Chapter 78
ရှဲ့ယွင်နန်မှာ ချက်ခြင်း ပြန်မတုန့်ပြန်နိုင်ခဲ့။ ရှောက်ချီလင် ပြောသွားသည့် စကားများ၏ အဓိပ္ပါယ်ကို သဘောပေါက်သွားသည့်အခါတွင်မူ ဒေါသထွက်သွားသည့်အပြင် လှောင်ရယ်လိုစိတ်များလည်း ဖြစ်ပေါ်လာတော့သည်။
“သွမ့်ချန်ချင်းက မင်းနဲ့ ဘယ်လိုမျိုး တူတာလဲ ...”
ရှောက်ချီလင်က မကျေမနပ် ပြောလိုက်သည်။
“ဒေါက်တာဟူ ပြောတာတော့ မင်း သူ့ကို ကယ်လာတုန်းက သူက အဝတ်အစားတွေလည်း ဝတ်မထားဘူး တစ်ခြားလူတွေ အနိုင်ကျင့်တာကို ခံထားရတဲ့ ပုံစံမျိုးတဲ့ .. မင်းသာ သေချာစဉ်းစားကြည့်ရင် သူက ငါလောက်တောင် မကောင်းဘူး လူဘယ်လောက်များများက သူ့ကို ကစားထားလဲ ဆိုတာတောင် သိနိုင်မှာ မဟုတ်ဘူး ...”
ရှောက်ချီလင်၏ အဆိပ်ပြင်းလှသည့် စကားများကြောင့် ရှဲ့ယွင်နန်၏ မျက်ခုံးနှစ်ဖက်လုံး ထိကပ်လုမတတ် တွန့်စုသွားတော့သည်။
“ဒေါက်တာဟူက ပေါက်ကရ လျှောက်ပြောတတ်တဲ့ လူစားမျိုး မဟုတ်ဘူး မင်း ဒါကို ဘယ်က ကြားလာတာလဲ မဟုတ်တရုတ်တွေ လျှောက်မပြောနဲ့ ..."
ရှဲ့ယွင်နန်သည် မြို့ထဲမှ ထွက်သွားပြီးနောက် ပြန်မလာနိုင်ခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သော်ငြား ထိုနေရာရှိ လူများနှင့် အချိန်အတော်ကြာ သိကျွမ်းခဲ့သူ ဖြစ်၍ ထိုသူအားလုံးမှာ ယုံကြည်၍ရကြောင်း သိထားပေသည်။
သူက လူများအား ကုသရန် ဒေါက်တာဟူကို ငှားရမ်းထားသည်။ ဟုန်ယဲ့မြို့တော်ရှိ နေရာအတော်များများမှာ ဆောက်လုပ်ရေးလုပ်ငန်းများ ရှိနေကာ ထို လုပ်ငန်းစဉ်အတွင်း မတော်တဆ ထိခိုက်ကြသူများ ရှိတတ်ပေသည်။ ထိုသို့သော အရေပြားကို ထိခိုက်သွားသည့် ဒဏ်ရာများအား ကုသရာတွင် ဒေါက်တာဟူက အကောင်းဆုံးဖြစ်သည်။
ရှောက်ချီလင်က ဒေါက်တာဟူအကြောင်း ပြောလာခြင်းကို ရှဲ့ယွင်နန်အနေဖြင့် မအံ့ဩမိ။ သူတို့အားလုံးမှာ ဒေါက်တာဟူ၏ မျက်စိရှေ့တွင်ပင် ကြီးပြင်းလာခဲ့သူများ ဖြစ်ကြကာ ဒေါက်တာဟူသည် သူတို့ကို ငယ်စဉ်ကတည်းက ကောင်းစွာ ဆက်ဆံပေးခဲ့သည်။ အတိတ်အချိန်က သူနှင့် ရွယ်တူများ လမ်းကြောင်း သွေဖယ်သွားလေတိုင်း ဒေါက်တာဟူသည် သံမဏိ ဖြစ်မလာနိုင်သည့် သံကို စိတ်ပျက်မုန်းတီးလေ့ ရှိခဲ့သည်။
သို့သော် ဒေါက်တာဟူသည် သူတော်စင်တစ်ပါးကဲ့သို့ နှုတ်စောင့်စည်းကာ အတင်းအဖျင်း ပြောခြင်းကို မနှစ်သက်။ ရှောက်ချီလင် ပြောသွားသည့် စကားအများစုမှာ သူ၏ မှန်းဆချက်သပ်သပ်သာ ဖြစ်ပေသည်။
“ငါ ပြောတာ မှန်နေလို့ စိတ်တိုသွားတာလား ဘာလို့ မင်းက သွမ့်ချန်ချင်းအပေါ်ကျ အရမ်း ကောင်းပေးပြီး ငါ့ကိုကျ အကြည့်လေးတစ်ချက်တောင် မပေးချင်ရတာလဲ သူက ငါ့ထက်ပိုပြီး ကြည့်ကောင်းလို့လား ...”
ရှောက်ချီလင်၏ မျက်ရည်များ နောက်တစ်ဖန် ကျဆင်းလာပြန်သည်။
အမှန်တကယ်တော့ .. ပြီးခဲ့သည့် နှစ်များစွာအကြာ သူ မထွက်သွားမီ အချိန်ကတည်းက သူသည် ရှဲ့ယွင်နန်အပေါ် ခံစားချက်အချို့ ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်က ရှဲ့ယွင်နန်သည် အလွန် ဆင်းရဲလွန်းလှ၏။ အကျိုးအပြစ်များကို ချိန်ညှိပြီးနောက် သူသည် ဆင်ခြေဖုံးဒေသမှ ထွက်ခွါရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ဤတစ်ကြိမ် သူ ပြန်ရောက်ပြီးနောက် ရှဲ့ယွင်နန်မှာ အဆင့်မြင့် ယဇ်ဆရာတစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရှောက်ချီလင်သည် ပြောမပြတတ်လောက်အောင် စိတ်လှုပ်ရှားသွားပြီး ရှဲ့ယွင်နန်နှင့် အတူတူ ပြန်ရှိလိုလာတော့သည်။ ထိုသို့ ပြန်ပေါင်းထုပ်နိုင်ပါလျှင် သူ့ငယ်ဘဝအိပ်မက်ကို ဖြည့်ဆည်းနိုင်ရုံသာမက ကျန်ဘဝ သက်တမ်းတစ်လျှောက်လုံးကိုလည်း အေးဆေးသက်သာစွာ ဖြတ်သန်းနိုင်တော့မည် ဖြစ်သည်။
ရှဲ့ယွင်နန်က သူတွေ့ဖူးသည့် အခြားယောက်ျားများနှင့် မတူ။ သစ္စာရှိသူတစ်ဦး ဖြစ်သည်။ သူသည် အသစ်ကို သဘောကျကာ အနာဂတ်တွင် အဟောင်းကို အမြင်မကြည် ဖြစ်လာနိုင်သည့်တိုင် သူ့ကို လျစ်လျူရှုမည် မဟုတ်ပေ။
ယခု ဖြစ်ပျက်နေသည်များအရ ရှဲ့ယွင်နန်သည် သူ့ကို သဘောမကျကြောင်း တပ်အပ်ပြောနိုင်သော်ငြား .. ရှဲ့ယွင်နန်က ဘာတစ်ခုမှ လုပ်မလာသည့်အပြင် သူ့အတွက် အလုပ်များပင် စီစဉ်ပေးလိုက်သေးသည်။
ဒါပေမယ့် .. သူက ဒီကို အလုပ်အတွက် လာတာ ဟုတ်လို့လား သူ လိုချင်တာက ဘဝကြီးကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ပဲလေ ...
“မင်းက သွမ့်ချန်ချင်းကို ရုပ်ကလေးပဲ ကြည့်ကောင်းတာလို့ ထင်နေတာလား .. သူ ငါနဲ့ လက်ထပ်ကာစတုန်းက ငါက ဆင်ခြေဖုံးဒေသမှာ နေနေတုန်းပဲ ရှိသေးတာ မင်းသာ သူ့လို ရုပ်ရည်မျိုး ရှိခဲ့ရင် အဲဒီ့အချိန်တုန်းက မင်း ငါ့ကို လက်ထပ်ချင်ပါ့မလား ...”
ရှဲ့ယွင်နန်က အနည်းငယ် ရယ်စရာကောင်းသည်ဟုပင် ခံစားမိလာသည်။
ယခုအချိန်တွင် သူက သွမ့်ချန်ချင်းအကြောင်း ပိုပြီး သိလာကာ သရုပ်မှန်ကအစ သိထားပြီး ဖြစ်သော်လည်း ထိုအချိန်ကမူ .. သွမ့်ချန်ချင်းသည် မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားသူတစ်ဦးသာ ဖြစ်ပေသည်။
ရှဲ့ယွင်နန်ကလည်း လူတစ်ဦးကို မည်ကဲ့သို့ အကဲခတ်ရမည်ဖြစ်ကြောင်း သိထားပေသည်။ အစောပိုင်းက သွမ့်ချန်ချင်း၏ အမျိုးမျိုးသော တုန့်ပြန်ချက်များအရ သူသည် အမှန်တကယ်ကို ကံဆိုးမိုးမှောင် ကျခဲ့ခြင်း ဖြစ်ပြီး တမင်တကာ ကြံစည်ထားခြင်း မဟုတ်ကြောင်း မြင်သာနေပေသည်။
ထို့အပြင် သူကိုယ်တိုင်ကလည်း ထိုအချိန်က သာမန်လူတစ်ဦး အလွန့်အလွန် နွမ်းပါးသည့် သာမန်လူတစ်ဦးသာ ဖြစ်နေသေးသည်။
အဲဒီ့အချိန်က သူ ကယ်ခဲ့တဲ့လူက ရှောက်ချီလင်သာဆို .. ရှောက်ချီလင်က သူနဲ့အတူတူ နေဖို့ ဆန္ဒရှိပါ့မလား ...
ရှောက်ချီလင်က ကျန်းမာရေး ပြန်ကောင်းလာတဲ့အခါ သေချာပေါက်ကို သူ့ထက် ပိုသာတဲ့ ယောက်ျားတစ်ယောက်ကို ရှာမှာပဲ သူ့ပိုက်ဆံတွေကို ယူပြီးပါ ထွက်ပြေးသွားမလားတောင် စိုးရိမ်နေရဦးမယ် ...
သွမ့်ချန်ချင်းကရော? အရုပ်ဆိုးဆိုး မိတ်ကပ်တွေကို လိမ်းပြီးတောင် သူနဲ့အတူတူ လက်တွေ့ဆန်တဲ့ ဘဝကို ဖြတ်သန်းခဲ့တာ ...
ထိုအတွေးမှာ သူ၏ မူလအတွေးမျှသာ ဖြစ်ကာ ယခုမူ သွမ့်ချန်ချင်း လုပ်ပေးခဲ့သည်များမှာ သူတွေးထားသည်ထက်ပင် ပိုများနေကြောင်း သိသွားပြီ ဖြစ်သည်။
“သေချာပေါက်ကို လုပ်မှာပေါ့ ...”
ရှောက်ချီလင်က ပြောလိုက်သည်။
“ငါက မင်းကို အမြဲတမ်း သဘောကျနေခဲ့တာ ထွက်သွားတုန်းကလည်း ငါ့ကို စောင့်နေပေးပါလို့ မင်းကို မပြောခဲ့ဘူးလား အဲဒီ့အချိန်က တစ်ခြားစကားတွေကို နားယောင်ပြီးတော့ မင်းကို စွန့်ခွါခဲ့မိတာ နောက်ပိုင်းကျ အမြဲတမ်း ပြန်လာချင်ခဲ့ပေမယ့် ... ငါရောက်နေတာက မြင့်မြတ်မြို့တော်လေ ဟုန်ယဲ့မြို့နဲ့ အရမ်းကို ဝေးလို့ ပြန်မလာနိုင်ခဲ့ဘူး ...”
ရှဲ့ယွင်နန်က ပြောစရာစကားပင် မရှိတော့။
“ငါ့ကို စောင့်ခိုင်းခဲ့တယ်လေ မင်းက ငါ့ကို အကြွေးပြန်ဆပ်ဖို့ စောင့်နေပေးလို့ ပြောခဲ့တာ မဟုတ်ဘူးလား ...”
ရှောက်ချီလင်က အေးခဲသွားတော့သည်။
ရှဲ့ယွင်နန်က ထပ်ပြောလိုက်သည်။
“မင်း ငါ့ကို ယွမ် ၂၀၀ အကြွေးတင်နေတုန်းပဲ .. တစ်ခြားသူတွေကိုဆို ဒီ့ထက်တောင် အကြွေးပိုတင်နေသေးတယ် ...”
ယွမ် ၂၀၀ က ပမာဏအားဖြင့် မများလှ။ သို့သော် ထိုစဉ်က သူသည် ရှောက်ချီလင်နှင့် သက်တူရွယ်တူ ၁၅ နှစ်၊ ၁၆ နှစ် ခန့်သာ ရှိသေးသည်။
သူ့ကို မွေးစားထားခြင်းဖြစ်ကြောင်း သိသည့်အတွက် ရှဲ့ယွင်နန်သည် အဖိုးဖြစ်သူထံမှ မုန့်ဖိုး မယူခဲ့။ ထိုယွမ်နှစ်ရာမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကာ စုဆောင်းထားရသည့်ငွေ ဖြစ်သည်။
အဓိကအချက်မှာ ရှောက်ချီလင်က သူ့ထံမှသာမက အခြားသူများထံမှလည်း ချေးငှားသွားခဲ့ခြင်း ဖြစ်သည်။
သူ၏ ဖြူဖွေးနူးညံ့သည့် အသားအရေမှာ ပြီးခဲ့သည့်နှစ်များအတွင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခံထားရကာ ရုပ်ရည်သွင်ပြင်ကိုလည်း အကျအန ပြုစုထိန်းသိမ်းထား၏။ ထိုရက်များအတွင်း သူ၏ ငွေရေးကြေးရေးအခြေအနေမှာ အတော်ကောင်းမွန်သည်ဟုပင် ဆိုနိုင်ပေသည်။ သူ့ကို ချေးငှားပေးခဲ့သူများမှာမူ .. ဆေးကုရန်ပင် ငွေကြေးမရှိ၍ သေဆုံးသွားကြသူ အချို့ပင် ရှိခဲ့သေးသည်။
အဖိုးဖြစ်သူ နေမကောင်းစဉ်ကလည်း ရှဲ့ယွင်နန်တွင် စားစရာ ဝယ်ရန်ပင် ငွေအလုံအလောက် မရှိခဲ့။
ရှောက်ချီလင်ကလည်း ရှဲ့ယွင်နန်ကိုယ်တိုင်ကပင်လျှင် ထိုအကြောင်းများ ထုတ်ပြောလာလိမ့်မည်ဟု မထင်ထားသည့်အတွက် ပိုပိုပြီး အလိုမကျ ဖြစ်လာတော့သည်။
ရှဲ့ယွင်နန်က ချမ်းသာနေပြီကို ဘာလို့ သူ့ကံကောင်းခြင်းတွေကို သူငယ်ချင်းတွေနဲ့ မမျှဝေချင်ရတာလဲ ...
ဒီရက်တွေထဲမှာ သူ ရှဲ့ယွင်နန်ကို ဆက်တိုက် ချီးကျူးပေး၊ လေးစားတဲ့ အကြည့်တွေနဲ့ ကြည့်ပေးခဲ့ပေမယ့် ဘာလို့ နည်းနည်းလေးမှကို မတုန့်ပြန်ရတာလဲ ...
ဒီလူက အရမ်းကို တည်ကြည်လွန်းနေတာပဲ ...
သို့သော် ရှဲ့ယွင်နန်သည် အကျင့်စာရိတ္တ ခိုင်မာသည့် လူကောင်းတစ်ဦး ဖြစ်နေဆဲပင်။
ရှောက်ချီလင်က ပြောလိုက်သည်။
“ရှဲ့ယွင်နန် ငါ့ကိုယ်ငါလည်း လမ်းမှားကို ရောက်ခဲ့မှန်း သိပါတယ် ဒါပေမယ့် မင်းအပေါ် ငါ့စိတ်ရင်းတွေက တကယ်ကို စစ်မှန်တာပါ .. ငါ တစ်ခြား ဘာမှ မတောင်းဆိုပါဘူး ငါ့ကို တစ်ခါလောက်ပဲ ပွေ့ဖက်ထားပေးလို့ ရမလား ...”
ရှဲ့ယွင်နန်က ပြောလိုက်သည်။
“မရဘူး ...”
ရှောက်ချီလင်က ခါးသီးစွာဖြင့် ပြုံးပြလိုက်၏။
“ငါ မျှော်လင့်မိ ...”
ရှဲ့ယွင်နန်က ရုတ်တရက် မေးလိုက်သည်။
“မင်း ဘာလုပ်တာလဲ ...”
သူက တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ တစ်ကိုယ်လုံး ပူလောင်လာကာ ထူးဆန်းသည့် ခံစားချက်ကြောင့် အသက်ရှူရ ခက်လာတော့၏။
“ဘာလဲ ...”
ရှောက်ချီလင်က နားမလည်နိုင်ဟန်ဖြင့် သူ့အနား တိုးလာကာ မေးလိုက်သည်။
“ဘာဖြစ်နေတာလဲ ...”
သူက ရှဲ့ယွင်နန်အား အငွေ့ရှူရသည့် အမှုန့်ကို အသုံးပြုကာ ဆေးခတ်ခဲ့ခြင်း ဖြစ်သည်။
မြင့်မြတ်မြို့တော်ရှိ အထက်တန်းလွှာများသည် ပျော်ပါးကစားသည့်အခါ အမျိုးမျိုးသော ပစ္စည်းများကို အသုံးပြုကြကာ ၎င်းတို့အနက် စိတ်အာရုံကို ထွေပြားစေသည့် ဆေးများမှာမူ အသုံးအများဆုံး ဖြစ်သည်။
ရှဲ့ယွင်နန်က ထိုသို့သော အရာမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသည့်အတွက် သတိလက်လွတ် နေခဲ့မိလိုက်သည်။
သူသာ ရှဲ့ယွင်နန်နဲ့ အတူရှိနိုင်ခဲ့မယ်ဆို .. ရှဲ့ယွင်နန်က သူ့ကို လျစ်လျူရှုထားပါဦးမလား ...
ပြီးတော့ အသစ်အဆန်းကို မြည်းကြည့်ပြီးနောက်ပိုင်း ရှဲ့ယွင်နန်က သူ့ကို စွန့်ပစ်နိုင်တော့မှာကို မဟုတ်ဘူး ...
ဤရက်ပိုင်းအတွင်း သူ၏ လေ့လာထားချက်များအရ သွမ့်ချန်ချင်းသည် ကြည့်ကောင်းချောမောသည့်တိုင် နွေဦးအငွေ့အသက် တစ်စက်မျှပင် မရှိ။ သူ ရှဲ့ယွင်နန်နှင့် ပြောဆိုဆက်ဆံပုံမှာလည်း အိမ်ထောင်သက် ကြာမြင့်နေသည့် ဇနီးမောင်နှံနှယ်ပင်၊ တက်ကြွမှု တစ်စုံတစ်ရာမှ မရှိတော့ချေ။
သွမ့်ချန်ချင်းက လှပေမယ့် သစ်သားတုံးလို လူမျိုးထင်တယ် ...
ဒါပေမယ့် သူကတော့ မတူဘူး သိထားတဲ့ ကစားကွက်တွေမှ အများကြီး ...
ရှဲ့ယွင်နန်က အနည်းငယ် မသက်မသာ ဖြစ်လာသည့်အတွက် သူ့ကို ချက်ခြင်း ရှောင်ရှားလိုက်သော်ငြား ရှောက်ချီလင်က လမ်းပိတ်ထားနေဆဲပင်။
“ထွက်သွား ...”
အေးစက်သည့် အသံတစ်ခုနှင့်အတူ သွမ့်ချန်ချင်း ရောက်ရှိလာသည်။
သူ ရောက်လာလိမ့်မည်ဟု ရှောက်ချီလင်ကလည်း မျှော်လင့်မထား။ အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည့်တိုင် ထွက်မသွားသေးချေ။
“ယွင်နန်က နေမကောင်းဘူး သူ့ကို ခေါ်သွားပြီး ...”
“သူ့ကို ဆွဲထုတ်သွားလိုက် ...”
ရှဲ့ယွင်နန်က ထပ်ပြောလိုက်သည်။ ထို့နောက် ချက်ခြင်းပင် ဖန့်ချီရှန့် ရောက်လာကာ ရှောက်ချီလင်အား ဆွဲထုတ်သွားလိုက်တော့၏။
“ငါ့ကိုလွှတ် ...”
ထိုသို့ ပြောအပြီးမှာပင် ရှောက်ချီလင်၏ ပါးစပ်မှာ ပိတ်ဆို့ခြင်း ခံလိုက်ရတော့သည်။
သွမ့်ချန်ချင်းက သူ ထွက်သွားပြီးသည်အထိ စောင့်ကာ ရှဲ့ယွင်နန်ကို အိမ်ထဲသို့ တွဲခေါ်သွားလိုက်သည်။
“အဆင်ပြေရဲ့လား ...”
မုန့်ယန်က အခုလေးတင် မြင့်မြတ်မြို့တော်မှ ရောက်လာသည့် အနားယူနေကြသူများအား ခေါ်ရန် ထွက်သွားခဲ့သည်။
သို့သော် ရှောက်ချီလင်မှာ အန္တရာယ် မပေးနိုင်လောက်ဟု ယူဆကြသည့်အတွက် သူ့ကို မည်သူကမှ အရေးတယူ မစောင့်ကြည့်ခဲ့ကြချေ။
သွမ့်ချန်ချင်းလည်း ထိုနည်းတူပင်။ အစပိုင်းကတည်းက သူသည် ရှောက်ချီလင်ကို မျက်လုံးထဲပင် ထည့်မထားချေ။
ရလဒ်အနေဖြင့် ထိုသူက ရှဲ့ယွင်နန်ကို ဆေးခတ်ရန် အခွင့်အရေး ရသွားတော့၏။
သူက ရှဲ့ယွင်နန်ကို ဆေးခတ်ရဲတဲ့အထိကို သတ္တိကောင်းနေတယ်ပေါ့ ...
“ကိုယ် နေလို့မကောင်းဘူး ...”
ရှဲ့ယွင်နန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
ရှူထုတ်လိုက်သည့် လေငွေ့တိုင်းက ပူလောင်ကာ မတည်မငြိမ် ဖြစ်နေ၏။
ထိုကိစ္
စမှာ စိုးရိမ်စရာ ကောင်းလောက်အောင် ပြင်းထန်သည်တော့ မဟုတ်။ သူ့ခန္ဓာကိုယ်ထဲရှိ မူမမှန်မှုအား အပြည့်အဝ သည်းခံထား၍လည်း ရပေသည်။
သို့သော် သွမ့်ချန်ချင်း ရှိနေသည့်အတွက် ...