အပိုင်း ၈၁
Viewers 7k

Chapter 81




သွမ့်ချန်ချင်းက တစ္ဆေဘုရင် မဟုတ်ဘူးလား ဘယ်လိုလုပ် ယဇ်ဆရာအကြီးအကဲ ဖြစ်သွားရတာလဲ ...


သွမ့်ချန်ချင်းကဖြင့် သူသိထားတဲ့ ယဇ်ဆရာအကြီးအကဲနဲ့ နည်းနည်းလေးမှကို တူမနေပါဘူးနော် ...


ဝမ်ချဲ့မှာ လုံးဝ မယုံကြည်နိုင်။ ထို့နောက်တွင်မှ သူ သွမ့်ချန်ချင်းအား ယဇ်ဆရာအကြီးအကဲနှင့် ပတ်သက်သည့် အချက်အချို့ကို ပြောပြခဲ့စဉ်က တစ်ဖက်သူသည် သူ့ကိုလည်း ရှဲ့ယွင်နန်က မြစ်ထဲမှ ဆယ်လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် သူ့အတိတ်အကြောင်း အားလုံးကို မေ့ပျောက်နေသူဖြစ်ကြောင်း ပြောခဲ့သည်ကို သတိရသွားတော့သည်။ 


ထိုအချိန်က သွမ့်ချန်ချင်းသည် သူ့ကို ဤသို့ မေးခဲ့ဖူးသည်။ 


“ကျွန်တော်က ယဇ်ဆရာအကြီးအကဲ ဖြစ်နိုင်တယ်လို့ ထင်လား ..."


အဲဒီ့အချိန်က သူ ဘယ်လို ပြန်ဖြေခဲ့လဲ ...


ထိုအချိန်က သူသည် သွမ့်ချန်ချင်းကို ယဇ်ဆရာအကြီးအကဲ မဖြစ်နိုင်ဟု ထင်ခဲ့သည့်အတွက် ထိုအကြံကို ချက်ခြင်း ပယ်ချခဲ့မိသည်။ 


နောက်ပိုင်း သွမ့်ချန်ချင်းက သူ့အင်အားကို ထုတ်ပြလာသည့် အခါတွင်လည်း ရှဲ့ချင်က သွမ့်ချန်ချင်းမှာ တစ္ဆေဘုရင် ဖြစ်သည်ဟု ပြောလာကာ သူကလည်း ယုံကြည်ခဲ့မိသည်။ 


ယခု ပြန်စဉ်းစားကြည့်ကာမှ ..


သွမ့်ချန်ချင်းကသာ တစ္ဆေဘုရင် မဟုတ်ဘူးဆို သူက ယဇ်ဆရာအကြီးအကဲ ဖြစ်နိုင်လောက်တယ် ...


အဲဒီ့အချိန်တုန်းက သူ့ရဲ့ တိုက်ခိုက်ပုံက .. တိုက်ခိုက်သူတွေနဲ့လည်း မတူဘူး ပြီးတော့ ကျန်းမာရေးကလည်း မကောင်း .... အရေးအကြီးဆုံးအချက်က သွမ့်ချန်ချင်းကသာ တစ္ဆေဘုရင်ဆို ...အန္တရာယ်ကြား ရောက်နေတဲ့ သူ့ကို ကယ်စရာမှ မလိုတာ ...


“မင်းက ဒီရက်ပိုင်းထဲ သခင်လေးနဲ့အတူ ရှိနေခဲ့တာ မဟုတ်ဘူးလား သူ ဘာလို့ ငါတို့ကို မဆက်သွယ်လဲဆိုတာ သိထားလား သူ့ကို ရှဲ့ယွင်နန်က ထိန်းချုပ်ထားလို့လား ...”


အကြီးအကဲပိုင်က မေးလိုက်သည်။ 


ထိုအခါမှ ဝမ်ချဲ့လည်း သတိပြန်ကပ်လာတော့သည်။ 


“ထိန်းချုပ်ခံထားရတာ မဟုတ်ဘူး ...”


သွမ့်ချန်ချင်းကို ဘယ်သူက ထိန်းချုပ်နိုင်မှာတဲ့လဲ သူကမှ မုန့်ယန်တို့ တစ်အုပ်စုလုံးကို ထိန်းချုပ်ထားတဲ့လူပါနော် ...


ဝမ်ချဲ့၏ ထူးဆန်းလှသော တုန့်ပြန်ပုံကို မြင်လိုက်ရသည့်အခါ အကြီးအကဲပိုင်က မျက်ခုံးနှစ်ဖက်ကို စုတွန့်လျက် မေးလိုက်တော့သည်။ 


“ငါ့ကို အသေးစိတ် ပြောပြစမ်း ...”


ဝမ်ချဲ့က တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် သူ၏ လုပ်ရပ်အားလုံးနှင့် သွမ့်ချန်ချင်း၏ စွမ်းရည်များအကြောင်းကို တစ်လုံးမကျန် ပြောပြလိုက်သည်။ 


သူက မည်သည့်အရာကိုမှ ဖုံးကွယ်မထား။ ရှဲ့ယွင်နန်ကိုပင် အနည်းငယ် ချီးကျူးပေးလိုက်သေးသည်။ 


သူ့စကားများကြောင့် သွမ့်ချန်ချင်း ကြုံတွေ့ခဲ့သည့် ဖြစ်ရပ်များမှာ တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာတော့သည်။ 


သွမ့်ချန်ချင်းက အပြင်းအထန် ဒဏ်ရာရကာ မြစ်ကြောင်းအတိုင်း ဟုန်ယဲ့မြို့ ရှိရာဘက်သို့ မျောပါသွားပြီး ရှဲ့ယွင်နန်၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်က သူသည် မှတ်ဉာဏ်အားလုံးကို ဆုံးရှုံးသွားခဲ့ရသည့်အတွက် ရှဲ့ယွင်နန်နှင့်သာ ဆက်လက်နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် နှစ်ဦးသား လက်ထပ်ခဲ့ကြသည်။ 


ဝမ်ချဲ့၏ ဖမ်းခေါ်ခြင်းကို ခံရကာ ယဇ်ဆရာအကြီးအကဲအကြောင်း ပြောပြသည်များအား နားမထောင်ရခင်အထိ သူ့ကိုယ်သူ ယဇ်ဆရာအကြီးအကဲဟု မသိခဲ့ချေ။


“သူ့မှာ တော်တော်လေးကို ဆိုးရွားတဲ့ အတိတ်တွေ ရှိခဲ့တယ်ဆိုပြီး မကောင်းသတင်း ထွက်နေတာ မထူးဆန်းတော့ပါဘူး ...”


နောက်ဆုံးတွင်တော့ အကြီးအကဲပိုင်သည်လည်း ထိုကောလဟာလများ၏ ဇစ်မြစ်ကို သိသွားတော့သည်။ 


သူ့သခင်လေးမှာ ပိန်လှီသည့်တိုင် ရုပ်ရည်မှာမူ အလွန်ကြည့်ကောင်းလှပေသည်။ ထိုစဉ်က သူ့ကို ရှဲ့ယွင်နန်က ကယ်တင်လာခဲ့ရာ .. နူးညံ့ပိန်လှီသည့် ရုပ်ရည်သွင်ပြင်ကြောင့် အခြားသူများက သူ့ကို ကျိန်းသေ နားလည်မှု လွဲသွားကြမည်ဖြစ်သည်။ 


ထိုအချိန်က သူသည် ရှဲ့ယွင်နန်မှာ သွမ့်ချန်ချင်းကို စကားတစ်ခွန်းမှ မဆိုဘဲ ဖမ်းဆီးအကျဉ်းချထားသည်ဟုပင် ယူဆခဲ့ဖူး၏။ ရှဲ့ယွင်နန်ကိုလည်း အလွန် ရည်မှန်းချက်ကြီးလှသူ တစ်ဦးအဖြစ် ထင်ထားခဲ့ဖူးသည်။


သို့သော် ဝမ်ချဲ့၏ စကားများကို ကြားပြီးနောက် ထိုကောလဟာလအားလုံးမှာ အတုအယောင်များသာ ဖြစ်ကြောင်း သိသွားသည့်အခါ ရှဲ့ယွင်နန်ကို လူကောင်းတစ်ယောက်ဟု ခံစားမိလာတော့သည်။ 


သို့သော် သူက ဝမ်ချဲ့ကို သဘောမကျတော့။ 


“ရှောင်ဝမ် မင်းက သခင်လေးကိုတောင် ပြန်ပေးဆွဲရဲတယ်ပေါ့ ဟုတ်လား ပြီးတော့ ထိခိုက်အောင်တောင် လုပ်လိုက်သေးတယ် ...”


သူက ဝမ်ချဲ့ကို ရိုက်နှက်လိုက်သည်။ 


ဝမ်ချဲ့ကလည်း မရှောင်ရဲ။ 


သူ့ပုံစံမှာ အကြီးအကဲပိုင်နှင့် သက်တူရွယ်တူဟု ထင်ရသည့်တိုင် အမှန်တကယ်တွင် တစ်ဖက်လူသည် သူ့ထက်ပင် အသက်နှစ်ပြန်လောက် ကြီးနေသေးသည်။ 


ထို့အပြင် သူကိုယ်တိုင်ကလည်း အရိုက်ခံရသင့်သည်ဟု ခံစားမိနေ၏။ 


သူက ယဇ်ဆရာအကြီးအကဲကို မမှတ်မိခဲ့ဘူး ဆိုတာက တော်သေးတယ် အခုက သတ်ကို သတ်ခဲ့မိတော့မလို့လေ ...


အတိတ်မေ့သွားပြီးနောက်ပိုင်း ယဇ်ဆရာအကြီးအကဲက အကြီးကြီးကို ပြောင်းလဲသွားတာပဲ ...


အကြီးအကဲပိုင်က ပြောလိုက်သည်။ 


“ဒါကမှ သူ့ပုံစံအစစ် ဖြစ်လိမ့်မယ် သူ ကလေးဘဝတုန်းကဆို အရမ်း တက်ကြွခဲ့တာ နေ့ရက်တိုင်းကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့တာ ..."


သူ့သခင်ငယ်လေးမှာလည်း ငယ်ဘဝတွင် အခြားကလေးများကဲ့သို့သာ ဖြစ်ကြောင်း မှတ်မိနေပါသေးသည်။ သူက အရာရာတိုင်းကို သိလိုစိတ် ပြင်းပြကာ နေ့တိုင်း လျှောက်ပတ်ပြေးလွှား ကစားရခြင်းကို အလွန် သဘောကျလှသည်။ 


ယဇ်ဆရာအကြီးအကဲဟောင်း၏ ခန္ဓာကိုယ် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ဆိုးရွားလာသည့်အတွက် သခင်လေးကို ပြန်ပေးဆွဲလိုသူအချို့ ထွက်ပေါ်လာတော့သည်။ 


ထိုအချိန်မှစ၍ သခင်ငယ်လေးကို အပြင်ထွက် ကစားရန် ခွင့်မပြုခဲ့ကြတော့။ 


ယဇ်ဆရာအကြီးအကဲရာထူးကို ဆက်ခံရသည့်အခါ အားကောင်းလှသည့် ခွန်အားတို့ကို ရရှိခဲ့သော်ငြား ... သူ့ခန္ဓာကိုယ်မှာ ယခင်ထက်ပင် ပိုမိုဆိုးရွားလာကာ အပြင်ဘက်ပင် ထွက်မကစားနိုင်တော့ချေ။


နောက်ပိုင်းတွင် သူက တစ်နေ့ထက်တစ်နေ့ ပိုမိုတိတ်ဆိတ်လာကာ အချိန်များစွာ ကြာမြင့်သည်အထိပင် စကားတစ်ခွန်းမှ မပြောတော့ချေ။ 


သူ့တွင် မိတ်ဆွေမရှိ၊ ချစ်သူလည်းမရှိ။ ငယ်သားများနှင့် တွေ့ဆုံချိန်တွင်ပင် မျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့သည်။ 


သို့သော် သူ့သခင်လေးမှာ အလွန်အမင်း ရုပ်ရည်ချောမောသူလည်း ဖြစ်သည်။ 


ယဇ်ဆရာအကြီးအကဲရာထူးမှာ ရှေးယခင်ကတည်းက မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာသည့်အရာ ဖြစ်သည်။ ထိုသို့ မြင့်မားလှသည့် ရာထူးကြောင့် ယဇ်ဆရာအကြီးအကဲများအဖို့ အလှလေးများနှင့် လက်ထပ်နိုင်ခဲ့ခြင်းမှာ သဘာဝကျသည့် ကိစ္စ ဖြစ်ပေသည်။ 


မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် .. ယဇ်ဆရာအကြီးအကဲတို့၏ ရုပ်ရည်မှာ ပိုမိုပြီး သာလွန်ကောင်းမွန်လာကာ သူ့သခင်လေးသည် ရှေ့မျိုးဆက်များထက်ပင် များစွာ သာလွန်ခဲ့သေးသည်။ 


သို့သော် ထိုသို့သော ရုပ်ရည်မျိုးမှာ ယဇ်ဆရာအကြီးအကဲအတွက်မူ မကောင်းမွန်လှ။ ခြိမ်းခြောက်ဟန့်တားနိုင်စွမ်း လျော့နည်းလွန်းလှသည်။ ထို့ကြောင့်လည်း သူက မျက်နှာဖုံးကို မချွတ်တမ်း ဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။ 


အကြီးအကဲပိုင်က သခင်လေးသည် မှတ်ဉာဏ်ပျောက်ပြီးနောက် သူ့နဂိုပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်ဟု ထင်ခဲ့မိသည်။ 


သွမ့်ချန်ချင်းကမူ အကြီးအကဲပိုင် ဟုန်ယဲ့မြို့သို့ ရောက်လာပြီဖြစ်ကြောင်း မသိသေး။ အခန်းထဲတွင်သာ လေ့ကျင့်ခန်း လုပ်နေသည်။ 


ရှဲ့ယွင်နန်က အိပ်ယာပေါ်တွင် လှဲလျောင်းကာ ဒိုက်ထိုးနေသည့် သွမ့်ချန်ချင်းကို ကြည့်နေလိုက်သည်။ 


“ဘာလို့ ဒီလို ထူးထူးဆန်းဆန်း လှုပ်ရှားမှုတွေ လုပ်နေရတာလဲ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“ကြွက်သားတွေ ကြီးထွားလာချင်လို့ ...”


“ဒီလိုပုံစံမျိုးနဲ့ ကြွက်သားတွေ ကြီးထွားလာအောင် လုပ်လို့ရတယ်လား ...”


ရှဲ့ယွင်နန်က အံ့ဩတကြီး မေးလိုက်သည်။ 


“ဟုတ်တယ် ...”


“အတူတူ လေ့ကျင့်ချင်လား ...”


ရှဲ့ယွင်နန်က အနည်းငယ် ဝေဝါးသွားသည်။ 


ဤရက်ပိုင်းအတွင်း သူသည် အလုပ်လုပ်စရာ မလိုသည့်တိုင် အလွန် ပင်ပန်းနေသည့်အတွက် အိပ်ယာပေါ်တွင်သာ လှဲနေလိုပေသည်။ 


ပြီးတော့ သူ့မှာ ကြွက်သားတွေ ရှိနေပြီးသားလေ .. သွမ့်ချန်ချင်းထက်တောင် ပိုပြီး သန်မာသေးတယ် ...


ထိုသို့ဖြင့် အိပ်ယာပေါ် လှဲနေရင်း တစ်ဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။ 


သွမ့်ချန်ချင်းက သူ့ကို စောင်ခြုံပေးကာ ရေသွားချိုးပြီးနောက် သူ့ဘေးတွင် ဝင်လှဲရင်း သူတို့၏ ပထမဆုံး နှစ်သစ်ကူးညကို အတူတူ အိပ်စက်ခြင်းဖြင့် ဖြတ်ကျော်လိုက်တော့သည်။ 


နောက်တစ်နေ့မနက် မိုးလင်းသည့်အခါလည်း အတူတူ နိုးထလာခဲ့သည်။ 


ဤရက်ပိုင်းအတွင်း ရှဲ့ယွင်နန်က အားလပ်ရက် ရထားသည့်တိုင် သူ့တွင် ကိုင်တွယ်စရာ ကိစ္စအချို့ ရှိနေဆဲပင်။ သူက သွမ့်ချန်ချင်းကို အိမ်တွင် ထားခဲ့ကာ အပြင်သို့ ထွက်လာလိုက်သည်။ 


ထို့နောက် ဖန့်ချီရှန့် ရောက်လာပြီး ဝမ်ချဲ့က သူ့ကို တွေ့ခွင့်တောင်းနေကြောင်း လာပြောခဲ့သည်။ 


ဝမ်ချဲ့ကို ခေါ်လာခဲ့ပြီးနောက်ပိုင်း သွမ့်ချန်ချင်းသည် ထိုသူနှင့် အဆက်အဆံ နည်းပါးခဲ့ကာ မည်ကဲ့သို့ စကားစရမှန်းပင် မသိချေ။ 


ယခု ဝမ်ချဲ့က သူ့ကို တွေ့လိုကြောင်း ပြောလာရာ .. အထဲသို့ ခေါ်လာရန် ဖန့်ချီရှန့်ကို ပြောလိုက်သည်။ 


အထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ချဲ့၏ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည့် အကြည့်စူးစူးတို့ဖြင့် ရင်ဆိုင်လိုက်ရသည့်အတွက် သွမ့်ချန်ချင်းမှာ နေရခက်လာတော့သည်။ 


ဝမ်ချဲ့က .. သူ့သရုပ်မှန်ကို သိသွားတာများလား ...


တစ်ချိန်တည်းမှာပင် မြင့်မြတ်မြို့တော်၌ ...


လျောင်မုယဲ့က ကျိုးယီချင်းကို ခေါ်ကာ လုမိသားစုထံ နှစ်သစ်ကူး နှုတ်ဆက်စကား သွားပြောခဲ့သည်။ 


သူက ထိုနေရာသို့ အခေါက်ပေါင်းများစွာ ရောက်ခဲ့ဖူးသော်လည်း သူ သွားသည့်အချိန်တိုင်း လုကျင်းချန်းက ရှိမနေ။ လုရှောင်ရန်၏ ဖခင်ကလည်း ကျိုးယီချင်းနှင့် ပတ်သက်၍ အလွန် သိလိုစိတ် ပြင်းပြနေသည့်တိုင် မည်သို့သော ကတိမျိုးကိုမှ မပေးခဲ့ချေ။ 


သူက မြင့်မြတ်မြို့တော်သို့ ရောက်သည့်အခါ လုမိသားစုထံမှ တိုးတက်ကြီးပွားမှုများကို ငှားရမ်းမည်ဟု တွေးခဲ့သော်ငြား .. အနည်းငယ်မျှပင် အကောင်အထည် မဖော်နိုင်ခဲ့။  


ယခုမူ ... ရှဲ့ယွင်နန်အကြောင်း အနည်းငယ်ခန့် ပြောရုံမျှဖြင့် မြင့်မြတ်မြို့တော်၏ အရေးပါအရာရောက်သူအချို့ကို တွေ့ဆုံနိုင်တော့သည်။ 


သူ့အတွက် အကျိုးရှိနိုင်မည်ဟု သိထားသည့် အရာများအတွက်မူ ...


အတိတ်ဘဝက နှစ်နှစ်ခန့် ကြာမြင့်ပြီးကာမှ ရှဲ့ယွင်နန်နှင့်အတူ မြင့်မြတ်မြို့တော်သို့ လာရောက်နိုင်ခဲ့ကာ ကိစ္စအများစုမှာ ယခုအချိန်အထိ မဖြစ်ပွားသေးချေ။ 


ဒါပေမယ့် ..ဒီနေ့အထိတော့ ကောင်းတဲ့ကိစ္စတွေနဲ့ ကြုံနေရတုန်းပါပဲ ...


လျောင်မုယဲ့နှင့် ကျောက်ယီချင်းသည် လုအိမ်တော်၏ တံခါးဝတွင် လုကျင်းချန်းနှင့် တွေ့လိုက်မိကြသည်။ 


လျောင်မုယဲ့က အနည်းငယ် စိတ်လှုပ်ရှားသွား၏။ 


“ခေါင်းဆောင်လု ...”


ကျိုးယီချင်းကလည်း လုကျင်းချန်းကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေလိုက်သည်။ 


လျောင်မုယဲ့က သူ့အား လုကျင်းချန်းနှင့် လက်ထပ်ပြီးပါလျှင် အံ့ဩရလောက်အောင် ကောင်းမွန်သည့် ဘဝမျိုးကို ပိုင်ဆိုင်ရမည်ဟု ပြောထားဖူး၏။ 


သူ့အနေဖြင့် လက်မထပ်နိုင်ခဲ့သည့်တိုင် ... လုကျင်းချန်းနှင့် ချစ်သူဖြစ်လာပါလျှင် .. သူမထံမှ သူ့တစ်သက်လုံး ရှာ၍ပင် မရနိုင်သည့် ငွေပမာဏမျိုး ရနိုင်မည် ဖြစ်သည်။ 


လုကျင်းချန်း “...”


အင်အားကြီးမားကာ ငွေကြေးချမ်းသာသည့် တစ်ကိုယ်တော်အမျိုးသမီးတစ်ဦး အနေဖြင့် သူမသည် ဤနှစ်များအတွင်း အမျိုးမျိုးသော ယောကျ်ားများနှင့် ဆုံတွေ့ခဲ့ဖူးသည်။ 


ထိုသူက သာမန်လူတစ်ဦး ဖြစ်ခြင်း မဖြစ်ခြင်းက အရေးမပါ။ သူ့မျက်နှာမှာ အစစ်အမှန် မဟုတ်ကြောင်း တစ်ချက်တည်း ကြည့်ရုံဖြင့်ပင် သိလိုက်တော့သည်။ 


လျောင်မုယဲ့က ရှေ့တစ်လှမ်းတိုးကာ သူမကို နှုတ်ဆက်လိုက်သည်။


“ယီချင်းက သခင်မကို အရမ်း လေးစားနေခဲ့တဲ့လူလေ သူက သခင်မနဲ့ တွေ့ရတော့မှာလို့လည်း သိလိုက်ရော အရမ်းကို ပျော်နေခဲ့တာ ...”


ကျိုးယီချင်းတွင်သာ အကြံအစည်တစ်ခုခု ရှိမနေပါလျှင် သူမကလည်း သူ့ကို အနည်းငယ် မျက်နှာသာပေးမိမည် ဖြစ်သည်။ 


၎င်းမှာလည်း အခြားအကြောင်းများကြောင့် မဟုတ်။ ထိုသူ၏ မျက်နှာမှာ သူမ၏ သားနှင့် ဆင်တူနေသည့်အတွက် ကောင်းမွန်သည့် ခံစားချက်မျိုး ရမိနေ၍ ဖြစ်သည်။ 


သို့သော် ယခုမူ ... သူမက အေးစက်စွာဖြင့် ခေါင်းတစ်ချက်သာ ငြိမ့်ပြကာ လျောင်မုယဲ့နှင့် ကျိုးယီချင်းကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ 


ထိုသူများအား လဲကျသည်အထိ ရိုက်နှက်ကာ အိမ်အပြင်သို့ တရွတ်တိုက် ဆွဲထုတ်သွားလိုစိတ်များပင် ဖြစ်ပေါ်နေတော့၏။ 


ကံမကောင်းစွာဖြင့် သူမ၏ အစ်ကိုက လျောင်မုယဲ့ကို အသုံးဝင်သည်ဟု ယူဆထားသေးရာ ...


သူမက ထွက်သွားတော့မည် ပြုပြီးကာမှ တစ်ခုခုကို တွေးမိသွားဟန်ဖြင့် လျောင်မုယဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ 


“ကြားတာတော့ မင်းက ရှဲ့ယွင်နန်အကြောင်း အများကြီး သိထားတယ်ဆို ... ငါ့ကို ပြောပြစမ်းပါ ...”


လျောင်မုယဲ့က ကြောင်အသွားသည်။ 


“သခင်မက ... ရှဲ့ယွင်နန်ကို စိတ်ဝင်စားလို့လား ...”


“ငါက သူ့ပုံစံနဲ့ ခွန်အားကို သဘောကျလို့လေ ...”


သူမက ပြောလိုက်သည်။ 


“ဒါဆို ...”


လျောင်မုယဲ့က ကျိုးယီချင်းကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ 


လုကျင်းချန်းက လှောင်ရယ်လိုက်၏။ 


“ငါက အားနည်းတဲ့ အတုကောင်တွေကို မကြိုက်ဘူး ...”


လျောင်မုယဲ့က ကြောင်အသွားတော့၏။ 


ကျိုးယီချင်းက တကယ်လည်း အားနည်းနေတာပဲ .. အဲဒါကြောင့် လုကျင်းချန်းက သူ့ကို မကြိုက်တာလား ...


ဒါပေမယ့် လူစားထိုး ရှာပါတယ်ဆိုမှ ... ခွန်အားက ဘာ အရေးပါတော့မှာလဲ ...


“ငါက ဒီလိုပုံစံမျိုးကို ကြိုက်တယ် ..ဒါပေမယ့် ဒီလိုလူကို မကြိုက်ဘူး ...”


လုကျင်းချန်းက နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြန်သည်။ 


လျောင်မုယဲ့မှာ မည်ကဲ့သို့ စကားပြောရမှန်းပင် မသိတော့။ သို့သော် ထိုအချိန်မှာပင် လုကျင်းချန်း၏ အကျပ်ကိုင် ထိန်းချုပ်မှုတို့က သူ့ကို ချက်ခြင်း လွှမ်းခြုံသွားခဲ့သည်။ 


သူမက ပြောလိုက်သည်။ 


“ငါ့ကို ရှဲ့ယွင်နန်အကြောင်း ပြောပြစမ်း ...”


လျောင်မုယဲ့မှာ အမှန်တရားတို့ တစ်ဝက်ရောလျက် ပြောလိုက်ရသည့်အတွက် အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားတော့သည်။ 


သူက လုကျင်းချန်းသည် သူမ၏ နူးနူးညံ့ညံ့ ခင်ပွန်းဟောင်းကို စိတ်မပြတ်နိုင်သေးသည့်အတွက် သူမ၏ ခင်ပွန်းဟောင်းနှင့် ရုပ်ချင်းတူသော ရှဲ့ယွင်နန်အပေါ် အလွန် ကောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ထင်ခဲ့မိသည်။ 


ဒါပေမယ့် အခုပုံစံအရဆို .. သူမက ဒီလိုပုံစံနဲ့ ယောကျာ်းတွေကို ကြိုက်ရုံပဲလား ...


ဒီမိန်းမက ... ရွံစရာကောင်းလိုက်တာ ...


လျောင်မုယဲ့က ရှဲ့ယွင်နန်နှင့် များစွာ မရင်းနှီးခဲ့။ ထို့ကြောင့် သူ့တွင် ပြောပြစရာ များများစားစား မရှိရာ ရှဲ့ယွင်နန်နှင့် ပတ်သက်သည့် သူ့အမြင်ကိုသာ ပြောပြနိုင်လိုက်ခဲ့သည်။ 


လုကျင်းချန်းက ဂရုတစိုက် နားထောင်နေခဲ့၏။ ထို့နောက် သူမ၏ အကြည့်တို့မှာ ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။ 


သားသမီးကို ချစ်သည့် မိဘများအဖို့ အခြားကလေးများက သူတို့ကို ရှေ့ထားကာ သူတို့သားသမီးများအား အပုပ်ချနေခြင်းကို သည်းခံနိုင်မည် မဟုတ်ချေ။ ထို အပုပ်ချသူက လျောင်မုယဲ့ ဖြစ်နေသည့်အခါ ပြောနေရန်ပင် မလိုတော့ချေ။ 


လုကျင်းချန်းမှာ ဆက်ပြီး နားမထောင်နိုင်တော့။ သူက လျောင်မုယဲ့နှင့် အရူးကောင် ကျိုးယီချင်း နှစ်ဦးလုံးကို ရိုက်နှက်လိုက်တော့သည်။ 


သတင်းရသည့်အတွက် အပြေး ရောက်လာသည့် လုရှောင်ရန်၏ အဖေ “...”


ဒီညီမ ရှာထားတဲ့ ပြဿနာတွေကို နောက်တစ်ခေါက် ရှင်းရပြန်လိမ့်ဦးမယ် ...


သို့သော် လုကျင်းချန်းကမူ ထိုသို့ ရိုက်နှက်ခြင်းကပင် မလုံလောက်သေးဟု ထင်နေ၏။


“ဒီကမ္ဘာပေါ်မှာ စိတ်မနှံ့တဲ့ လူတွေမှ အများကြီးပဲ .. သူ့လို ကိုယ်ထင်ချင်ရာထင် ကိုယ် ထင်ထားသမျှက အမှန်ပဲဆိုတဲ့ လူစားမျိုးအတွက် ... အသက် ဆက်ရှင်နေသေးတာကိုက အံ့ဩစရာ ဖြစ်နေပြီ ... တကယ် .. သေတဲ့အထိကို ကန်ပစ်ချင်လိုက်တာ ....”


အဖေလု “စိတ်လျော့ပါ ...”


“စိတ်လျော့နိုင်မယ်လို့ မထင်ဘူး ..."


လုကျင်းချန်းက ပြောလိုက်သည်။ 


“ကော .. ပြောကြည့်ပါဦး ကျွန်မတို့တွေ ဟုန်ယဲ့မြို့ကို ပြောင်းနေဖို့ စဉ်းစားသင့်လား ..."


“ဘယ်လို ...”


အဖေလုမှာ ပြောစရာစကားပင် မရှိတော့။ 


လုမိသားစုမှာ မိသားစုဝင်တွေမှ အများကြီးလေ ဘယ်လိုလုပ် လူတိုင်းကို ပြောင်းခိုင်းလို့ ရမှာလဲ ပြီးတော့ အန္တရာယ်တစ်ခုခု ရှိနေခဲ့ရင် ...


“ပိုင်ဆိုင်မှုတွေကိုရောင်း၊ ပိုက်ဆံပဲ ယူပြီး ထွက်သွားမယ်လေ ...”


သူမက ပြောလိုက်သည်။ 


အဖေလု “ ငါကြားတာတော့ ဟုန်ယဲ့မြို့က အသစ်ပြန်ဖွဲ့စည်းထားတာတဲ့ အပြင်က ပိုက်ဆံကို သုံးလို့ ရပါဦးမလား ...”


“ပိုက်ဆံက အမျိုးမျိုး ကွဲနေပြီး ပြန်အသိမ်းခံရနိုင်တယ် ဆိုရင်တောင် ... ပိုင်ဆိုင်မှုတွေကရော? ဘာပဲဖြစ်ဖြစ် ကျွန်မတို့ လက်ထဲမှာ အဆုံးသတ်သွားမှာမှ မဟုတ်တာ ...”


“မရဘူး ...”


“ဘာလို့ မရတာလဲ ကောရဲ့ တူ ခေါ်တာကို တုန့်ပြန်ပြီး မြေတွေနဲ့ ပိုက်ဆံတွေကို ခွဲဝေတာမျိုး မလုပ်နိုင်လို့ မဟုတ်လား ...”


သူမက မျက်လုံးများကို လှိမ့်ပြလိုက်သည်။ 


အဖေလု “...”


သူ တကယ်ကို သည်းမခံနိုင်တော့ဘူး ...


လုကျင်းချန်းက ပြောလိုက်သည်။ 


“အိုကေ အတူတူ မသွားနိုင်ဘူး ဆိုမှတော့ ... ဒါဆို ကျွန်မတစ်ယောက်တည်းပဲ သွားတွေ့တော့မယ် ...”


အဖေလု “ဒါဆို ရတယ် ...”


လုကျင်းချန်းက ပြောလိုက်သည်။ 


“ဒါဆို အခုချက်ခြင်း သွားလိုက်တော့မယ် ...”


အစပိုင်းကတည်းက သူမ၏ ဦးတည်ချက်သည် ဟုန်ယဲ့မြို့သို့ သွားကာ ခင်ပွန်းနှင့် သားဖြစ်သူကို သွားတွေ့ရန် ဖြစ်သည်။ 


မိသားစုပိုင်ဆိုင်မှုတွေကတော့ .. အကုန်လုံး သားလေးအတွက်ပဲ ချန်ခဲ့တော့မယ် ...


အဖေလု “...”


သူတော့ လှည့်စားခံလိုက်ရပြန်ပြီ ...


လုကျင်းချန်း အထုပ်အပိုးပြင်ကာ ထွက်သွားပြီးနောက် အဖေလုက လျောင်မုယဲ့ကို နှိုးကာ နှင်ထုတ်လိုက်တော့သည်။ 


သူ့အိမ်သို့ ပြန်ရောက်လာသည့် လျောင်မုယဲ့မှာ အလွန် အလိုမကျ ဖြစ်နေတော့သည်။ သူက အတိတ်ဘဝကို ဂရုတစိုက် ပြန်စဉ်းစားပြီးနောက် ... ထိုအချိန်က ဖြစ်ခဲ့သည့် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားသည်။ 


ယဇ်ဆရာအကြီးအကဲ၏ ဘက်တွင် သိပ်မကြာခင်က ကွယ်လွန်သွားပြီဟု ထင်ခဲ့ကြသည့် အကြီးအကဲပိုင်ဟု အမည်ရသော အလွန် အင်အားကြီးသူတစ်ဦး ရှိနေသေးသည်။ 


အကြီးအကဲပိုင်မှာ ခပ်လျှိုလျှိုသာ နေထိုင်တတ်သူ ဖြစ်သည်။ သူသည်ပင်လျှင် နောက်ပိုင်းတွင်မှ ထိုအကြောင်းကို သိခဲ့ရ၏။ အကြီးအကဲပိုင် ကွယ်လွန်ပြီးနောက် ယဇ်ဆရာအကြီးအကဲ၏ ပိုင်ဆိုင်မှုအားလုံးကို ခွဲဝေခဲ့ကြကြောင်းလည်း သိထားခဲ့သည်။ 


သူသာ အကြီးအကဲပိုင် သဘောကျအောင် နေနိုင်ပါလျှင် များစွာသော အကျိုးအမြတ်များကို ရရှိနိုင်မည် ဖြစ်သည်။


အတိတ်ဘဝတွင် အကြီးအကဲပိုင်၏ လက်အောက်ရှိ လူများကသာ အချမ်းသာကြဆုံး ဖြစ်သည်။ 


ထို့အပြင် ယဇ်ဆရာအကြီးအကဲ၏ ဒဏ်ရာများမှာ တစ္ဆေဘုရင်၏ လက်ချက် ဖြစ်နိုင်ရာ သူ့အနေဖြင့် တစ္ဆေဘုရင်ကို ကိုင်တွယ်ရန် အကြီးအကဲပိုင်ကို အသုံးချ၍ ရနိုင်ပေသည်။


လျောင်မုယဲ့က သူ့ပစ်မှတ်ကို ပြောင်းလဲကာ အကြီးအကဲပိုင်အား ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။ 


သူသာ အကြီးအကဲပိုင်ကို တွေ့လိုပါလျှင် .. အကြီးအကဲပိုင်၏ လက်ထောက်ကို ဦးစွာ ရှာဖွေရမည် ဖြစ်သည်။ 


ဒီအကြောင်း ပြောကာမှ ... အကြီးအကဲပိုင်ရဲ့ လက်ထောက်ကလည်း နောက်ပိုင်းကျ ရှဲ့ယွင်နန်ရဲ့ ဘက်တော်သား ဖြစ်သွားခဲ့တာပဲ ...


ထိုသူက အကြီးအကဲပိုင် သေဆုံးပြီးနောက် ပြဿနာများစွာကို ကြုံတွေ့ခဲ့ကာ မြင့်မြတ်မြို့တော်ရှိ အထက်တန်းလွှာများစွာကိုလည်း ဖြုတ်ချရန် ကြိုးစားခဲ့သည်။ ထို့နောက် ရှဲ့ယွင်နန်နှင့်အတူ ပူးပေါင်းလိုက်ကာ ယဇ်ဆရာအကြီးအကဲ၏ ပိုင်ဆိုင်မှုအားလုံးကို အရယူရန် ညွှန်ကြားခဲ့သည့်အတွက် ထိုစဉ်က ရှဲ့ယွင်နန် ရင်ဆိုင်နေရသော ဘဏ္ဍာရေးပြဿနာများ ပြေလည်သွားတော့သည်။


ထိုသူသည် အစားအသောက်ကို အလွန် နှစ်ခြိုက်သူဖြစ်ကာ မြင့်မြတ်မြို့တော်ရှိ ဈေးကြီးသည့် စားသောက်ဆိုင်များသို့ သွားရောက်ရခြင်းကိုလည်း အလွန် သဘောကျပေသည်။ သူသာ ထိုဆိုင်များသို့ သွားပါလျှင် ထိုသူနှင့် တွေ့နိုင်မည့် အခွင့်အရေးမျိုး ရနိုင်မည် ဖြစ်သည်။ 


လျောင်မုယဲ့ တွေ့ဆုံရန် ကြံစည်နေသည့် အကြီးအကဲပိုင်၏ လက်ထောက်ဆိုသူမှာ ထိုအချိန်တွင် အကြီးအကဲပိုင်နှင့်အတူ လိုက်လာ၍ သွမ့်ချန်ချင်းနှင့်ပင် တွေ့ဆုံပြီးနေပြီ ဖြစ်သည်။ 


ထိုသူနှစ်ဦးက သွမ့်ချန်ချင်းကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးများ နီရဲလာကာ တစ်ညီတစ်ညာတည်း ပြောလိုက်ကြတေ

ာ့သည်။ 


“သခင်ငယ်လေး ...”


သွမ့်ချန်ချင်းမှာ မည်ကဲ့သို့ ပြောရမှန်းပင် မသိတော့။ 


“ကျွန်တော်က အတိတ်မေ့နေတာ ...”


သူနဲ့ မူလကိုယ်ရဲ့ ကြားထဲမှာ ကွာခြားချက်တွေမှ အများကြီးပဲလေ ဒီနှစ်ယောက်က ဟာကွက်တစ်ခုခု ရှာတွေ့သွားနိုင်မလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ....


ပြီးတော့ .. ဒီလူအိုကြီးရဲ့ ခန္ဓာကိုယ်က မီးစာကုန် ဆီခမ်းချိန် နီးနေပြီ ...