အပိုင်း ၇၉
Viewers 7k

Chapter 79




ရှဲ့ယွင်နန်သည် အသက်အားဖြင့် မငယ်လှတော့ပေ။ ထို့ကြောင့် အိမ်ထောင်မှုဘဝကို အလိုလို ဆန္ဒရှိလာတော့သည်။ 


အစပိုင်းကတည်းက သူသည် သွမ့်ချန်ချင်းကို အလွန် သဘောကျခဲ့၏။ သွမ့်ချန်ချင်းနှင့် လက်ထပ်ပြီးကတည်းက နှစ်ဦးအကြား ဆက်ဆံရေးကို တစ်ဖြည်းဖြည်းချင်း ပျိုးထောင်ရန် ဆုံးဖြတ်ထားကာ သွမ့်ချန်ချင်းက အတိတ်၏ အရိပ်ဆိုးကို ခွါချနိုင်သည်နှင့်တစ်ပြိုင်နက် အတူတူ ရှိနိုင်ကြတော့မည် ဖြစ်သည်။ 


သို့သော် ကိစ္စရပ်များမှာ အပြောင်းအလဲ မြန်ဆန်လွန်းလှ၏။ သွမ့်ချန်ချင်းတွင် စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးများ မရှိရုံသာမက သူသည် ဤကမ္ဘာက လူပင် ဟုတ်မနေချေ။ 


ထို့အပြင် သူက အလွန်လည်း သန်မာနေသေးသည်။ 


သွမ့်ချန်ချင်းနှင့် အတူရှိခဲ့စဉ်တစ်လျှောက် ရှဲ့ယွင်နန်သည် ရံဖန်ရံခါတွင် ဖိအားများ ခံစားမိကာ သွမ့်ချန်ချင်းမှာ မလေးမစား ဆက်ဆံ၍ ရနိုင်မည့်သူ မဟုတ်ဟု အမြဲ ခံစားမိခဲ့သည်။ 


သို့သော် သူက သွမ့်ချန်ချင်းကိုသာ လိုလားကြောင်းကိုလည်း ဝန်ခံရပေမည်။ 


ယခု အခွင့်အရေးတစ်ခု ရလာပြီဖြစ်ရာ သူက ပူပြင်းလှသည့် လေငွေ့များကို ရှူထုတ်ရင်း သွမ့်ချန်ချင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။ 


“အခန်းထဲ ပြန်သွားရအောင် ...”


ရှဲ့ယွင်နန်၏ မျက်နှာတစ်ခုလုံး နီရဲနေ၏။ သူ့အကြည့်တို့ကိုသာ ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် ပုံဖော်ရပါလျှင် တဟုန်းဟုန်း တောက်လောင်နေသည့် မီးတောက်တစ်ခုဟု တင်စားရပေလိမ့်မည်။ 


ထိုသို့သော ပုံစံမျိုးနှင့် ရှဲ့ယွင်နန်မှာ ပြောမပြတတ်လောက်အောင်ပင် ဆွဲဆောင်မှု ရှိလွန်းလှသည်။ 


ယခင်က သွမ့်ချန်ချင်းသည် အချို့သော လူများ၏ ရှဲ့ယွင်နန်အား ဆေးခတ်မည့် အကြံအစည်ကို ကြားခဲ့မိသည်။ သူက ရှဲ့ယွင်နန်ကို ထိုအကြောင်း မပြောဘဲ အလှလေးကို ကယ်တင်သည့် သူရဲကောင်း ပြဇာတ်အား ကပြရန် ကြံရွယ်ထားသည်။ 


သူတို့အကြားတွင် ဆက်ဆံရေးတစ်ခု ရှိနေသည့်တိုင် ခရီးဆုံးအထိ မလျှောက်ရသေး။ .. သူကိုယ်တိုင်ကလည်း ရေခဲအလွှာပါးကို ချိုးဖျက်လိုပေသည်။ 


သို့သော် သူက အန္တရာယ်ကြား ရောက်နေသည့် ရှဲ့ယွင်နန်ကို အခွင့်ကောင်း မယူလို။ ထို့ကြောင့် သူတို့ကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။


ယခုလက်ရှိ ရှဲ့ယွင်နန်၏ ပုံစံမှာ ...သူက ရှဲ့ယွင်နန်၏ လက်ကို ဆုပ်ကိုင်ကာ စိတ်စွမ်းအင်ကို သုံး၍ အခြေအနေကို စစ်ဆေးပေးလိုက်သည်။


သူ ရှာတွေ့လိုက်သည့် အရာကြောင့် သွမ့်ချန်ချင်းမှာ စကားပင် မပြောနိုင်တော့။ 


ရှဲ့ယွင်နန်က အမှန်တကယ်ပင် ဆေးမိခဲ့သော်ငြား ထိုဆေးမှာ ...


သာမန်လူများသာ ထိုဆေးမျိုး မိသွားပါလျှင် ထိန်းချုပ်နိုင်ရန် အလွန် ခက်ခဲပေလိမ့်မည်။ တိုက်ခိုက်ရေးသမားများပင်လျှင် သက်ရောက်မှုကို အနည်းငယ် ခံစားရနိုင်ပေသည်။ 


သို့သော် ရှဲ့ယွင်နန်အတွက်မူ .. သူသာ စိတ်စွမ်းအင်ကို အကြိမ်အနည်းငယ်ခန့် လှည့်ပတ်စေခဲ့ပါလျှင် ထိုဆေး၏ အာနိသင်မှာ လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။ 


ရှဲ့ယွင်နန်က ထိုထက်ပိုကာ သည်းမခံနိုင်တော့ပေ။


အစောပိုင်းက သွမ့်ချန်ချင်းသည် သူ့ကို စိုးရိမ်မိ၍ အခန်းထဲသို့ ပြန်သယ်သွားပေးလိုသော်ငြား .. သဘောပေါက်သွားပြီးသည့်နောက်တွင်မူ ရှဲ့ယွင်နန်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တွဲသွားပေးလိုက်တော့သည်။ 


“မသက်မသာ ဖြစ်နေတာလား ကျွန်တော် ကူညီပေးမယ် ...”


“ကောင်းပြီ ...”


ရှဲ့ယွင်နန်က ခပ်တိုးတိုး ပြောလိုက်သည်။ 


နှစ်ဦးအကြား လေထုမှာ အဓိပ္ပါယ် ဖော်ရခက်သည့် အငွေ့အသက်တို့ လွှမ်းခြုံသွားတော့သည်။ 


လတ်တလော သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့ နေနေသည့် အခန်းထဲကို အပင်များစွာ ထပ်ဖြည့်ပေးထားကာ အားလုံးမှာ သွမ့်ချန်ချင်း သယ်လာပြီး ပြန်စိုက်ထားသည့် အပင်များသာ ဖြစ်ကြသည်။ 


ထိုအပင်များက သူ အနီးတွင် ရှိနေသည့်အခါ အထူးတလည် ပိုမိုကြီးထွားကာ အခန်းကို ပိုပြီး အသက်ဝင်လာစေခဲ့သည်။ 


အခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူက ရှဲ့ယွင်နန်ကို နမ်းလိုက်သည်။ 


လက်ဦးမှု အယူခံလိုက်ရသည့် ရှဲ့ယွင်နန်ကလည်း မီးစိမ်းပြမှုကို လက်ခံလိုက်ရပြီး ဖြစ်သည့်အတွက် အားတက်သရော ကြိုးစားကြည့်လိုလာတော့သည်။ 


တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ထားရင် တစ်ခဏမျှ ရပ်တန့်လိုက်ကြသည်။ ထို့နောက် သူက သွမ့်ချန်ချင်းကို အိပ်ယာပေါ် ဆွဲခေါ်ကာ လှုပ်ရှားခွင့် ပြုလိုက်၏။ 


သူက သွမ့်ချန်ချင်းအား အိပ်ယာပေါ်သို့ ဖိချလိုစိတ်များ အမှန်တကယ်ပင် ရှိနေကာ ထိုအကြောင်းနှင့် ပတ်သက်၍လည်း ကြိမ်ဖန်များစွာ စဉ်းစားခဲ့ဖူးသည်။ 


သို့သော် သွမ့်ချန်ချင်းမှာ လွန်စွာ ပိန်လှီလွန်းလှ၏။ အလွန်သန်မာသူဖြစ်ကြောင်း သိထားသည့်တိုင် သူသာ အားသုံးလိုက်မိပါလျှင် သွမ့်ချန်ချင်းအား နာကျင်စေမိသွားမည်ကို စိုးရိမ်နေဆဲပင်။ 


အထူးသဖြင့် သွမ့်ချန်ချင်းက ဝမ်ချဲ့တို့ကို ကယ်တင်ရင်း ဒဏ်ရာရထားသည့်အပြင် ထိုဒဏ်ရာများ ပျောက်ကင်းအောင် ကုသနေရဆဲ ဖြစ်ပေရာ ...


ထို့ကြောင့် သူက သွမ့်ချန်ချင်းအား စိတ်တိုင်းကျ လုပ်ဆောင်ခွင့် ပြုလိုက်သည်။ 


ထို့အပြင် ထိုကိစ္စများမှာလည်း သူ့အတွက် အနည်းငယ် စိမ်းသက်နေပေသည်။ 


သွမ့်ချန်ချင်းကလည်း သူ့သဘောထားကို နားလည်လိုက်၏။ သူ့ကို ထပ်ကာထပ်ကာ နမ်းရှိုက်ရင်း ပြောလိုက်သည်။ 


“နေဦး ကျွန်တော် ခင်ဗျားကို ကျင့်စဉ်အသစ်တစ်ခု သင်ပေးဦးမယ် အတူတူ လေ့လာကြမလား ...”


သူ့တွင် မြေခွေးမိစ္ဆာများအတွက် သင့်လျော်သည့် ကျင့်ကြံစဉ်များသာမက နှစ်ကိုယ်တူ ကျင့်စဉ်များလည်း ရှိနေပေသည်။ 


သူသည် ခန္ဓာကိုယ် တည်ဆောက်ပုံအပိုင်းတွင် အလွန် ပါရမီ နည်းပါးလှသည်။ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ရေး ကျင့်ကြံသူ ဖြစ်သည့်တိုင် သူ၏ ကျင့်ကြံနိုင်သည့်နှုန်းမှာ များစွာနှေးကွေးလှ၏။ သို့သော် နှစ်ကိုယ်တူ ကျင့်စဉ်ကို အသုံးပြုပါလျှင်မူ ပိုပြီး မြန်ဆန်လာပေလိမ့်မည်။ 


ထို့အပြင် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်အမြုတေကြောင့် ရှဲ့ယွင်နန်သည်လည်း သူနှင့်ထပ်တူ အကျိုးထူးမည် ဖြစ်သည်။ 


နောက်ဆုံးတော့ သူတို့တွေ ကျင့်ကြံလို့ရမယ့်နေ့ကို ရောက်လာခဲ့ပြီ ...


ရှဲ့ယွင်နန် “...”


သွမ့်ချန်ချင်းက ဟုတ်ရောဟုတ်သေးရဲ့လား ဒီလိုအချိန်မျိုးမှာတောင် ကျင့်ကြံတာ သင်ပေးဖို့ လိုအပ်သေးတယ်လား ...


သူက သွမ့်ချန်ချင်းသည် သူ့ကို သဘောမကျလေ၍လားဟုပင် တွေးမိလာတော့သည်။


သို့သော် သွမ့်ချန်ချင်းက သူ့ကို ပွေ့ဖက်ထားရင်း ရှင်းပြလာသည့်အခါ ထိုကျင့်စဉ်မှာ သူ တွေးထားသည်နှင့် လုံးဝ ကွဲပြားနေကြောင်း သိလိုက်ရသည်။ 


ကမ္ဘာပေါ်မှာ ဒီလိုအရာမျိုးလဲ ရှိနေသေးတာပဲလားဟ ...


ထိုသို့ဖြင့် နှစ်ဦးသာ စမ်းတဝါးဝါးဖြင့် ညလုံးပေါက် ကျင့်ကြံလိုက်ကြတော့သည်။ နောက်တစ်နေ့မနက် နိုးလာသည့်အခါ ယခင်ရက်များနှင့် မတူအောင်ပင် လန်းဆန်းတက်ကြွနေကြ၏။


မူလက ရှဲ့ယွင်နန်သည် ထိုကိစ္စကို လုပ်အပြီးတွင် အခြားအလုပ်များ ဆက်လုပ်ရန် အားမကျန်တော့မည်ကို စိုးရိမ်မိခဲ့သော်ငြား အမှန်စင်စစ်တွင် .. သူသည် သုံးရက်သုံးညတိုင်တိုင် မအိပ်မစားဘဲပင် ခရီးဆက်နိုင်လောက်သည်ဟု ခံစားမိလာခဲ့သည်။


ယမန်ညက ဖြစ်ခဲ့သည်များအား သိရပြီးနောက် တစ္ဆေဘုရင်လည်း အနည်းငယ် စိုးရိမ်သွားရသည်။ မနက်အစောပိုင်းတွင် တွေ့လိုက်ရသည့် ရှဲ့ယွင်နန်၏ အခြေအနေမှာ အလွန်အဆင်ပြေနေကြောင်း အကဲခတ်မိသည့်အတွက် စိတ်သက်သာရာရသွားသော်ငြား .. အနည်းငယ်လည်း ထိတ်လန့်သွားရသည်။ 


သူ့သားရဲ့ အခြေအနေက အရမ်းကြီး ကောင်းလွန်းနေသလားလို့နော် ...


ဒီ .. အရမ်းကို အားအင်တွေ ပြည့်ဝပြီး တက်ကြွနေတဲ့ ပုံစံကလေ .. သူ ကြင်စဦးဘဝတုန်းက ပုံစံနဲ့ တစ်ထပ်တည်းပဲ ...


သွမ့်ချန်ချင်း၏ ခွန်အားကို သိထားသည့်တိုင် တစ္ဆေဘုရင်သည် သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်၏ ဆက်ဆံရေးကို သင်္ကာမကင်း ဖြစ်မိနေဆဲပင်။ နောက်ပိုင်းတွင် အသေအချာ အကဲခတ်ပြီးနောက် ထိုသူနှစ်ဦးအကြားတွင် မည်သည့်အရာမှ ဖြစ်ထားခြင်း မရှိကြောင်း သိလိုက်ရသည်။ 


သူတို့နှစ်ဦး ပျော်ရွှင်နေသရွေ့ သူကလည်း ဂရုစိုက်မည် မဟုတ်ပေ။


သို့သော် ယခုအချိန်တွင် ..သားဖြစ်သူသည် မနေ့ညက ထိုလူနှင့် အတူရှိခဲ့ကြောင်း သိထားရပြီး ... ယနေ့အခြေအနေကို မျက်မြင်တွေ့လိုက်ရသည့်အခါ ...


ကိစ္စတစ်ခုကို ရုတ်တရက် ခန့်မှန်းမိသွားတော့သည်။


သူ့သားက ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ .. သွမ့်ချန်ချင်းကိုတောင် တကယ်ကြီး ဖိချနိုင်လိုက်တယ်?


ဒါမှမဟုတ် သွမ့်ချန်ချင်းကပဲ အောက်ထပ်မှာ နေရတာကို သဘောကျနေတာလား ...


ရှဲ့ယွင်နန်အား လာရှာသည့် သွမ့်ချန်ချင်းကို မတွေ့လိုက်ရခင်အထိ ဆက်တိုက် တွေးနေမိခဲ့သည်။


သွမ့်ချန်ချင်းသည် ရံဖန်ရံခါ ရှဲ့ယွင်နန်အတွက် စားစရာ လာပို့ပေးလေ့ ရှိသော်ငြား ယနေ့မူ သူ့ပုံစံမှာ အနည်းငယ် ကွဲပြားနေဟန်ပင်။ ရှဲ့ယွင်နန်ကို ကြည့်သည့် အကြည့်တို့မှာ ယခင်ထက် ချိုမြိန်နူးညံ့နေကာ သူ့လှုပ်ရှားမှု အားလုံးမှာလည်း ဂရုစိုက်မှုနှင့် အချစ်များ ပျော်ဝင်နေသည်။ 


ထို့အပြင် သူ၏ လမ်းလျှောက်သည့် နှုန်းမှာလည်း ယခင်ထက်ပင် ပိုမိုမြန်ဆန်နေသေး၏။ 


တစ္ဆေဘုရင် “...”


ဒီနှစ်ယောက်က ဘာတွေ ဖြစ်ကုန်ကြတာလဲ အခု သွမ့်ချန်ချင်းရဲ့ ပုံစံက ဘာမှကို ဖြစ်မထားတဲ့ အတိုင်းပဲ ...


သူက မည်မျှအထိ တွေးနေပါစေ ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းကမူ နေ့လည်စာ စားနှင့်နေကြပြီ ဖြစ်သည်။ သူတို့နှစ်ဦးအကြားသို့ မည်သူမှပင် မဝင်ရောက်နိုင်။ 


သွမ့်ချန်ချင်းကတော့ တကယ်ကို မျက်စိစပါးမွေး စူးချင်စရာပဲ ...


ဘေးနားတွင် ရှိနေသူများကလည်း တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့် အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။ 


ရှဲ့ချင်က ပင်မအိမ်တော်ကို ရန်စနေတာလား .. ဘယ်လောက်ပဲ ရန်စစ သူ့လုပ်ရပ်တွေက နည်းနည်းမှကို အသုံးမဝင်ဘူး သနားစရာပဲ ...


ရှဲ့ယွင်နန်က သူသည် သွမ့်ချန်ချင်းတစ်ဦးတည်းကိုသာ သဘောကျကြောင်းနှင့် ရှဲ့ချင်အပေါ် မည်သို့သော ခံစားချက်မျိုးမှ မရှိကြောင်းကို အားလုံးက ရှင်းရှင်းလင်းလင်း သိသွားအောင် လုပ်လိုက်သည်။ လုရှောင်ရန်နှင့် ကောလဟာလကိုလည်း အလားတူပင် ရှင်းလင်းလိုက်၏။ 


မြင့်မြတ်မြို့တော်မှ ပို့လိုက်သည့် သူလျှိုအချို့မှာ ဖမ်းဆီးခံလိုက်ရသည့်တိုင် ဟုန်ယဲ့မြို့မှ သတင်းများမှာမူ မြင့်မြတ်မြို့တော်သို့ ရောက်လာဆဲပင်။ ထိုသို့ဖြင့် မြင့်မြတ်မြို့တော်တွင် သွမ့်ချန်ချင်းအကြောင်းကို သိနေသူများ တစ်ဖြည်းဖြည်း ပိုမိုများပြားလာတော့သည်။ 


သွမ့်ချန်ချင်း၏ ဓာတ်ပုံများသည်ပင် လူအများကြား ပျံ့နှံ့လာတော့၏။ 


“ရှဲ့ယွင်နန်ရဲ့ စရိုက်က လျောင်မုယဲ့ ပြောတာနဲ့ နည်းနည်းလေးတောင် မတူဘူးနော် ...”


“သူက လူတစ်ယောက်တည်း အပေါ်မှာပဲ စိတ်ကို မြှုပ်နှံထားတာ ...”


“ဒါနဲ့ ငါ ကြားတာတော့ သူ့အိမ်ထောင်ဖက်ရဲ့ အတိတ်က သိပ်မကောင်းဘူးတဲ့ ...”


“သူက တော်တော်လေးတော့ ကြည့်လို့ကောင်းတယ် ...”


...


မြင့်မြတ်မြို့တော်ရှိ နန်းတော်တွင် ...


ယဇ်ဆရာအကြီးအကဲ နေထိုင်ခဲ့ရာ အဆောက်အဦးတွင် ဒေါသပုန်ထနေသူတစ်ဦး ရှိနေ၏။ 


“ဟိုကောင် ဝမ်ချဲ့က ပြောတော့ကျ အကြီးအကဲကို လိုက်ရှာမယ်လေး ဘာလေးနဲ့ အခုကျ တစ္ဆေဘုရင်နဲ့ ပူးပေါင်းသွားပြီ ...”


“သူက ဟိုးအရင်ကတည်းက တစ္ဆေဘုရင်နဲ့ တစ်ဖက်တည်း ဖြစ်နေတာများလား အကြီးအကဲ ပျောက်သွားတာလည်း သူနဲ့ တစ်ခုခု ပတ်သက်နေမလားတောင် မသိဘူး ...”


“ငါတို့ဘက်မှာ လူက နည်းသထက်နည်းလာပြီ .. ဝမ်ချဲ့ကို ပြန်ခေါ်လိုက်ရမလား ...”


....


ထိုသူများက မပြီးနိုင်မစီးနိုင် ငြင်းခုန်နေလိုက်ကြသည်။ သူတို့က ဝမ်ချဲ့အကြောင်း အရင်စပြောလိုက်ကာ ထို့နောက် ရှဲ့ယွင်နန်ကို နောက်တစ်ကြိမ် ဖယ်ရှားရန် ကြံစည်လိုက်ကြပြန်တော့သည်။ 


“အဲဒီ့ ရှဲ့ယွင်နန်က သူ့ကိုယ်သူ ယဇ်ဆရာအကြီးအကဲရဲ့ ဆက်ခံသူလို့ တကယ်ကြီးကို ပြောရဲတယ်ပေါ့ .. ပေါက်ကရတွေ ...”


“သူသာ ယဇ်ဆရာအကြီးအကဲ ဖြစ်လာနိုင်ရင် အဲဒါ အကြီးအကဲနဲ့ တစ်ခုခု ပတ်သက်နေနိုင်တယ်ဆိုတဲ့ သဘောပဲ မဟုတ်လား ဝမ်ချဲ့ ပြောတာတော့ အကြီးအကဲက အသက်မရှိတော့ဘူးဆို ...”


“အကြီးအကဲက ဘာမှ မဖြစ်ဘူး ပျောက်နေရုံလေးတင် ဒါပေမယ့် အဲဒီ့ဝမ်ချဲ့ကတော့ ဟိုးအစောကြီးကတည်းကကို တစ္ဆေဘုရင်ဘက်ကို ခိုလှုံလိုက်ပြီးသားဆိုတော့ သူ ပြန်ပို့တဲ့ သတင်းတွေက အတုတွေပဲ နေမှာ ...”


ထိုသူအားလုံး ပျာယာခတ်နေကြစဉ် မုတ်ဆိတ်ရော ဆံပင်ပါ တစ်ခေါင်းလုံး ဖြူနေသည့် အဖိုးအိုတစ်ဦးက ဓာတ်ပုံတစ်ပုံကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည်။ 


ထို့နောက် ချက်ခြင်း မတ်တပ်ရပ်လိုက်၏။ လပေါင်းများစွာ အသက်မဲ့ကာ စိတ်ဆင်းရဲနေသည့် သူ့မျက်နှာက ချက်ခြင်းဆိုသလို ဝင်းပလာကာ ခန္ဓာကိုယ်မှ သန်မာသည့် စိတ်စွမ်းအင်များလည်း ပျံ့ထွက်လာတော့သည်။ 


ပျံ့ထွက်လာသည့် စိတ်စွမ်းအင်များအရ .. သူသည်လည်း စီနီယာအဆင့် တိုက်ခိုက်သူတစ်ဦး ဖြစ်သည့်ဟန်ပင်။ 


သို့သော် ဤကမ္ဘာတွင် နေထိုင်သူများ သိထားကြသည့် စီနီယာအဆင့် တိုက်ခိုက်သူနှစ်ဦးအနက် တစ်ဦးမဟုတ်။ သူ့အမည်နှင့် ရုပ်ရည်သည်လည်း ယဇ်ဆရာအစည်းအရုံးတွင် မှတ်တမ်းတင်ထားသည့် ယဇ်ဆရာများနှင့်လည်း တူညီခြင်း မရှိပေ။ 


ဤသည်မှာ လူရှေ့သို့ တစ်ခါမှ ထွက်မလာဖူးသည့် စီနီယာအဆင့် ယဇ်ဆရာဖြစ်သည်။ သူသည်လည်း ပျောက်ဆုံးနေသည့် ယဇ်ဆရာအကြီးအကဲ၏ အယုံကြည်ရဆုံးသူတစ်ဦး ဖြစ်ကာာ အကြီးအကဲကို ပျိုးထောင်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ 


ယဇ်ဆရာအကြီးအကဲ ပျောက်ဆုံးသွားပြီးနောက် လူတိုင်းက ကိုယ်ပိုင်အင်အားစုများ တည်ထောင်ရန် ရွေးချယ်ကြတော့သည်။ အချို့ကလည်း အခြားသော အင်အားစုများနှင့် ပူးပေါင်းသွားတော့၏။ သို့သော် ထိုသူက ဘက်ပြောင်းမသွား၊ ယဇ်ဆရာအကြီးအကဲ ကျန်ရစ်ခဲ့သည့် ပိုင်ဆိုင်မှုများကိုသာ သစ္စာရှိရှိ စီမံခန့်ခွဲပေးနေလိုက်သည်။ 


“အကြီးအကဲပိုင် ...”


အခြား စကားပြောနေသူအားလုံး ရပ်တန့်သွားကာ “အကြီးအကဲပိုင်” ဟု အမည်ရသူကို တလေးတစား စိုက်ကြည့်ရင်း သူ့ထံမှ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေလိုက်ကြသည်။ 


ယဇ်ဆရာအကြီးအကဲ ပျောက်ဆုံးသွားပြီးနောက် အကြီးအကဲ၏ ပိုင်ဆိုင်မှုများ လုယူသွားခြင်း မခံရသည်မှာ ထိုလူအိုကြီး၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ 


သို့သော် သူက လွန်စွာ အသက်ကြီးလွန်းနေပြီ ဖြစ်သည်။ နှစ် ၂၀၀ နီးပါးခန့် ရှိနေပြီ ဖြစ်သည့်အတွက် နောက်ထပ် ကြာမြင့်စွာ နေနိုင်တော့မည် မဟုတ်ချေ။ 


ထိုကဲ့သို့ မတ်တပ်ရပ်နေရခြင်းကပင်လျှင် သူ့အတွက် စွမ်းအင်များစွာ ကုန်ခမ်းရ၏။ သို့သော် မျက်လုံးတို့မှာမူ ဝင်းလက်တောက်ပနေပေသည်။  


အကြီးအကဲပိုင်က ပြောလိုက်သည်။ 


“ငါ ဟုန်ယဲ့မြို့ကို သွားမယ် ...”


ယခင်က သူသည် ဝမ်ချဲ့၏ ရွေးချယ်မှုကို အံ့ဩခဲ့မိသော်လည်း ယခုမူ အပြည့်အဝ နားလည်သွားပေတော့သည်။ 


သူတို့ သခင်လေးက အသက်ရှင်နေတုန်းပဲ ပြီးတော့ ဟုန်ယဲ့မြို့မှာ ရှိနေတာ ...


သူ ဂရုတစိုက် ပျိုးထောင်လာခဲ့ရတဲ့ သခင်လေးက ပိုပြီးတောင် ကြည့်ကောင်းလာတဲ့အပြင် အိမ်ထောင်လည်း ပြုပြီးသွားပြီ ...


အကြီးအကဲပိုင်၏ မုတ်ဆိတ်များပင် တုန်ရီလာတော့၏။ 


သူက အလွန်ပျော်ရွှင်မိသော်ငြား အချို့အချို့သော မကောင်းစကားများကိုလည်း စိတ်အနှောင့်အယှက် ဖြစ်မိနေပေသည်။ 


မုန်းစရာကောင်းတဲ့

လူတစ်ချို့က သူ့သခင်လေးကို မကောင်းတဲ့အတိတ်မျိုး ရှိနေတာလို့တောင် ပြောနေလိုက်သေးတယ် ...


ဒီကမ္ဘာပေါ်မှာ သူ့သခင်လေးထက်ပိုပြီး ဂုဏ်သိက္ခာရှိတဲ့ အတိတ်မျိုးကို ပိုင်ဆိုင်ထားတဲ့သူ ဘယ်လိုလုပ် ရှိနိုင်မှာလဲ ...