Chapter 80
သွမ့်ချန်ချင်း၏ လူများက ရှောက်ချီလင်ကို ဆွဲထုတ်ကာ ဟုန်ယဲ့မြို့၏ အထက်တန်းလွှာများအား အကျဉ်းချထားသည့် နေရာသို့ ခေါ်သွားလိုက်သည်။
ပြစ်မှုကျူးလွန်ထားသူများကို ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ကာ သေးငယ်သည့် ပြစ်မှုကိုသာ ကျူးလွန်ထားကြသူများကိုမူ ဤနေရာတွင် ဖမ်းဆီးကာ အလုပ်သမား အဖွဲ့အစည်း ပြန်လည်ဖွဲ့စည်းရန် ထိန်းသိမ်းထားသည်။
ရှောက်ချီလင်က ဟုန်ယဲ့မြို့၏ ခေါင်းဆောင်တစ်ဦးကို တိုက်ခိုက်ရန် ကြိုးစားခဲ့သူ ဖြစ်သည်။ သူ့ပြစ်မှုမှာ ဤနေရာတွင် ရှိနေသူအားလုံးထက် ကြီးလေးလှသော်ငြား သူသည် ခွန်အားလည်း မရှိ၊ စွမ်းရည်လည်း မရှိသူတစ်ဦး ဖြစ်သည့်အပြင် အမှန်တကယ် အကောင်အထည် ဖော်နိုင်ခဲ့ခြင်းလည်း မရှိသည့်အတွက် သွမ့်ချန်ချင်းက သူ့ကို ခြွင်းချက်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှောက်ချီလင်အဖို့မူ ဤသို့သော နေရာမျိုးသို့ အပို့ခံလိုက်ရခြင်းသည်ပင်လျှင် ကြီးကြီးမားမား နာကျင်ရသည့် ပြစ်ဒဏ်တစ်ရပ် ဖြစ်နေပေသည်။
ထိုနေရာတွင် ရှိသူအားလုံးမှာ မနက်တိုင်း အစောကြီး ထရကာ ချည်ငင်သည့် စက်ဖြင့် အဝတ်အထည်များ ရက်လုပ်ရပြီး အပ်ချုပ်စက်ဖြင့် အဝတ်အစားများ ချုပ်ပေးကြရသည်။
ထိုသို့ လုပ်ကာမှသာ ဝေခြမ်းရေးအမှတ်များ ရရှိမည် ဖြစ်ပြီး ထိုအမှတ်များဖြင့် အစားအစာနှင့် တစ်ကိုယ်ရေ အသုံးအဆောင်များကို လဲလှယ်ကြရသည်။
ကံကောင်းထောက်မစွာဖြင့် ထိုနေရာတွင် အလုပ်များစွာ ရှိနေကာ အမြဲ အလုပ်တစ်ခုခု ရှာဖွေ၍ ရနေသောကြောင့်သာ တော်သေးသည်။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ဆောင်ရန် ဆန္ဒရှိသူများသည် ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်နိုင်ကြသည်။
သို့သော် ထိုနေရာသို့ အပို့ခံခဲ့ရသူ အားလုံးမှာ ငယ်ရွယ်သည့် သခင်လေး၊ သခင်မလေးများသာ ဖြစ်ကြသည်။ သာမန်လူများထက် များစွာ ကြံ့ခိုင်သည့် တိုက်ခိုက်သူအချို့ပင် ပါနေသေးရာ သူတို့အားလုံးသည် အစပိုင်းတွင် အလုပ်ကို စိတ်ပါဝင်စားစွာ လုပ်ဆောင်ခြင်း မရှိခဲ့။
သို့သော် ဆာလောင်မွတ်သိပ်မှုအား မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်လိုက်ရသည့်အခါ နာခံစွာဖြင့် အလုပ်လုပ်ရန်သာ ရှိတော့သည်။ အချို့က သူတို့၏ ကံကြမ္မာကို လွယ်လင့်တကူ လက်ခံကာ လုပ်ရမည့် တာဝန်များအား မြန်ဆန်ကောင်းမွန်စွာ လုပ်ဆောင်လိုက်ကြ၏။ သူတို့၏ အစားကြေးများလွန်းသည့် အကျင့်များပင် တစ်မဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုနေရာတွင် အဖမ်းခံထားရသူများအနက် လျောင်ရှင်းယွမ်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
သူသည် လျောင်မိသားစုထဲတွင် အရေးပါသူတစ်ဦး မဟုတ်ခဲ့။ အင်အားကလည်း လွန်စွာ နည်းပါးလွန်းလှသည်။ ထို့ကြောင့် အစောပိုင်းကတည်းက ခုခံမှု တစ်စုံတစ်ရာ မရှိဘဲ အဖမ်းခံခဲ့ရသည်။ အဖမ်းခံရပြီးနောက် မည်သည့်အရာကိုမှ ရှာတွေ့ခဲ့ခြင်း မရှိသော်ငြား လျောင်မိသားစုဝင်တစ်ဦး ဖြစ်သည့်အတွက် သူ့ကို လွှတ်မပေးခဲ့ကြချေ။
နေ့လည်စာ စားပြီးချိန်တိုင်း ထိန်းသိမ်းခံထားရသူများသည် နားချိန်အချို့ ရရှိတတ်ကြသည်။ ထိုအချိန်အတွင်း သူတို့သည် ဟုန်ယဲ့မြို့၏ သတင်းများကိုပင် ကြည့်ရှုနိုင်ကြသည်။
ယနေ့ သတင်းမှာ နှစ်သစ်ကူး မတိုင်ခင် ရှဲ့ယွင်နန်၏ နောက်ဆုံးအလုပ်တက်ရက်အကြောင်း ဖြစ်သည်။ သူက မြို့အနှံ့ရှိ နေရာအမျိုးမျိုး၏ အခြေအနေကို လိုက်လံစစ်ဆေးပြီး မြို့ထဲတွင် နေထိုင်သူများအား နှစ်သစ်ကူး လက်ဆောင်များပေးရန် စီစဉ်ထားသည်။
တီဗီထဲရှိ ရှဲ့ယွင်နန်သည် ဟုန်ယဲ့မြို့တော်ရှိ မိဘမဲ့ဂေဟာများကို သွားရောက်လည်ပတ်ကာ သက်ကြီးရွယ်အိုများထံလည်း လက်ဆောင်များ ပေးပို့ခဲ့သေးသည်။
ဆင်ခြေဖုံးဒေသတွင် ဘန်ဂလိုများစွာ တည်ဆောက်ထားကာ လမ်းမတစ်လျှောက် စီတန်းညီညာစွာ တည်ဆောက်ထားသည့် ထိုအိမ်များကို အိမ်ခြေယာမဲ့များထံ အခမဲ့ ဝေငှလိုက်သည်။
ပိန်လှီလှသည့် အဖိုးအိုတစ်ဦးက မျက်ရည်လည်ရွှဲဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ငါ့ဘဝမှာ ပထမဆုံးအကြိမ် ဒီလို အိမ်ကောင်းကောင်းနဲ့ နေဖူးတာပဲ ...”
ရှဲ့ယွင်နန်က ခေါင်းကိုငုံ့ကာ ထိုလူကြီးအား ငြင်သာစွာဖြင့် စကားပြောလိုက်သည်။
တီဗီမှတစ်ဆင့် ထိုမြင်ကွင်းကို မြင်နေရသည့် လျောင်ရှင်းယွမ်၏ နှလုံးသားတစ်ခုလုံး မခံမရပ်နိုင်လောက်အောင် ချဉ်စူးလာတော့သည်။
ဟိုးအရင်ကဆို ရှဲ့ယွင်နန်က သူ့အပေါ် ဒီပုံစံထက် ပိုပြီးတောင် ကြင်ကြင်နာနာ ဆက်ဆံခဲ့သေးတယ် ဒါပေမယ့် .. အခုဆို သူ့ကို လုံးဝ သတိမရလောက်တော့ဘူး မဟုတ်လား ...
သူ ဤနေရာသို့ ရောက်လာကာစက ရှဲ့ယွင်နန်ကို အလွန်မုန်းတီးကာ သွေးအေးရက်စက်သူဟုပင် ထင်ခဲ့မိသည်။ သို့သော် အချိန်အတော်ကြာ နေထိုင်လာခဲ့ပြီးနောက် ငွေရှာရသည်မှာ မည်မျှအထိ ခက်ခဲပင်ပန်းကြောင်း သဘောပေါက်သွားတော့၏။ ထို့အပြင် ဟုန်ယဲ့မြို့၏ အပြောင်းအလဲများအကြောင်း သိရသည့်အခါ အမှားလုပ်ခဲ့သူမှာ သူ့မိသားစုများလားဟုပင် တွေးမိလာတော့သည်။
“ဒါ အကုန် ဟန်ဆောင်နေတာပဲ ဒီလောက် စုတ်ပြတ်နေတဲ့ အိမ်ကို ဘယ်လိုလုပ် အကောင်းဆုံးလို့ ပြောနိုင်ရတာလဲ ...”
သူနှင့် သက်တူရွယ်တူ သခင်လေးတစ်ဦးက မကျေမနပ် ရေရွတ်လိုက်သည်။
လျောင်ရှင်းယွမ်က ထိုသူကို လှည့်ကြည့်ပြီးနောက် တစ်ချိန်က သူသည်လည်း ထိုကဲ့သို့ပင် တွေးခဲ့ဖူးကြောင်း အမှတ်ရသွား၏။ သူ အိမ်မှ ထွက်ပြေးလာကာ ဆင်ခြေဖုံးဒေသသို့ ရောက်လာပြီး ထိုနေရာတွင် နေထိုင်သူတို့၏ ဘဝကို မသိမမြင်ရခင်အထိ ထိုကဲ့သို့သာ တွေးခဲ့ဖူးသည်။
ထိုစဉ်က သူသည် ထိုလူများအား မနှစ်သက်ခဲ့ရုံသာ ဖြစ်ကာ ထိုကဲ့သို့ နေထိုင်ရခြင်းတွင် အကြောင်းအရင်းများ ရှိနေလိမ့်မည်ဟု တွေးခဲ့သည်။
သူက ရည်မှန်းချက်မရှိ လေလွင့်နေကြသည်ဟု သတ်မှတ်ထားသူများက နေ့စဉ် ကျင့်စဉ်များကို အားတက်သရော လေ့ကျင့်နေကြပြီး တိုက်ခိုက်သူအဆင့်သို့ ရောက်သွားသူများလည်း အများအပြား ရှိနေကြောင်း သိလိုက်ရသည့်အခါ ယခင်က တွေးခဲ့ဖူးသည့် ထင်မြင်ချက်အားလုံး ပျောက်ကွယ်သွားတော့သည်။
“သူတို့က ဒီလို ဗီဒီယိုမျိုးကို သုံးပြီး ငါတို့ကို ဦးနှောက်ဆေးချင်နေတာလား ဟာသလာလုပ်နေတာလားဟ ဆင်ခြေဖုံးဒေသမှာ နေတဲ့လူတွေက ငပျင်းတွေ ပစ္စည်းကလည်း ခိုးချင်ကြသေးတယ် ပြီးတော့ သူတို့ကို အလုပ်လုပ်ဖို့ ငှားလိုက်တိုင်း ဖြစ်လိုက်တဲ့ မတော်တဆမှုဆိုတာ ပြောကိုမနေနဲ့ .. ကူလို့ ကယ်လို့ကို မရနိုင်တော့တဲ့ လူလိမ်ကောင်တွေ!!! ဒီလိုလူတွေက အလုပ်ကြိုးစားတယ်ဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူး ငါတို့တွေ နှစ်တိုင်း သူတို့ကို ငွေအများကြီး လှူပေးခဲ့တာပဲဟာ ဘယ်တုန်းကမှ အစာမငတ်ဖူးဘူး ...”
လျောင်ရှင်းယွမ်ကဲ့သို့ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ထင်မြင်ချက်များကို ပြောင်းလဲသွားနိုင်ကြသူများ ရှိသကဲ့သို့ မူလအမြင်ကိုသာ အတင်းအကြပ် ဆုပ်ကိုင်ထားသူများလည်း ရှိနေဆဲပင်။
ရှောက်ချီလင်က ရောက်ရောက်ချင်းပင် ထိုကဲ့သို့သော မှတ်ချက်များကို ဆက်တိုက် ကြားလိုက်ရသည်။
အမှန်အတိုင်း ပြောရပါလျှင် သူသည် ယခင်ကတည်းက အလားတူ စကားမျိုးကို နားနှင့် မဆန့်အောင်ပင် နားထောင်ခဲ့ရဖူးသည်။ ထိုအချိန်က ဆင်ခြေဖုံးဒေသတွင် မွေးဖွားလာသည့် သူ့ဘဝအပေါ် ရှက်ရွံ့စိတ်တို့ ဖြစ်မိသည့်အတွက် အခြားသူများ သူ့ကို စိတ်အလိုကျစေရန် ရေလိုက်ငါးလိုက် နေခဲ့ရသည်။
သို့သော် ယခုမူ .. ရုတ်ချည်းဆိုသလို ဒေါသတို့ ပေါက်ကွဲထွက်လာတော့၏။
“မင်းမေကြီးပဲ ခိုးရတာကို ကြိုက် မင်းတို့ကောင်တွေပဲ ပျင်းနေ .. မင်းတို့သာ ဆင်ခြေဖုံးဒေသမှာ မွေးလာရင် သူတို့ထက်ပိုပြီးတောင် အခြေအနေ ဆိုးလိမ့်ဦးမယ် ...”
ရှောက်ချီလင်က ထိုသို့ ပြောကာ ထိုသူ၏ ဆံပင်ကို ဆွဲလျက် ရန်ပွဲစရန် ပြင်လိုက်သည်။ သို့သော် သာမန်လူတစ်ဦး ဖြစ်သည့်အလျောက် အဆင့်နိမ့်တိုက်ခိုက်သူကို ထိခိုက်အောင် လုပ်ရန် အခွင့်အရေးပင် မရခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် အနားတွင် ရပ်နေသည့် အစောင့်တစ်ဦးက ချက်ခြင်း သူတို့ကို လူချင်း ခွဲလိုက်သည်။
“ဒီနေရာမှာ ရန်ဖြစ်တာကို တားမြစ်ထားတယ် ...”
ဒီနေရာမှာ ရန်ဖြစ်လို့ မရဘူး ဟုတ်လား ဒါဆို ဒီကောင်သူ့ကို ရိုက်လို့မရဘူးဆိုတဲ့ သဘောပေါ့ ...
ထိုသို့ တွေးမိလိုက်သည်နှင့်တစ်ပြိုင်နက် ရှောက်ချီလင်သည် အလွန့်အလွန် ကြမ်းတမ်းခက်ထန်လှသည့် စကားလုံးများဖြင့် တရစပ် ပစ်ပေါက်တိုက်ခိုက်လိုက်တော့သည်။
ဆင်ခြေဖုံးဒေသတွင် မွေးဖွားလာသူများအနက် ဆဲဆိုကြိမ်းမောင်းသည့် အမှုကို မပြုနိုင်သူဟူ၍ တစ်ဦးမျှပင် မရှိ။ မြင့်မြတ်မြို့တော်တွင် နေထိုင်သည့် ကာလများ၌ သူသည် ဖြူစင်ရိုးသားသယောင် ဟန်ဆောင်ခဲ့သည့်တိုင် ဆဲဆိုကြိမ်းမောင်းနိုင်သည့် စွမ်းရည်မှာမူ လုံးဝ ကျဆင်းသွားခြင်း မရှိခဲ့ပေ။
ခက်ထန်လှသည့် စကားလုံးများကြောင့် အထက်တန်းလွှာမှ ဆင်းသက်လာသူအားလုံး ကြောင်အသွားကြတော့၏။ သူတို့သာ အဖော်သားရဲကို ဆင့်ထုတ်ခြင်းအား တားမြစ်သည့် ဆေးကို စားမထားမိပါလျှင် တားမြစ်မည့် အစောင့်များသာ ရှိမနေပါလျှင် ရှောက်ချီလင်ကို သေသည်အထိပင် ရိုက်နှက်မိကြတော့မည် ဖြစ်သည်။
နောက်ဆုံးတွင် ရှောက်ချီလင်က မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျသည်အထိ ငိုကြွေးလိုက်တော့သည်။
သူက ဘဝကို ကောင်းကောင်းမွန်မွန်လေးပဲ နေထိုင်ချင်ရုံလေးပါ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ ...
ရှဲ့ယွင်နန်က ထိုအဖြစ်အပျက်အားလုံးကို မသိခဲ့။ သို့သော် သွမ့်ချန်ချင်းကမူ သတင်းကြားမိလိုက်ပေသည်။ ဖန့်ချီရှန့်က သူ့ကို ထိုအကြောင်းများကိုသာမက လျောင်ရှင်းယွမ်၏ အကြောင်းကိုပါ ပြောပြခဲ့သည်။
ယခင်က သွမ့်ချန်ချင်းသည် လျောင်ရှင်းယွမ်အကြောင်း မေးထားဖူးသည့်အတွက် ဖန့်ချီရှန့်က ထိုတစ်ယောက်ကို အထူးတလည် အာရုံစိုက်ပြီး စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။
သူက သွမ့်ချန်ချင်းအား မျက်နှာလို မျက်နှာရ လုပ်ရမည်ကို အလွန် စိတ်အားထက်သန်နေပေသည်။
သွမ့်ချန်ချင်းအား ကူညီရန် လုရှောင်ရန်နှင့် တစ္ဆေဘုရင်ကိုပင် စောင့်ကြည့်ခဲ့ဖူးသေး၏။ သွမ့်ချန်ချင်း၏ ဆူပူမှုကိုသာ ခံလိုက်ရသောကြောင့် ထိုနှစ်ယောက်အကြောင်း နောက်တစ်ကြိမ် ပြောမလာတော့ချေ။
ထိုအကြောင်းကို ကြားပြီးနောက် သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ဒီနား လာကူလှည့် ...”
သူက ဆေးရည်စိမ်ရန် ဆေးဖက်ဝင်အပင်များကို ပြင်ဆင်နေခြင်း ဖြစ်သည်။
ထို ဆေးရည်စိမ်ခြင်းက ကိုယ်ခန္ဓာ ကြံ့ခိုင်စေရုံသာမက ဆေးညွှန်းဟူ၍လည်း အတိအကျ မလိုအပ်၊ မည်သည့်ဆေးပင်ကိုမဆို အသုံးပြုနိုင်ပေသည်။
သူက ထိုအပင်များအား စုဆောင်းထားသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သည်။ ဆေးဖက်ဝင်အပင်များအား ခူးဆွတ်ရာ၌ သူကိုယ်တိုင်သာမက မုန့်ယန်နှင့် အခြားလူများကိုပါ ကူညီခူးဆွတ်ခိုင်းထားခဲ့သည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် သူ့ခန္ဓာကိုယ် ပြန်လည်အားပြည့်လာစေရန် လုံလောက်သည့် ပမာဏကို စုဆောင်းနိုင်လာတော့သည်။
ဆေးရည်စိမ်ကာ ကျင့်စဉ်ကို ကျင့်ကြံသည့်အပြင် အံ့ဖွယ်သားရဲတို့၏ အသားကိုပါ စားပါလျှင် သူ အိပ်မက်မက်ခဲ့ရသည့် ခန္ဓာကိုယ်အချိုးအစားမျိုးကို ရရှိလာတော့မည်ဖြစ်သည်။
အားလုံး ပြင်ဆင်ပြီးနောက် သွမ့်ချန်ချင်းသည် ဖန့်ချီရှန့်ကို ထွက်သွားစေကာ ရေကန်ထဲ လှဲချလိုက်သည်။
ဆေးဖက်ဝင် အာနိသင်များနှင့် စိတ်စွမ်းအင်များ စုပေါင်းကာ သူ့ခန္ဓာကိုယ်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။ ..သွမ့်ချန်ချင်းက သူ့ခန္ဓာကိုယ်မှာ တစ်ဖြည်းဖြည်း ပြန်လည်သက်သာလာကြောင်း ခံစားမိနေသည်။
“ချန်ချင်း ...”
အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ရေကန်ထဲတွင် မျက်လုံးများ ပိတ်လျက်သား လဲလျောင်းနေသော သွမ့်ချန်ချင်းကို တွေ့လိုက်ရသည့်အခါ ရှဲ့ယွင်နန်က စိုးရိမ်တကြီး အော်ခေါ်မိသွားတော့သည်။
သွမ့်ချန်ချင်းက သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ထိုအခါမှ ရှဲ့ယွင်နန်၏ ပူပန်နေသော စိတ်များ ငြိမ်းအေးသွားကာ မေးလိုက်သည်။
“ဘာလုပ်နေတာလဲ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ဆေးရည်စိမ်နေတာ .. ခန္ဓာကိုယ်အတွက် ကောင်းတယ်လေ ...”
“အင်း .. ကိုယ် နားရက်ခြောက်ရက် ရလာခဲ့တယ် မင်းကို အံ့ဖွယ်အပင်တွေ ကူပြီး ရှာပေးလို့ ရသွားပြီ ...”
ရှဲ့ယွင်နန်က ပြောလိုက်သည်။
သွမ့်ချန်ချင်းက ပြုံးပြလိုက်၏။
“အပင်တွေက လုံလောက်ပါပြီ စိတ်မပူနဲ့တော့ ...”
သူက ရှဲ့ယွင်နန် သတိလက်လွတ် ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ရေကန်ထဲသို့ ဆွဲချလိုက်သည်။ ထို့နောက် အပြန်အလှန် နမ်းရှိုက်နေရင်း ပြောလိုက်သည်။
“ကျင့်စဉ်အသစ်ကို ဆက်ပြီး လေ့ကျင့်ကြဦးမလား ..."
ရှဲ့ယွင်နန်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
နေ့တိုင်း လေ့ကျင့်နေတာ .. သွမ့်ချန်ချင်း သူ့ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတော့မှာကို မစိုးရိမ်ဘူးလား ...”
သွမ့်ချန်ချင်းက လုံးဝ စိုးရိမ်ခြင်း မရှိခဲ့။ လေ့ကျင့်လေလေ ပိုပြီး အင်အားတက်ကြွလာလေပင် ဖြစ်သည်။
တစ်ရက်နှင့် တစ်ညတိုင်တိုင် အခန်းထဲတွင် အချိန်ကုန်ဆုံးပြီးနောက် တစ္ဆေဘုရင်နှင့်အတူ နှစ်သစ်ကူး ညစာစားရန် ထွက်လာလိုက်သည်။
တစ္ဆေဘုရင်က ရှချင်၊ လုရှောင်ရန်နှင့် အခြား သူပျိုးထောင်ခဲ့သူများကိုပါ ခေါ်ထားခဲ့သည်။ လူတစ်ဒါဇင်နီးပါးခန့် ရောက်နေသည့်အတွက် အလွန် သက်ဝင်လှုပ်ရှားနေ၏။
ညစာစားချိန်တစ်လျှောက် ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းတို့ နှစ်ဦးလုံးသည် စားသောက်ခြင်းတွင် စိတ်ရောကိုယ်ပါ မြှုပ်နှံထားကြသည်။
တစ်နေကုန် တစ်ညလုံး အလုပ်များထားသည့်အတွက် အလွန် ဆာလောင်နေကြ၏။
သွမ့်ချန်ချင်း၏ အစားစားနိုင်စွမ်းမှာ ပို၍ပင် အံ့ဩစရာ ကောင်းလာသေးသည်။
လုရှောင်ရန်သည် အစောပိုင်းက ရှချင်ကိုသာ ဆက်တိုက် ကြည့်နေကာ သူမအတွက် ပုဇွန်များကို အခွံခွါပေးသည့်အပြင် အစားအစာများကိုပါ တက်တက်ကြွကြွ ရွေးထည့်ပေးခဲ့သော်ငြား .. နောက်ပိုင်းတွင် သူ့အကြည့်တို့က သွမ့်ချန်ချင်းထံ ရောက်ရှိသွားတော့သည်။
ဒီ သွမ့်ချန်ချင်း စားနေတာက နည်းနည်း များလွန်းမနေဘူးလား ...
အတွင်းစိတ်ထဲတွင် စပ်စုလိုစိတ်များ ဖြစ်ပေါ်လာသော်လည်း အပေါ်ယံ မျက်နှာမှာမူ တည်ကြည်အေးစက်နေဆဲပင်။ သူက သွမ့်ချန်ချင်းကို စိုက်ကြည့်နေလိုက်သည်။
မျက်နှာကို သဘောကျသည့် စိတ်ကြောင့် လုရှောင်ရန်အပေါ် ထားရှိသည့် သဘောထားများ ပျော့ပြောင်းစပြုလာသည့် ရှချင် “...”
ဒီလူက ဘာဖြစ်ချင်နေတာလဲ ...
လုရှောင်ရန်က သွမ့်ချန်ချင်းကို မေးလိုက်သည်။
“ဘယ်လိုလုပ် ဒီလောက်အများကြီး စားနိုင်ရတာလဲ ...”
“ပါရမီပါလို့လေ ...”
လုရှောင်ရန် “...”
သူတို့ စားသောက်နေကြစဉ် အကြီးအကဲပိုင်ကလည်း လှေတစ်စီးနှင့်အတူ ဟုန်ယဲ့မြို့တော်အနီးသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ဟုန်ယဲ့မြို့တော် ရှိရာဆီသို့ လှမ်းမျှော်ကြည့်ရင်း အတိတ်က ဖြစ်ရပ်များကို ပြန်ပြောင်းအောက်မေ့လိုက်မိသည်။
သူ့သခင်ငယ်လေးသည် ကျန်းမာရေး မကောင်းသည့်အပြင် အစားစားနိုင်စွမ်းမှာလည်း နည်းပါးလှသည်။ သူ အကြိုက်ဆုံး အစားအသောက်များကိုပင် အလုတ်အနည်းငယ်ထက်ပိုကာ မစားနိုင်၊ အသားစားရခြင်းကိုလည်း မနှစ်သက်ပေ။
သူက သခင်လေး၏ ဓာတ်ပုံကို ငုံ့ကြည်လိုက်၏။ ပုံထဲရှိ သခင်လေးမှာ အလွန် ကျန်းမာနေပုံပေါ်သော်ငြား ပိန်ပါးဖျော့တော့နေဆဲပင်။ အစားကြေးများသူတစ်ဦး ဖြစ်နေဦးလေမလားဟုပင် စိုးရိမ်မိတော့သည်။ ရှဲ့ယွင်နန်က သူ့အတွက် အစားအသောက်များ စီစဉ်ပေးမည် ဖြစ်သည့်တိုင် သူအကြိုက်ဆုံး စားစရာများကိုမူ သိလိမ့်မည် မဟုတ်ချေ။
အကြီးအကဲပိုင်က သွမ့်ချန်ချင်းကို တွေ့ဆုံရန် အလွန်စိတ်အားထက်သန်နေ၏။ သို့သော် သူရထားသည့် သတင်းများအရ တစ္ဆေဘုရင်မှာ အလွန်သန်မာရာ ..
သူသာ အတင်း ပြေးဝင်သွားကာ ပဋိပက္ခများ ဖြစ်စေခဲ့မိပါလျှင် တိုက်ပွဲတစ်ခုနှင့် ကျိန်းသေ ရင်ဆိုင်ရမည် ဖြစ်သည်။ သူ ထိခိုက်သည်က ကိစ္စမရှိသော်ငြား သခင်ငယ်လေးကိုသာ မတော်တဆ ထိခိုက်စေမိခဲ့ပါလျှင် ...
ထိုသို့ တွေးပြီးနောက် ဝမ်ချဲ့အား အရင်ဆက်သွယ်ရန် ဆုံးဖြတ်လိုက်တော့သည်။
အကြီးအကဲပိုင် ပူပန်နေသည့် သွမ့်ချန်ချင်းကမူ စားပွဲပေါ်ရှိ အံ့ဖွယ်သားရဲအသားများကို အပြတ်ရှင်းလိုက်ရုံသာမက အခြားသူများ ငြင်းဆန်သည့် စားစရာများကိုပါ မြည်းစမ်းကြည့်နေသည်။
စားသောက်ပြီးနောက် သူသည် အိမ်ပြန်ကာ ဆေးရည်စိမ်ရန် ပြင်လိုက်တော့သည်။
အိမ်သို့ ပြန်ရာလမ်းတွင် ဝမ်ချဲ့နှင့် ဝင်တိုက်မိလိုက်သည်။
ဆောင်းရာသီ ညတစ်ညတွင် ဝမ်ချဲ့က ခြံဝင်းထဲ၌ တစ်ကိုယ်တည်း ငွေစက္ကူများကို မီးရှို့နေသည်။
သွမ့်ချန်ချင်းက တအံ့တဩ မေးလိုက်သည်။
“ဘာလုပ်နေတာလဲ ...”
ဝမ်ချဲ့က ပြောလိုက်သည်။
“ယဇ်ဆရာအကြီးအကဲအတွက်ပါ ...”
ထိုသို့ ပြောနေရင်းပင် မီးပုံထဲသို့ အသီးအရွက်ကြော်တစ်ပန်း ထည့်ကာ တိုင်တည်လိုက်သည်။
“အကြီးအကဲ ဒါက အကြီးအကဲ အကြိုက်ဆုံး အစားအသောက်လေ .. သုံးဆောင်လိုက်ပါဦး ...”
သွမ့်ချန်ချင်း "..."
တစ်ခဏမျှ စဉ်းစားပြီးနောက် သူပါ မီးပုံဘေး ထိုင်လိုက်ကာ ငွေစက္ကူအချို့ကို မီးရှို့ပေးလိုက်တော့သည်။
ယဇ်ဆရာအကြီးအကဲမှာ အမှန်တကယ်ပင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဝမ်ချဲ့က ယဇ်ဆရာအကြီးအကဲအား နောင်ဘဝတွင် ကောင်းမွန်သည့် ဘဝမျိုး ပိုင်ဆိုင်နိုင်စေရန် ဆုတောင်းပေးလိုက်သည်။
ထိုစကားများကို ကြားလိုက်သည့်အခါ သွမ့်ချန်ချင်းကလည်း အလားတူ ဆုတောင်းပေးလိုက်သည်။
အားလုံးကို သိနေသည့် ရှဲ့ယွင်နန်ကလည်း ဘေးတွင် ဝင်ထိုင်ကာ စက္ကူများကို တိတ်တဆိတ် မီးရှို့ပေးနေလိုက်၏။
ထို့နောက် ဝမ်ချဲ့က ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ...”
သူက သွမ့်ချန်ချင်းအား ဖမ်းဆီးကာ သေလုမတတ်ပင် ဖြစ်စေခဲ့မိသော်လည်း ထိုသူကမူ သူ့လုပ်ရပ်များကို အမှတ်မထားဘဲ ကယ်တင်ပေးခဲ့သည်။
ထို့အပြင် ယဇ်ဆရာအကြီးအကဲနင့် ပတ်သက်ဆက်နွယ်ခြင်း မရှိသည့်တိုင် သူနှင့်အတူ ငွေစက္ကူများအား မီးရှို့ပေးခြင်းဖြင့် လေးစားမှုကို ပြသခဲ့သေး၏။
ကိစ္စအားလုံး ပြီးစီးသွားပြီးနောက် အခန်းထဲသို့ ပြန်ရောက်သည့်အခါ ဝမ်ချဲ့သည် အကြီးအကဲပိုင်ထံမှ စာတိုတစ်စောင်ကို လက်ခံရရှိလိုက်သည်။
အကြီးအကဲပိုင် ရောက်လာတော့မည်ဖြစ်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ကို သွားတွေ့ရန် ချက်ခြင်း အပြင်ထွက်လာလိုက်တော့သည်။
“အကြီးအကဲပိုင် ဘာလို့ ဒီကို ရောက်လာရတာလဲ ...”
သူက မေးလိုက်သည်။
သူက အကြီးအကဲပိုင် ရောက်လာခြင်းမှာ ရှဲ့ယွင်နန်နှင့် သက်ဆိုင်နေမည်ကို စိုးရိမ်မိနေသည်။ အကြီးအကဲပိုင်ကလည်း သူကဲ့သို့ပင် ရှဲ့ယွင်နန်ထံ ယဇ်ဆရာအကြီးအကဲအကြောင်း လာမေးခြင်း ဖြစ်ပါလျှင် .. သို့သော် ရှဲ့ယွင်နန်က ထိုအကြောင်းကို ပြောမပြနိုင်ရာ ...
အကြီးအကဲပိုင်၏ လက်ချက်ဖြင့် ရှဲ့ယွင်နန် ဒဏ်ရာရသွားသည်ဖြစ်စေ၊ အကြီးအကဲပိုင်က သွမ့်ချန်ချင်း၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်ဖြစ်စေ .. သူ့အနေဖြင့် မည်သည့်အကျိုးဆက်မျိုးကိုမှ ဖြစ်မလာစေလိုပေ။
“ငါ သခင်ငယ်လေးကို ရှာဖို့ ရောက်လာတာ ...”
အကြီးအကဲပိုင်က သူ ယုံကြည်ရသူအချို့ကိုသာ ခေါ်လာသည့်အတွက် ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်တော့သည်။
အကြီးအကဲက တကယ်ကို ယဇ်ဆရာအကြီးအကဲအတွက် ရောက်လာတာပဲ ...
ဝမ်ချဲ့က ပြောလိုက်သည်။
“အကြီးအကဲ ကျွန်တော် ယဇ်ဆရာအကြီးအကဲရဲ့ ခန္ဓာကိုယ်ကို ရှာမတွေ့သေးဘူး ဒါပေမယ့် ရှဲ့ယွင်နန်က တကယ်ကို ဒီကိစ္စနဲ့ ဘာမှ မပတ်သက်ပါဘူး ...”
“ဘာတွေ လျှောက်ပြောနေတာလဲ ...”
အလောင်းအကြောင်း စကားစလိုက်သည်နှင့် တစ်ပြိုင်နက် အကြီးအကဲပိုင်က စိတ်အနှောင့်အယှက် ဖြစ်သွားတော့သည်။
ဝမ်ချဲ့က ရှဲ့ယွင်နန်အတွက် ဆက်ပြောပေးလိုက်၏။
“ရှဲ့ယွင်နန်ရဲ့ အင်အားတွေ တိုးတက်လာတာက ယဇ်ဆရာအကြီးအကဲနဲ့ မသက်ဆိုင် ...”
“သူတို့က ဘာလို့ ဘာမှ မဆိုင်ရမှာလဲ .. သူတို့နှစ်ယောက်က လက်ထပ်ထားပြီးသားကွ ...”
အကြီးအကဲပိုင်က ပြောလိုက်သည််။
ယဇ်ဆရာအကြီးအကဲ၏ အခြေအနေကို အားလုံးထက် ပိုသိထားသူတစ်ဦးအနေဖြင့် အကြီးအကဲပိုင်က ရှဲ့ယွင်နန်သည် ယဇ်ဆရာအကြီးအကဲထံမှ မည်သည့်အမွေပစ္စည်းမှ ရမထားနိုင်ကြောင်း သိနေပေသည်။
ဒါပေမယ့် သူက အကျိုးအမြတ်တစ်ချို့တော့ သေချာပေါက်ကို ရထားမှာပဲ ...
မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး အဆင့်မြင့် ယဇ်ဆရာ ဖြစ်လာမှာလဲ ...
ယဇ်ဆရာများသည် ယဇ်ဆရာအကြီးအကဲ၏ အနားတွင် နေခွင့်ရနေသရွေ့ အင်အားများ ပုံမှန်ထက် မြန်ဆန်စွာ တိုးတက်လာမည်ဖြစ်သည်။
ရှဲ့ယွင်နန် အလျင်အမြန် အဆင့်တက်နိုင်ခြင်းမှာ သူ၏ ထူးကဲလှသည့် ပင်ကိုယ်ပါရမီကြောင့်လည်း ဖြစ်ပေသည်။
ဝမ်ချဲ့မှာ စကားပင် ပြန်မပြောနိုင်တော့။
အကြီးအကဲပိုင်က ထပ်ပြောလိုက်သည်။
“သူက ကောင်းကောင်းကြီး အသက်ရှင်နေတုန်းပဲ ဘာ အလောင်းလဲ မင်းက ကျိန်စာတိုက်နေတာလား ...”
ဝမ်ချဲ့က သူ့ကိုသာ အကြောင်သား ငေးကြည့်နေလိုက်သည်။
“ယဇ်ဆရာအကြီးအကဲက အသက်ရှင်နေသေးတယ်လား …”
“ဟုတ်တယ်လေ ...”
“ဒါဆို သူက ဘယ်မှာလဲ ...”
ထိုအခါမှ အကြီးအကဲပိုင်လည်း ဝမ်ချဲ့သည် သခင်လေး၏ မျက်နှာအစစ်ကို တစ်ခါမှ မတွေ့ဖူး၍ သွမ့်ချန်ချင်းကို သတိမပြုခဲ့မိကြောင်း သဘောပေါက်သွားတော့သည်။သူ့သခင်လေးမှာ အလွန် အားနည်းလွန်းလှသည်။ အစောပိုင်းက သူသည် သခင်လေးအား တစ်ချိန်လုံး မျက်နှာဖုံး တပ်ထားစေခဲ့၏။ သို့မှသာ သခင်လေး၏ မျက်နှာကို သိထားသူဟူ၍ မရှိနိုင်တော့မည်ဖြစ်ကာ အနာဂတ်တွင် တစ်ခုခု ဖြစ်လာခဲ့ပါလျှင် သခင်လေးလည်း ထိုမျက်နှာဖုံးကို ချွတ်ကာ အခြားဘဝတစ်မျိုးဖြင့် နေထိုင်နိုင်မည် ဖြစ်သည်။
ယခု သခင်လေးက ထို
အတွေးအတိုင်း နေထိုင်နေ၏။
သူက ဝမ်ချဲ့ကို ဖုံးကွယ်မနေတော့။
“သူက သွမ့်ချန်ချင်းပဲ ..."
ဝမ်ချဲ့က မည်ကဲ့သို့ တုန့်ပြန်သင့်မှန်းပင် မသိတော့။
သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲလား.. သူက စောစောလေးကတင် ယဇ်ဆရာအကြီးအကဲအတွက်ဆိုပြီး ငွေစက္ကူတွေကို အတူတူ မီးရှို့ပေးနေခဲ့တာ မဟုတ်ဘူးလား ...