Chapter 76
ထိုသူ၏ အမည်မှာ ရှောက်ချီလင်ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ဦးအကြား ခင်မင်မှုမှာလည်း လုံးဝ မနက်ရှိုင်းခဲ့ချေ။
ကလေးဘဝကတည်းက ရှဲ့ယွင်နန်၏ သူ့ပင်ကိုယ်အကျင့်စရိုက်အရ အခြားလူများအား အပြစ်ပြုရခြင်းကို မနှစ်သက်။ ငယ်စဉ်ကတည်းက သူ့တွင် သူငယ်ချင်းများစွာ ရှိသည့်တိုင် စိတ်ထဲတွင်မူ သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်း ရှိမရှိအား အခိုင်အမာ ခွဲခြားထားပြီး ဖြစ်သည်။
ရှောက်ချီလင် .. ထိုသူကို သူက များစွာ သဘောမကျခဲ့။
ငယ်စဉ်ကတည်းက ရှောက်ချီလင်သည် ယခုကဲ့သို့ပင် ပိန်သွယ်ကာ ကြည့်ကောင်းခဲ့သည်။ ထို့ကြောင့် သူက အခြားလူများအား အခွင့်ကောင်းယူကာ သနားစရာကောင်းသူအဖြစ် ဟန်ဆောင်ရခြင်းအား အလွန် နှစ်သက်ခဲ့၏။ ရှဲ့ယွင်နန်က သူနှင့် များစွာ အစေးမကပ်ခဲ့ပေ။
ရှောက်ချီလင်က သူ့ကို လွမ်းဆွတ်လိမ့်မည်ဟုလည်း ထင်မထားချေ။
သူသာ အမှန်တကယ် လွမ်းနေခဲ့ပါလျှင် ဤနှစ်များအတွင်း သတင်းတစ်ခုတစ်လေမှပင် မကြားရစရာအကြောင်း မရှိပေ။
သို့သော် ရှောက်ချီလင်က သူ့ကို ရှာတွေ့နိုင်ခြင်းမှာလည်း မထူးဆန်းလှ။ ဤရက်ပိုင်းအတွင်း သူ့ကို လာရှာသူများ အများအပြား ရှိနေပေသည်။
ရှောက်ချီလင်က ငိုကြွေးနေဆဲပင်။ ထို့ကြောင့် ရှဲ့ယွင်နန်လည်း လူတစ်ဦးလွှတ်ကာ ရှောက်ချီလင်အား အနားသို့ ခေါ်လာစေခဲ့ရတော့၏။
“မတွေ့ရတာ ကြာပြီနော် ...”
ဖခင်ဖြစ်သူက သူ့အား လူထု၏ အမြင်ကို ဂရုစိုက်ရန် မှာထားသည့်အတွက် ထိုလူများအား ချန်ထားခဲ့၍ မရ။
“ရှဲ့ယွင်နန် ... မတွေ့ရတာ ကြာပြီနော် ...”
ရှောက်ချီလင်က မျက်တောင်တဖျတ်ဖျတ် ခတ်ပြလိုက်သည်။ မျက်လုံးထောင့်စွန်းတွင် ကြည်လင်လှသည့် မျက်ရည်စက်များ တွဲလွဲခိုနေသည့် သူ့ပုံစံမှာ မြင်ရသူများအဖို့ ကရုဏာသက်ဖွယ်ရာပင်။
ရှဲ့ယွင်နန်က ဖန့်ချီရှန့်ကို မျက်နှာသေဖြင့် ပြောလိုက်သည်။
“သူ့ကို တစ်သျှူးလေး ပေးလိုက်ပါ ...”
ချက်ခြင်း တစ်သျှူးသွားယူသည့် ဖန့်ချီရှန့်ကို တွေ့လိုက်သည့်အခါ သွမ့်ချန်ချင်းသည် မပြုံးဘဲပင် မနေနိုင်တော့။
ဒီတစ်ယောက်ရဲ့ အကြံအစည်ကို .. သူဖြင့် တစ်ချက်လောက် ကြည့်ရုံနဲ့ကို သိနေပြီ ...
ရှဲ့ယွင်နန်လည်း သိနေမယ်လို့ ယုံကြည်ထားတယ် ...
ရှဲ့ယွင်နန်ကလည်း ရှောက်ချီလင်၏ အကြံများကို အမှန်တကယ်ပင် သိနေခဲ့သည်။ သူ့ကို အတိတ်အကြောင်း ပြန်ပြောင်းပြောရန် လာခဲ့ခြင်းမဟုတ်။ သူ့ကို သွေးဆောင်ရန် ရောက်လာခြင်းသာ ဖြစ်ပေသည်။
ထိုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ ဆင်ခြေဖုံးဒေသတွင် မထူးဆန်းလှ။ သူ့ရုပ်ရည်ကြောင့် ရှဲ့ယွင်နန်သည် ၁၄ နှစ် ၁၅ နှစ် အရွယ်ကတည်းက သူ့ကို ချဉ်းကပ်လာသည့် ခန္ဓာကိုယ်ကို ရောင်းစားသူများ အများအပြား ရှိနေပြီ ဖြစ်သည်။ အချို့က ငွေကိုပင် လက်မခံလို၊ သို့သော် သူက တစ်ယောက်မကျန် ငြင်းဆန်ခဲ့သည်။
ဒေါက်တာဟူရော သူ့အဖိုးကပါ STD နှင့် အမျိုးမျိုးသော ရောဂါအမည်များအား အသုံးပြုကာ သူ့အား ခြောက်လှန့်ခဲ့သည်။
ထိုမျှသာမက သူသည် ရှောက်ချီလင် ဆင်ခြေဖုံးဒေသမှ မည်ကဲ့သို့ ထွက်သွားခဲ့ကြောင်းကိုပါ ခန့်မှန်းမိထားပြီး ဖြစ်သည်။
ရှောက်ချီလင်သည် ငယ်စဉ်ကတည်းက အဆင့်မကောင်းလှ။ ထိုအသက်အရွယ်တွင် သူ့၌ အားကိုးစရာဟူ၍ တစ်ခုသာ ရှိသည်။ အဓိကအားဖြင့် သူ့မျက်နှာပင် ဖြစ်သည်။
ဆင်ခြေဖုံးဒေသတွင် အချိန်ကြာမြင့်စွာ နေခဲ့ရသည့်အတွက် သူသည် ဝမ်းရေးအတွက် သို့မဟုတ် ပိုမိုကောင်းမွန်သည့် ဘဝအတွက် ခန္ဓာကိုယ်ကို ရောင်းစားရသူများ ရှိကြောင်း သိထားပေသည်။ သို့သော် ထိုသူများအနက် တစ်ဦးအပါအဝင်ဖြစ်ရန် စိတ်မဝင်စားခဲ့။
ရှောက်ချီလင်က မျက်ရည်စများကို သုတ်ကာ ရှဲ့ယွင်နန်အနီးသို့ တိုးလာလိုက်သည်။
“ရှဲ့ယွင်နန် မင်းက အရင်လို ညင်သာနေတုန်း ....”
သို့သော် သူပင် ရှဲ့ယွင်နန်ကို မထိရသေး၊ သွမ့်ချန်ချင်းက သူ့ကို ပိတ်ဆို့လိုက်သည်။
“စကားပြောလို့တော့ ရတယ် ဒါပေမယ့် ခြေထောက်က ရွှေ့မလာနဲ့ ...”
ရှောက်ချီလင်က ချက်ခြင်းပင် သွမ့်ချန်ချင်း၏ အနိုင်ကျင့်ခြင်းကို ခံလိုက်ရသယောင် ဟန်ဆောင်လိုက်တော့၏။
“ယွင်နန် .. ငါက မဟုတ်တာလုပ်မယ့် အကြံမျိုး မရှိပါဘူး ...”
“ငါ့ကို ဘာအတွက် လိုအပ်လို့လဲ ...”
ရှဲ့ယွင်နန်က သူ့စကားများကို ဖြတ်ပြောလိုက်သည်။
“မင်းကို မတွေ့ရတာလည်း ကြာနေပြီလေ ပြီးတော့ နည်းနည်းလည်း စိတ်လှုပ်ရှားနေမိလို့ ငါ .. ငါ ...”
သွမ့်ချန်ချင်းက သူ့ကို ဖြတ်ပြောလိုက်ပြန်သည်။
“ကျွန်တော်တို့တွေ အခု အရမ်း အလုပ်များနေလို့ စကားကို ကောင်းကောင်းလေး ပြောပေးလို့ ရမလား မသိဘူး တကယ်လို့ ပြောစရာ မရှိရင် အရင် သွားနှင့်ပါ့မယ် ...”
ဒီလိုမျိုး သေသေသပ်သပ် မရှိတဲ့ လှည့်ကွက်တွေကို ကြည့်နေရတာ တစ်ကိုယ်လုံးကို ယားကျိကျိ ဖြစ်လာသလိုပဲ ...
မူလက သူသည် ထိုလူကို အခြားတစ်စုံတစ်ဦးက စေလွှတ်ထားခြင်း ဖြစ်ရမည်ဟု ထင်ခဲ့မိသော်ငြား ယခုမူ ထိုသို့ ဟုတ်ဟန်မတူ။
သူတို့က တကယ်သာ တစ်ယောက်ယောက်ကို လွှတ်ထားတာဆိုရင် ... အဲဒါ သူတို့က ရှဲ့ယွင်နန်ကို အလေးအနက် မထားဘူးဆိုတဲ့ သဘောပဲ မဟုတ်လား ...
“မင်းက သွမ့်ချန်ချင်းလား မင်းက ငါ့ကို အရမ်းကြီး ငြင်းဆန်နေစရာ မလိုပါဘူး ငါက ယွင်နန်ကို ဘာမှ လုပ်မှာမှ မဟုတ်တာ ...”
ရှောက်ချီလင်က သွမ့်ချန်ချင်းကို ထိတ်လန့်နေဟန်ဖြင့် ဖျတ်ခနဲ ကြည့်ကာ ပြောလိုက်သည်။
“ငါတို့က ဘာမှမှ မဟုတ်တာ တကယ်လို့ မင်း အဆင်ပြေရင် ငါ သွားတော့မယ် ...”
ရှဲ့ယွင်နန်ကလည်း အနည်းငယ် စိတ်မရှည် ဖြစ်လာသည်။
နောက်ဆုံးတွင်တော့ ရှောက်ချီလင်က ကောင်းကောင်းမွန်မွန် ပြောလာတော့သည်။
“ငါ့မှာ တကယ်ကို ပြောစရာ ရှိနေတာပါ ရှဲ့ယွင်နန် ငါက မြင့်မြတ်မြို့တော်ကနေ ထွက်ပြေးလာတာ သူတို့အကြောင်း အများကြီး သိထားတယ် ငါနဲ့အတူ မြင့်မြတ်မြို့တော်ကနေ ထွက်ပြေးလာပြီး မင်းဘက်ကို ပြောင်းလာချင်တဲ့သူတွေမှ အများကြီးပဲ ...”
ပါးစပ် ပွင့်လာပြီးနောက် ကိစ္စရပ်အားလုံး ရှင်းလင်းသွားတော့သည်။
သူ့စကားများအရ ဟုန်ယဲ့မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများကို မြင့်မြတ်မြို့တော်တွင် ရှိသူများလည်း သိထားကြကာ အချို့က ဟုန်ယဲ့မြို့တော်သို့ လာရောက်ကာ ရှဲ့ယွင်နန်နှင့် ပူးပေါင်းလိုကြသည်။ မူလက သူသည် ထိုသူများနှင့် လိုက်လာရန် အခွင့်အရေး မရှိခဲ့သော်လည်း သူက ရှဲ့ယွင်နန်နှင့် သိကျွမ်းသည့်အတွက် ထိုသူများက သူ့ကိုပါ ခေါ်လာရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
ယခုအချိန်တွင် ထိုသူများက ဆင်ခြေဖုံးဒေသတွင် ရှိနေကြသည်။ အချို့က အပြင်းအထန် ဒဏ်ရာရထားကာ ကုသမှုကို လိုအပ်နေ၏။
“ဒဏ်ရာရထားတယ် ဟုတ်လား ဘာလို့ စောစောစီးစီး မပြောတာလဲ ...”
ရှဲ့ယွင်နန်မှာ ပြောစရာစကားပင် မကျန်တော့။ ချက်ခြင်း စစ်ဆေးမည့် လူအချို့ လွှတ်ပေးရန် ဖန့်ချီရှန့်ကို ပြောလိုက်သည်။
တစ်ခဏအကြာတွင် ဖန့်ချီရှန့်က လူတစ်ဒါဇင်ခန့်နှင့်အတူ ပြန်ရောက်လာသည်။ ထိုသူများအနက် တစ်ဦးမှာ တစ္ဆေဘုရင်၏ ငယ်သားဖြစ်သည်။
အပြင်းအထန် ဒဏ်ရာရသူမှာလည်း ထိုကံဆိုးသူ မောင်ရှင်ပင်။
သို့သော် သူ တစ်ဦးတည်းကသာ တစ္ဆေဘုရင်၏ ငယ်သားဖြစ်ကာ ကျန်သည့်လူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးချေ။
ထို့အပြင် ဒဏ်ရာရနေသူ၏ စကားများအရ .. သူသည် သတင်းစုံစမ်းရန် မြင့်မြတ်မြို့တော်တွင် ပုန်းအောင်းနေစဉ် မထင်မှတ်ထားဘဲ သူ့အကြောင်း ဖော်ထုတ်ခံလိုက်ရသည်။ ဟုန်ယဲ့မြို့တော်သို့ ပူးပေါင်းရန် ထွက်လာကြသူများက သူ့ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
အဆုံးတွင်တော့ ရှဲ့ယွင်နန်သည် ထိုသူများအား ဆေးကြောသန့်စင်ရန် သူတို့ နေနေသည့် နေရာသို့ ခေါ်လာခဲ့လိုက်သည်။
သွမ့်ချန်ချင်းကလည်း မတားမြစ်။ သူ့တွင် တားမြစ်ရန် အကြောင်းလည်း မရှိပေ။
သို့သော် ထိုလူများနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိနေ၏။
လူချောလေးတွေက နည်းနည်း များနေသလားလို့နော် ...
သူက မြင့်မြတ်မြို့တော်ဘက်ကနေ တစ်ခုခု လုပ်လာလိမ့်မယ်လို့တော့ မှန်းထားပြီးသား ဆိုပေမယ့် .. ဒါ သူတို့ရဲ့ အကြံ အကုန်ပဲလား ...
ပျားရည်ထောင်ချောက် ဆင်ချင်နေတာလား ...
မသိနိုင်သည့် အကြံအစည်ကို ဘေးဖယ်ထားပါလျှင် ထိုသူများထံမှ မြင့်မြတ်မြို့တော်အကြောင်း အများအပြား သိရသည့်အပြင် သူတို့က ရှဲ့ယွင်နန်ကိုလည်း တက်တက်ကြွကြွ ကူညီပေးနေကြသေးသည်။
ဟုန်ယဲ့မြို့တော်တွင် လျှို့ဝှက်ချက်ဟူ၍ အများအပြား မရှိသည့်အတွက် ရှဲ့ယွင်နန်သည် သူတို့ကို အလုပ်တာဝန်များ ခွဲဝေပေးလိုက်သည်။
ထိုသူများက မထင်မှတ်ထားလောက်အောင်ပင် တည်ငြိမ်တိတ်ဆိတ်နေကာ ရှောက်ချီလင်တစ်ဦးတည်းသာ ရှဲ့ယွင်နန်၏ ဘေးတွင် မျက်ရည်တစမ်းစမ်းဖြင့် တောက်လျှောက် လိုက်လာခဲ့သည်။
လူထုကြီး၏ စိတ်တည်ငြိမ်နေမှုမှာလည်း ထူးဆန်းဖွယ်ရာပင်။
အချို့သော လူများကမူ အတော်လေး စိုးရိမ်နေကြ၏။
“ပြောတော့ကျ ရှဲ့ယွင်နန်က လူတွေကို အနိုင်ယူရတာ ကြိုက်တယ်ဆို ပြီးတော့ သူက အလားအလာ ရှိတဲ့သူ ဒါမှမဟုတ် ကျွမ်းကျင်တဲ့သူကို တွေ့ရင် ချက်ခြင်း အဲဒီ့လူတွေကို အနိုင်တိုက်တတ်တယ်ဆို ...”
“ငါတို့အားလုံးက ငယ်သေးတယ်လေ ငါက ဆဌမအဆင့် တိုက်ခိုက်သူတောင် ဖြစ်နေပြီ ပြီးတော့ သိပ်မကြာခင် အဆင့်မြင့် တိုက်ခိုက်သူ ဖြစ်တော့မှာကို ဘာလို့ သူက လုံးဝ မတုန့်ပြန်တာလဲ ..."
“ငါက လုမိသားစုသခင်လေးထက်တော့ အခြေအနေ မဆိုးလောက်ပါဘူးနော် ဘာလို့ ဆက်ဆံရေးက အရမ်းကို ညံ့ဖျင်းနေရတာလဲ ...”
“ဘာလို့ဆို ငါတို့မှာ လုရှောင်ရန်လို နောက်ခံ မရှိလို့များလား ...”
....
ထိုလူအုပ်များအနက် ရှဲ့ယွင်နန်ကို ချဉ်းကပ်ကာ သူ့ထံမှ တစ်စုံတစ်ခု ခိုးလာခဲ့ရန် အမိန့်ရထားသူများလည်း ပါဝင်ပေသည်။
ရှဲ့ယွင်နန်၏ ဘေးတွင် နဝမအဆင့် တိုက်ခိုက်သူများက အချိန်ပြည့် ကာကွယ်နေကြသည့်အတွက် သူ့အိပ်ယာပေါ် တက်နိုင်မှသာလျှင် သူ့လက်ထဲရှိ ရတနာကို ထိကိုင်နိုင်မည့် အခွင့်အရေးမျိုး ရရှိမည်ဖြစ်သည်။
လျောင်မုယဲ့ထံမှ ရထားသည့် အချက်အလက်ပေါ် မူတည်ကာ သူတို့အား ရှဲ့ယွင်နန်မှ စတင်ကာ လာရှာမည်ကို စောင့်ဆိုင်းနေရခြင်းက နှမြောစရာပင်။ ယေဘုယျအားဖြင့် ပြောရပါလျှင် သူတို့၏ အကြံအစည်မှာ လုံးဝ မအောင်မြင်နိုင်ဟု ဆိုလိုခြင်းပင်။
ဘာလို့ သူတို့ဘက်ကနေ စလို့ မရတာလဲ ...
ဒါပေမယ့် သူတို့ဘက်ကနေ စချင်ရင်တောင် ဘာကို စလုပ်သင့်လဲ ...
ထိုသို့ တွေးပြီးနောက် ရှောက်ချီလင်ကို အခွင့်ကောင်းယူရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ဤရှောက်ချီလင်သည် မြင့်မြတ်မြို့တော်ရှိ စီနီယာအဆင့် တိုက်ခိုက်သူတစ်ဦးက လက်သပ်မွေးထားသည့် အချစ်တော်လေး ဖြစ်သည်။ သူတို့က သူသည် ရှဲ့ယွင်နန်နှင့် သိကျွမ်းသည်ဟု သိလိုက်ရ၍ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
လမ်းတစ်လျှောက် ရှောက်ချီလင်က သူနှင့် ရှဲ့ယွင်နန်၏ ဆက်ဆံရေးအကြောင်း များစွာ ပြောလာခဲ့သော်ငြား ရှဲ့ယွင်နန်ကမူ သူ့ကို တစ်လမ်းလုံး လျစ်လျူရှုထားခဲ့သည်။
ထို့ကြောင့် ရှောက်ချီလင်မှာ အသုံးမဝင်။ သို့သော် သူတို့အတွက် အမြှောက်စာလေးတော့ ဖြစ်နိုင်ပေသေးသည်။
ရက်ပိုင်းအတွင်း အခမ်းအနားကြီးတစ်ခု ကျင်းပမည် ဖြစ်သည်။ ထိုအချိန်ရောက်သည့်အခါ ရှောက်ချီလင်က ရှဲ့ယွင်နန်ထံ ဆေးမှုန့်အချို့ ယူသွားပေးနိုင်ပြီး ရှဲ့ယွင်နန် စိတ်ထွေပြားနေစဉ် သူတို့က သူ့ကို အခွင့်ကောင်း ယူနိုင်ပေမည်။
ထိုသူများ၏ ဘေးတွင် တိတ်တဆိတ် ကင်မရာ တပ်ဆင်ထားရင်း သူတို့၏ အကြံကို မတော်တဆ သိရှိသွားသည့် သွမ့်ချန်ချင်း "..."
ဒီလူတွေက အများကြီးကို တွေးမိနေကြတာပဲ ...