အပိုင်း ၇၅
Viewers 7k

Chapter 75




ဤရက်ပိုင်းအတွင်း ရှဲ့ယွင်နန် အပြင်ထွက်လေတိုင်း သူ့ဘေးတွင် ကာကွယ်ပေးသူတစ်ဦး အမြဲ ရှိနေခဲ့သည်။ အစက ရှစ်ဟိုင်ယွမ် တစ်ဦးတည်းကသာ ကာကွယ်ပေးခဲ့သော်ငြား နောက်ပိုင်းတွင် ဝမ်ချဲ့ပါ ထပ်တိုးလာခဲ့သည်။ 


စီနီယာအဆင့် ယဇ်ဆရာဖြစ်ပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားလည်း တိုးတက်လာခဲ့သော်ငြား အန္တရာယ်နှင့် ကြုံတွေ့မှုများမှာလည်း ယခင်ထက် ပိုမိုများပြားလာခဲ့သည်။ ထို့ကြောင့် သွမ့်ချန်ချင်းက သူ့ကို ကာကွယ်ပေးရန် ဝမ်ချဲ့ကို တောင်းဆိုခဲ့သည်။ 


သူနှင့် သွမ့်ချန်ချင်း အတူတူ အပြင်ထွက်မည် ဖြစ်သည့်အတွက် ထိုသူနှစ်ဦးကလည်း အလိုလိုပင် လိုက်လာခဲ့ကြရတော့သည်။ 


ဝမ်ချဲ့က မုန့်ယန်၊ ကျောက်ချင်းယွင်တို့နှင့် အဆင်မပြေ၊ ထို့ကြောင့် ရှစ်ဟိုင်ယွမ်ကိုလည်း အလိုလိုပင် အမြင်မကြည် ဖြစ်ခဲ့တော့သည်။ နှစ်ဦးလုံးက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းပင် မဆုံဘဲ သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်၏ ဘေးတွင် အသံတိတ်သာ မတ်တပ်ရပ်နေကြသည်။ 


အိမ်တံခါးဝမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဇိမ်ခံ RV ကားတစ်စီး ဆိုက်ရောက်လာသည်။ 


ထိုကားမှာ အလွန်ကြီးမားသည့်အပြင် အသွင်အပြင်မှာလည်း လွှမ်းမိုးနိုင်စွမ်း များပြားလွန်း၏။ ဆိုဖာနှင့် ကော်ဖီစားပွဲများသာမက ရေချိုးခန်း၊ ပက်လက်ကုလားထိုင်နှင့် အိပ်ယာများပင် ပါရှိပြီး စီးနင်းလိုက်ပါမည့်သူကို အလွန်သက်တောင့်သက်သာ ဖြစ်စေပေသည်။ ထိုမျှသာမက ကားခေါင်မိုးတွင် စင်မြင့်တစ်ခုပင် ပါဝင်သေး၏။ 


ဤသည်မှာ မြင့်မြတ်မြို့တော်မှ ရောက်လာသူများ၏ ကားဖြစ်သည်။ 


လေးဦးလုံး ကားထဲသို့ ဝင်လိုက်သည့်အခါ လက်ဖက်ရည်ခွက်ကို ကိုင်လျက် တင့်တယ်စွာဖြင့် လျှောက်လာသော သွမ့်ချန်ချင်း လက်ခံခဲ့သည့် ပထမဆုံး မိစ္ဆာကျွန် ဖန့်ချီရှန့်ကို တွေ့လိုက်ရသည်။ 


သွမ့်ချန်ချင်း၏ သရုပ်မှန်ကို သိပြီးနောက် ဖန့်ချီရှန့် အလုပ်အကျွေး ပြုလိုက်သည့် ပထမဆုံးလူမှာ သွမ့်ချန်ချင်းသာ ဖြစ်ပေသည်။ ထို့နောက်တွင်မှ ရှဲ့ယွင်နန်၊ ဝမ်ချဲ့နှင့် ရှစ်ဟိုင်ယွမ်ကို အစဉ်လိုက် ကြိုဆိုလိုက်၏။ 


သူက သွမ့်ချန်ချင်းသည် ဝမ်ချဲ့၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရကြောင်း သိထားသည့်တိုင် ဝမ်ချဲ့အပေါ် သူ့အမြင်မှာ မဆိုးရွားလှ။ ထို့ကြောင့် သူ့အမြင်တွင် ဝမ်ချဲ့၏ အဆင့်အတန်းမှာ ရှစ်ဟိုင်ယွမ်ထက် အလိုလို မြင့်မားသွားတော့သည်။ 


ရှစ်ဟိုင်ယွမ်၏ မျက်နှာက ချက်ခြင်း ပျက်ယွင်းသွား၏။


ဘာလို့ သွမ့်ချန်ချင်းနဲ့ ဝမ်ချဲ့က သူ့ရှေ့ ရောက်သွားရတာလဲ ...


မုန့်ယန်နှင့် ကျောက်ချင်းယွင် နှစ်ဦးလုံးက သွမ့်ချန်ချင်းကို တစ္ဆေဘုရင်ဟု သိထားသည့်တိုင် ရှစ်ဟိုင်ယွမ်က သိမထားချေ။ ထို့ကြောင့် သူက သွမ့်ချန်ချင်းကို အလွန် မကျေမနပ် ဖြစ်သွား၏။ 


ဝမ်ချဲ့နှင့် ဖိန့်ချီရှန့် နှစ်ဦးလုံးက သူ့ကို စာနာသနားသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြသည်။ 


ရှစ်ဟိုင်ယွမ် “...’’


ဒီနှစ်ယောက်က ရူးနေတာလား ...


သွမ့်ချန်ချင်းက သူတို့အားလုံးကို လျစ်လျူရှုထားကာ ရှဲ့ယွင်နန်၏ ငယ်ဘဝအကြောင်းကိုသာ မေးနေလိုက်သည်။ 


သူက မေးလိုက်သည်။ 


“ခင်ဗျားမှာ သူငယ်ချင်းကောင်းတွေ ရှိလား ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“ကိုယ့်မှာ သူငယ်ချင်းတွေတော့ အများကြီးပဲ ဒါပေမယ့် တကယ်ကောင်းတဲ့ သူငယ်ချင်းကတော့ .. တကယ်ကို တစ်ယောက်မှ မရှိဘူး ...”


ငယ်စဉ်အခါက သူ့တွင် ကစားဖော်များ ရှိခဲ့ကာ ထိုသူများနှင့် အလွန် ခင်မင်ရင်းနှီးခဲ့သည်။ 


သို့သော် ကြီးပြင်းလာပြီးနောက် .. လမ်းကြောင်းများ အသီးသီး ကွဲပြားသွားသည့်အခါ ထို ခင်မင်မှုများမှာလည်း အလိုလို မှိန်ဖျော့သွားတော့သည်။ 


သူ့ကစားဖော်အချို့မှာ အသက်ပင် မရှိကြတော့။ .. ဆင်ခြေဖုံးဒေသတွင် နေထိုင်သူတို့၏ ဘဝမှာ မထင်မှတ်ထားသည့် အံ့ဩဖွယ်ရာများဖြင့် ပြည့်နှက်နေပေသည်။ 


စကားပြောနေရင်းပင် သူ ကြီးပြင်းခဲ့ရာ မြို့ငယ်သို့ ရောက်လာတော့သည်။ 


ထိုနေရာက .. အများအပြား ပြောင်းလဲသွားခဲ့၏။ 


မြို့အစွန်တွင် အိမ်အသစ်များ တည်ဆောက်ရန် အဆင်သင့်ဖြစ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ရှိနေသည်။ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သည့် အလုပ်မရှိသော လူငယ်များစွာက ထိုဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ လာရောက်ကာ အလုပ်လုပ်နေကြသည်။ 


အတိတ်တွင် မြို့ထဲသို့ ကားတစ်စီး ဝင်လာလေတိုင်း စပ်စုလိုသည့် ကလေးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်စမြဲပင်။ သို့သော် ယခုမူ ကလေးတစ်ယောက်မျှပင် မတွေ့ရ။ အားလုံး ပေါင်းစည်း စီမံခန့်ခွဲမှုအောက်သို့ ရောက်ရှိသွားကြပြီဖြစ်သည်။ 


ဆင်ခြေဖုံးဒေသတွင် ကျောင်းများ ရှိခဲ့သော်ငြား ထိုစဉ်က ကလေးအများစုသည် ကျောင်းမသွား၊ လူကြီးများ၏ စကားကိုလည်း နားမထောင်ကြပေ။ ယခုမူ အားလုံး ပြောင်းလဲသွားတော့၏။ လက်ရှိ သင်ကြားရေး အစီအစဉ်သည် ကလေးများအား တိုက်ခိုက်သူ ဖြစ်လာမည့် လေ့ကျင့်ရေးကို အဓိက ဦးတည်ထားရာ အားလုံး နာခံမှုရှိစွာဖြင့် ကျောင်းတက်လာကြတော့သည်။ 


နေ့တိုင်း ကျောင်းများအားလုံးသည် မနက်ခင်း ကျောင်းတက်ချိန်ကို နှစ်နာရီခန့် လေ့ကျင့်ခြင်းဖြင့် စတင်ကြသည်။ ပင်ပန်းသွားသည့်အခါ ကလေးများသည် ဟောင်ဖွာဟောင်ဖွာလုပ်ရန် အားမရှိကြတော့။ သင်ခန်းစာများကို လိမ်လိမ်မာမာဖြင့် လိုက်နားထောင်ကြရ၏။


ရှဲ့ယွင်နန်က ကားကို သူ့ကားပြင်ဆိုင်နှင့် မနီးမဝေးတွင် ရပ်စေလိုက်သည်။ ထို့နောက် ကားထဲမှ ထွက်လာသည့်အခါ သူ့ဆိုင်အနီးတွင် ဝိုင်းအုံနေသည့် ဧရာမ လူအုပ်ကြီးကို တွေ့လိုက်ရသည်။ 


ထိုသူများက ဘာကြောင့် တန်းစီကာ တစ်ယောက်ပြီးတစ်ယောက် သူ့ဆိုင်တံခါးကို ဖြတ်လျှောက်နေကြကြောင်း မသိရ။ 


ဖြတ်သွားနေစဉ်အတွင်း သူ့ဆိုင်တံခါးကို ကိုင်သွားသူများပင် ရှိနေလိုက်သေးသည်။ 


ရှဲ့ယွင်နန်မှာ တစ်ခဏမျှ ကြာသည်အထိ မည်သို့ တုန့်ပြန်ရမည် မသိတော့။


“သူတို့က ဘာလုပ်နေကြတာလဲ ...”


“ဆရာသခင်ရှဲ့ .. သူတို့အားလုံးက ဆရာ့ရဲ့ ကံကောင်းမှုကို မျှဝေဖို့ ရောက်နေကြတာပါ ...”


မြို့အကြီးအကဲကျိုး၏ မျက်နှာမှာ ဝမ်းသာရိပ်များကြောင့် ဝင်းလက်နေသည်။ 


“မင်းက အရမ်းကို ကံကောင်းတဲ့ လူတစ်ယောက်လေ ပြီးတော့ စီနီယာအဆင့် ယဇ်ဆရာတောင် ဖြစ်သွားသေးတယ် ပြောကြတာတော့ ဒီတံခါးပေါက်ကို ထိမိတဲ့လူတိုင်း မင်းဆီက ကံကောင်းခြင်းလေး နည်းနည်း ရရှိပြီး အနာဂတ်မှာ ယဇ်ဆရာ ဒါမှမဟုတ် တိုက်ခိုက်သူ ဖြစ်လာနိုင်တယ်တဲ့ ...”


ယခုအချိန်တွင် ရှဲ့ယွင်နန်သည် ဟုန်ယဲ့မြို့ တစ်မြို့လုံး၏ အာရုံစိုက်ခြင်းကို ခံရသည့် နာမည်ကြီးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ 


ပင်မခရိုင်တွင် နေထိုင်သူများက သူ့ကို အထင်သေးသည့်တိုင် အထွေထွေခရိုင်နှင့် ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများကမူ သူ့ကို အလွန် သဘောကျကြပေသည်။ 


သူတို့အဖို့ ရှဲ့ယွင်နန်သည် သူရဲကောင်းတစ်ဦးပင်။ 


သူတို့ရဲ့ ဆင်ခြေဖုံးဒေသကနေ စီနီယာအဆင့် ယဇ်ဆရာတစ်ယောက် ထွက်တယ်တဲ့ .. အဲဒီ့လူက သူတို့ကို စားစရာတွေ ဝေငှပေးတဲ့အပြင် တိုက်ခိုက်သူ ဖြစ်လာနိုင်တဲ့ ကျင့်စဉ်တွေကိုပါ သင်ကြားပေးသေးတယ် ...


သူတို့အားလုံးက ရှဲ့ယွင်နန်ကို ရိုသေလေးစားကာ သူ့လို ဖြစ်လိုနေကြသည်။ 


ရှဲ့ယွင်နန်က သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်သူများ အများအပြား ရှိနေကြောင်း သိထားသည့်တိုင် သူနေခဲ့သည့် အိမ်ကိုပင် ကိုးကွယ်ရာ ပစ္စည်းတစ်ခုအဖြစ် လာရောက် ထိကိုင်ကြသူများ ရှိနေလိမ့်မည်ဟုတော့ လုံးဝ မျှော်လင့်မထားဖူးချေ။ 


သူ့အိမ်တံခါးကတော့ ဒီလူတွေရဲ့ လက်ချက်နဲ့ ပြောင်ချောနေတော့မှာပဲ ...


“ရှဲ့ယွင်နန် .. အဲဒါ ရှဲ့ယွင်နန်ပဲ ...”


“ရှဲ့ယွင်နန် ရောက်နေတယ်ဟေ့ ...”


“အား ... ရှဲ့ယွင်နန် !!!!!!! ….”



လူအုပ်ထဲမှ တစ်ယောက်က သူ့ကို ရုတ်တရက် တွေ့သွားသည်။ 


အိမ်တံခါးဝတွင် စုရုံးရောက်နေသူအားလုံး ရှဲ့ယွင်နန် ရှိရာသို့ အတင်း ပြေးဝင်လာကြ၏။ 


ရှစ်ဟိုင်ယွမ်နှင့် ဝမ်ချဲ့က ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်၏ အရှေ့သို့ တိုးကာ လူအုပ်ကို တားထားလိုက်သည်။ 


သူတို့နှစ်ဦးလုံးမှာ မငယ်ရွယ်တော့သည့်တိုင် နောက်တွင် ရပ်နေသည့် သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန် နှစ်ဦးလုံးမှာ ငယ်ရွယ်သည့်အပြင် သူမတူအောင်လည်း ချောမောကြသေးသည်။ 


ထို့ကြောင့် တိုးဝင်လာသူများမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြတော့၏။ 


သွမ့်ချန်ချင်းမှာလည်း ပရိသတ်များ၏ နောက်မှ တကောက်ကောက်လိုက်ခြင်းကို ပထမဆုံးအကြိမ် ကိုယ်တွေ့ ခံစားလိုက်ရတော့သည်။ သို့သော် ထိုသူများက သူ့နောက် လိုက်ခြင်းမဟုတ်။ သွမ့်ချန်ချင်း၏ အနောက်သို့ လိုက်ခြင်းသာ ဖြစ်ပေသည်။ 


ကံကောင်းထောက်မစွာဖြင့် ထိုသူများသည် အလွန် စိတ်လှုပ်ရှားနေကြသည့်တိုင် အနီးအထိလည်း တိုးမလာရဲ။ ခပ်လှမ်းလှမ်းမှသာ စောင့်ကြည့်လိုက်ကြသည်။ 


ထိုစဉ် လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရက် ဒူးထောက်ချကာ ရှဲ့ယွင်နန်ကို ကျေးဇူးတင်လိုက်သည်။ 


ယခင်က သူတို့အများစုသည် ဆာလောင်မွတ်သိပ်မှုကြောင့် သေလုမတတ် ဖြစ်ခဲ့ကြရသည်။ 


ထိုမျှသာမက ယခုအခါ ဟုန်ယဲ့မြို့တော်အစိုးရက အခမဲ့ ဆေးခန်းများစွာကို ဖွင့်လှစ်ပေးပြီး နွမ်းပါးသူများထံ အဝတ်အစားများ ပို့ဆောင်ကာ လူအများအပြားကို ကူညီပေးနေသည်။ 


ဒူးထောက်သူများကို မြင်သည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်က ချက်ခြင်း အသံချဲ့စက်တစ်ခုကို ယူကာ ထိုသူများအား ပြန်ထရန် အော်ပြောလိုက်သည်။ 


“ဟုန်ယဲ့မြို့တော်က အားလုံးရဲ့ အပိုင်ပါ အားလုံးက မြို့တော်ရဲ့ အနာဂတ် ဖြစ်တဲ့အတွက် ဒီလိုမျိုး ဒူးထောက်မနေသင့်ပါဘူး ကျွန်တော်တို့တွေအားလုံး ခိုင်ခိုင်မာမာ ရပ်နေဖို့ လိုပါတယ် ...”


အချိန်ကာလတစ်ခုကို ကျော်ဖြတ်ပြီးနောက် ရှဲ့ယွင်နန်သည် များစွာ ရင့်ကျက်လာကာ မည်ကဲ့သို့ စကားပြောရမည် ဖြစ်ကြောင်းကိုလည်း သိလာခဲ့တော့သည်။ 


သွမ့်ချန်ချင်းက ရှဲ့ယွင်နန်၏ ဤပုံစံကို အလွန် သဘောကျသည့်အတွက် သူ့ကို ပြုံးလျက်သာ ငေးကြည့်နေလိုက်သည်။ 


ဝမ်ချဲ့က သူ့ကို တစ်လှည့်၊ ရှဲ့ယွင်နန်ကို တစ်လှည့် ကြည့်ပြီးနောက် သက်ပြင်းချလိုက်မိတော့သည်။ 


ရှဲ့ယွင်နန်က တကယ်ကို ကောင်းတာပဲ .. တစ္ဆေဘုရင်လို နွားအိုကြီးက ဒီလို မြက်နုနုလေးကို စားချင်နေတာ မထူးဆန်းတော့ပါဘူး ...


ပြီးတော့ ရှဲ့ယွင်နန်ကို ကြိုက်တဲ့သူတွေ အများကြီး ရှိနေတာရောပဲ ...


ဒါပေမယ့် ရှဲ့ချင်ဖြစ်ဖြစ် လုရှောင်ရန်ဖြစ်ဖြစ် ဘယ်သူမှ သွမ့်ချန်ချင်းကို အနိုင်မယူနိုင်ဘူးဆိုတော့ .. ကြောက်နေဖို့တော့လည်း မလိုပါဘူး ...


“ယွင်နန် .. ယွင်နန် ...”


အသက်နှစ်ဆယ်ဝန်းကျင် လူချောလေးတစ်ဦးက သူ့နာမည်ကို အော်ခေါ်ကာ လူအုပ်ကြားမှ တိုးထွက်လာသည်။


“ယွင်နန် မင်း ငါ့ကို မှတ်မိသေးလား ငါ ငါ မင်းကို အရမ်း လွမ်းနေခဲ့တာ ...”


သူ့အသံမှာ ကျယ်လောင်လှသည့် စကားသံများအကြား တိမ်မြုပ်ပျောက်ကွယ်သွားသည်။ 


သူသည် အရွယ်ရောက်ပြီးသူတစ်ဦး ဖြစ်သည့်တိုင် ပုလဲမိုးများ တဖြိုင်ဖြိုင် ရွာသွန်းနေသည့်နှယ် မျက်ရည်ပေါက်များ တရစပ် ကျဆင်းလာပြီး အနည်းငယ်ပင် ညှို့ယူဖမ်းစားနိုင်ဖွယ် ဖြစ်နေသေးသည်။ ထိုမျှသာမက သူ့အဝတ်အစားများမှာလည်း သွမ့်ချန်ချင်းနှင့် များစွာဆင်တူလှ၏။ 


ပိန်သွယ်သည့် အရိုးအဆစ်များနှင့် ဖြူရော်ရော် အသားအရေကလည်း သွမ့်ချန်ချင်းနှင့် ဆင်တူလုနီးပါးပင်။ မျက်နှာအစိတ်အပိုင်းများကသာ များစွာကွဲပြားနေ၏။ 


ထိုသူကို မြင်လိုက်သည့်အခါ ရှဲ့ယွင်နန်လည်း များစွာ ကြောင်အသွားတော့သည်။ 


ထိုသူ၏ ရုပ်ရည်သွင်ပြင်မှာ များစွာ ပြောင်းလဲသွားသည့်တိုင် သူကတော့ မှတ်မိနေဆဲပင်။ ထိုသူမှာ သူ့ငယ်ဘဝ ကစားဖော်များအနက် တစ်ဦးဖြစ်သည်။ 


ထိုကစားဖော်များအနက် အများစုသည် တိုက်ရင်းခိုက်ရင်း အရှုပ်အထွေးများအကြား ကြီးပြင်းလာခဲ့ကြသော်ငြား ဤလူမှာမူ ငယ်စဉ်ကတည်းက အလွန် ကွဲပြားခဲ့သည်။ 


သူ မည်သည့်နေရာကို ထွက်သွားကြောင်း မည်သူမှ မသိ။ ထို့အပြင် သူကလည်း လုံးဝ ပြန်မလာခဲ့ချေ။ 

  

သူ ထွက်မသွားခင်က ရှဲ့ယွင်နန်ထံကပင် ယွမ် ၂၀၀ ချေးသွားခဲ့ကာ ပြန်မပေးရသေးပေ။