အပိုင်း ၇၇
Viewers 7k

Chapter 77




ဤကမ္ဘာတွင် နေထိုင်သူများသည် ခွန်အားကိုသာ အရေးတယူ ပြုကြ၏။ သူတို့က နည်းပညာကို အလေးမထားကြ၊ မည်ကဲ့သို့ အသုံးပြုရမည်မှန်း မသိသူ အချို့ပင် ရှိနေသေးသည်။


သို့သော် သွမ့်ချန်ချင်းမှာမူ သူတို့နှင့်မတူ။ 


ဤကမ္ဘာသို့ ရောက်လာပြီးနောက် သူ ရှာတွေ့သည်များအနက် အပျော်ရွှင်ရဆုံး အရာမှာ လျှပ်စစ်ပစ္စည်းဌာန ဖြစ်သည်။ 


လက်ရှိနည်းပညာ၏ တိုးတက်မှုမှာ အလွန်နှေးကွေးလှသည့်အပြင် ပထမဘဝက အသုံးများခဲ့သည့် ပစ္စည်းအများစုကို ဤကမ္ဘာ၌ မရနိုင်သည်မှာ နှမြောစရာပင်။ တီထွင်မှုအားလုံးမှာ မိသားစုကြီးများက ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး သူတို့က ဖျော်ဖြေရေး ပစ္စည်းများ အသုံးပြုသည့်တိုင် ကင်မရာနှင့် မော်နီတာကိုမူ တစ်ကြိမ်တစ်ခါမျှပင် အသုံးမပြုဖူးကြပေ။ 


တစ်နည်းဆိုရပါလျှင် သုတေသန လုပ်ဖူးသည့်တိုင် ထိုပစ္စည်းက ကျော်ကြားလာမည် မဟုတ်ချေ။ 


သို့သော် တိုက်ဆိုင်စွာဖြင့် သွမ့်ချန်ချင်းသည် ပထမဆုံး ဘဝကတည်းက ဤသို့သောပစ္စည်းများအား လေ့လာခြင်းကို များစွာ နှစ်သက်ခဲ့သည်။ 


ထိုအချိန်က သူသည် ကျန်းမာရေး မကောင်းသောကြောင့် အပြင်ထွက်ကာ မကစားနိုင်သည့်အတွက် အခြားသူများ မလိုချင်တော့သည့် အရုပ်အဟောင်းများနှင့်သာ အခန်းထဲတွင် တစ်နေကုန် ကစားနေခဲ့ရသည်။ ထိုသို့ဖြင့် သူက ဤနယ်ပယ်တွင် ပါရမီရှိနေကြောင်း သတိပြုမိသွားတော့သည်။ 


ထိုစဉ်က သူသည် များစွာ အားနည်းလွန်းခဲ့သည့်အတွက် ကြီးကြီးမားမား အောင်မြင်မှု မရခဲ့။ 


ထိုဘဝက သူသည် ပရိုဂရမ် ရေးဆွဲသူအဆင့်အထိ တစ်ဖြည်းဖြည်း ရောက်လာကာ သူ့ကိုယ်သူ ထောက်ပံ့ရန်နှင့် ဆေးကုသစရိတ်များအား ပရိုဂရမ် အသေးလေးများနှင့် algorithm များ ရောင်းချခြင်းဖြင့် ဖြေရှင်းခဲ့သည်။ 


ထိုစဉ်က သူ လေ့လာခဲ့သည့် အသိပညာများမှာ နှစ်ရာပေါင်းများစွာ ကြာမြင့်ပြီးနောက် မေ့လျော့သွားသင့်နေပြီ ဖြစ်သည်။ သို့သော် နောက်ဆုံးဘဝမှာ .. ကျင့်ကြံရေးလောက ဖြစ်နေရာ ...


ကျင့်ကြံမှုအပြီးတွင် သူ့မှတ်ဉာဏ်များသည် တစ်ဟုန်ထိုး တိုးတက်ကောင်းမွန်လာတော့သည်။ သူ တမင်တကာ မေ့ထားလိုသည့် အကြောင်းအရာများမှအပ ထိုစဉ်က ဖြစ်ပျက်ခဲ့သည်အားလုံးကို တစ်လုံးမကျန် မှတ်မိနေတော့သည်။ 


ဤရက်ပိုင်းအတွင်း သူ့တွင် လုပ်စရာအလုပ်ဟူ၍လည်း မည်မည်ရရ မရှိသည့်အတွက် အချို့သော စောင့်ကြည့်ကင်မရာများကို အဆင့်မြှင့်ကာ ထိုလူများ၏ အခန်းထဲတွင် တပ်ဆင်ထားခဲ့သည်။ 


သွမ့်ချန်ချင်းက သူတို့ သတိကြီးကြီးထားကာ သွားလာနေသည်ကို မြင်ချိန်တိုင်း ဘာဆက်လုပ်ရမှန်းပင် မသိတော့။ ထို့ကြောင့် စားပွဲတွင် ထိုင်ကာသာ သူတို့၏ လျှို့ဝှက်အကြံအစည်များကို စောင့်ကြည့်နေလိုက်တော့သည်။ 


သူက ထိုသူများ၏ အကြံအစည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရကာ မှတ်တမ်းတင်ထားသည့်အပြင် ရှဲ့ယွင်နန်ကိုပင် ပြန်ဖွင့်ပြလိုက်သေးသည်။ 


ရှဲ့ယွင်နန် “အဲဒီ့ လျောင်မုယဲ့ သူက ဘာလုပ်နေတာလဲ ...”


လျောင်မုယဲ့က ဘာလို့ သူက လူတိုင်းနဲ့ ချိတ်ဆက်ချင်နေတယ်လို့ ထင်နေရတာလဲ ပြီးတော့ ဒါကို အရေးကြီးသတင်းလို လုပ်ပြီးတောင် မြင့်မြတ်မြို့တော်က လူတွေကို ပြောလိုက်သေးတယ် ...


“ကြည့်ရတာ သူ့ဦီးနှောက်က တစ်ခုခု မှားနေတာထင်တယ် ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


အမှန်တကယ်တွင် သူသည် လျောင်မုယဲ့ကို ပြန်လည်မွေးဖွားလာသူဟု သံသယဝင်မိပြီး ဖြစ်သည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါလျှင် ယခင်က သူ့အား တစ္ဆေဘုရင်ဟု ခေါ်ကာ သူ့သရုပ်မှန်နှင့် ကိုင်ပေါက်၍ ခြိမ်းခြောက်ခဲ့သူမှာ မည်သူဖြစ်ကြောင်း ခန့်မှန်းရန် လွယ်ကူသွားပေတော့သည်။ 


လျောင်မုယဲ့ မဟုတ်လို့ ဘယ်သူ ဖြစ်နိုင်မှာတဲ့လဲ ...


သို့သော် သူကိုယ်တိုင်လည်း သေချာ မသိရသေးသည့်အတွက် သွမ့်ချန်ချင်းသည် ထိုအကြောင်းအား ရှဲ့ယွင်နန်ကို ပြောပြရန် အစီအစဉ် မရှိသေး။ 


သူတို့အားလုံးမှာ အလုပ်များနေကြရာ ထို ပြဿနာရှာလိုသူ တစ်စု၏ ထောင်ချောက်အား အချိန်အကုန်ခံကာ တူးဆွမနေတော့ဘဲ ချက်ခြင်း ဖမ်းဆီးလိုက်သည်။ 


ရှောက်ချီလင်ကိုမူ နှစ်ရက်အတွင်း အဝေးသို့ ပို့ပစ်မည် ဖြစ်သည်။ 


ဤရက်ပိုင်းအတွင်း ရှောက်ချီလင်သည် သူ့အတွက် တာဝန်ပေးထားသည့် အလုပ်များကို လုံးဝ မလုပ်။ ထိုအစား ရှဲ့ယွင်နန်အနား ကပ်နိုင်ရေးကိုသာ တစ်နေကုန် တွေးနေကာ အချို့သော စီနီယာအဆင့် တိုက်ခိုက်သူများကိုပင် စိတ်ဝင်စားဟန် ပြလိုက်သေးသည်။ 


ထိုမျှသာမက သူသည် အခြားသူများနှင့် နှုတ်ဆက်လေတိုင်း “ကျွန်တော်နဲ့ ရှဲ့ယွင်နန်က ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတဲ့ သူငယ်ချင်းကောင်းတွေ” ဟု အစချီကာ ပြောလေ့ရှိသည်။ 


ညတွင်းချင်း ဖမ်းဆီးလိုက်ကာ ထိုကိစ္စကို ကိုင်တွယ်ရန် မုန့်ယန်နှင့် ရှစ်ဟိုင်ယွမ်ကို လွှဲထားလိုက်သည့်အတွက် ကိစ္စ ပြီးမြောက်ခြင်း ရှိမရှိကို ပူပန်နေရန် မလိုတော့ချေ။ 


ရှဲ့ယွင်နန်ကမူ နှစ်သစ်ကူးပွဲတော်အတွက် အလုပ်များနေ၏။ 


ထိုသူများ အခွင့်ကောင်း ယူလိုသည့် အခမ်းအနားမှာ နှစ်သစ်ကူးပွဲ အခမ်းအနားပင် ဖြစ်သည်။ မတော်တဆမှုများ ဖြစ်မလာနိုင်ရန် အလို့ငှာ ပွဲ မကျင်းပမီကတည်းက ကိစ္စရပ်ပေါင်းများစွာကို သေချာအောင် စီမံထားရပေသည်။ ထို့အပြင် .. ထိုပွဲအပြီးတွင် ရှဲ့ယွင်နန်သည် ဟုန်ယဲ့မြို့၏ မြို့အရှင် ဖြစ်လာမည် ဖြစ်သည်။ 


အားလုံးက ဤအရာကို မျှော်လင့်ထားကြပြီး ဖြစ်သည်။


အစပိုင်းက သူ့ကို မကျေနပ်သူများ အများအပြား ရှိခဲ့သေးသော်ငြား စီနီယာယဇ်ဆရာအဆင့်သို့ ရောက်ရှိသွားပြီးနောက် မကျေနပ်သည့် စကားသံများ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ 


လက်ရှိ ဟုန်ယဲ့မြို့တော်တွင် ခွန်အားအရဖြစ်စေ၊ ကျော်ကြားမှုအရဖြစ်စေ ရှဲ့ယွင်နန်သည်သာလျှင် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်သည်။ 


အစည်းအဝေး ခန်းမထဲတွင် ဟုန်ယဲ့မြို့၏ အုပ်ချုပ်ရေးအဖွဲ့က ကိစ္စရပ်များကို ဆွေးနွေးနေသည်။ 


“နှစ်ကူးကာလအတွင်း ဟုန်ယဲ့မြို့ ပြဿနာ အရှာခံရမှာကို စိုးရိမ်နေနရင် ကာကွယ်ရေးကိစ္စကို ငါ့လက်ထဲ လွှဲထားလိုက် ...”


တစ္ဆေဘုရင်က ဒုက္ခများလှသည့် ကိစ္စများအတွက် နောက်တစ်ကြိမ် တာဝန်ယူလိုက်ပြန်သည်။ 


ပြီးခဲ့သည့် နှစ်ရက်အတွင်း သူက မျက်နှာဖုံးကို ပြောင်းလဲလိုက်ပြန်၏။ မျက်နှာနှင့် တစ်သားတည်း ဖြစ်နေသည့် အသစ်စက်စက် အဝတ်စမျက်နှာဖုံးမှာ ဝတ်ဆင်ရန် အလွန် သက်တောင့်သက်သာ ရှိပြီး နွေးထွေးကာ နှာခေါင်းနှင့် မေးစေ့တို့ကိုသာ ဖော်ထားလိုက်သည်။ 


ဖြူဖွေးသည့် လည်တိုင်နှင့် မေးစေ့တို့အပြင် သံလိုက်ဓာတ်ပါသည့် အသံတို့ကြောင့် လူတိုင်းက သူ့ကို ချောမောကြည့်ကောင်းသူတစ်ဦး ဖြစ်ရမည်ဟု ထင်မြင်လာကြသည်။ 


အလှတရားသည် အရေပြားတွင် ရှိသည်မဟုတ်၊ အသွေးအသားထဲက ထွက်ပေါ်လာခြင်း ဖြစ်သည်။ တစ္ဆေဘုရင်၏ ပုံစံအသစ်ကြောင့် လူတိုင်းက သူ့ကို အတွင်းပိုင်း အမြုတေအထိပင် လှပသူဟု သတ်မှတ်လိုက်ကြတော့သည်။ 


“ကောင်းပါပြီ ဒါဆို ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ် ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“ကိစ္စမရှိဘူး ...”


တစ္ဆေဘုရင်က ပြုံးပြလိုက်သည်။ ယခုအချိန်၌ သူ့ကျန်းမာရေးမှာ ပြန်လည် ကောင်းမွန်နေသည့်အပြင် သားဖြစ်သူကိုလည်း ရှာတွေ့သွားပြီ ဖြစ်သည့်အတွက် နေ့ရက်တိုင်း ခွန်အားပြည့်ဝနေတော့သည်။ 


နှစ်ဦးသား စကားအနည်းအကျဉ်းမျှသာ ပြောလိုက်ခြင်း ဖြစ်သော်ငြား အနီးရှိ လူအားလုံးက တစ္ဆေဘုရင်ကို ကရုဏာသက်သည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြတော့သည်။ 


ရှဲ့ချင်က ပြဿနာအများဆုံး အလုပ်ကို တာဝန်ယူလိုက်ပြန်ပြီ သူက ရှဲ့ယွင်နန်ကို တကယ်ကြီးကို ချစ်နေတာပဲ ...


ထိုသူတို့၏ အကြည့်မှတစ်ဆင့် သူတို့ အတွေးကို ခန့်မှန်းမိနေသည့် တစ္ဆေဘုရင် “...”


ကျစ် ... တစ်ရက်ရက်ကျရင်တော့ ဒီမျက်နှာဖုံးကို ချွတ်ပြီးတော့ မင်းတို့ကောင်တွေ အကုန်လုံး လန့်ပြီး သေသွားအောင်ကို လုပ်ပစ်ဦးမယ် ...


သို့သော် လူတိုင်းက တစ္ဆေဘုရင်သည် ရှဲ့ယွင်နန်ကို ကြိုက်နေသည်ဟု မယုံကြည်ကြပေ။ အနည်းဆုံးအနေဖြင့် လုရှောင်ရန်၏ ကိစ္စမှာ နားလည်မှု လွဲခြင်းသာဖြစ်ကြောင်း သိသွားပြီးနောက် ရှချင်က ထိုကိစ္စကို လုံးဝ မယုံကြည်တော့။ 


တစ္ဆေဘုရင်၏ အယုံကြည်ရဆုံး ငယ်သားအားလုံးမှာလည်း ရှဲ့ယွင်နန်သည် တစ္ဆေဘုရင်၏ ဒဏ်ရာကို ကုသပေးထားကြောင်း သိထားသည့်အတွက် သူတို့၏ အမြင်တွင်မူ တစ္ဆေဘုရင်သည် ကျေးဇူးပြန်ဆပ်နေခြင်းသာ ဖြစ်ပေသည်။ 


သို့သော် ဤရက်ပိုင်းအတွင်း ရှချင်သည် သူမတို့ ဘော့စ်၏ မျက်နှာအစစ်ကို သိလိုစိတ်များ အလွန့်အလွန် ပြင်းပြလာတော့၏။  


သူမအတွက် ခေါင်းဆောင်ကသာ အမြဲ အရေးအကြီးဆုံးနှင့် အင်အားအကြီးဆုံးလူ ဖြစ်ခဲ့သော်ငြား သူ့ရုပ်ရည်မှာ သာမန်ဟုသာ ထင်ထားခဲ့သည်။ သို့သော် ယခုအခြေအနေအရ ထိုအတွေးမှာ မှားယွင်းနေခဲ့ဟန်ပင်။ 


သူမက တစ္ဆေဘုရင်ကို အာရုံစိုက်မိနေကြောင်း သတိပြုမိလိုက်သည်နှင့် ရှဲ့ယွင်နန်၏ ဘေးတွင် ထိုင်နေသည့် လုရှောင်ရန်က တစ္ဆေဘုရင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ 


ဒီဦးလေးကို လုံးဝ ကြည့်မရတော့ဘူး ...


သူ့အကြည့်တို့ကို သတိပြုမိသည့် တစ္ဆေဘုရင်ကလည်း အေးစက်သည့် အကြည့်တို့ဖြင့် ပြန်လည်တုန့်ပြန်လိုက်သည်။ ထို့နောက် လုရှောင်ရန်သည် ကြောင်အသွားကာ ချက်ခြင်း ခေါင်းကို ငုံ့ချလိုက်တော့သည်။ 


သူတို့နှစ်ဦး၏ အကြည့်ချင်း စစ်ထိုးပွဲကို အားလုံးက မျက်မြင် တွေ့လိုက်ကြ၏။ 


ဒါ မျက်နှာသာရဖို့ ပြိုင်နေကြတာလား ...


နှမြောစရာပဲ ...ရှဲ့ယွင်နန်ရဲ့ အိမ်ထောင်ဖက်က သွမ့်ချန်ချင်းလေ ...


ရှဲ့ယွင်နန်က သူတို့နှစ်ယောက်လုံးကို စိတ်မဝင်စားမှန်း အသိသာကြီးပဲ ...


အစည်းအဝေးပွဲအပြီးတွင် အားလုံးသည် ဖရဲသီးများ အဝအလင် စားလိုက်ရသည့်အတွက် စိတ်ကျေနပ်မှု အပြည့်ဖြင့် အခန်းထဲမှ ထွက်လာခဲ့ကြသည်။ 


ထိုအချိန်တွင် ရှဲ့ယွင်နန်ကလည်း သူ့ပစ္စည်းများကို သိမ်းဆည်းကာ ပြန်ရန် ပြင်ဆင်နေသည်။ 


သူ နေထိုင်ရာအိမ်သို့ ရောက်ကာနီးတွင် သူ့ကို ကာကွယ်ရန် တာဝန်ယူထားသည့် ဝမ်ချဲ့နှင့် ရှစ်ဟိုင်ယွမ်ကို ပြောလိုက်သည်။ 


“ခင်ဗျားတို့နှစ်ယောက်လည်း ပြန်သွားပြီး စောစောစီးစီး နားကြလေ ...”


ဝမ်ချဲ့နှင့် ရှစ်ဟိုင်ယွမ် ပြန်လှည့်သွားပြီးနောက် သူက ရှေ့ဆက်လျှောက်လာစဉ် ရှဲ့ယွင်နန်သည် ရှောက်ချီလင်နှင့် တွေ့လိုက်မိတော့သည်။ 


ရှောက်ချီလင်က မြင့်မြတ်မြို့တော်မှ သူလျှိုများနှင့်အတူ ရောက်လာခဲ့ခြင်း ဖြစ်သည့်တိုင် သူက မြင့်မြတ်မြို့တော်၏ အခြေအနေကို မသိခဲ့။ ရှဲ့ယွင်နန်က သူ့ကို တစ်ခုခုလုပ်ရန်လည်း အကြံမရှိသည့်အတွက် အခြားသူများအား သူ့အတွက် အလုပ်တစ်ခုခု စီစဉ်ပေးစေလိုက်သည်။ အလုပ်များနေမှသာ သူ့ထံ တစ်ချိန်လုံး ရောက်လာခြင်းကို ကာကွယ်နိုင်မည် ဖြစ်သည်။ 


မထင်မှတ်ထားစွာဖြင့် နှစ်ရက်သုံးရက် ကြာပြီးနောက် ရှောက်ချီလင်က နောက်တစ်ကြိမ် ထပ်ရောက်လာပြန်၏။


ပြောရရင် ဒီနေရာကို ဘယ်သူ့ကိုမှ ဝင်ခွင့်ပြုမထားဘူးလေ သူက ဘယ်လိုလုပ်ပြီး ဝင်လာနိုင်တာလဲ မသိဘူး ...


“ဘာဖြစ်လို့လဲ ...”


ရှဲ့ယွင်နန်က မေးလိုက်သည်။ 


“ရှဲ့ယွင်နနနန် မင်းက ငါ့ကိုဆို အမြဲတမ်း လျစ်လျူရှုထားတယ်နော် မင်းက ငါ့ကို စိတ်ပျက်နေတယ်လို့တောင် ထင်နေခဲ့မိတာ ..ဒါပေမယ့် သွမ့်ချန်ချင်းကလည်း ငါ့လိုပဲ မဟုတ်လား ဘာလို့ သူ့ကိုကျ စိတ်မပျက်တာလဲ ..."


ရှောက်ချီလင်က မေးလိုက်သည်။ 


ရှောက်ချီလင်နှင့် ဒေါက်တာဟူသည်လည်း တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းကြပေသည်။ လတ်တလော သူ စုံစမ်းထားသည်များနှင့် ဒေါက်တာဟူထံမှ ရထားသည့် အချက်အလက် အချို့အရ သွမ့်ချန်ချင်း၏ ဇစ်မြစ်ကို ခန့်မှန်းလိုက်သည်။ 


သွမ့်ချန်ချင်းမှာ ရှဲ့ယွင်နန်၏အဖိုး စီစဉ်ပေးထားသူ မဖြစ်နိုင်။ သူသာ ယခင်က ဟုန်ယဲ့မြို့တွင် အမှန်တကယ် နေထိုင်ခဲ့ဖူးပါလျှင် ယခုလက်ရှိအချိန်တွင် ရှဲ့ယွင်နန်၏ အိမ်ထောင်ဖက် ဖြစ်လာနိုင်မည် မဟုတ်ချေ။ ထိုအစား မည်သူကမှ သူ့အတိတ်ကို မသိကြ။


သွမ့်ချန်ချင်းက ရှဲ့ယွင်နန် ကယ်ထားတဲ့လူပဲ!!!! 


အစောပိုင်းက သူ့ပုံစံမှာ အလွန် သနားစရာ ကောင်

းလှသည်ဟုလည်း ကြားထားမိသေးသည်။ 


ဒီလို မျက်နှာလေးနဲ့ဆိုတော့ .. ကြည့်ရတာ သွမ့်ချန်ချင်းရဲ့ ဇစ်မြစ်ကလည်း သူနဲ့ တော်တော်လေးကို ဆင်တူလောက်တယ် ...