖြစ်သူကို တွေ့လိုသော်ငြား ခင်ပွန်းဟောင်းကိုလည်း အနည်းငယ် လွမ်းဆွတ်မိနေပေသည်။
အဲဒါကြောင့် ဟို တစ္ဆေအိုကြီးနဲ့ပဲ အရင်တွေ့လိုက်ကြတာပေါ့ ...
လုကျင်းချန်းသည်လည်း နဝမအဆင့် တိုက်ခိုက်သူတစ်ဦး ဖြစ်သည့်အတွက် သူမ၏ ရုပ်ဖျက်ထားမှုကို မည်သူမှ သတိမပြုမိနိုင်ဟု ထင်ခဲ့သည်။
သို့သော် သွမ့်ချန်ချင်းက ထောက်လှမ်းရေးကင်မရာများ တပ်ဆင်ထား၏။
ထိုကင်မရာတွင် သူ့ယောက္ခမကဲ့သို့ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက လုရှောင်ရန်၏ အိမ်အနီးသို့ ချဉ်းကပ်ကာ ပြတင်းပေါက်ကို ဖျက်၍ ဝင်သွားကြောင်း တွေ့လိုက်ရသည့်အတွက် သူက ချက်ခြင်း တစ္ဆေဘုရင်ကို ခေါ်ပြလိုက်သည်။
“ငါ့လို ဟန်ဆောင်နေတဲ့လူလား ...”
တစ္ဆေဘုရင်က အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားတော့သည်။ ထို့အပြင် လုရှောင်ရန်ကိုလည်း စိတ်ပူသွားသည့်အတွက် ချက်ခြင်း ထိုအိမ်ရှိရာသို့ ပြေးသွားလိုက်တော့သည်။
သွမ့်ချန်ချင်းက တစ်ခဏမျှ စဉ်းစားပြီးနောက် နောက်က လိုက်သွားလိုက်သည်။
သူတို့ နေထိုင်ရာ အိမ်များမှာ များစွာ မဝေးလှ။ တစ္ဆေဘုရင်က အရင်ရောက်သွားကာ ချက်ခြင်း ပြတင်းပေါက်မှတစ်ဆင့် ခုန်ဝင်လိုက်သည်။
“ခိုးဝင်လာတာ ဘယ်သူလဲ ...”
ထို့နောက် လုရှောင်ရန်၏ အဖော်သားရဲအား တက်နင်းနေသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်သည့်အတွက် ချက်ခြင်း စတင်တိုက်ခိုက်လိုက်တော့သည်။
လုကျင်းချန်းကလည်း အလိုလိုပင် ပြန်လည်တိုက်ခိုက်လိုက်မိ၏။
ထို့နောက် တစ်ယောက်ကိုတစ်ယောက် မှတ်မိသွားကြသည့်အတွက် ချက်ခြင်း ရပ်တန့်လိုက်သည်။ သို့သော် သွားစရာ မရှိတော့သည့် အင်အားများက ...
လုရှောင်ရန် နေထိုင်ခဲ့သည့် အခန်းမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။ ခြေထောက်အောက်ရှိ ကြမ်းခင်းများ ပြိုကျသွားကာ နှစ်ယောက်လုံး အောက်ထပ်သို့ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားတော့သည်။
သို့သော် အလျင်အမြန် တုန့်ပြန်ကာ အပြင်ဘက် နေရာလွတ်သို့ ခုန်ထွက်နိုင်ခဲ့ကြသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် အနီးအနား၌ နေထိုင်ကြသူများလည်း ချက်ခြင်းရောက်လာကာ သူတို့ကို ဝိုင်းအုံထားလိုက်ကြသည်။
လုရှောင်ရန်က
သူ့အဖော်သားရဲနှင့်အတူ ပြိုကျနေသော နံရံပေါ်တက်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့ပုံစံမှာ ပြောစရာစကား ကင်းမဲ့နေသည့်ဟန်။
ဒီလှုပ်ရှားမှု ... ဒါကြီးက အရမ်း ကြီးလွန်းမနေဘူးလား ...