အပိုင်း ၈၂
Viewers 7k

Chapter 82



မူလကိုယ်မှာ သေဆုံးသွားပြီ ဖြစ်သော်ငြား သူက ဤခန္ဓာကိုယ်ကို အပိုင်ယူလိုက်သည့်အတွက် မူလကိုယ်၏ တာဝန်ဝတ္တရားများကိုလည်း ဆောင်ရွက်ပေးရမည် ဖြစ်သည်။ 


သွမ့်ချန်ချင်းက ထိုလူအိုကြီး၏ လက်ကို ကိုင်ကာ စိတ်စွမ်းအင်အချို့ လွှဲပြောင်းပေးလိုက်သည်။


ထိုအမျိုးသားမှာ အလွန် အိုမင်းလွန်းနေပြီ ဖြစ်သည်။ စိတ်ကို တင်းထား၍သာ မဟုတ်ပါလျှင် ဟိုးယခင်ကတည်းက သေဆုံးနှင့်နေပြီး ဖြစ်သည်။ 


ချီသန့်စင်ခြင်းအဆင့်သို့ ရောက်နေသူတစ်ဦးအဖို့ နှစ် ၂၀၀ အထိသာ အများဆုံး အသက်ရှင်နိုင်ပေသည်။ ချီသန့်စင်ခြင်း အထွတ်အထိပ်သို့ ရောက်သည့်တိုင် ထိုအသက်ထက် ပိုပြီး ဆွဲဆန့်ထား၍ မရ။ 


စိတ်စွမ်းအင်များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာပြီးနောက် အကြီးအကဲပိုင်၏ ခန္ဓာကိုယ်မှာ ယခင်ထက် ပိုပြီး သက်တောင့်သက်သာ ရှိလာတော့သည်။ သူက ယဇ်ဆရာအကြီးအကဲ၏ အကြောင်းများကို သိထားသည့်အတွက် ဤသို့ ပြောလိုက်သည်။ 


“သခင်ငယ်လေး .. စွမ်းအားကို အသုံးမပြုပါနဲ့တော့ မဟုတ်ရင် နေရထိုင်ရခက်လာလိမ့်မယ် .. အတိတ်မေ့သွားတဲ့ ကိစ္စကတော့ .. ဘာမှ ပြဿနာ မရှိပါဘူး ...”


သူသခင်လေးမှာ အကောင်းဆုံးသော အခြေအနေများကို ပိုင်ဆိုင်ခဲ့ရသည့်တိုင် ကောင်းမွန်သည့် ဘဝဖြင့် မနေခဲ့ရ။ 


“အခု ကျွန်တော့်စွမ်းအားတွေကို သုံးတဲ့အခါ မသက်မသာ မဖြစ်တော့ဘူး ...”


သွမ့်ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။ 


“တကယ်လား ...”


အကြီးအကဲပိုင်က အံ့ဩသွားရ၏။ 


သွမ့်ချန်ချင်းက ပြန်ဖြေလိုက်သည်။ 


“တကယ်ပါ ...”


အကြီးအကဲပိုင်ကို စတွေ့လိုက်ရကတည်းက သွမ့်ချန်ချင်းသည် သူ့ကို တောက်လျှောက် အကဲခတ်နေခဲ့ရာ ထိုလူအိုကြီး၏ မူလပိုင်ရှင်အပေါ် သဘောထားမှာ အလွန်စစ်မှန်လှကြောင်း သတိပြုမိလိုက်၏။


ထိုလူအိုကြီးမှာ သေဆုံးချိန်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည့်အလျောက် အင်အားနှင့် ရုပ်ဝတ္ထုပစ္စည်းများမှာ သူ့အတွက် အရေးမပါတော့။ ထို့အပြင် သူက မူလကိုယ်ကို သစ္စာဖောက်နိုင်မည့် အလားအလာလည်း ရှိမနေချေ။ 


သို့သော် ထိုအချိန်က မူလကိုယ်၏ အခြေအနေများကို မေးမြန်းရန်မူ လိုအပ်နေဆဲပင် ဖြစ်သည်။ 


သွမ့်ချန်ချင်းက စကားလမ်းကြောင်းပြောင်းကာ လာရင်းကိစ္စကို မေးမြန်းလိုက်သည်။ 


အကြီးအကဲပိုင်က ဖြစ်ခဲ့သမျှ အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်၏။ 


ယခင်က သွမ့်ချန်ချင်းသည် မူလပိုင်ရှင်ကို ယဇ်ဆရာအကြီးအကဲ ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့။ ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်အစိုင်အခဲ ရှိနေသည့်တိုင် မူလကိုယ်သည် ထိုအမြုတေ၏ စွမ်းအင်ကို အနည်းငယ်မျှပင် အသုံးမပြုနိုင်။ သူသည် အားနည်းလှသည့် သာမန်လူတစ်ဦးမျှသာပင်။ 


အကြီးအကဲပိုင်နှင့် စကားပြောပြီးကာမှ မူလကိုယ်၏ လက်ထဲတွင် တစ်ခုခု ရှိနေကြောင်း သဘောပေါက်သွားတော့သည်။ 


ယဇ်ဆရာအကြီးအကဲများ လက်ထဲတွင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းနိုင်သည့် ရတနာတစ်ခု ရှိနေကာ ထိုရတနာကို ယဇ်ဆရာအကြီးအကဲ တစ်ဦးတည်းသာ အသုံးပြုနိုင်သည့်ဟူသည့် သတင်းများ ရှိနေ၏။ ၎င်းကို အသုံးပြုရန် အဖိုးအခ ကြီးကြီးမားမား ပေးဆပ်ရသည့်တိုင် ယဇ်ဆရာအကြီးအကဲသည် ၎င်းကို အသုံးပြုသည့်အခါ လူအများအပြားကို တစ်ပြိုင်တည်း ကုသပေးနိုင်ပေသည်။ 


 ထိုပစ္စည်းမှာ .. စိတ်စွမ်းအင် အသုံးပြုကာ အသက်သွင်းရသည့် မှော်လက်နက်နှင့်ပင် အလားတူလှသည်။ 


မူလကိုယ်မှာ အားနည်းသည့်တိုင် သူ့ကိုယ်ထဲရှိ အမြုတေကြောင့် စိတ်စွမ်းအင်များ ပြတ်လပ်ခြင်းမရှိ။ ထိုစိတ်စွမ်းအင်များအား သူကိုယ်တိုင် အသုံးမပြုနိုင်သည့်တိုင် လက်နက်ကို အသက်သွင်းရန်မှာမူ ကြီးမားသည့် ပြဿနာ မဟုတ်ချေ။ 


“အဲဒီ့နေ့က အခြေအနေတွေက အရမ်း ရှုပ်ထွေးခဲ့တာ ကျွန်တော်က သူတို့တွေကို လမ်းကြောင်းပြောင်းဖို့ မလုပ်ခင် သခင်လေးကို ပုန်းနေဖို့ မှာခဲ့သေးတယ် ဒါပေမယ့် သူတို့က ပုန်းနေတဲ့ နေရာကို ရှာတွေ့သွားခဲ့တယ်လေ ...”


အကြီးအကဲပိုင်က ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြလိုက်သည်။ 


သွမ့်ချန်ချင်းက ဂရုတစိုက် နားထောင်နေရင်း အခြေအနေများကိုပါ တစ်ပြိုင်တည်း ခွဲခြမ်းစိတ်ဖြာနေလိုက်သည်။ 


အကြီးအကဲပိုင်တွင် အခြားသော သရုပ်တစ်ခု ရှိနေသေးသည်။ ဤသည်မှာ မွန်မြတ်ခြင်းကျောင်းတော်၏ အကြီးအကဲဟူသည့် ဂုဏ်ပုဒ်ပင် ဖြစ်သည်။


မွန်မြတ်ခြင်း ကျောင်းတော်တွင် အကြီးအကဲပေါင်းများစွာ ရှိခဲ့ဖူးသော်ငြား ယခုမူ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ နှစ်ဦးလုံးမှာ စီနီယာအဆင့် ယဇ်ဆရာများ ဖြစ်ကြကာ သူတို့က ကျောင်းတော်ကို အလုပ်အကျွေး ပြုကြသူများ ဖြစ်သည့်အတွက် အခြားသော ယဇ်ဆရာများကဲ့သို့ ကျော်ကြားခြင်း မရှိပေ။ 


အကြီးအကဲပိုင်က ဆန္ဒရှိသော်လည်း ဒုတိယအကြီးအကဲကမူ မလိုလားပေ။ 


ဒုတိယအကြီးအကဲသည်လည်း မူလကိုယ်ကို စောင့်ရှောက်ခဲ့သူတစ်ဦး ဖြစ်ကာ မူလကိုယ်၏ စိတ်ထဲရှိ သူ့နေရာမှာ အကြီးအကဲပိုင်၏ နောက် .. ဒုတိယနေရာတွင် ဖြစ်သည်။ 


မြင့်မြတ်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာလည်း ဒုတိယအကြီးအကဲက အခြား နာမည်ကြီး စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးအား ယဇ်ဆရာအကြီးအကဲနှင့် အကြီးအကဲပိုင်ကို တိုက်ခိုက်ရန် သွေးဆောင်ခဲ့ရာမှ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။


အကြီးအကဲပိုင်သည် သန်မာလှသည့် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း အားနည်းကာ ခုခံရန် မစွမ်းသာခဲ့။ ထို့အပြင် ထိုဖြစ်ရပ်များမှာလည်း ရုတ်တရက်ဆန်လွန်းလှသည်။ ထိုအချိန်က မူလကိုယ်ကို သစ္စာစောင့်သိကြသူများ ထိုကိစ္စကို သိသွားသည့်အချိန်တွင် ပုန်ကန်မှုမှာ ပြီးဆုံးနှင့်နေပြီဖြစ်သည်။ 


သူတို့သုံးဦးလုံးက တစ်ယောက်နှင့်တစ်ယောက် အပြည့်အဝ မယုံကြည်ခဲ့မိ၍သာ တော်သေးသည်။ သူတို့အကြား ပဋိပက္ခများကြောင့် မူလကိုယ်က လွတ်လမ်းအချို့ ရရှိခဲ့ခြင်း ဖြစ်သည်။ 


သို့သော် မူလကိုယ်မှာ သေဆုံးသွားခဲ့ဆဲပင်။ 


ထိုအချိန်က အခြေအနေများမှာ အတော်လေး ကသောင်းကနင်း နိုင်လွန်းလှသည်။ ထပ်ကာထပ်ကာ စုံစမ်းစစ်ဆေးပြီးသည့်တိုင် အကြီးအကဲပိုင်သည် မူလကိုယ်မှာ ရေထဲသို့ ပြုတ်ကျသွားခဲ့သည်ဟုသာ သိခဲ့ရသည်။ သူက မူလကိုယ်ကို ရှာဖွေရန် လူအချို့ စေလွှတ်ခဲ့သေးသော်ငြား ထိုသူအားလုံးက သူ့ကို သစ္စာဖောက်ကာ ဒုတိယအကြီးအကဲနှင့် အခြား စီနီယာအဆင့် ယဇ်ဆရာနှစ်ဦး၏ လက်အောက်သို့ အသီးသီး ခိုဝင်သွားခဲ့ကြသည်။ 


ထို့အပြင် ထိုသုံးဦးလုံးက သူ့ကို ပူးပေါင်းကာပင် တိုက်ခိုက်ခဲ့ကြသေးသည်။ သူက အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည့်အပြင် ကျန်းမာရေးမှာလည်း မကောင်းလှ။ ထို့ကြောင့် လူရှာသည့်အလုပ်ကို ကိုယ်တိုင် မလုပ်နိုင်ခဲ့ချေ။ 


သွမ့်ချန်ချင်း၏ ဓာတ်ပုံကို တွေ့လိုက်ရကာမှ မူလကိုယ်မှာ အသက်ရှင်နေဆဲဖြစ်ကြောင်း သိလိုက်ရတော့၏။ 


ကောင်းတယ် သိပ်ကို ကောင်းတယ် ...


ကံကောင်းထောက်မစွာဖြင့် သူသည် သခင်ငယ်လေးအား ငယ်စဉ်ကတည်းက မျက်နှာဖုံး တပ်ခိုင်းခဲ့ကာ ထိုသစ္စာဖောက်များ သူ့သခင်လေး၏ ရုပ်ရည်အစစ်အမှန်အား သိမသွားကြရန် ကြိုတင်ကာကွယ်ခဲ့မိ၍သာ တော်သေးသည်။ 


“သခင်လေး အခု ဘာဆက်လုပ်ကြမလဲ ...”


အကြီးအကဲပိုင်က မေးလိုက်သည်။ 


သူက သခင်လေးကို မြင့်မြတ်မြို့တော်သို့ ပြန်သွားကာ ယဇ်ဆရာအကြီးအကဲအဖြစ်သာ ဆက်ပြီး နေစေလိုသည်။ သို့သော် သခင်လေးကမူ ထိုသို့လုပ်ရန် အကြံရှိဟန်မတူ။ သူက တစ္ဆေဘုရင်အဖြစ်ပင် ဟန်ဆောင်နေလိုက်သေး၏။ 


“ကျွန်တော် ဟုန်ယဲ့မြို့ကနေ ထွက်မသွားချင်ဘူး ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“ကောင်းပါပြီ .. သခင်လေး ကျွန်တော် သခင်လေးကို ကာကွယ်ဖို့ လူတစ်ယောက်လောက် ရှာပေးပါ့မယ် ပြီးတော့ ကျွန်တော့်လက်အောက်က ဂနာမငြိမ်တဲ့ လူတွေကိုလည်း အကုန် ရှင်းလင်းပေးခဲ့ပါ့မယ် ...”


အကြီးအကဲပိုင်မှာ အသက်ဆက်ရှင်ရန် စိတ်ခွန်အားများ ရရှိလာတော့သည်။ 


သွမ့်ချန်ချင်း၏ ဓာတ်ပုံကို မြင်ကာစက သူ့စိတ်ထဲတွင် မရေမရာ ဖြစ်မိနေသေးသည်။ သို့သော် လူကိုယ်တိုင် တွေ့လိုက်ရသည့်အခါ ဝမ်ချဲ့၏ စကားများကိုလည်း ကြားထားရသည့်အတွက် သူ့ရှေ့တွင် ရှိနေသူကို သခင်ငယ်လေးဟု သတ်မှတ်လက်ခံလိုက်တော့သည်။ 


သူ့သခင်ငယ်လေးမှာ ယခင်နှင့် မတူတော့ဟု ခံစားရသည့်တိုင် သူက ဝန်ခံရာတွင် အမှားလုပ်လိမ့်မည် မဟုတ်ချေ။ 


သူ့သခင်ငယ်လေး တစ်ဦးတည်းကသာလျှင် ရှဲ့ယွင်နန်ကဲ့သို့သော သာမန်လူမျိုးကိုပင် အချိန်တိုအတွင်း စီနီယာအဆင့် ယဇ်ဆရာဖြစ်စေနိုင်သည့် စွမ်းရည်မျိုး ပိုင်ဆိုင်ထားပေသည်။ 


“မပြန်ခင် ဒီမှာ ရက်နည်းနည်းလောက် နေသွားပါ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


သူက အကြီးအကဲပင်၏ အခြေအနေကို နောက်တစ်ကြိမ် ကြည့်ရှုရန် စီစဉ်ထားသည်။ အကြီးအကဲပိုင်သာ သူ့အပေါ် အမှန်တကယ် ရိုးသားစစ်မှန်ပါလျှင် စိတ်ဝိဉာဉ်ဆေးလုံးများ၏ အကူအညီဖြင့် သူ့သက်တမ်းကို ဆွဲဆန့်ရန် ကူညီပေးမည် ဖြစ်သည်။ 


အကြီးအကဲပိုင်က အလွန် အသက်ကြီးလွန်းနေသည့်အပြင် ဤကမ္ဘာမှာ စိတ်စွမ်းအင် အလွန်နည်းပါးလွန်းနေသည်မှာ နှမြောစရာပင်။ အဆင့်ကျော်ဖြတ်ကာ အခြေတည်အဆင့်ကို တည်ဆောက်ရင်း သူ့သက်တမ်းကို ဆွဲဆန့်ရန် မျှော်လင့်၍ မရနိုင်တော့ချေ။ 


ထိုလူအိုကြီးက ချက်ခြင်း သဘောတူလိုက်သည်။ 


သွမ့်ချန်ချင်းက ထိုညတွင်ပင် ရှဲ့ယွင်နန်ကို အကြီးအကဲပိုင်အကြောင်း ပြောပြလိုက်သည်။ 


ရှဲ့ယွင်နန် “...”


ဒါဆို သွမ့်ချန်ချင်းရဲ့ တကယ့် သရုပ်မှန်အစစ်က ယဇ်ဆရာအကြီးအကဲဆိုတာ အမှန်ပဲပေါ့ ?? 


သူက “ယဇ်ဆရာအကြီးအကဲ” ကို ရေထဲကနေ မျှားလာမိခဲ့တာလား ...


အဲဒါတင် မကဘူး အကြီးအကဲကို အမြဲတမ်း အကျဉ်းချခံ၊ နှိပ်စက်ခံခဲ့ရတဲ့ သနားစရာ ကောင်လေးလို့တောင် ထင်ခဲ့မိသေးတယ် ...


အခုဆို .. အကြီးအကဲရဲ့ ငယ်သားတွေက သူ့အိမ်တံခါးကိုတောင် လာခေါက်နေလောက်ပြီလား မသိဘူး ...


“အံ့ဩသွားလား .. အံ့ဩသွားလားလို့ .. ခင်ဗျားက ယဇ်ဆရာအကြီးအကဲနဲ့ အတူတူ အိပ်ချင်သေးရဲ့လား ...”


သွမ့်ချန်ချင်းက မေးလိုက်သည်။ 


ရှဲ့ယွင်နန် “...”


ထို “ယဇ်ဆရာအကြီးအကဲ” သည် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့၏။ 


နောက်တစ်နေ့တွင်လည်း သွမ့်ချန်ချင်းက အကြီးအကဲပိုင်ကို သွားတွေ့လိုက်သည်။ အကြီးအကဲကလည်း သူ့ကို စောင့်ရှောက်မည့် လူတစ်ဦးကို လွှဲပြောင်းပေးလိုက်သည်။ 


ထိုသူမှာ ပိုင်ယဲ့ဟု အမည်ရပြီး အကြီးအကဲပိုင်၏ လက်ထောက်တစ်ဦး ဖြစ်ကာ အကြီးအကဲက ဂရုတစိုက် ပျိုးထောင်ခဲ့သူလည်း ဖြစ်ပေသည်။


ပိုင်ယဲ့သည် အကြီးအကဲပိုင် မွေးစားထားသည့် မိဘမဲ့တစ်ဦး ဖြစ်သည်။ အကြီးအကဲက သူ့ကို ငယ်စဉ်ကတည်းက ယဇ်ဆရာအကြီးအကဲအပေါ် သစ္စာရှိရန် သင်ကြားခဲ့သည်။ ထို့အပြင် ယဇ်ဆရာအကြီးအကဲကိုယ်တိုင်ကပင်လျှင် မြင့်မြတ်မြို့တော်၏ နတ်ဘုရားသဖွယ် တည်ရှိမှုမျိုး ဖြစ်ရာ .. ပိုင်ယဲ့က သွမ့်ချန်ချင်းကို ရိုသေလေးစားစွာဖြင့် မော့ကြည့်လိုက်သည်။ 


ပိုင်ယဲ့အပေါ် သွမ့်ချန်ချင်း၏ ပထမဆုံး အမြင်မှာ “အရူးအမူး ကိုးကွယ်ယုံကြည်သူ” ပင် ဖြစ်သည်။ 


အရူးအမူး သက်ဝင်ယုံကြည်သူများမှာ တစ်ခါတစ်ရံတွင် အလွန် အသုံးဝင်ကြသည်။ သူတို့အား ပေးသမျှ တာဝန်တိုင်းကို အလေးအနက်ထားကာ ဆောင်ရွက်တတ်ကြသည့်အတွက် .. သွမ့်ချန်ချင်းက သူ့ကို လက်ခံထားလိုက်သည်။ 


ဖန့်ချီရှန့်က အနည်းငယ် ဝမ်းနည်းမိနေသည်။


အစောပိုင်းကာလများတွင် သွမ့်ချန်ချင်း၏ သရုပ်မှန်ကို သိထားသူဟူ၍ သူတစ်ဦးသာ ရှိခဲ့သည်။ သို့သော် ယခုမူ ထိုအကြောင်းသိသူများ တစ်ဖြည်းဖြည်း များပြားလာကာ အားလုံးက သွမ့်ချန်ချင်းကို ကူညီရန် အပြေးအလွှား ရောက်လာကြတော့သည်။ 


နောက်ခံဇာတ်ကောင်အဆင့်အထိ လျောကျသွားသည့်တိုင် သူ့နေရာကို လုယူမည့်သူများ ရှိနေလိမ့်ဦးမည်ဟု လုံးဝ ထင်မထားမိချေ။ 


သွမ့်ချန်ချင်းက သူ့အတွေးများကို မသိခဲ့။ သို့သော် ပိုင်ယဲ့အား သူ့ဘက်သို့ အမြန်ထွက်ာရန် ပြောလိုက်သည်။ 


ဒုတိယအကြီးအကဲက သူ့ကို မသိသည့်တိုင် ပိုင်ယဲ့ကိုတော့ သိမည်ဖြစ်သည်။ အကယ်၍ ပိုင်ယဲ့သာ သူ့ဘေးတွင် ရှိနေပါလျှင် ထိုသူများက သူ့အကြောင်းကို အလွယ်တကူ မှန်းဆနိုင်သွားကြလိမ့်မည်။ 


ထိုမျှသာမက အကြီးအကဲပိုင်က သူ့ကို အခြားလူများလည်း ထပ်ပေးရန် ကြံထားသေးရာ ...


သွမ့်ချန်ချင်းက ပိုင်ယဲ့အား ရှဲ့ယွင်နန်၏ အနောက်သို့ လိုက်ရန်သာ ပြောလိုက်တော့သည်။ ထို့အပြင် ရှဲ့ယွင်နန်ကိုလည်း အကြီးအကဲပိုင်နှင့် ပူးပေါင်းကာ ယဇ်ဆရာအကြီးအကဲ၏ ဆ

က်ခံသူအဖြစ် နေထိုင်ရန် ပြောလိုက်၏။ 


ထို့နောက် .. ရှဲ့ယွင်နန်၏ ဘေးတွင် နောက်ထပ် လူချောတစ်ဦး ထပ်ရောက်လာပြန်ကြောင်း အားလုံး သတိပြုမိသွားကြပြန်တော့သည်။